CNI Article
၂၀၂၄ ခုနှစ်၊ သြဂုတ် ၃၀
မြန်မာနိုင်ငံမှာ ဖက်ဒရယ်ကို ခွဲထွက်ရေးဟုဆိုကာ တပ်မတော်က ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ အာဏာ သိမ်းခဲ့သည်။
ထိုစဉ်အချိန်က ဝန်ကြီးချုပ် ဦးနု လက်ထပ် ဒီမိုကရေစီ အပြည့်အဝရနေချိန်ကာလဖြစ်သည်။
သို့သော် အုပ်ချုပ်ရေး အာဏာနှင့် သယံဇာတခွဲဝေရေး မညီမျှမှုများကြောင့် ဗမာမဟုတ်သော တိုင်းရင်းသား လူမျိုးများသည် ဖက်ဒရယ်စနစ်ကို ကျင့်သုံးပြီး အုပ်ချုပ်ရေး အာဏာနှင့် သယံဇာတအရင်းအမြစ် ပိုင်ဆိုင်ခွင့် ခွဲဝေရေးကို တောင်းဆိုခဲ့သည်။
ထိုသို့ တောင်းဆိုသည့် ဖက်ဒရယ်စနစ်သည် ခွဲထွက်ရေး တောင်းဆိုခြင်းနှင့် တိုင်းပြည် ပြိုကွဲအောင် လုပ်ခြင်း ဆိုကာ ဦးနေဝင်း ဦးဆောင်သည့် တပ်မတော်က အာဏာသိမ်းကာ ဖက်ဒရယ်ဆိုသည့် အသံကို တိတ်ဆိတ်သွား အောင် လုပ်ပစ်ခဲ့သည်။
ထို့နောက် ဦးသိန်းစိန် အစိုးရလက်ထက် ရောက်လာသည့်အခါမှာတော့ ငြိမ်းချမ်းရေး ဆိုသည့် စကားလုံးနှင့်အတူ ဖက်ဒရယ်စနစ်ကို လက်ခံကြောင်း တပ်မတော်က ထုတ်ဖော် ပြောကြားလာခဲ့သည်။
သို့သော် ၂၀၁၂ ခုနှစ်ကနေ စတင်ခဲ့သော ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ဖက်ဒရယ်စနစ် အကောင်အထည် ဖော်မှုက ယနေ့(၂၀၂၄ ခုနှစ်)ထိ မအောင်မြင်သေးပါ။
ထို့နောက် မြန်မာနိုင်ငံသည် တရားဥပဒေ စိုးမိုးမှုများ နိုင်ငံတစ်ဝန်း ပျက်စီးလာပြီး လက်နက်ကိုင် ပဋိပက္ခက ပိုမိုကြီးထွားခဲ့သည်။
အလားတူ တပ်မတော်၏ စစ်အင်အားသည်လည်း အားနည်းလာသလို အုပ်ချုပ်ရေးပိုင်းမှာလည်း အားနည်းမှုများ ဖြစ်လာသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထို့ကြောင့် လက်နက်ကိုင် တိုက်ခိုက်နေသူများသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုသော စိတ်ကူး စိတ်သန်းများကနေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုသော စကားလုံးများကိုသုံးကာ အကောင်အထည်ဖော်လာခဲ့သည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination)သည် ခွဲထွက်ခွင့်ထိရှိသော Self-determination နှင့် ခွဲထွက်ခွင့်ထိ မရှိသော Self-determination ဆိုပြီး ရှိသည်။
လက်နက်ကိုင် တိုက်ခိုက်လျက်ရှိသည့် EAO များ သည် ခွဲထွက်ခွင့်မရှိသော Self-determination ကို ပြောနေ သူများရှိသလို ခွဲထွက်နိုင်သည့် Self-determination ကို ပြောနေသူများဆိုကာ ယခင်က ကွဲပြားကြသော်လည်း ယခုကာလမှာ တော့ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်ခွင့်ရှိသည့် အဆင့်ထိ ပြောလာကြသည်ကို တွေ့ရသည်။
ရက္ခိုင့်တပ်တော်(AA)က UWSA “ဝ” ထက် မနိမ့်သော အဆင့်အတန်းမျိုးကိုယူမည် သို့မဟုတ် ကွန်ဖက်ဒရေးရှင်း (ကွန်ဖက်ဒရိတ်)အဆင့်အတန်းကို ရအောင်ယူမည်ဟု ပြောထားသည်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ထက် ကျော်လွန်ပြီး ကွန်ဖက်ဒရေးရှင်းအတင့်အတန်းရရှိထားသော EAO များမှာ “ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-မိုင်းလား (NDAA)တို့ဖြစ်သည်။
ယခု မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က စတင် အကောင်အထည်ဖော်နေပြီး ဖြစ်သည်။
ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က “ မိမိတို့ ၇ ဖွဲ့ရဲ့ ထိန်းချုပ်တဲ့ နယ်မြေအသီးသီးတွေမှာ မိမိတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်နဲ့ စတင် အုပ်ချုပ် သွားရမှာ ဖြစ်ပါတယ်။ မိမိတို့ ဒေသမှာ ရှိနေကြတဲ့ လူထုတွေအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွါးရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အပါအဝင် အခြားဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကို တဆင့်ပြီးတဆင့် တည်ဆောက်သွားရမှာဖြစ်ပါတယ်။ တဖက်တွင် လည်း မိမိတို့ ၇ ဖွဲ့ကြား မှာ တူတာတွဲလုပ် မတူတာခွဲလုပ်ဆိုတဲ့မူအတိုင်း ဆောင်ရွက်သွားဖို့လိုပါတယ်”ဟု ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်မှ ၁၉ ရက်နေ့ထိ ကျင်းပသည့် အပစ်ရပ် ၇ ဖွဲ့၏ အစည်းအဝေးမှာ ပြောသွားသည်။
ဗိုလ်ချုပ်ကြီးယွက်စစ်ကို တွေ့ရစဉ်
အလားတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း တိုင်းရင်းသားများ သည် ၂၀၂၅ ရောက်လာသည့်အခါမှာ ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားချက်များ ရှိလာမည်ဖြစ်၍ မြန်မြန် ယခုကာလမှာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ၂၀၁၈ ခုနှစ်က တွေ့ဆုံစဉ် ပြောခဲ့သည်။
ထို့ပြင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း နိုင်ငံတစ်ခုအထိ တည်ထောင်ရန် အခြေအနေဖြစ်လာပါက အဆင်သင့်ဖြစ်အောင် ပလောင်လူမျိုးများ လုပ်ထားရမည်ဟု ၂၀၂၂ ခုနှစ်၊ဩဂုတ် ၁၈ ရက်က ပြောခဲ့သည်။
ဗိုလ်ချုပ်တားဘုန်းကျော်က “ နိုင်ငံရေး ရေချိန်အရ မြှင့်တက်လာမယ်၊ ပထဝီနိုင်ငံရေး အခြေအနေ၊ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေအပေါ် မူတည် သွားပြီးတော့ ဒီနိုင်ငံဟာ ပြည်ထောင်စုတောင် မတည်ဆောက် နိုင်တော့ဘူးဆိုရင် အစိတ်စိတ် အမွာမွာကွဲပြီးတော့ နိုင်ငံငယ်တွေလည်း အများကြီး ထွက်သွားနိုင်တယ်။ ဒါကြောင့်မလို့ ကျနော်တို့လူထုတွေ ကျနော်တို့ တအာင်း (ပလောင်)လူထုတွေလည်း ဒါသေချာ စဉ်းစားဖို့လို တယ်။ ကျနော်တို့ကို ကျနော်တို့ သေချာ ပြင်ဆင်နိုင်ဖို့ လိုတယ်။ ဒီပြည်ထောင်စုနိုင်ငံ တကယ် တည်ဆောက် တဲ့အချိန်မှာ ကျနော်တို့လည်း ပြည်နယ်တစ်ခုအနေနဲ့ ကျနော်တို့လူမျိုး ကျနော်တို့ ကာကွယ်သွားဖို့ ၊ တည် ဆောက် နိုင်ဖို့အတွက် အဆင်သင့် ကျနော်တို့ ကြိုးပမ်းဆောင်ရွက် သွားဖို့လိုတယ်။ အဲလိုမှ မဟုတ်ဘူး ပြည် ထောင်စု တည်ဆောက်လို့ မရဘူး၊ ပထဝီနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး တစ်ခုကြောင့် လိုအပ်ချက်ကြောင့် တော် လှန်ရေးတွေ သိပ်အရှိန်မြင့်လာလို့ နိုင်ငံတွေ ထွက်လာမယ်ဆိုလည်း ကျနော်တို့ နိုင်ငံတည်ဆောက်နိုင်ဖို့ အဆင့် လည်း ကျနော်တို့ ပြင်ဆင်သွားဖို့လိုပါတယ်”ဟု ပြောသည်။
အထက်ပါ အခြေအနေများကို ခြုံငုံလေ့လာကြည့်လျှင် တိုင်းရင်းသား လက်နက်ကိုင်များသည် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ၊ တပ်မတော်၏ အားနည်းနေမှု၊ လူထု၏ တပ်မတော်ကို ဆန့်ကျင်နေမှု ရေချိန်၊ နိုင်ငံတကာ၏ အခြေအနေ တို့ကို သုံးသပ်ကာ ဖက်ဒရယ်စနစ်ထက် ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)ကို တည်ဆောက်ဖို့ ပြင် ဆင်လာနေသည်ဟု တွေ့ရသည်။
MNDAA နဲ့ UWSA ခေါင်းဆောင်များကို တွေ့ရစဉ်
သို့မဟုတ်ပါက ကွန်ဖက်ဒရေးရှင်းထက် သာလွန်သော အတင့်အတန်းမျိုးထိပါ တည်ဆောက်ရန်လည်း စိတ်ကူးနေကြဟန် ရှိနိုင်သည်။
ထို့ကြောင့် တချိန်က ဖက်ဒရယ်စနစ်ကိုတောင် ခွဲထွက်ရေး-တိုင်းပြည်ပြိုကွဲရေးဟု ဆိုကာ အာဏာသိမ်းခဲ့ သည့်အထိ တုန့်ပြန်ခဲ့သော တပ်မတော်သည် ဖက်ဒရယ်စနစ်ထက် သာလွန်သော ကွန်ဖက်ဒရေးရှင်းဖက်ကို အရိပ်လွှမ်းလာသော အခြေအနေကို ဘယ်လို ခံယူပြီးတော့ ဖြေရှင်းမလဲဆိုတာတော့ စိတ်ဝင်စားစရာကောင်းလှ သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံပြိုကွဲသွားခြင်း သို့မဟုတ် ဗဟိုအာဏာ ပြိုကွဲသွားခြင်းမျိုးကိုတော့ အဖြစ်ခံမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဗဟိုအာဏာ ပြိုကွဲသွားပါက မြန်မာနိုင်ငံသည် နိုင်ငံငယ်များ ပေါ်ပေါက်လာမှာဖြစ်သလို လက်နက်ကိုင်အဖွဲ့အစည်းများကြား နယ်မြေလုစစ်ပွဲများ ပေါ်ပေါက်လာမည်ကို စိုးရိမ် ခြင်းကြောင့် ဖြစ်သည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA၊ MNDAA၊ KIA၊ PDF၊ UWSA၊ SSPP တို့ကြား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း KIA၊ AA၊ PDF၊ SNA၊ KNO(kuki)၊ NSCN တို့ကြား လည်းကောင်း၊ ချင်းပြည်နယ်တွင်း AA၊ CNF၊ CND တို့ကြား လည်းကောင်း၊ ရခိုင်ပြည်နယ်တွင် AA၊ ALP၊ ARSA၊ RSO တို့ကြားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ PDF၊ TNLA၊ KIA ကြားလည်းကောင်း နယ်မြေလု စစ်ပွဲများ ဖြစ်ပွားနေသည်။
အဆိုပါ အခြေအနေများကို ခြုံငုံလေ့လာကြည့်ပါက မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကနေ ကွန်ဖက်ဒရေးရှင်း တည်ဆောက်ရန် ကြိုးပမ်းမှုများသည် အနာဂတ်မြန်မာနိုင်ငံ၏ ဖြစ်တည်မှုသည် ဘယ်ပုံ ဘယ်နည်း ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရပေတော့မည်။