CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးမှ ဘင်္ဂလားဒေ့်ရှ်သို့ တင်ပို့ရာတွင် အဓိကပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ရေထွက်ကုန်များသည် လက်ရှိတွင် တင်ပို့မှုအများအပြား ကျဆင်းနေပြီး ရခိုင်ကုန်သည်များ အခက်တွေ့နေကြ ကြောင်း သိရသည်။
ရေထွက်ကုန်ပစ္စည်းများသည် ဘင်္ဂလားဒေ့ရှ်မှ ဝယ်လိုအားရှိသော်လည်း ပစ္စည်းရှားပါးနေသည့်အတွက် တင်ပို့မှု နည်းပါးနေခြင်းဖြစ်ကြောင်း သိရသည်။
မောင်တောကုန်သည် ဦးသန်းနိုင်က“ဒီဘက်ကနေ ယှဉ်ပြီးတော့ ပို့တဲ့အချိန်မှာ ပစ္စည်းကောင်းပေမယ့် ဈေးက မရတော့ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အခွန်ဆောင်ရတာကိုး။ ကုန်သည်တွေအတွက်ကတော့ အလုပ်မဖြစ်ဘူးပေါ့။ ဘာမှမဖြစ်တော့ ပစ္စည်းတွေမလည်ပတ်ကြဘူးပေါ့။ စက်လှေသမားတို့ ကားသမားတို့ အကုန်လုံး အလုပ်မဖြစ်ကြဘူးပေါ့။ ကျနော်တို့လည်း ထိုင်စောင့်နေရတာပေါ့။ ထိုင်စောင့်နေတယ်ဆိုတာက ပစ္စည်းအဝယ်လိုက်ရင်လည်း ဟိုဘက်ပို့တော့ မကိုက်တော့ အများကြီးမလုပ်ရဲတော့ဘူးပေါ့ဗျာ။ ဟိုဘက်က ဂျူတီခတွေမြှင့်ထားတော့ ကျနော်တို့လုပ်ရကိုင်ရခက်တယ်။ အကျိူးအမြတ်မရှိကြတော့ဘူးပေါ့။ အကျိုးအမြတ် မရှိတော့ မလုပ်ဘဲနဲ့နေကြတာပေါ့ဗျာ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ကြက်သွန်သည် ဘင်္ဂလားဒေ့ရှ်တွင် အထွက်များနေသည့်အတွက်ကြောင့်လည်းကောင်း၊ အိန္ဒိယ နိုင်ငံဘက်မှဝင်သည့် ကြက်သွန်များနှင့်လည်း ယှဉ်ပြိုင်ရသည့်အတွက်ကြောင့်လည်းကောင်း ကြက်သွန်တင်ပို့မှု ကျဆင်းနေခြင်းဖြစ်သည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ကြက်သွန် တင်သွင်းအခွန် တိုးမြှင့်လိုက်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကာ ရေချိုငါးများသည်လည်း အိန္ဒိယဈေးကွက်နှင့်ယှဉ်ပြိုင်နေရကြောင်း သိရသည်။
ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးတင်အောင်ဦးက“ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေးစခန်းကတော့ ကျနော်တို့ စစ်တွေ မောင်တော နယ်စပ် ကုန်သွယ်ရေးစခန်းနှစ်ခုလုံးကတော့ သွားနေတဲ့ဟာ ရှိပါတယ်။ ဒါပေမယ့် ဒီအချိန်ကတော့ ခုနကပြောသလိုပဲ ပို့ကုန်ပမာဏ ဒီဘက်ကနေ ကျဆင်း နေတဲ့ အနေထားတွေတော့ ရှိတယ်။ ဘယ်လောက်ထိ ကျဆင်းသွားတယ်။ ဘယ်လောက်ရှိတယ်ဆိုတာတော့ data တွေကတော့ မထွက်လာသေးဘူး။ ဒါတိတိကျကျတော့ ကျနော်တို့ မသိရသေးပါဘူး” ဟု ပြောသည်။
ယခင်က ဘင်္ဂလားဒေ့ရှ်သို့ ကြက်သွန်တင်ပို့ရာတွင် တစ်ကီလိုလျှင် ဘင်္ဂလားငွေ ၅ တာကာသာ အခွန်ပေးရ သော်လည်း ယခုအခါမှာတော့ ၇ တာကာ အခွန်ကောက်ခံလျက်ရှိကြောင်းနှင့် ထိုသို့လုပ်ဆောင်လိုက်ခြင်းသည် ၎င်းတို့နိုင်ငံမှ တောင်သူများဈေးကောင်းရစေရန် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ကုန်သည်များက ဆိုသည်။
မောင်တောကုန်သည် ဦးသန်းနိုင်က “ကုန်သည်တွေရောခေါ်ပြီးတော့ ဟိုကကုန်သည်တွေရောခေါ်လိုက်။ တခုခု မှာတွေ့ပြီးတော့ မျက်နှာချင်းဆိုင် စကားပြောဆွေးနွေးတာတို့လုပ်မှရမှာ။ လောလောဆယ်က နယ်စပ် ကုန်သွယ် ရေးက နာမည်သာ ဟိုဟာဖြစ်နေကြတာလေ။ တကယ့်တကယ်က ပွဲစားတွေလက်ထဲရောက်နေတော့ နည်းနည်း မထိရောက်ဘူးလို့ ထင်ပါတယ်။ အဲဒါတွေကို အုပ်ချုပ်တဲ့အစိုးရကပေါ့ တာဝန်ရှိတဲ့လူတွေက ကျေကျေလည်လည် ဆွေးနွေးဖို့လိုတယ်ပေ့ါ”ဟု ပြောသည်။
ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခုနှစ် ပို့ကုန်တင်ပို့မှု တန်ဖိုးသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထက် ထက်ဝက်ကျော် လျော့ကျကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က ပို့ကုန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၂ သန်း ကျော် ရှိခဲ့ရာမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်မူ ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂ သန်း ကျော် ရှိသည်။
ထို့အတူ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ အမေရိကန်ဒေါ်လာ ၁၁ သန်း ကျော်ရှိခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ဒေါ်လာ ၄ သန်းကျော်သာရှိကြောင်း သိရသည်။