- By CNI News
- Category: ဆောင်းပါး
- Hits: 1168
CNI Article
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၄
အိန္ဒိယသည် ကက်ရှ်မီးယားဒေသနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ အငြင်းပွားနေသည့် ပါကစ္စတန်ကို ဆန့်ကျင် ရန် ဆယ်စုနှစ်နှင့်ချီလျက် ကြိုးပမ်းခဲ့နေခဲ့သည်။ သာယာလှပသည့် ဟိမဝန္တာ နယ်မြေဖြစ်သည့် ထိုဒေသကို နှစ်နိုင်ငံစလုံးက သူပိုင်ဆိုင်သည်၊ ငါပိုင်သည်ဟူ၍ အပြိုင်ငြင်းနေခဲ့ကြခြင်းအားဖြင့် အိန္ဒိယ-ပါကစ္စတန် ဆက်ဆံ ရေးမှာ အမြဲလိုလို သဘောထား ကွဲပြားနေခဲ့သည်။
မဆုတ်မနစ်သော ပြိုင်ဆိုင်မှုအဖြစ် ပါကစ္စတန်သည် နယူးဒေလီ၏ နိုင်ငံခြားရေးမူဝါဒကို အမြဲအာရုံစိုက် စေခဲ့ သည်။ သို့သော် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကက်ရှ်မီးယားရှိ လာဒက်ဒေသတွင် အိန္ဒိယနှင့် တရုတ်စစ်သားများ အသေအပျောက်ရှိခဲ့သော နယ်နိမိတ် သတ်မှတ်ရေး တိုက်ခိုက်မှုများကြောင့် နယူးဒေလီရှိ နိုင်ငံခြားရေးမူဝါဒ ရေးဆွဲသူများသည် ၇၅ နှစ်မြောက် အိန္ဒိယစိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဘေဂျင်းကို အာရုံစိုက်သည့် မူဝါဒသို့ ရွေ့လျားပြောင်းလဲလာခဲ့သည်။
ယခုအခါ ပါကစ္စတန်ထက် ပို၍ ကြီးထွားလာနေသည့် အိန္ဒိယ၏ စီးပွားရေးသည် အာရှတလွှား ဘေဂျင်း၏ သြဇာ လွှမ်းမိုးမှုကို ပိုမိုအားကောင်းလာစေရန် တွန်းအားပေးမှုနှင့်အတူ “နယူးဒေလီသည် ဘေဂျင်းကို ဗဟိုပြု၍ ပိုမို ကြီးထွားလာနေပြီဖြစ်သည်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဒီအက်စ်ဟိုးဒါးက ပြောကြားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် (AP)
သူသည် လာဒက် အပါအဝင် ကက်ရှ်မီးယားကို ထိန်းချုပ်ထားသည့် အိန္ဒိယစစ်တပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ စီမံကွပ်ကဲခဲ့သူ ဖြစ်သည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ဗြိတိသျှကိုလိုနီ လက်အောက်မှ ၁၉၄၇ ခုနှစ် လွတ်လပ်ရေး ရရှိခဲ့ပြီးကတည်းက သူပုန်ထမှုများ၊ ပိတ်ဆို့ခြင်းများနှင့် နိုင်ငံရေး အနှောင့်အယှက်များ ကြုံတွေ့ခဲ့ရသည်။
အိန္ဒိယသည် ၎င်း၏ အိမ်နီးချင်းများဖြစ်ကြသော ပါကစ္စတန်တို့၊ တရုတ်တို့နှင့် ဆင်နွှဲခဲ့သော စစ်ပွဲလေးခုအနက် နှစ်ခု၏ အချက်အချာ ဖြစ်ခဲ့သည်။ သုံးနိုင်ငံလုံး တင်းမာနေကြသော နယ်နိမိတ်မျဉ်း သတ်မှတ်ချက်သည် နျူက လီးယား ပိုင်ရှင်များ ကမ္ဘာ့တစ်ခုတည်းသော ထိပ်တိုက်ရင်ဆိုင်မှုအဖြစ် အငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသ တွင် ဆုံမိကြသည်။
အိန္ဒိယသည် ၁၉၆၀ ပြည့်လွန် နှစ်များမှစ၍ ဘက်မလိုက် လှုပ်ရှားမှု၏ တက်ကြွသော အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့သည် ထိုခေတ် သီအိုရီအရ စစ်အေးတိုက်ပွဲတွင် ဆိုဗီယက်(ရုရှား)ဖြစ်စေ၊ အမေရိကန် ဖြစ်စေ မည်သည့် အင်အားကြီးနိုင်ငံ၏ ထီးရိပ်ကိုမှ မခိုလှုံလိုသော နိုင်ငံပေါင်း ၁၀၀ ကျော်ကို စုစည်း တည်ထောင် ထားခဲ့ခြင်း ဖြစ်သည်။
အိမ်နီးချင်း ပါကစ္စတန်တို့၊ တရုတ်တို့နှင့် အငြင်းပွားနေသော်လည်း အိန္ဒိယသည် ၎င်း၏ ဘက်မလိုက်သော ရပ်တည်ချက်ကို ဆက်လက် ကိုင်စွဲခဲ့ပြီး နိုင်ငံခြားရေးမူဝါဒ၏ အခြေခံအုတ်မြစ်အဖြစ် ယနေ့အထိ ထားရှိသည်။ အိန္ဒိယသံတမန်များသည် ပါကစ္စတန်နှင့်ပတ်သက်၍ ကက်ရှ်မီးယား အရေးကို တွန်းအားပေးရန် အဓိက အာရုံစိုက် ထားကြသည်။
“ကက်ရှ်မီးယားဟာ ကျွန်ုပ်တို့၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ စိုးရိမ်ပူပန်မှုတွေရဲ့ အချက်အချာတစ်ခု ဖြစ်ပါတယ်” ဟု အိန္ဒိယ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၀၂-၂၀၀၃ ခုနှစ်တွင် ထိပ်တန်းသံတမန်ရေးရာ ကိုင်တွယ်ခဲ့ရသူ ကန်ဝဲလ်စီဘယ် (Kanwal Sibal) က ပြောကြားခဲ့သည်။
အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်
သို့သော်လည်း အိန္ဒိယနှင့် တရုတ်တို့အကြား အငြင်းပွားနေသော နယ်စပ်ဒေသဖြစ်သည့် လာဒက်တွင် အာရှ အင်အားကြီး နှစ်နိုင်ငံကြား လက်ရှိစစ်ရေးအရ တင်းမာမှုများက ပြင်းထန်လာစေသည်။ သံတမန်ရေးနှင့် စစ်ရေး အရ ဆွေးနွေးပွဲ ၁၇ ကြိမ် ပြုလုပ်ခဲ့သော်လည်း ဆက်လက် တင်းမာနေဆဲ ဖြစ်သည်။
တရုတ်သည် စစ်ရေးအရ ခြိမ်းခြောက်မှုကို ကိုယ်စားမပြုဟု အိန္ဒိယက ဆယ်စုနှစ်များစွာ ကြာအောင် ယုံကြည်ခဲ့မိ ကြောင်း စစ်ဦးစီးချုပ်ဟောင်းဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ဟိုးဒါးက ပြောကြားခဲ့သည်။
သို့သော် လာဒက်ဒေသ၊ ဂယ်ဝမ် (Galwan) တောင်ကြားရှိ ကရာကိုရမ် (Karakoram) တောင်တန်းများတွင် ထိပ်တိုက် တွေ့ဆုံမှု ပြင်းထန်လာသောအခါ စစ်ရေးတင်းမာမှုများမှ ၂၀၂၀ ပြည့်နှစ် အလယ်ပိုင်းအရောက်၌ အဆိုပါ ကဲကူလပ်သင်္ချာပုံစံ (calculus) သည် ပြောင်းလဲသွားရလေတော့၏။
“ဂယ်ဝမ်ဟာ မဟာဗျူဟာမြောက် ထိုးဖောက်မှု အနေအထားကို ကိုယ်စားပြုပါတယ်” ဟု နယူးဒေလီ အခြေစိုက် မူဝါဒရေးရာအဖွဲ့ဖြစ်သော လူမှုရေးနှင့် စီးပွားရေး တိုးတက်မှုစင်တာမှ အတွင်းရေးမှူး ကွန်စတန်တီနိုဇာဗီယာက ပြောကြားခဲ့သည်။
“နယ်နိမိတ်ပြဿနာကို ဖြေရှင်းရုံတင်မကဘဲ တရုတ်နဲ့ ဆက်ဆံရေး တစ်ခုလုံးကို ပြန်ပြီး သတ်မှတ်ဖို့ လိုအပ်ဆို တာ အိန္ဒိယရဲ့အသစ်ကို ဖန်တီးရန်အလို့ငှာ အထောက်အကူ ပြုခဲ့ပါတယ်” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
နှစ်ဘက်တပ်များမှ စစ်သားများသည် ကျောက်တုံးများ၊ လက်သီးများနှင့် အခြားလက်သုံး ကိရိယာများဖြင့် အလယ်ခေတ်ပုံစံ ခင်းကျင်း၍ တိုက်ပွဲဝင်ခဲ့ကြရာ အနည်းဆုံး အိန္ဒိယစစ်သား ၂၀ နှင့် တရုတ်စစ်သား ၄ ဦး သေဆုံးခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ ဦးဆောင်သော အစိုးရသည် ကက်ရှ်မီးယား ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် တပိုင်းတစကို ဖျက်သိမ်းခဲ့ပြီး ထိုဒေသထဲရှိ နိုင်ငံရေးသမားများ၊ သတင်းသမားများနှင့် ဆက်သွယ်ရေးများကို ချုပ်ကိုင်ခဲ့သည်။
ထို့နောက် တစ်နှစ်အကြာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြန်သည်။
တရုတ်နဲ့ အိန္ဒိယ စစ်သားများ တိုက်ခိုက်မှုဖြစ်ပွား(GETTY IMAGES)
ဗဟိုအစိုးရသည် မွတ်ဆလင် အများစု နေထိုင်ရာဒေသကို ပြည်ထောင်စု အုပ်ချုပ်ခွင့်ရနယ်မြေ နှစ်ခုဖြစ်သည့် လာဒက်နှင့် ဂျမူး-ကက်ရှ်မီးယားဟူ၍ ခွဲထုတ်ပြီး မြေယာနှင့် အလုပ်အကိုင်များတွင် အမွေဆက်ခံသော အကာ အကွယ် ပေးမှုများကို တစ်ခန်းရပ်စေခဲ့သည်။
အစိုးရသည် အဆိုပါ လှုပ်ရှားမှုများတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အပြောင်းအလဲများသာ ပါဝင်ကြောင်း အခိုင်အမာ ပြောကြားထားပြီး ကာလကြာရှည် ဆုပ်ကိုင်ထားသည့် ဟိန္ဒူ အမျိုးသားရေးဝါဒီ ကတိကဝတ်များ ရှိခဲ့သည့် ကက်ရှ်မီးယား ဒေသအတွင်းသို့ တခဲနက် မွတ်ဆလင်များ ပေါင်းစည်းသွားမည့် အရေးကို ချင့်ချိန်ခဲ့သည်။
ကက်ရှ်မီးယားသည် နိုင်ငံတကာ အငြင်းပွားမှုဖြစ်ပြီး ၎င်း၏ အဆင့်အတန်းတွင် တစ်ဖက်သတ် ပြောင်းလဲမှုသည် နိုင်ငံတကာဥပဒေနှင့် ဒေသတွင်း ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပါကစ္စတန်က တုံ့ပြန်ခဲ့သည်။
သို့သော် ကက်ရှ်မီးယားတွင် နယူးဒေလီ၏ လှုပ်ရှားဆောင်ရွက်မှုအတွက် အဓိက သံတမန်ရေး စိန်ခေါ်မှုမှာ မမျှော်လင့်ထားသော ပြိုင်ဘက်ဖြစ်သည့် တရုတ်ထံမှ လာလေတော့၏။
ဘေဂျင်းသည် နယူးဒေလီကို မှိုချိုးမျှစ်ချိုးဝေဖန်ခဲ့သည်။
ကက်ရှ်မီးယား အငြင်းပွားမှုကို ဆယ်စုနှစ် ၅ ခုနီးပါး တရုတ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပထမဆုံး အကြိမ် အခြေအတင် ဆွေးနွေးခဲ့ပြီး ထိုကိစ္စ ဇာတ်ထုပ်အပြည့်အစုံကို ထုတ်ဖော်ပြောဆိုခဲ့သည်။
တရုတ်အလံကို တွေ့ရစဉ် (AP)
အိန္ဒိယကတော့ အငြင်းအခုံရှိသည့် နယ်နိမိတ်မျဉ်းအတိုင်း တသမတ်တည်း ရပ်တည်ခဲ့သည်။ နိုင်ငံတကာ အသိုက်အဝန်းက ကက်ရှ်မီးယားသည် ပါကစ္စတန်နှင့် အိန္ဒိယ နှစ်နိုင်ငံ ပြဿနာသာ ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုပေးခဲ့ကြသည်။
ပါကစ္စတန်အတွက် ကက်ရှ်မီးယားသည် အိန္ဒိယပြည်တွင်းရေး ကိစ္စဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ကြ သည်။
မြေပြင်ပေါ်ရှိ ဝေဖန်သူများကိုလည်း ကက်ရှ်မီးယားသည် အကြမ်းဖက်ဝါဒနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ကြောင်း ခေါင်းမာမာဖြင့် အခိုင်အမာ ပြောဆိုခဲ့ကြသည်။
အစပိုင်းတွင် နယူးဒေလီသည် ကက်ရှ်မီးယားဒေသ၌ အိန္ဒိယဆန့်ကျင်ရေး လှုပ်ရှားမှုကို အကြီးအကျယ် ဖြစ်ခဲ့ သော်လည်း ငြိမ်းချမ်းစွာ ရင်ဆိုင်ခဲ့သည်။
သို့သော်လည်း သဘောထား ကွဲလွဲမှုများကို ဖြိုခွဲလိုက်ခြင်းကြောင့် ၁၉၈၉ ခုနှစ်တွင် အိန္ဒိယထိန်းချုပ်မှုအပေါ် လက်နက်ကိုင် ပုန်ကန်မှု အပြည့်အဝ ဖြစ်လာခဲ့ရာ ကြာရှည်သော ပဋိပက္ခကြောင့် ဒေသတွင်း၌ လူထောင် ပေါင်းများစွာ သေဆုံးခဲ့ရသည်။
၁၉၉၉ ခုနှစ်တွင် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် နျူကလီးယားလက်နက် ကိုယ်စီပိုင်ဆိုင်သော နိုင်ငံများ ဖြစ်လာ သောကြောင့် ကက်ရှ်မီးယားသည် အလားအလာရှိသော နျူကလီးယား အားပြိုင်စရာ ဆုံချက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အိန္ဒိယနဲ့ တရုတ် နယ်နိမိတ်မျဉ်းသတ်မှတ်ချက်အနီးက -အိန္ဒိယစစ်သားတစ်ဦး
၎င်းတို့၏ ထိပ်တိုက်တွေ့မှုသည် ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုကို ခံခဲ့ရပြီး ထိုအချိန်က အမေရိကန်သမ္မတ ဘီလ်ကလင်တန်က ကက်ရှ်မီးယားကို “ကမ္ဘာ့အန္တရာယ် အရှိဆုံးနေရာ” ဟုပင် ပြောကြားခဲ့သည်။
ကက်ရှ်မီးယား ဒေသအတွင်း အိန္ဒိယအုပ်ချုပ်မှုကို ဆန့်ကျင်သည့် နက်ရှိုင်းသော စိတ်ဓာတ်များ ရှိနေသော်လည်း နိုင်ငံခြားရေး ဖိအားများကို ပိတ်ဆို့တားဆီးရာတွင် နယူးဒေလီသည် ဆယ်စုနှစ်များအတွင်း အောင်မြင်ခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူအများစုက ယုံကြည်ကြသည်။
ယခုအခါ နယူးဒေလီ မူဝါဒ ချမှတ်သူများသည် အာရှတွင် ပိုမိုအားကောင်းလာပြီး ကက်ရှ်မီးယားအပေါ် ပါကစ္စတန်၏ ရပ်တည်ချက်ကို ထောက်ခံသည့် တရုတ်၏ အခြေခံ စိန်ခေါ်မှုကို ထပ်မံ ရင်ဆိုင်နေရသည်။
ပါကစ္စတန်သည် ယခုအခါ တရုတ်ဩဇာ လွှမ်မိုးမှုကြောင့် ဘေဂျင်းအစိုးရ၏ မိတ်ဖက်အဖြစ် ပိုမိုရှုပ်ထွေးသော နိုင်ငံရေး အခန်းကဏ္ဍတွင် လုပ်ဆောင်နေပြီဟု ချီကာဂိုတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ Paul Staniland က ပြောကြားခဲ့သည်။
“ဒါက သူတို့အပေါ် သြဇာလွှမ်းမိုးမှု တစ်ခုခု ပေးတာပဲဖြစ်တယ်” ဟု ၎င်းက ကောက်ချက်ချသည်။
အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့(AP)
တိုးချဲ့ဒေသတွင် ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုများ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ အိန္ဒိယသည် သဘောထား ကွဲလွဲ မှုပုံစံကို လုံးဝသည်းမခံကြောင်း ပြသထားသောကြောင့် ကက်ရှ်မီးယား ဒေသခံများသည် ၎င်းတို့၏ အရပ်ဘက် လွတ်လပ်ခွင့်များကို ကန့်သတ်ချုပ်ချယ် ခံရသည့်ကြားက အများစုမှာ နှုတ်ဆိတ်လို့ နေပေးခဲ့ရသည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်ခုအနေဖြင့် တရုတ်နိုင်ငံ၏ အင်အားကောင်းလာမှုသည် အိန္ဒိယကို အမေရိကန်နှင့် ပိုမိုနီးကပ်စေခဲ့ပြီး အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန်တို့ကြားရှိ အင်ဒို-ပစိဖိတ် မဟာဗျူဟာမြောက် မဟာမိတ်အသစ်ဖြစ်သော Quad ထံသို့လည်း အိန္ဒိယရောက်ရှိစေရန် တွန်းအားပေးခဲ့သည်။
စစ်အေးခေတ်တွင် အမြစ်တွယ်နေသည့် အိန္ဒိယ၏ ဘက်မလိုက်သော ရပ်တည်ချက်ဟောင်းသည် ၎င်း၏ နယ်နိမိတ်မှ ကီလိုမီတာ ထောင်ပေါင်းများစွာ အကွာရှိ ဘေဂျင်းပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင်ရပြီးနောက် နိဋ္ဌိတံ သွားခဲ့သည်။
ကက်ရှ်မီးယား ဒေသတစ်ခုလုံးသည် အိန္ဒိယနိုင်ငံ၏ နယ်နိမိတ်အနေဖြင့် ပထဝီဝင်ဆိုင်ရာ ပြိုင်ဆိုင်မှုနှင့် အင်အား ပြိုင်ဆိုင်မှု၏ အဓိကနေရာတစ်ခု ဖြစ်လာခဲ့သည်။
Quad ဟုခေါ်သည့် အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန်မဟာမိတ် (AP)
“Quad ၏ အဓိက အချက်ဖြစ်သည့် တရုတ် ရန်လိုမှု မှန်သမျှကို ဆန့်ကျင် တည်ဆောက်နေသည့် လုံခြုံရေးစည်း အသစ် ရှိနေကြောင်း သိရှိစေခြင်းဖြင့် ၎င်း၏ ရည်မှန်းချက်များကို တားဆီးရန် တရုတ်နိုင်ငံအား ခုခံကာကွယ်ရန် လိုအပ်ကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်” ဟု ယခင်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကန်ဝဲလ်စီဘယ်က ပြော ကြားခဲ့သည်။
ယခုအခါ Quad သည် အိန္ဒိယ၏ မဟာဗျူဟာမြောက် တွေးခေါ်ရှင်များအကြား ဆွေးနွေးမှုများတွင် အဓိက ဗဟိုချက်အဖြစ် မှတ်ယူ၍ နယူးဒေလီအစိုးရသည် နယ်နိမိတ် ထိစပ်မှု ရှည်လျားလှပြီး အိမ်နီးချင်း ဖြစ်သော်လည်း သစ္စာမဲ့လှသည့် တရုတ်နှင့် အကန့်အသတ်မရှိ နယ်နိမိတ်တလျှောက်ဟု ယူဆလျက် အခြေခံအဆောက်အအုံများ တိုးချဲ့တည်ဆောက်ခဲ့သည်။
ဘေဂျင်းသည် Quad အား ၎င်း၏စီးပွားရေး တိုးတက်မှုနှင့် သြဇာလွှမ်းမိုးမှုကို ချုပ်ကိုင်ရန် ကြိုးပမ်းမှုအဖြစ် အတိ အလင်း ရှုမြင်သည်။
“ဒါက ခင်ဗျားကို တားဆီးဖို့ တခြားသူတွေနဲ့ ပူးပေါင်းရေး အဆင်သင့် ဖြစ်နေပြီဆိုတဲ့ အချက်ကို တရုတ်နိုင်ငံကို ပြလိုက်တာပါပဲ" ဟု ကန်ဝဲလ်စီဘယ်က ပြောကြားခဲ့သည်။
Source: The Diplomat
(The Diplomat ဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင် Aijaz Hussain ၏ At 75, India’s Kashmir Challenge Shifts Foreign Policy Focus ခေါင်းစဉ်ဖြင့် ဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်)
- By CNI
- Category: ဆောင်းပါး
- Hits: 1413
CNI Article
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၀
အမေရိကန် ပိတ်ဆို့အရေးယူမှု ရှိနေစဉ်အတွင်း ယခင်လကုန်ပိုင်းက ကုန်တင်သင်္ဘောတစ်စင်းသည် ဆီးရီးယားမှ စတင် ခုတ်မောင်းလာခဲ့ပြီး တူရကီနိုင်ငံ၏ ဘောစဖောရက် ရေလက်ကြားကို ဖြတ်သန်းပြီး ရုရှားနိုင်ငံသို့ ဦးတည်သွားခဲ့သည်။
ယူကရိန်းတွင် တိုက်ခိုက်နေဆဲ သမ္မတဗလာဒီမာပူတင်၏ စစ်ပွဲကို အားဖြည့်တင်းရန်အတွက် အဆိုပါ Sparta II ကုန်တင် သင်္ဘောအကြောင်းကို ဥရောပထောက်လှမ်းရေး အရာရှိများက ခြေရာခံခဲ့သည်။
နိုဗိုရိုစီယက်ခ် ပင်လယ်နက် ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သော အဆိုပါ သင်္ဘောခရီးစဉ်ကို ကြည့်လျှင် ယခုအခါ ၆ လကြာပြီ ဖြစ်သည့် ကျူးကျော်စစ်အတွက် အရင်းအမြစ်များ ထပ်မံရှာဖွေဖို့ ကရင်မလင် သမ္မတနန်းတော်၏ ကြိုးပမ်းမှုကို ကွင်းကွင်း ကွက်ကွက် တွေ့ရမည်ဖြစ်သည်။
ဖြစ်ပွားနေဆဲ ယူကရိန်းစစ်သည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပမြေပေါ်၌ အကြီးမားဆုံး စစ်ရေးလှုပ်ရှားမှုဖြစ်နေ၍ ကုန်စည်ထောက်ပံ့ရေးလိုင်းများလည်း အဆင်မချောဘဲ တင်းမာခက်ခဲနေသည်။
ယူကရိန်းသည် မိမိကိုယ်ကို ခုခံကာကွယ်ရန် အမေရိကန်နှင့် ဥရောပနိုင်ငံများထံမှ လက်နက်များ ဒေါ်လာဘီလီယံနှင့်ချီ၍ လက်ခံ ရရှိထားသော်လည်း ရုရှားကတော့ အဆုံးအရှုံး များပြားနေသည့်ကြားမှ ရှေ့တန်းတပ်များကို ထောက်ပို့ပေးနိုင်ရန် အတွက် ၎င်း၏ ကိုယ်ပိုင် အရင်းမြစ်များကိုသာ အားကိုးရမည် ဖြစ်သည်။
ယူကရိန်းစစ်မျက်နှာတွင် ရုရှားတပ်ဖွဲ့ဝင် သောင်းနှင့်ချီ သေဆုံး (သို့မဟုတ်) ဒဏ်ရာရခဲ့ပြီး သံချပ်ကာ ယာဉ်ပေါင်း ထောင်နှင့် ချီ၍ ပျက်စီးခဲ့ကြောင်း အမေရိကန်က ခန့်မှန်းသည်။
ရုရှားသည် ပင်လယ်နက်ထဲသို့ စစ်လက်နက်ပစ္စည်းများ သယ်ဆောင်ရန်အတွက် ကုန်တင်သင်္ဘောများကို သုံးနေကြောင်း အမေရိကန် အစိုးရအနေဖြင့် ယုံကြည်ထားသည်ဟု ဥရောပ ထောက်လှမ်းရေး သတင်းများ ပဲ့တင်ထပ်နေခဲ့သည်။
Sparta II ကုန်တင်သင်္ဘောကိုတွေ့ရစဉ်(GETTY IMAGES)
ထိုဖြစ်စဉ်နှင့်နီးစပ်သူ ထောက်လှမ်းရေးအရာရှိက Bloomberg မီဒီယာသို့ ဖွင့်ချခဲ့သော်လည်း အတွင်းစည်း လျှို့ဝှက်ချက်များ ဖြစ်သဖြင့် အဆိုပါ ထောက်လှမ်းရေးအရာရှိ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်နိုင်ခြင်း မရှိပါ။
Sparta II သင်္ဘောသည် ဆီးရီးယားနိုင်ငံ တာတက်စ်ဆိပ်ကမ်းမှာ စစ်သုံးယာဉ်များ သယ်လာသည်မှာ သေချာပေါက်ဖြစ်ကြောင်း ထောက်လှမ်းရေး အရာရှိများ၏ ပြောကြားချက်နှင့်အတူ ဇူလိုင် ၁၇ ရက်မှ ၂၅ ရက်ကြား ရိုက်ကူးထားသော ဂြိုဟ်တု သတင်းဓာတ်ပုံများကိုပါ Bloomberg မီဒီယာက တွေ့မြင်ခဲ့ရသည်။ တာတက်စ်ဆိပ်ကမ်းသည် ရုရှားတို့ သုံးစွဲနေကျ ကုန်တင် ကုန်ချ ဆိပ်ကမ်းလည်း ဖြစ်သည်။
ထိုသင်္ဘောဖြင့် တင်ဆောင်လာသည့် စစ်သုံးယာဉ် အမျိုးအစားများကိုတော့ အတိအကျ မသိရသေးကြောင်း အဆိုပါ ထောက်လှမ်းရေး အရာရှိများက ဆက်လက် ပြောကြားခဲ့သည်။
သင်္ဘောကို ကနဦး ဆီးရီးယားတွင် မြင်တွေ့ခဲ့ရပြီးနောက် စစ်သုံးယာဉ်များ တင်ဆောင်ကာ ဘောစဖောရက် ရေလက်ကြား ဖြတ်ကျော်ခဲ့ကာ နိုဗိုရိုစီယက်ခ် ဆိပ်ကမ်းတွင် ချခဲ့သည်မှာ အနည်းဆုံး စစ်သုံးမော်တော်ယာဉ် ၁၁ စီးအထိ ရှိကြောင်း သိရ သည်။
အဆိုပါသင်္ဘောကို ပိုင်ဆိုင်သူမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထိန်းချုပ်မှုအောက်ရှိ ကုမ္ပဏီတစ်ခုဖြစ်ပြီး ယင်းကုမ္ပဏီကို ပြီးခဲ့သည့် မေလ၌ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ကြောင်း ရေကြောင်း ခြေရာခံ အချက်အလက်များအရ သိရသည်။
သင်္ဘောသည် နေတိုးအဖွဲ့ဝင် တူရကီ၏ ရေလက်ကြားထဲသို့ အတားအဆီးမရှိ ရက်စွဲစဉ်အလိုက် ပင်လယ်ရေလမ်းခရီးကို အောင်မြင်စွာ ခုတ်မောင်းနိုင်ခဲ့သည်။
ပူတင်၏ ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်မှုအပြီး မကြာမီမှာပင် တူရကီနိုင်ငံ၏ ဘောစဖောရက် ရေလက်ကြားကို စစ်သင်္ဘော များ သွားလာခြင်းကို Montreux ကွန်ဗင်းရှင်းအရ အန်ကာရာအစိုးရ(တူရကီ)က တားဆီးရန် ပိတ်ပင်ခဲ့သည်။ သို့သော် ကုန်သွယ်ရေး လုပ်ငန်းသုံး သင်္ဘောများကိုတော့ ဖြတ်သန်းခွင့် ပြုထားသည်။
ရုရှားသည် အော်ဘိုရိုလော်ဂျစ်စတစ်ကာ OOO ကုမ္ပဏီမှ ကုန်တင်သင်္ဘောများကို ယခုနှစ်အတွင်း တူညီသော လမ်းကြောင်း တလျှောက် အခေါက်ခေါက်အခါခါ သုံးခဲ့ကြောင်း တွေ့ရသည်။ ထိုကုမ္ပဏီသည် ယခင်ကလည်း ရုရှားမှ ဆီးရီးယားသို့ စစ်ဘက်သုံး ကိရိယာနှင့် လက်နက်များကို ကူးချည်သန်းချည် လုပ်ပေးခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းချက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူတစ်ဦးက တူရကီ အစိုးရထံသို့သာ မေးမြန်းရန် တုံ့ပြန်ခဲ့သည်။
ထို့ကြောင့် တူရကီထံသို့ ဆက်လက်မေးမြန်းရာ တူရကီအစိုးရ တာဝန်ရှိသူတစ်ဦးက “ကုန်တင်သင်္ဘောတစ်စင်းကို အကြံပြု ခြင်း (သို့မဟုတ်) မှားယွင်းနေခြင်း စသည့် သံသယရှိမှသာ စစ်ဆေးကြောင်း” ဖြေကြားခဲ့သည်။
ရုရှားတပ်ဖွဲ့၀င်များကိုတွေ့ရစဉ် (GETTY IMAGES)
ထိုသို့ အခြေအနေနှင့်ပတ်သက်၍ တူရကီတာဝန်ရှိသူများနှင့် အမေရိကန်တို့ စကားပြောခဲ့ခြင်း ရှိ/မရှိဆိုသည့် သဘောထား မှတ်ချက်ကိုတော့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြားရန် ငြင်းဆန်ခဲ့သည်။
အလားတူ ကရင်မလင်သမ္မတနန်းတော်နှင့် အော်ဘိုရိုလော်ဂျစ်စတစ်ကာတို့ကလည်း မှတ်ချက်ပေးရန် တောင်းခံခြင်းကို ချက်ချင်း တုံ့ပြန်ခြင်း မရှိပေ။
သေချာသည်မှာ ရုရှားနိုင်ငံတွင် သမ္မတပူတင် ကြီးကြပ်၍ ဆယ်စုနှစ်တစ်ခုကြာ ခေတ်မီတိုးတက်ရေး အစီအစဉ်များ၌ လက်နက် သိုလှောင်ရုံ အမြောက်အမြား တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုစစ်ပွဲ၌ လက်နက် ထောက်ပံ့ရေး အစီအစဉ်များကိုတော့ ကရင်မလင် တာဝန်ရှိသူများက ထုတ်မပြောကြပေ။
ဆယ်စုနှစ်များစွာ သက်တမ်းရင့်နေပြီဖြစ်သည့် T-62 တင့်ကားနှင့်သံချပ်ကာယာဉ် အများအပြား ဆုံးရှုံးရခြင်းသည် မော်စကို အပေါ် စစ်လက်နက်ပစ္စည်းများ ထပ်မံသိုလှောင်ရန် တွန်းအားဖြစ်စေခဲ့ကြောင်း အမေရိကန်နှင့်ဥရောပ အစိုးရအရာရှိများက ပြောကြားခဲ့ကြသည်။
အထူးသဖြင့် စစ်ပွဲအစတွင် မိမိထက် သာလွန်အင်အားရှိသော ရန်သူနှင့် ထောက်ပို့ဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်ခဲ့ရသော် လည်း ယူကရိန်း၏ စစ်ရေးဆုံးရှုံး ပမာဏကို ရုရှားကဲ့သို့ပင် ထုတ်မပြောခဲ့ပေ။
ပြီးခဲ့သည့် မေလမှ ဇွန်လအတွင်း စစ်မြေပြင် သေဆုံး/ဒဏ်ရာရသူ စာရင်းမှာ နေ့စဉ် ၁၀၀ မှ ၂၀၀ အထိ ရှိသော်လည်း တစ်ရက်လျှင် အရေအတွက် ၃၀ ခန့် ကျဆင်းသွားကြောင်း ဝေါစထရိဂျာနယ်နှင့် ဇူလိုင် ၂၂ ရက် အင်တာဗျူးတွင် ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ပြောကြားခဲ့သည်။ ထိုအရေအတွက်ကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
အမေရိကန်ထံမှ ယူကရိန်းရသည့် ဟိမာ့စ် (HIMARS) တာဝေးပစ် လက်နက်ကြီး (GETTY IMAGES)
၂၀၁၅ ခုနှစ်တွင် ပူတင်သည် ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ်ကို ကျားကန်ပေးရန်အတွက် စစ်ဆင်ရေး အမိန့်ပေး ပြီးနောက် ဆီးရီးယားမြေပေါ်သို့ ရုရှားတပ်များ ပို့ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ဆီးရီးယား၌ တိုက်လေယာဉ်များ၊ လေဆာပဲ့ထိန်း ဒုံးကျည်များ၊ တင့်ကားများ၊ အီလက်ထရောနစ် စစ်ဆင် ရေး နည်းလမ်းများနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ အပါအဝင် အဆင့်မြင့် စစ်လက်နက် အမျိုးအစား ၁၆၀ ကို စမ်းသပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂုက ပြောကြားခဲ့သည်။
ကရင်မလင်သည် နောက်ထပ် စစ်လက်နက်ရနိုင်မည့် အရင်းအမြစ်များကို ကမ္ဘာ့အခြား နေရာများတွင်လည်း ရှာဖွေနေသည်။
ယူကရိန်းကို စေလွှတ်မည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်အင်အား ၂၀၀၀ အထိ လျှော့ချလိုက်သည့် သတင်းကို မော်စကိုက ငြင်းဆန်နေသည့်ကြားမှပင် မကြာသေးမီ ရက်သတ္တပတ်များအတွင်း နာဂေါ်နို-ကာရာဘတ်ချ်ဒေသအတွက် အာမေးနီးယားနိုင်ငံနှင့် အဇာဘိုင်ဂျန်တို့ တင်းမာမှုဖြစ်ခဲ့ကြသည်။
၂၀၀၈ စစ်ပွဲ ပြီးကတည်းက ထောင်နှင့်ချီသော စစ်သားများကို ထားရှိသည့် ဂျော်ဂျီယာခွဲထွက်ဒေသ တောင်ပိုင်း အိုဆက်တီ ယားမှ ရုရှားစစ်သားအချို့ကို ယူကရိန်းသို့ လမ်းကြောင်းပြောင်း၍ ပို့ပေးခဲ့ကြောင်း အမေရိကန်က ပြီးခဲ့သည့် မတ်လတွင် ပြောကြားခဲ့သည်။
တဖန် လက်နက်တင်ဆောင်ထားသည့် မောင်းသူမဲ့လေယာဉ်(ဒရုန်း) များ ဝယ်ယူရန် ရုရှားက အီရန်ထံသို့ ခြေဦးလှည့်လာ ကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) ညွှန်ကြားရေးမှူး ဝီလျံဘန့်စ်က ယခင်လ အမေရိကန် လုံခြုံရေးဖိုရမ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ယနေ့ ရုရှား၏ ကာကွယ်ရေးပစ္စည်းထုတ် စက်မှုလုပ်ငန်းများ၏ ချို့ယွင်းအားနည်းချက်နှင့် သိသာထင်ရှားသော ဆုံးရှုံးများ ကြောင့် မော်စကို ရင်ဆိုင်နေရသော အခက်အခဲများကိုပါ ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အသင့်အတင့် အရည်အသွေးရှိသော စနစ်များ တပ်ဆင်နိုင်ပြီဖြစ်သည့် မြောက်ကိုရီးယားသည်လည်း အမြောက် လက်နက် ရရှိရေး ရင်းမြစ်အသစ်တစ်ခု ဖြစ်လာနိုင်သည်။ အကြောင်းမှာ ယခင်လ၌ မြောက်ကိုရီးယားသည် ယူကရိန်းအရှေ့ပိုင်းရှိ ကရင်မလင် ထိန်းချုပ်ရာ ဒွန်နက်စ်နှင့်လူဟန့်စ် သမ္မတနှစ်နိုင်ငံ၏ သီးခြားလွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့၍ ဖြစ်သည်။
ယူကရိန်းစစ်မြေပွဲကိုတွေ့ရစဉ် (GETTY IMAGES)
မြောက်ကိုရီးယား၏ အလားအလာကိုတော့ ရုရှားကာကွယ်ရေးမူဝါဒ ကျွမ်းကျင်သူတစ်ဦးက ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် ပူတင်သိမ်းခဲ့သည့် ခရိုင်းမီးယားကျွန်းဆွယ်ရှိ အခြေစိုက် စခန်းများကို ပြန်လည်ထောက်ပံ့ရန် နိုဗိုရိုစီယက်ခ် ဆိပ်ကမ်းကို သုံးနေသဖြင့် ယင်းဆိပ်ကမ်းသို့ပင် ဆီးရီးယားမှ ရုရှားသင်္ဘောများ အလုံးစုံထောက်ပံ့ ပို့ဆောင်ရေး ဝင်ရောက် နိုင်ဖွယ်ရှိကြောင်း၊ ထိုမှတဆင့် ယူကရိန်းတောင်ပိုင်းရှိ ခါဆွန်နှင့်ဇာပိုရေဇီးယားဒေသများကို ရုရှား သိမ်းပိုက်ရန် ကြံရွယ်နေ ကြောင်း ဥရောပထောက်လှမ်းရေး အရာရှိတစ်ဦးက ပြောသည်။
ခါဆွန်ဒေသတွင် တန်ပြန်ထိုးစစ်ဆင်မည်ဟု ယူကရိန်းက ခြိမ်းခြောက်နေ၍ ရုရှားသည် မကြာသေးမီက ခရိုင်းမီးယား ဘက်ခြမ်းသို့ တပ်ဖွဲ့ဝင်နှင့် စစ်လက်နက်များ ပြန်ချထားခဲ့သည်။
ယူကရိန်းတောင်ပိုင်းသို့ တပ်စွဲပြင်ဆင်ရာ၌ ခရိုင်းမီးယားသို့ တပ်အင်အားများ အရွှေ့အပြောင်းလုပ်သည်။ ရုရှားစစ်သား ၈၀၀ မှ ၁၀၀၀ ခန့်အထိ ပါဝင်သော နည်းဗျူဟာအဖွဲ့ ၈ ဖွဲ့ကို အရှေ့ပိုင်း ဒွန်ဘတ်စ်မှ ပြန်ခေါ်ခဲ့သည်။
မကြာသေးမီက အမေရိကန်ထံမှ ရသည့် ဟိမာ့စ် (HIMARS) တာဝေးပစ် လက်နက်ကြီးများဖြင့် ယူကရိန်းတပ်များသည် ရုရှားထောက်ပံ့ရေး လမ်းကြောင်းနှင့် ဖိုခနောက်ဆိုင် ခဲယမ်းမီးကျောက် ယာယီဂိုဒေါင်များကို ပစ်မှတ်ထား တိုက်ခိုက်မှုများ တိုးမြှင့်လာနိုင်ခဲ့သည်။
ပူတင်သည် အတုံးအတစ်လိုက် ဝါဒဖြန့် စည်းရုံးနည်းဖြင့် ၎င်းစစ်တပ်ကို အားကောင်းစေဖို့ မကြိုးစားခဲ့ပေ။ အကြောင်းမှာ ၎င်း သည် ရုရှားလူထု၏ လက်တကမ်းအကွာတွင် ရှိနေသော စစ်ပွဲကုန်ကျစရိတ်များ သိရှိသွားနိုင်သည့် အန္တရာယ်ကို ကြိုမြင်နေ၍ ဖြစ်သည်။
သို့သော် ဒေသအလိုက် တာဝန်ရှိသူများကို ကာလတို စာချုပ်များဖြင့် အပျော်တမ်း စစ်မှုထမ်း လုပ်အားပေးရန်အတွက် ပြည်သူများထံသို့ ငွေသားမက်လုံးများ ပေးရန် ညွှန်ကြားထားသည့်အပြင် ဒူးမား အောက်လွှတ်တော်ကလည်း စစ်မှုထမ်းရန် အသက်ကန့်သတ်ချက်ကို ပယ်ဖျက်၍ နောက်ဆုတ်ပေးခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ပူတင် (GETTY IMAGES)
ရုရှားအစိုးရသည် ကာကွယ်ရေးပစ္စည်းထုတ် ကုမ္ပဏီများတွင် ဝန်ထမ်းစည်းကမ်းများ ဖြေလျော့ပေး၍ လက်နက် ထုတ်လုပ် ရေး မြှင့်တင်ရန် ယခင်လ၌ လှုံ့ဆော်ပေးခဲ့သည်။ ရေတိုလက်နက်များနှင့် စစ်သုံးကိရိယာများ မွမ်းမံထိန်းသိမ်းရေးမှာလည်း အရေးတကြီး လိုအပ်လာခဲ့သည်။
ရုရှား၏ စစ်ဘက်နည်းပညာပိုင်းတွင် အမေရိကန်၊ ဥရောပနှင့် အရှေ့အာရှဒေသတို့တွင် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားသော အနုစိတ် အီလက်ထရောနစ် စက်ပစ္စည်း အစိတ်အပိုင်းများကို မှီခိုအားထားနေရကြောင်း လန်ဒန်မြို့၊ တော်ဝင်ယူနိုက်တက် ဝန်ဆောင်မှုသိပ္ပံ၏ အစီရင်ခံစာအရ သိရသည်။
ထိုအစီရင်ခံစာကို ယူကရိန်းစစ်မျက်နှာတွင် ရုရှားတို့သုံးခဲ့သည့် စစ်လက်နက် ပစ္စည်း အကြွင်းအကျန် သဲလွန်စများကို စုဆောင်း၍ ဆန်းစစ် ပြုစုထားခြင်း ဖြစ်သည်။
ထို့ကြောင့် ရုရှား၏ လက်နက် ထုတ်လုပ်သည့် နည်းစနစ်သည် နိုင်ငံခြားနည်းပညာကို အလွန်အမင်း မှီခိုနေရကြောင်း အစီရင် ခံတွင် ကောက်ချက်ချထားသည်။
ရုရှားသည် ယူကရိန်းတွင် စစ်အင်အား ထပ်မံဖြန့်ကြက်ရန် ကြိုးစားနေသော်လည်း ယူကရိန်းအရှေ့ပိုင်းမှ ၎င်း၏စစ်ရေး တိုးတက်မှုမှာ မကြာသေးမီ ရက်ပိုင်းအတွင်း အကန့်အသတ်နှင့် နှေးကွေးနေသေး ကြောင်း ထောက်လှမ်းရေး သတင်းရပ်ကွက်က ဆိုသည်။
မော်စကို စီးပွားရေးတက္ကသိုလ်မှ ရုရှားစစ်ရေးကျွမ်းကျင်သူ ဗက်စီလီကာရှင်ကတော့ ကမ္ဘာ့နိုင်ငံများ အနေဖြင့် ရုရှား၏ အရင်း အမြစ်များကို လျှော့မတွက်သင့်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း မြောက်ကိုရီးယားတွင် ရုရှားဒုံးကျည်များထက် ပိုမို အားကောင်းသော တာဝေးပစ်စနစ်များ ရှိကြောင်း သတိပြုမိ၍ လက်နက်တင်သွင်းခြင်းသည် အကျိုးရှိနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
“သေချာပါတယ်။ ရုရှားဟာ စစ်မြေပြင်မှာ ပြဿနာတချို့ရှိပေမယ့် ယူကရိန်းနဲ့စစ်အတွက် လက်နက်တွေ ဘယ်လို သွင်းနေ တယ်ဆိုတာ သက်သေသက္ကာယ အခိုင်အမာ မပြနိုင်ကြပါဘူး။ ဒါပေမယ့် သွင်းသင့်လို့ သွင်းနေတာလည်း ဖြစ်နိုင်ပါတယ်” ဟု ဗက်စီလီကာရှင်က မှတ်ချက်ချခဲ့သည်။
Source: Bloomberg
- By CNI News
- Category: ဆောင်းပါး
- Hits: 900
CNI Article
၂၀၂၂ ခုနှစ်၊ သြဂုတ် ၇
မြန်မာနိုင်ငံရှိ အတိုက်အခံသမား ၄ ဦးကို နစက-က ကွပ်မျက်ပြီးနောက် တစ်ပတ်အကြာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ နိုင်ငံခြားရေးဝန်ကြီးများ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်တွင် တွေ့ဆုံ၍ အစည်းအဝေး ကျင်းပခဲ့ကြသည်။
အဆိုပါ သတ်ဖြတ်မှုကို အာဆီယံက ဝေဖန်ခဲ့သည်။ တပ်မတော်က အာဏာရယူပြီးနောက် ဖြုတ်ချခဲ့သည့် ရွေးကောက်ခံ နိုင်ငံရေးသမားများ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိကျသော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် မြန်မာ အတွက် တာဝန်ခံထားသည့် ၁၀ နိုင်ငံပါ အာဆီယံအသိုင်းအဝိုင်းကို တောင်းဆိုခဲ့သည်။ မြန်မာသည် ၁၉၉၇ ခုနှစ်ကတည်းက အာဆီယံအဖွဲ့ဝင် ဖြစ်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာရယူပြီးနောက် လူထုဆန္ဒပြပွဲများနှင့် လက်နက်ကိုင် တော်လှန်ရေးများ ပေါ်ပေါက်လာခဲ့ခြင်းဖြင့် မြန်မာနိုင်ငံသည် အကျပ်အတည်း တစ်ရပ် ထဲ ကျရောက်သွားခဲ့သည်။
လအနည်းငယ် ကြာပြီးနောက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် အထူးကျင်းပသော အာဆီယံအစည်းအဝေးသို့ နစက ခေါင်းဆောင်ကို ဖိတ်ကြားခဲ့ရပြီး အကြမ်းဖက်မှု အဆုံးသတ်ရန်နှင့် အကျပ်အတည်း ဖြေရှင်းရန် အချက် ၅ ချက်ပါ အစီအစဉ်ကို သဘောတူစေခဲ့သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) ဟု အမည်တပ်ထားသည့် စစ်တပ်သည် အချက်ငါးချက် သဘောတူညီမှုကို လျစ်လျူရှုခဲ့ပြီး အတိုက်အခံများကို ဆက်လက် နှိမ်နင်းရာမှာ သေဆုံးသူ ဦးရေသည် ၂၀၀၀ ကျော်အထိ တိုးလာခဲ့သည်။ SAC သည် အာဏာရယူမှုအတွင်း ဖယ်ရှားခံခဲ့ရသော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ၏ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့် မပြုပေ။
“အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံရဲ့ လူဦးရေတစ်ခုလုံးကို ဓားစာခံ ဖမ်းဆီးထားတဲ့ ရာဇ၀တ်မှု ဆိုင်ရာ အဖွဲ့အစည်း ဖြစ်လာကြောင်း အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်” ဟု အင်ဒိုနီးရှားနိုင်ငံ အောက်လွှတ်တော် အမတ်ဟောင်းလည်းဖြစ်၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များဆိုင်ရာ ဘုတ်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ အီဗာဆန်းဒါရီက ပြောကြားခဲ့သည်။
“အချက်ငါးချက်ပါ သဘောတူညီချက်ကို လိုက်နာဖို့ အချိန် အများကြီး ပေးထားပြီး ဖြစ်ပေမယ့် သဘောတူညီချက်ကိုရော၊ အာဆီယံကိုရော မလေးစားကြောင်း ပြသခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့ကို ဘယ်လိုတည်ထောင်ခဲ့တာလဲ
********************************************
အာဆီယံကို ၁၉၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ငါးနိုင်ငံများအဖြစ် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ အမြုတေ ပါဝင်ခဲ့ကြသည်။ စစ်အေးတိုက်ပွဲ ဇာတ်ရှိန် အမြင့်ဆုံး အချိန်တွင် မကြာသေးမီက ကိုလိုနီအုပ်ချုပ်မှုမှ လွတ်မြောက်ခဲ့သော အရှေ့တောင်အာရှနိုင်ငံအချို့သည် ၎င်းတို့၏ ခက်ခက်ခဲခဲ ရရှိထားသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်လိုကြသည်။
မလေးရှားနိုင်ငံကို တည်ထောင်ခြင်းအား ဆန့်ကျင်မှုကိုလည်း အင်ဒိုနီးရှားမှ စတင်ခဲ့သော 'ထိပ်တိုက်ရင်ဆိုင်မှု' ဖြင့် စံနမူပြု ပေးထားသည့် ဒေသတွင်း နာကျင်ခံစားမှုများလည်း ရှိခဲ့ပါသည်။
ရလဒ်အနေဖြင့် အာဆီယံအသင်း၏ အဓိကမူများမှာ အဖွဲ့ဝင် အချင်းချင်း၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ အများဆန္ဒဖြင့် ဆုံးဖြတ်ချက်ချခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံက ဘယ်အချိန်မှာ အဖွဲ့ဝင် စဖြစ်လာသလဲ
**************************************************
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လတွင် လာအိုနိုင်ငံနှင့်အတူ အာဆီယံအဖွဲ့ဝင် အပြည့်အဝ ဖြစ်လာခဲ့သည်။ မြန်မာသည် ၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာရှင်စနစ် ကျင့်သုံးခဲ့သည့် နိုင်ငံတစ်ခု၏ လူ့အခွင့်အရေး မှတ်တမ်းနှင့် ပတ်သက်၍ အမေရိကန်နှင့် ဥရောပတို့၏ စိုးရိမ်မှုများက ထိုစဉ်ကလည်း ရှိခဲ့သည်။
ထိုင်းနှင့် ဖိလစ်ပိုင်တို့လည်း မြန်မာကို သတိကြီးကြီး ထားခဲ့ကြသော်လည်း နောက်ဆုံးတွင် အာဆီယံ၏ စည်းလုံးညီညွတ်မှု ကို ပြသနိုင်ခဲ့ပါသည်။
အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံ ဖြစ်လာချိန်တွင် “အခု အလားအလာဟာ အလွန်ကြီးမားပါသည်။ ကျနော်တို့က အာရှနဲ့ ကမ္ဘာမှာ အရေးပါသော ကစားသမားတစ်ဦး ဖြစ်လာမယ်” ဟု မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က အဖွဲ့အစည်းကို ချဲ့ထွင်ဖြစ်ထွန်း လာခြင်းနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့ဝင် ဖြစ်ပြီးနောက်တွင်ပင် ထိုစဉ်က မြန်မာစစ်ခေါင်းဆောင်များသည် အာဆီယံ၏ ဆိတ်ငြိမ်သော သံတမန်ရေး အမှတ်တံဆိပ်နှင့် အဓိကကျသော ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် ပြုလုပ်နေသော်လည်း အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာရေး သဘောထား အနည်းငယ်သာ ပြသခဲ့သည်။
၂၀၀၃ ခုနှစ်တွင် ဒီပဲယင်းမြို့နယ်၌ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို လူအုပ်ဖြင့် တိုက်ခိုက်ခဲ့သော်လည်း ကျူးလွန် သူများအား ဖမ်းဆီး အရေးယူခြင်း မပြုခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ်ကြိမ် အကျဉ်းချခြင်းအတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) တို့က ပိုမိုတင်းကျပ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ရှိနေခြင်းကိုလည်း အာဆီယံ၏ အထူးသံတမန်က ဖျန်ဖြေရန် ကြိုးစားပေးခဲ့ပါသည်။
ထိုအကြောင်းများကြောင့် မြန်မာသည် ၂၀၀၅ ခုနှစ်တွင် ၎င်း၏ အလှည့်ကျ အာဆီယံဥက္ကဋ္ဌအဖြစ် ရာထူးမှ စွန့်လွှတ်ခဲ့သည်။ နောက် နှစ်နှစ်အကြာတွင် ရွှေဝါရောင် အရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့ပြန်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို အာဆီယံက ဘယ်လိုတုံ့ပြန်ခဲ့သလဲ
****************************************************************
မြန်မာနိုင်ငံ၏ လွှတ်တော်အသစ် အစည်းအဝေး စတင်ကျင်းပတော့မည့် နံနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက် တင်မြှောက်ခံထားရသည့် အစိုးရအဖွဲ့ဝင်များကို စစ်တပ်က ဖမ်းဆီးလိုက်သည်။
၎င်းတို့နှင့် ဆက်နွှယ်နေသည့် ပါတီကို ထောက်ခံရန် ရုန်းကန်နေခဲ့ရသည့် စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အပြတ်အသတ် အာဏာရစေခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းခြင်းကြောင့် အာဏာသိမ်းခဲ့ရသည်ဟု အကြောင်းပြခဲ့သည်။
အာဏာသိမ်းမှုသည် မြန်မာနိုင်ငံက ပြည်သူများ အထူးသဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အောက်မှာ ဆယ်စုနှစ် တစ်ခုကြာ ကြီးပြင်းလာခဲ့တဲ့ မျိုးဆက်သစ် လူငယ်များကို ဒေါသထွက်စေခဲ့သည်။
၎င်းတို့၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စစ်တပ်က အင်အားသုံး တုံ့ပြန်ခဲ့ပြီး သေဆုံးသူဦးရေ တိုးလာသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂျကာတာမြို့၊ အထူးအစည်းအဝေးသို့ အာဆီယံက ဖိတ်ခေါ်ကာ Five Point Consensus ဟု ခေါ်တွင် သည့် အာဆီယံအချက် ၅ ချက်ကို လက်ခံဖို့ ဆွေးနွေးခဲ့သည်။
အာဆီယံအထူးကိုယ်စားလှယ်ပရတ်ဆိုခွန်နဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ထိုစဉ်က အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့် ဘရူနိုင်းနိုင်ငံက ၎င်း၏ အထူးသံတမန်တစ်ဦးကို ခန့်အပ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ပေ။
တဖန် အာဆီယံဥက္ကဋ္ဌ တာဝန်လွှဲယူခဲ့သည့် ဝန်ကြီးချုပ် ဟွန်ဆန်သည် စစ်တပ် အာဏာရယူပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် နိုင်ငံခြားခေါင်းဆောင် ဖြစ်ခဲ့သည်။
၎င်း၏ အာဆီယံ သဘောတူညီမှု အချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ခြင်းမှာ COVID-19 နှင့် နိုင်ငံရေး မတည်ငြိမ်မှုများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြောင်းပြခဲ့ကြောင်း ယခုသီတင်းပတ် မြန်မာစစ်တပ်အာဘော် မီဒီယာများမှ ထုတ်ပြန်သည့် သဘောထား မှတ်ချက်များတွင် တွေ့ရသည်။
“မိမိတို့နိုင်ငံတွင် ပြင်းထန်သော အဓိကရုဏ်းများနှင့် အကြမ်းဖက်ဝါဒကို ကိုင်တွယ်ရင်း COVID-19 ကပ်ရောဂါ၏ စိန်ခေါ်မှု များကို ကျော်လွှားရန် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ခဲ့ရသည်” ဟု ယခင်သီတင်းပတ်ထုတ် Global New Light of Myanmar သတင်းစာတွင် ဘာသာပြန် ပုံနှိပ်ဖော်ပြသော မိန့်ခွန်းတွင် ၎င်းက ပြောကြားခဲ့သည်။
ကွပ်မျက်မှုက အာဆီယံ၏ တုံ့ပြန်မှုကို ပြောင်းလဲစေခဲ့လား
*******************************************************
NLD လွှတ်တော် အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဦးကျော်မင်းယုတို့ကို တံခါးပိတ် ရုံးတင်စစ်ဆေးပြီးနောက် ဇူလိုင် ၂၅ ရက်က ကြိုးမိန့်ပေးခဲ့သည်။
စစ်တပ် သတင်းပေးတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အခြားအမျိုးသား နှစ်ဦးကိုလည်း ကွပ်မျက်ခဲ့သည်။ ကွပ်မျက်မှုသည် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက မြန်မာနိုင်ငံတွင် ပထမဆုံး ကြိုးမိန့်ဖြစ်ပြီး ကမ္ဘာတဝန်းမှ လွတ်ငြိမ်း ချမ်းသာခွင့်အတွက် မေတ္တာရပ်ခံ ခဲ့ကြသော်လည်း လူပေါင်း ၁၀၀ ကျော်အထိ သေဒဏ်ချမှတ်ခံခဲ့ရရာ ၇၀ မှာ ထောင်ဒဏ် ကျခံနေရပြီး ကျန်ရှိသူမှာ မျက်ကွယ်တွင် စီရင်ချက် ချခံရခြင်း ဖြစ်သည်။
ထိုသို့ သတ်ဖြတ်မှုများကြောင့် အလွန်စိတ်ပူပန်ပြီး လေးလေးနက်နက် အထူးဝမ်းနည်း မိကြောင်းနှင့် အာဆီယံ အစည်းအဝေး နှင့် နီးကပ်လွန်းသည့် အချိန်တွင် စီရင်ခဲ့သဖြင့် အပြစ်တင် ဝေဖန်ကြောင်း အာဆီယံဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားက ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။
အင်္ဂါနေ့က အစီရင်ခံစာများက အာဆီယံသည် ပိုမိုခက်ခဲသောမျဉ်းကို တွန်းအားပေးနိုင်ကြောင်း အကြံပြုထားသည်။
AFP သတင်းဌာနမှ ကြိုတင်ရရှိခဲ့သော ကြေညာချက်မူကြမ်းတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ “အလွန်စိုးရိမ်ပူပန်မှု” ရှိကြောင်းနှင့် အချက်ငါးချက် သဘောတူညီမှုကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့မှုအပေါ် အတိအလင်း အရေးယူ ဆောင်ရွက်ရန် တောင်းဆိုထားကြောင်း သိရသည်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး စိုင်ဖူတင် အဗ္ဗဒူလာသည် မြန်မာနိုင်ငံအပေါ် အပြောအဆို အရှိဆုံး သူများထဲတွင် ပါဝင်ခဲ့သည်။ ကွပ်မျက်မှုသည် လူသားဆန်မှုကို ဆန့်ကျင်သည့် ရာဇ၀တ်မှု တစ်ခုအဖြစ် ဖော်ပြခဲ့ပြီး “နစကသည် အချက်ငါးချက် သဘောတူညီမှုကို ပြက်ရယ်ပြုနေသည်” ဟု ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
မလေးရှားက ထိပ်သီး အစည်းအဝေးများအပြင် အာဆီယံပွဲများအားလုံးမှ SAC အရာရှိများကို ပိတ်ပင်ရန် အကြံပြုထားခဲ့ သည်။
လူ့အခွင့်အရေး စောင့်ကြည့်နေကျဖြစ်သည့် Human Rights Watch အပါအဝင် အဖွဲ့အချို့က “အာဆီယံ၏ လုပ်ဆောင် ချက်တွင် မြန်မာအာဏာသိမ်း ခေါင်းဆောင်များအတွက် လက်နက်ကိစ္စနှင့် နိုင်ငံခြားငွေများရရှိရန် ပိုမိုခက်ခဲစေခြင်းအပြင် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ဆို့ခြင်းအတွက် ပံ့ပိုးကူညီမှုများလည်း ပါဝင်သင့်သည်”ဟု စောဒက တက်ခဲ့ကြ သည်။
အာဏာသိမ်းမှုမှ အစပြုသည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းသည် မကြာသေးမီ အချိန်က အာဆီယံအတွက် အကြီးမားဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်ခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မော်စကိုသို့ မကြာသေးမီက ရောက်ရှိခဲ့သလို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်သည် ယခင်သီတင်းပတ်တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့သည်။
ယခင်သီတင်းပတ် မိန့်ခွန်းထဲတွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံသည် အာဆီယံတွင် ကတိကဝတ် များ ရှိနေကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။
SAC သည် “အာဆီယံဘောင်အတွင်း တတ်နိုင်သမျှ အတိုင်းအတာအထိ အချက်ငါးချက် သဘောတူညီမှုကို အကောင်အထည် ဖော်မည်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ပြောရမည်ဆိုလျှင် တပ်မတော်၏ အာဏာရယူလိုက်ခြင်းမှ အစပြုသည့် မြန်မာ့အကျပ်အတည်းသည် အာဆီယံ၏ ရှေ့အလားအလာကို ကာလအတန်ကြာ တိမ်မြုပ်သွားစေရန် ပုံဖော်လာခြင်းဖြစ်ကြောင်း အယ်လ်ဂျာဇီးယားဝက်ဘ်ဆိုက်တွင် သုံးသပ်ရေးထားသည်။
Source: Aljazeera
#ASEAN #စိန်ခေါ်မှု #SAC #မြန်မာ့အကျပ်အတည်း #ဆောင်းပါး #CNImyanmar #cninews
(အယ်လ်ဂျာဇီးယားမီဒီယာဝက်ဘ်ဆိုက်တွင် ဇူလိုင် ၃ ရက် ရက်စွဲဖြင့် ရေးသားဖော်ပြထားသော Why is the Myanmar crisis such a challenge for ASEAN? သတင်းဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)
- By CNI
- Category: ဆောင်းပါး
- Hits: 624
CNI Article
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၇
အင်္ဂလန် အမျိုးသမီးအသင်းရဲ့ စံချိန်တင် ဂိုးသွင်းရှင် အယ်လန်ဝှိုက်ဟာ အသက် ၉ နှစ် အရွယ်တုန်းက အမျိုးသမီးဖြစ်နေလို့ ဆိုပြီးတော့ ဘောလုံးကစားခွင့် ပိတ်ပင် ခံခဲ့ရဖူးပါတယ်။
အခုအချိန်မှာတော့ အယ်လန်ဝှိုက်ဟာ အင်္ဂလန် အမျိုးသမီးအသင်းနဲ့ ယူရိုချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန် အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ပြိုင်ဘက်ကြီး ဂျာမနီကို အနိုင်ရကာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲကြီး ပွဲကောင်းမှာ အယ်လန်ဝှိုက် ဟာဆိုရင် ရှေ့တန်းမှာ ပွဲစတည်းက ပါဝင်ခဲ့ပါတယ်။ သူမဟာဆိုရင် ကလပ် အသင်း အနေနဲ့ မန်စီးတီးအသင်းမှာလည်း ကစားနေသူဖြစ်ပါတယ်။ ဒီမန်စီးတီး ကစားသမားဟာ ၂၀၁၀ မှာ အင်္ဂလန်အမျိုးသမီး အသင်းအတွက် စတင်ကစားခွင့်ရခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ၅၂ ဂိုး သွင်းယူထားပါတယ်။
အယ်လန်ဝှိုက် ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ နည်းပြ ဝီဂ်မန်းရဲ့ အဓိက ကစားသမားဖြစ်ခဲ့ပြီး အင်္ဂလန်မှာ အမျိုးသမီး ကစားနည်း ကို ပိုမိုကြီးထွားလာစေဖို့ အထောက်အကူဖြစ်မယ့် မျှော်လင့်ချက်များစွာ ရှိနေခဲ့ပါတယ်။
ဝှိုက်ဟာ ကလေးဘဝ ကတည်းက အားကစားကို ချစ်မြတ်နိုးလာခဲ့တာဖြစ်ပြီး ဒါက ကြီးမားတဲ့ ပြောင်းလဲမှု တစ်ခုကို ဖြစ်စေ ခဲ့ပါတယ်။ တွစ်တာအသုံးပြုသူ စကော့အော့ဒ်ဝေးက အသက် ၉ နှစ်အရွယ်ရှိ ဝှိုက်ကို ပြည်တွင်းလိဂ်မှာ ကစားနေတာကနေ တားမြစ်ခံခဲ့ရတဲ့ ၁၉၉၈ စက်တင်ဘာလက ထုတ်ဝေခဲ့တဲ့ သတင်းစာ တစ်စောင်ကို ပြန်လည် ဖော်ပြခဲ့ပါတယ်။
အယ်လန်ဝှိုက် ငယ်ဘ၀ကိုတွေ့ရစဉ် (Nokia News)
သူတို့ပေးခဲ့တဲ့ အကြောင်းပြချက်က မိန်းကလေးတွေကို ယောင်္ကျားလေးတွေနဲ့ တွဲကစားခွင့် မပေးဘူးဆိုတာပါ။ ယောင်္ကျား လေးတွေရဲ့ လိဂ်ပြိုင်ပွဲမှာ မိန်းကလေးတွေကို ကစားခွင့် ပိတ်ပင်ထားတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝှိုက်ဟာ ကစားခွင့် ပိတ်ပင်ခံခဲ့ ရတာ ဖြစ်ပါတယ်။ ဝှိုက်ဟာ ယူ-၁၁ အဆင့်မှာ အာဆင်နယ်အသင်းရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူထားပေမယ့် ပိတ်ပင်ခံ ခဲ့ရတာပါ။
The Chiltern Youth League ကတော့ အဝတ်လဲခန်းကို ရောနှောပြီး အသုံးပြုနေရတာကြောင့် စိုးရိမ်မှု ရှိတဲ့အတွက် သူမကို ကစားခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဝှိုက်ဟာ Herald ရဲ့ အရှေ့စာမျက်နှာမှာ အာဆင်နယ်အသင်း ဂျာစီဝတ်ပြီး ဘောလုံးနဲ့ အိပ်နေတဲ့ပုံ ပါဝင်လာခဲ့တာပါ။
လိဂ်ဥက္ကဋ္ဌဖြစ်သူ ခရစ်ဒါဗစ်ဆန်က အဲဒီအချိန်က The Herald ကို “ကျနော်တို့လိဂ်က ဆုံးဖြတ်ချက် ချပြီးသွားပါပြီ။ ကျနော် တို့ အဲဒီအတိုင်း ရပ်တည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး Bedfordshire FA ကို အယူခံဝင်နိုင်ကြောင်း သူက ဝန်ခံခဲ့ပါတယ်။ အဆိုပါ ဆောင်းပါးရဲ့ ဖော်ပြမှုအရ ဝှိုက်ဟာ ပြီးခဲ့တဲ့ ရာသီက ဂိုးပေါင်း ၁၀၀ ကျော် သွင်းယူခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် The Chiltern Youth League က သူမရဲ့ မှတ်ပုံတင်မှုကို ငြင်းဆိုခဲ့ပြီး ဒီလိုလုပ်မှုကြောင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
ဝှိုက်ရဲ့ ဖခင်က သူ့သမီးကစားနေတဲ့ အသင်းရဲ့ ဥက္ကဋ္ဌအဖြစ် ဆန္ဒပြတာကို ဦးဆောင်ခဲ့ပါတယ်။ ဝှိုက်ဟာ ဒီဆုံးဖြတ်ချက်တွေ အတွက် အလွန်စိတ်မကောင်း ဖြစ်ခဲ့တယ်လို့ ဖခင်ဖြစ်သူက The Herald ကို ပြောခဲ့တာပါ။ အခုအချိန်မှာတော့ ဝှိုက်ဟာ အင်္ဂလန် အမျိုးသမီးအသင်းရဲ့ ကြီးမားတဲ့ ကြယ်ပွင့် ဖြစ်လာခဲ့ပါပြီ။
အယ်လန်ဝှိုက် ကစားသမားဘ၀ သတင်းဖော်ပြခံရမှု (The Mirror)
အသက် ၃၃ နှစ်အရွယ်ရှိ ဝှိုက်ဟာ ၁၉၆၆ က အမျိုးသားအသင်း ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် နိုင်ငံအတွက် ပထမဆုံး အဓိက ဆုဖလားအဖြစ် အမျိုးသမီးယူရို ချန်ပီယံဆုကို ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
သူမဟာ ယူရိုပြိုင်ပွဲမှာ ၂ ဂိုး သွင်းယူခဲ့ပြီး ဒီဂိုးတွေကို အုပ်စုအဆင့်မှာ တွေ့ခဲ့တဲ့ နော်ဝေနဲ့ ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တာပါ။ နည်းပြ ဝီဂ်မန်းဟာ စံချိန်တင် ပရိသတ်ဦးရေ ၈၇,၁၉၂ အရှေ့မှာ ကစားခဲ့ရတဲ့ ဗိုလ်လုပွဲမှာ ဝှိုက်ကို ပွဲထွက် တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
အယ်လန်ဝှိုက်ဟာ ဒီပြိုင်ပွဲမှာ၂ ဂိုး သွင်းယူခဲ့တာကြောင့် အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ဝိန်းရွန်နီရဲ့ နောက် ၁ ဂိုးသာ လိုအပ်တော့တာပါ။ ဝှိုက် အနေနဲ့ စက်တင်ဘာလမှာ ကစားမယ့် သြစတြီးယား၊ လူဇင်ဘတ်တို့နဲ့ ကမ္ဘာ့ ဖလား ခြေစစ်ပွဲမှာ ဝိန်းရွန်နီရဲ့ သွင်းဂိုးကို ကျော်ဖြတ်နိုင်ဖို့ ကောင်းမွန်တဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်နေပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ ဝှိုက်ဟာ အင်္ဂလန် အမျိုးသမီးအသင်းရဲ့ အောင်မြင်မှုအတွက် ဆက်လက် အောင်ပွဲခံရမယ့် အချိန်လည်း ဖြစ်ပါတယ်။
Source: Mirror
- By CNI News
- Category: ဆောင်းပါး
- Hits: 1121
CNI Article News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၄
တရုတ်၏ ခြိမ်းခြောက်မှုများကြားမှ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ဩဂုတ် ၂ ရက်၊ ညနေပိုင်းတွင် ထိုင်ဝမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိခဲ့ခြင်းကို ကမ္ဘာ့မီဒီယာအသီးသီး၏ စာမျက်နှာထက်တွင် သတင်းများ ကျယ် ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပြီး ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်က တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဖုန်းပြောရင်း “မီးဖြင့် မကစားရန်” သတိပေးခဲ့သည်။
တရုတ်ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောထားသော ထိုင်ဝမ်ကျွန်းသို့ နန်စီပလိုစီ လေယာဉ်ဖြင့် ရောက်လာခြင်းသည် ၂၅ နှစ် ကျော်အတွင်း အဆိုပါကျွန်းသို့ ပထမဆုံး လာရောက်လည်ပတ်သည့် အမေရိကန်၏ အရေးပါဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
ပလိုစီ လေယာဉ် ဆိုက်လျှင်ဆိုက်ချင်း တရုတ်က လက်တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်၏ လေကြောင်း ကာကွယ်ရေးဇုန်သို့ အနည်းဆုံး စစ်လေယာဉ် ၂၁ စင်းကို အသည်းအသန် ဝဲပျံစေခဲ့သည်။
နန်စီပလိုစီ ထိုင်ဝမ်ကို ရောက်လာလို့ တရုတ် စစ်ရေးပြနေတာကို ကြည့်နေကြ(Reuters)
တိုင်ပေလေဆိပ် သူမလိုက်ပါလာသော လေယာဉ်ဆင်းသက်ပြီးနောက် ပလိုစီက “အမေရိကန်သည် ထိုင်ဝမ်နှင့်အတူ ရပ်တည်လျက်ရှိပြီး အင်ဒို-ပစိဖိတ်ဒေသတွင် ခိုင်မာအားကောင်းပြီး တက်ကြွသော ဒီမိုကရေစီဖြင့် ကျမတို့၏ အရေးကြီး သော မိတ်ဖက်နိုင်ငံဖြစ်ကြောင်း” ထပ်လောင်း ပြောကြားခဲ့သည်။
ကျွန်းပေါ်သို့ ပလိုစီ လာရောက် လည်ပတ်ခြင်း၏ နောက်ကွယ်ရှိ အကြောင်းအရင်းများသည် ဩဂုတ် ၂ ရက်၊ ညပိုင်းတွင် တွစ်တာပို့စ်များ၌ အလျှိုလျှို ပေါ်ထွက်လာခဲ့သည်။
နိုင်ငံရေးသမား တစ်ဦးအနေဖြင့် သူမသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကြောင်းပြု၍ တရုတ်နိုင်ငံကို မကြာခဏ ဝေဖန်ခဲ့သည်။
ဒီမိုကရေစီ နည်းကျသည့် ထိုင်ဝမ်နိုင်ငံအတွက် အမေရိကန်ပေးထားသည့် ကတိကဝတ်များနှင့် ပတ်သက်၍ ၁၉၇၉ ခုနှစ် ဥပဒေကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းစာသို့ ပြောကြားရာ၌ ပလိုစီက “ကျမတို့ ထိုင်ဝမ်ဘက်က ရပ်တည်ရမယ်။ အမေရိကန်နဲ့ ကျမတို့ရဲ့မဟာမိတ်တွေက အာဏာရှင်တွေကို ဘယ်တော့မှ အရှုံးမပေးဘူးဆိုတာ အတိအလင်းပြသဖို့ အရေးကြီးတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။
နန်စီပလိုစီ လိုက်ပါလာတဲ့ လေယာဉ် ထိုင်ဝမ်လေဆိပ်ကို ဆင်းသက်နေစဉ် (AP)
အော်တိုကရေစီနှင့် ဒီမိုကရေစီကြားက ရွေးချယ်မှုတစ်ခု
*****************************************************
ပြီးခဲ့သည့် နွေဦးရာသီကလည်း ယူကရိန်းနိုင်ငံ၊ မြို့တော်ကိယက်ဗ်သို့ ရောက်ရှိခဲ့သည့် အမေရိကန် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူမှာလည်း ပလိုစီပင် ဖြစ်သည်။
၎င်း၏ ထိုင်ဝမ်ခရီးစဉ်ကိုလည်း “ကမ္ဘာကြီးသည် အော်တိုကရေစီ(အကြွင်းမဲ့ အာဏာရှင်စနစ်)နှင့် ဒီမိုကရေစီကြားတွင် ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်နေရချိန်၎င်၌ ပိုမိုကျယ်ပြန့်သော မစ်ရှင်တစ်ခု၏ တစိတ်တပိုင်းအဖြစ်” ပုံဖော်ခဲ့သည်။ ဆယ်စုနှစ်များအတွင်း ရုန်းကန်နေရသော ဒီမိုကရေစီ လှုပ်ရှားမှုများကို ထောက်ခံကြောင်း ပြသရန်မှာ ထိုင်ဝမ်ခရီးစဉ်သည် မစ်ရှင်တစ်ခုပင် ဖြစ်သည်။
ထို့အပြင် ပလိုစီသည် ဧပြီလတွင် ထိုင်ဝမ်ခရီးစဉ်ကို စီစဉ်ခဲ့သော်လည်း Covid-19 ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိ ရသဖြင့် ရွှေ့ဆိုင်းခဲ့ရသည်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် (GETTY IMAGES)
ပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် တရုတ်က ဘာကြောင့် ဒေါသထွက်
*************************************************************
ပထမအချက်မှာ တရုတ်နိုင်ငံသည် ထိုင်ဝမ်အား ၎င်း၏ပိုင်နက် အစိတ်အပိုင်းအဖြစ် အခိုင်အမာ ပြောကြားသည်။ ထိုကဲ့သို့ နယ်မြေမျိုးကို အမေရိကန်မှ ထိပ်တန်း ခေါင်းဆောင်တစ်ယောက် လာရောက်ခြင်းသည် ထိုင်ဝမ် လွတ်လပ်ရေးအတွက် အမေရိကန်၏ ထောက်ခံမှုကို တနည်းတဖုံ ဖော်ညွှန်းရာ ရောက်သည်။
တရုတ် ဒေါသထွက်ရခြင်း၏ နောက်ကွယ်ရှိ အခြားသော အကြောင်းတစ်ခုမှာ ပြီးခဲ့သည့် သီတင်းပတ်ကပင် အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် ဖုန်းခေါ်ဆိုမှုအတွင်း သမ္မတရှီကျင့်ဖျင်က ၎င်းသည် "မီးနှင့် မကစားရန်" သတိပေးခဲ့ခြင်းကို ကျော်လွန်၍ လုပ်ဆောင်ခြင်းကြောင့် ဖြစ်သည်။
ထိုသို့ ခြိမ်းခြောက်မှုများကို နန်စီပလိုစီက လျစ်လျူရှုကာ ထိုနေရာသို့ မရောက် ရောက်အောင် သွားခဲ့သည်။ ပလိုစီ၏ ခရီးစဉ် သည် တရုတ်နိုင်ငံအတွက် နိုင်ငံရေးအရ အကဲဆတ်သည့် အချိန်ဖြစ်ပြီး ဘေဂျင်းအစိုးရ၏ ပြင်းထန်သော တုံ့ပြန်မှုကို ဖြစ်ပေါ် စေနိုင်သည်။
"တရုတ်ပြည်တွင်း နိုင်ငံရေးမှာ အင်မတန် တင်းမာနေတဲ့ အချိန်ပါပဲ။ ရှီကျင့်ဖျင် ကိုယ်တိုင်နဲ့ တရုတ်ထိပ်တန်း ခေါင်းဆောင် တွေဟာ Pelosi ခရီးစဉ်ကြောင့် ရှီနဲ့ သူ့ရဲ့ဦးဆောင်မှု အခန်းကဏ္ဍကို အရှက်ရစေတယ်လို့ ရှုမြင်ပြီး တစ်ခုခု တုံ့ပြန်ဖို့ တွန်း အား ဖြစ်စေပါတယ်။ သူ့ရဲ့ အစွမ်းကို သက်သေပြဖို့ အကြောင်းတစ်ခု ဖြစ်လာတယ်ပေါ့”ဟု ကယ်လီဖိုးနီးယား စင်ဒီယာဂို တက္ကသိုလ်၊ ၂၁ ရာစု တရုတ်ရေးရာဌာနမှ ပညာရှင်တစ်ဦးဖြစ်သည့် စူဇန်အယ်လ်ရှက်က CNN သတင်းဌာနသို့ ပြောကြားခဲ့ သည်။
သို့သော် အချို့သော ကျွမ်းကျင်ပညာရှင်များကတော့ တရုတ်ကွန်မြူနစ်ပါတီသည် တည်ငြိမ်စေရေးနှင့် အမေရိကန် ဩဇာ အောက်နှင့် ထိန်းချုပ်မှုအောက်သို့ ထိုင်ဝမ် မရောက်စေရန် တားဆီးနိုင်ရေးမှာ အလောတကြီး ဖြစ်နေသည်ဟု ကောက်ချက် ချကြသည်။
တရုတ် ဘယ်လိုတုံ့ပြန်ခဲ့သလဲ
****************************
ပလိုစီ ကျွန်းပေါ် ရောက်ရှိလာခြင်းကို တုံ့ပြန်သည့် အနေဖြင့် “အဆိုပါ ခရီးစဉ်သည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ နိုင်ငံရေး အခြေခံ အုတ်မြစ်အပေါ် ပြင်းထန်စွာ သက်ရောက်မှု ရှိလိမ့်မည်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ချက်ချင်း သတင်းထုတ်ပြန်ခဲ့သည်။
“အမေရိကန် ဥက္ကဋ္ဌရဲ့ ခရီးစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ပြတ်ပြတ်သားသား အကာအကွယ်ပေးဖို့ လိုအပ်တဲ့ အစီအမံအားလုံးကို သေချာပေါက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ တရုတ်စစ်ရေးလေ့ကျင့်ပြ (BBC)
CNN သတင်းဌာန၏ ဖော်ပြချက်အရ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ပြည်သူ့လွတ်မြောက် ရေးတပ်မတော်(PLA)သည် ပြင်ပအင်အားစုများ၏ ဝင်ရောက် စွက်ဖက်မှုနှင့် 'ထိုင်ဝမ်လွတ်လပ်ရေး' ခွဲထွက်ရေး အစီအစဉ် များကို ပြင်းထန်စွာ သတိပေးထားပြီး အခြေအနေအား တန်ပြန်ရန် ပစ်မှတ်ထားသော စစ်ဆင်ရေးများကို ဆက်တိုက် လုပ် ဆောင် မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးကို ပြတ်ပြတ်သားသား ကာကွယ်ကာ ပြတ်ပြတ်သားသား တားဆီးပိတ်ပင်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်ဟု သိရသည်။
ထိုင်ဝမ်မှာ ဘာရပ်တည်သလဲ၊ ဘယ်လိုတုံ့ပြန်ခဲ့လဲ
************************************************
“အမေရိကန် ပြည်ထောင်စုသည် ဘေဂျင်း၏ တရုတ်တစ်ပြည်တည်းမူဝါဒ (One China) ကို ဆက်လက် လက်ခံနေဆဲ ဖြစ်ကြောင်း” ဘိုင်ဒန် အစိုးရအဖွဲ့က ပြောကြားခဲ့ပြီး ဖြစ်သည်။
အမေရိကန်သည် ထိုင်ဝမ်ကို တရုတ်နိုင်ငံ၏ အစိတ်အပိုင်း တစ်ခုအဖြစ် အသိအမှတ်ပြုသည့် ၁၉၇၀ ပြည့်လွန်နှစ်များက တည်းက အထက်ပါမူဝါဒကို လက်ခံ ထိန်းသိမ်းလာခဲ့သည်။
တရုတ်က ထိုင်ဝမ်အား တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ပြီး မကြာခဏ ခြိမ်းခြောက်လေ့ ရှိသော်လည်း ကျွန်းကို စစ်အင်အားဖြင့် အချိန်မရွေး သိမ်းယူမည်ဟူသော စွပ်စွဲချက်ကိုတော့ ငြင်းဆိုထားသည်။
ထို့အပြင် ပလိုစီ၏ ခရီးစဉ်နှင့်ပတ်သက်၍ ဘိုင်ဒန်က သတိကြီးကြီးထားပြီး ၎င်း၏ အစိုးရအဖွဲ့အနေဖြင့် ပလိုစီ၏ လှုပ်ရှားမှု များအပေါ် အတိအလင်း ဆန့်ကျင်ခြင်းလည်း မရှိပေ။
သွားရေး/မသွားရေး ဆုံးဖြတ်ရန်မှာ သူမအပေါ်တွင်သာ မူတည်သည်ဟု ပလိုစီ၏ ခရီးစဉ် မတိုင်မီတွင် အမေရိကန်အစိုးရက ပြောကြားခဲ့သည်။
ဩဂုတ်လ ၁ ရက်တွင် အမေရိကန်စစ်တပ်သည် အင်ဒို-ပစိဖိတ်ဒေသတွင် ၎င်း၏ လှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး လေယာဉ်တင်သင်္ဘော USS Ronald Reagan နှင့် တပ်ဖွဲ့တို့သည် ဖိလစ်ပိုင် ပင်လယ်ထဲတွင် ရှိနေခဲ့ကြောင်း The Independent သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
လေယာဉ်တင်သင်္ဘော USS Ronald Reagan (Reuters)
ပလိုစီခရီးစဉ်မှာ ထိုင်ဝမ်ကို ဘာတွေပြောခဲ့လဲ
*********************************************
“အမေရိကန်-တိုင်ပေ ထာဝရချစ်ကြည်ရေး” ဟူ၍ ပလိုစီကို ကြိုဆိုသည့် မက်ဆေ့ချ်ကို လေဆိပ်ရှိ အထင်ကရ တိုင်ပေ 101 မိုးမျှော်တိုက်တွင် ပြသခဲ့သည်။ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ ပလိုစီကို လက်ခံ တွေ့ဆုံခဲ့သည်။
ထို့နောက် ဩဂုတ် ၃ ရက်တွင် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်သည် ပလိုစီ နှင့် သူမ၏ ကိုယ်စားလှယ်အဖွဲ့အား သမ္မတ အိမ်တော်တွင် လက်ခံတွေ့ဆုံခဲ့ရာ ပလိုစီက “ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို တည်တံ့စေရန်အတွက် လိုအပ်သမျှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
Source: India Today
(အိန္ဒိယတူဒေးသတင်းဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင် Shreyasi Jha ရေးသားလွှင့်တင်ထားသော သတင်းဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်လိုက်ပါသည်)
- By CNI
- Category: ဆောင်းပါး
- Hits: 1164
CNI Article News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁
မြန်မာပြည်ဖွား တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ ONE Championship ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့ပြီး ကိုယ်ခံပညာနယ်ပယ်မှာ ကမ္ဘာတစ်ဝှမ်းရဲ့ အသိအမှတ် ပြုမူကို ရရှိခဲ့ပါတယ်။
သူဟာ အလွန်ကောင်းမွန်တဲ့ ရလဒ်တွေ ရယူနိုင်ခဲ့ပြီး သူ့ရဲ့ မွေးရပ်မြေ မြန်မာနိုင်ငံသမိုင်းမှာ အကြီးကျယ်ဆုံး အားကစား သမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ မြန်မာ့စပါးအုံး မြွေလို့ ခေါ်ဝေါ်ကြတဲ့ အောင်လအန်ဆန်းဟာ ONE Championship ပြိုင်ပွဲမှာ အောင်မြင်တွေ ရယူနိုင်ဖို့အတွက် သူဟာ အခက်အခဲ ပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရပါတယ်။
အောင်လအန်ဆန်းရဲ့ မြန်မာနိုင်ငံ ဘဝ အစပိုင်းမှာ ဇာတိမြို့ မြစ်ကြီးနားကနေ ရန်ကုန်ကို မိသားစုနဲ့အတူ ပြောင်းရွှေ့ နေထိုင် ခဲ့ပါတယ်။ ဒီလို နေရတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးမြို့မှာ သူနဲ့ သူ့ရဲ့ မောင်နှမတွေ ကောင်းမွန်တဲ့ ပညာ ရေးကို သင်ကြားနိုင်စေတာကြောင့် ဖြစ်ပါတယ်။
အောင်လအန်ဆန်းဟာ ထူးချွန်တဲ့ ကျောင်းသားဖြစ်ခဲ့ပြီး ကျောင်းအတွက် အားကစားပြိုင်ပွဲတွေမှာလည်း ပါဝင်ကစားခဲ့ပါ တယ်။ သူဟာ အဲ့ဒီအချိန် ကတည်းက ပြိုင်ဆိုင်မှုတွေမှာ မကြာခဏ ရှုံးနိမ့်နေရခြင်းကို နှစ်သက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
“ကျနော်တို့ ဘောလုံးကစားတဲ့ အချိန်၊ ဘတ်စကတ်ဘော ကစားတဲ့အချိန်၊ ဘောလီဘော ကစားတဲ့ အချိန်တွေမှာ ကျနော်တို့ ရှုံးနိမ့်တယ်။ အားကစား အများစုမှာ ကျနော်တို့ ရှုံးနိမ့်နေမယ်ဆိုရင် ဒါတွေက ကျနော့်ကို ရူးသွပ်စေပါတယ်။ ပြီးတော့ စိတ် မကောင်းလည်း ဖြစ်တယ်”လို့ အောင်လအန်ဆန်းက ပြောပါတယ်။
သူဟာ ဘွဲ့ရပြီးနောက် အမေရိကန်မှာ ပညာဆက်လက် သင်ယူခဲ့ပါတယ်။
အောင်လအန်ဆန်း မိသားစု
အောင်လအန်ဆန်းက “ နည်းပြတွေနဲ့ ပတ်သက်တဲ့အခါမှာ မြန်မာနိုင်ငံနဲ့ အခြားနေရာတွေမှာ ကြီးမားတဲ့ ကွာဟချက်တွေရှိ ပါတယ်။ ဒီလို ကွာဟမှုတွေကို ပိတ်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ သူ့ရဲ့ ဆန္ဒကို ပြောပြပါတယ်။
အောင်လအန်ဆန်းဟာ ၂၀၀၃ မှာ မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ပြီး အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်ရှိ အန်ဒရူးစ်တက္ကသိုလ် မှာ စိုက်ပျိုးရေး သိပ္ပံပညာရပ်ကို လေ့လာခဲ့ပါတယ်။
လေ့လာမှု ကောင်းမွန်ခဲ့ပေမယ့် တစ်နှစ်အကြာမှာ မတော်တဆ တွေ့ဆုံမှုတစ်ခုက အရာအားလုံးကို ပြောင်းလဲသွားစေခဲ့ပါ တယ်။ အောင်လအန်ဆန်းဟာ ဆာမိုအန်ဆိုတဲ့ သူနဲ့ တွေ့ဆုံခဲ့ပြီးနောက် ကိုယ်ခံပညာရှင်တစ်ဦး ဖြစ်လာဖို့အတွက် လမ်း ကြောင်းပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
“သူနဲ့တွေ့အပြီးမှာ ကျနော်ဟာ ဘရာဇီးလ်ဂျူဂျစ်ဆု လေ့ကျင့်မှုတွေ စလုပ် တယ်။ ဒါကို ချစ်မြတ်နိုးသွားတယ်။ ကိုယ်ခံပညာ ရပ်ကိုလည်း ချစ်မြတ်နိုးခဲ့တယ်”လို့ အောင်လအန်ဆန်းက ပြန်ပြောင်း ပြောခဲ့ပါတယ်။
ဒီလို လေ့ကျင့်မှုတွေကို အောင်လအန်ဆန်း ဆက်လက် ပြုလုပ်ခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်၊ မတ်လမှာ ပရော်ဖက်ရှင်နယ် MMA ပွဲဦးထွက်အဖြစ် လိုက်ဟဲဗီးဝိတ်တန်းမှာ သူ့ထက် သိသိသာသာ ကြီးမားတဲ့ ပြိုင်ဘက်နဲ့ ထိုးသတ်ခဲ့ပါတယ်။
အောင်လအန်ဆန်းဟာ ဒီပွဲစဉ်ရဲ့ ပထမအချီမှာပဲ ပါးရိုးရောင်ရမ်းခဲ့တဲ့အတွက် ဆရာဝန်က ဆက်ထိုးဖို့ ခွင့်မပြုတော့တာ ကြောင့် အရေးနိမ့် သွားခဲ့ပါတယ်။ ဒီအရှုံးကြောင့် အောင်လအန်ဆန်း တစ်ယောက် စိတ်ဓာတ်ကျ သွားခြင်းတော့ မရှိခဲ့ပါဘူး။
အောင်လအန်ဆန်းက “ဒါက ကျနော့်ကို ကိုယ်ခံပညာကို နှစ်သက်စေခဲ့ပါတယ်။ အလွန် စိတ်လှုပ်ရှားမိပါတယ်။ ပိုပြီး လေ့ကျင့်မှုတွေ ပြုလုပ်ပြီး ပိုကောင်းလာဖို့ အတွက်လည်း ကြိုးစားချင်ခဲ့တယ်။ သူတို့က နောက်ထပ် ပွဲရှိတယ်လို့ ပြောခဲ့ တယ်”လို့ ပြောပါတယ်။
MMA ပွဲဦးထွက် ယှဉ်ပြိုင်မှု အပြီးမှာ အောင်လအန်ဆန်းဟာ မစ်ဒယ်ဝိတ်တန်းကို ပြောင်းလဲခဲ့ပြီး ထိုးသတ်ခဲ့တဲ့ နောက်ထပ် ၅ ပွဲမှာ ပထမအချီတွေမှာပဲ အနိုင်ထိုးသတ်နိုင်ခဲ့ ပါတယ်။
ဒီလို ယှဉ်ပြိုင်မှုတွေနဲ့အတူ တစ်ချိန်တည်းမှာပဲ အောင်လအန်ဆန်းဟာ ကျောင်းဝင်းအနီးမှာရှိတဲ့ နို့စား မွေးမြူရေးခြံမှာ အလုပ်လုပ်ကိုင်ရင်းနဲ့ ကျောင်းကို ဆက်ပြီး တက်နေခဲ့တာပါ။
ဒီလိုနဲ့သူ ဘွဲ့ရရှိပြီးနောက် ၂၀၀၇ မှာ အောင်လအန်ဆန်းဟာ မေရီလန်းပြည်နယ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။
သူဟာ ဘာတီမိုးရှိ အားကစားရုံမှာ လေ့ကျင့်မှု ပြုလုပ်နေချိန်အတွင်း သူ့ရဲ့ အစ်မဖြစ်သူအိမ်မှာ နေထိုင်ကာ အလုပ်ရှာဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အောင်လအန်ဆန်းရဲ့ အလုပ်ရှာဖွေမှုဟာ ဖလော်ရီဒါအထိ ရောက်ရှိသွားခဲ့ပြီး ရွှေ့ပြောင်း ပျားမွေးမြူရေးသမားအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
အောင်လအန်ဆန်း မိသားစု
တစ်နှစ်ခွဲကျော် အကြာမှာတော့ သူ့ရဲ့ တိုက်ခိုက်မှုအပေါ် အလုပ်ရဲ့ ဆိုးကျိုးတွေကို သတိထားမိလာခဲ့ပါတယ်။ အဲ့ဒါကြောင့် သူဟာ အလုပ်ကထွက်ပြီး ချန်ပီယံဖြစ်ဖို့အတွက် ခရီးဆက်ခဲ့ပါတော့တယ်။
မြန်မာ့စပါးအုံးမြွေဟာ မေရီလန်းကို ပြန်သွားပြီး Crazy 88 အားကစားရုံမှာ ထပ်မံလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။ သူ့ရဲ့ စိတ်သဘောထား အသစ်တွေနဲ့ ဆုံးဖြတ်ချက်တွေကြောင့် သူဟာ ထိုးသတ်ပွဲတွေမှာ ပိုပြီး အောင်မြင်လာခဲ့ပါတယ်။
အောင်လအန်ဆန်းက “ခင်ဗျား စိုက်ပျိုးထားတဲ့ အတိုင်း ရိတ်ရတာပါပဲ။ အလုပ် မလုပ်ဘူးဆိုရင် ဘယ်လိုအကျိုးအမြတ်ကိုမှ ခင်ဗျားတို့ ရနိုင်မှာ မဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ၁၅ ပွဲ အနိုင်ရပြီးနောက် ၂၀၁၄ မှာ အောင်လအန်ဆန်းဟာ ONE Championship နဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။ အောင်လအန်ဆန်းဟာ ပွဲစဉ်ပေါင်း ၄ ပွဲကို ဖြတ်ကျော်အပြီးမှာ လူသိများလာကာ အချိန်တိုအတွင်းမှာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
အောင်လအန်ဆန်းဟာ သီတင်းနှစ်ပတ်ခန့် လေ့ကျင့်ပြင်ဆင်ပြီးနောက် ၂၀၁၇ ဇန်နဝါရီမှာ ဘစ်ဒက်ရှ်နဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး ရှုံးနိမ့်ခဲ့ပေမယ့် ကြီးကျယ်တဲ့ ပြိုင်ဆိုင်မှုကို စတင်နိုင်ခဲ့ပါတယ်။ ၅ လ အကြာမှာတော့ မြန်မာနိုင်ငံမှာ မကျေပွဲအဖြစ် ထိုးသတ် ဖို့ ဖြစ်လာခဲ့တာပါ။ အောင်လအန်ဆန်းဟာဆိုရင် လေ့ကျင့်မှု အပြည့်အဝ ပြုလုပ်ပြီးနောက် အမိမြေမှာ ONE ရဲ့ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲကို တစ်နှစ်တာ အကောင်းဆုံး ထိုးသတ်ပွဲလို့ သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဘယ်လို အားကစားနည်းမှာ မဆို ပထမဆုံး ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
အောင်လအန်ဆန်းက “ ဒါကို အမှန်တကယ် မဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ ဒါဟာ ကျနော်တစ်ဘဝလုံး လုပ်ခဲ့တဲ့ အရာဖြစ်ပြီး ကျနော့်ရဲ့ မွေးရပ်မြေ ပရိသတ်ရှေ့မှောက်မှာ အမှန်တကယ် ဖြစ်လာတာပါ။ ကျနော် အံ့သြပြီး ပျော်ရွှင်ခဲ့ရသလို အလွန် ကောင်းမွန်တယ်လို့လည်း ခံစားခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့ငယ်လေးကနေ လာရတာ မယုံနိုင်စရာကောင်းပြီး ကမ္ဘာ့ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူစရာပါပဲ”လို့ ပြောခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း သူ့ရဲ့ စွမ်းဆောင်ရည်တွေက အလွန်ကောင်းမွန်ခဲ့တာပါ။
၂၀၁၈ မှာတော့ အောင်လအန်ဆန်းဟာ ONE လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံဆုနဲ့ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဆုကို ၂ ကြိမ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဟာဆီဂါဝါနဲ့ ပထမဆုံးအကြိမ် ချန်ပီယံဆု ကာကွယ်တဲ့ပွဲက အကောင်းဆုံးပွဲနဲ့ တစ်နှစ်တာ အကောင်းဆုံး အလဲထိုးပွဲအဖြစ် ကြေညာခြင်း ခံခဲ့ရတာပါ။
နိုင်ပွဲတွေ ဆက်တိုက်ဆိုသလို ရယူနိုင်ခဲ့ပြီး ဟဲဗီးဝိတ်ချန်ပီယံ ဘရန်တန်ဗီရာကို အနိုင်ရတဲ့ပွဲကလည်း အောင်လအန်ဆန်းရဲ့ အကောင်းဆုံး ပွဲတွေထဲက တစ်ပွဲဖြစ်ခဲ့ပါတယ်။ အောင်လအန်ဆန်းဟာ မြန်မာနိုင်ငံမှာ ဂုဏ်ပြုမှု အများအပြား ရယူနိုင်ခဲ့တာ ပါ။
အောင်လအန်ဆန်းနဲ့ မြန်မာနိုင်ငံက ကလေးငယ်များ
အဲ့ဒီနောက်မှာ သူဟာ ပရဟိတနဲ့ သက်ဆိုင်တဲ့ ပရော်ဂျက် အများအပြားကို ပံ့ပိုးကူညီခဲ့သလို၊ စိတ်ဓါတ် လှုံ့ဆော်မှုဆိုင်ရာ မိန့်ခွန်းတွေ ပြောခြင်း၊ လှုမှုရေးအရ ဘေးဖယ်ခြင်း ခံထားရတဲ့ အစုအဖွဲ့တွေဆီ သွားရောက်ခြင်း၊ ဒေသခံ တောင်သူလယ် သမားတွေနဲ့ တွေ့ဆုံခဲ့သလို ကျား/မ အခြေပြု အကြမ်းဖက်မှုတွေကိုလည်း တိုက်ဖျက်ခဲ့ပါတယ်။
အောင်လအန်ဆန်းဟာ မြန်မာ့တောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေးမှာလည်း တက်ကြွစွာ ထောက်ခံသူအဖြစ် ရှိနေခဲ့ပါတယ်။
၂၀၁၈ နိုဝင်ဘာလမှာ မြန်မာနိုင်ငံရှိ WWF ရုံးက တောရိုင်းတိရစ္ဆာ ရာဇဝတ်မှုဆိုင်ရာ သံတမန်အဖြစ် အောင်လအန်ဆန်း ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။
“သူတို့အနေနဲ့ ရွေးချယ်မှုတွေ ပြုလုပ်ကာ ကြိုးစားအားထုတ်ပြီး သူတို့ရဲ့ စိတ်နဲ့ ဝိဉာဉ်ကို ဒီထဲ ထည့်သွင်းလိုက်မယ်ဆိုရင် အမြင့်ဆုံး အဆင့်မှာ အောင်မြင်နိုင်တယ် ဆိုတဲ့အကြောင်း ကျနော့်မွေးရပ်မြေနဲ့ ကျနော့်တိုင်းပြည်က သူတွေသိအောင် လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။ အားကစားစံပြပုဂ္ဂိုလ် တစ်ဦးအနေနဲ့ ကျနော်ဟာ အကောင်းဆုံး တိုက်ခိုက်ရေး သမားဖြစ်ခြင်းနဲ့ နိုင်ငံတစ်ခုလုံးကို လှုံ့ဆော်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့်မှာ ဘယ်တုန်းကမှ မပြိုင်ဖူးပါဘူး။ ဒါက ကျနော့် အတွက် ဂုဏ်ယူစရာဖြစ်သလို ဂုဏ်ယူရမယ့် အရာတစ်ခုပါ။ ကျနော့်စိတ်ကိုလည်း တကယ်လှုံ့ဆော်မှု ပေးပါတယ်”လို့ အောင်လအန်ဆန်းက ပြောပါတယ်။
မြန်မာ့စပါးအုံးမြွေဟာ ကိုဗစ် ကူးစက်မှုတွေကြောင့် သူ့ရဲ့ စွမ်းဆောင်ရည် အနည်းငယ် ကျဆင်းသွားခဲ့ပြီး ၂၀၂၀ မှာ ရိုင်နီယာကို အရေးနိမ့်ကာ ၂ နှစ်ကျော်ကြာ ထိန်းသိမ်းထားတဲ့ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဆုကို လွှဲပြောင်း ပေးခဲ့ရတာပါ။
အောင်လအန်ဆန်းဟာ ၂၀၂၁ မှာ ရိုင်နီယာကိုပဲ ထပ်မံအရေးနိမ့်ကာ လိုက်ဟဲဗီးဝိတ် ချန်ပီယံဆုကိုပါ စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။၂ ပွဲဆက် ရှုံးနိမ့်ပြီးနောက် ၂၀၂၁ မှာ နောက်ထပ် ပွဲထိုးသတ်ခဲ့တာမှာတော့ လီအန်ဒရိုကို အနိုင်ယူကာ နိုင်ပွဲ ပြန်လည် ရရှိခဲ့ပါတယ်။
အောင်လအန်ဆန်းဟာ မစ်ဒယ်ဝိတ် ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့ ကြိုးစားပြင်ဆင်ခဲ့ပေမယ့် အခုနှစ်ထဲမှာ ထိုးသတ်ခဲ့တဲ့ နောက်ဆုံးပွဲမှာတော့ ဘစ်ဒက်ရှ်ကို အရေးနိမ့်သွားခဲ့တာပါ။ ဒီလိုရှုံးပွဲတွေကြောင့် အောင်လအန်ဆန်းဟာ အားနည်းနေတဲ့ နပန်းပညာရပ်ကိုပါ သင်ယူပြီး လေ့ကျင့်မှုတွေ ပိုပြီး လုပ်ဆောင်နေတာကြောင့် ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည် ရယူနိုင် မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
Source: Apmma.Net