CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄
စပါးအသင်းပိုင်ရှင် ဂျိုလူးဝစ်က တိုက်စစ်မှူး ဟာရီကိန်းအနေနဲ့ စာချုပ်သစ်ချုပ်ဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင် အခု နွေရာသီအပြောင်းအရွှေ့မှာ ရောင်းချဖို့ အသင်းဥက္ကဋ္ဌ လီဗိုင်းကို ပြောထားတယ်လို့ ဒေးလီးမေးလ်က ဖော်ပြ ခဲ့ပါတယ်။
စပါးအသင်းပိုင်ရှင်က ဟာရီကိန်းကို စာချုပ်ကုန်ဆုံးမယ့် လာမယ့်ရာသီအကုန်မှာ အလွတ်နဲ့ ထွက်ခွာခွင့်မပေးဖို့ ဆုံးဖြတ်ထားတာပါ။ လီဗိုင်းဟာ တိုက်စစ်မှူး ဟာရီကိန်းကို ပေါင်သန်း ၁၀၀ တန်ကြေး သတ်မှတ်ထားပေမယ့် တစ်ပတ်လုပ်ခပေါင် ၄ သိန်းအထိရရှိမယ့် စာချုပ်သစ်ကို ငြင်းဆန်ခဲ့မယ်ဆိုရင် နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးရက်မတိုင်ခင် ရောင်းချဖို့ ဖိအားပေးခံရဖို့ ရှိနေပါတယ်။
ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့ ဘိုင်ယန်မြူးနစ်အသင်းက ကမ်းလှမ်းမှုနှစ်ကြိမ်ပြုလုပ်ထားတာကို စပါးအသင်းက ပယ်ချခဲ့ပေမယ့် ဂျာမန်ကလပ်က တတိယအကြိမ် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတာပါ။ ဟာရီကိန်းရဲ့ဇနီး ဖြစ်သူဟာ မြူးနစ်မှာ အိမ်ရှာဖွေနေတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီအပြောင်းအရွှေ့ကို အပြီးသတ် နိုင်မယ်လို့ ယုံကြည်မှုရှိနေတာဖြစ်ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းကလည်း စိတ်ဝင်စားနေပေမယ့် စပါးအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကများတယ်ဆိုပြီး စိတ်ဝင်စားမှုကို အဆုံးသတ်ခဲ့တာပါ။ စပါးအသင်းဘက်က ဟာရီကိန်းကို ရောင်းချဖို့ မဖြစ်မနေလုပ်ဆောင်မယ်ဆိုရင် ယူနိုက်တက်အသင်းဟာ ဒီပြိုင်ဆိုင်မှုမှာ ပါဝင်လာ နိုင်ဖွယ်ရှိပေမယ့် ကစားသမားအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ ဆန္ဒမရှိပါဘူး။
ဟာရီကိန်းဟာ လက်ရှိအချိန်မှာ အနာဂတ်နဲ့ပတ်သက်ပြီး သတင်းတွေထွက်ပေါ်နေပေမယ့် စပါးအသင်းနဲ့အတူ ရာသီကြိုခရီးစဉ်ကို လိုက်ပါသွားပြီး ခြေစမ်းပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။ စပါးအသင်းနည်းပြ ပိုစတီကိုဂလူး ကတော့ ရာသီသစ်မစတင်ခင်မှာ ဟာရီကိန်းရဲ့အပြောင်းအရွှေ့ကိစ္စရပ်ကို အမြန်ဆုံးဖြေရှင်းပေးဖို့ မျှော်လင့် နေတာပါ။ စပါးအသင်းကသာ ဟာရီကိန်းကို ရောင်းချခဲ့မယ်ဆိုရင် တိုက်စစ်မှူးသစ်တစ်ဦးကို အမြန်ဆုံးအစားထိုး ခေါ်ယူနိုင်ဖို့ နည်းပြကစီစဉ်နေတာဖြစ်ပါတယ်။
Source:DailyMail