
- By CNI
- Category: ဆောင်းပါး
- Hits: 916
CNI International Article
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄
ဂါဇာဒေသတွင် ဖြစ်ပွားနေသည့် အစ္စရေးနှင့် ဟားမာ့စ်စစ်ပွဲသည် နိုဝင်ဘာ၂၂ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။
၄ ရက်ကြာ သတ်မှတ်ထားသည့် ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးတွင် အကျဉ်းချခံထား ရသည့် ပါလက်စတိုင်း အကျဉ်းသား ၁၅၀ နှင့် ဂါဇာတွင် ဖမ်းဆီးခံထားရသည့် ဓားစာခံ ၅၀ ကို လဲလှယ်ရန်၊ ဂါဇာ ဒေသအတွင်းသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ခွင့်ရစေရန် အစရှိသည့် သဘော တူညီချက်များ ပါဝင်ခဲ့သည်။
သို့ဆိုလျင် ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အစ္စရေးနှင့် ဟားမာ့စ်အတွက် မည်သို့သော အကျိုးအမြတ်များ ရလာနိုင်သည်ဆိုသည့် အချက်ကို သုံးသပ်ရမည်ဖြစ်သည်။
ဟားမာ့စ် တပ်ဖွဲ့၀င်ကို တွေ့ရစဉ်
အခြေခံ သဘောတရားအရ ထိုအပစ်အခတ်ရပ်စဲရေးသည် ဂါဇာတွင် တိုက်ခိုက်မှုများ ရပ်တန့်စေပြီး အရပ် သားများ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းတို့ကို ယာယီရပ်တန့် စေမည်ဖြစ်သလို လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကျပ်အတည်းကိုလည်း အနည်းနှင့်အများဆိုသလို လျော့ပါးစေမည်ဖြစ်သည်။
စစ်ပွဲဖြစ်ပွားနေသည့် အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့အကြား နိုင်ငံရေးနှင့် စစ်ရေး အမြတ်ထွက်မှုကို နှိုင်းယှဉ်ကြည့်ရ မည်ဆိုပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။
အပစ်အခတ်ရပ်စဲမှုကြောင့် ဟားမာ့စ်အဖွဲ့သည် နိုင်ငံရေးအရ အမြတ်ထွက်နိုင်ခြေရှိပြီး စစ်ရေးအရ သိသာသည့် အကျိုးသက်ရောက်မှုများ မရှိနိုင်ပေ။
အစ္စရေးအတွက်မူ အပစ်အခတ်ရပ်စဲရေးသည် စစ်ရေးအရ အမြတ်ထွက်နိုင်ပြီး နိုင်ငံရေးအရ သိသာသည့် အကျိုးသက်ရောက်မှုမျိုး မရှိနိုင်ပေ။
အစ္စရေးသည် ဟားမာ့စ်နှင့် ဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုများကို သီတင်းခြောက်ပတ်ကြာ လုပ်ဆောင်ခဲ့ကာ မြေပြင်စစ်ဆင်ရေးကို သီတင်းသုံးပတ်ကြာ လုပ်ဆောင်ခြင်းဖြင့် ၎င်း၏ စစ်အင်အားကို အပြည့်အဝ အသုံးချခဲ့သည်။
ထိုကဲ့သို့ ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများသည် အစ္စရေး လက်နက်ကိုင် တပ်ဖွဲ့များကို မြေပြင် စစ်ဆင်ရေးများ ပြုလုပ်ရန်အတွက် ဂါဇာဒေသသို့ ဝင်ခွင့်ရစေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူ အများစုက သုံးသပ်ခဲ့ကြသည်။
ဖမ်းဆီးခံထားရသော ဓားစားခံကလေးငယ်များကို တွေ့ရစဉ်
သို့သော်လည်း အစ္စရေးကဲ့သို့ စစ်ပွဲအတွက် အသင့်အနေအထား ပြင်ဆင်ထားသည့် နိုင်ငံမျိုးပင်လျင် လက်နက်နှင့် ခဲယမ်းများကို ပြည့်စုံလုံလောက်စွာ အရံသင့် ထိန်းသိမ်းထားနိုင်ရန် လိုအပ်နေသည်။
ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန် စစ်ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သူ အိုမာ ဘရက်ဒလေ (Omar Bradely) ပြောကြားခဲ့ဖူးသည့်် စကားတစ်ခွန်းရှိသည်။
ထိုစကားမှာ "အတွေ့အကြုံ မရှိသူတွေက မဟာဗျူဟာအကြောင်း ပြောကြတယ်။ ပရော်ဖက်ရှင်နယ်တွေကတော့ ထောက်ပို့အကြောင်းကိုပဲ ပြောကြတယ်" ဟူသည့််စကားဖြစ်သည်။
အစ္စရေး၏ ရှေ့တန်းစစ်မြေပြင်မှ တပ်မှူးများသည် ဂါဇာကို အပြင်းအထန် တိုက်ခိုက်ရန် ဆန္ဒပြင်းပြနေခြင်း ဖြစ်နိုင်သည်။ သို့သော် နောက်တန်းတွင် စစ်လက်နက်အင်အားကို သင်္ချာတွက်သကဲ့သို့ တိကျသေချာသည့် ရလဒ်ထွက်ပေါ်စေရန် တွက်ချက်နေရမည်ဖြစ်သည်။
ယုံကြည်အားကိုးရလောက်သည့် သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ အစ္စရေးလေတပ် (IAF) သည် စမတ်ဗုံး များ ပြတ်လပ်လာပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အွန်လိုင်းပေါ်မှ ကျွမ်းကျင်သူများ၏ ဆွေးနွေးမှုများတွင်လည်း IAF သည် ဂါဇာဒေသကို တိုက်ခိုက်ရန် JDAM စမတ်ဗုံး ၂၅၀၀ ကျော်ကို အသုံးပြုခဲ့ပြီဖြစ်ပြီး လက်ရှိတွင် ထိုလက်နက်ခဲယမ်း အမျိုးအစားသည် ၁၀ ရက်စာသာ ကျန်ရှိတော့ကြောင်း ပြောကြားခဲ့ကြသည်။
နိုင်ငံအားလုံးမှ စစ်တပ်များသည် အရေးပေါ် အသုံးပြုရန်အတွက် အရန်ထားရှိရမည့် လက်နက်ခဲယမ်းပမာဏ မည်မျှ သိုလှောင်ထားရမည်ကို သတ်မှတ်ထားကြသည်။
ထိုကဲ့သို့ အရန်လက်နက်ခဲယမ်းပမာဏ မည်မျှထားရှိသည်ဆိုခြင်းသည် လျှို့ဝှက်ချက် တစ်ခုဖြစ်သဖြင့် မည်သူ ကမှ အတိအကျ မခန့်မှန်းနိုင်ပေ။
သို့သော် အစ္စရေးသည် ဂါဇာစစ်ပွဲတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများကို ချက်ချင်း ပြန်လည်ဖြည့်တင်းရန် လုပ်ဆောင်နေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
၁၉၇၃ ခုနှစ်က အစ္စရေးသည် ဆီးရီးယား၊ အီဂျစ်နှင့် ၎င်းတို့၏ အာရပ်မဟာမိတ်များနှင့် စစ်ပွဲများ ဖြစ်ပွားခဲ့ချိန်က လက်နက်ခဲယမ်းများ ပြတ်တောက်မည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။
အစ္စရေးစစ်တပ်ကို တွေ့ရစဉ်
ထို့နောက် အမေရိကန်သည် Operation Nickel Grass အမည်ရှိ စစ်ဆင်ရေးဖြင့် အစ္စရေးကို သမိုင်းတစ်လျှောက် အကြီးမားဆုံး စစ်ရေးအကူအညီကို လေယာဉ်များဖြင့် ပေးပို့ခဲ့ရသည်။
ထိုအချိန်က အမေရိကန်လေတပ်သည် အစ္စရေးကို တန် ၁၀၀၀ အလေးချိန်ရှိသည့် လက်နက်ခဲယမ်းများ နေ့စဉ် ပေးပို့ခဲ့သည်။ အမေရိကန်က အစ္စရေးကို ပေးပို့ခဲ့သည့် လက်နက်ခဲယမ်း တန်ချိန် စုစုပေါင်းသည် တန်ချိန် ၂၂,၀၀၀ ကျော်ရှိခဲ့သည်။
ထိုဖြစ်စဉ်မျိုးသည် အစ္စရေးအတွက် သမိုင်းတစ်ပတ် ပြန်လည်လာပုံရသည်။ ပြီးခဲ့သည့် သီတင်းနှစ်ပတ် အတွင်း မှာပင် အမေရိကန်၏ C-17 သယ်ယူပို့ဆောင်ရေး လေယာဉ်များသည် အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့ရှိ ဘန် ဂူရီယွန် (Ben Gurion) လေဆိပ်နှင့်် နီဂက်ဗ် (Negev) သဲကန္တာရအတွင်းရှိ နီဗာတင်မ် (Nevatim) လေတပ်စခန်းများသို့ ဆိုက်ရောက်လာခဲ့ကြသည်။
အမေရိကန်၏ C-17 လေယာဉ်အများစုသည် ဂျာမနီနိုင်ငံ၏ ရမ်စတိန်း (Ramstein) လေတပ်စခန်းမှ ပျံသန်း ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ထိုလေယာဉ်များပေါ်တွင် စစ်ဘက်ဆိုင်ရာ အရေးပေါ် ပစ္စည်းများ အပြည့်ပါဝင်ခဲ့သည်။
ထို့ကြောင့် ယခု အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အစ္စရေးအတွက် စစ်လက်နက်ပစ္စည်းများ ပြန်လည် ဖြည့်တင်းနိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်သည်။
ထို့ပြင် ဂါဇာဒေသတွင် အစ္စရေး မြေပြင်တပ်ဖွဲ့များ၏ နည်းဗျူဟာများနှင့် စစ်ဆင်ရေး အခြေအနေကို ပြန်လည် သုံးသပ်ရန်လည်း အချိန်ရသွားခဲ့ခြင်းလည်း ဖြစ်သည်။
အစ္စရေး မြေပြင်တပ်ဖွဲ့များသည် ဂါဇာတွင် မြေအောက်လိုဏ်ခေါင်းများ တွေ့ရှိခဲ့သော်လည်း ထောင်ချောက် အဆင်ခံရမည့် အခြေအနေကြောင့် ထိုလိုဏ်ခေါင်းများထဲသို့ ဆင်းသက်ခဲ့ခြင်း မရှိသေးပေ။
ထို့ကြောင့် ယခု အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အစ္စရေးအတွက် လက်နက်ခဲယမ်းများ ပြန်လည် ဖြည့်တင်းရန်နှင့် ဂါဇာတွင် ပြုလုပ်နေသည့် စစ်ဆင်ရေးကို ပြန်လည်သုံးသပ်ရန် အချိန်ကောင်းတစ်ခု ရရှိခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်နိုင်သည်။
Source: အယ်လ်ဂျာဇီးယား

- By CNI
- Category: ဆောင်းပါး
- Hits: 850
CNI Sport Article
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄
ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကြီးအတွက် ခြေစစ်ပွဲကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
အိမ်ရှင်ဂျာမနီ အပါအဝင် ခြေစစ်ပွဲ အောင်မြင်ထားတဲ့ အသင်းအရေအတွက် ၂၁ သင်းအထိ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီအသင်းတွေကတော့ အားလုံးနဲ့ ရင်းနှီးပြီးသား အသင်းတွေဖြစ်ပြီး နာမည်ကြီး ကစားသမားတွေ ပါဝင်တဲ့ အသင်းအချို့ကတော့ ခြေစစ်ပွဲကနေ လှည့်ပြန်ခဲ့ရတာပါ။
ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စု ၁၀ အုပ်စုက ထိပ်ဆုံး ၂ သင်းစီဟာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး လက်ကျန် ၃ နေရာအတွက် နေးရှင်းလိဂ်ပြိုင်ပွဲက အဆင့်သတ်မှတ်ချက် အကောင်းဆုံး အသင်းတွေက ပလေးအော့ဖ် ယှဉ်ပြိုင် ပြီး ဝင်ခွင့်တွေကို ရယူသွားမှာ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းကို တွေ့ရစဉ်
အိမ်ရှင် ဂျာမနီအသင်း အပါအဝင် ခြေစစ်ပွဲ အောင်မြင်ထားတဲ့ အသင်းတွေကို ဖော်ပြရမယ်ဆိုရင် ဘယ်လ်ဂျီယံ၊ ပေါ်တူဂီ၊ ပြင်သစ်၊ စကော့တလန်၊ စပိန်၊တူရကီ၊ ဩစတြီးယား၊ အင်္ဂလန်၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ အက်စ်တိုး နီးယား၊ ဒိန်းမတ်၊ နယ်သာလန်၊ ရိုမေးနီးယား၊ ဆွစ်ဇာလန်၊ ဆားဘီးယား၊ ချက်၊ အီတလီ၊ ဆလိုဗေးနီးယားနဲ့ ခရိုအေးရှားအသင်းတို့ ဖြစ်ပါတယ်။
ဟာလန်း၊ အိုဒီဂတ်တို့လို ပရီးမီးယားလိဂ် နာမည်ကြီး ကစားသမားအချို့ပါဝင်တဲ့ နော်ဝေနဲ့ လင်ဒီလော့ဖ် ဦးဆောင်တဲ့ ဆွီဒင်အသင်းတို့ကတော့ ပလေးအော့ဖ်တောင် ယှဉ်ပြိုင်ခွင့် မရခဲ့ဘဲ ခြေစစ်ပွဲ အဆင့်နဲ့သာ ကျေနပ် ခဲ့ရတာပါ။
လက်ကျန် ၃ နေရာအတွက် အသင်း ၁၂ သင်း ယှဉ်ပြိုင်ရမယ့် ပလေးအော့ဖ် အဆင့်မှာလည်း နာမည်ကြီး ကစားသမားအချို့ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲကြီးနဲ့ ဝေးရဖို့ ရှိနေတာ ဖြစ်ပါတယ်။
အသင်း ၁၂ သင်းကို Path A, B, C ဆိုပြီး ခွဲကာ လမ်းကြောင်းတစ်ခုစီမှာ ၁ သင်းထဲကသာ ယူရို ၂၀၂၄ ပြိုင်ပွဲကြီး ကို ယှဉ်ပြိုင်ခွင့် ရရှိမှာပါ။
ပလေးအော့ဖ် အဆင့်အတွက် မဲခွဲမှုတွေ ပြုလုပ်ခဲ့တာမှာ Path A က ပိုလန်နဲ့ အက်စ်တိုးနီးယား၊ ဝေးလ်စ်နဲ့ ဖင်လန်တို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့ ၂ သင်းဟာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အီတလီအသင်းကို တွေ့ရစဉ်
Path B မှာ အစ္စရေးနဲ့ အိုက်စလန်၊ ဘော့စနီးယားနဲ့ ယူကရိန်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်း ၂ သင်း ဟာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာပါ။
Path C မှာတော့ ဂျော်ဂျီယာနဲ့ လူဇင်ဘတ်၊ ဂရိနဲ့ ကာဇက်စတန်တို့ တွေ့ဆုံနေကြပြီး အနိုင်ရတဲ့ ၂ သင်းဟာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။
ဒီခြေစစ်ပွဲတွေကို မတ်လမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပလေးအော့ဖ် ပွဲတွေပြီးမှသာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အသင်း ၂၄ သင်းစလုံးဟာ ရုပ်လုံးပေါ်လာမှာပါ။ UEFA ကတော့ ပလေးအော့ဖ် ပွဲစဉ်တွေ မယှဉ်ပြိုင်ရသေး ခင်မှာတင် မဲအိုး ၄ အိုးခွဲပြီး ခြေစစ်ပွဲတွေမှာ ရလဒ်ကောင်းခဲ့တဲ့ အသင်းတွေကို မဲအိုး ၁ ထဲမှာ ထည့်သွင်း ထားခဲ့တာ ဖြစ်ပါတယ်။
မဲအိုး ၁ မှာ အိမ်ရှင် ဂျာမနီ၊ ပေါ်တူဂီ၊ ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံနဲ့ အင်္ဂလန်အသင်းတို့ ကျရောက်နေခဲ့တာပါ။
ယူရို ၂၀၂၄ ပြိုင်၀င် အသင်းများစာရင်းကိုတွေ့ရစဉ်
မဲအိုး ၂ မှာတော့ ဟန်ဂေရီ၊ တူရကီ၊ ဩစတြီးယား၊ ရိုမေးနီးယား၊ ဒိန်းမတ်၊ အယ်လ်ဘေးနီးယားတို့ ကျရောက်နေခဲ့ ပြီး မဲအိုး ၃ မှာတော့ နယ်သာလန်၊ စကော့တလန်၊ ခရိုအေးရှား၊ ဆလိုဗေးနီးယား၊ ဆလိုဗတ်ကီးယားနဲ့ ချက်၊ မဲအိုး ၄ မှာ လက်ရှိချန်ပီယံ အီတလီ၊ ဆားဘီးယား၊ ဆွစ်ဇာလန်နဲ့ ပလေးအောဖ့်က အနိုင်ရမယ့် အသင်း ၃ သင်းတို့ ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။
ယူရိုပြိုင်ပွဲရဲ့ အုပ်စုမဲခွဲမှုကို ဒီဇင်ဘာ ၂ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဘယ်အသင်းတွေက အုပ်စုကျပ်ထဲ ကျရောက် သွားမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် လူစိတ်ဝင်စားမှု အမြင့်ဆုံး ပြိုင်ပွဲဖြစ်တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကြီးကိုတော့ ဇွန် ၁၄ ရက် ကနေ ဇူလိုင် ၁၄ ရက်အထိ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

- By CNI
- Category: ဆောင်းပါး
- Hits: 804
CNI Sport Article
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၉
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဂျပန်အသင်းကို ၅ ဂိုး - ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဂျပန်အသင်းလို ကမ္ဘာ့အဆင့်အသင်းကို ဂိုးအရမ်းကြီးမပြတ်ဘဲ ရှုံးခဲ့တာက အဆိုးထဲက အကောင်းဆုံးအရာ ဖြစ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်က ဂျပန်မြေမှာ ကစားခဲ့တုန်းက မြန်မာအသင်းဟာ ဂျပန်အသင်းကို ၁၀ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း မြန်မာအသင်းနည်းပြဟာ ဒီလိုအရှက်တကွဲ ရှုံးနိမ့်မှုကို ထပ်ပြီးမကြုံတွေ့ရအောင် ပြင်ဆင် လာခဲ့တာ ဖြစ်ပါတယ်။
တိုက်စစ်မှူး ၃ ဦးစလုံးကို ပွဲထွက်လူစာရင်းမှာ အသုံးမပြုကတည်းက မြန်မာအသင်းဟာ လုံးဝ ခံစစ်ကိုပဲ ကစား မယ်ဆိုတာ သေချာပေါက် တွက်ချက်လို့ ရခဲ့တာပါ။
တကယ်လည်း မြန်မာအသင်းဟာ စပေးဘောပေးရတာနဲ့ ထောင့်ကန်ဘော ကန်ခွင့်ရတဲ့ ၁ ကြိမ်လောက်သာ ဂျပန်အသင်းဘက်ခြမ်းမှာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဂျပန်လိုအသင်းကို ခံစစ် အထပ်ထပ် ကစားဖို့ကလွဲပြီး မြန်မာအသင်းမှာ ရွေးချယ်စရာလုံးဝ မရှိခဲ့ပါဘူး။
ဂျပန်အသင်းဟာ မြန်မာအသင်းနဲ့ ပွဲစဉ်မတိုင်ခင် ကစားခဲ့တဲ့ ခြေစမ်းပွဲတွေကို ပြန်ပြီးကြည့်ရမယ်ဆိုရင် ဂျာမနီ၊ တူရကီနဲ့ ကနေဒါတို့လို အသင်းတွေကို ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။
ဂျပန်အသင်းနဲ့ မြန်မာအသင်းရဲ့ကမ္ဘာ့အဆင့် ရပ်တည်မှုကို ကြည့်ရင် များစွာကွာခြား နေတာကြောင့် ဘယ်လောက်ပဲ ခံစစ်ပိတ်ပိတ် သွင်းဂိုးတွေက ပေးရမှာဖြစ်ပေမယ့် ပေးဂိုး ၅ ဂိုးပဲ ပေးခဲ့ရတာကတော့ မြန်မာ အသင်းအတွက် ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ်။
မြန်မာနည်းပြ မိုက်ကယ်ကိုယ်တိုင်က ဂျပန်အသင်းကို ခံစစ်ကစားဖို့ပဲ လက်တွေ့ဆန်ဆန် ဆုံးဖြတ်ခဲ့တယ်လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
မိုက်ကယ်က "ဂျပန်နဲ့ပွဲမှာ ခံစစ်ကို ဦးစားပေးပြီး အတတ်နိုင်ဆုံး ပေးဂိုးနည်းအောင် စီစဉ်ထားခဲ့ပါတယ်။ ဒီပွဲ အတွက်က ကျနော်တို့မှာ စိန်ခေါ်မှုတွေ အများကြီး ရှိပါတယ်။ ဂျပန်အသင်းလို ကမ္ဘာ့အဆင့် အသင်းတစ်သင်းကို သူ့အိမ်ကွင်းမှာ အနိုင်ရဖို့၊ အမှတ်ယူဖို့ ဆိုတာတွေကို မျှော်လင့်မထားပါဘူး။ ကျနော်တို့ လက်တွေ့ဆန်ဆန်ပဲ ဆုံးဖြတ်ပါတယ်။ ဒါကြောင့် ခံစစ် ဦးစားပေးပြီး အကောင်းဆုံး ကြိုးစားသွားခဲ့ကြတဲ့ ကစားသမားတွေကို ချီးကျူးပါတယ်"လို့ ပြောခဲ့ပါတယ်။
ဂျပန်အသင်းဟာ မြန်မာအသင်းနဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၈၃ ရာခိုင်နှုန်းရှိခဲ့ပြီး၊ ဂိုးပေါက်ကန်သွင်းမှု ၃၁ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁၅ ကြိမ်အထိ ရှိခဲ့တာပါ။
မြန်မာအသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၁၇ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှုနဲ့ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့တာ ဖြစ်ပါတယ်။
အချက်အလက်တွေအရတော့ မြန်မာအသင်းရဲ့ အနေအထားဟာ စိတ်ပျက်ချင်စရာ ဖြစ်ပေမယ့် ကိုယ့်နိုင်ငံ အသင်း အကြောင်းကို သိတဲ့သူတွေအတွက်တော့ ဂျပန်အသင်းကို ပေးဂိုး ၅ ဂိုးကိုပဲ ပေးရတာက အပေါင်း လက္ခဏာ ဆောင်ခဲ့တာပါ။
မြန်မာအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေပေမယ့် သူတို့ရဲ့မျှော်လင့်ချက်က ဒီခြေစစ်ပွဲကနေ အာရှဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် မြန်မာအသင်းဟာ ဂျပန်အသင်းနဲ့ နှစ်ကျော့စလုံးအရှုံးလို့ သတ်မှတ်ထားပြီး မြောက်ကိုရီးယား၊ ဆီးရီးယားအသင်းတို့နဲ့ ကစားမယ့်ပွဲမှာ ရလဒ်ကောင်းတွေရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
မိုက်ကယ်က "မြောက်ကိုရီးယားနဲ့ ကစားရမယ့် ပွဲကတော့ ဂျပန်ပွဲနဲ့ အစစအရာရာ ကွာခြားပါလိမ့်မယ်၊ မတူညီတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ ကျနော်တို့ ပြိုင်ဘက်ကို ရင်ဆိုင်မှာပါ၊ ဂျပန်အသင်းနဲ့ ပွဲလိုခံစစ်ပုံစံမျိုး မဟုတ်ဘဲ မတူညီတဲ့ဟန်နဲ့ ကစားမှာပါ။ မြောက်ကိုရီးယားဆီကနေ အမှတ်ရအောင် ယူဖို့ကြိုးစားပါမယ်။ ဒါက ကျနော်တို့ မျှော်လင့်ချက်ပါ" လို့ ပြောခဲ့ပါတယ်။
အဲ့ဒါကြောင့် မြောက်ကိုရီးယားအသင်းနဲ့ ကစားမယ့်ပွဲမှာ ဂျပန်အသင်းပွဲစဉ်ကလို ခံစစ်ချည်းမကစားဘဲ တိုက်စစ် လိုက်ပါမယ့် မြန်မာအသင်းကို ပရိသတ်တွေပြန်ပြီး မြင်ခွင့်ရဖို့ ရှိနေပါတယ်။
လက်ရှိ မြန်မာအသင်းကို အာဆီယံဒေသတွင်း ထွက်ပြီး ကစားနေတဲ့ ကစားသမားတွေအပြင် ပြည်တွင်းက အကောင်းဆုံး ကစားသမားတွေနဲ့ လူငယ်ကစားသမား အများအပြားကို ဖွဲ့စည်းထားတာပါ။
အဲ့ဒါကြောင့် ဒီအစုအဖွဲ့က ပရိသတ်တွေ မျှော်လင့်နေတဲ့ အတိုင်းအတာအထိ ရောက်အောင် ဖြည့်ဆည်းပေးနိုင် မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာ ဖြစ်ပါတယ်။

- By CNI
- Category: ဆောင်းပါး
- Hits: 807
CNI Article
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၉
အစ္စရေး-ဟားမာ့စ် စစ်ပွဲအတွင်း အစ္စရေးရှိ ထိုင်းနိုင်ငံသား ၃၉ ဦး သေဆုံးခဲ့ပြီး အများအပြား ပြန်ပေးဆွဲ ခံခဲ့ရမှုနှင့် အတူ ပြီးခဲ့သည့် သီတင်း ၅ ပတ်ခန့်က ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ၏ အစိုးရအဖွဲ့ သည် ကျဉ်းထဲကျပ်ထဲ အခြေအနေသို့ ရောက်ရှိခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အစ္စရေးတွင် ထိခိုက်သေဆုံးမှု အများဆုံး ပြည်ပနိုင်ငံသားများထဲတွင် ထိုင်းနိုင်ငံသား အများစု ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
အစ္စရေးတွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိသည့်တိုင် ထိုင်းရွှေ့ပြောင်း လုပ်သားများသည် ပြီးခဲ့သည့် နှစ်များ အတွင်း အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ အလုပ်လုပ်ကိုင်ရန် စုပြုံသွားရောက်ခဲ့ကြသည်။
အစ္စရေးနဲ့ဟားမာ့စ်စစ်ပွဲအတွင်း ပျောက်ဆုံးနေတဲ့ ထိုင်းနိုင်ငံသား ၂ ဦးကို မိခင်က ရှာဖွေပေးဖို့တောင်းဆို နေစဉ်
လက်ရှိအချိန်အထိ ထိုင်းအစိုးရသည် အစ္စရေးရှိ ထိုင်းနိုင်ငံသားများကို နေရပ်သို့ ပြန်လည်ခေါ်ယူရန်နှင့် နစ်နာကြေးများပေးရန်သာ အာရုံစိုက် လုပ်ဆောင်ခဲ့သည်။ သို့သော် ထိုလုပ်ဆောင်မှုသည် လုံလောက်ခြင်း မရှိသေးပေ။
ထိုင်းအစိုးရအနေနှင့် အခြေခံ အကြောင်းတရားများကို တိုက်ဖျက်ရမည်ဖြစ်သည်။ ထိုင်းရွှေ့ပြောင်း လုပ်သားများ အတွက် အသက်အန္တရာယ်ကို အရဲစွန့်ပြီး အစ္စရေးတောင်ပိုင်းသို့ သွားရောက်ပြီး အလုပ်လုပ်ကိုင်နေရသည့် အခြေအနေကို အစိုးရက နည်းလမ်းများစွာ ရှာဖွေပြီး ဖြေရှင်းပေးရန် ထိုင်းပြည်သူများက တိုက်တွန်းနေသည်။
လက်ရှိအချိန်အထိ ဗျူရိုကရက်တစ် လုပ်ထုံးလုပ်နည်းများနှင့် ဒေသခံ လုံခြုံရေး အခြေအနေများကြောင့် နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့သည်။
ထိုင်းလေတပ်နှင့် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းများအကြား ပူးပေါင်းဆောင်ရွက်မှုသည် အစ္စရေးရှိ ထိုင်းနိုင်ငံ သားများကို ပြန်လည်ခေါ်ယူရေး လုပ်ငန်းစဉ်ကို ပြန်လည် အရှိန်မြှင့်တင်နိုင်မည်ဖြစ်သည်။
ဟားမာ့စ်တို့ ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ဓားစာခံများ ပြန်လည်လွတ်မြောက်ရေးအတွက် ထိုင်းလွှတ်တော် အမတ်များနှင့် အစ္စလာမ်မစ် NGO အဖွဲ့များက ပုဂ္ဂိုလ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေသည်။
အစ္စရေးမှာ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသားများကိုတွေ့ရစဉ်
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ အစ္စရေးတွင် ဟားမာ့စ်အဖွဲ့၏ ပြန်ပေးဆွဲခံထားရသည့် ထိုင်းနိုင်ငံသား ၂၄ ဦးခန့်ရှိကြောင်း ဖော်ပြခဲ့သည်။
သို့သော် ဟားမာ့စ်အဖွဲ့က ဖမ်းဆီးထားသည့် ဓားစာခံ ၂၂၄ ဦးထဲတွင် ထိုင်းနိုင်ငံသားမည်မျှ ပါဝင်သည်ဆိုခြင်းကို မည်သူကမှ အတိအကျ မသိရသေးပေ။
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးကာကွယ်ရေး တပ်ဖွဲ့များက မြေပြင်ထိုးစစ် ပြင်းထန်စွာ ဆင်နွှဲနေသဖြင့် ဂါဇာ ၌ ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသား အရေအတွက်သည် ပိုမိုမြင့်တက်လာဖွယ်ရှိသည်။
ထိုင်းလုပ်သားများသည် အစ္စရေး၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းခွင်၏ အဓိက အင်အားစုများဖြစ်သည်။ အစ္စရေး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေသည့် ပြည်ပလုပ်သား စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်သည် ထိုင်းနိုင်ငံသားများဖြစ်သည်ဟု ထိုင်းအလုပ်သမားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
တိုက်ခိုက်မှု မဖြစ်ပွားခင်အချိန်က အစ္စရေး၏ လူနေရပ်ကွက်များထဲတွင် အလုပ်လုပ်ကိုင်ခဲ့သည့် ထိုင်းနိုင်ငံသား ၂၉၀၀၀ ခန့်ရှိခဲ့သည်။
လက်ရှိတွင် အစ္စရေး၌ ထိုင်းအလုပ်သမား ၁၈၀၀၀ ခန့် ရှိနေဆဲဖြစ်ပြီး အချို့သည် အလုပ်အကိုင် ဆုံးရှုံးရမည့် အခြေအနေကို ရှောင်လွှဲနိုင်ရန် အစ္စရေးတွင် ဆက်လက်နေထိုင်ရန် ဆန္ဒရှိနေကြသည်။
အစ္စရေးနဲ့ဟားမာ့စ်စစ်ပွဲအတွင်း ပျောက်ဆုံးနေတဲ့ ထိုင်းနိုင်ငံသားရဲ့ မိခင်ကို တွေ့ရစဉ်
အစ္စရေးရှိ ထိုင်းနိုင်ငံသားများ၏ ဆုံးဖြတ်ချက်ကို မည်သူကမှ တိကျစွာ မသိရသေးပေ။ အစ္စရေးသို့ ရောက်ရှိခဲ့ သည့် ထိုင်းနိုင်ငံသားများသည် အစ္စရေးတွင် နေရာအခြေတကျ ဖြစ်စေရန် ငွေကြေး အများအပြား ရင်းနှီးခဲ့ရခြင်း ဖြစ်သည်။
အစ္စရေးသို့ သွားရောက် လုပ်ကိုင်ရသည့် စရိတ်စကများအတွက် ကုန်ကျစရိတ်များ မကျေမခြင်း အစ္စရေးရောက် ထိုင်းနိုင်ငံသားများသည် ထိုင်းသို့ ပြန်လာရန် အစီအစဉ်မရှိခြင်း ဖြစ်နိုင်သည်။
ထို့ကြောင့် ထိုင်းအစိုးရအနေနှင့် ထိုင်းနိုင်ငံသားများအတွက် အကောင်းဆုံး ငွေကြေးဆိုင်ရာ သဘောတူညီချက် များနှင့် ကာကွယ်မှုများကို စိတ်ချသေချာစွာ လုပ်ဆောင်ပေးရန် လိုအပ်သည်။
ပို၍အရေးကြီးသည့် အချက်မှာ ထိုင်းအလုပ်သမားများကို ပေးဆောင်ရန် နှစ်ပေါင်းများစွာကြာ နှောင့်နှေးကြန့်ကြာ ခဲ့သည့် အာမခံငွေများကို အစ္စရေးအစိုးရက ထိုင်းအလုပ်သမားများကို စိတ်ချသေချာစွာ ပေးဆောင်စေရန် ထိုင်းအစိုးရက လုပ်ဆောင်ရမည်ဖြစ်သည်။
နောက်ထပ် လုပ်ဆောင်ရမည့် အချက်မှာ ၂၀၂၀ ပြည့်နှစ်က အစ္စရေးနှင့် ထိုင်းနိုင်ငံ၏ အလုပ်သမားရေးရာဝန်ကြီး ဌာနများအကြား လက်မှတ်ရေးထိုးခဲ့သည့် အလုပ်သမားရေး ကန်ထရိုက်များကို ပြန်လည်ညှိနှိုင်းရန်ဖြစ်သည်။
လက်ရှိတွင် ပါလက်စတိုင်းတို့အပေါ် ချမှတ်ထားသည့် အစ္စရေး၏ မူဝါဒများသည် ထိုင်းအလုပ်သမားများအတွက် ဘေးကင်းလုံခြုံစေသည့် အခြေအနေမျိုးမရှိပေ။
ထို့ကြောင့် လက်ရှိဖြစ်ပွားနေသည့် ပထဝီနိုင်ငံရေး အခြေအနေများကြောင့် ထိုင်းနှင့် အစ္စရေးအကြား ဆက်ဆံရေး သည် ယခင်အခြေအနေနှင့် တူညီမှုရှိနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ထိုင်းနှင့် အစ္စရေးအကြား အလုပ်သမားအရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ ရေးတို့ကို ပြန်လည် ဆွေးနွေးညှိနှိုင်းသင့်သည်။
အစ္စရေးအနေနှင့် ထိုအခြေအနေများကို အပြီးသတ် မဖြေရှင်းနိုင်ပါက ဂါဇာစစ်ပွဲကြီး ပြီးဆုံးသွားသည့် အချိန်တွင် ထိုင်းအလုပ်သမားများသာမက အခြားနိုင်ငံများမှ အလုပ်သမားများကလည်း ၎င်းတို့၏ လုံခြုံရေးနှင့် ငွေကြေး အာမခံချက်များ ခိုင်ခိုင်မာမာမရှိဘဲ အစ္စရေးသို့ လာရောက်ရန် မဝံ့မရဲ ဖြစ်နေလိမ့်မည် ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: ဆောင်းပါး
- Hits: 1337
CNI Article
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂
နိုဝင်ဘာလလယ်သည် အာရှဒေသ၌ အမေရိကန်၏ ပါဝင်မှုအခန်းကဏ္ဍတွင် အဓိကကျသည့် သမိုင်းမှတ်တိုင် တစ်ခု ဖြစ်လာဖွယ်ရှိသည်။
အဘယ်ကြောင့်ဆိုသော် ဆန်ဖရန်စစ္စကိုတွင် နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ပြုလုပ်မည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များ အစည်းအဝေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က သဘာပတိအဖြစ် ကြီးမှူးကျင်းပမည်ဖြစ်သည်။
လက်ရှိ ဖြစ်ပွားနေသည့် ပထဝီနိုင်ငံရေး အခြေအနေများအရ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အမေရိကန်အတွက် အကျိုးရှိသော ရလဒ်ထွက်ပေါ်စေရန် အလွန်အရေးကြီးနေသည်။
ထို့ပြင် ထိုအစည်းအဝေးသည် အာရှဒေသကို အမေရိကန်က ဗဟိုပြုနေဆဲ ဟုတ်/မဟုတ်ဆိုသည့် အခြေအနေကို ထုတ်ဖော်ပြသရာလည်း ရောက်မည်ဖြစ်သည်။
လက်ရှိအချိန်အထိ ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သည့် ရုရှားနှင့် တရုတ်မှလွဲပြီး APEC အစည်းအဝေးကို တက်ရောက်ရန် အတည်ပြုထားသည့် နိုင်ငံပေါင်း ၂၀ ခန့် ရှိနေသည်။
ရုရှားအနေနှင့် ထိုအစည်းအဝေးကို တက်ရောက်ဖွယ် မရှိသည်မှာ မေးခွန်းထုတ်စရာပင် မလိုပေ။
ယခင်ကတည်းက ရုရှား-ယူကရိန်းစစ်ပွဲသည် APEC အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့် ပူးပေါင်းဆောင်ရွက်မှု များကို အဟန့်အတားဖြစ်စေခဲ့ပြီး လက်ရှိတွင် အစ္စရေး-ဟားမာ့စ် စစ်ပွဲက "ဘူးလေရာ ဖရုံဆင့်" သကဲ့သို့ ဖြစ်လာခဲ့သည်။
အစိုးရဝန်ကြီး အဆင့်များနှင့် ထိပ်သီး အရာရှိအဆင့်များ ဆွေးနွေးပွဲများတွင် အမေရိကန်သည် ရုရှား၏ ထောက်ခံမှုကို မည်သည့်အချိန်ကမှ မရရှိခဲ့ပေ။
ထို့ကြောင့် လက်ရှိတွင် အမေရိကန်သည် တရုတ်၏ ထောက်ခံမှုကို မဖြစ်မနေ လိုအပ်နေသည့် အခြေအနေ၌ ရှိနေသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကမူ APEC အစည်းအဝေးကို သူကိုယ်တိုင် တက်ရောက်ရန် ရှိ/မရှိ အတည်ပြု ပြောကြားခြင်း မရှိသေးပေ။
ကမ္ဘာကြီးက သိထားသည့် တစ်ခုတည်းသော အချက်တစ်ချက်မှာ လက်ရှိတွင် အမေရိကန်နှင့် တရုတ်သည် နှစ်ပေါင်းများစွာကြာ အေးခဲနေသည့် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်နွေးထွေးစေရန် လုပ်ဆောင်နေသည့် အချက် ဖြစ်သည်။
မကြာသေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး နိုင်ငံတော်ကောင်စီဝင် ဝမ်ယိ (Wang Yi) သည် အမေရိကန်သို့ သွားရောက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) နှင့် တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းရန် လုပ်ဆောင်ခဲ့သည်။
အရေးအကြီးဆုံးအချက်မှာ APEC အစည်းအဝေးကို တရုတ်က တက်ရောက်ရေး ဖြစ်သည်။ ထို့ကြောင့် အမေရိကန်သည် ထိုအစည်းအဝေးကို တရုတ်က တက်ရောက်စေရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ ယခုနှစ်သည် အမေရိကန် ဦးဆောင်သည့် APEC အစည်းအဝေးတွင် တက်ရောက်မည့် နိုင်ငံများ အကြား သဘောထားချင်း တိုက်ဆိုင်မှုရှိသော အနေအထားမျိုး မဟုတ်ပေ။
ထို့ကြောင့် လာမည့် ရက်အနည်းငယ်အတွင်း အမေရိကန်သည် APEC အစည်းအဝေးတွင် မည်ကဲ့သို့ လုပ်ဆောင် မည်ဆိုခြင်းကို စောင့်ကြည့်ရမည် ဖြစ်သည်။ ထိုအစည်းအဝေးသည် အာရှ-ပစိဖိတ် အဖွဲ့ဝင်နိုင်ငံများ၏ ဘုံ သဘောထားကို စုစည်းတင်ပြရမည့် အခမ်းအနားတစ်ခု ဖြစ်လာမည် ဖြစ်သည်။
အမေရိကန်အတွက် ထိုထက် ပိုအရေးကြီးသည့် အချက်မှာ အာရှဒေသတွင် ၎င်း၏ ဗဟိုပြုလှုပ်ရှားနေသည့် အချက်ကို ဖော်ထုတ်ပြသရာ ရောက်မည့် အစည်းအဝေးတစ်ခု ဖြစ်လာနိုင်သည်။
ရုရှား-ယူကရိန်း စစ်ပွဲနှင့် အစ္စရေး-ဟားမာ့စ်စစ်ပွဲသည် အာရှဒေသတွင် အမေရိကန်၏ အာရုံစူးစိုက်မှုကို ပြောင်းလဲစေခဲ့သည့် နိုင်ငံတကာဖြစ်စဉ်များ ဖြစ်သည်။
ထို့ကြောင့် အမေရိကန်သည် APEC အစည်းအဝေးကို အကြောင်းပြုပြီး အာရှဒေသကို ဗဟိုပြုထားသည့် ၎င်း၏ မူဝါဒကို အလေးထားဖော်ပြဖွယ်ရှိနေသည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: ဆောင်းပါး
- Hits: 1260
CNI Sport Article
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၀
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိနဲ့ ချန်ပီယံဆုရယူပြီး ရွှေဖလားကြီး ရယူဖို့ မျှော်လင့်ထားတဲ့ အသင်းတွေရဲ့ အိပ်မက်ဟာ ဒီရာသီမှာလည်း အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် ၁၁ ပွဲ ကစားအပြီးမှာတင် အသင်း ၂၀ စလုံးဟာ ရှုံးပွဲကြုံတွေ့ခဲ့ပြီဖြစ်တာကြောင့် ရွှေဖလားအိပ်မက်ကို လာမယ့်နှစ်မှ ဆက်ပြီးမျှော်လင့်ကြရတော့မှာပါ။
ပရီးမီးယားလိဂ်မှာ ရွှေဖလားရယူနိုင်ဖို့က လက်တွေ့မှာ မလွယ်ကူဘူးဆိုတာ နှစ်ပေါင်းများစွာ မြင်တွေ့နေရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ ရွှေဖလားကြီး ရယူထားတဲ့ တစ်သင်းတည်းသော အသင်းက ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါး ကိုင်တွယ်ခဲ့တဲ့ အာဆင်နယ်အသင်းပါ။
အဲ့ဒါကြောင့် အာဆင်နယ်အသင်း ပရိသတ်တွေဟာ ဒီရွှေဖလားနဲ့ ပတ်သက်ရင် အမြဲတမ်း ဂုဏ်ယူနေကြတာ လည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်း အားပေးတဲ့ ပရိသတ်တွေနဲ့ စကားပြောဖြစ်လို့ ပြိုင်ဆိုင်ကြမယ်ဆိုရင် သူတို့ပြောနေတဲ့ စကားထဲမှာ မပါမဖြစ်စကားလုံးက "မင်းတို့အသင်း ရွှေဖလားကြီးရယူနိုင်လို့လား"ဆိုတာပါ။
ပရီးမီးယားလိဂ်မှာ အရမ်းကောင်းလွန်းခဲ့ပါတယ်ဆိုတဲ့ ယူနိုက်တက်၊ ချယ်လ်ဆီး၊ လီဗာပူးလ်နဲ့ မန်စီးတီး အသင်းတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုသာ ရယူနိုင်ခဲ့ပြီး ရွှေဖလားကြီး အိပ်မက်ကတော့ တစ်နည်း မဟုတ် တစ်နည်းနဲ့ စွန့်လွှတ်နေရတာ ဖြစ်ပါတယ်။
ရွှေဖလားကြီးကို ဆွတ်ခူးခဲ့ချိန်က အာဆင်နယ်အသင်း ကစားသမားတွေကို တွေ့ရစဉ်
အခုနောက်ပိုင်းနှစ်တွေမှာ ကစားသမား စုဖွဲ့မှုက အစကောင်းပြီး ချန်ပီယံလိဂ်ဖလား အပါအဝင် တစ်ရာသီအတွင်း ဆုဖလား ၃ လုံးရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းလည်း ရွှေဖလားကြီးနဲ့ ပတ်သက်ရင် ဒူးထောက်နေခဲ့ရတာပါ။
အာဆင်နယ်အသင်းကလည်း ၂၀၀၃-၂၀၀၄ က ရယူနိုင်ခဲ့တဲ့ ဒီလို ရွှေဖလားကြီးကို တကျော့ပြန် ပြန်လည် ရယူချင်နေပေမယ့် မလွယ်ကူသေးတာ ဖြစ်ပါတယ်။
ဒီရွှေဖလားကြီး ရယူနိုင်ခဲ့တာက အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ဖလား နောက်ဆုံးရယူနိုင်ခဲ့တဲ့ နှစ်လည်း ဖြစ်ခဲ့တာပါ။
အာဆင်ဝင်းဂါး ဦးဆောင်တဲ့ ၂၀၀၃-၀၄ ရာသီ အာဆင်နယ်အသင်း လူစာရင်းကို ကြည့်ရမယ်ဆိုရင် လေမန်း၊ အက်ရှ်လေကိုးလ်၊ ဗီအဲရာ၊ ပီးရက်ဇ်၊ အွန်နရီ၊ ဘားကမ့်ပ်၊ အီဒူး၊ ကနူးတို့လို နာမည်ကြီး ကစားသမားတွေဖြစ်ပြီး ဒီကစားသမားတွေကို အခုခတ်မှာရှိတဲ့ ပရိသတ်တွေတောင် သိရှိနိုင်တာ ဖြစ်ပါတယ်။
ဒီလိုရွှေဖလားကြီးကို ရယူနိုင်ဖို့အတွက် အာဆင်နယ်အသင်းဟာ တစ်ရာသီလုံး ခြေစွမ်းတသမတ်တည်းရှိခဲ့ပြီး ကစားသမားတွေတစ်ဦးနဲ့ တစ်ဦးနားလည်မှုရှိခဲ့တာပါ။
ယူနိုက်တက်အသင်း ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကိုယ်တိုင်က အာဆင်နယ်အသင်းနဲ့ နည်းပြကြီး အာဆင်ဝင်းဂါးကို ချီးကျူးမှုပြုလုပ်ခဲ့ပြီး သူဟာ အာဆင်ဝင်းဂါးလို ဒီလိုမျိုး ရွှေဖလားကြီးကို ရအောင်မလုပ်နိုင် ဘူးလို့ ပြောခဲ့ပါတယ်။
နည်းပြ အာဆင်ဝင်းဂါးနဲ့ ဖာဂူဆန်ကို တွေ့ရစဉ်
အဲ့ဒါကြောင့် ပရီးမီးယားလိဂ်မှာရှိတဲ့ တခြားအသင်းတွေက ပရီးမီးယားလိဂ်မှာ တစ်ရာသီလုံး ရှုံးပွဲမရှိကစားပြီး ချန်ပီယံဆုနဲ့အတူ ရွှေဖလားကြီးကို ကိုင်မြှောက်နိုင်မလားဆိုတာတော့ စိတ်ဝင်စားဖို့ ကောင်းနေတာပါ။
ပရီးမီးယားလိဂ်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်လာတာနဲ့အတူ ချန်ပီယံဆုရဖို့ အသင်း အများအပြားက အပြိုင်အဆိုင် ဖြစ်လာတာကြောင့် ရွှေဖလားကြီးကိုင်မြှောက်ပြီး ချန်ပီယံဆုရယူဖို့ မလွယ်ကူတော့ပါဘူး။
ပြီးတော့ VAR ဆိုတဲ့ ဒိုင်တွေရဲ့ ဆုံးဖြတ်ချင်သလို ဆုံးဖြတ်နေတဲ့ အရာတွေကြောင့်လည်း တစ်ရာသီလုံး ရှုံးပွဲမရှိ ကစားနိုင်ဖို့ဆိုတာ ခက်သွားပါပြီ။
ဒီလိုဆိုရင်တော့ အာဆင်နယ်အသင်း အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်နဲ့ အမှတ်ပေး ချန်ပီယံဆုရယူပြီး ရွှေဖလားကြီး ကိုင်မြှောက်နိုင်တဲ့ မှတ်တမ်းကို နှစ်ပေါင်းများစွာကြာ ဆက်ထိန်းသိမ်းနိုင်သွားမှာ ပါ။
အာဆင်နယ်ပရိသတ်တွေ အတွက်လည်း ရွှေဖလားကြီးကို ရယူနိုင်တာ ပရီးမီးယားလိဂ်မှာ ငါတို့တစ်သင်း တည်းပဲရှိတယ်ဆိုတဲ့ အကြောင်းအရာကို ပါးစပ်မှာ အရသာခံပြီး ပြောနေလို့ရမှာ ဖြစ်ပါတယ်။