
- By CNI
- Category: ဆောင်းပါး
- Hits: 878
CNI Article
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၃
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုဝန်ကြီး ဗစ်တိုးရီးယား နျူလန် (Victoria Nuland) သည် နိုက်ဂျာသို့ သွားရောက်ခဲ့ပြီး သမ္မတနန်းတော်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံထားရသည့် သမ္မတဟောင်း မိုဟာမက် ဘာဇုမ်း (Mohamed Bazoum) နှင့်တွေ့ဆုံရန် ကြိုးပမ်းခဲ့သည်။
သို့သော် သူ့တောင်းဆိုချက်သည် ပယ်ချခံခဲ့ရပြီး နီယာမေမြို့တော်တွင် အာဏာသိမ်း ခေါင်းဆောင်အချို့နှင့်သာ တွေ့ဆုံခဲ့ရသည်။
အာဏာသိမ်း ခေါင်းဆောင်များအနေဖြင့် ဘာဇုမ်းကို အာဏာပြန်လည် အပ်နှင်းရန် ပြောကြားခဲ့သလို နိုက်ဂျာ အား ထောက်ပံ့မှုများကို ရပ်တန့်သွားမည်ဟု နျူလန်က ခြိမ်းခြောက်ခဲ့သည်။
နျူလန်သည် မည်သည့် အောင်မြင်မှုမျှ မရခဲ့ဘဲ နိုက်ဂျာမှ ပြန်လည်ထွက်ခွာခဲ့သော်လည်း စစ်ရေးအရ အရေးယူ မည့် ခြိမ်းခြောက်မှု အငွေ့အသက်များကို ချန်ထားခဲ့သည်။ ထို့အတူ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ (ECOWAS) ကလည်း နိုက်ဂျာကို စစ်ရေးအရ ကြားဝင်စွက်ဖက်မည်ဟု ခြိမ်းခြောက်ထားသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုဝန်ကြီး ဗစ်တိုးရီးယား နျူလန်ကိုတွေ့ရစဉ်
ထို့ကြောင့် နိုက်ဂျာတွင် ECOWAS သို့မဟုတ် အမေရိကန်နှင့် ပြင်သစ်တပ်များက စစ်ရေးအရ ကြားဝင်မည်လော သို့မဟုတ် ECOWAS ၊ အမေရိကန်နှင့် ပြင်သစ်တို့ ပူးပေါင်းပြီး စစ်ရေးအရ ကြားဝင်မည်လော ဟူ၍ မေးခွန်းများ ထွက်ပေါ်ခဲ့သည်။
နိုက်ဂျာတွင် အာဏာသိမ်းခဲ့သည့် ခေါင်းဆောင်အများစုသည် အမေရိကန်၏ စစ်သင်တန်းများ လေ့ကျင့်သင်ကြား မှုကို ခံယူခဲ့သူများဖြစ်ပြီး အမေရိကန်သည် တပ်ဖွဲ့ဝင် ၁၅၀၀ ခန့်ကို နိုက်ဂျာတွင် ဖြန့်ကြက်ချထားသည်။
နိုက်ဂျာကမူ နိုင်ငံအတွင်းရှိ ပြင်သစ်တပ်ဖွဲ့ဝင် ၁၁၀၀ ခန့်ကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့သော်လည်း ပြင်သစ်က ရုပ်သိမ်းခဲ့ခြင်း မရှိပေ။
နိုက်ဂျာစစ်ခေါင်းဆောင်များသည် အမေရိကန်တပ်များကို နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့်ပေးခဲ့ခြင်း မရှိသော် လည်း အခြေအနေသည် ပိုမိုဆိုးရွားလာပါက နိုက်ဂျာမှ အမေရိကန်တပ်များ ထွက်ခွာရဖွယ်ရှိသည်။
နိုက်ဂျာသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ၎င်း၏ အဓိက သယံဇာတမှာ ယူရေနီယံ တူးဖော်သည့် သတ္တုတွင်းများ ဖြစ်သည်။ သို့သော် ထိုသတ္တုတွင်းအများစုကို ပြင်သစ်ကုမ္ပဏီများက ပိုင်ဆိုင်ထားသည်။
ယခုအခါတွင်မူ နိုက်ဂျာသည် ရေနံများကိုလည်း အသင့်အတင့် ထုတ်လုပ်နေပြီး တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၄၀၀၀ ခန့် ထုတ်လုပ်ကာ ထိုရေနံအားလုံးကို ပြည်တွင်းမှာပင် အသုံးပြုခဲ့သည်။
နိုက်ဂျာတွင် လျှပ်စစ်ဓာတ်အား စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို နိုက်ဂျီးရီးယားက ထောက်ပံ့ပေးထားခြင်း ဖြစ် သည်။ သို့သော် နိုက်ဂျာတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း နိုက်ဂျီးရီးယားသည် နိုက်ဂျာသို့ လျှပ်စစ် ဓာတ်အား ထောက်ပံ့မှုကို ရပ်နားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
နိုက်ဂျာရှိ သတ္တုတွင်းများကိုတွေ့ရစဉ်
လက်ရှိတွင် နိုက်ဂျာ၏ လေပိုင်နက်မှာ ပိတ်ထားပြီး နိုင်ငံအတွင်းရှိ လမ်းမများကို ပိတ်ထားသည်။ အစားအစာ၊ ဆေးဝါးနှင့် အခြားပစ္စည်းများ တင်သွင်းဝယ်ယူမှုကိုလည်း ပိတ်ပင်ထားသည်။
ထိုအခြေအနေကြောင့် ထောက်ပံ့မှုများ ရပ်ဆိုင်းကာ နိုင်ငံအတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်လာနိုင်မည့် စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။
ECOWAS သည် စစ်ရေးအရ ကြားဝင်မည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း ၎င်း၏အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက စစ်ရေး ဖြင့် ဖြေရှင်းမည့် အခြေအနေကို သဘောတူခဲ့ခြင်း မရှိပေ။
ထို့ကြောင့် နိုက်ဂျာအတွက် စစ်ရေးခြိမ်းခြောက်မှုအရှိဆုံး နိုင်ငံများမှာ အမေရိကန်နှင့် ပြင်သစ်ဖြစ်သည်။
အဆိုပါ နှစ်နိုင်ငံစလုံးသည် နိုက်ဂျာနိုင်ငံအတွင်း ဖြန့်ကြက်ထားသည့် ၎င်းတို့၏ စစ်အင်အားကို တိုးမြှင့်ဖွယ်ရှိနေ သည်။
နိုက်ဂျာရှိ အမေရိကန်တပ်များသည် အမေရိကန်စစ်တပ်၏ အာဖရိက စစ်ဌာနချုပ် (AFRICOM) ၏ အုပ်ချုပ်မှု အောက်တွင် ရှိသည်။
ထို့ပြင် နိုက်ဂျာရှိ အမေရိကန်တပ်ဖွဲ့ဝင်များသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက်သာ စစ်ဆင်ရေးများ ပြုလုပ်ခွင့် ရှိသည်။ အမေရိကန်တပ်များကို လက်ခံထားသည့် နိုင်ငံ၏ ပြည်တွင်းရေးကို အမေရိကန်တပ်များ အနေဖြင့် ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။
နိုက်ဂျာနိုင်ငံရဲ့ မြေပုံကိုတွေ့ရစဉ်
ထိုအချက်သည် ဝါရှင်တန်အတွက် ခေါင်းခဲရမည့် အချက်ဖြစ်သည်။ အမျိုးသားလုံခြုံရေးအတွက် အရေးပေါ်ကိစ္စ ရပ်မျိုး မရှိဘဲ၊ အမေရိကန်တပ်များသည်လည်း ခြိမ်းခြောက်ခံရသည့် အခြေအနေမျိုး မဟုတ်ပါက စစ်ရေးအရ ကြားဝင်စွက်ဖက်နိုင်မည် မဟုတ်ပေ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်(Antony Blinken) နှင့် ၎င်း၏လက်ထောက် နျူလန်တို့ကမူ နိုက်ဂျာတွင် ရုရှား၏ ဝဂ်နာကြေးစား စစ်သားအုပ်စုများ လှုပ်ရှားလာမည့်အရေးကို စိုးရိမ်ကြောင်း ပြောကြားခဲ့ သည်။
လက်ရှိအချိန်ထိ နိုက်ဂျာတွင် ဝဂ်နာတပ်ဖွဲ့များ မရှိသေးသော်လည်း ဝဂ်နာအုပ်စု၏ အကြီးအကဲ ယက်ဗ်ဂျီနီ ပရီဂိုဇင် (Yevgeny Prigozhin) ကမူ နိုက်ဂျာ၌ ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှုကို ထောက်ခံကြောင်း ပြောကြား ခဲ့ပြီး နိုက်ဂျာအတွက် ဝဂ်နာတပ်ဖွဲ့၏ ဝန်ဆောင်မှုများကို ကမ်းလှမ်းခဲ့သည်။
ဝဂ်နာတပ်ဖွဲ့ဝင်များသည် လက်ရှိတွင် မာလီ၊ ဆူဒန်၊ ဗဟိုအာဖရိက သမ္မတနိုင်ငံနှင့် လစ်ဗျားနိုင်ငံများတွင် လှုပ်ရှားနေသည်။ ထိုနိုင်ငံများအနက် မာလီသည် ECOWAS ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။
နိုက်ဂျာသည် အာဖရိကတွင် စစ်အင်အား အနည်းဆုံး နိုင်ငံများထဲတွင် ပါဝင်သည်။ နိုက်ဂျာလေတပ်တွင် ရုရှား လုပ် Su-25 တိုက်လေယာဉ် နှစ်စင်းနှင့် ရဟတ်ယာဉ် အနည်းငယ်သာရှိသည်။
လက်ရှိတွင် နိုက်ဂျာ၊ မာလီနှင့် ဘာကီနာဖာဆိုတို့တွင် လှုပ်ရှားနေသည့် ဂျီဟတ်အုပ်စုများရှိနေပြီး အချို့ ဂျီဟတ် အုပ်စုများသည် အယ်ကေဒါနှင့် အိုင်အက်စ် အဖွဲ့များနှင့် ဆက်နွှယ်မှုရှိသည်။
အမေရိကန်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရသည့် အစိုးရအဖွဲ့များနှင့် ခေါင်းဆောင်များကို ထောက်ခံခဲ့ သော်လည်း အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် စစ်မှန်သည့် ခြိမ်းခြောက်မှုမျိုး မဟုတ်လျှင် စစ်ရေးအရ ကြားဝင်စွက်ဖက်မှုအတွက် အကြောင်းပြချက်ပေးရန် ခက်ခဲလှသည်။
ထို့ပြင် အမေရိကန်၏ စစ်ရေးကြားဝင်မှုသည် အာဖရိကနှင့် အခြား ကမ္ဘာ့နိုင်ငံများတွင် အမေရိကန်အပေါ် ယုံကြည် လေးစားရသည့် အခြေအနေကို ဆိုးရွားစွာ ထိခိုက်စေမည်ဖြစ်သည်။
အကယ်၍ အမေရိကန်သည် ပြင်သစ်နှင့် ပူးပေါင်းပြီး စစ်ရေးအရ ကြားဝင်မည်ဆိုပါက အခြေအနေ အရပ်ရပ်ကို ပိုမိုဆိုးရွား သွားစေရုံသာ ရှိသည်။
ထို့ကြောင့် အမေရိကန် အနေနှင့် နိုက်ဂျာအရေးတွင် စစ်ရေးအရ ကြားဝင်မည်လော၊ သို့မဟုတ် နိုက်ဂျာအရေးကို အာဖရိကနိုင်ငံများကိုသာ ဖြေရှင်းခွင့်ပေးမည်လောဆိုခြင်းကို သေချာစွာ စဉ်းစားဆုံးဖြတ်ရမည် ဖြစ်သည်။
Source: Asia Times

- By CNI
- Category: ဆောင်းပါး
- Hits: 3151





- By CNI
- Category: ဆောင်းပါး
- Hits: 737
CNI Sport Article
၂၀၂၃ ခုနှစ်၊ သြဂုတ် ၆
ဘရာဇီးလ်ဂန္ထဝင် တိုက်စစ်မှူး မာတာရဲ့ ၆ ကြိမ်မြောက်နဲ့ နောက်ဆုံးအမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူမရဲ့ အဆိုးရွားဆုံး အိပ်မက်ဆိုးတွေနဲ့အတူ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။
သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းဟာ ရှုံးထွက်အဆင့်ကို မရောက်ရှိခဲ့ဘဲ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာပါ။
ဘရာဇီးလ်အသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဂျမေကာအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာကြောင့် ဂျမေကာအသင်း ဟာ ပြင်သစ်အသင်းနဲ့အတူ ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မာတာ ပရိသတ်ကို နှုတ်ဆက်နေစဉ်
အသက် ၃၇ နှစ်အရွယ်ရှိ မာတာဟာ ဒီပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ၁၇ ဂိုး နဲ့ ရပ်တည်နေကာ သူမရဲ့ အမွေအနှစ်တွေဟာ နှစ်ပေါင်းများစွာကြာ တည်ရှိနေမှာ ဖြစ်ပါတယ်။
မာတာက စောစီးစွာပြိုင်ပွဲကနေ ထွက်ခွာရတာဟာ မှောင်မိုက်တဲ့ အခိုက်အတန့်ဖြစ်ပေမယ့် ဘရာဇီးလ်ရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရှိသေးတယ်လို့ ပြောခဲ့တာပါ။
မာတာက “ဒီလိုအချိန်မျိုးမှာ စကားပြောရတာက တကယ်ကိုခက်ပါတယ်။ ကျမ အိပ်မက်မက်ခဲ့တဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကြီးဟာ ကျမရဲ့ အဆိုးရွားဆုံး အိပ်မက်ဆိုးတွေမှာတောင် မဖြစ်ခဲ့ပါဘူး။ ဒီအစုအဖွဲ့မှာ အသက်ကြီးတဲ့ သူဟာ ကျမတစ်ဦးထဲသာ ရှိပြီး အများစုက အလွန်ကြီးမားတဲ့ စွမ်းဆောင်ရည်ရှိ မိန်းကလေးငယ်တွေ ဖြစ်ကြတဲ့ အတွက် ဒါက သူတို့ရဲ့ အစပါ။ မာတာက ဒီမှာပဲ အဆုံးသတ်သွားပါပြီ၊ မာတာအတွက် ကမ္ဘာ့ဖလားဆိုတာ မရှိ တော့ပါဘူး”လို့ ပြောခဲ့ပါတယ်။
မာတာဟာ ၂၀၀၃ ခုနှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး သူမဟာ ဘရာဇီးလ် အမျိုးသမီးအသင်းကို ကမ္ဘာလုံးဆိုင်ရာ ပြိုင်ပွဲတွေမှာ ဆုဖလားအောင်မြင်မှု ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။
မာတာ ဘောလုံးကစားနေစဉ်
ဘရာဇီးလ်အသင်းဟာ ၂၀၀၇ ခုနှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ ရောက်ရှိခဲ့ပေမယ့် ဂျာမနီအသင်းကို အရေးနိမ့်ခဲ့တာပါ။ ၂၀၀၄ နဲ့ ၂၀၀၈ ခုနှစ်က ကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲတွေမှာလည်း ဘရာဇီးလ်အသင်းဟာ ဗိုလ်လုပွဲ ရောက်ခဲ့ပေမယ့် ငွေတံဆိပ်တွေနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
မာတာက “လွန်ခဲ့တဲ့နှစ် ၂၀ က ကျမရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မာတာဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ နှစ် ၂၀ ကြာပြီးနောက် ကျမတို့ဟာ ဘောလုံးမှာတင် မဟုတ်ဘဲ ကမ္ဘာပေါ်ရှိ အမျိုးသမီးတွေအတွက် ရည်ညွှန်း ချက် တစ်ခုလို ဖြစ်လာခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
မာတာဟာ နိုင်ငံတကာပွဲပေါင်း ၁၈၉ ပွဲမှာ ၁၂၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ကလပ်အသင်းအဆင့်မှာ ၂၃ နှစ်အတွင်း ၁၁ သင်းမှာ ကစားခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိ မာတာဟာ တောင်အမေရိက၊ မြောက်အမေရိကနဲ့ ဥရောပ ကလပ်တွေမှာ ကစားခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၆ ကြိမ် ရယူနိုင်ခဲ့တာပါ။
မာတာဟာ တောင်အမေရိက ချန်ပီယံလိဂ်လို့ ခေါ်ဆိုခဲ့ကြတဲ့ ကိုပါလီဘာတေးဒိုးစ် ချန်ပီယံဆုကို ဆန်းတို့စ် အသင်းနဲ့ ၂၀၀၉ ခုနှစ်က ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ကတည်းကနေ အခုအချိန်ထိ အော်လန်ဒိုပရိုက်အသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။
ဘရာဇီးလ်ဂန္ထဝင် ကစားသမားဟာ ဆွီဒင်မှာ အောင်မြင်မှု အများဆုံး ရရှိခဲ့တာဖြစ်ပြီး ၂၀၀၅ ကနေ ၂၀၀၈ ခုနှစ် အထိ အူမီယာအိုင်ကေအသင်းနဲ့ အမှတ်ပေးဖလား ၄ ကြိမ်ဆက်၊ ၂၀၁၂ ခုနှစ်မှာ တိုင်ရီဆို၊ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ် တွေမှာ ရိုဆန်ဂါ့တ်အသင်းနဲ့ ဆုဖလားတွေ ရယူနိုင်ခဲ့တာပါ။
မာတာ ပရိသတ်ကို နှုတ်ဆက်နေစဉ်
ချယ်လ်ဆီး အမျိုးသမီးအသင်းနည်းပြ ဟေးရတ်စ်က “ကမ္ဘာ့ဖလားမှာ သူမလိုချင်တဲ့ ပုံစံမဖြစ်ခဲ့ပေမယ့် သူမဟာ ကျမတို့အတွက် အမှတ်တရတွေ အများကြီး ဖန်တီးပေးခဲ့ပါတယ်။ သူမဟာ အနည်းဆုံး ပရိသတ်တွေကို နှုတ်ဆက်ခွင့်ရဖို့အတွက် ထိုက်တန်တဲ့သူပါ။ သူမဟာ မှန်ကန်တဲ့ အကြောင်းပြချက်တွေနဲ့ သမိုင်းမှာ ဘယ်တော့မှ ပျောက်ကွယ် သွားမယ့်သူ မဟုတ်ပါဘူး”လို့ပြောခဲ့ပါတယ်။
မာတာဟာ ကျင်းပနေတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်ကစားခဲ့တဲ့ အုပ်စုပွဲစဉ် ၃ ပွဲစလုံးမှာ ပထမပွဲ ၂ ပွဲကို လူစားဝင် ကစားသမားအဖြစ် မိနစ်အနည်းငယ်သာ ပါဝင်ကစားခွင့် ရခဲ့တာပါ။
ဒါပေမယ့် ဂျမေကာနဲ့ အဆုံးအဖြတ်ပွဲမှာတော့ ပွဲအစကတည်းက ပါဝင်ခွင့်ရခဲ့ပြီး မိနစ် ၈၀ ကျော်အထိ ကစားခွင့် ရတာ ဖြစ်ပါတယ်။ မာတာဟာ သူ့ရဲ့နောက်ဆုံး ကမ္ဘာ့ဖလားပွဲမှာ အသင်းအတွက် အဆုံးအဖြတ်ဖြစ်နိုင်မယ့် အရာကို လုပ်ဆောင်ပေးနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။
ဒါပေမယ့် ကစားသမားဘဝမှာ သူမရဲ့ ကာလကြာရှည် သက်ရောက်မှုတွေကို လိုက်ပြီး လုပ်ဆောင်နိုင်မယ့်သူ အများအပြား မရှိနိုင်ဘူးလို့ သုံးသပ်နေကြတာလည်း ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: ဆောင်းပါး
- Hits: 803
CNI International Article
၂၀၂၃ ခုနှစ်၊ သြဂုတ် ၆
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) သည် အာဏာလွှဲပြောင်းပေးမည့် ၎င်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အဓိက အကြောင်းရင်း ၄ ချက်ကို သြဂုတ် ၃ ရက်က ထုတ်ဖော် ပြောကြားခဲ့သည်။
သို့သော် သူအာဏာ လွှဲပေးမည့် သားဖြစ်သူ ဟွန်မာနက် (Hun Manet) သည် အသက်အန္တရာယ်ရှိသည့် အခြေအနေမျိုးတွင် ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ရယူမည်ဟုလည်း ဟွန်ဆန်က ဆိုသည်။
"ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) ဟာ လူထုထောက်ခံမှုကို ရရှိနေချိန်မှာ ဝန်ကြီးချုပ်ရာထူးက ဘာလို့ နုတ်ထွက်မှာလဲဆိုပြီး လူတွေတော်တော်များများက ကျနော့်ကို မေးကြပါတယ်။ အဖြေကတော့ ရှင်းရှင်းလေးပါ။ နိုင်ငံ ပျော်ရွှင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျနော် အဓိကထားလို့ ဖြစ်ပါတယ်"ဟု ဟွန်ဆန်က ပြောသည်။
ထို့ပြင် ဟွန်ဆန်က ဝန်ကြီးချုပ်ရာထူးကို စွန့်လွှတ်ရသည့် အကြောင်းရင်း လေးရပ်ကိုလည်း ထုတ်ဖော် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား ပြည်သူ့ပါတီ ထောက်ခံသူများကိုတွေ့ရစဉ်
"ပထမအချက်ကတော့ လာမယ့် မျိုးဆက်တွေအတွက် အစိုးရအဖွဲ့သစ်ကို အဆင်ပြေချောမွေ့စွာ ဖွဲ့စည်းနိုင်ဖို့ ဖြစ်ပါတယ်။ ကျနော် မအိုခင် ဒါမှမဟုတ် မသေခင်မှာ အစိုးရသစ်ဖွဲ့တာဟာ ပိုပြီး လွယ်ကူစေပါလိမ့်မယ်။ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အာဏာရပါတီခေါင်းဆောင် သေဆုံးသွားချိန်မှာ ဝန်ကြီးချုပ်ရာထူး နေရာအတွက် ယှဉ်ပြိုင်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ပြီး သွေးစွန်းတဲ့ ပဋိပက္ခတွေအထိ ဖြစ်စေနိုင်ပါတယ်။ ဒါဆိုရင် အာဏာလွှဲပြောင်းမှုဟာ မလွယ်တော့ပါဘူး။ အခုဆိုရင် ကျနော်ဟာ ကျနော့်နေရာ ဆက်ခံသူကို ဘာတွေ လုပ်ရမ လဲဆိုတာ လမ်းညွှန်ပေးနိုင်ပါတယ်"ဟု ဟွန်ဆန်က ပြောသည်။
ထိုအချက်သည် လူငယ်မျိုးဆက်နှင့် လူကြီးများအကြား လက်တွဲလုပ်ကိုင်ပြီး အစိုးရသစ် ဖွဲ့စည်းရေးအတွက် အကြောင်းပြချက် တစ်ခုဖြစ်သည်ဟု ဟွန်ဆန်က ပြောသည်။
"ဒုတိယအချက်ကတော့ မျိုးဆက်သစ်တွေဟာ အခုဆိုရင် ခေါင်းဆောင်ပိုင်း နေရာတွေကို ရယူတော့မှာ ဖြစ်ပါ တယ်။ ဒါပေမယ့် သူတို့ဟာ ဒီအတွက် အကောင်းဆုံး ပြင်ဆင်ထားကြသူတွေ ဖြစ်ပါတယ်။ ကျနော်တို့ ထမ်းပိုး ထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို သူတို့က ပုခုံးလွှဲ တာဝန်ထမ်းဆောင်ပြီး ခရီးရှည်ကြီးကို ဆက်လက် လျှောက်လှမ်း ကြရတော့မှာပါ။ ဒါပေမယ့် တစ်ခုသိထားရမှာက သူတို့ဟာ အရမ်းမငယ်တော့ပါဘူး။ ကျနော့်တုန်းကဆိုရင် ၃၂ နှစ် အရွယ်ကတည်းက ဒီတာဝန်ကို ထမ်းဆောင်လာခဲ့တာပါ။ အခု တာဝန်ထမ်းဆောင်တော့မယ့် ကျနော့်သား ဆိုရင် ၄၆ နှစ် အရွယ်ရှိနေပါပြီ" ဟု ဟွန်ဆန်က သားဖြစ်သူ မာနက်ကို ရည်ညွှန်းပြောကြားခဲ့သည်။
လူငယ်မျိုးဆက်သည် ယခင်ကတည်းက အရေးကြီးသည့် ဝန်ကြီးဌာနဆိုင်ရာ ရာထူးများကို ထမ်းဆောင်ခဲ့ပြီးသူ များဖြစ်သည်ဟု ဟွန်ဆန်က ပြောသည်။
ထို့ပြင် လက်ရှိတာဝန် ထမ်းဆောင်နေသည့် ဝန်ကြီးအချို့သည်လည်း နောင်ဖွဲ့မည့် အစိုးရအဖွဲ့ထဲတွင် လက်ရှိ ထမ်းဆောင်ဆဲ ရာထူးများ၌ ဆက်ရှိနေမည်ဟု ဆိုသည်။
အသစ်ဖွဲ့စည်းမည့် အစိုးရအဖွဲ့ထဲတွင် ပါဝင်မည့် ဝန်ကြီးများသည် အသက် ၇၀ အောက် ဖြစ်ရမည်ဖြစ်ပြီး အသက် ၇၀ ကျော်ပါက ရာထူးမှ နုတ်ထွက်ရန် ငြင်းဆန်သူများကို ပါတီက အရေးယူသွားမည်ဟုလည်း ဟွန်ဆန်က ပြော သည်။
ဟွန်ဆန် သတိပေးနေစဉ်
လက်ရှိ အသစ်ဖွဲ့စည်းမည့် အစိုးရအဖွဲ့ဝင် ဝန်ကြီး စုစုပေါင်း၏ ထက်ဝက်နီးပါးသည် ဒေါက်တာဘွဲ့ (PhD) ရရှိထားသူများ ဖြစ်သည်ဟုလည်း ဟွန်ဆန်က ပြောကြားခဲ့သည်။
တတိယအချက်မှာ သူသည် CPP ပါတီ၏ ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ယူမည်ဖြစ်ကြောင်း ဟွန်ဆန်က ဆိုသည်။
သူသည် ဝန်ကြီးချုပ်သစ်၏ တာဝန်ဝတ္တရားများကို ကြားဝင်စွက်ဖက်မည် မဟုတ်သော်လည်း မဲဆန္ဒရှင်များ အားပေးခဲ့သည့် ပါတီ၏ ကတိကဝတ်များကို စိတ်ချသေချာစေရန်အတွက် ဒုတိယနေရာမှ တာဝန် ထမ်းဆောင် သွားမည်ဟု ပြောသည်။
ထို့ပြင် သားဖြစ်သူ မာနက်သည် အသက်အန္တရာယ်ရှိသည့် အခြေအနေမျိုးတွင် ဝန်ကြီးချုပ်ရာထူးကို ပြန်လည် ထမ်းဆောင်မည်ဟု ဟွန်ဆန်က ထပ်မံ ပြောကြားခဲ့သည်။
"နိုင်ငံအတွက် ပရမ်းပတာ အခြေအနေတွေ မဖြစ်စေဖို့ လိုအပ်မယ်ဆိုရင် ကျနော်ဟာ ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ရယူပြီး နောက်ထပ် ဆက်ခံသူတစ်ဦးကို ရွေးချယ်သွားမှာပါ" ဟု ဟွန်ဆန်က ပြောကြားခဲ့သည်။
စတုတ္ထအချက်မှာ CPP ပါတီသည် ဇူလိုင် ၂၃ ရွေးကောက်ပွဲတွင် ထောက်ခံမဲ အများအပြား ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဟွန်ဆန်က ပြောသည်။
CPP ပါတီအနေနှင့် ရွေးကောက်ပွဲတွင် ထောက်ခံမဲ ရလဒ် ၇၄ ရာခိုင်နှုန်းအောက် ရရှိခဲ့မည်ဆိုပါက ရာထူးက ဆင်းပေးမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
ကမ္ဘောဒီးယားရဲ့ ဝန်ကြီးချုပ်ဖြစ်လာမည့် ဟွန်မာနက်ကိုတွေ့ရစဉ်
သို့သော် ရွေးကောက်ပွဲတွင် CPP ပါတီသည် ထောက်ခံမဲ ရလဒ် ၈၂ ရာခိုင်နှုန်းကျော် ရရှိခဲ့သည်။
"အနာဂတ် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် ကြေညာခံထားရတဲ့ မာနက်ကို လူထုထောက်ခံမှု ရှိတယ်ဆို တာ ရွေးကောက်ပွဲရလဒ်တွေက ပြသနေပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ အခြေအနေ အရပ်ရပ်ဟာ အာဏာလွှဲပြောင်း ဖို့အတွက် သင့်တော်တဲ့ အနေအထားမှာ ရှိနေပါတယ်"ဟု ဟွန်ဆန်က ပြောကြားခဲ့သည်။
"အဲဒါကြောင့် အခုအချိန်ဟာ ကျနော်ထွက်ခွာရမယ့် အချိန်ပဲဖြစ်ပါတယ်။ ဒီနေ့ဟာ ဝန်ကြီးချုပ်အဖြစ် ကျနော် နောက်ဆုံး မိန့်ခွန်းပြောတာလည်း ဖြစ်ပါတယ်" ဟု ဟွန်ဆန်က ပြောသည်။
ဟွန်ဆန်သည် CPP ပါတီအား ထောက်ခံပေးခဲ့သည့် လူထုကို ကျေးဇူးတင်ကြောင်းနှင့် အစိုးရအဖွဲ့သစ်ကို လွှတ်တော်က အတည်ပြုသည့် သြဂုတ် ၂၂ ရက်တွင် မာနက်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် တရားဝင် စတင် တာဝန်ထမ်းဆောင်မည်ဟုလည်း ပြောကြားခဲ့သည်။
Source: The Phnom Penh Post

- By CNI
- Category: ဆောင်းပါး
- Hits: 649
CNI International Article
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၀
ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့သည်မှာ နှစ်လကျော် ကြာမြင့်လာပြီ ဖြစ်သော်လည်း ပါလီမန်တွင် ဝန်ကြီးချုပ်ရာထူး နေရာအတွက် မဲပေးရွေးချယ်မှုသည် မတိုးသာ မဆုတ်သာ အခြေအနေသို့ ရောက်ရှိနေသဖြင့် အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။
လွှတ်တော်ဥက္ကဋ္ဌ ဝမ်မူဟာမက်နျူအာမာသာ (Wan Muhamad Noor Matha) သည် ဇူလိုင် ၁၇ ရက်တွင် ပြုလုပ် ရန် စီစဉ်ထားသည့် ဝန်ကြီးချုပ် မဲပေးရွေးချယ်မှုကို ရွှေ့ဆိုင်းခဲ့သည်။
Move Forward (MFP) ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရတ် (Pita Limjaroenrat) အား ဝန်ကြီးချုပ်ရာထူး အတွက် အမည်စာရင်း တင်သွင်းမှု ပိတ်ပင်ခံရခြင်းနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက မည်သို့ စီရင်ဆုံးဖြတ်မည်ဆိုခြင်းကို မာသာက စောင့်ဆိုင်းနေခြင်းလည်းဖြစ်သည်။
အစိုးရအား မကျေနပ်ချက်များကို တင်ပြရန် အစိုးရက ခန့်အပ်ထားသည့် အရာရှိ (Ombudsman) က တင်သွင်းသည့် အသနားခံစာကို ခုံရုံးက လက်ခံခဲ့သည်။
အထက်လွှတ်တော်ကို ဆန္ဒပြနေကြတဲ့ ပီတာနဲ့ MFP ပါတီထောက်ခံသူများကိုတွေ့ရစဉ်
ဇူလိုင် ၁၉ ရက်က ပီတာအား ဝန်ကြီးချုပ်အဖြစ် နောက်တစ်ကြိမ် အမည်စာရင်းတင်သွင်းခွင့်ကို ပိတ်ပင်ခဲ့မှုသည် လွှတ်တော်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အသုံးချခဲ့ခြင်း ရှိ/မရှိကို ခုံရုံးက လက်ခံဆုံးဖြတ်မည်လော သို့မဟုတ် ပယ်ချမည်လော ဆိုခြင်းမှာ ရေရာစွာ မသိရသေးပေ။
ဇူလိုင် ၁၃ ရက်က ပီတာ၏ ပထမအကြိမ် ဝန်ကြီးချုပ် အမည်စာရင်း တင်သွင်းမှုတွင် အထက်လွှတ်တော်က ၂၀၁၇ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ၎င်း၏ လုပ်ပိုင်ခွင့်ကို အသုံးပြုခဲ့ပြီး ပီတာ၏ ဝန်ကြီးချုပ်ဖြစ်ရေး ရည်မှန်းချက်ကို တားဆီးခဲ့သည်။
ပီတာအနေနှင့် ဝန်ကြီးချုပ်ရာထူး နေရာအတွက် လွှတ်တော်နှစ်ရပ်ပေါင်း ထောက်ခံမဲ ၃၇၆ မဲ လိုအပ်သည်။ သို့သော် အထက်လွှတ်တော် အမတ်များက မဲမပေးဘဲ လက်ရှောင်ခဲ့သဖြင့် ပီတာသည် ထောက်ခံမဲ ၃၂၄ မဲသာ ရရှိခဲ့သည်။
ပီတာသည် မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာများပိုင်ဆိုင်မှု စွဲချက်နှင့်ပတ်သက်ပြီး တရားရင်ဆိုင်နေချိန်တွင် MFP သည် ဖြူးထိုင်းပါတီအား အစိုးရအဖွဲ့ ဖွဲ့စည်းမှုကို ဦးဆောင်ရန် လမ်းဖယ်ပေးခဲ့သည်။
ကွန်ဆာဗေးတစ်များကမူ MFP ကို ညွန့်ပေါင်းအဖွဲ့မှ ထုတ်ပယ်ရန် ဖြူးထိုင်းကို ဖိအားပေးနေသည်။
ဖြူးထိုင်းနဲ့ MFP ပါ၀င်တဲ့ ညွန့်ပေါင်းအဖွဲ့ကိုတွေ့ရစဉ်
လက်ရှိ အခြေအနေအရ ထိုင်းဝန်ကြီးချုပ် နေရာအတွက် မဲပေးရွေးချယ်မှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်နေသည်။
Ombudsman ၏ အသနားခံစာကို ခုံရုံးက ပယ်ချခဲ့မည်ဆိုပါက သြဂုတ် ၄ ရက်တွင် ဝန်ကြီးချုပ်ရာထူး နေရာ အတွက် မဲပေးရွေးချယ်သည့် လွှတ်တော်အစည်းအဝေး ဖြစ်လာနိုင်သည်။
သို့သော် ပီတာကို ပိတ်ပင်ခြင်းသည် ၂၀၁၇ ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်းထားသည့် လွှတ်တော် အစည်းအဝေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်း ၄၇ ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ခုံရုံးက ဆုံးဖြတ်မည်ဆိုပါက ဝန်ကြီးချုပ်ရွေးချယ်မှုသည် ပိုမိုနှောင့်နှေးကြန့်ကြာရန်သာ ရှိသည်။
ထို့အတူ ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ထဲမှ MFP ကို ထုတ်ပယ်ရန် ကြိုးပမ်းမှုများသည်လည်း အာဏာလွန်ဆွဲမှုများဖြစ်ပွားပြီး ဝန်ကြီးချုပ် ရွေးချယ်ရေးလမ်းစဉ်အား ပိုမို ရှုပ်ထွေးစေမည် ဖြစ်သည်။
ထိုင်းနိုင်ငံရေး သမိုင်းတွင် အစိုးရသစ်ဖွဲ့စည်းရန် နှောင့်နှေးကြန့်ကြာမှုများ ရှိခြင်းသည် ပုံမှန်အနေအထား တစ်ရပ် လို ဖြစ်နေသည်။ အတိတ်ကို ပြန်လည် ကြည့်ရှုမည်ဆိုပါက ထိုင်းတွင် ဝန်ကြီးချုပ် ရွေးချယ်ရေးအတွက် ပုံမှန်အား ဖြင့် ၁၀ ရက်မှ ရက်ပေါင်း ၃၀ အတွင်း ကြာမြင့်ခဲ့သည်။
၁၉၉၂ ခုနှစ်၊ စက်တင်ဘာလက ဒီမိုကရက်တစ် ခေါင်းဆောင်ဟောင်း ချန် လီခ်ပိုင် (Chaun Leekpai) သည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ၁၀ ရက်အတွင်း ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ချန်သည် ညွန့်ပေါင်းအစိုးရ ဖွဲ့ရန် ၁၆ ရက်ကြာ အချိန်ယူခဲ့ရသည်။
၁၉၉၅ ခုနှစ်တွင် ချတ်ထိုင်းပါတီ (Chart Thai Party) ခေါင်းဆောင် ဘန်ဟန် စီလ်ပါ အာချာ (Banharn Silpa-archa) သည် ဇူလိုင် ၂ ရက် ရွေးကောက်ပွဲပြီးနောက် ၁၁ ရက်အတွင်း ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ပီတာကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံရ တောင်းဆိုနေကြစဉ်
၎င်းနေရာကို ဆက်ခံသည့် New Aspiration ပါတီ ခေါင်းဆောင်သည် ၁၉၉၆ ရွေးကောက်ပွဲပြီးနောက် ရှစ်ရက် အကြာတွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့သည်။
Thai Rak Thai ပါတီ ခေါင်းဆောင် သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) နှင့် ၎င်း၏ ညီမဖြစ်သည့် ဖြူးထိုင်းပါတီခေါင်းဆောင် ယင်လတ် ရှင်နာဝပ် (Yingluck Shinawatra) တို့သည် ၂၀၀၁ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် အသီးသီး အနိုင်ရခဲ့ပြီးနောက် ရွေးကောက်ပွဲအပြီး တစ်လအကြာမှ ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခံခဲ့ရသည်။
ထို့နောက် ယင်လတ် အစိုးရအဖွဲ့သည် အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းကို ပြဋ္ဌာန်းနိုင်ရန် တွန်းအား ပေး လုပ်ဆောင်ခဲ့မှုကြောင့် နိုင်ငံရေး အကျပ်အတည်း ဖြစ်ပွားခဲ့ပြီး အာဏာကို လက်လွှတ်ခဲ့ရသည်။
နိုင်ငံရေး ထိပ်တိုက်တွေ့မှုများသည် ၂၀၁၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ ဦးဆောင်သည့် အာဏာ သိမ်းမှုဖြင့် အဆုံးသတ်ခဲ့သည်။
၂၀၁၉ ခုနှစ် ရွေးကောက်ပွဲ အပြီးတွင်လည်း ပါလန်းပရာချက် (Palang Pracharat) ပါတီ၏ ကိုယ်စားလှယ် လောင်းဖြစ်သည့် ပရာယွတ်သည် မတ်လ ၂၄ ရက်နေ့ ရွေးကောက်ပွဲအပြီး ၇၃ ရက်အကြာတွင်မှ ဝန်ကြီးချုပ် ဖြစ်လာပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခဲ့သည်။
စစ်တပ်လိုလားသည့် အထက်လွှတ်တော်၏ အကူအညီဖြင့် ပရာယွတ်သည် ဝန်ကြီးချုပ်ရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။
ယခုအကြိမ်တွင်လည်း အထက်လွှတ်တော်သည် မဲဆန္ဒရှင်များ၏ သဘောထားကို လက်ခံရန် ငြင်းဆိုခဲ့သည်။
ဖြူးထိုင်းပါတီနှင့် ကွန်ဆာဗေးတစ်များအကြား ပလဲနံပ သင့်နေမှုသည် လူထုကို ဒေါသထွက်စေခဲ့သည်။
အထက်လွှတ်တော်၏ အကူအညီဖြင့် ကွန်ဆာဗေးတစ်များသည် အစိုးရအဖွဲ့ထဲတွင် လူနည်းစုအဖြစ် ပါဝင် လာနိုင်သည့် ထင်ကြေးပေးမှုများကလည်း လူထု၏ ဒေါသကို ပိုမိုမြင့်တက်စေမည်ဖြစ်သည်။
နိုင်ငံရေး အားပြိုင်မှုများ ဆက်လက် ဖြစ်ပွားလာနိုင်သည့် အခြေအနေတွင် ထိုင်းပြည်သူများသည် နိုင်ငံ့အကျိုး စီးပွားများထက် ပါတီအရေးနှင့် ကိုယ်ကျိုးစီးပွားများကိုသာ ရှေ့တန်းတင်သည့် မည်သည့် ပါတီကိုမဆို ဆန့်ကျင် ကန့်ကွက်ကြမည်သာ ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: ဆောင်းပါး
- Hits: 837
CNI Sport Article
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၀
မကြာခင် ရက်ပိုင်းတွေအတွင်းမှာ ဥရောပထိပ်တန်းလိဂ် ဘောလုံးပြိုင်ပွဲရဲ့ ရာသီသစ် စတင်တော့မှာ ဖြစ်သလို ကစားသမား အပြောင်းအရွှေ့တွေကလည်း အရှိန်မြှင့်လာခဲ့ပြီ ဖြစ်ပါတယ်။
ဒီရက်ပိုင်း အားကစား သတင်းတွေရဲ့ ခေါင်းကြီးပိုင်းကို ကြည့်လိုက်ရင် ဘတ်ပီနဲ့ ဟာရီကိန်းတို့ရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ နေ့တိုင်းနီးပါး နေရာယူထားတာကို မြင်တွေ့ခဲ့ရတာပါ။
ဘတ်ပီနဲ့ ဟာရီကိန်းတို့ နှစ်ဦးစလုံးဟာ လက်ရှိအချိန်မှာ ပီအက်စ်ဂျီ၊ စပါးအသင်းတို့နဲ့ စာချုပ်သက်တမ်းက တစ်နှစ် ကျန်ရှိနေတာ ဖြစ်ပါတယ်။
အဲ့ဒ့ကြောင့်လည်း နှစ်ဦးစလုံးဟာ လာမယ့် ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးရင် အလွတ်နဲ့ ထွက်ခွာတော့မှာပါ။
ဘတ်ပီ အကြောင်းကို စပြီးပြောရရင် သူကတော့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးမှာ မဟုတ်ဘဲ အလွတ်နဲ့ ထွက်ခွာမှာ ဖြစ်တဲ့အကြောင်းကို ရှင်းရှင်းလင်းလင်း ပြောထားတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီကတော့ ဘတ်ပီလို ကမ္ဘာ့အဆင့် ကစားသမားကို အလွတ်နဲ့ အဆုံးရှုံး မခံချင်တာကြောင့် စာချုပ် သက်တမ်း မတိုးရင် အခုအပြောင်းအရွှေ့မှာ ရောင်းချမယ်လို့ သတိပေးခဲ့ပါတယ်။
ဘတ်ပီကို တွေ့ရစဉ်
ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီကတော့ စာချုပ်သစ်လုံးဝ မချုပ်ဘူးလို့ ပြောခဲ့တာကြောင့် ပြင်သစ်ကလပ် ဟာ သူ့ကို အသင်းရဲ့ အာရှခရီးစဉ် လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး ပြင်းပြင်းထန်ထန် သတိပေးသွားခဲ့တာပါ။
ဒီအချိန်မှာ နာမည်ကြီး ကစားသမားတွေကို ပစ်မှတ်ထားနေတဲ့ ဆော်ဒီလိဂ်က ဒီအခြေအနေကို စောင့်ကြည့်ပြီး အယ်လ်ဟီလယ်အသင်းဟာ ကမ္ဘာ့စံချိန် တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။
ဘတ်ပီကို ရောင်းချချင်တဲ့ ပီအက်စ်ဂျီကတော့ အယ်လ်ဟီလယ်ရဲ့ အလွန်ကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး ကစားသမားနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ ခွင့်ပြုပေးခဲ့တာပါ။ ဒါပေမယ့် ဘတ်ပီကတော့ ရီးရယ်လ်အသင်းမှာ ကစားချင်တဲ့ သူ့ရဲ့ဆန္ဒကြောင့် အယ်လ်ဟီလယ်အသင်းထံ ပြောင်းမှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။
ဘတ်ပီဟာ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ဖို့ထက် ပီအက်စ်ဂျီမှာ တစ်ရာသီလုံး အရန်ခုံပေါ် ထိုင်ဖို့ကိုပဲ ရွေးချယ်မှာလို့ အားကစားသတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဘတ်ပီနဲ့ ပီအက်စ်ဂျီတို့ရဲ့ ဆက်ဆံရေးဟာ လက်ရှိအချိန်မှာ တင်းမာနေပြီး ပြင်သစ်တိုက်စစ်မှူးကပဲ သူ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း နောက်ဆုံးအချိန်ထိသွားမလား ဒါမှမဟုတ် ပြင်သစ်ကလပ်က သူ့ကို အသင်းကနေ ဖယ်ထုတ် သွားမလားဆိုတာ ဆက်ပြီးစောင့်ကြည့်ရမှာပါ။
ဟာရီကိန်း အကြောင်းကတော့ ဘတ်ပီလို တစ်ခွန်းမှ မပြောဘဲ အေးအေးဆေးဆေးနဲ့ အနာဂတ်ကို ကိုင်တွယ် ဖြေရှင်းဖို့ ရှိနေတာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်း ခေါင်းဆောင်ဟာ သူ့ရဲ့ငယ်ဘဝ ကလပ်ကို သစ္စာ မဖောက် ချင်သလို အသင်းကလည်း ထွက်ခွာဖို့ စိတ်အားထက်သန်နေပါတယ်။
ဟာရီကိန်းကို ယူနိုက်တက် အပါအဝင် အသင်းကြီးအချို့က ပစ်မှတ်ထား ချဉ်းကပ်နေပေမယ့် စပါးအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကို ပေးချေလိုခြင်း မရှိလို့ လက်လျှော့သွားခဲ့ပါတယ်။
ဟာရီကိန်းကို တွေ့ရစဉ်
ဒီအချိန်မှာ ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့အတွက် လုံးဝအာရုံစိုက်ပြီး ကြိုးပမ်းနေတာကတော့ ဘိုင်ယန်မြူးနစ် အသင်းပါ။
ဘိုင်ယန်မြူးနစ်အသင်း အကြီးအကဲတွေ ကိုယ်တိုင်က ဟာရီကိန်းကို ခေါ်ယူချင်တယ်လို့ သွယ်ဝိုက်ပြီးတော့ရော၊ တိုက်ရိုက်ရော နည်းမျိုးစုံနဲ့ ပြောနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် စပါးအသင်းကတော့ ဟာရီကိန်းကို လက် မလွှတ်ချင်တာကြောင့် ဘိုင်ယန်မြူးနစ် အသင်းရဲ့ ကမ်းလှမ်းမှု နှစ်ကြိမ်စလုံးကို ပယ်ချခဲ့ပါတယ်။
စပါးအသင်းဟာ သူတို့ရဲ့ ဂိုးသွင်းစံချိန်ရှင် ဟာရီကိန်းကို အသင်းမှာ ဆက်ပြီး ထိန်းနိုင်ဖို့အတွက် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပေမယ့် အသင်းပိုင်ရှင်ဖြစ်သူက စာချုပ်သစ် မချုပ်ရင် အခုအပြောင်းအရွှေ့မှာ ရောင်းချဖို့ အသင်းကို ပြောခဲ့တာပါ။
စပါးအသင်းပိုင်ရှင်က ဟာရီကိန်းကို အလွတ်နဲ့ မဆုံးရှုံးချင်တာကြောင့် အခုအပြောင်းအရွှေ့မှာ ရောင်းချဖို့ ပြောခဲ့တာဖြစ်လို့ ဒီအချက်မှာ ဘတ်ပီရဲ့ အခြေအနေနဲ့ သွားပြီးတူညီနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဟာရီကိန်းဟာ အသင်းအပေါ်ကို ချစ်တဲ့စိတ်နဲ့ ရာသီကြို ခရီးစဉ်တွေကို လိုက်ပါသွားခဲ့ပြီး တိတ်ဆိတ် စွာနဲ့ ရာသီသစ်အတွက် ပြင်ဆင်နေခဲ့တာပါ။
ဟာရီကိန်းဟာ ဒီလိုပုံစံနဲ့ ဖြတ်သန်းနေပေမယ့် ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ချင်နေသလို ဇနီးဖြစ်သူ ကလည်း မြူးနစ်မှာ အိမ်ရှာဖွေနေတဲ့ သတင်းတွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါတွေကြောင့်လည်း ဘိုင်ယန်မြူးနစ်အသင်းဟာ အင်္ဂလန်အသင်းခေါင်းဆောင်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။
ပီအက်စ်ဂျီနဲ့ စပါးအသင်းတို့ဟာ ရာသီသစ် မစတင်ခင်မှာ ဒီအခြေအနေတွေကို မဖြစ်မနေ ကိုင်တွယ် ဖြေရှင်းရ တော့မှာဖြစ်ပြီး မဟုတ်ရင် အသင်းအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တာကြောင့် ရလဒ်တွေမှာ ထိခိုက်လာ နိုင်ပါတယ်။
အဲ့ဒါကြောင့် နွေရာသီ အပြောင်းအရွှေ့ရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်နေတဲ့ ဟာရီကိန်းနဲ့ ဘတ်ပီတို့ရဲ့ အနာဂတ် ဘယ်လိုတွေ ဖြစ်လာနိုင်လဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းနေတာတော့ အသေအချာပါပဲ။