CNI International Article

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁

အစ္စရေးနှင့် ဟားမာ့စ်စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပွားနေပြီး ထိုအရေးကို နိုင်ငံတကာက အာရုံစိုက် စောင့်ကြည့်လျက်ရှိသည်။

သို့သော် မြန်မာနိုင်ငံတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ပြည်တွင်းတွင် အိမ်ပစ်ရာပစ် ထွက်ပြေး တိမ်းရှောင် နေရသည့် လူပေါင်း ၂ သန်းကျော်ရှိနေပြီး လူ ၁ သန်းကျော်သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ကို ထွက်ပြေးတိမ်းရှောင်နေရသည်။

သို့တိုင်အောင် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခအပေါ် နိုင်ငံတကာ၏ စိတ်ဝင်စားမှုများ နည်းပါးနေဆဲ ဖြစ်သည်။

ထိုအခြေအနေအရ မြန်မာနိုင်ငံ၏ ပဋိပက္ခတွင် ပြည်ပအင်အားစုများက ထိတွေ့ဆက်ဆံမှု မရှိဟု မပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အမေရိကန်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာနိုင်ငံ၏ အာဏာကို လွှဲပြောင်း ရယူခဲ့သည့် တပ်မတော်ကို တိုက်ခိုက်နေသည့် သူပုန်များနှင့် ဒီမိုကရေစီလိုလားသော အုပ်စုများအား ထောက်ခံ ပေးနေခြင်းကြောင့် ဖြစ်သည်။

သို့သော် အမေရိကန်၏ အဆိုပါ ချဉ်းကပ်မှုသည် မြန်မာနိုင်ငံအတွက် ကောင်းကျိုးအနည်းငယ်ကိုသာ ဖြစ်စေခဲ့သည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အစိုးရအဖွဲ့သည် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

ထိုပိတ်ဆို့မှုများသည် မြန်မာ့တပ်မတော် ခေါင်းဆောင်များကို ကြီးကြီးမားမား ထိခိုက်စေခဲ့ခြင်း မရှိခဲ့ပေ။

ဘိုင်ဒန်အစိုးရအဖွဲ့သည် NUG နှင့် အတွင်းကျကျ ထိတွေ့ဆက်ဆံမှုများ ရှိနေသော်လည်း အမေရိကန်သည် အခြားနိုင်ငံများကဲ့သို့ပင် NUG ကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖွဲ့အဖြစ် အသိအမှတ် ပြုခဲ့ခြင်းမရှိပေ။

ထို့ပြင် အမေရိကန်သည် မြန်မာနိုင်ငံ၏ PDF အဖွဲ့ကို အသက် သေစေနိုင်လောက်သည့် အကူအညီ (စစ်လက်နက် ခဲယမ်းများ) ထောက်ပံ့ပေးမှုကို လက်ရှောင်ခဲ့သည်။

အမေရိကန်က ထောက်ခံပေးထားသည့် မြန်မာနိုင်ငံ၏ အတိုက်အခံ အဖွဲ့များသည်လည်း နိုင်ငံရေး မဟာဗျူဟာ မတူကွဲပြားမှုများ ရှိနေသည်။

NUG သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး၏ ထောက်ခံမှုကို ရရှိထားခြင်းမရှိပေ။

ထို့အတူ NUG လက်အောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့များသည်လည်း စစ်တပ်ဖွဲ့စည်းပုံအရ စည်းလုံးညီညွတ်မှု အပိုင်း လျော့နည်းနေသည်။

ထိုလက်နက်ကိုင်အဖွဲ့များထဲတွင် နယ်မြေ ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး မတူညီသည့် ရည်မှန်းချက်များလည်း ရှိနေသည်။

အမေရိကန်၏ ကူညီထောက်ပံ့မှုများ မြင့်တက်လာခြင်းသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွား စေရန် မီးထိုးပေးသကဲ့သို့ ဖြစ်/မဖြစ်ကို သေချာပေါက်ပြောရန် မဖြစ်နိုင်ပေ။

သို့သော် မကြာသေးမီက လက်နက်ကိုင်များ၏ တိုက်ခိုက်မှုများ ပြင်းထန်လာခြင်းသည် အရပ်သားများ ထိခိုက် သေဆုံးမှုများကို ပိုမိုမြင့်တက်စေရုံသာမက အိမ်နီးချင်းနိုင်ငံများအတွက်ပါ သက်ရောက်မှုများ ရှိနေသည်ဆိုသည့် အချက်ကိုမူ သံသယဖြစ်စရာ မလိုပေ။

ထိုအချိန်အတောအတွင်း မြန်မာနိုင်ငံမှ ချင်းတိုင်းရင်းသား ၃၂,၀၀၀ ကျော်သည် အိန္ဒိယနိုင်ငံရှိ ချင်းလူမျိုးအများစု နေထိုင်သည့် မီဇိုရမ်ပြည်နယ်တွင် ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်လျက်ရှိသည်။

ထို့ပြင် အိန္ဒိယနယ်စပ်ရှိ မဏိပူရပြည်နယ်အတွင်းသို့ ထွက်ပြေးဝင်ရောက်ခဲ့သည့် စစ်ရှောင်မြန်မာနိုင်ငံသားများ လည်း ထောင်နှင့်ချီရှိခဲ့သည်။

စစ်စစ်တွင် ကမ္ဘာတစ်ဝန်းရှိ လက်နက်ကိုင်အဖွဲ့များအား အမေရိကန်၏ ထောက်ပံ့မှုများသည် မတည်မငြိမ်မှု၊ ဆင်းရဲဒုက္ခများနှင့် ဒီမိုကရေစီလမ်းကြောင်းကို လမ်းလွဲသွားစေသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၏ တစ်စထက်တစ်စ ယိုယွင်းလာသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို သုံးသပ်မည်ဆိုပါကလည်း ထိုအခြေအနေအတိုင်း တွေ့ရမည်ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ နစကနှင့် ပတ်သက်ပြီး အမေရိကန်၏ ဒဏ်ခတ်သည့် ချဉ်းကပ်မှုသည် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်များအကြား မြန်မာ့အရေးနှင့်ပတ်သက်ပြီး ချဉ်းကပ်ဆောင်ရွက်မှု ပုံစံများကို သဘောထား ကွဲလွဲစေခဲ့ပြီး အာဆီယံသည် မြန်မာ့အရေးတွင် ခိုင်မာသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ခဲ့ ခြင်း မရှိပေ။

အိန္ဒိယကမူ မြန်မာ့အရေးတွင် အမေရိကန်၏ ချဉ်းကပ်မှုသည် သယံဇာတပေါကြွယ်ဝသည့် မြန်မာနိုင်ငံကို တရုတ်၏လက်ထဲ ကျရောက်သွားစေနိုင်သော အရေးကို စိုးရိမ်လျက်ရှိသည်။

အိန္ဒိယသည် မြန်မာနိုင်ငံအား အရှေ့တောင်အာရှ၏ မဟာဗျူဟာမြောက် စင်္ကြန်လမ်းတစ်ခုအဖြစ် ယူဆထားခြင်း ကြောင်း ဖြစ်သည်။

အထက်ဖော်ပြပါ အချက်အလက်များ အားလုံးကို ခြုံငုံသုံးသပ်ရမည်ဆိုပါက မြန်မာ့အရေးနှင့်ပတ်သက်ပြီး အမေရိကန်၏ ချဉ်းကပ်ဆောင်ရွက်မှုတွင် သမ္မတဘိုင်ဒန်၏ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်များရှိနေသည်ဟု ယူဆရမည်ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်