CNI Article
ဘန်ကောက်၊ ဇန်နဝါရီ ၂၈
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်များ၏ ၁၀၂၇ အမည်ရှိ စစ်ဆင်ရေး စတင်ခဲ့ချိန်ကတည်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)သည် မြန်မာနိုင်ငံတစ်ဝန်းရှိ စစ် စခန်း ၄၆၉ ခုထက်မနည်းကို ဆုံးရှုံးခဲ့ရသည်ဟု ယုံကြည်ရလောက်သည့် သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ် ၁၁ ပတ်အတွင်း မြန်မာနိုင်ငံ၏ အဓိက နယ်စပ်ဒေသ ၅ ခု (ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကချင်ပြည်နယ်)တို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်အဖွဲ့များသည် မြို့နယ်များနှင့် ခရိုင်ပေါင်း ၃၀ ထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးသည် AA ၊ MNDAA နှင့် TNLA တို့ ပူးပေါင်းသည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေး ဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်းရှိ နယ်မြေဒေသပေါင်း ၁၆ ခုထက်မနည်းကို ညီနောင်မဟာမိတ်သုံးဖော်က သိမ်းပိုက်ခဲ့သည်။
ကျန်နယ်မြေဒေသ ၁၅ ခုကို “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့အပါအဝင် လက်နက်ကိုင်အဖွဲ့များက သိမ်းပိုက်ခဲ့သည်။
AA က မြန်မာ့တပ်မတော်ပိုင် လက်နက်ခဲယမ်းများကို သိမ်းဆည်းထားစဉ်
နစကအတွက်မူ လက်ရှိ အခြေအနေသည် ကောင်းမွန်သည်ဟု မဆိုနိုင်ဘဲ တပ်မတော်၏ လုပ်ဆောင်ပုံများနှင့် စီးပွားရေး ယိုယွင်းမှုတို့ကြောင့် မြန်မာပြည်သူများ၏ ဖိအားများ မြင့်တက်နေချိန်တွင် တိုက်ပွဲများမှာလည်း ဆက်လက် ဖြစ်ပွားနေသည်။
ထိုအခြေအနေမျိုးတွင် အရေးကြီးသည့် မေးခွန်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုမေးခွန်းမှာ တပ်မတော်အနေနှင့် လက်နက်ကိုင်အဖွဲ့များကို လေကြောင်းတိုက်ခိုက်မှုများ၊ ရော့ကတ်များနှင့် ပစ်ခတ်တိုက်ခိုက်မှုများဖြင့် စစ်ပွဲကို ဆက်လက် ဆင်နွှဲမည်လောဟူသည့် မေးခွန်းဖြစ်သည်။
ထိုတိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်နစ်နာမှုများ ရှိခဲ့ပြီး မြန်မာနိုင်ငံအတွင်း လူပေါင်း ၂ သန်းနီးပါး သည် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
သို့သော် ထိုအခြေအနေသည် တပ်မတော်အနေဖြင့် မကြာမီ အချိန်အတွင်း ပြိုလဲတော့မည့် အဓိပ္ပာယ်မျိုး မဟုတ်ပေ။
မူဝါဒချမှတ်သူများနှင့် ကျွမ်းကျင်သူများက မြန်မာ့အရေးနှင့်ပတ်သက်ပြီး အနာဂတ် စိတ်မှန်းဖြစ်နိုင်ခြေများကို တွက်ချက်ပြီး ထင်ကြေးပေးနေချိန်တွင် အာဆီယံအသိုင်းအဝိုင်းအတွင်း မည်သည့်နိုင်ငံကမျှ တပ်မတော်အနေဖြင့် အလုံးစုံ ပြိုလဲသွားလိမ့်မည်ဟု ခန့်မှန်းခဲ့ခြင်းမရှိပေ။
ထိုင်းနိုင်ငံ၏ နောက်ဆုံးအကြိမ် လေ့လာသုံးသပ်ချက်မှာလည်း ထိုနည်းတူဖြစ်သည်။ နစကသည် မကြာသေးမီက နယ်မြေအချို့ကို လက်လွတ်ခဲ့ရပြီး အင်အားနည်းပါးလာသည့်တိုင် ယခုအနေအထားအတိုင်း ဆက်လက် ရပ်တည် နေလိမ့်မည်ဟု ထိုင်းနိုင်ငံက သုံးသပ်ထားသည်။
TNLA တပ်ဖွဲ့ကိုတွေ့ရစဉ်
လက်ရှိဖြစ်ပွားနေသည့် အကျပ်အတည်းကို အဆုံးသတ်ရန်မှာ အနောက်နိုင်ငံများ အပါအဝင် အခြား သက်ဆိုင် သည့် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီး အထိအခိုက်မရှိသည့် ထွက်ပေါက်တစ်ခုကို ရှာဖွေရန် ဖြစ်သည်။
လတ်တလော အနေအထားများအရ နစကသည် ယခုလကုန်ပိုင်းတွင် သက်တမ်းကုန်ဆုံးမည့် အရေးပေါ်ကာလ ကို ထပ်မံ သက်တမ်းတိုးရန် ကြိုးပမ်းခြင်းထက် ပဋိပက္ခကို မကြာမီအချိန်အတွင်း အဆုံးသတ်စေရန် လုပ်ဆောင် ဖွယ်ရှိသည်။
နစကသည် ယခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဟု ပြောကြားထားသဖြင့် အရေးပေါ်ကာလ ကို ထပ်မံသက်တမ်းတိုးပါက ရွေးကောက်ပွဲသည် ထပ်မံ နှောင့်နှေးကြန့်ကြာသွားမည်ဖြစ်ကာ လက်ရှိ အကျပ်အတည်းများသည်လည်း နေရာအနှံ့တွင် ပေါ်ပေါက်လာနိုင်မည်ဖြစ်သည်။
ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်တွင် လာအိုနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် လာအို၏မြို့တော် အဟောင်းဖြစ်သည့် လူအန် ပရာဘန် (Luang Prabang)တွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကို ပြုလုပ်မည် ဖြစ်သည်။
ထိုအစည်းအဝေးတွင် အဓိကထား ဆွေးနွေးမည့် အကြောင်းအရာများထဲ၌ မြန်မာ့အရေးလည်း ပါဝင်မည်ဖြစ် သည်။ အာဆီယံခေါင်းဆောင်များသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် ပါ ငြိမ်းချမ်းရေးအစီအစဉ် (5PC) ကို အကောင်အထည်ဖော်ရေးအတွက် စိစစ်သုံးသပ်မှုများ ပြုလုပ်မည်ဖြစ်သည်။
ပြီးခဲ့သည့် သုံးနှစ်အတွင်း အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်သည် အလုပ်မဖြစ်ခဲ့သဖြင့် ဝေဖန်ခံခဲ့ရသည်။
သို့သော် မကြာသေးမီ သီတင်းပတ်များအတွင်း မြန်မာနိုင်ငံနှင့် ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ အိုးမဲ့အိမ်မဲ့ ပြည်သူ များကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်မည့် အစီအစဉ်များနှင့်ပတ်သက်ပြီး တိုးတက်မှုအချို့ ရရှိခဲ့သည်။
လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်များကို ပြီးခဲ့သည့် သီတင်းပတ်က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် Alounkeo Kittikhoun ၏ နေပြည်တော်ခရီးစဉ်တွင် အလေးထား ပြောဆိုခဲ့သည်။
အတွေ့အကြုံ ရင့်ကျက်သည့် သံတမန်တစ်ဦးဖြစ်သည့် Alounkeo သည် နစကခေါင်းဆောင်များ၊ နိုင်ငံရေးသမား များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ရေးကို ဆွေးနွေးခဲ့သည်။
နိုင်ငံရေးပါတီတွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံစဉ်
နောက်ထပ် တိုးတက်မှုတစ်ခုမှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အစောပိုင်းက ထိုင်းနှင့်မြန်မာအကြား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်တစ်ခုကို ထူထောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းဒုတိယဝန်ကြီးချုပ် ပန်ပရီ ဘာဟစ်ဒါ နျူကာရာ (Parnpree Bahiddha-nukara) ကလည်း ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ် (Davos) မြို့တွင် ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ မြန်မာ့အရေးကို ဖြေရှင်း ရာမှာ အာဆီယံအနေနှင့် တက်ကြွစွာ ပါဝင်လုပ်ဆောင်ရန် ပြောကြားခဲ့သည်။
ထိုအချိန်အတောအတွင်း တပ်မတော်အနေနှင့် လာအို၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်းအတွင်း အာဆီယံ ၏ ဘုံသဘောတူညီချက် ၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို မည်ကဲ့သို့အကောင်အထည်ဖော် ဆောင်ရွက်မည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။
မကြာသေးမီက အာဆီယံ အထူးကိုယ်စားလှယ်နှင့် နစကတို့ တွေ့ဆုံမှုများကို သုံးသပ်ရမည်ဆိုပါက ထိုငြိမ်းချမ်း ရေး အစီအစဉ်သည် နောက်ထပ် တိုးတက်မှုများရရှိနိုင်သည့် အလားအလာများကို မြင်တွေ့ရသည်။
ထို့ကြောင့် နစကအနေနှင့် လာအို၏ အာဆီယံဥက္ကဋ္ဌ သက်တမ်းအတွင်း အာဆီယံ၏ငြိမ်းချမ်းရေး အစီအစဉ်ကို အတိမ်းအစောင်းမရှိ အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်ရပြီး အာဆီယံအနေနှင့်လည်း အဖွဲ့အစည်း အတွင်း မတူညီသည့် နိုင်ငံများတွင် အစည်းအဝေးများပြုလုပ်ကာ သက်ဆိုင်သူများကို ဖိတ်ကြားခြင်းအားဖြင့် မြန်မာ့အရေးကို ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်နိုင်သည်။
Source: ဘန်ကောက်ပို့စ်