- By CNI
- Category: ဆောင်းပါး
- Hits: 2740
CNI International Article
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၁
တရုတ်သည် ဆော်ဒီနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ဆော်ဒီသည် တရုတ်၏အကြီးမားဆုံး ရေနံဝယ်လက် ဖြစ်နေခြင်းကြောင့် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများမှာ သိပ်မထူးခြား ခြေ။ သို့သော် ယခုတစ်ကြိမ်တွင်တော့ ထူးခြားမှုတချို့ ရှိလာနေပြီ ဖြစ်သည်။
တရုတ်သမ္မတ ရှီ (Xi Jinping)က ဆော်ဒီမြေကို ခြေမချခင်ကတည်းက အမေရိကန်ကို နှပ်ချရန်၊ ဒေသတွင်း အမေရိကန်၏ သြဇာသက်ရောက်မှုကို စွက်ဖက်ရန် ပြောဆိုမှုများ ရှိခဲ့သည်။
တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)က အရှေ့အလယ်ပိုင်းဒေသတွင် တရုတ်၊ ရုရှား နှင့် အီရန်တို့နေရာ ရလာမည်ကို အမေရိကန်ဘက်က လက်ခံသွားမည် မဟုတ်ဟု ပြောခဲ့သည်။ လွန်ခဲ့တဲ့ ၅ လ ဆော်ဒီခရီးစဉ်တွင် ဘိုင်ဒန်က ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။
အာဖဂန်မှ အမေရိကန်တပ်များ ထွက်ခွာလာရခြင်းမှာလည်း ပင်လယ်ကွေ့နှင့် ဒေသတွင်းမှ နိုင်ငံများအတွက် အရင်းအမြစ်များ ပိုမိုရရှိရန် ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု ဘိုင်ဒန်က အရှေ့အလယ်ပိုင်း မဟာမိတ်များကို စိတ်အေးရန် ပြောကြားခဲ့ရသည်။
သို့သော် ထိုပြောဆိုချက်များက တရုတ်နှင့် ဆော်ဒီ၏ ဆက်ဆံရေးများ ရှေ့မတိုးလာစေရန် အဟန့်အတား မဖြစ် ခဲ့ပါခြေ။ ရှီ၏ ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်နေ့ ဆော်ဒီခရီးစဉ်အတွင်း ဆော်ဒီခေါင်းဆောင်များအပြင် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှု ကောင်စီ (GCC) နှင့် သီးခြား ညီလာခံများပါ ဆောင်ရွက်နိုင်ခဲ့သည်။
အမေရိကန်တို့အတွက် ပိုပြီးမျက်ခုံးလှုပ်ရသည်မှာ အာရပ်ခေါင်းဆောင်များက ရှီနှင့်ဆွေးနွေးပွဲများကို ဘိုင်ဒန်နှင့် ဆွေးနွေးပွဲများထက် ပို၍ ခမ်းနားအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက မည်သည့်အတွက်ကြောင့် ယခုကဲ့ သို့ လုပ်ဆောင်ရသလဲဆိုသည့် မေးခွန်းကို ပေါ်ထွက်လာစေသည်။
အဘယ့်ကြောင့်ဆိုသော် အမေရိကန်- ဆော်ဒီ ဆက်ဆံရေးသည် အမေရိကန်-တရုတ် ဆက်ဆံရေးခဲ့သို့ပင် မကျေလည်မှု တချို့ ရှိနေခြင်းကြောင့် ဖြစ်သည်။ အမေရိကန်ဘက်က ဆော်ဒီနှင့်ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းရန် ကြိုးပမ်းနေရင်းနှင့်ပင် ယခုကဲ့သို့ ဖြစ်နေရခြင်း ဖြစ်သည်။
ဘိုင်ဒန်နဲ့ ဆော်ဒီမင်းသားကို တွေ့ရစဉ် (GETTY IMAGES)
ဆော်ဒီနှင့် တရုတ်တို့သည် ယူကရိန်း အရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံအပေါ် ၎င်းတို့၏ သဘောထားကြောင့် အမေရိကန်၏ ဖိအားပေးခြင်းနှင့် ရင်ဆိုင်နေရသည်။
ထိုအခြေအနေကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုကောင်းလာကာ ပို၍ နီးကပ်မှု ရှိလာခြင်း ဖြစ်သည်။ ပင်လယ် ကွေ့ နိုင်ငံများမှ လူငယ်ခေါင်းဆောင် မျိုးဆက်များသည်လည်း လက်ရှိအချိန်တွင် အမေရိကန်နှင့် ပိုမို ကင်းလွတ် ခွင့် ရရှိရေးနှင့် ၎င်းတို့နိုင်ငံများ၏ စွမ်းအင်၊ နည်းပညာနှင့် လုံခြုံရေးဆိုင်ရာ ကဏ္ဍများတွင် ပိုမိုခိုင်မာစေရေး အတွက် ကြိုးပမ်းဆောင်ရွက် လာနေကြသည်။
ထိုအခြေအနေတွင် တရုတ်နိုင်ငံသည် ၎င်းတို့အတွက် သင့်တော်သော မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်လာကာ မှီခိုနိုင် သော စွမ်းအင် အရင်းအမြစ်များ ရှာဖွေမှု၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် ဈေးကွက်ဖြစ်မှု၊ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကုန်သွယ်မှုတို့ကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထက် ပို၍ အလေးထား ဆောင်ရွက်လျက်ရှိသည်။
ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှု ကောင်စီ(GCS)သည်ပင် ဝီဂါမူဆလင်များနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ အငြင်းပွားဖွယ် မူဝါဒများကို ထောက်ခံသလို ပြောဆိုခဲ့မှုကြောင့် အမေရိကန်နှင့် တခြားနိုင်ငံများ၏ ဝေဖန်မှုဖြင့် ရင်ဆိုင်ခဲ့ရသည်။
၂၀၂၁ ခုနှစ်တွင် ဘိုင်ဒန်အစိုးရက ဆော်ဒီနိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းများ ဆိုးရွားနေမှုနှင့်ပတ်သက်၍ ဝေဖန် ခဲ့သည်။
အနောက်နိုင်ငံများ အနေဖြင့်လည်း ရုပ်ကြွင်းလောင်စာများမှ ဂရင်းစွမ်းအင် ပြောင်းလဲရေးနှင့်ပတ်သက်၍ မသိ ကျိုးကျွံ ပြုနေထိုင်ခဲ့ကြသည်။ သို့သော် ယခုနှစ် အစောပိုင်း ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ်က အခြေအ နေများကို ပြောင်းလဲသွားစေခဲ့သည်။
အမေရိကန်နှင့် ဥရောပ မဟာမိတ်များသည် ရုရှားအရေးကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ရှားပါး ခြင်း သို့မဟုတ် ဈေးကြီးခြင်းဖြင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအခြေအနေက ကိုဗစ်ကူးစက်မှုမှ ပြန်လည် ထူထောင်စ ၎င်းတို့နိုင်ငံများ၏ စီးပွားရေးကို ခက်ခဲစေခဲ့သည်။
ယူကရိန်းစစ်ပွဲအတွင်းက အခြေအနေကိုတွေ့ရစဉ် (AP)
အမေရိကန်၏ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ရေနံဈေးကို လျှော့ချရေး ဘိုင်ဒန်၏ ဆော်ဒီနိုင်ငံအပေါ် ပြောဆို စည်းရှုံးမှုများသည် အောင်မြင်ခဲ့ခြင်း မရှိပေ။
ဆော်ဒီ ဦးဆောင်သည့် OPEC အဖွဲ့က ရေနံထုတ်လုပ်မှုကို တိုးမြှင့်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အခြား သော အနောက်အုပ်စု ခေါင်းဆောင်များကလည်း ၎င်းတို့၏ နည်းလမ်းများဖြင့် ကြိုးစားခဲ့ကြသည်။
ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဇ် ရှလို့ဇ် ( Olaf Scholz) သည် ရုရှားမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ နေရာ အစိုးရန် အတွက် ရှာဖွေရန် ပင်လယ်ကွေ့ ဒေသသို့ လာရောက်ခဲ့သည်။
သို့သော် တရုတ်ဘက်က ၎င်းတို့ကို ကျော်ဖြတ်ကာ ဒေါ်လာ ဘီလီယံ ပေါင်းများစွာ တန်ကြေးရှိသော တင်ဒါ စာချုပ်များကို ဒေသတွင်း အုပ်ချုပ်သူများနှင့် ချုပ်ဆိုနိုင်ခဲ့သည်။
ပင်လယ်ကွေ့ ဒေသအတွက် ကစားပွဲအသစ်တွင် စွမ်းအင်ကဏ္ဍသည် အဓိကကျသော်လည်း အမေရိကန်ကတော့ ဒေါသထွက်ရန် တခြားကိစ္စများလည်း ရှိနေသေးသည်။ ယခု ကစားပွဲအသစ်မှာ ယခင်ကထက်ပို၍ ရက်စက် ကြမ်းကြုတ်မှုများလည်း ရှိနေသည်။
အမေရိကန်သည် အရေးပါဆုံး အာဏာလွှမ်းခြုံ ထားနိုင်မှုကို မြှင့်တင်ရန် ဘိုင်ဒန်၏ ကသိုက်ကရိုက် ကြိုးပမ်းမှုက အရှေ့အလယ်ပိုင်းနှင့် တခြားသော ဒေသများတွင် အမေရိကန်၏ လိုအပ်ချက်ကြောင့် လစ်ဟာသွားသော နေရာ များကို တရုတ်က အစားထိုး ဝင်ရောက်လိုခြင်း၊ ဝင်ရောက်နိုင်ခြင်း စသည်တို့ကို ထိတ်လန့်ခြင်းမှ အခြေခံသည်။
ထိုအခြေအနေများကြောင့် အမေရိကန်၏ အာရှဗဟိုပြု မူဝါဒများ ပေါ်ပေါက် လာရခြင်းလည်း ဖြစ်သည်။
အာဆီယံနိုင်ငံများ အစည်းအဝေး ကျင်းပနေစဉ် (GETTY IMAGES)
တရုတ်က ယခင်အချိန်များထက် ပိုမိုကြီးမားသော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ရရှိရန် အရှေ့အလယ်ပိုင်း နှင့် ပင်လယ်ကွေ့ ဒေသတို့တွင် အားစိုက် ဆောင်ရွက်နေစဉ် အမေရိကန်သည် တရုတ်၏ မြင့်တက်လာမှုကို ထိန်းသိမ်းရန် မူဝါဒများ ပြောင်းလဲ ဆောင်ရွက်လာနေသည်။
တရုတ်သည် ဒီဂျိုဘူတီ (Djibouti) တွင် ရေတပ် အခြေစိုက် စခန်းတစ်ခု တည်ဆောက်ကာ ပါရှန်ပင်လယ်ကွေ့ တွင် စစ်သင်္ဘောအုပ်စုငယ်များ ပို့ဆောင်ထားသည်။
ထို့အပြင် တရုတ်သည် အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ ယူအေအီး၊ အီရန်တို့ဖြင့်လည်း မဟာဗျူဟာမြောက် မိတ်ဖက် သဘောတူညီချက်များ ရရှိထားသည်။ အလားတူ ရုရှား၊ အီရန်တို့ဖြင့်လည်း ကြီးမားသော ရေတပ်စစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်ထားသည်။
စွမ်းအင် လိုအပ်ချက် နည်းသော အမေရိကန်နှင့် မတူသည်မှာ တရုတ်သည် စီးပွားရေး တိုးတက်မှု၊ စစ်ရေး ယန္တရားများနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုအဖြစ် ရှိနေမှုတို့ကို ထိန်းသိမ်းတိုးမြှင့်ရန် ပင်လယ်ကွေ့ဒေသမှ ရေနံနှင့် ဓာတ်ငွေ့ကို လိုအပ်သည်။
အဆိုပါ အခြေအနေများသည် အမေရိကန်ကို ဒေါသဖြစ်စေသည်။ စူပါပါဝါနိုင်ငံ တစ်ခုအနေဖြင့် အမေရိကန်သည် အရှေ့အလယ်ပိုင်း ဒေသကို စစ်ရေး၊ နိုင်ငံရေး စသည်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးထားသည်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကိုတွေ့ရစဉ် (GETTY IMAGES)
ထို့အပြင် အမေရိကန်သည် ပါရှန်ပင်လယ်ကွေ့တွင် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွဝ်ရန် လိုအပ်လာပါက စစ်အင်အား အသုံးပြုခွင့်ကိုလည်း ရရှိထားသည်။
GCC နှင့် တရုတ်ဆက်ဆံရေးက သံတမန်ရေးရာ အခြေအနေသစ် တစ်ခုနှင့် ပထဝီဝင် နိုင်ငံရေးဆိုင်ရာ တင်းမာ မှုများအထိ ဖြစ်လာနိုင်ဖွယ် ရှိနေသည်ဟု အမေရိကန်မှ ပြောဆိုမှုများ ရှိလာနိုင်သော်လည်း ထိုကိစ္စကို အဆုံး အဖြတ် ပေးမှာသည် တရုတ်၏ ပြန်လည် ပြင်ဆင်ရေးဝါဒအပေါ်တွင် မူတည်သည်။
ဆိုဗီယက်ယူနီယံနှင့် မတူသည်မှာ တရုတ်က အနောက်အုပ်စု ဦးဆောင်သည့် နိုင်ငံတကာစနစ် အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ထားကာ တခြားသော ကမ္ဘာ့မူဝါဒတစ်ခုနှင့် ကမ္ဘာကို လွှမ်းမိုးရန် ကြိုးပမ်းခြင်းမျိုး မဟုတ်ပေ။
၎င်းက မျှတစွာ ပါဝင်သူ တစ်ဦးအနေဖြင့် ကမ္ဘာ့လမ်းစဉ် အသစ်တစ်ခု၏ မူဝါဒများကို ပူးတွဲဖော်ဆောင်သွားရန် ပြောဆိုထားသည်။
အင်အား ကြီးမားလာခြင်းနှင့် အင်အား လွှမ်းမိုးထားခြင်းတို့က ပေးဆပ်မှုများသော ထိပ်တိုက် တွေ့ဆုံမှုများကို ဖြစ်စေကြောင်း သမိုင်းအခြေအနေများက ပြသခဲ့ပြီး ဖြစ်သည်။
ထိုနည်းတူစွာပင် လိုက်လျောညီထွေဖြစ်မှု၊ ပေါင်းစည်းမှုတို့လည်း ထိပ်တိုက် တွေ့ဆုံခြင်းနှင့် ပြိုလဲခြင်းတို့မှ ကာကွယ်ပေးနိုင်သည်ကို သမိုင်းအခြေအနေများမှ လေ့လာခဲ့ရပြီး ဖြစ်သည်။
ပဋိပက္ခပေါင်းစုံနှင့် စစ်ပွဲများစွာဖြင့် ရင်ဆိုင်ခဲ့ရပြီးဖြစ်သော အရှေ့အလယ်ပိုင်း ဒေသထက် မည်သည့် ကမ္ဘာ့ဒေသ ကမှ ထိုအရာများ၏ အကျိုးအပြစ်များကို ပို၍ သိနိုင်လိမ့်မည် မဟုတ်ပေ။
Source: Al Jazeera
- By CNI
- Category: ဆောင်းပါး
- Hits: 2192
CNI Sport Article
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၁
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အားလုံးသိတဲ့ အတိုင်းပဲ အာရှအသင်းတွေဟာ ၁၆ သင်းအဆင့်ကို မကျော်လွန်နိုင်ခဲ့ပါဘူး။
အခုပြိုင်ပွဲကို အာရှနိုင်ငံဖြစ်တဲ့ ကာတာနိုင်ငံမှာ ကျင်းပတာကြောင့် အာရှတစ်သင်းသင်းက အောင်မြင်မှု တစ်ခု ရယူသွားနိုင်ဖို့ မျှော်လင့်ခဲ့တာတော့ အမှန်ပါပဲ။
ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ အာရှအသင်းတွေဟာ ဥရောပနဲ့ တောင်အမေရိက အသင်းတွေကို နောက်ဆုံး အချိန်ထိ အကောင်းဆုံး ကစားခဲ့ပေမယ့် မကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ကျနော်တို့ ၂၀၀၂ က အာရှမြေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတုန်းက အိမ်ရှင်အသင်း တောင်ကိုရီးယားအသင်းဟာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။
၁၉၆၆ ခုနှစ်တုန်းကတော့ မြောက်ကိုရီးယားက ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့ပါတယ်။ ဒါတွေကသာ အာရှရဲ့ အမြင့်ဆုံး အောင်မြင်မှုတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင် ကာတာကလွဲပြီး ကျန်တဲ့ အသင်းအားလုံးက အကောင်းဆုံး လုပ်ပြသွားနိုင်ခဲ့ကြပါတယ်။
တောင်ကိုရီးယားအသင်းသားများကိုတွေ့ရစဉ်
ဂျပန်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျတို့ ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာက ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံး အကြိမ် အာရှအသင်း ၃ သင်း ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ ဆော်ဒီအသင်းဟာ အာဂျင်တီးနားအသင်းကို အံ့အားသင့်ဖွယ် အနိုင်ယူခဲ့ပြီး အာဂျင်တီးနားရဲ့ ရှုံးပွဲမရှိ စံချိန်ကို ရပ်တန့်နိုင်ခဲ့တာပါ။
အဲ့လိုပဲ ဂျပန်အသင်းဆိုရင် ဥရောပ ထိပ်သီးတွေဖြစ်တဲ့ ဂျာမနီနဲ့ စပိန်တို့ကို အနိုင်ယူခဲ့ပါတယ်။
သြစတြေးလျကလည်း ဒိန်းမတ်နဲ့ တူနီးရှားတို့ကို အနိုင်ယူခဲ့ပြီး တောင်ကိုရီးယားက ပေါ်တူဂီအသင်းကို အနိုင် ရခဲ့တာ ဖြစ်ပါတယ်။ အီရန်အသင်းလည်း ဝေးလ်စ်အသင်းကို အနိုင်ရရှိခဲ့တာပါ။
အိမ်ရှင် ကာတာအသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အတွေ့အကြုံ နည်းပါးလွန်းတာကြောင့်သာ အုပ်စုအဆင့်နဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
၁၆ သင်း အဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ အသင်း ၃ သင်းထဲမှာ ဂျပန်အသင်းရဲ့ ခြေစွမ်းနဲ့ စိတ်ဓါတ်၊ ပရိသတ်တွေရဲ့ အပြုအမူတွေကို အားလုံးက အသိအမှတ် ပြုခဲ့ကြရပါတယ်။
ကာတာအသင်းသားများကိုတွေ့ရစဉ်
ဂျာမနီ၊ စပိန်နဲ့ ခရိုအေးရှားတို့ပွဲမှာ ကစားသွားတဲ့ ဂျပန်အသင်း ခြေစွမ်းဆိုရင် တကယ့် ကမ္ဘာ့ထိပ်သီးအသင်းတွေ ကို သူတင်ကိုယ်တင် ယှဉ်ပြိုင်ကစား သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ခရိုအေးရှားနဲ့ ၁၆ သင်း အဆင့်ပွဲမှာ ဦးဆောင်ဂိုးစပြီး သွင်းယူနိုင်ခဲ့သလို တပွဲလုံး တိုက်စစ်ဆင် နိုင်ခဲ့ပေမယ့် ခရိုအေးရှားရဲ့ ပါးနပ်တဲ့ ကစားပုံတွေကြောင့် အချိန်ပို၊ ပင်နယ်တီအထိ သွားခဲ့ရတာပါ။
ဒါပေမယ့် ဂျပန်အသင်းဟာ ပင်နယ်တီကို အလုံအလောက် လေ့ကျင့်ထားတဲ့ပုံစံ မရှိတာကြောင့် ကန်သွင်းတာမှာ အားနည်းခဲ့ပြီး ကမ္ဘာ့ဖလားကနေ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ ဂျပန်အသင်းအနေနဲ့ ဒီလိုပုံစံမျိုးကိုသာ ဆက် ထိန်းထားနိုင်မယ်ဆိုရင် နောက်လာမယ့်ပြိုင်ပွဲမှာ ဒီထက်မြင့်မားတဲ့ အဆင့်ကို တက်လှမ်းနိုင်မယ်ဆိုတာ အသေအချာပါပဲ။
ဂျပန်လိုပါပဲ တောင်ကိုရီးယား၊ ဆော်ဒီ၊ အီရန်နဲ့ သြစတြေးလျတို့လည်း သေချာ ပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် မျှော်လင့်ချက်တွေ ပြည့်ဝနိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခဲ့တဲ့ အာရှအသင်းတွေကို တချက်ပြန်ကြည့်မယ်ဆိုရင် အုပ်စုအဆင့်ကနေ ကျော်လွန်နိုင်ခဲ့ တဲ့ အသင်းတွေက ၅ သင်းပဲ ရှိခဲ့တာပါ။
အာဂျင်တီးနားနဲ့ ဆော်ဒီအသင်းသားများကို တွေ့ရစဉ်
ဒီနောက် အခု ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံး ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းဆိုလို့ ဂျပန်အသင်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ တိုးတက်မှုတွေ ရှိလာခဲ့တယ် ဆိုပေမယ့် လည်း ၁၆ သင်းအဆင့်ကို ကျော်လွန်ဖို့က တော်တော်လေးကို ခက်ခဲနေတဲ့ အနေအထား ဖြစ်နေတာပါ။
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဆိုရင် ပုံမှန်ကျင်းပနေတဲ့ ၃၂ သင်းထက် ၄၈ သင်းနဲ့ ကျင်းပတော့မှာ ဖြစ်တာကြောင့် အာရှအသင်းတွေ ဝင်ခွင့် ပိုပြီးရလာမယ့် အခြေအနေမှာ ရှိနေပါတယ်။ ပုံမှန်ဝင်ခွင့် ရနေတဲ့ ၅ သင်းထက် ၈ သင်း ကျော်အထိ ဝင်ခွင့်ရမယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ဒါဆိုရင် လာမယ့် ၄ နှစ်အတွင်းမှာ အောင်မြင်မှုရဖို့အတွက် အာရှအသင်းတွေ အနေနဲ့ အခုကတည်းက ပြင်ဆင် တာတွေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ထိပ်သီး အသင်းတွေလို နာမည်ကြီး ကစားသမား အများကြီး မရှိတာကြောင့် အာရှအသင်းတွေ အနေနဲ့ ကြိုတင် ပြင်ဆင်ထားနိုင်မှ မျှော်လင့်ထားတဲ့ အရာတွေ ဖြစ်လာနိုင်မှာပါ။ ဒီလိုတွေသာ ပြင်ဆင်မှုကို ရာနှုန်းပြည့် လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာရှအသင်းတွေ အောင်မြင်မှုရဖို့ မျှော်လင့်မိတာတော့ အမှန်ပါပဲ။
- By CNI
- Category: ဆောင်းပါး
- Hits: 2004
CNI Sport Article
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၄
ဘယ်လ်ဂျီယံ အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီး သူတို့ရဲ့ ရွှေရောင်မျိုးဆက်ဟာ ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရပြီ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံအသင်းရဲ့ လူစာရင်းဟာ ဥရောပထိပ်တန်းလိဂ်က နာမည်ကြီး ကစားသမားတွေကို ပေါင်းစပ် ထားတာကြောင့် ယူရိုပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆုဖလားရနိုင်တဲ့ အသင်းအဖြစ် ရှိခဲ့တာပါ။
ဘယ်လ်ဂျီယံအသင်းရဲ့ လူစာရင်းကို ကြည့်ရမယ်ဆိုရင် ဟာဇက်၊ ဒီဘရိုင်း၊ ကော့တွိုက်စ်၊ လူကာကူ၊ ဗာတွန်ဂန်၊ တိုင်လီမန်စ်၊ မူနီယာ၊ဝစ်ဆဲလ်၊ ဘတ်ရူဝါယီတို့ ပါဝင်နေတာ ဖြစ်ပါတယ်။
ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခဲ့တဲ့ လူစာရင်းဖြစ်ပြီး အရင်ကဆို ဖယ်လိုင်နီ၊ ဖာမယ်လန်း တို့တောင် ပါဝင်ခဲ့တာပါ။ သူတို့ လူစာရင်းဟာ တကယ်ကို တောင့်တင်းခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။
လူကာကူကို ခရိုအေရှားနဲ့ပွဲမှာ တွေ့ရစဉ် (Sky Sport)
ဘယ်လ်ဂျီယံ ကစားသမား အများအပြားဟာ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ နဲ့ ၂၀၁၁ ကစပြီး ကာလကြာရှည် တွဲဖက် ကစားခဲ့ပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယ ရခဲ့တာကသာ သူတို့အတွက် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ခဲ့ရတာပါ။
ဘယ်လ်ဂျီယံအသင်းဟာ ဘာဆုဖလား အောင်မြင်မှုမှ မရခဲ့ပေမယ့် ကမ္ဘာ့အဆင့် ၁ နေရာကို ကာလကြာရှည် သိမ်းပိုက်ထားခဲ့ ဖူးပါတယ်။ ဘယ်လ်ဂျီယံအသင်း အနေနဲ့ ဒီလိုနာမည်ကြီး ကစားသမားတွေနဲ့ ဖွဲ့စည်းထားပေမယ့် အောင်မြင်မှု မရခဲ့တာကြောင့် မျိုးဆက်သစ်တွေနဲ့ အစားထိုးပြီး အောင်မြင်မှုရအောင် ပြန်လည် လုပ်ဆောင်ရ တော့မှာပါ။
ခရိုအေးရှား အသင်းနဲ့ပွဲမှာ ကစားခဲ့တဲ့ ဘယ်လ်ဂျီယံအသင်း လူစာရင်းကို ကြည့်မယ်ဆိုရင် ပျှမ်းမျှအသက် ၃၁ နှစ် နဲ့ ၉၅ ရက် ရှိပါတယ်။ ဒါဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ပိုင်း အသင်းတွေ အားလုံးထဲမှာ အသက်အကြီးဆုံး အသင်း ဖြစ်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
နည်းပြ မာတီးနတ်စ်နဲ့ ဘယ်လ်ဂျီယံ အသင်းသားများကိုတွေ့ရစဉ် (Sport)
ဘယ်လ်ဂျီယံ အသင်းနည်းပြ မာတီးနတ်စ်က “သူတို့မှာ အိုနာနာနဲ့ ဒိုကူတို့လို ကစားသမားတွေ ရှိပါတယ်။ ရွှေရောင်မျိုးဆက်က မျိုးဆက်သစ်တွေ ပေါ်ထွန်းလာဖို့ တခုခု လုပ်ဆောင်နေပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒီဘရိုင်းနဲ့ ဟာဇက်တို့က အသက် ၃၁ နှစ်၊ ဗဟိုနောက်ခံ လူတွေဖြစ်တဲ့ ဗာတွန်ဂန်နဲ့ အယ်လ်ဒါဝီရယ်လ်တို့က ၃၅ နှစ်နဲ့ ၃၃ နှစ်အရွယ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဒီဘရိုင်းက သူတို့အသင်းက ကစားသမားတွေဟာ အသက်အရွယ် ကြီးလွန်းတာကြောင့် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောခဲ့ပါတယ်။ ဒီပြောဆိုချက်တွေကြောင့် အသင်းထဲမှာ စိတ်ဝမ်းကွဲမှု တွေတောင် ဖြစ်ခဲ့တာပါ။
မော်ရိုကို အသင်းကို အရေးနိမ့်တဲ့ပွဲမှာ နောက်ခံလူ ဗာတွန်ဂန်က ရှေ့တန်း ကစားသမားတွေက အသက်ကြီး လွန်း နေတာကြောင့် ကောင်းမွန်တဲ့ အခွင့်အရေးတွေကို မဖန်တီးနိုင်ခဲ့ဘူးလို့ ပြန်လည် တုံ့ပြန်ခဲ့ ပါသေးတယ်။
ဒါတွေကလည်း ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်း ကျရှုံးတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံနဲ့ ခရိုအေရှား ယှဉ်ပြိုင်စဉ် (Football365)
ဘယ်လ်ဂျီယံအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အုပ်စုတွင်း ၃ ပွဲစလုံး အနိုင်ရခဲ့ပေမယ့် အခု ၂၀၂၂ ပြိုင်ပွဲမှာတော့ ၁ ပွဲသာ အနိုင်ရခဲ့ပြီး သွင်းဂိုးကလည်း ၁ ဂိုးသာ ရခဲ့တဲ့အထိ အခြေအနေတွေ ဆိုးရွားခဲ့တာ ပါ။ ရွှေရောင်မျိုးဆက် တစ်ခုလို တောက်ပခဲ့တဲ့ ဘယ်လ်ဂျီယံအသင်း အခုအချိန်ထိ ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်း တစ်ခုကတော့ နည်းပြ မာတီးနတ်စ်ပါပဲ။
မာတီးနတ်စ် ကိုင်တွယ်ခဲ့တဲ့ အသင်းတွေကို ကြည့်ရရင် ဝီဂန်၊ ဆွမ်ဆီး၊ အဲဗာတန် အသင်းတွေသာ ဖြစ်ခဲ့ပေမယ့် ဘယ်လ်ဂျီယံအသင်းက သူ့ကို ယုံယုံကြည်ကြည်နဲ့ ၂၀၁၆ ကတည်းက နည်းပြအဖြစ် ခန်အပ်ခဲ့တာ ဖြစ်ပါတယ်။
မာတီးနတ်စ်ဟာ ဝီဂန်အသင်းကို အက်ဖ်အေဖလား ရယူပေးနိုင်ခဲ့တာကလွဲပြီး နည်းပြဘဝမှာ အောင်မြင်မှု ကြီးကြီးမားမား မရှိခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း မာတီးနတ်စ်ဟာ ထိပ်တန်းအဆင့်ရှိတဲ့ ဘယ်လ်ဂျီယံ ကစား သမားတွေကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မာတီးနတ်စ်ဟာ ဘယ်လ်ဂျီယံအသင်းကို ကိုင်တွယ်တာ ၆ နှစ်ကြာခဲ့ပေမယ့် လောက်လောက်လားလား ဘာမှ မလုပ်ပြနိုင်ခဲ့ပါဘူး။ သူ့နေရာမှာ တခြားနည်းပြဆိုရင် ဘယ်လ်ဂျီယံအသင်း ပြိုင်ပွဲတစ်ခုခုမှာ ချန်ပီယံဆု ရယူ နိုင်မှာ ဖြစ်ပါတယ်။
စိတ်ဓာတ်ကျနေတဲ့ ဘယ်လ်ဂျီယံ အသင်းသားများကိုတွေ့ရစဉ်(The Japan Times)
အခုတော့ မာတီးနတ်စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ဘယ်လ်ဂျီယံနည်းပြ ရာထူးကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းရဲ့ ကွင်းလယ်လူဟောင်း ဂျာမိန်းဂျီးနတ်စ်က “ဘယ်လ်ဂျီယံအသင်းမှာ စိတ်ပျက်စရာ ကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ မှန်ထဲမှာ သူတို့ကိုယ် သူတို့ ကြည့်လိုက်မယ်ဆိုရင် လုံလောက်မှု မရှိဘူးဆိုတာကို မြင်တွေ့ရပါလိမ့်မယ်။ ဒါကြောင့်လည်း သူတို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ”လို့ BBC 0ne ကို ပြောခဲ့ပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ နည်းပြသစ်နဲ့အတူ ရွှေရောင်မျိုးဆက် ကစားသမားတချို့ကို လူငယ် ကစားသမားတွေနဲ့ သာ အတွဲညီစွာ ပေါင်းစပ် နိုင်ခဲ့မယ်ဆိုရင် လာမယ့် ယူရိုပြိုင်ပွဲ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင် မယ့် အသင်း ပြန်ဖြစ်လာနိုင်ပါတယ်။
အခုတော့ ဘယ်လ်ဂျီယံအသင်းရဲ့ ရွှေရောင်မျိုးဆက်တို့ရဲ့ အလားအလာနဲ့ အနာဂတ် စောင့်ကြည့်ရပေတော့မည်။
Source: BBC
- By CNI
- Category: ဆောင်းပါး
- Hits: 1412
CNI Article
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၄
ရေးသားသူ- သော်ဇင်ဦး
၂၀၂၁ ခုနှစ် အရပ်သားအစိုးရ ဖြုတ်ချခံရမှုနောက်ပိုင်း နိုင်ငံတဝန်း ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင် ပဋိပက္ခ များနှင့်အတူ အထွေထွေ အကျပ်အတည်း မျိုးစုံမှ ရုန်းထွက်နိုင်ရေး ကြိုးပမ်းနေကြရသည်။
သို့သော်လည်း တခြားတစ်ဖက်မှာတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆက်လက် အသက်သွင်းနိုင်ရေး နှင့် အာဏာဆက်လက် ချုပ်ကိုင်ထားနိုင်ရေးအတွက် ၂၀၂၃ ရွေးကောက်ပွဲကို နိုင်ငံရေး ထွက်ပေါက် အနေဖြင့် နစက-က ချပြလာသည်ကို တွေ့လာရသည်။
တဖက်မှာလည်း ၂၀၂၃ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိမှာမဟုတ်သလို ပြဿနာကို ပိုမိုရှည် ကြာစေပြီး ပိုမိုဆိုးဝါးစေသည့်အတွက် ရွေးကောက်ပွဲကို ထောက်ခံမည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသဖြင့် နစကကို အကြပ်ရိုက်စေပြန်သည်။
အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန် က မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါဝင်လာခြင်းဖြင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ အတိုက်အခံ အုပ်စုများကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ ပါဝင်လာနိုင်ဖွယ် ရှိနေကြောင်း၊ နစကအနေဖြင့် အနည်းဆုံးတော့ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးမှုမျိုး လုပ်ဆောင်သင့်ကြောင်း ပရက်ဆိုခွန်က တိုက်တွန်းထားသည်။
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဲပေးနေစဉ် (Sky News)
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု စသည့် အမှုများဖြင့် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရသလို အဂတိအမှု ၅ မှုကိုလည်း ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
လတ်တလော ပူပူနွေးနွေးမှာ ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့အကြား အပစ်ရပ်စဲရေး သဘောတူ ညီ ကြပြန်သဖြင့် ယခု နိုဝင်ဘာလ နှောင်းပိုင်းမှစတင်၍ ရခိုင်ပြည်နယ်တဝန်း တိုက်ပွဲများ ရပ်တန့်သွားသည်ကို တွေ့ရှိ လာရသည်။
အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန (NSPNC)က တိုင်းရင်းသား လက်နက် ကိုင်(EAO) ၁၀ ဖွဲ့နှင့်လည်းကောင်း၊ တိုင်းရင်းသားပါတီများ အပါအဝင် နိုင်ငံရေးပါတီတချို့နှင့်လည်းကောင်း နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်၍ တိုင်းရင်းသားများ၏ တောင်းဆိုချက်များကို ၂၀၂၃ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် လွှတ်တော်သစ်တွင် ပြင်ဆင်အတည်ပြုပေးမည်ဟု ကတိ ပေးထားသည်။
တဖက်မှာလည်း “ဝ”ပြည်နယ် သတ်မှတ်ပေးဖို့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ တောင်းဆို ချက်ကိုလည်း မူအားဖြင့် နစက-က သဘောတူထားသလို တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအား သက်ဆိုင်ရာ လွှတ်တော်များမှ ရွေးချယ်အတည်ပြုရေး ပုဒ်မ ၂၆၁ ပြင်ဆင်ဖို့ သဘောတူထားသည်ဟု ဆိုသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်နေ့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၁ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ နစကမှ ခန့်အပ်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အဖွဲ့ဝင် ဦးခင်မောင်ဦးက “ရွေးကောက်ပွဲ ဆိုင်ရာ ကြေညာချက်တွေကို ထုတ်ပြန်မှာပါ ဘယ်ရက်မှာ ကျင်းပမယ်၊ ဘယ်အချိန်မှာ ကိုယ်စားလှယ်လောင်း တွေ တင်သွင်းရမယ်၊ ဘယ်အချိန်မှာ ပိတ်သိမ်းမယ်၊ ဘယ်အချိန်မှာ စိစစ်မယ်ဆိုတာတွေကို ဆင့်ကဲဆင့်ကဲ ထုတ် ပြန် ကြေညာပေးသွားမှာပါ” ဟု ပြောခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဆီယံအထူးကိုယ်စား ပရတ်ဆိုခွန်ကိုတွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ကျရောက်ခဲ့သော အမျိုးသားနေ့မှာ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးမှ လူပေါင်း ၅၇၇၄ ဦးကို လွှတ်ပေးသည့် ဖြေလျှော့မှုတချို့၌ နိုင်ငံရေးနှင့်ဆက်စပ်သူ ၇၀၀ ကျော် ပါဝင် သည်ဟု ဆိုသည်။
သို့သော် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ၏ နိုဝင်ဘာလ ၁၈ ရက်နေ့ ထုတ်ပြန် ချက်တွင် ယခုအပတ် လွတ်ငြိမ်းခွင့်အရ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသား အရေအတွက်မှာ ၇၂ ယောက်သာ ရှိသေးသည်ဟု ဖော်ပြသည်။
ထိုသို့ အကျဉ်းသားများ လွှတ်ပေးရာတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ စာရေးဆရာ မောင်သာချို၊ ရွှေညဝါ ဆရာတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသိန်းဦး၊ ရှေ့နေ ဦးကျော်ဟိုး၊ ရန်ကုန်တိုင်း လွှတ်တော် ဒုတိယဥက္ကဌဟောင်း ဦးလင်းနိုင်မြင့်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေတို့ ပါသည်။
အလားတူ UEC အဖွဲ့ဝင် ဦးသန်းဌေး၊ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနဲလ်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း မစ္စဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား ဒါရိုက်တာ မစ္စတာ ကူဘိုတာ၊ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦး၊ မဇ္ဈိမသတင်းဌာန အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်၊ သံလွင်သွေးချင်း သတင်းဌာနမှ အယ်ဒီတာ မမြဝန်းရံ၊ မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်း၊ အလွတ်တန်း သတင်း ထောက် ကိုလပြည့်၊ အလွတ်တန်း ဓာတ်ပုံဆရာ ဦးဆန်းမြင့်တို့လည်း ပါဝင်ခဲ့သည်။
ယခုကဲ့သို့ အကျဉ်းသား အမြောက်အများ လွှတ်ပေးမှုကို ဝမ်းသာကြိုဆိုကြောင်း အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်က ထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာနိုင်ငံအရေး ပုံမှန်ပြန်ဖြစ်စေဖို့အတွက် သက်ဆိုင်သူအားလုံး ပါဝင် ဆွေးနွေးနိုင်ရေး လမ်းကြောင်းကို ဖန်တီးနိုင်မည့် ပဏာမခြေလှမ်းအဖြစ် ယူဆကြောင်းလည်း ပြောကြားခဲ့သည်။
မြန်မာ့တပ်မတော် ဖြုတ်ချရေး လက်နက်ကိုင် တိုက်ပွဲ၀င်နေတဲ့ KNDF ကိုတွေ့ရစဉ်(KNDF)
"လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာက အာဆီယံသဘောတူညီချက် ငါးချက်ထဲမှာ ပါဝင်တဲ့ အဓိကသုံးချက်ဖြစ်တဲ့ အကြမ်းဖက်မှု အဆုံးသတ်ရေး၊ လူသားချင်းဆိုင်ရာ အကူအညီတွေ လွှဲပြောင်းပေးရေး၊ အားလုံးပါဝင်တဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲအတွက် ယုံကြည်မှု တည်ဆောက်ရေးတို့အတွက် ပိုမိုတိုးတက်မှု ရရှိလာဖွယ်ရှိနေတယ်"ဟု အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆိုခွန်က ပြောသည်။
ပြီးခဲ့သည့် အာဆီယံအထူးသံတမန်၏ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဥ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ခွင့်ပေးဖို့ တောင်းဆိုခဲ့ရာမှာ “အမှုတွေ စီရင်စစ်ဆေးပြီးမှသာ“ တွေ့ခွင့်ပေးဖို့ စဥ်းစားနိုင်မည်ဖြစ်ကြောင်း နစက ဘက်က တုံ့ပြန်ခဲ့သည်။
သို့ရာတွင် "နိုင်ငံရေးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး၊ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနိုင်ရေး၊ နစကနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနိုင်ရေး ဖြစ်နိုင် မဖြစ်နိုင်ပေါ့၊ ပထမဆုံး ပြောချင်တာ ကတော့ တရားဥပဒေ ရင်ဆိုင်နေရဆဲ၊ ပြစ်ဒဏ်ကျခံနေရဆဲ လူတွေနဲ့ တွေ့ဆုံဖို့အတွက်တော့ ကန့်သတ်ချက် ရှိတယ်၊ နောင်မှာ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကတော့ နိုင်ငံရေးမှာ ဘာမှ ကြိုပြောလို့ မရဘူး"ဟု နစက သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာ ရှင်းလင်းပွဲများမှာ ထုတ်ပြောလေ့ ရှိသည်။
NLD အစိုးရ ဖြုတ်ချခံခဲ့ရမှုအလွန် ယခုနှစ် အောက်တိုဘာလအထိ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၈၆ ခုမှာ တိုက်ပွဲ ပေါင်း ၇,၇၀၀ ကျော် ဖြစ်ပွားခဲ့ပြီး မြို့နယ်ပေါင်း ၈၁ ခုမှာ နေအိမ်နှင့် ဘာသာရေး အဆောက်အအုံ ၃၈,၅၆၈ လုံး ထက်မနည်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း၊ ပြည်တွင်း တိုက်ပွဲရှောင်ဒုက္ခသည် အရေအတွက် ၁,၆၅၀,၆၁၁ ဦး ထက်မနည်း ရှိလာကြောင်း၊ နောက်ဆက်တွဲ ပဋိပက္ခဖြစ်စဉ်များကြောင့် အရပ်သား သေဆုံးမှု ၇,၁၅၈ ဦးထက် မနည်း ရှိလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)က အစီရင်ခံခဲ့ သည်။
တဖက်မှာလည်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့၏ ဒလန် အဖြစ် စွပ်စွဲသတ်ဖြတ်ခံရသူ ၃,၅၀၀ ကျော်ရှိခဲ့ပြီး ရဟန်းသံဃာ၊ ပညာရေးဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၁၂ဝ)ဦးအထိ ပါဝင်ကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။
ပရက်ဆိုခွန်၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အစီရင်ခံစာ တရပ်တွင် ပဋိပက္ခထဲမှာ ပြည်သူများက ထိခိုက် ခံစားကြရတာမို့ နစကဘက်ကိုရော တခြားဘက် တဖက်ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကိုလည်း အကြမ်းဖက်မှုများ ရပ်ကြဖို့ တောင်းဆိုထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဗဟိုအလုပ်ကော်မတီ၏ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ ၂ နှစ်ပြည့် အထိမ်းအမှတ် ကြေညာချက်တွင် “အာဆီယံ အထူးကိုယ်စားလှယ် အပါအဝင် မြန်မာ့အရေးဆိုင်ရာ ကိုယ်စားလှယ်များ အားလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်စွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်မှသာ လက်တွေ့ကျသော ပြဿနာပြေလည်ရေးလမ်းစ ရရှိနိုင်မည်ဖြစ်ကြောင်း မိမိတို့ ယုံကြည်ပါသည်”ဟု ဆိုထားသည့်အပေါ် ထူးခြားမှု ရှိ/မရှိ ဆက်လက် စောင့်ကြည့်နေရဦးမည်။
သို့ရာတွင် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းများကို လူပုဂ္ဂိုလ်နှစ်ဦး တွေ့ဆုံရုံဖြင့် ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။
ဒီမိုကရေစီကိုတောင်းဆိုကြစဉ် (GETTY IMAGES)
“မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာက လူပုဂ္ဂိုလ်နှစ်ဦးနဲ့တော့ တွေ့ဆုံရုံနဲ့ ပြီးပြည့်စုံလိမ့်မယ်လို့ ကျနော်တော့ အဲဒီလိုမမြင်ဘူး။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ လွတ်လပ်ရေး ရပြီးကတည်းက ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာတွေက မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် မရှိတဲ့ ပြဿနာကို အဓိက ဦးစားပေးပြီး ဖြေရှင်းဖို့ လိုလိမ့်မယ်လို့ ကျနော်တော့ အဲဒီလိုမြင်တယ်” ဟု ၎င်းက ဆိုသည်။
ထို့အတူ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုအားလုံး ပါဝင်သည့် ဆွေးနွေးမှုကသာ နိုင်ငံအတွက် အာမခံချက်ရှိသည့် ငြိမ်းချမ်းရေးကို ကျနော်တို့ လမ်းစဖွင့်နိုင်မည်ဟု နစကနှင့် တွေ့ဆုံစကား ဆွေးနွေးပြောဆိုနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုသည်။
“ကျနော်တို့ နိုင်ငံမှာ ရှိနေတဲ့ ဖက်ဒရယ်အင်အားစုအားလုံး၊ ဒီမိုကရေစီ အင်အားစုတွေ အားလုံး ပူးပေါင်းပါဝင် ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းကသာလျှင် ကျနော်တို့ နိုင်ငံအတွက် အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးကို ကျနော်တို့ လမ်းစဖွင့်နိုင်မယ်၊ တည်ဆောက်လို့ရမယ်” ဟု ၎င်းက ပြောသည်။
မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး ပရက်ဆိုခွန် တင်သွင်းသည့် အစီရင်ခံစာမှာ ကမ္ဘောဒီးယားနိုင်ငံ၏ ဥပမာများ ကို အခြေပြုပြီး “စစ်ပွဲကို စစ်ပွဲနဲ့ အဆုံး မသတ်နိုင်ဘူး”ဟု ဆိုထားသလို “ဒါပေမယ့် SAC ရော NUG ရော နှစ်ဖက် လုံးက စစ်ပွဲမှာ သူတို့ဘက်ကနိုင်မှာ”ဟု ခံယူထားနေကြသည်ဟု ဆိုသည်။
“စစ်ကောင်စီဟာ ၂၀၂၃ ရွေးကောက်ပွဲကို သူ့အတွက် နိုင်ငံရေးထွက်ပေါက်အဖြစ် မျှော်လင့်ထားတာ ထင်ရှား တယ်။ စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီထဲမှာလည်း ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ပြီး သူ့စီမံချက်ထဲမှာ စနစ်တကျ အကွက်ဝင်အောင် စီမံနေတာကို ကျနော်တို့ တွေ့နေရပါတယ်။ ဒါတွေကို သတိကြီးကြီးထားပြီး စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့လိုပါတယ်”ဟု ယာယီသမ္မတက ဆိုသည်။
တချို့ကလည်း အတိုက်အခံ အင်အားစုသည် စစ်တပ်ကို ဖြုတ်မချနိုင်ဘဲ နစက ကျင်းပမည့် ရွေးကောက်ပွဲ မဖြစ်အောင် ဟန့်တားခြင်းဖြင့် ရှေ့ဆက်သွားမည်ဆိုလျှင် မြန်မာ့နိုင်ငံရေးသည် ထွက်ပေါက်ပိတ်ကာ လူထု ပိုမို ထိခိုက်နိုင်သည်ဟု ဆိုနေကြသည်။
ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ နစက(SAC) ကျင်းပမည့် ရွေးကောက်ပွဲကို အမြင် ကျဉ်းမြောင်းစွာ ကြည့်မည်ဆိုလျှင်တော့ သူ့(SAC)အတွက်သာ ထွက်ပေါက်ဟု မြင်ရမည်ဖြစ်ကြောင်း၊ အမြင် ကျယ်ကျယ် လေ့လာကြည့်မည်ဆိုပါက မြန်မာနိုင်ငံအတွက် တွေ့ဆုံဆွေးနွေးရေး မလုပ်နိုင်သည့်အဆုံး နောက် ဆုံး ထွက်ပေါက်တစ်ခု ဖြစ်သည်ကို မြင်ရမည်ဖြစ်ကြောင်း ပြောသည်။
ထို့ကြောင့်မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် ထွက်ပေါက်မှာ ဘာလဲ စဉ်းစား အဖြေရှာရမည် ဖြစ်သလို မြန်မာ့နိုင်ငံရေးအတွက် ထွက်ပေါက်ဖြစ်မည့် နည်းလမ်းအသစ်မှာ မည်သည့် နည်းလမ်းလဲဆိုသည်ကို အားလုံးက ဝိုင်းဝန်းရှာဖွေရမည့်အချိန် ရောက်နေပြီဖြစ်ကြောင်း။
- By CNI
- Category: ဆောင်းပါး
- Hits: 961
CNI International Article
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၄
တရုတ်အစိုးရ၏ ကိုဗစ်ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့် ပတ်သက်၍ တရုတ်ပြည်သူ ထောင်များစွာက မကျေနပ်ချက်များ ဖွင့်ထုတ်ကာ ဆန္ဒပြနေရှိသည်။
တရုတ်အစိုးရအပေါ် ဟောင်ကောင်တွင် လူပေါင်းများစွာက ရက်ပေါင်းများစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသော်လည်း တရုတ်ပြည်မကြီး၌ ယခုကဲ့သို့ အင်တိုက်အားတိုက် ဆန္ဒပြနေကြခြင်းက ၁၉၈၉ နောက်ပိုင်းမှာ ပထမဆုံး ဖြစ် သည်။
တရုတ်နိုင်ငံတွင်း မတည်ငြိမ်မှု တချို့ ရှိခဲ့သည်မှာ မှန်သော်လည်း ပေါ်ပေါက်ခဲ့ဖူးသည့် ဆန္ဒပြမှုများမှာ အများအား ဖြင့် အင်အားနည်းပြီး အလွယ်တကူ ပင်ပြီးဆုံးခဲ့ရသည်။
သို့သော် ယခုတစ်ကြိမ်တွင်တော့ ယခင်ကနှင့် မတူတော့ချေ။ တရုတ်အရာရှိများ အနေဖြင့် အဓိက စိုးရိမ်ရမည် မှာ ဆန္ဒပြသူများ၏ အင်အားထုထည် ကြီးမားမှု၊ တစ်နိုင်ငံလုံးကို ပျံ့နှံ့မှုနှင့် ၎င်းတို့၏ ဆက်လက် တည်ရှိ နေမှုပင် ဖြစ်သည်။
တရုတ်၏ ကိုဗစ် ကန့်သတ်ချက်ကို လူထုက ဆန့်ကျင်နေစဉ် (GETTY IMAGES)
ထို့ကြောင့် တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် တိန့်အန်မင် ရင်ပြင် ဖြစ်စဉ်နောက်ပိုင်း ယခုကဲ့သို့သော ဒီမိုကရေဒီ ရေး လှုပ်ရှားမှုဆိုင်ရာ ခြိမ်းခြောက်မှုမျိုးနှင့် ကြုံတွေ့ခဲ့ရဖူးခြင်း မရှိချေ။ ယခုတစ်ကြိမ် ဆန္ဒပြပွဲများ၏ အဓိက မီးပွားမှာ အနည်းဆုံးလူ ၁၀ ဦး သေဆုံးခဲ့ရသည့် နိုင်ငံအနောက်ပိုင်း Urumqi မြို့ တိုက်ခန်းတစ်ခု မီးလောင်မှု ကြောင့် ဖြစ်သော်လည်း ဆန္ဒပြပွဲများမှာ ယခင်ကတည်းက ရှိနေကြခြင်း ဖြစ်သည်။
ယခု ဆန္ဒပြပွဲများသည် အစိုးရ၏ ကိုဗစ် ထိန်းချုပ်ရေး မူဝါဒများအပေါ် ပြည်သူများ သည်းမခံနိုင်တော့ခြင်းကနေ တဆင့် စတင် အခြေခံသော်လည်း ဆန္ဒပြပွဲများကို အရှိန်မြင့်လာစေသည့် တခြားအချက်များလည်း ရှိနေသေး သည်။
တရုတ်နိုင်ငံတွင် ထင်ရှားသော ဆိုရိုးတစ်ခု ရှိသည်။ “ အစိုးရအနေဖြင့် ပြည်သူများကို ချမ်းသာကြွယ်မှုနှင့် တည်ငြိမ်မှုရှိသော လူ့ဘောင် အဖွဲ့အစည်းတစ်ခုကို ဆောင်ကျဉ်း ပေးမည်ဖြစ်ပြီး ပြည်သူများ အနေဖြင့် တိုင်းပြည်ကို မောင်းနှင်နေသော အရာကို လုပ်ဆောင်ခွင့်ပြုပေးရန်” ပင်ဖြစ်သည်။
၎င်းက လူပေါင်းများစွာ သေဆုံးခဲ့ရသည့် တိန့်အန်မင် ဖြစ်ရပ်ဆိုး နောက်ပိုင်း ကွန်မြူနစ်အစိုးရနှင့် ပြည်သူများ အကြား အပြန်အလှန် နားလည်ထားကြသော အခြေအနေ တစ်ရပ်လည်း ဖြစ်သည်။
တရုတ်ပြည်သူများ ဘက်တွင်လည်း ၎င်းတို့ငယ်စဉ် ဘဝကတည်းကမှ နိုင်ငံ၏မတည်ငြိမ်မှု၊ ဆင်းရဲမှုနှင့် အုံကြွမှု သမိုင်းကြောင်းများကို လေ့လာခဲ့ရပြီး ဖြစ်သည့်အတွက် တည်ငြိမ်မှုနှင့် ချမ်းသာကြွယ်ဝမှုက တရုတ်နိုင်ငံ အတွင်း မရှိမဖြစ် လိုအပ်သော အရာတစ်ခု ဖြစ်သည်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကိုတွေ့ရစဉ် (GETTY IMAGES)
၎င်းကို ပြည်သူများအနေဖြင့် ထိုအခြေအနေများကို အတိတ်တွင်သာ ထားခဲ့နိုင်စေရန် အစိုးရအနေဖြင့် လုပ်နိုင် စွမ်း ရှိသည်ဟုလည်း ယုံကြည်မှု ရှိခဲ့ကြသည်။ သို့သော် ကိုဗစ် အခြေအနေအတွင်း ပေါ်ပေါက်လာသည့် လော့ဒေါင်းကာလတွင် ပြည်သူများသည် အစိုးရနှင့် ၎င်း၏လုပ်နိုင်စွမ်းတို့အပေါ် စတင် သံသယရှိလာခဲ့ကြသည်။
ကွန်မြူနစ်အစိုးရ၏ ကိုဗစ်လုံးဝ ကင်းစင်ရေး zero-Covid မူဝါဒအတွင်း ပြည်သူပေါင်း များစွာသည် ၎င်းတို့၏ နေရာများတွင် ပိတ်လှောင်ခြင်း ခံထားခဲ့ရကာ အစိုးရ၏ တင်းကြပ်သော စဉ်းမျဉ်းများက လူအများအပြား သေဆုံးမှုအထိ ဖြစ်ပေါ်လာနိုင်သည့်အပေါ် စိုးရိမ်လာကြသည်။
Urumqi ဖြစ်စဉ်တွင် ကိုဗစ်ကာလ ကွာရန်တင်းအဖြစ် ပိတ်လှောင်ခံထားရသော လူများ ကိုဗစ်စည်းမျဉ်းများ ကြောင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် နှောင့်နှေးကြန့်ကြာမှု ရှိချိန်၌ အရှင်လတ်လတ် မီးလောင် ခံခဲ့ရမှုအပေါ် အခြေခံ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။
ထိုအခြေအနေကို ပိုပြီး ဆိုးရွားလာခဲ့ရသည်မှာ နိုင်ငံ၏ စီးပွားရေး အနေအထားပင် ဖြစ်သည်။ လော့ဒေါင်းအဖြစ် သတ်မှတ်ထားစဉ် ကာလအတွင်း နိုင်ငံ၏ စီးပွားရေး အခြေအနေမှာ ဆက်လက် တိုးတက်လာခဲ့ခြင်း မရှိ သောကြောင့် ဖြစ်သည်။
တခြားသော ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး အနေအထားများ ကိုဗစ်ကာလမှ ရုန်းထွက် လာနိုင်သော်လည်း ထိုထဲတွင် တရုတ်နိုင်ငံ ပါဝင်လာခြင်း မရှိသေးမှုအပေါ် ပြည်သူများက သဘောပေါက်လာကြသည်။
နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိဘဲ တရုတ်ပြည်သူ ထောင်ပေါင်းများစွာက ကမ္ဘာ့ဖလားကို စုဝေးကြည့်ရှု နေသည့် ပုံရိပ်များက အစိုးရအပေါ် တရုတ်ပြည်သူများ၏ ယုံကြည်မှု သိသိသာသာ ကျဆင်းလာသည်ဆိုသော အကောင်းဆုံး ပြယုဂ်လည်း ဖြစ်သည်။
တရုတ်၏ ကိုဗစ် ကန့်သတ်ချက်ကို လူထုက ဆန့်ကျင်နေစဉ် (GETTY IMAGES)
အဆိုပါ ဖြစ်ရပ်များက တရုတ်ကွန်မြူနစ် အစိုးရနှင့် ပြည်သူများအကြား ယခင်ကလို အစေးကပ်ခြင်း မရှိတော့ သည်ကို ညွှန်းဆိုနေပြီး ထိုအနေအထားက တစ်စုံတစ်ရာ ပြောင်းလဲမှု ဖြစ်လာနိုင်သည့် အခြေအနေပင် ဖြစ်သည်။
ထို့ကြောင့် နောက်ထပ် နောက်ထပ် မတည်ငြိမ်မှုများ ဆက်လက် ပေါ်ပေါက်လာနိုင်သည့် သဘောလည်း သက် ရောက်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် နိုင်ငံ၏ ကိုဗစ် ကင်းစင်ရေး မူဝါဒအပေါ် များစွာရင်းနှီးမြုပ်နှံမှု ပြုလုပ်ထားခဲ့ သော်လည်း လုပ်ဆောင်မှုများမှာ ထိရောက်မှု မရှိသေးချေ။ ကိုဗစ်ရောဂါမှ လူ့အသက် ပေါင်းများစွာကို ကယ်တင် ရန် တခြားနိုင်ငံများမှ လိုအပ်သော ဆေးဝါးများအား တင်ပို့ရမည့်အစား အစိုးရဘက်မှ ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် ရောဂါဖြစ်သည့် နေရာတိုင်းတွင် တင်းကြပ်သော လူမှုနေထိုင်မှုဆိုင်ရာ စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
သို့သော် လုပ်ဆောင်မှုများကို အောင်မြင်မှု မရှိခဲ့ဘဲ နိုင်ငံတွင်းရှိ မြို့ပေါင်းများစွာတွင် ရောဂါဖြစ်ပွားမှုများနှင့် ရင်ဆိုင်နေရမြဲပင် ဖြစ်သည်။ ပြည်သူများဘက်မှ သတ်မှတ်ချက်များကို အာခံခါ ဆန္ဒပြပွဲများကို ဆက်လက် လုပ်ဆောင်နေဦး မည်ဆိုလျှင် ဗိုင်းရပ်စ်ပျံ့နှံ့မှုမှာ ပို၍ ဆိုးရွာလာဖို့ပင် ရှိတော့သည်။
ထိုသို့ ဖြစ်ပေါ် လာနိုင်မည့် အခြေအနေအပေါ် အစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်ထားသည့် ပုံလည်း မတွေ့ရပါ။
“ကူးစက်မှုနှုန်း အမြင့်ဆုံးသို့ ရောက်ရှိလာချိန်တွင် ဆေးရုံတက် ကုသမှုများပါ လိုအပ်လာမည်ဖြစ်ပြီး ထိုအခြေ အနေအတွက် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အရေးပေါ် ဆောင်ရွက်ချက်များကို အမြန်ဆုံး လုပ်ဆောင် သွားရမည်” ဟု လန်ဒန်ကင်းကောလိပ် (King's College London) မှ ပါမောက္ခ ကယ်ရီဘရောင်း ( Kerry Brown) ကပြောသည်။
တရုတ်ကွန်မြူနစ်ပါတီ အလံကိုတွေ့ရစဉ်(GETTY IMAGES)
ခြေရာခံခြင်း၊ ရှာဖွေခြင်းနှင့် လော့ဒေါင်း ပြုလုပ်ခြင်းသည် တည်ငြိမ်မှုရှိသော ပြည်သူများအတွက် အလုပ် ဖြစ်နိုင် သည်မှာ မှန်သော်လည်း တာဝန်ရှိသူများကို အယုံအကြည် မရှိသော၊ မူဝါဒများ အပေါ် မနှစ်မြို့သော ပြည်သူများ အတွက်တော့ ထိန်းချုပ်နိုင်မည်မဟုတ်ပေ။
“ ယခုကဲ့သို့ နည်းလမ်းဟောင်းများနှင့် ဆက်လက် ဆောင်ရွက် နေဦးမည်ဆိုလျှင် နောက်ထပ် နောက်ထပ် ဆန္ဒပြပွဲကြီးများ ဆက်လက် ပေါ်ပေါက်လာမည်ဖြစ်ပြီး ၎င်းက ပိုပြီး ခြိမ်းခြောက်မှုရှိသည့် အရာတစ်ခု အဖြစ် ပြောင်းလဲသွားမည်” ဟု ပါမောက္ခ ကယ်ရီဘရောင်းက ဆက်လက် သုံးသပ်သည်။
ရှေးယခင် မင်းဆက်များကတည်းက အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးခြင်း ရှိသောကြောင့် တရုတ်အာဏာပိုင်များ အစိုးရိမ်ဆုံးအရာမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန့်ကျင်မှုပင် ဖြစ်သည်။
တရုတ်နိုင်ငံတွင် ၁၉၉၀ နှစ်များအတွင်း Falun Gong ဟုခေါ်သော ဘာသာရေး လှုပ်ရှားမှုတစ်ခု ပေါ်ပေါက်ခဲ့ကာ ယင်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပျံ့နှံ့ခဲ့ဖူးသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြမှု တစ်ခုအတွင်း ထိုလှုပ်ရှားမှုကို ထောက်ခံသူများက ဘေဂျင်းမြို့ အစိုးရဝန်းအတွင်းရှိ Zhongnanhai ကို ဝန်းရံခဲ့ကြသည်။ ထိုဖြစ်ရပ်သည် တရုတ်အာဏာပိုင်များအတွက် အထိတ်တလန့် ဖြစ်စေခဲ့ကာ ထိုသူများကို ဖယ်ရှားရန်အတွက် အပြင်းထန် အရက်စက်ဆုံး နည်းလမ်းများကို အသုံးပြုခဲ့သည်။
ထို့အပြင် ထောက်လှမ်းရေးစနစ် တစ်ခုတွင်လည်း ဘီလီယံပေါင်းများစွာ ရင်းနှီးမြုပ်နှံကာ သဘောထား ကွဲလွဲမှု များနှင့် မတည်ငြိမ်မှုများကို ကြိုတင်တားဆီးရန်နှင့် ပျံ့နှံ့သွားခြင်းမှ တားဆီးရန် ကြိုးပမ်းခဲ့သည်။
တရုတ်နိုင်ငံတွင်းမှ မတည်ငြိမ်မှုများသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ် သည်။ ထိုအခြေအနေများတွင် ကွန်မြူနစ် အစိုးရအနေဖြင့် ယင်းတို့ကို တားဆီးရန် နည်းလမ်းမျိုးစုံဖြင့် မဖြစ်မနေ တားဆီးသွားမည်မှာလဲ သေချာသလောက်ပင်ရှိသည်။
သို့သော် တရုတ်အစိုးရအနေဖြင့် ဆယ်စုနှစ် ၃ ခုတာ ကာလအတွင်း ထိုသို့ တားဆီးနေရင်းနှင့်ပင် ယခုကဲ့သို့သော အကြီးမားဆုံး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ကို သတိပြုရမည်လည်း ဖြစ်သည်။
Source: Sky News
- By CNI
- Category: ဆောင်းပါး
- Hits: 2265
CNI Sport Article
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၇
နောင်အနှစ် ၅၀ ကြာလည်း ရော်နယ်ဒိုအကြောင်းကို အားလုံးက ဆက်ပြောနေမှာပါပဲ။
ဒီစကားကို ပြောလိုက်တာကတော့ ပေါ်တူဂီလက်ရွေးစင် အသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်ပဲ ဖြစ်ပါတယ်။
ပေါ်တူဂီလက်ရွေးစင် အသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်က ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရော်နယ်ဒို စံချိန်သစ် တင်ပြီးနောက် ဒီစကားကို ပြောခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ နည်းပြ ဆန်းတို့စ်ကိုတွေ့ရစဉ် (CTV News)
ရော်နယ်ဒိုဟာ ဂါနာအသင်းနဲ့ ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် ဂိုးသွင်းယူပြီးနောက် ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့တာပါ။
အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင် အသင်းနဲ့အတူ ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ဝင်ရောက် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
ဒီလိုမျိုးစံချိန်ကို နာမည်ကြီး ကစားသမား အများအပြား ဘယ်သူကမှ မလုပ်နိုင်ခဲ့ပေမယ့် ရော်နယ်ဒိုက လုပ်နိုင်ခဲ့ တာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ် ကစားဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေပြီး ရော်နယ်ဒိုဟာ ၂၁ နှစ် သားထဲက ဒီပြိုင်ပွဲမှာ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
ပြီးတော့ ၅ ကြိမ်ဆက် ဂိုးသွင်းဖို့ ဆိုတာလည်း တကယ်ကို မလွယ်ကူတာပါ။ ဒါကို ရော်နယ်ဒိုက လုပ်ဆောင်နိုင် ခဲ့တာ ဖြစ်ပါတယ်။
အားလုံးလည်း သိနေတဲ့ အတိုင်းပါပဲ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ယူနိုက်တက်အသင်းနဲ့ စာချုပ် ဖျက် သိမ်းထားတာ ဖြစ်ပါတယ်။ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အပြီးမှာ ရော်နယ်ဒိုဟာ ယူနိုက်တက် ကိုရော အသင်းပိုင်ရှင် ဂလေဇာမိသားစုနဲ့ နည်းပြ အဲရစ်တန်ဟတ်တို့ကို ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့တာပါ။
ရော်နယ်ဒို အကောင်းဆုံးဆု ရခဲ့(Sports Brief)
ရော်နယ်ဒိုဟာ ဒီလိုတွေ ပြောခဲ့မှုကြောင့် ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်း ခဲ့ရပေမယ့် အာရုံဝေဝါးသွားတာ မရှိဘဲ ပေါ်တူဂီအတွက် အပြည့်အဝ အာရုံစိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ စံချိန်မှတ်တမ်းသစ်ကို ရေးထိုးနိုင်ခဲ့တာပါ။
ရော်နယ်ဒိုက “ကျနော်နဲ့ ယူနိုက်တက်တို့ရဲ့ အခန်းကဏ္ဍ ပြီးဆုံးသွားတာ တစ်ပတ်လောက်ရှိပါပြီ။ ဒါကို ပိတ် လိုက်ပါပြီ။ ကျနော် ပေါ်တူဂီကို အနိုင်ရအောင် ကူညီမယ်၊ ကျန်တာဘာမှ အရေးမကြီးပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တာကို ကျနော်အလွန် ဂုဏ်ယူတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတင်ပါဝင်ခွင့် ရခဲ့ပြီး အီရန်အသင်းနဲ့ ပွဲမှာ ဂိုး စတင် သွင်းယူနိုင်ခဲ့တာပါ။
လက်ရှိအချိန်မှာ ရော်နယ်ဒိုရဲ့ ကမ္ဘာ့ဖလား သွင်းဂိုးက ၈ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီ အတွက် ၁၉၂ ပွဲ ပါဝင်ကစားထားပြီး ၁၁၈ ဂိုး သွင်းယူကာ နိုင်ငံတကာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် လည်း စံချိန်တင် ထားခဲ့တာပါ။
ဂါနာအသင်းဘက်ကို ဂိုးသွင်းနေတဲ့ ရော်နယ်ဒို (New Straits Times)
ဖာနန်ဒိုဆန်းတို့စ်က “ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး၊ ထာဝရ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးပါ။ ရော်နယ်ဒိုဟာ သဘာဝက ဖြစ်လာတဲ့သူ၊ ဂန္တဝင်ပါ။ နောက်ထပ် အနှစ် ၅၀ ကြာရင်လည်း ကျနော်တို့ သူ့အကြောင်းကို ဆက်ပြီး ပြောနေဦးမှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဂါနာနဲ့ ပွဲမှာ သွင်းယူတဲ့ ဂိုးကြောင့် ကမ္ဘာ့ဖလား၊ ယူရိုပြိုင်ပွဲ အပါအဝင် အဓိကပြိုင်ပွဲ ၁၀ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ရော်နယ်ဒိုရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်း ဖွန်တီက “ ရော်နယ်ဒိုက စံချိန်မှတ်တမ်းတွေနဲ့အတူ ဒီကမ္ဘာ့ ဖလားကို လာရောက်တာပါ။ မှတ်တမ်းတွေက သူ့နောက်ကို လိုက်နေတာပါ။ ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်း ယူနိုင်လို့ သူအလွန်ဂုဏ်ယူ နေမယ်ဆိုတာ သေချာပါတယ်။ ဒါက သူ့အတွက်ရော ပေါ်တူဂီအတွက်ပါ ကောင်းမွန် တဲ့ အောင်မြင်မှုတစ်ခုပါ”လို့ BBC 5 Live နဲ့ အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုအတွက် ဒီကမ္ဘာ့ဖလားဟာ နောက်ဆုံးက မ္ဘာ့ဖလားဖြစ်ဖို့ များနေလို့ အာရုံအပြည့်အဝ စိုက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ရော်နယ်ဒိုအတွက် နောက်ထပ် စံချိန်မှတ်တမ်း ကောင်းတွေကလည်း စောင့်မျှော်နေတာပါ။
ရော်နယ်ဒိုနဲ့ ပေါ်တူဂီအသင်းဖော်များကိုတွေ့ရစဉ် (Reuters)
ဘောလွန်းဒီအောဆု ၅ ကြိမ်၊ ယူရိုချန်ပီယံဆုနဲ့ နေးရှင်းလိဂ် တို့ကို ရယူထားတဲ့ ရော်နယ်ဒို အတွက်တော့ ကမ္ဘာ့ ဖလား ချန်ပီယံဆု ရယူဖို့က သူ့အတွက် အိမ်မက်အဖြစ် ရှိနေပါတယ်။ ဒါကိုသူကလည်း အကောင်အထည် ဖော်ချင်နေတာပါ။
ဒါကြောင့်လည်း သူက ကမ္ဘာ့ဖလားပြိုင်ပွဲမှာသာ ချန်ပီယံဖြစ်မယ်ဆိုရင် လက်ရွေးစင် ကစားသမားဘဝကို အဆုံး သတ်တော့မယ်လို့ ပြောထားတာ ဖြစ်ပါတယ်။
ယူနိုက်တက် တိုက်စစ်မှူးဟောင်းအတွက် ကစားသမားဘဝ ပြီးပြည့်စုံဖို့ဆိုရင် ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ဖို့ပဲ လိုအပ်တော့တာပါ။ အသင်းဖော်တွေကလည်း ရော်နယ်ဒိုအတွက် ကမ္ဘာ့ဖလား ရယူပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဝန်ခံထားကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူပြီး စံချိန်သစ်တွေထပ်ပြီး တင်နိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
Source: BBC