CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၅

ကမ္ဘာ့ဖလားချန်ပီယံဆုရှင် မက်ဆီကို အင်တာမိုင်ယာမီ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်တယ်လို့ နည်းပြ မာတီနိုက ဇူလိုင် ၂၄ ရက်က အတည်ပြု ပြောလိုက်ပါတယ်။

အခုလ အစောပိုင်းကမှ အင်တာမိုင်ယာမီ အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ မက်ဆီဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ခရုဇ်အဇူလ်အသင်းနဲ့ လိဂ်ဖလားပွဲစဉ်မှာ မေဂျာလိဂ် ကလပ်အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့တာ ပါ။
 
အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ပေမယ့် အသင်းခေါင်းဆောင် လက်ပတ်ဝတ်ဆင်ခွင့်ရခဲ့ပြီး အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို နာကျင်အချိန်ပိုမှာ ပြစ်ဒဏ်ဘော ကန်သွင်း ချက်နဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းရဲ့ အရင်အသင်းခေါင်းဆောင်ဖြစ်တဲ့ ဂရီဂိုရီဟာ မတ်လလယ်ကတည်းက ရရှိခဲ့တဲ့ ခြေဖဝါး ဒဏ်ရာကြောင့် ကာလကြာရှည် အနားယူနေရတာပါ။

မက်ဆီကို တွေ့ရစဉ်

အဲ့ဒါကြောင့် မက်ဆီကို အင်တာမိုင်ယာမီ အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် နည်းပြ မာတီနိုက ခန့်အပ် ကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

မာတီနိုက “ပြီးခဲ့တဲ့ပွဲတုန်းက သူဝင်ရောက်လာတဲ့ အချိန်မှာ အသင်းခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ သူပဲ အသင်း ခေါင်းဆောင်ဖြစ်မှာပါ”လို့ မက်ဆီ အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိမလားဆိုတဲ့ မေးခွန်းကို ပြန်လည်ဖြေခဲ့ တာပါ။

မက်ဆီနဲ့အတူ အင်တာမိုင်ယာမီ အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ ဘတ်စ်ကွက်စ်တို့ဟာ ပြီးခဲ့တဲ့ ပွဲကထက် ကစားချိန် ပိုရမယ်လို့လည်း အာဂျင်တီးနား လူမျိုးနည်းပြက ပြောခဲ့ပါတယ်။ 

သတင်းတွေအရ မက်ဆီနဲ့ ဘတ်စ်ကွက်စ်တို့ဟာ အတ္တလန္တာအသင်းနဲ့ ကစားမယ့် လိဂ်ဖလားပွဲမှာ အင်တာမိုင် ယာမီအသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်လာနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

မေဂျာလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးနေတဲ့ အင်တာမိုင်ယာမီ အသင်းဟာ ပြီးခဲ့တဲ့ ခရုဇ်အဇူလ်နဲ့ပွဲမှာ နိုင်ပွဲ ပျောက်ဆုံးနေတာကို အဆုံးသတ်နိုင်ခဲ့ပြီး လာမယ့် အတ္တလန္တာအသင်းနဲ့ပွဲမှာ အနိုင်ရခဲ့ရင် လိဂ်ဖလားပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်နိုင်မှာ ဖြစ်တယ်လို့ သိရတာပါ။ 

အင်တာမိုင်ယာမီအသင်းဟာ အခုအပြောင်းအရွှေ့မှာ မက်ဆီ၊ ဘတ်စ်ကွက်စ်နဲ့ အယ်လ်ဘာတို့ကို ခေါ်ယူပြီး နောက် ဘာစီလိုနာ ကစားသမားဟောင်းဖြစ်တဲ့ ဆွာရက်ဇ်ကို ခေါ်ယူနိုင်ဖို့လည်း လုပ်ဆောင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Source: ရိုက်တာ