CNI Sport News

 ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက တိုက်စစ်မှူး ဟာလန်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီက ဒေါ့မွန်အသင်းကနေ ရောက်ရှိလာခဲ့တာထက် အခုအချိန်မှာ ပိုမိုကောင်းမွန်တဲ့ပုံစံ ရနေပြီလို့ ပြောလိုက်ပါတယ်။

ဂွာဒီယိုလာက “ပြီးခဲ့တဲ့ရာသီနဲ့ နှိုင်းယှဉ်ရင် သူက ပိုပြီးတော့ ကြံ့ခိုင်မှုရော၊ အရာအားလုံး အဆင်ပြေလာပါပြီ။ ပြီးခဲ့တဲ့ရာသီက သူရောက်လာခဲ့တုန်းကထက် အများကြီး ပိုပြီးကောင်းလာပါပြီ။ ကျနော်သူ့ကို ပြီးခဲ့တဲ့ရာသီက လိုပဲ ဖြစ်စေချင်တာပါ။ ဟာလန်း ဒဏ်ရာမရတာ ကောင်းပေမယ့် အချိန်မှာတော့ သူဟာ လူတိုင်းနဲ့ ဝေးကွာနေပါ သေးတယ်။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ သူ့အခြေအနေက အခုထက်ပိုပြီး ကောင်းလာပါ လိမ့် မယ်”လို့ ပြောခဲ့တာပါ။

နော်ဝေတိုက်စစ်မှူးဟာ မန်စီးတီးအသင်းက ယိုကိုဟားမားမာရီနိုစ်အသင်းနဲ့ တိုကျိုမှာကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဒုတိယပိုင်းမှ လူစားလဲ ဝင်ရောက်ခဲ့ပေမယ့် ၂ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
 
ဒီပွဲမှာ မန်စီးတီးအသင်းက ဂျပန်ကလပ်ကို ၅ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်း ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ် ဖလားတို့ကို ရယူနိုင်ခဲ့တာမှာ အဓိကအရေးပါတဲ့ သူဖြစ်ခဲ့ပြီး သွင်းဂိုး အများအပြားကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

 ဂွာဒီယိုလာကိုတွေ့ရစဉ်

အသက် ၂၃ နှစ်အရွယ်ရှိ ဟာလန်းဟာ ၂၀၂၂-၂၃ ရာသီက မန်စီးတီးအသင်းအတွက် ၅၃ ပွဲ ပါဝင်ကစားပြီး ၅၂ ဂိုး သွင်းယူနိုင်ခဲ့ကာ စံချိန်သစ်တွေ တင်နိုင်ခဲ့တာပါ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဂျပန်ကလပ်နဲ့ ခြေစမ်းပွဲ အပြီးမှာ အသင်းဟာ တိုးတက်လာနိုင်တဲ့ အရာတွေ အများကြီး ရှိသေးတယ်လို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ကျနော်တို့ဟာ လုံလောက်တဲ့ ပြင်ဆင်မှု မရှိသေးတဲ့အတွက် ဒါဟာ ကောင်းမွန်တဲ့ စမ်းသပ်မှုပါ။ ယိုကိုဟားမားရဲ့ ကစားပုံကောင်းမွန်မှုတွေက ကျနော်တို့အတွက် ကောင်းပါတယ်။ ကျနော်တို့ တိုးတက်လာနိုင်တဲ့ အရာတွေ အများကြီးရှိပြီး၊ ဘယ်သူမှ ဒဏ်ရာ မရသွားတာကလည်း အရေးကြီးဆုံး အရာပါပဲ။ အခုတော့ ကျနော် တို့ အနားယူပြီး လာမယ့်ပွဲအတွက် ပြင်ဆင်ရမယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဇူလိုင် ၂၆ ရက်မှာ ရာသီကြို ခြေစမ်းပွဲအဖြစ် ဘိုင်ယန်မြူးနစ်၊ ဇူလိုင် ၃၀ ရက်မှာ အသလက်တီကို မက်ဒရစ်အသင်းတို့နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source: BBC