CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃
မြန်မာ့ အစေ့ထုတ်ပြောင်းဖူးများကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ရောင်းချနိုင်ရန် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ နှစ်နိုင်ငံ သဘောတူ လက်မှတ် ရေးခဲ့ကြောင်း သိရသည်။
ထိုသို့ တရားဝင် တင်ပို့ခွင့် ရရှိခြင်းကြောင့် မြန်မာနိုင်ငံ၏ ပြောင်းတင်ပို့မှု ချဲ့ထွင်ရန် အထောက်အကူ ဖြစ်လာမည် ဖြစ် ကြောင်း၊ ခိုင်မာသည့် ဈေးကွက်နှုန်းထားတစ်ခု ရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးမင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးမင်းခိုင်က “တရားဝင် တင်ပို့ခွင့်ရတဲ့အခါမှာ ဘာဖြစ်လာမလဲဆိုတော့ သူတို့ပိတ်ချင်တဲ့အချိန် ပိတ်လို့မရဘူးပေါ့။ နဂို ကတည်းက သူတို့ ဘာဝယ်မယ် ဒီဘက်က ဘာရောင်းမယ် အချက်အလက်တွေပေါ့။ အဲဒီအခါ တရားဝင် တင်ပို့တဲ့အခါ အားသာချက်တွေက ဈေးနှုန်းရှိတယ်။ အခု နယ်စပ်ဒေသတွေမှာက တရားမဝင် ဖြစ်တဲ့အခါကျတော့ ပေါက်ဈေး ရချင်မှ ရတယ်ပေါ့နော် ဈေးကွက်ပေါက်ဈေး ရချင်မှရတယ်။ အခုကျတော့ အဲလို ရသွားပြီဆိုရင် ဈေးကွက်ပေါက်ဈေး အတိုင်းရမယ်။ ဟိုဘက်က ဝယ်မယ့်သူမှာလည်း တရားဝင် အခွန်ဆောင်ပြီး ဝယ်လို့ရတယ်။ အန်ကယ်တို့လည်း တရားဝင် ရောင်းလို့ရတဲ့ အားသာချက် ရသွားတာပေါ့။ အဖမ်းအဆီး မရှိတော့ဘူးပေါ့။ အခုချိန်ကတော့ တရားဝင် မဟုတ်တဲ့အတွက် အဖမ်းအဆီး ပို ရနေတဲ့ သဘောပေါ့”ဟု ပြောသည်။
ပြောင်းဖူးများအစေ့ထုတ်နေစဉ်
မြန်မာ့ပြောင်းကို တရုတ်နိုင်ငံသို့ တင်ပို့သည့်အခါတွင် တရားမဝင်လမ်းကြောင်းမှ တင်ပို့နေရခြင်းကြောင့် တရားဝင် တင်ပို့ခွင့် ရရှိရေးကို ၂၀၁၈ ခုနှစ်ကတည်းကပင် ပြောင်းလုပ်ငန်းရှင်များနှင့် ကုန်သည်များက ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
ယခုအခါတွင် တရုတ်နိုင်ငံသို့ မြန်မာ့ပြောင်းများ တရားဝင် တင်ပို့နိုင်ရေး သဘောတူညီချက် ရရှိသော်လည်း တရုတ်နိုင်ငံက တောင်းဆိုသည့် ပိုးမွှားကင်းစင်ကြောင်း လက်မှတ် မရှိသေးခြင်းကြောင့် လတ်တလောတွင် တင်ပို့နိုင်မည် မဟုတ်သေး ကြောင်း ကုန်သည်များထံမှ သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၊ ကုန်သည်များ၊ တောင်သူအစုအဖွဲ့များက ပြောင်းများကို ပိုးမွှားကင်းစင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးမင်းခိုင်က ပြော သည်။
ဦးမင်းခိုင်က “အန်ကယ်တို့ ဒီဘက်ကတော့ လောလောဆယ် ဘာလုပ်ရလဲဆိုတော့ ရိတ်သိမ်းတဲ့အခါမှာ အန္တရာယ် ကင်း အောင် ရိတ်သိမ်းပြီးတော့ သိုလှောင်တဲ့အခါမှာ အခြောက်ခံစက်တွေ ပြင်ဆင်နေပြီ။ စီးပွားရေး လုပ်ငန်းသမားတွေရော၊ ပြောင်းကုန်သည်တွေရောပေါ့နော်၊ တောင်သူ အစုအဖွဲ့တွေကလည်း ပြင်ဆင်နေပြီ။ အခြောက်ခံစက်တွေ လုပ်မယ်။ နောက် တစ်ခုက သိုလှောင်တဲ့စနစ်တွေ မှန်ကန်အောင်လို့ ဂိုဒေါင်ကောင်းကောင်းတွေပေါ့၊ အဲဒါတွေလည်း အန်ကယ်တို့ ပြင်ဆင်နေ ကြတယ်ပေါ့။ တဖြည်းဖြည်းချင်း ဆောင်ရွက်နေကြရတာပေါ့”ဟု ပြောသည်။
လက်ရှိတွင် တရုတ်နိုင်ငံသို့ ပြောင်းဖူးချဉ်ဖက်များကို စမ်းသပ်တင်ပို့လျှက်ရှိပြီး တိရစ္ဆာန်အစာအဖြစ် အစေ့ထုတ်ပြောင်းများ တင်ပို့နိုင်ရေးကို ပြင်ဆင်နေကြခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသို့ တင်ပို့မည့် ပြောင်းများသည် မြန်မာနိုင်ငံ ပြောင်းထွက်ရှိမှုနှုန်း၏ ၅၀ ရာခိုင်နှုန်း ထွက်ရှိသည့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ပြောင်းများဖြစ်ကြောင်း သိရသည်။