
- By CNI
- Category: ဆောင်းပါး
- Hits: 737
CNI Article
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃
လွန်ခဲ့သည့် သုံးနှစ်က အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒန် (Joe Biden) အနိုင်ရရှိခဲ့ချိန်က ပါလက်စတိုင်း လိုလားသည့် တက်ကြွလှုပ်ရှားသူများအကြား ပါလက်စတိုင်းအပေါ် ထားရှိသော အမေရိကန်၏ မူဝါဒသည် အပြုသဘောဆောင်သည့် အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်ချက်တစ်ချို့ကို ပေါ်ပေါက်စေခဲ့သည်။
ဘိုင်ဒန်မတိုင်မီ ယခင်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်က အမေရိကန်အစိုးရသည် အစ္စရေး၏ လက်ယာအစွန်းရောက် မူဝါဒကို အပြည့်အဝ ချမှတ်ကျင့်သုံးခဲ့သည်။
ထို့ကြောင့် ယခုဖြစ်ပွားနေသည့် အစ္စရေး-ဂါဇာ ပဋိပက္ခမတိုင်မီ အချိန်အထိ ထရမ့်၏ အစိုးရအဖွဲ့သည် ပါလက်စတိုင်းတို့အတွက် အဆိုးရွားဆုံး အမေရိကန်အစိုးရအဖြစ် ယူဆခံခဲ့ရသည်။
လက်ရှိတွင်မူ ဘိုင်ဒန်သည် ဂါဇာဒေသကို လူမျိုးသုဉ်း သတ်ဖြတ်မှု ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်နေသည့် အစ္စရေးကို အပြည်အဝ လက်ခံပေးထားပြီး ဂါဇာဒေသအပေါ် လျှပ်စစ်ဓာတ်အား၊ သောက်သုံးရေ၊ အစားအစာနှင့် ဆေးဝါးများ တင်သွင်းမှုကို ပိတ်ဆို့ထားသည့် အစ္စရေးကို ထောက်ခံပေးလျက်ရှိသည်။
ထိုမျှမက ရာနှင့်ချီသည့် ပါလက်စတိုင်း အရပ်သားများကို နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသော အစ္စရေး၏ တိုက်ခိုက်မှုများကိုလည်း မှန်ကန်ကြောင်း ဖော်ပြခဲ့သည်။
ဘိုင်ဒန်သည် အစ္စရေး၏ စစ်ရာဇဝတ်မှုများကို ဖုံးဖိပေးခဲ့ပြီး ပါလက်စတိုင်း ၄၇၀ ကျော် သေဆုံးခဲ့သည့် al-Ahli Arab ဆေးရုံ တိုက်ခိုက်ခံရမှုသည် ၎င်းတို့လက်ချက် မဟုတ်ကြောင်း အစ္စရေးစစ်တပ်၏ ပြောဆိုမှု အပါအဝင် အစ္စရေးအစိုးရ၏ ဝါဒဖြန့်မှုများကိုလည်း သံယောင်လိုက်ပြောဆိုခဲ့သည်။
အစ္စရေးက ပါလက်စတိုင်းတွေကို တိုက်ခိုက်စဉ်
ထို့ပြင် ဂါဇာဒေသအတွင်း သေဆုံးသူ စာရင်းကိုလည်း ဘိုင်ဒန်က မေးခွန်းထုတ်ခဲ့ပြီး ပါလက်စတိုင်းတို့သည် သေဆုံးသူစာရင်းကို လိမ်ညာထုတ်ပြန်နေသည့် အသွင်ဖြင့် စောင်းပါးရိပ်ခြည် ပြောဆိုခဲ့သည်။
ထို့ကြောင့် ဘိုင်ဒန်သည် ပါလက်စတိုင်းတို့၏ ဂုဏ်သိက္ခာကို ကင်းမဲ့စေရန် လုပ်ဆောင်မှုတွင် ထရမ့်ထက်ပိုပြီး ဆိုးရွားနေသည်ဟု ယူဆချက်များ ထွက်ပေါ်ခဲ့သည်။
စင်စစ်တွင် အမေရိကန်သည် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတွင် ရိုးသားမှုရှိသည့် ကြားဝင်စေ့စပ်သူတစ်ဦး အဖြစ် မည်သည့်အခါကမျှ မဖြစ်ခဲ့ပေ။
ဆန့်ကျင်ဘက်အနေနှင့် အမေရိကန်သည် အစ္စရေးလိုလားသည့် မူဝါဒများကိုသာ အမြဲတမ်း ထိန်းသိမ်းထားပြီး ပါလက်စတိုင်းတို့၏ အခြေခံအခွင့်အရေးများကို အလုံးစုံ လျစ်လျူရှုခဲ့သည်။
ထို့ပြင် အမေရိကန်သည် တရားမျှတမှုအပေါ် အခြေခံသည့် ငြိမ်းချမ်းရေး ရရှိစေရန် မည်သည့်အခါကမျှ အားထုတ် ကြိုးပမ်းခဲ့ခြင်းမရှိဘဲ အစ္စရေးကိုသာ စစ်ရေးအထောက်အပံ့များ ပုံအောပေးခဲ့ကာ သိမ်းပိုက်ခံ ပါလက်စတိုင်းတို့ အပေါ် အစ္စရေးစစ်တပ်၏ လွှမ်းမိုးချုပ်ကိုင်မှုကို ပိုမိုခိုင်မာစေရန်သာ ကူညီပေးခဲ့သည်။
အသားရောင်ခွဲခြားမှုနှင့် ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှု အရှိဆုံး အမေရိကန်အစိုးရအဖြစ် ယူဆခံခဲ့ရသည့် အမေရိကန်သမ္မတ ဘာရက်အိုဘားမား (Barack Obama) လက်ထက်ကပင် အမေရိကန်သည် အစ္စရေးကို ဒေါ်လာ ၃၈ ဘီလျံတန်ကြေးရှိ စစ်ရေး အကူအညီပေးခဲ့ပြီး ထိုပမာဏသည် အမေရိကန်သမိုင်းတွင် အကြီးမားဆုံး စစ်ရေးအကူအညီအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အစ္စရေးကို ခြွင်းချက်မရှိ ထောက်ခံရေးသည် အမေရိကန်တွင် နိုင်ငံရေးကို ထက်ခြမ်းကွဲစေသည့် အဓိက အကြောင်းအရာ တစ်ခု ဖြစ်ခဲ့သည်။
ပါလက်စတိုင်းများ စစ်ပွဲဒဏ်ခံနေရစဉ်
အမေရိကန်တွင် ပြုလုပ်ခဲ့သည့် သမ္မတ ရွေးကောက်ပွဲ ရာသီတိုင်း၌ အစ္စရေးကို ထောက်ပံ့ရေးသည် အစ္စရေးလို လားသည့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများအကြား ကြီးမားသည့် ယှဉ်ပြိုင်မှုတစ်ခု ဖြစ်ခဲ့သည်။
ထို့ပြင် အမေရိကန် အစိုးရများသည် ပါလက်စတိုင်းတို့၏ တောင်းဆိုမှုများ၊ လိုအပ်ချက်များကို နားထောင်ပေးခဲ့ သည့်တိုင် ပါလက်စတိုင်းတို့၏ အကျိုးစီးပွားများအတွက် မည်သည့်အခါကမျှ လုပ်ဆောင်ပေးခဲ့ခြင်းမရှိပေ။
ဥပမာအားဖြင့် ဘိုင်ဒန် အစိုးရအဖွဲ့သည် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့အား ရန်ပုံငွေ ထောက်ပံ့ရန် ငြင်းဆိုခဲ့ သည့် ထရမ့်၏ ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ခဲ့သည်။
ထို့ပြင် ဝါရှင်တန်ရှိ ပါလက်စတိုင်း မစ်ရှင်ကို ပိတ်ပင်ပြီး ပါလက်စတိုင်း ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းတာဝန် အေဂျင်စီ (UNRWA)ကို ရန်ပုံငွေ ထောက်ပံ့မှု ရပ်နားခဲ့သည့် ထရမ့်၏ လုပ်ဆောင်မှုများကိုလည်း ပြန်လည် ပြင်ဆင်ခဲ့သည်။
သို့တိုင်အောင် ပါလက်စတိုင်းများ၏ စားဝတ်နေရေးနှင့် ချမ်းသာသုခ ရရှိရေးသည် အမေရိကန်၏ စိုးရိမ်စရာ ကိစ္စများထဲတွင် မပါဝင်ကြောင်း ဘိုင်ဒန်အစိုးရအဖွဲ့က ရှင်းလင်းစွာ ပြသခဲ့သည်။
ထို့ပြင် အမေရိကန်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အစ္စရေး-ဟားမာ့စ် အပစ်အခတ်ရပ်စဲရေး တောင်းဆို မှုများကိုလည်း ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပြီး အစ္စရေးကို ကူညီပေးရန် အရှေ့အလယ်ပိုင်းဒေသသို့ လေယာဉ်တင် သင်္ဘောများပင် စေလွှတ်ခဲ့သည်။
အမေရိကန်သည် ပါလက်စတိုင်းများကို ဂရုစိုက်ခဲ့ခြင်းမရှိဘဲ ပြဿနာဖန်တီးသူများအဖြစ်သာ ရှုမြင်ခဲ့သည်။
ထို့ကြောင့် အမေရိကန်သည် ပါလက်စတိုင်းများ၏ ပြဿနာကို မည်သည့်အခါကမျှ ဖြေရှင်းပေးရန် ရည်ရွယ်ခဲ့ခြင်း မရှိပေ။
ငြင်းချက်မရှိ ပြောရမည်ဆိုပါက အမေရိကန်သည် ၎င်း၏ နိုင်ငံခြားရေး မူဝါဒနှင့် အကျိုးစီးပွားများကို ရှေ့တန်း တင်ပြီး ပါလက်စတိုင်းများကို လျစ်လျူရှုထားသည့် အခြေအနေကို မြင်တွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် ပါလက်စတိုင်းတို့အတွက် ထရမ့်သည် ဆိုးရွားသည်ဟု ယူဆခဲ့သည့်တိုင် လက်ရှိတွင် ဘိုင်ဒန်သည် ထရမ့်ထက် ပိုမိုဆိုးရွားသည့် အနေအထား၌ ရှိနေနိုင်သည်ဟု ယူဆက ရနိုင်သည်။
Source: Al Jazeera
- By CNI
- Category: ဆောင်းပါး
- Hits: 720
CNI Sport Article
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃
ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ထွက်သွားပြီးကတည်းက ယူနိုက်တက်အသင်း နည်းပြရာထူးဟာ အပြောင်းအလဲတွေများခဲ့ပြီး လက်ရှိနည်းပြ အဲရစ်တန်ဟတ် အပါအဝင် ယာယီနည်းပြ၊ အမြဲတမ်းနည်းပြ အပြောင်းအလဲ စုစုပေါင်း ၈ ဦး အထိရှိခဲ့တာ ဖြစ်ပါတယ်။
ဒီနည်းပြတွေဟာ ယူနိုက်တက်နည်းပြ ရာထူးကို အများဆုံး ၃ နှစ်နီးပါးလောက်သာ ကိုင်တွယ်နိုင်ခဲ့ပြီး ထုတ်ပယ်ခံခဲ့ရတာပါ။
လက်ရှိနည်းပြ အဲရစ်တန်ဟတ်ဟာ အေဂျတ်စ်အသင်းကို ကိုင်တွယ်ချိန်က ပြသခဲ့တဲ့ ကစားကွက်တွေနဲ့ အောင်မြင်မှုတွေကြောင့် သူ့ကိုခန့်အပ်ခဲ့ချိန်တုန်းက ယူနိုက်တက်အသင်း ပရိသတ်တွေဟာ အများကြီး မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်း ဘုတ်အဖွဲ့ဟာ အဲရစ်တန်ဟတ်ကို ပါဝါအပြည့်အဝပေးခဲ့ပြီး ရော်နယ်ဒိုလို ကစားသမားကို အရန်စာရင်းထဲမှာသာ ထားခဲ့တာကိုတောင် ဘာမှဝင်ပြောခဲ့ခြင်း မရှိခဲ့ပါဘူး။
ပထမရာသီမှာတော့ အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို ကာရာဘောင်းဖလား ရယူပေးနိုင်ခဲ့ပြီး ၆ နှစ် ကြာ ဆုဖလားဝေးကွာခဲ့တာကို အဆုံးသတ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရယူပေးနိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့် ယူနိုက်တက်အသင်း ပရိသတ်တွေဟာ အဲရစ်တန်ဟတ်ကို အများကြီး မျှော်လင့်ခဲ့ကြပြီး သူ့ရဲ့ ဒုတိယရာသီမှာ အသင်းဟာ ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်ဖို့အထိ စိတ်ကူးယဉ်ခဲ့တာပါ။
အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
ယူနိုက်တက်အသင်း ဘုတ်အဖွဲ့ကလည်း သူလိုချင်တဲ့ ကစားသမားတွေထဲက အိုနာနာ၊ မေဆန်မောင့်၊ ဟော့ဂျ်လန်းတို့ကို အရခေါ်ယူပေးခဲ့သလို အမ်ရာဘတ်နဲ့ ရယ်ဂီလွန်ကိုလည်း အငှားနဲ့ ခေါ်ယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ရာသီအစမှာကတည်းက အသင်းဟာ ပရိသတ်တွေ မျှော်လင့်ထားသလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ယူနိုက်တက်အသင်းဟာ အဓိက ကစားသမား အများအပြားကို ဒဏ်ရာကြောင့် လက်လွှတ်ခဲ့ရတာက ရလဒ်တွေ ဆိုးရွားခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဆိုပြီး ပြောလို့ရပေမယ့် အသင်းရဲ့ကစားပုံတွေဟာ အားရစရာ လုံးဝ မကောင်းခဲ့ တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ဆုဖလားမျှော်မှန်းလို့ ရနိုင်တဲ့ ကာရာဘောင်းဖလားကနေ ထွက်ခဲ့ရပြီးနောက် နည်းပြ အဲရစ်တန်ဟတ်ရဲ့ ရာထူးဟာ စတင်လှုပ်ခတ်လာခဲ့တာပါ။
ဖူလ်ဟမ်အသင်းနဲ့ ပွဲစဉ်မပါဘဲ ဒီရာသီ ကစားထားတဲ့ ၁၅ ပွဲမှာ ယူနိုက်တက်အသင်းဟာ ၈ ပွဲအထိ ရှုံးနိမ့်ထားပြီး ၇ ပွဲသာ အနိုင်ရထားတာ ဖြစ်ပါတယ်။ စံချိန်တင်လောက်အောင် ရှုံးပွဲတွေ ကြုံတွေ့ခဲ့ပြီးနောက် ယူနိုက်တက် အသင်း ပရိသတ်တွေဟာ အဲရစ်တန်ဟတ်အပေါ်မှာ စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးလာနေပြီ ဖြစ်တာပါ။
ယူနိုက်တက် ကစားသမားတွေကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ် လက်ထက်မှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀၀ ကျော် သုံးစွဲခဲ့ပြီး ကစားသမားကောင်းတွေ ဖြည့်ဆည်းပေးခဲ့ပေမယ့် အသင်းရဲ့ ကစားကွက်ဟာ ပြိုင်ဘက်တွေအပေါ် အသာစီး မကစားနိုင်တဲ့အပေါ် ဒတ်ချ်လူမျိုးနည်းပြရဲ့ နည်းဗျူဟာပိုင်းနဲ့ ပတ်သက်ပြီး အားလုံးရဲ့ မေးခွန်းထုတ်မှုတွေ ရှိလာကြတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ အနိုင်ရတဲ့ ပွဲတွေမှာတောင် ကစားကွက် ကောင်းမွန်မှု မရှိသလို ကိုယ့်ထက် အဆင့် ရပ်တည်မှု နိမ့်ကျတဲ့ အသင်းတွေနဲ့ ပွဲတွေမှာတောင် ရုန်းကန်နေရတာကို မြင်တွေ့နေရတာပါ။
အဲရစ်တန်ဟတ်ကတော့ သူဟာ တိုက်ခိုက်ရေးသမား ဖြစ်တဲ့အတွက် အသင်းသားတွေနဲ့အတူ တိုက်ပွဲဝင်ပြီး ရလဒ်ကောင်းတွေ ပြန်ရနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းနဲ့ ပရိသတ်တွေကတော့ အောင်မြင်မှုတွေ ရယူချင်တာကြောင့် နည်းပြ အဲရစ်တန်ဟတ်ကို အချိန်အနည်းငယ်သာပေးဖို့ ရှိတော့တယ်လို့ သုံးသပ်နေကြပြီး လာမယ့်ပွဲတွေမှာသာ ရလဒ်ကောင်းတွေ မရယူနိုင်ရင် အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်နည်းပြ ထိုင်ခုံပူပေါ်ကနေ ထွက်ရမယ့် နောက်ထပ် တစ်ဦးဖြစ်လာဖို့ ရှိနေပါတယ်။
အဲ့ဒါကြောင့် ယူနိုက်တက်အသင်းရဲ့ ရလဒ်ကောင်းတွေနဲ့အတူ အဲရစ်တန်ဟတ်နည်းပြ ထိုင်ခုံပေါ်မှာ အသက် ဆက်လို့ရမလား၊ ရလဒ်ဆိုးတွေနဲ့ အဲရစ်တန်ဟတ် လက်ပြနှုတ်ဆက်ရမလား ဆိုတာတော့ ရက်ပိုင်းအတွင်းမှာ ဆက်ပြီးစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

- By CNI
- Category: ဆောင်းပါး
- Hits: 675
CNI Sport Article
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇
ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်မယ့် ၂၀၂၃ ခုနှစ်တွက် ဘောလွန်းဒီအောဆုပေးပွဲကို အောက်တိုဘာ ၃၀ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး ဒီမတိုင်ခင်ကတည်းက ဆုရမယ့်သူဟာ အဖြေထွက်ပေါ်နေတာဖြစ်ပါတယ်။
အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို အဓိက ယှဉ်ပြိုင်နေရတဲ့သူက အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီနဲ့ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းတို့ပါ။
အခုနှစ်အတွက်ပေးမယ့်ဆုကို ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ စွမ်းဆောင်ခဲ့တဲ့ အရာတွေပေါ်မူတည်ပြီးပေးမှာဖြစ်ပါတယ်။
အဲ့ဒါကြောင့် ပြီးခဲ့တဲ့နှစ်က ကာတာမှာကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စွမ်းဆောင်ခဲ့တဲ့အရာတွေဟာ ၂၀၂၃ ခုနှစ်ဘောလွန်းဒီအောဆုထဲမှာ သက်ရောက်မှုရှိလာခဲ့တာပါ။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းက ချန်ပီယံဖြစ်ခဲ့ပြီး ဒီပြိုင်ပွဲရဲ့ရွှေဘောလုံးဆုကို မက်ဆီက ရရှိခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ဒီပြိုင်ပွဲတစ်လျှောက် အာဂျင်တီးနားအသင်းအတွက် ခြေစွမ်းပြသခဲ့ပြီး ပြင်သစ်အသင်းကို အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲမှာလည်း အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
မက်ဆီကို တွေ့ရစဉ်
မက်ဆီဟာ ကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ကြီးကြီးမားမားအောင်မြင်မှုမရခဲ့ပေမယ့် အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားရရှိခဲ့တဲ့ အချက်က ၂၀၂၃ ခုနှစ်ဘောလွန်းဒီအောဆုကို ရရှိဖို့ ရေပန်းအစားဆုံးအဖြစ် ရှိလာခဲ့တာပါ။
မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းကလည်း ပြီးခဲ့တဲ့ရာသီက အသင်းနဲ့အတူ တစ်ရာသီအတွင်း ဆုဖလား ၃ လုံးရယူနိုင်ခဲ့တာကြောင့် ဘောလွန်းဒီအောဆုကို ရရှိဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။ ကလပ်အသင်းအနေနဲ့ ချန်ပီယံလိဂ်အပါအ၀င် တစ်ရာသီအတွင်းဆုဖလား ၃ လုံးရယူဖို့က မလွယ်ကူပါဘူး။
အဲ့ဒါကြောင့်လည်း ဟာလန်းဟာ မက်ဆီနဲ့ အပြိုင် ဘောလွန်းဒီအောဆုကို ရယူဖို့ ရေပန်းစားခဲ့ပေမယ့် ကမ္ဘာ့ဖလားရရှိခဲ့တဲ့ အချက်ကြောင့် မက်ဆီဟာ ဒီဆုကိုရဖို့ အသာရသွားခဲ့ပြီလို့ နာမည်ကြီးသတင်းတွေအများအပြားက အခိုင်အမာ ရေးသားခဲ့ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဆိုရင် မက်ဆီရော၊ ဟာလန်းရော နှစ်ဦးစလုံးဟာ ဘောလွန်းဒီအောဆုရဖို့ ထိုက်တန်တယ်လို့ ပြောထားခဲ့တာပါ။ ဒါ့အပြင် စပိန်လူမျိုးနည်းပြက ဘောလွန်းဒီအောဆုကို မက်ဆီအတွက် ၁ ဆုနဲ့ အခြားသူအတွက် ၁ ဆုဆိုပြီး လုပ်ပေးဖို့တောင် ပြောခဲ့တာဖြစ်ပါတယ်။
ဟာလန်ကို တွေ့ရစဉ်
မက်ဆီအတွက်တော့ အခုတစ်ကြိမ် ဘောလွန်းဒီအောဆုကို ရခဲ့မယ်ဆိုရင် ကစားသမားဘ၀ စံချိန်တင် ၈ ကြိမ်မြောက်ရရှိမှာဖြစ်ပြီး ပြိုင်ဘက်ကြီး ရော်နယ်ဒိုကို ၃ ကြိမ်အသာရသွားတော့မှာပါ။
ဒါ့အပြင် မက်ဆီအနေနဲ့ ဥရောပပြင်ပမှာကစားပြီး ဘောလွန်းဒီအောဆုကို ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ်လည်း စံချိန်သစ်ကို တင်နိုင်တော့မှာဖြစ်ပါတယ်။
မက်ဆီကတော့ သူဟာ အလိုချင်ဆုံးဆုဖြစ်တဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်ခဲ့ပြီးပြီဖြစ်လို့ တစ်ဦးချင်းဆုတွေဟာ သူ့အတွက် အရေးမပါတော့ဘူးလို့ ပြောထားခဲ့ဖူးပါတယ်။
ဒါပေမယ့် ဘောလွန်းဒီအောဆုဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးသမားတိုင်းရဲ့အိပ်မက်ဖြစ်ပြီး ဂုဏ်သိက္ခာရှိတဲ့ဆုဖြစ်တာကြောင့် မက်ဆီအတွက်လည်း ဒီဆုကို ထပ်ပြီးကိုင်မြှောက်နိုင်မယ်ဆိုရင် ပျော်ရွှင်နေမယ်ဆိုတာ အသေအချာပါပဲ။
အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီအတွက်တော့ ၂၀၂၃ ဘောလွန်းဒီအောဆုဟာ သူ့ရဲ့ကစားသမားဘ၀ နောက်ဆုံးဘောလွန်းဒီအောဆုလည်း ဖြစ်သွားနိုင်ပါတယ်။ မက်ဆီဟာ လက်ရှိအချိန်မှာ အင်တာမိုင်ယာမီအသင်းနဲ့ အခုရာသီအဆုံးသတ်ခဲ့ပြီဖြစ်လို့ ဘယ်အသင်းကိုမှ အငှားနဲ့ မထွက်ဘဲ အာဂျင်တီးနားအသင်းရဲ့လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကိုပဲ အာရုံစိုက်ဖို့ ရှိနေတော့တာပါ။
မက်ဆီဟာ သူ့ရဲ့ကစားသမားဘ၀ကို ပြီးပြည့်စုံသွားပြီလို့ သတ်မှတ်ထားတာကြောင့် ကစားသမားဘ၀ နောက်ဆုံးအချိန်တွေကို ပျော်ရွှင်စွာဖြတ်သန်းပြီး အဆုံးသတ်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 850
CNI Article
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇
ဇီယွန်ဝါဒ သို့မဟုတ် အစ္စရေးထွန်းကားရေးဝါဒ၏ အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး အချက်သည် ဂျူးလူမျိုး များအတွက် ဘေးကင်းလုံခြုံသည့် နေရာတစ်ခုကို ဖန်တီးပေးရန် ဖြစ်သည်။
ဥရောပအနှံ့ရှိ လူနည်းစုများသည် ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ဘာသာရေး လွတ်လပ်ခွင့်တို့ကို စိတ်ချသေချာစေရန် နည်းလမ်းပေါင်းစုံဖြင့် ပုံဖော်လုပ်ဆောင်ခဲ့သည့် ကာလအတွင်း ထိုအယူဝါဒ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ရာစုနှစ်များစွာကြာ နှိပ်စက်ခံခဲ့ရသည့် ဂျူးလူမျိုးများအတွက်မူ ဘေးကင်းလုံခြုံရေးသည် မည်သည့် အမျိုးသား လွတ်မြောက်ရေး သီအိုရီမျိုးအတွက်မဆို မရှိမဖြစ်အလေးထား လုပ်ဆောင်ရမည့် လိုအပ်ချက်တစ်ခု ဖြစ်ခဲ့သည်။
အစ္စရေးက ဟားမာ့စ်အဖွဲ့ တိုက်ခိုက်လာတဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနေစဉ်
ဂျူးအမျိုးသား လွတ်မြောက်ရေးနှင့်အတူ ထိုအယူဝါဒသည် ၎င်းတို့၏စိတ်ကို လွှမ်းမိုးထားသည့်တိုင် အစောပိုင်း ဇီယွန်ဝါဒီ တွေးခေါ်ပညာရှင်များသည် ပါလက်စတိုင်းမြေပေါ်တွင် ဂျူးနိုင်ငံ တည်ထောင်ခဲ့မည်ဆိုပါက ဌာနေ ပါလက်စတိုင်းတို့ အနေဖြင့် မည်သို့ တုန့်ပြန်လိမ့်မည်ဆိုသည့် အချက်ကို အနည်းငယ်သာ တွေးတော ခဲ့ကြဖွယ် ရှိသည်။
ပါလက်စတိုင်းတို့နှင့် ငြိမ်းချမ်းစွာ တူယှဉ်တွဲနေထိုင်ရေးသည် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည့် အချက်ကို ပိုပြီး ရှင်းလင်းစွာ သိရှိနားလည်လာချိန်တွင် လက်ယာယိမ်း ဇီယွန်ဝါဒီများသည် ဂျူးနိုင်ငံအတွက် လုံခြုံရေးအာမခံချက် ရှိစေရန် တစ်ခုတည်းသော နည်းလမ်းမှာ စစ်တပ်အင်အားသာ ဖြစ်သည်ဟု တိုက်တွန်းခဲ့ကြသည်။
ထိုအိုင်ဒီယာကို "သံမဏိ တံတိုင်း" (Iron Wall) ဟု လူသိများပြီး အစ္စရေး ခေါင်းဆောင်များအတွက် အခြေခံ အုတ်မြစ်တစ်ခု ဖြစ်လာခဲ့သည်။
အောက်တိုဘာ ၇ ရက်က ဟားမာ့စ် လက်နက်ကိုင်များသည် အစ္စရေးတွင် အရပ်သားများကို ဝင်ရောက် တိုက်ခိုက် ခဲ့သည်။ ထိုဖြစ်စဉ်သည် အစ္စရေး၏ သံမဏိတံတိုင်း မဟာဗျူဟာ စတင်သည့် နှစ်ပေါင်း ၇၀ ကျော်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဟားမာ့စ်တို့သည် အစ္စရေး၏ သံမဏိတံတိုင်း မဟာဗျူဟာကို ထိရောက်စွာ ဖျက်ဆီးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ပါလက်စတိုင်းနှင့် ငြိမ်းချမ်းရေး မရနိုင်ခြင်း
*****************************************
ဇီယွန်ဝါဒ ပြန်လည်ပြင်ဆင်ရေးဝါဒီကို ထူထောင်ခဲ့သည့် ဇီယက်ဗ် ဂျာဘော့တင်စကီး (Ze'ev Jabotinsky) က အစ္စရေးနိုင်ငံကို တတ်နိုင်သလောက် ချဲ့ထွင်ရေးအား ထောက်ခံထားသော လက်ယာစွန်းရောက် အယူဝါဒကို သံမဏီတံတိုင်း အယူအဆကို ဖန်တီးမှုနှင့်အတူ အသိအမှတ်ပြုခဲ့သည်။
ထို့ပြင် ပါလက်စတိုင်းတို့နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်သည် မဖြစ်နိုင်ကြောင်းလည်း ၎င်းက ကောက်ချက် ချခဲ့သည်။
ထို့ကြောင့် ဇီယွန်ဝါဒီတို့အနေနှင့် ပါလက်စတိုင်းတို့၏ စိတ်အခြေအနေကို ဂရုစိုက်စရာမလိုဘဲ မိမိတို့၏ လူနေ ရပ်ကွက်များ တည်ဆောက်မှုကို မိမိတို့ဘာသာ ရပ်ဆိုင်းခြင်း သို့မဟုတ် ဆက်လက် လုပ်ဆောင်ခြင်းတို့ ပြုလုပ်ရ မည်ဟု ဂျာဘော့တင်စကီးက ၁၉၂၃ ခုနှစ်တွင် ရေးသားခဲ့သည်။
လူနေရပ်ကွက်များ တည်ဆောက်မှုကို ဒေသခံ လူဦးရေများအပေါ် မှီခိုခြင်းမရှိသည့် အင်အားစုတစ်ခု၏ အကာ အကွယ်အောက်တွင် လုပ်ဆောင်ရမည်ဖြစ်ပြီး ချိုးဖျက်နိုင်ခြင်းမရှိသော သံမဏိ တံတိုင်း တစ်ခုနောက်တွင် လုပ်ဆောင်ရမည်ဟု ၎င်းက ရေးသားခဲ့သည်။
ပါလက်စတိုင်း ဒုက္ခသည်တွေကို တွေ့ရစဉ်
ဂျာဘော့တင်စကီး၏ တစ်ဖက်စွန်းရောက် ယုတ္တိဗေဒသည် ပါလက်စတိုင်းတို့နှင့် ဆွေးနွေးရန် ဆန္ဒရှိသည့် ဇီယွန်ဝါဒီတို့ကို ထိခိုက်နစ်နာစေခဲ့သည်။
အစ္စရေးနိုင်ငံ တည်ထောင်ခဲ့သည့် ၁၉၄၈ ခုနှစ်တွင် ပါလက်စတိုင်း ၇၅၀,၀၀၀ ကျော်သည် ၎င်းတို့၏ နေအိမ်များမှ အတင်းအဓမ္မ ဖယ်ရှားခံခဲ့ရပြီး အစ္စရေးသည် ပါလက်စတိုင်းတို့၏ လူနေမှုဘဝအပေါ် ထိန်းချုပ်သည့် စနစ်တစ်ခု ဖန်တီးခဲ့သည်။
နံရံများ၊ ခြံစည်းရိုးများ တည်ဆောက်ခြင်းနှင့် ထောက်လှမ်းရေး သတင်းအချက်အလက်များ စုဆောင်းမှုသည် သံမဏိ တံတိုင်း မဟာဗျူဟာ၏ အခြေခံဖြစ်ပြီး ဂျူးနိုင်ငံကို ဒေသတွင်း အခြားနိုင်ငံများနှင့် ကွဲကွာသွားစေခဲ့ သည်။
နေရပ်သို့ ပြန်လည်ရောက်ရှိလာသည့် ပါလက်စတိုင်း ဒုက္ခသည်များလက်မှ ၎င်းတို့၏ နယ်မြေကို ကာကွယ်ရန် လိုအပ်ချက်သည်လည်း အစ္စရေး အယူဝါဒ၏ နောက်ထပ် အဓိက အချက်တစ်ခု ဖြစ်သည်။ အရာအားလုံးသည် ကာကွယ်ရေး မူဝါဒဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၇ ရက်တွင်မူ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဟားမာ့စ်စစ်သွေးကြွ အများစုသည် ပါလက်စတိုင်း ဒုက္ခသည်များက မွေးဖွားလာခဲ့သူများဖြစ်ပြီး ၎င်းတို့သည် အစ္စရေးနှင့် ဂါဇာကို ခွဲခြားထားသည့် နယ်စပ်တံတိုင်းများကို ချိုးဖောက် ဝင်ရောက်ခဲ့သည်။
အစ္စရေးသည် နာရီပိုင်းအတွင်း စစ်သွေးကြွများ၏ တိုက်ခိုက်မှုများအောက်တွင် ဝရုန်းသုန်းကား ဖြစ်ပွားခဲ့သည်။
အစ္စရေးပြည်သူများကို ကာကွယ်ရန် ပျက်ကွက်မှု
*********************************************
အစ္စရေးအစိုးရ၏ ပြည်သူများနှင့်ထားရှိသည့် လူမှုသဘောတူညီချက် အခြေခံအုတ်မြစ်သည် စစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့များက ပါလက်စတိုင်း ဒုက္ခသည်များ၏ တိုက်ခိုက်မှုများမှ ကာကွယ်တားဆီးပေးရန် ဖြစ်သည်။
ဟားမာ့စ်တို့ တိုက်ခိုက်ခဲ့ချိန်တွင် ထိုလူမှုသဘောတူညီချက်လည်း ကျိုးပျက်သွားခဲ့သည်။
ယခင်က ကျိုးပျက်နိုင်ခြင်းမရှိဟု အစ္စရေးပြည်သူများ ယူဆထားခဲ့သည့် သံမဏိ တံတိုင်း မဟာဗျူဟာလည်း ချိုးဖောက်ခံခဲ့ရသည်။ ဟားမာ့စ်အဖွဲ့ကပင် အစ္စရေးစစ်တပ်၏ ခိုင်ခံ့မှုမရှိသည့် အခြေအနေကို အံ့အားသင့်ခဲ့ ရသည်။
အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်ခံရတဲ့ ဂါဇာကမ်းမြောင်ဒေသကို တွေ့ရစဉ်
အောက်တိုဘာ ၇ ရက် မတိုင်မီအထိ အစ္စရေးသည် ပါလက်စတိုင်းတို့၏ ဘဝကို ထိန်းချုပ်နိုင်ခဲ့သည်။
လက်ရှိတွင် သံမဏိ တံတိုင်း မဟာဗျူဟာသည် ချိုးဖျက်ခံခဲ့ရသဖြင့် အစ္စရေးခေါင်းဆောင်များအနေဖြင့် ဂျူးလူမျိုးများကို ကြောက်မက်ဖွယ် တိုက်ခိုက်မှုများမှ ကာကွယ်ပေးရန် မည်သည့် အစီအစဉ်များ ဆက်လက် လုပ်ဆောင်ပါမည်နည်း။
ထို့ပြင် အစ္စရေး အစိုးရသည်လည်း ပြည်သူများ၏ ယုံကြည်မှုကို ပြန်လည်ရရှိရန်နှင့် မည်သို့ လုပ်ဆောင်မည်နည်း။
ပြည်သူများအပေါ် အကာအကွယ် ပေးနိုင်စွမ်းရှိမှုကို မည်ကဲ့သို့ ပြန်လည်ထိန်းသိမ်းမည်နည်း။
ထိုကဲ့သို့ ခက်ခဲသော မေးခွန်းများကို ပြန်လည်ဖြေကြားရန်အတွက် အစ္စရေးအနေနှင့် အချိန်အနည်းငယ် ယူရမည် ဖြစ်သည်။
သို့သော် ဟားမာ့စ်တို့နှင့် ဖြစ်ပွားခဲ့သည့် စစ်ပွဲအစောပိုင်း အဆင့်များတွင် အစ္စရေးခေါင်းဆောင်များ၏ တုန့်ပြန် ဆောင်ရွက်မှုသည် အားရကျေနပ်ဖွယ် မရှိသည်ကို တွေ့ရမည်ဖြစ်သည်။
အစ္စရေးသည် ကမ္ဘာ့အကောင်းဆုံး စစ်တပ်များကို ပိုင်ဆိုင်ထားသည့် နိုင်ငံများထဲတွင် ပါဝင်နေသဖြင့် ဟားမာ့စ် တို့၏ တိုက်ခိုက်မှုကြောင့် ဆယ်စုနှစ်များစွာ တည်တံ့ခိုင်မြဲလာခဲ့သည့် သံမဏိ တံတိုင်း မဟာဗျူဟာကို မည်သို့ ပြန်လည် တည်ဆောက်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
Source: Asia Times

- By CNI
- Category: ဆောင်းပါး
- Hits: 980
CNI Article
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၂
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး တည်ဆောက်ခဲ့တာဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်းကတည်းကနေ ယနေ့အချိန်ထိ ဖြစ်ပါတယ်။
ဒီလို တည်ဆောက်ခဲ့တဲ့အခါမှာ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခြင်း၊ လက်နက်ချခြင်းနဲ့ငြိမ်းချမ်းရေး၊ လက်နက်ကိုင်ထားခြင်းဖြင့် ငြိမ်းချမ်းရေး စသဖြင့် ပုံစံအမျိုးမျိုးနဲ့ တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် လက်နက် ကိုင် ပဋိပက္ခတွေ ရပ်စဲခြင်းနဲ့ နိုင်ငံရေးပြဿနာကို အဖြေရှာခြင်းကို သွားနိုင်တဲ့ စာချုပ်မျိုးကိုတော့ မလုပ်နိုင်ခဲ့ပါဘူး။
ဒီလိုနဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီစာချုပ်ဟာ မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုတွေထဲမှာ လက်ရှိအချိန်ထိ အကောင်းဆုံး စာချုပ်ဖြစ်သလို ဂုဏ်သိက္ခာရှိတဲ့ စာချုပ်လည်း ဖြစ်ပါတယ်။
NCA စာချုပ်ဟာ အခန်း(၇)ခန်း၊ အပိုဒ်ခွဲပေါင်း ၃၃ ပိုဒ်ပါဝင်ပါတယ်။ ဒီစာချုပ်ဟာ မြန်မာနိုင်ငံမှာ ပြင်ဆင်ဖို့ မလွယ်တော့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်တဲ့ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်နေသလို ဒီမိုကရေစီနှင့်ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရေးအတွက်လည်း ဆွေးနွေးအဖြေရှာနိုင်တဲ့ စာချုပ် ဖြစ်ပါတယ်။
ပြီးရင် အရပ်သားတွေကို ဘယ်လို အကာအကွယ်ပေးရမယ်၊ တိုက်ပွဲတွေ မဖြစ်အောင် နှစ်ဖက် အဖွဲ့အစည်းတွေ ဘယ်လို ထိန်းသိမ်းရမယ်- ဖြစ်လာခဲ့ရင် ဘယ်လို တွေ့ဆုံ ဖြေရှင်းရမယ်၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေကို ဘယ်လို အဖြေရှာရမယ်၊ လက်နက်ကိုင်တွေရဲ့ လူသစ်စုဆောင်းမှုကို ကာကွယ်ပေးရမယ် စသဖြင့် ပြဋ္ဌာန်းချက် တွေလည်း ပါဝင်ပါတယ်။
ဒါပေမယ့် စာချုပ်မှာ မပါဝင်တဲ့ အားနည်းချက်တွေကတော့ အဖွဲ့အစည်း တစ်ခုခုက အဆင်မပြေလို့ NCA မှာ ပါဝင်တဲ့ ပြဋ္ဌာန်းချက်တွေနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှာ ပါဝင်နေတာကို ယာယီရပ်ဆိုင်းခွင့် ရှိ/မရှိနှင့် ယတိ ပြတ် နှုတ်ထွက်ခွင့် ရှိ/မရှိဆိုတဲ့ အချက်အပြင် ဘယ်လိုအနေအထားမျိုးဆိုရင်တော့ NCA ဟာ တရားဝင်မှု ပျက်ပြယ်သွားပါပြီးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က NCA လက်မှတ်ထိုးကြစဉ်
ဒီအချက် ၂ ချက်ဟာ NCA မှာ တရားဝင် ပြဋ္ဌာန်းထားမှု မပါသလို အဓိပ္ပာယ်မဲ့စွာနဲ့ နှုတ်ထွက်ခြင်း- ယာယီရပ် ဆိုင်းခြင်းတွေကိုလည်း လုပ်သင့်လုပ်ထိုက်သလားဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။
အခုဆိုရင် NCA ဟာ ပျက်သွားပြီးဆိုပြီး NCA ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့က ပြောဆိုလာနေပါတယ်။
ဒီအပေါ်မှာ NCA ထိုးထားတဲ့ ကျန် ၇ ဖွဲ့ကတော့ NCA ဟာ မပျက်သေးကြောင်း၊ NCA က ဖျက်လို့ရတဲ့ စာချုပ် မဟုတ်ကြောင်း ပြောကြသလို မြန်မာ့တပ်မတော်ကလည်း NCA ဟာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပေးထားတဲ့ စာချုပ်ဖြစ်သလို ပြည်တွင်း/ပြည်ပ အသိသက်သေတွေ ပါဝင် လက်မှတ်ထိုးထားတဲ့ စာချုပ်ဖြစ်လို့ မပျက်ပြယ်ကြောင်း ပြောပါတယ်။
ဒါကြောင့် NCA ပျက်ပြယ်သွားပြီးဆိုတဲ့အပေါ်မှာ အပြန်အလှန် ငြင်းခုံနေကြသလို နိုင်ငံရေးအရလည်း အမြတ် ထုတ်မှုတွေ ရှိနေကြပါတယ်။
ဒီအခြေအနေတွေကို သေချာ လေ့လာကြည့်ပြီးတော့ NCA တကယ်ပဲ ပျက်သွားပြီးလား သို့မဟုတ် NCA ကို ပျက်အောင် ဖျက်နေတာက ဘယ်သူတွေလဲ၊ NCA က လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်း တစ်ခုက ပျက်ပြီးလို့ ပြောတာနဲ့ ဖျက်လို့ရတဲ့ စာချုပ်လား၊ NCA ကို အသုံးချပြီး နိုင်ငံရေး အမြတ်ထုတ်နေကြခြင်းလား စတာတွေကို စဉ်းစားကြည့်ရအောင်ပါ။
ပထမဦးဆုံး အနေဖြင့် KNU၊ CNF၊ ABSDF တို့က NCA ပျက်သွားပြီးလို့ ထောက်ပြပါတယ်။ NCA ပျက်သွားပြီးလို့ ပြောရတဲ့ အကြောင်းတွေကတော့ (၁) ပြည်ထောင်စုလွှတ်တော် မရှိခြင်း၊ (၂) အစိုးရနဲ့ လွှတ်တော် မရှိခြင်း၊ (၃) နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ အဖြေရှာရမည်ကို လက်နက်ကိုင်ပြီး အာဏာသိမ်းယူခြင်း စတဲ့ အချက်တွေကြောင့်လို့ ဆိုကြပါတယ်။
ဒီနေရာမှာ နံပါတ်(၁) ပြည်ထောင်စုလွှတ်တော် မရှိခြင်းဆိုတာမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေက ထွက်ပေါ်လာတဲ့ ရလဒ် တနည်းအားဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံက ဆွေးနွေး သဘောတူညီပြီးလို့ ထွက်ပေါ်လာတဲ့ သဘောတူညီချက်ရှိမှ လွှတ်တော်ကို တင်ရမှာဖြစ်လို့ အခုလွှတ်တော်မရှိရင် နောက်လွှတ်တော်ရှိတဲ့အခါမှာ တင်ပြီးတော့ အတည်ပြုချက် ယူလို့လည်း ရတဲ့အတွက် ဒါက ပြဿနာ တစ်ရပ်လို့ မှတ်ယူစရာမရှိနိုင်ပါ။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က NCA ၈ နှစ်ပြည့် အခမ်းအနား ကျင်းပစဉ်
ထို့အပြင် ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းပြီးတဲ့အခါမှာလည်း တစ်ခါ တည်း အကောင်အထည်ဖော်ကြ တာမရှိဘဲ လိုအပ်တဲ့ သဘောတူညီချက်တွေ အားလုံးရပြီးဆိုမှ အကောင်အထည်ဖော်မှာဖြစ်လို့ လွှတ်တော်တင်ပြီး ချောင်ထိုးထားရတဲ့ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် လက်ထက်က သဘောတူညီချက်တွေကိုပဲ ကြည့်နိုင်ပါတယ်။
နံပါတ်(၂) အစိုးရနဲ့ လွှတ်တော်မရှိဘူးဆိုတာမှာလည်း အငြင်းပွားစရာ ရှိနေပြန်ပါတယ်။ ဒါကတော့ လက်ရှိ စစ်တပ်က အရပ်သား အစိုးရကို ဖြုတ်ချပြီး နစကဆိုတာကို ဖွဲ့စည်းပြီးတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတွေကို လုပ်ဆောင်နေသလို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်လည်း ရှိနေတဲ့အတွက် အစိုးရနဲ့ လွှတ်တော် ရှိတယ်လို့ တချို့က မှတ်ယူနေကြပြန်ပါတယ်။
အလားတူ စစ်တပ်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကိုသာ ဖျက်သိမ်းကြောင်း ကြေညာထားပေမယ့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲက လွှတ်တော်အမတ်တွေကိုတော့ တရားမဝင်ဘူးလို့ ကြေညာထားတာ မရှိတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ ရှိနေသေးတယ်လို့ ယေဘုယျအားဖြင့် မှတ်ယူလို့ရနိုင်မယ်ထင်ပါတယ်။
နံပါတ်(၃) နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းရမယ် လက်နက်ကိုင်ပြီး မဖြေရှင်းရဘူးလို့ပြော ဆိုမှုမှာလည်း ရှင်းလင်း တိကျတဲ့ အနေအထား မရှိတာ တွေ့ရပါတယ်။
ဒါကတော့ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားဖြစ်ပွားတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းရမယ်၊ လက်နက်ကိုင်နည်းလမ်းနဲ့မဖြေရှင်းရဘူးလို့ သဘောတူညီထားတာလား သို့မဟုတ် အစိုးရ-တပ်မတော်ကြား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရပဲ ဖြေရှင်းရမယ် လက်နက်ကိုင် နည်းလမ်းနဲ့ မဖြေရှင်းရဘူးလို့ သဘောတူညီထားတာလား မရှင်းပါ။
ဒါကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းရမယ် လက်နက်ကိုင် နည်းလမ်းနဲ့မဖြေရှင်းရဘူး ဆိုတာ ဘယ် အင်အားစုတွေကြား သတ်မှတ်ပြဋ္ဌာန်းချက်လဲဆိုတာ မေးခွန်းထုတ်စရာ ရှိနေပါတယ်။
နောက်တစ်ခုကတော့ မြန်မာ့တပ်မတော်က အကြောင်းတစ်ခုခုကြောင့် နိုင်ငံတော်အာဏာကို ရယူလိုက်တာ ဖြစ်စေ၊ အရေးပေါ် အခြေအနေ ကြေညာလိုက်တာဖြစ်စေ ပေါ်ပေါက်လာခဲ့ရင် NCA ပျက်သလား မပျက်ဘူးလား ရေးသား ပြဋ္ဌာန်းထားတာ မရှိတဲ့အတွက် အခုဖြစ်ပေါ်လာတဲ့ အနေအထားမှာ NCA ဟာ အားနည်းချက် တချို့ ရှိလာခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ လက်ထက်မှာ ပြည်ထောင်စုလွှတ်တော်လည်း ရှိတယ်၊ အစိုးရ- တပ်မတော်- လွှတ်တော်လည်းရှိတယ်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းပြီး လက်နက်ကိုင် နည်းလမ်းနဲ့မဖြေရှင်းတဲ့ အချိန်တွေမှာ KNU က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်မှု တရားဝင် အစည်းအဝေးတွေ တက်ရောက် ခြင်းကနေ ယာယီရပ်ဆိုင်းကြောင်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ထုတ် ပြန် ကြေညာခဲ့ပါတယ်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့က KNU က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ချက်ကို တွေ့ရစဉ်
KNU ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ ရပ်တန့်သွားခဲ့သလို KNU ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်မှု အစည်းအဝေးတွေနဲ့ ဆွေးနွေးပွဲတွေကို တက်ရောက်မလာတော့ပါဘူး။
ဒီလိုမျိုး ဖြစ်သွားတဲ့အခါမှာ NCA မှာ ဘယ်ကာလမှာ ဘယ်ဟာတွေ လုပ်ရမယ်၊ ဘယ်ကာလမှာ ဘယ်လို ညီလာခံ တွေ လုပ်ရမယ်၊ ဘယ်ကာလမှာ ဘယ်လို အစည်းအဝေးတွေ လုပ်ရမယ်ဆိုတဲ့ သဘောတူညီချက်တွေ ရပ်တန့် သွားပြီး အကောင်အထည် ဖော်လို့မရတော့ပါဘူး။
အဲဒီလို အကောင်အထည်ဖော်မှုတွေ မလုပ်နိုင်ခဲ့တာဟာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်နေ့ကနေ NLD အစိုးရ ဖြုတ်ချခံရတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ဖြစ်ပါတယ်။
အခု NCA အကောင်အထည် ဖော်မှုမလုပ်နိုင်ဘဲ ဖြစ်နေတာကတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း အခင်းအကျင်းက သီးသန့် အနေအထားတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် NCA ကို ပျက်အောင် လုပ်နေတာ ဘယ်သူလဲ၊ NCA ကို ဖျက်နေတာက ဘယ်သူလဲ စဉ်းစားစရာ ဖြစ်နေပါတယ်။
ပြန်ကောက်ရရင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့မှာ KNU က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည် ဖော်မှု အစည်းအဝေးတွေ တက်ရောက်မှုကို ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့ပြီးနောက်မှာ တစ်နှစ်လျှင် ၂ ကြိမ် (၆ လတစ်ကြိမ်) ကျင်းပရမည့် ၂၁ ရာစုပင်လုံ ညီလာခံ- ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မကျင်းပနိုင်တော့ ပါဘူး။
ဒါ့အပြင် NCA ရဲ့ အမြင့်ဆုံးဖြစ်တဲ့ JICM အစည်းအဝေးကိုလည်း သုံးလလျှင် ၁ ကြိမ် ကျင်းပရမယ့် အစည်းအဝေး ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်က (၇)ကြိမ်မြောက် ကျင်းပခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အထိ မကျင်းပနိုင်ခဲ့ပါဘူး။
နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုတွေကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း နည်းလမ်းနဲ့ JICM မှာ ဖြေရှင်းလို့ရရဲ့သာနဲ့ မဖြေရှင်းဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကနေ ယာယီရပ်ဆိုင်းလိုက်ခြင်းက NCA ပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ရာ ရောက်မနေဘူးလား။
ဒီနောက် နှစ်လလျှင် ၁ ကြိမ် ကျင်းပရမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) စုံညီ အစည်းအဝေးလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ မကျင်းပနိုင်ခဲ့တော့ပါဘူး။
JMC အစည်းအဝေး တစ်ခုကို တွေ့ရစဉ်
ဒါ့အပြင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ နိုင်ငံရေး မူဘောင်ပြင်ဆင် သုံးသပ်ရေး အစည်းအဝေးတွေ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U) အစည်း အဝေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) အစည်း အဝေး၊ တိုင်းဒေသ ကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) စတဲ့ အစည်းအဝေးတွေလည်း မလုပ်နိုင်ဘဲ ရပ်တန့်နေခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းကို ပြန်ကြည့်ပါက တပ်မတော်သည် အရပ်သားတွေကို သွေး ထွက်သံယိုမှုဖြစ်အောင် လုပ်ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်အားကိုးပြီး ဖြေရှင်းတယ်လို့ ပြောစရာရှိပါတယ်။
ဒီလိုပဲ KNU၊ CNF၊ ABSDF အပြင် တခြားသော လက်နက်ကိုင်တွေဟာလည်း NCA မှာ လူသစ် မစုဆောင်းရ၊ လက်နက်ကိုင် တိုက်ခိုက်မှု မလုပ်ရဆိုတာတွေကို ချိုးဖောက်ပြီး လူသစ်စုဆောင်းတာ၊ လက်နက်တွေ တပ်ဆင် ပေးတာ၊ အရပ်သားတွေ သတ်ဖြတ်ခံရတာမှာ မျက်ကွယ်ပြုတာ၊ ငြိမ်းချမ်းရေး သင်္ကေတဖြစ်တဲ့ လေးကေ့ကော် မြို့သစ်မှာ တိုက်ပွဲတွေ ဖော်ဆောင်တာ၊ ချင်းပြည်နယ်မှာ လက်နက်ကိုင်တွေ မွေးထုတ်ပေးတာ၊ တိုက်ပွဲတွေ ဖော်ဆောင်တာတွေ လုပ်လာခဲ့တယ်လို့ ထောက်ပြသူတွေလည်း ရှိနေပါတယ်။
ဒီအခြေအနေကို ခြုံငုံပြန်လည် သုံးသပ်ကြည့်ရင် NCA ရပ်တန့်နေခဲ့တာ အလုပ်မလုပ်နိုင်တော့တာဟာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ကတည်းကနေ ယနေ့အထိ ဖြစ်ပါတယ်။ ဒါကြောင့် NCA ကို ပျက်အောင် ဘယ်သူလုပ်နေ တာလဲ၊ NCA ကို ဖျက်နေတာ ဘယ်သူတွေလဲ မေးခွန်းထုတ်စရာ ရှိနေပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က NCA ၈ နှစ်ပြည့် အခမ်းအနားမှာ NCA လက်မှတ်ထိုးခဲ့တဲ့ KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းကိုတွေ့ရစဉ်
အမှန်ကတော့ NCA ကို ပျက်ပြီး မပျက်သေးဘူး၊ NCA ကို ဘယ်သူက ဖျက်လိုက်ပြီး စသဖြင့် အပြန်အလှန် အပြစ်တင် စွပ်စွဲနေကြမယ့်အစား NCA ပါ ပြဋ္ဌာန်းချက်တွေကို ဘယ်လို အကောင်အထည်ဖော်မလဲကို စဉ်းစား သင့်ပါတယ်။
NCA ကို အကောင်အထည်ဖော်ပြီးတော့ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ် အတည်းကို ဘယ်လို ကျော်လွှားမလဲ၊ တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဘယ်လို တည်ဆောက်ကြမလဲ၊ ဖက်ဒရယ် ပြည် ထောင်စုကို ဘယ်လို တည်ဆောက်ကြမလဲ စတဲ့ အခြေအနေတွေကို လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်စစ်က “ အကယ်၍ ငြိမ်းချမ်းရေး ဖော်ဆောင်မှုက ပျက်ပြားပြီဆိုရင်လည်း ပြည်ထောင်စု ဆိုတာလည်း ပြိုကွဲသွားမှာ ဖြစ်ပါတယ်”လို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ထိုင်းနိုင်ငံက သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောခဲ့ဖူးပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း “NCA အကောင်အထည်ဖော်ရာတွင် ကတိသစ္စာတည်ကြည်ရန် လိုအပ်သည်ကို အားလုံး နားလည်ကြပြီး ဖြစ်တယ်။ လက်ရှိ အခက်အခဲများမှာ NCA ကြောင့် မဟုတ်၊ NCA အကောင် အထည် ဖော်ရာတွင် အားနည်းချက်၊ လိုက်နာရန် လိုအပ်ချက်နဲ့ နားလည်မှုကွဲပြားခြင်းကြောင့် ဖြစ်ပွားလာသည့် အခက်အခဲများဖြစ်နေတာ”ဟု အောက်တိုဘာ ၂၈ ရက်က NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမိန့်ခွန်းတွင် ပြောခဲ့ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လိုပါက ပျော့ပျောင်းညင်သာမှုနှင့် သဘောထားကြီးမှု လိုအပ်သည်ကို သတိချပ်စေလိုကြောင်းလည်း သူမက ပြောခဲ့ပါသေးတယ်။

- By CNI
- Category: ဆောင်းပါး
- Hits: 893
CNI Sport Article
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀
ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်ဒိုဟာ အသက် ၃၈ နှစ်အရွယ် ရှိနေပြီဖြစ်ပေမယ့် အခုအချိန်ထိ ဘောလုံး ကစားသမားဘဝကနေ အနားယူမယ့် အရိပ်အယောင်ကို ပြသခြင်း မရှိသေးတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ မက်ဆီတို့ထဲက ဘယ်သူက ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်တယ်ဆိုတာကို ငြင်းခုံမှုတွေ ကလည်း ပြီးဆုံးခြင်း မရှိသေးပေမယ့် ရော်နယ်ဒိုကတော့ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ် ၂ ပွဲမှာ ၄ ဂိုး အထိ သွင်းယူကာ သူ့ရဲ့အရည်အသွေးတွေကို ထပ်ပြီးပြသနိုင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ ဘော့စနီးယားအသင်းနဲ့ ပွဲမှာ ၂ ဂိုး သွင်းယူပြီးနောက် ပေါ်တူဂီအသင်းအတွက် ၂၀၃ ပွဲ ကစားအပြီး မှာ ၁၂၇ ဂိုး သွင်းယူထားကာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ သွင်းဂိုး အရေအတွက်က ၈၅၉ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ရော်နယ်ဒိုကို တွေ့ရစဉ်
ပေါ်တိုအသင်းဥက္ကဋ္ဌကတော့ ရော်နယ်ဒိုကို ကစားသမားဘဝ သွင်းဂိုး ၁,၀၀၀ အထိ သွင်းယူနိုင်ဖို့ စိန်ခေါ်ထားပြီး ပေါ်တူဂီအသင်း ခေါင်းဆောင်ကလည်း ဒီစိန်ခေါ်မှုကို လက်ခံထားပါတယ်။
ရော်နယ်ဒိုက "ပင်တိုက ကျနော့်ကို ဂိုး ၁,၀၀၀ အထိ သွင်းယူနိုင်ဖို့ စိန်ခေါ်ထားပါတယ်။ ဒါက အတော်လေးတော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ကျနော့်ရဲ့ စိတ်အားထက်သန်မှု၊ တွန်းအားတွေကနေ မြင်တွေ့ရမှာပါ။ သွင်းဂိုး ၁,၀၀၀ မရောက်ခင်မှာ ဂိုး ၉၀၀ ပြည့်ဖို့တော့ အရင်ရောက်အောင် လုပ်ရမှာပါ။ ဒါကတော့ ရောက်နိုင်မယ်ဆိုတာ ကျနော် ယုံကြည်မှုရှိပါတယ်"လို့ ပြောခဲ့ပါတယ်။
ဂိုးပေါင်း ၁,၀၀၀ ကို ဘယ်ကစားသမားကမှ မသွင်းယူနိုင်သေးတာကြောင့် ရော်နယ်ဒို အနေနဲ့ ဒီလိုမျိုး လုပ်နိုင် မယ်ဆိုရင် အားလုံးအတွက် အံ့အားသင့်စရာတွေ ဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။
ရော်နယ်ဒိုအနေနဲ့ ဒီလိုလုပ်နိုင်ဖို့အတွက် သံသယတွေ ရှိနေကြပေမယ့် အသက် ၃၈ နှစ်အရွယ်ရှိ ကစားသမား ကတော့ ပေါ်တူဂီအသင်းကို ယူရို ၂၀၂၄ ပြိုင်ပွဲ ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး လာမယ့်နှစ်ပြိုင်ပွဲမှာ နိုင်ငံ အသင်းကို ဦးဆောင်လာဦးမှာ ဖြစ်ပါတယ်။
ပေါ်တူဂီ အသင်းနဲ့ ရော်နယ်ဒို ကစားစဉ်
ရော်နယ်ဒိုဟာ အယ်လ်နာဆာ အသင်းအတွက် ပွဲမကစားခင်အထိ ၂၀၂၃ ခုနှစ်ထဲမှာ သွင်းဂိုး ၄၀ အထိ သွင်းယူ ထားပြီး ဒီစံနှုန်းအတိုင်းကို ဆက်ပြီးထိန်းနိုင်မယ်ဆိုရင် အခုနှစ် မကုန်ခင်မှာ သွင်းဂိုး ၅၀ ပြည့်သွားနိုင်ဖွယ် ရှိနေ တာပါ။
ဒီအတိုင်းသာ ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင် ရော်နယ်ဒိုဟာ သွင်းဂိုးပေါင်း ၁,၀၀၀ ပြည့်ဖို့အတွက် လိုအပ်နေတဲ့ ၁၃၁ ဂိုးကို သွင်းယူနိုင်ဖို့ ရက်ပေါင်း ၉၃၆ ရက် အချိန်ယူရမှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုအနေနဲ့ ၂၀၂၆ ခုနှစ်၊ သြဂုတ် ၂၄ ရက်မှာ သွင်းဂိုး ၁,၀၀၀ ဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်နိုင်မယ်လို့ ဖော်ပြထားပါတယ်။
ဘောလုံးရာသီ ၂၂ ရာသီအထိ ကစားထားတဲ့ ရော်နယ်ဒိုဟာ ၈၅၉ ဂိုးကို တစ်ရာသီပျှမ်းမျှ ၃၉.၀၅ ဂိုး သွင်းယူ ထားတာဖြစ်ပြီး ဂိုးပေါင်း ၁,၀၀၀ ဆိုတဲ့ မှတ်တမ်းကို အောင်မြင်တဲ့အချိန်မှာ သူ့ရဲ့ အသက်ဟာ ၄၂ နှစ် အရွယ် ရှိနေပြီလို့ ခန့်မှန်းထားကြပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ လိဂ်ပွဲတွေအပြင် ဖလားပွဲတွေနဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်တွေ အားလုံး ပါဝင်ကစားပြီး ပေါ်တူဂီအသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာလည်း ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူမယ်ဆိုရင် ၂၀၂၆ ကမ္ဘာ့ဖလား ရောက်ရှိတဲ့အချိန်မှာ ဒီပမာဏကို ရရှိဖို့ မျှော်လင့်လို့ရမှာပါ။
ရော်နယ်ဒိုကို တွေ့ရစဉ်
ရော်နယ်ဒို အနေနဲ့ ဒဏ်ရာတွေ၊ ခြေစွမ်း မပြနိုင်တာတွေနဲ့ ကြံ့ခိုင်မှုပိုင်းနဲ့ ပတ်သက်တဲ့ စိုးရိမ်စရာတွေ ရှိမယ် ဆိုရင်တော့ ခန့်မှန်းဖို့က မလွယ်ကူတဲ့ အနေအထားမှာ ရှိနေပါတယ်။
ပေါ်တူဂီ ကစားသမားဟာ ခြေစွမ်းပိုင်းနဲ့ ကြံ့ခိုင်မှုပိုင်းက အကောင်းဆုံးပုံစံ ရရှိခဲ့မယ်ဆိုရင်တောင် သွင်းဂိုး ၁,၀၀၀ က သူ့အတွက် ခက်ခဲတဲ့ စိန်ခေါ်မှု ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေကြတာပါ။
ရော်နယ်ဒို အတွက်တော့ သွင်းဂိုး ၁,၀၀၀ ပြည့်အောင် ဂိုးသွင်းယူနိုင်ဖို့က တကယ့်လက်တွေ့မှာ မလွယ်ကူပေမယ့် စိန်ခေါ်မှုတွေကို အကြိမ်ကြိမ် ဖြတ်ကျော်ခဲ့တဲ့ သူအတွက်တော့ ဒီတစ်ကြိမ် စိန်ခေါ်မှုကို ကျော်ဖြတ်ပြီး ကစား သမားဘဝကို အဆုံးသတ် သွားမလားဆိုတာတော့ ဆက်ပြီး စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Source: Daily Mail