
- By CNI
- Category: အားကစား
- Hits: 733
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၉
ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဘာက အစ်ကိုဖြစ်သူပါဝင်နေတဲ့ ဂိုဏ်းတစ်ခုကနေ ယူရို ၁၃ သန်း ခြိမ်းခြောက် ငွေညှစ်ခံနေရတယ်လို့ စုံစမ်းစစ်ဆေးသူတွေကို ပြောလိုက်ပါတယ်။
ပေါ့ဘာရဲ့အစ်ကိုဖြစ်သူ မာသီးယတ်စ်ဟာ အွန်လိုင်းပေါ်မှာ ၃ မိနစ်ကြာရှိတဲ့ ဗွီဒီယိုတစ်ခုကိုတင်ခဲ့ပြီး ညီဖြစ်သူရဲ့ မကောင်းမှုအကြောင်းတွေကို ဖော်ထုတ်သွားမယ်ဆိုပြီး ကတိပြုခဲ့တာပါ။အသက် ၃၂ နှစ်အရွယ်ရှိ မာသီးယတ်စ် ဟာ ပေါ့ဘာရဲ့အသင်းဖော်တွေနဲ့ စပွန်ဆာတွေ သိသင့်သိထိုက်တဲ့အကြောင်းအရာတွေကို ပြောသွားမယ်လို့ ပြောခဲ့သလို သူပြောတဲ့အထဲမှာ လက်ရွေးစင်အသင်းဖော် ဘတ်ပီရဲ့ နာမည်တောင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီဇာတ်ကြောင်းနဲ့ပတ်သက်ပြီး အံအားသင့်စရာကောင်းတဲ့ အသေးစိတ်အချက်အလက်တွေ ထွက်ပေါ် လာခဲ့တာပါ။France Info ရဲ့ ဖော်ပြမှုအရ ပေါ့ဘာဟာ သူ့ကို ခြိမ်းခြောက်ငွေညှစ်ဖို့ ကြိုးစားနေတဲ့ ဂိုဏ်းအဖွဲ့မှာ အစ်ကိုဖြစ်သူ မာသီးယတ်စ်ပါဝင်တယ်ဆိုပြီး ရဲတွေကိုအကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ငယ်ဘဝကတည်းက ပေါင်းသင်းလာခဲ့တဲ့ သူငယ်ချင်းတွေနဲ့ အစ်ကိုဖြစ်သူက သူ့ကို ခြိမ်းခြောက်ငွေညှစ်ဖို့ ကြိုးပမ်းခဲ့တာလို့ ပေါ့ဘာက ပြောခဲ့တာပါ။
ပဲရစ်တိုက်ခန်းတစ်ခုမှာ ရိုင်ဖယ်သေနတ်တွေကိုင်ဆောင်ထားတဲ့ ဦးခေါင်းစွပ်နဲ့အမျိုးသား ၂ ဦးက ခြိမ်းခြောက် ခဲ့ပြီး ယူရို ၁၃ သန်း လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဂျူဗင်တပ်စ်ကစားသမားက ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထွက်ဆိုခဲ့ပါတယ်။ပေါ့ဘာက သူတို့အပေါ်မှာ ငွေကြေးပိုင်းအရ ဂရုစိုက်ထောက်ပံ့မှု မရှိတာကြောင့် ဒီငွေပမာဏ ကိုခံစားခွင့်ရှိတယ်လို့ ယူဆနေကြတာပါ။ပေါ့ဘာဟာ သူတို့ကို ငွေရေးကြေးရေးအပိုင်းမှာ အကူအညီပေးခဲ့တယ် လို့ ရဲနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဒါပေမယ့် လူတစ်ဦးက သူ့ရဲ့အကြွေးဝယ်ကတ်ကနေ ယူရို ၂ သိန်းခိုးယူတာကို သိရှိပြီးနောက် သူတို့နဲ့ အဆက် အသွယ်ဖြတ်ခဲ့တာလို့ ပြင်သစ်လက်ရွေးစင်က ပြောခဲ့တာပါ။ဒီအစုအဖွဲ့ဟာ ပေါ့ဘာကစားနေတဲ့ ဂျူဗင်တပ်စ် လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့တယ်လို့ သတင်းဖော်ပြချက်အရ သိရပါတယ်။ပေါ့ဘာကို ခြိမ်းခြောက်မှုမှာ ဘတ်ပီကို ဒုက္ခရောက်အောင် မှော်ဆရာတွေနဲ့ အကူအညီတောင်းခဲ့တယ်လို့လည်း ပါဝင်ခဲ့တာပါ။
ပေါ့ဘာဟာ လက်ရှိအချိန်မှာ ဂျူဗင်တပ်စ်အသင်းကို ဒုတိယအကြိမ်မြောက်အဖြစ် ပြန်လည်ရောက်ရှိနေပေမယ့် ဒဏ်ရာကြောင့် ပွဲမကစားနိုင်သေးဘဲ အနားယူနေရတာဖြစ်ပါတယ်။
Source:Sportbible
- By CNI
- Category: အားကစား
- Hits: 844
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၇
ယူအီးအက်ဖ်အေဟာ လက်ရှိအချိန်မှာ နိုင်ငံအပေါ် ပိတ်ပင်မှုတွေရှိပေမယ့် ရုရှားနိုင်ငံရဲ့ ဘောလုံးအားကစားကို လျစ်လျူမရှုထားဘူးလို့ ရုရှားပရီးမီးယားလိဂ်ဥက္ကဋ္ဌ အော်လာယက်ဗ်က ပြောပါတယ်။
အော်လာယက်ဗ်က “ယူအီးအက်ဖ်အေက ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အရာအားလုံးကို နားလည်ပါ တယ်။တရားဝင် မဟုတ်တဲ့ အဆက်အသွယ်တွေရဲ့ ရလဒ်တွေအပေါ် မူတည်ပြီး သူတို့က သူတို့ရဲ့ ရပ်တည်ချက် တွေကို ထုတ်ဖော်သလို ကျနော်တို့ကလည်း ကျနော်တို့ရဲ့ သဘောထားကို တင်ပြတယ်ဆိုတာ ရှင်းပါတယ်။ ဒါက အလွန် သိမ်မွေ့တဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး သူတို့က အရာအားလုံးကို ဖတ်ပြီးစောင့်ကြည့်နေ ပါတယ်။ အခြေအနေ ပုံမှန် ဖြစ်တာနဲ့ ချက်ချင်း ပြန်ဆွေးနွေးဖို့ ဖြစ်နိုင်ပါတယ်။ ဆက်ဖာရင်က ကျနော်တို့ရဲ့ ကံကြမ္မာကို လျစ်လျူမရှု ဘူးလို့ ခံစားရကြောင်း” Championat ကို ပြောပါတယ်။
ယူကရိန်း ပဋိပက္ခ ဖြစ်ပြီးကတည်းက ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ဟာ သူတို့နဲ့ သက်ဆိုင်တဲ့ ပြိုင်ပွဲတွေမှာ ရုရှား လက်ရွေးစင် အသင်းတွေနဲ့ ကလပ်အသင်းတွေ အားလုံးကို ယှဉ်ပြိုင်ခွင့် ဆိုင်းငံ့ခဲ့ပါတယ်။
ရုရှား အမျိုးသား/အမျိုးသမီး ဘောလုံးအသင်း (Sky Sports)
ယူအီးအက်ဖ်အေဥက္ကဋ္ဌ ဆက်ဖာရင်က မေလမှာ ဆိုင်းငံ့မှုကို ၂၀၂၂-၂၃ ရာသီတစ်ခုလုံး သက်တမ်းတိုးခဲ့ပေမယ့် ဆုံးဖြတ်ချက်ချတာမှာ ခက်ခဲခဲ့တယ်လို့ ပြောပါတယ်။
ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ သူတို့ကို ဆိုင်းငံ့ထားတဲ့ ယူအီးအက်ဖ်အေနဲ့ ဖီဖာတို့ရဲ့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်နိုင်ဖို့ အားကစားခုံရုံးကို အယူခံဝင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ရုရှားလက်ရွေးစင် အမျိုးသားအသင်းဟာ ကာတာ ကမ္ဘာ့ဖလား ဝင်ခွင့်ရဖို့အတွက် ခြေစစ်ပွဲ မကစားခဲ့ရသလို အမျိုးသမီးအသင်းလည်း ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ပါဝင်ခွင့် မရခဲ့ပါဘူး။
ရုရှားကလပ် စပါးတပ် မော်စကိုအသင်းဟာ ပြီးခဲ့တဲ့နှစ်က ယူရိုပါလိဂ် ၁၆ သင်း အဆင့်အထိ တက်လှမ်းနိုင်ခဲ့ ပေမယ့် ဒီလိုပိတ်ပင်မှုကြောင့် ပြိုင်ဘက် လိုက်ပ်ဇစ်အသင်းက အလိုအလျောက် နောက်တစ်ဆင့် တက်နိုင်ခဲ့ တာပါ။
ယူကရိန်းပဋိပက္ခကြောင့် ဘောလုံးအပြင် တခြား အားကစားနည်းတွေကလည်း ရုရှားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
Source: အာတီ

- By CNI
- Category: အားကစား
- Hits: 667
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၇
စပိန်နာမည်ကျော် တင်းနစ်သမား ရာဖေးလ်နာဒယ်လ်က ကျင်းပတော့မယ့် အမေရိကန်အိုးပန်းပြိုင်ပွဲမှာ ဂျိုကိုဗစ် ပါဝင်ခွင့်မရလို့ ဝမ်းနည်းကြောင်း သြဂုတ်လ ၂၆ ရက်က ပြောကြားလိုက်ပါတယ်။
နာဒယ်လ်က “ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေး ရှုထောင့်က ကြည့်မယ်ဆိုရင် ဒါဟာ အလွန်ဝမ်းနည်းဖို့ ကောင်းတဲ့ သတင်း ပါ။ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေဟာ ဒဏ်ရာကြောင့် ဒါမှမဟုတ် အခြား မတူညီတဲ့ အကြောင်းပြချက် တွေကြောင့် ပြိုင်ပွဲတွေ မယှဉ်ပြိုင်နိုင်တဲ့အခါ အမြဲတမ်း အရှက်ရပါတယ်။ ဒီလိုသမိုင်းရဲ့ အကောင်းဆုံး ကစားသမား တစ်ဦးမရှိတာက ပရိသတ်တွေအတွက်ရော ပြိုင်ပွဲအတွက်ပါ ခက်ခဲပါတယ်။ ကျနော့် အမြင်အရဆိုရင် ကစားသမားတွေအတွက်ပါ ခက်ခဲတယ်”လို့ ပြောပါတယ်။
ဂျိုကိုဗစ်ဟာ အမေရိကန်အိုးပန်းပြိုင်ပွဲ ဝင်ခွင့်ရ ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ကိုဗစ်ဆေး မထိုးထားတာ ကြောင့် ဒီပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်ခွင့် မရတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံကို လာရောက်မယ့် ခရီးသွား ဧည့်သည်တွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးထားရမယ်ဆိုတဲ့ အချက်ကြောင့် ဆားဘီးယား ကစားသမားဟာ ရာသီရဲ့ နောက်ဆုံး ဂရမ်းဆလမ်းပြိုင်ပွဲကို ပါဝင်ခွင့် မရခဲ့တာပါ။
ဂျိုကိုဗစ်ဟာ ရာသီအစ ဂရမ်းဆလမ်းပွဲဖြစ်တဲ့ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာလည်း ဒီအချက်ကြောင့်ပဲ ပြည်နှင် ဒဏ် ပေးခံခဲ့ရပါတယ်။
နာဒယ်လ်နဲ့ ဂျိုကိုဗစ် (Latest India News)
နာဒယ်လ်ကတော့ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် အမေရိကန် အိုးပန်းပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှာပါ။ ဂျိုကိုဗစ် မပါဝင်နိုင်ပေမယ့် ဒီပြိုင်ပွဲက အားလျော့သွားမှာ မဟုတ်ဘူးလို့ နာဒယ်လ်က ပြောပါတယ်။
နာဒယ်လ်ဟာ ဂရမ်းဆလမ်းဆုဖလား ၂၂ ကြိမ် ရရှိထားပြီး ဂျိုကိုဗစ်ထက် ၁ ကြိမ် အသာရကာ အမျိုးသားကစား သမားတွေထဲမှာ အအောင်မြင်ဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။
နာဒယ်လ်က “ကျနော် အကြိမ်ကြိမ်ပြောခဲ့တဲ့ စကားကိုပဲ ထပ်ပြီးပြောပါမယ်။ အားကစားက ကစားသမားတိုင်း ထက် ပိုပြီးကြီးမားပါတယ်။ ဒဏ်ရာကြောင့် တင်းနစ် ကစားသမားဘဝရဲ့ အရေးကြီးတဲ့ ပွဲတွေ အများကြီးကို ကျနော်လွဲခဲ့ပါတယ်။ မနှစ်ကရော လွန်ခဲ့တဲ့ ၂ နှစ်ကရော ကျနော်ဒီမှာ မရှိပါဘူး။ ပြိုင်ပွဲက ဆက်ကျင်းပနေသလို တင်းနစ် လောကကလည်း ဆက်ပြီး တည်ရှိနေပါတယ်”လို့ ပြောခဲ့ပါတယ်။
နာဒယ်လ်ဟ ရာသီအစ ဂရမ်းဆလမ်း ၂ ခုဖြစ်တဲ့ သြစတြေးလျနဲ့ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီး ဝမ်းဗိုက် ကြွက်သား ဒဏ်ရာကြောင့် ဝင်ဘယ်လ်ဒန်အိုးပန်း ဆီမီးကနေ ထွက်ခဲ့ရတာပါ။
စပိန်တင်းနစ် ကစားသမားဟာ ဒဏ်ရာက သက်သာပြီးနောက် ပြီးခဲ့တဲ့လက စင်စင်နတီ မာစတာ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 731
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၇
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ တတိယအဖွဲ့အစည်း လွှမ်းမိုးမှုကြောင့် အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို ဆိုင်းငံ့တဲ့ ပြစ်ဒဏ် ချထားတာကို ရုပ်သိမ်းလိုက်ပြီလို့ သောကြာနေ့က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
ဒီလို ဆိုင်းငံ့မှုကို ပြန်လည် ရုပ်သိမ်းလိုက်တာကြောင့် အောက်တိုဘာလ ၁၁ ရက်ကနေ ၃၀ ရက်အထိ အိန္ဒိယ နိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဖီဖာ ယူ-၁၇ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆက်လက် ကျင်းပခွင့် ရသွားခဲ့ တာပါ။
အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးဟာ မေလက အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို ဖျက်သိမ်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့နဲ့ ၁၈ လကြာ ဆိုင်းငံ့ထားတဲ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ ကော်မတီ တစ်ရပ် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ဖီဖာအဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာက ဘောလုံးအဖွဲ့ချုပ်တွေဟာ ဥပဒေပိုင်းဆိုင်ရာနဲ့နိုင်ငံရေးမှာ ဝင်ရောက် စွက်ဖက် မှု ကင်းရှင်းရမှာဖြစ်ပြီး ဒီဖွဲ့စည်းထားတဲ့ ကော်မတီကို ဖျက်သိမ်းမယ်ဆိုရင် ဆိုင်းငံ့ထားတဲ့ ဆုံးဖြတ်ချက်ကို ရုပ်သိမ်း ပေးမယ်လို့ ဖီဖာက ပြောပါတယ်။
အိန္ဒိယအသင်းကိုတွေ့ရစဉ်
အိန္ဒိယဘောလုံးအဖွဲ့ချုပ်ဟာ သူတို့ရဲ့ နေ့စဉ် လုပ်ငန်း တာဝန်တွေကို ပြန်လည် ထိန်းချုပ်နိုင်ပြီလို့ ယာယီ အထွေထွေအတွင်းရေးမှူး ဆူနန်ဒိုက ဖီဖာအထွေထွေအတွင်းရေးမှူးထံ အကြောင်းကြားခဲ့ပါတယ်။
ဆိုင်းငံ့ထားတာကို ရုပ်သိမ်းပေးခဲ့ပေမယ့် ဖီဖာနဲ့ အာရှဘောလုံးအဖွဲ့ချုပ်တို့ဟာ သူတို့ရဲ့ အခြေအနေကို ဆက်လက် စောင့်ကြည့်မှာဖြစ်ပြီး အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို ရွေးကောက်ပွဲအချိန်နဲ့ တပြေးညီ ကျင်းပနိုင်ဖို့ ပံ့ပိုးပေးသွားမယ်လို့လည်း သိရပါတယ်။
ဖီဖာကောင်စီ အဖွဲ့ဝင်ဟောင်း ပါတယ်လ် ဦးဆောင်ပြီး အိန္ဒိယဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲကို ၂၀၂၀ ဒီဇင်ဘာလက ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တာမှာ အဆင်မပြေလို့ ရွှေ့ဆိုင်းခဲ့ရပါတယ်။
“အိန္ဒိယဘောလုံးလောကရဲ့ အမှောင်မိုက်ဆုံး အချိန်ဟာ နောက်ဆုံးမှာ ပြီးဆုံးသွားခဲ့ပါပြီ။ ဖီဖာနဲ့ အေအက်ဖ်စီ အထူးသဖြင့် အခက်အခဲဖြစ်နေတဲ့ အချိန်မှာ ကျနော်တို့ကို လမ်းပြပေးတဲ့ အေအက်ဖ်စီ အထွေထွေ အတွင်းရေးမှူးကိုလည်း အထူးကျေးဇူးတင်ပါတယ်”လို့ အိန္ဒိယဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters

- By CNI
- Category: အားကစား
- Hits: 687
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၇
ယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ် အန်တိုနီကတော့ သူ့ကို ထွက်ခွာခွင့်ပေးဖို့ အေဂျတ်စ်အသင်းထံ ဖေဖော်ဝါရီလ ကတည်းက ပြောခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။
အန်တိုနီက “အခုနှစ် ဖေဖော်ဝါရီလကတည်းက ကျနော်အသင်းက ထွက်ခွာချင်တဲ့ ဆန္ဒနဲ့ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်လိုကြောင်းကို ပြောဖို့ အေးဂျင့်တွေက အမ်စတာဒမ်အထိ လာရောက်ခဲ့ပါတယ်။ အလွန်ကောင်းမွန်တဲ့ ကမ်းလှမ်းမှုနဲ့အတူ စိတ်ဝင်စားဖို့ ကောင်းတဲ့ ကမ်းလှမ်းမှုတွေလည်း ရောက်ရှိလာခဲ့ပါတယ်။ ဇွန်လမှာလည်း အပန်းဖြေခရီးကို ရပ်နားခဲ့ပြီး နည်းပြသစ် အပါအဝင် အသင်းက မန်နေဂျာတွေကို ကျနော်ထွက်ခွာချင်တဲ့ ဆန္ဒကို ကိုယ်တိုင်ပြောဖို့ ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် အေဂျတ်စ်အသင်းဆီက စာချုပ်သက်တမ်းတိုးဖို့ အဆိုပြုချက် ရောက်လာခဲ့ပေမယ့် ကျနော်ကတော့ ထွက်သွားချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ထပ်ပြောထားပါတယ်”လို့ ဖာဘရီဇီယိုရိုမန်နိုနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
အေဂျတ်စ်အသင်းဟာ အန်တိုနီကို မရောင်းချချင်တာကြောင့် နောက်ဆုံးအကြိမ် ယူရိုသန်း ၉၀ နဲ့ ယူနိုက်တက် အသင်းက ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကိုလည်း ပယ်ချခဲ့တာ ဖြစ်ပါတယ်။
အေဂျတ်စ်အသင်းမှာ အတူ လက်တွဲခဲ့တဲ့ အန်တိုနီနဲ့ အဲရစ်တန်ဟတ် (Planet Football)
အေဂျတ်စ်အသင်းဟာ အခု အပြောင်းအရွှေ့မှာ ကစားသမား အများအပြားကို ဆုံးရှုံးခဲ့ပြီးဖြစ်လို့ အန်တိုနီကိုတော့ ရောင်းချလိုခြင်း မရှိပါဘူး။ ဒါပေမယ့် ဘရာဇီးလ် ကစားသမားကတော့ ထွက်ခွာချင်နေတာကြောင့် အပြောင်း အရွှေ့ ဖြစ်ဖို့ တွန်းအားပေး လုပ်ဆောင်နေပါတယ်။
အန်တိုနီက “ဒီနေ့ ကလပ်အသင်းနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာလည်း ကလပ်ကနေ ထွက်ခွာချင်ကြောင်းကိုပဲ ထပ် ပြောခဲ့ပါတယ်။ အေဂျတ်စ်အသင်းက ကျနော့်နေရာ အစားထိုးဖို့ ၅ ရက်ပဲ အချိန် ကျန်တော့တယ်ဆိုပြီး ငြင်းခဲ့ပါတယ်။ ကျနော်က ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒတ်ချ်လိဂ်သမိုင်းရဲ့ အမြင့်ဆုံး ပြောင်းရွှေ့ ကြေးနဲ့ ရောင်းချဖို့ အေဂျတ်စ်ကို တောင်းဆိုနေတာပါ။ ဖေဖော်ဝါရီလ ကတည်းက ဒါကို တောင်းဆို နေတာပါ”လို့ ပြောခဲ့ပါတယ်။
အန်တိုနီဟာ အေဂျတ်စ်မှာ လက်တွဲခဲ့တဲ့ နည်းပြဟောင်း အဲရစ်တန်ဟတ် ကိုင်တွယ်နေတဲ့ ယူနိုက်တက်အသင်း ထံ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ လက်ရှိအချိန်မှာ အပြောင်းအရွှေ့အတွက် နှစ်သင်းကြား ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်လာနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 609
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၆
ချယ်လ်ဆီး ဂန္တဝင်ကစားသမား ဟယ်ဆယ်ဘိန့်ခ်က မော်ရင်ဟိုဟာ သူ့အတွက် ဘယ်တော့မှ စပါယ်ရှယ်ဝမ်း မဟုတ်ဘူးလို့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ဟယ်ဆယ်ဘိန့်ခ်က “သူတို့ ဒရော့ဘာကို ခေါ်ယူခဲ့တယ်။ ဒါပေမယ့် ကျနော် သူနဲ့ သေချာပေါက်တွဲပြီး ကစားပြ နိုင်ခဲ့တယ်ဆိုတာ အသေအချာပါပဲ။ ကျနော်သူနဲ့ စကားပြောတဲ့အချိန်မှာ ဟုတ်တယ်၊ သူအမှားလုပ်ခဲ့ တယ်လို့ ပြောခဲ့ပါတယ်။ သူပြောတာကို ကျနော် ဂရုမစိုက်ပါဘူး။ သူက ကျနော့်ကို ဆက်ပြီး ထိန်းထားခဲ့မယ်ဆိုရင် ဆု တံဆိပ် တစ်ခုတော့ ရခဲ့မှာပါ။ သူက ထက်မြတ်တဲ့ နည်းပြဖြစ်ပြီး ဘောလုံးမှာ သူလုပ်ခဲ့တဲ့ အရာတွေက လုံးဝကို ကြီးကျယ်ခမ်းနားပါတယ်။ ကျနော့်အတွက်တော့ သူဟာ ဘယ်တော့မှ စပါယ်ရှယ်ဝမ်း မဟုတ်ဘူး”လို့ ချယ်လ်ဆီး ကနေ ထွက်ခဲ့တဲ့အကြောင်းကို ပြောခဲ့တာပါ။
မော်ရင်ဟို ချယ်လ်ဆီးအသင်းကို နည်းပြအဖြစ် စတင်ကိုင်တွယ်တဲ့ ၂၀၀၄ မှာ ဟယ်ဆယ်ဘိန့်ခ်နဲ့ ကာလတိုသာ လက်တွဲ အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ဟယ်ဆယ်ဘိန့်ခ်ကို မယ်ဒယ်ဘရော့အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုခဲ့ပါတယ်။
ဒတ်ချ်တိုက်စစ်မှူးဟာ လန်ဒန်ကလပ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ ရောက်လာခဲ့ ပေမယ့် မော်ရင်ဟိုက သူ့ရဲ့ နေရာမှာ ဒရော့ဘာနဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ဟိုနဲ့ ဒရော့ဘာ (Eurosport)
ဒရော့ဘာဟာ ဟယ်ဆယ်ဘိန့်ခ် နေရာမှာ အစားဝင်ပြီး ချယ်လ်ဆီး အသင်းနဲ့အတူ အောင်မြင်မှု ကြီးကြီးမားမား ရယူနိုင်ခဲ့ပြီး ပရိသတ် အချစ်တော် ကစားသမား ဖြစ်ခဲ့တာပါ။
ရိုးမားအသင်းကို ကိုင်တွယ်နေတဲ့ မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်ကို ရောက်ရှိလာချိန်မှာ သူ့ကိုယ်သူ စပါယ်ရှယ် ဝမ်းအဖြစ် တင်စားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်တဲ့ ၃ ရာသီအတွင်းမှာ ပရီးမီးယား လိဂ်နဲ့ လိဂ်ဖလား၂ ကြိမ်၊ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရယူနိုင်ခဲ့တာပါ။
အဲ့ဒီနောက်မှာ မော်ရင်ဟိုဟာ အင်တာမီလန်နဲ့ ရီးရယ်လ်အသင်းတို့ကို ကိုင်တွယ်ပြီး စတမ်းဖို့ဘရစ်ချ်ထံ ပြန် ရောက်လာကာ နောက်ထပ် အောင်မြင်မှုတွေကို ထပ်မံ ရယူပေးနိုင်ခဲ့ပါတယ်။
ဟယ်ဆယ်ဘိန့်ခ်ဟာ ချယ်လ်ဆီးအတွက် ၁၇၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၈၇ ဂိုး သွင်းယူနိုင်ခဲ့ကာ အသင်းနဲ့အတူ ကွန်မြူနတီဒိုင်း ၁ ကြိမ်သာ ရယူနိုင်ခဲ့တာပါ။ ဟယ်ဆယ်ဘိန့်ခ်ဟာ လက်ရှိအချိန်မှာ လိဂ်ဝမ်းကလပ် ဘာတန် အသင်းကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်။
Source: The Sun

- By CNI
- Category: အားကစား
- Hits: 700
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၆
ယူနိုက်တက်အသင်းရဲ့ ကစားသမားသစ် ကတ်စမဲရိုးက ရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးတွေ အမျိုးမျိုး ရှိနေပေမယ့် မန်ချက်စတာကလပ်မှာပဲ ဆက်ရှိဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
ကတ်စမဲရိုးက “ ကျနော်သူ့ကို အလွန်လေးစားတယ်ဆိုတာ သူသိပါတယ်။ သူက အလွန်ကောင်းမွန်တဲ့ ကစား သမားဖြစ်လို့ ကျနော်တို့နဲ့အတူ ဆက်ရှိဖို့ မျှော်လင့်ပါတယ်။ ကျနော် အခုပြောနေတာက အချိန်တိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ သူက ဂိုးတွေ အများကြီး သွင်းယူထားသူ၊ အောင်နိုင်သူနဲ့ ခေါင်းဆောင်ကောင်း တစ်ဦးပါ။ သူဟာ ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်။ အဲ့ဒါကြောင့် သူ ကျနော်တို့နဲ့အတူ ဆက် ရှိဖို့ တကယ်ကို မျှော်လင့်ပါတယ်”လို့ ESPN ကို ပြောပါတယ်။
ကတ်စမဲရိုးနဲ့ ရော်နယ်ဒိုတို့ဟာ ရီးရယ်လ်အသင်းမှာ ကာလကြာရှည် တွဲကစားပြီး အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ ကတ်စမဲရိုးကို ရီးရယ်လ်အသင်းမှာ တွေ့ရစဉ် (RT)
ဘရာဇီးလ် ကစားသမားဟာ အခုအပြောင်းအရွှေ့မှာ ရီးရယ်လ်အသင်းကနေ ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ယူနိုက်တက်အသင်းနဲ့ လေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပါပြီ။ ကတ်စမဲရိုးဟာ စနေနေ့မှာ ကစားမယ့် ဆောက်သမ်တန် အသင်းနဲ့ ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပွဲဦးထွက်အဖြစ် ပါဝင်လာဖို့ ရှိနေပါတယ်။
ရော်နယ်ဒိုကတော့ အပြောင်းအရွှေ့ မပိတ်ခင် အချိန်အထိ ယူနိုက်တက်ကနေ ထွက်ခွာခွင့်ရဖို့ မျှော်လင့်နေတာပါ။ ရော်နယ်ဒိုဟာ လီဗာပူးလ် အသင်းနဲ့ပွဲ အပါအဝင် ယူနိုက်တက်အသင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ၁ ပွဲ သာ ပွဲအစကတည်းက ပါဝင်ခဲ့ရပြီး ကျန်တဲ့ ၂ ပွဲစလုံးက လူစားဝင်ကစားသမား အဖြစ်သာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။
နည်းပြ အဲရစ်တန်ဟတ်ကတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ အစီအစဉ်တွေထဲမှာ ပါဝင်နေဆဲ ဖြစ်တယ်လို့ ပြောထား တာပါ။
မကြာသေးခင်က ရော်နယ်ဒိုဟာ ငယ်ဘဝကလပ် စပို့တင်းလစ္စဘွန်းအသင်းထံ ပြန်ဖို့ ၉၉ ရာခိုင်နှုန်း သေချာနေ ပြီလို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ယူနိုက်တက်ကတော့ ဒါကို ငြင်းဆန်ထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 873
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၆
ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ကိုဗစ်စည်းမျဉ်းတွေကြောင့် အမေရိကန်နိုင်ငံကို သွားရောက်နိုင်ခြင်း မရှိတဲ့အတွက် အမေရိကန်အိုးပန်းပြိုင်ပွဲကို ပါဝင်နိုင်တော့မှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
ဂျိုကိုဗစ်က “ဝမ်းနည်းစရာကောင်းတာက အမေရိကန်အိုးပန်းယှဉ်ပြိုင်ဖို့ ဒီတစ်ကြိမ်မှာ နယူးယောခ့်ကို သွားရောက်လို့ မရတာပါ။ကျနော်ဟာ ကောင်းမွန်တဲ့ပုံစံတွေနဲ့ အပေါင်းလက္ခဏာဆောင်တဲ့စိတ်ဓါတ်ကို ဆက်ထိန်းပြီး နောက်တစ်ကြိမ်ယှဉ်ပြိုင်ခွင့်ရမယ့် အခွင့်အရေးကိုစောင့်မျှော်နေမှာပါ။ မကြာခင် တင်းနစ်လောကနဲ့ ပြန်တွေ့ ပါမယ်” လို့ ကြာသပတေးနေ့က သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့တာပါ။
ဂျိုကိုဗစ်ဟာ ရာသီအစ ဂရမ်းဆလမ်းပွဲစဉ်ဖြစ်တဲ့ သြစတြေးလျအိုးပန်းပြိုင်ပွဲမှာ ကိုဗစ်ကာကွယ်ဆေး မထိုးတဲ့ အတွက်ကြောင့် ပြည်နှင်ဒဏ်ပေးခံခဲ့ရပါတယ်။အမေရိကန်ကလည်း ကိုဗစ်ကာကွယ်ဆေးမထိုးတဲ့ ခရီးသွားတွေကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်မပြုတာကြောင့် ဆားဘီးယားတင်းနစ်သမားဟာ ဒီရာသီ ဒုတိယမြောက် ဂရမ်း ဆလမ်းပြိုင်ပွဲကို ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။
ဂျိုကိုဗစ်ဟာ အစောပိုင်းက အမေရိကန်အိုးပန်းပြိုင်ပွဲရဲ့ ဝင်ခွင့်ရ ကစားသမားစာရင်းမှာ ပါဝင်နေတာကြောင့် ဝင်ပြိုင်ခွင့်ရခဲ့မယ်ဆိုရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ ဇူလိုင် ၃၀ ရက်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲ ပြီး ကတည်းက ပြိုင်ပွဲတွေယှဉ်ပြိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။သူဟာ အဲ့ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး ကစားသမားဘ၀ ဂရမ်းဆလမ်းဆုဖလား ၂၁ ကြိမ်မြောက်ကို ရယူနိုင်ခဲ့တာပါ။
လက်ရှိဂရမ်းဆလမ်းဆုဖလားအများဆုံးရထားတဲ့ အမျိုးသားကစားသမားက နာဒယ်လ်ဖြစ်ပြီး သူဟာ ၂၂ ကြိမ် ရယူထားတာကြောင့် ဂျိုကိုဗစ်ကတော့ နာဒယ်လ်ကို အမှီလိုက်နိုင်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ဂျိုကိုဗစ်ဟာ ကပ်ရောဂါအမြင့်ဆုံးဖြစ်နေတဲ့ ၂၀၂၀ နဲ့ ၂၀၂၁ အချိန် နယူးယော့ခ်မှာကျင်းပတဲ့ အမေရိကန်အိုးပန်းမှာ ပါဝင်ခွင့် ရခဲ့တာကြောင့် အခုတစ်ကြိမ်ပိတ်ပင်မှုဟာ ဟာသပဲလို့ တင်းနစ်အကျော်အမော်ဟောင်း ဂျွန်မက်အင်ရိုးက ပြော ထားတာပါ။
ဒီရာသီနောက်ဆုံး ဂရမ်းဆလမ်းပြိုင်ပွဲဖြစ်တဲ့ အမေရိကန်အိုးပန်းကို သြဂုတ်လ ၂၉ ရက်ကနေ စက်တင်ဘာလ ၁၁ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 1187
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၆
ရီးရယ်လ်မက်ဒရစ်နဲ့ ပြင်သစ် လက်ရွေးစင်တိုက်စစ်မှူး ဘန်ဇီမာဟာ ၂၀၂၁-၂၂ ရာသီအတွက် ပေးအပ်တဲ့ ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။
ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းကို ချန်ပီယံလိဂ်နဲ့ လာလီဂါဖလား ရရှိအောင် ဦးဆောင်နိုင်ခဲ့ပြီး ပြင်သစ်လက်ရွေးစင် အသင်းနဲ့ နေးရှင်းလိဂ်ဖလား ရရှိခဲ့ပါတယ်။
ဒါကြောင့် ဒီဆုကို ဒီဘရိုင်း၊ အသင်းဖော် ကော့တွိုက်စ်တို့ကို ရမှတ် ပြတ်ပြတ်သားသား အသာရပြီး ဆွတ်ခူး နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘန်ဇီမာအတွက်တော့ ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစား သမားဆုကို ကစားသမားဘဝ ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘန်ဇီမာက “ ကျနော်တကယ်ကို ပျော်ရွှင်ပါတယ်။ ဒီဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပေမယ့် ကျနော့် အတွက် အရေးကြီးဆုံးအရာက အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့ပါ။ အန်ဆယ်လော့တီက ကမ္ဘာ့အကောင်း ဆုံး နည်းပြပါ။ သူက ကျနော်တို့ကို ယုံကြည်မှု အပြည့်ပေးပြီး ပွဲမစခင်မှာ ဘာတွေလုပ်ရမလဲ ဆိုတာကို ပြောပြ ထားပါတယ်”လို့ ဆုယူအပြီးမှာ ပြောခဲ့ပါတယ်။
အကောင်းဆုံးအမျိုးသမီး ကစားသမားဆု ရရှိခဲ့တဲ့ ပူတယ်လက်စ် (Forbes)
အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကို ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ပူတယ်လက်စ်က ရရှိ သွားခဲ့ပါတယ်။ ပူတယ်လက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာ ကြောင့် အခုလို ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ပူတယ်လက်စ်အနေနဲ့ ပြီးခဲ့တဲ့နှစ်ကလည်း ဒီဆုကိုရယူခဲ့လို့ ၂ နှစ်ဆက်တိုက် ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကို ရယူနိုင်ခဲ့တာပါ။
အကောင်းဆုံး အမျိုးသားနည်းပြဆုကို အန်ဆယ်လော့တီနဲ့ အကောင်းဆုံး အမျိုးသမီးနည်းပြဆုကို ဝီဂ်မန်းတို့က ရရှိခဲ့ကြပါတယ်။
အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကို ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်နဲ့ လာလီဂါဆုဖလား ရရှိအောင် ကိုင်တွယ်နိုင်ခဲ့ပြီး ဝီဂ်မန်းကတော့ အင်္ဂလန်လက်ရွေးစင် အမျိုးသမီးအသင်းကို ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆု ပထမဆုံးအကြိမ် ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာပါ။
ဒါကြောင့်လည်း အခုလို အကောင်းဆုံးဆုတွေကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေရဲ့ အကောင်း ဆုံး ဥက္ကဋ္ဌဆုကိုတော့ အာရီဂိုဆက်ချီက ရရှိသွားခဲ့ပါတယ်။
Source: UEFA

- By CNI
- Category: အားကစား
- Hits: 938
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၅
ဖရန့်ဖတ်အသင်းဂိုးသမား ကီဗင်ထရပ်က ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ပယ်ချပြီး ဂျာမန် ကလပ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြောင်း အတည်ပြုလိုက်ပါတယ်။
ကီဗင်ထရပ်က “မကြာသေးခင် ရက်ပိုင်းအတွင်းက ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေ အများကြီး ရှိခဲ့ပါတယ်။ စာရေးသားပြီး ကမ်းလှမ်းခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ယူနိုက်တက်လို အသင်းရဲ့ ကမ်းလှမ်း မှုနဲ့ ပတ်သက်ပြီး ကျနော်စဉ်းစားနေတာကို လူတိုင်းနားလည်မယ်လို့ မျှော်လင့်ပါတယ်။ ဖရန့်ဖတ်မှာ ဆက်နေဖို့ ဆုံးဖြတ်ပြီးကြောင်းကို ကလပ်အသင်း ၂ သင်းစလုံးရဲ့ တာဝန်ရှိသူတွေကို မနေ့က အသိပေးလိုက်ပါတယ်။ ဖရန့်ဖတ်နဲ့အတူ မမေ့နိုင်စရာ အတွေ့အကြုံတွေရှိခဲ့ပြီး ကျနော်တို့ အတူတူ သမိုင်းရေးထိုးခဲ့တာပါ”လို့ အင်စတာ ဂရမ်မှာ ရေးသားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီဂီယာရဲ့နေရာကို ခြိမ်းခြောက်နိုင်ဖို့နဲ့ ဂိုးသမား အရန်အသင့် ထားရှိဖို့အတွက် ဈေးကွက် ထဲမှာ ဂိုးသမားသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။
ဂျာမန်ဂိုးသမား ကီဗင်ထရပ်ဟာ ယူနိုက်တက်အသင်းရဲ့ ထိပ်တန်း ပစ်မှတ်ဖြစ်ခဲ့ပေမယ့် ကစားသမားက ဖရန့်ဖတ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ဂိုးသမား ဒိန်းဟန်ဒါဆန်ကို နော်တင်ဟမ် ဖောရတ်စ် အသင်းထံ အငှားချခဲ့ပြီး တွမ်ဟီတန်က ဒုတိယဂိုးသမားအဖြစ် ရှိနေခဲ့ပါတယ်။
ယူနိုက်တက်ဂိုးသမား ဒီဂီယာ (GETTY IMAGES)
ရာသီအစ ပွဲစဉ်တွေမှာ ဒီဂီယာရဲ့ စွမ်းဆောင်ရည်တွေဟာ ကျဆင်းခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ ဈေးကွက် မပိတ်ခင် ဂိုးသမားသစ် ခေါ်ယူနိုင်ဖို့ အမြန်ဆုံး စီစဉ်နေခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ကီဗင်ထရပ်ကို ခေါ်ယူဖို့ အဆင်မပြေတော့တာကြောင့် နယူးကာဆယ် ဂိုးသမား ဒူဘရာ့ဗ်ကာကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဒူဘရာ့ဗ်ကာဟာ နစ်ပုတ်ခ် ရောက်လာပြီးနောက် နယူးကာဆယ်အသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမားအဖြစ်သာ သတ်မှတ်ခြင်း ခံထားရတာပါ။
ယူနိုက်တက်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ဟာ လက်ရှိအချိန်မှာ ဒူဘရာ့ဗ်ကာရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ ဘင်ဖီကာအသင်း ဂိုးသမား ဗလာချို ဒီမို့စ်ကို ခေါ်ယူဖို့လည်း ပစ်မှတ်ထားနေပေမယ့် ပေါ်တူဂီကလပ်က ရောင်းချဖို့ ဆန္ဒမရှိပါတယ်။
Source: Metro