CNI International Article
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁ 

၂၀၂၃ ခုနှစ် ခရစ္စမတ်မတိုင်မီအချိန်က မိသားစုဝင် ၁၀ ဦး ပါဝင်သည့် ဗင်နီဇွဲလား မိသားစုတစ်စုသည် အခြား ခိုလှုံခွင့် တောင်းခံသူ အများအပြားနှင့်အတူ မက္ကဆီကိုနိုင်ငံမှ အမေရိကန်နိုင်ငံအတွင်းသို့ ဖြတ်သန်း ဝင်ရောက်ခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက် တစ်နေ့တည်းမှာပင် အမေရိကန်တောင်ပိုင်း နယ်စပ်တစ်လျှောက် ရွှေ့ပြောင်းနေထိုင်သူ ၁၂၆၀၀ ကျော်နှင့် ရင်ဆိုင်တွေ့ခဲ့ရကြောင်း အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်ကို Fox News သတင်းဌာနက " တက္ကဆက်ပြည်နယ်အတွင်းသို့ လူပေါင်း ထောင်၊သောင်းချီ ဝင်ရောက်မှု" အဖြစ် ဖော်ပြခဲ့သည်။

နိုဝင်ဘာလ အစောပိုင်းက ဂွာတီမာလာ နယ်စပ်အနီးရှိ မက္ကဆီကိုနိုင်ငံတောင်ပိုင်း တာပါချူလာ ( Tapachula) မြို့တွင် ဗင်နီဇွဲလား မိသားစုတစ်စုနှင့် ခင်မင်ရင်းနှီးခဲ့ပြီး ထိုလထဲမှာပင် မက္ကဆီကို၏ တီဟွန်တီပက် (Tehuantepec ) ကျွန်းဆက်ပေါ်၌ ထိုမိသားစုနှင့် နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံခဲ့သည်။ 

ထိုအချိန်က ထိုဗင်နီဇွဲလား မိသားစုသည် အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ခရီးကြမ်းကိုနှင်ပြီး ဆက်လက် သွားရောက်နေကြချိန်ဖြစ်သည်။

မက္ကဆီကို၏ နာမည်ဆိုးဖြင့် ကျော်ကြားသည့် “မရဏ ရထား” (La Bestia) အမည်ရှိ ကုန်တင်ရထားပေါ်တွင် သီတင်းတစ်ပတ်ကြာ စီးနင်းလိုက်ပါလာခဲ့ပြီးနောက် သူတို့သည် မက္ကဆီကို၏ ပီးဒရက်စ် နီဂရက်စ် (Piedras Negras) မြို့မှ အမေရိကန်နိုင်ငံ၊ တက္ကဆက်မြို့၏ အီးဂဲလ် ပက်စ် ( Eagle Pass) မြို့ထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသော်လည်း အမေရိကန်အာဏာပိုင်များ၏ ဟန့်တားမှုကို ခံခဲ့ရသည်။ 

အမေရိကန်အာဏာပိုင်များနှင့် ရက်အနည်းငယ်ကြာ ထိပ်တိုက်တွေ့ခဲ့သည့် အခြေအနေသည် အစားအစာနှင့် သောက်သုံးရေများ ကုန်ခန်းသွားချိန်တွင် အဆုံးသတ်သွားခဲ့သည်ဟု ထိုမိသားစုက ပြောသည်။

ကျနော့် မိတ်ဆွေများ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မိသားစုနှင့် ခွဲထားခံခဲ့ရသည်။ အမျိုးသမီးတစ်ဦးနှင့် ကလေး အချို့ကို အီးဂဲလ်ပက်စ်မြို့နှင့် ကီလိုမီတာ ၅၀၀ (မိုင် ၃၀၀) နီးပါး အကွာအဝေးတွင်ရှိသည့် မက်အလန် (McAllen) မြို့သို့ ပို့ဆောင်ခဲ့သည်။ 

နောက်ဆုံးတွင်မူ မိသားစုဝင် အားလုံးသည် ချီကာဂို (Chicago) မြို့သို့ သွားရောက်သည့် ဘတ်စ်ကားပေါ်တွင် ပြန်လည်ဆုံစည်းခဲ့ကြသည်။
ချီကာဂိုမြို့သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ နယ်စပ်လုံခြုံရေးကို ငြင်းပယ်မှုအပေါ် ဝေဖန်ခဲ့သည့် တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့ (Greg Abbott) ၏ ပြည်နယ်အတွင်းရှိ မြို့များထဲမှ တစ်မြို့ဖြစ်သည်။

လက်ရှိတွင် ထိုဗင်နီဇွဲလားမိသားစုသည် ချီကာဂိုမြို့၌ ခိုလှုံနေထိုင်လျက်ရှိသည်။ 

ဇန်နဝါရီ ၅ ရက်က တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဘိုင်ဒန်၏ နယ်စပ်ဒေသ အကျပ်အတည်းအပေါ် တက္ကဆက်ပြည်နယ်၏ သမိုင်းဝင် တုန့်ပြန်ဆောက်ရွက်မှုများ အကြောင်းကို အမွှမ်းတင် ဖော်ပြခဲ့သည်။

နယ်စပ်လုံခြုံရေးကို ဘိုင်ဒင်က ငြင်းပယ်ခဲ့မှုအား တုန့်ပြန်သည့်အနေဖြင့် တက္ကဆက်ပြည်နယ်သည် ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှစပြီး ရွှေ့ပြောင်းနေထိုင်သူ ၂၉၄၀၀ ကျော်ကို ချီကာဂိုမြို့၊ရွှေ့ပြောင်းနေထိုင်သူ ၂၅၆၀၀ ကျော်ကို နယူးယောက်မြို့ (New York City) နှင့် ရွှေ့ပြောင်းနေထိုင်သူ ၁၂၅၀၀ ကျော်ကို ဝါရှင်တန် ဒီစီ (Washington, DC) မြို့များသို့ ပို့ဆောင်ပေးခဲ့သည်။

ထိုမြို့အားလုံးသည် ဒီမိုကရက်များအုပ်ချုပ်သည့် မြို့များဖြစ်သည်။ အချို့ ရွှေ့ပြောင်း နေထိုင်သူများကိုမူ ပုဂ္ဂလိက လေယာဉ်များဖြင့်ပင် ပို့ဆောင်ပေးခဲ့သည်။

လက်ရှိတွင် ဘိုင်ဒန်အစိုးရအဖွဲ့သည် ရွှေ့ပြောင်းနေထိုင်သူ အားလုံးကို ခိုလှုံနေထိုင်ခွင့် ပေးရေးနှင့်ပတ်သက်ပြီး ခက်ခဲစွာ ကိုင်တွယ်ဖြေရှင်းနေရသည်။ 

ဒီဇင်ဘာ ၂၉ ရက်က The Washington Post သတင်းစာ၏ ဖော်ပြချက်တွင် အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အာဏာပိုင်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ရွှေ့ပြောင်းနေထိုင်သူ ၁၄၂,၀၀၀ ကို နိုင်ငံ အတွင်းမှ နှင်ထုတ်ခဲ့ကြောင်း ဖော်ပြထားသည်။ 

ထိုကဲ့သို့ နှင်ထုတ်ခံရသူ အရေအတွက်သည် ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်အတွင်းက နှင်ထုတ်ခံခဲ့ရသူ အရေအတွက်ထက် နှစ်ဆနီးပါး ပိုမိုများပြားခဲ့သည်။

ဘိုင်ဒန်သည် ယခင်သမ္မတ ဒေါ်နယ်ထရမ့် ( Donald Trump) ၏ မူဝါဒဖြစ်သည့် မက္ကဆီကိုနိုင်ငံသား မဟုတ် သော ခိုလှုံခွင့်တောင်းခံသူများကို မက္ကဆီကိုသို့ ပြန်လည်ပို့ဆောင်သည့်မူကို မကြာခဏ ကျင့်သုံးခဲ့သည်။

ထို့နောက် အမေရိကန်မှ ဗင်နီဇွဲလားသို့ တိုက်ရိုက်ပြန်ပို့သည့် လေကြောင်းခရီးစဉ်များကိုလည်း ပြန်လည် စတင်ခဲ့သည်။

ထိုလေကြောင်း ခရီးစဉ်များသည် ၂၀၂၄ ခုနှစ်တွင် သိသိသာသာ မြင့်တက်လာဖွယ်ရှိကာ ဗင်နီဇွဲလား နိုင်ငံသား များသည် အမေရိကန်၏ ပိတ်ဆို့မှုများအောက်တွင် စားဝတ်နေရေး ခက်ခဲ့သည့် အမိမြေ၌ ပြန်လည်နေထိုင်ရမည့် အခြေအနေနှင့် ကြုံတွေ့ရနိုင်ခြေရှိသည်။

ထိုအချိန်အတောအတွင်း ဘိုင်ဒန်သည် ယခင်သမ္မတ ထရမ့်၏ နယ်စပ်တံတိုင်း စီမံကိန်းကို ဆန့်ကျင်ကန့်ကွက် သည့်ပုံစံမျိုး ပြောကြားခဲ့သော်လည်း လက်တွေ့တွင်မူ ထရမ့်၏ နယ်စပ်တံတိုင်း တည်ဆောက်ရေး အစီအစဉ်ကို ဆက်လက်ချဲ့ထွင်နေပြီး အပြောနှင့်အလုပ် ကွဲလွဲနေသည့် မူဝါဒများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်မီ နယ်စပ်ဒေသအရေးနှင့် ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်လာသည့် အရေးကိစ္စများသည် ဘိုင်ဒန်အတွက် အဓိကထားဖြေရှင်းရမည့် ခေါင်းခဲစရာ ကိစ္စများဖြစ်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Al Jazeera