CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၆

အာဂျင်တီးနား အမျိုးသမီးအသင်း ရှေ့တန်းကစားသမား ယာမီလာရိုဒရီဂွက်ဇ်က ရော်နယ်ဒိုရဲ့ ပုံကို သူမရဲ့ ဘယ်ဘက် ညို့သကျည်းမှာ တက်တူးထိုးထားတာက နိုင်ငံရဲ့ ကြယ်ပွင့်ကစားသမားကို ဆန့်ကျင်တာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ယာမီလာရိုဒရီဂွက်ဇ်က “ကျေးဇူးပြုပြီး ဝေဖန်တာတွေကို ရပ်လိုက်ကြပါ။ မက်ဆီကို ဆန့်ကျင်တယ်လို့ ကျမ ဘယ်အချိန်တုန်းက ပြောခဲ့ဖူးလို့လဲ။ ပရိသတ်တွေကြောင့် ကျမနေရတာ အဆင်မပြေပါဘူး။ ရှင်တို့မှာရော ရှင်တို့ ကြိုက်တဲ့ ကစားသမားတွေ ဒါမှမဟုတ် ကြိုက်နှစ်သက်တဲ့သူတွေ မရှိဘူးလား။ မက်ဆီက ကျမတို့နိုင်ငံရဲ့ ကြီးကျယ်တဲ့ အသင်းခေါင်းဆောင်ဖြစ်ပေမယ့် ရော်နယ်ဒိုကို ကြိုက်နှစ်သက်တာက မက်ဆီကို မုန်းတာမဟုတ် ဘူး”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။

အသက် ၂၅ နှစ်အရွယ်ရှိ အာဂျင်တီးနား ကစားသမားဟာ သူမရဲ့ ဘယ်ဘက်ပေါင်ပေါ်မှာ ဂန္ထဝင်ကစားသမားကြီး မာရာဒိုနာရဲ့ ပုံကို တက်တူးထိုးထားပေမယ့် မက်ဆီရဲ့ ပြိုင်ဘက် ရော်နယ်ဒိုကို တက်တူးထိုးထားတာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် ခံခဲ့ရပါတယ်။ 

ရော်နယ်ဒိုပုံကို တတ်တူးထိုးထားတဲ့ ယာမီလာရိုဒရီဂွက်ဇ်ကို တွေ့ရစဉ်

ယာမီလာရိုဒရီဂွက်ဇ်ကတော့ ရော်နယ်ဒိုပုံကို တက်တူးထိုးတာက ပြဿနာလို့ မမြင်ကြောင်း ပြောခဲ့တာပါ။

ယာမီလာရိုဒရီဂွက်ဇ်က “ပြဿနာက ဘာလဲ၊ ကျမတို့အားလုံးက ကျမတို့နိုင်ငံမှာရှိတဲ့ ကစားသမားတိုင်းကိုပဲ ချစ်ရမှာ မဟုတ်ပါဘူး။ ဝေဖန်မှုတွေဟာ ကျမအတွက် လုံလောက်ပါပြီ၊ ပင်ပန်းသလို၊ နာကျင်နေပါပြီ”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ယာမီလာရိုဒရီဂွက်ဇ်ဟာ အာဂျင်တီးနားအသင်းက အီတလီအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တာပါ။ 

အာဂျင်တီးနားအသင်းဟာ ဇူလိုင် ၂၈ ရက်မှာ တောင်အာဖရိကအသင်းနဲ့ အုပ်စုဒုတိယ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA