
- By CNI
- Category: နိုင်ငံရေး
- Hits: 448
CNI News
၂၀၂၅ ခုနှစ်၊ မတ် ၁၀
နစကဥက္ကဋ္ဌဘက်မှ ရွေးကောက်ပွဲ ကျင်းပပေးမည့် ကာလအတိအကျကို ထုတ်ဖော် ပြောကြားသွားသဖြင့် လက်ရှိ ၆ လသက်တမ်း ကုန်ပါက ရွေးကောက်ပွဲအတွက် အစုအဖွဲ့ အင်အားစုပုံစံတစ်မျိုး ပေါ်လာနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြော သည်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပသွားရန်စီစဉ်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့ကြောင့် ယခုလာမည့် ဩဂုတ်လတွင် ၆ လ သက်တမ်းတိုးထားမှု ကုန်ဆုံးမည်ဖြစ်သည့်အတွက် ၎င်းကာလ အလွန်တွင် နစကမှ သက်တမ်း ၆ လ ထပ်တိုးခြင်းအစား အခြားပုံစံတစ်မျိုးဖြင့် ပေါ်လာနိုင်ကြောင်း NCA ထိုးထား သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုကို တွေ့ရစဉ်
၎င်းက “ဒီဇင်ဘာမှာ လုပ်မယ်ဆိုရင်တောင်မှ အချိန်က ၉ လကျန်တယ်လေ။ အချိန် ၉ လကျန်တော့ ဩဂုတ်လမှာ ၆ လပြည့်တဲ့အချိန်မှာ ကျန်တဲ့ ၆ လကို ရွေးကောက်ပွဲလုပ်တဲ့ကာလ နောက် ၆ လထဲပါသွားမှာပေါ့။ အဲဒီအတွင်း မှာ ဖြတ်ချင်တဲ့ သဘောရှိတယ်။ ကျနော်ကြည့်ရတာကတော့။ ဒါကြောင့် အခု ဩဂုတ်လမှာတော့ ၆ လ နောက် ဆုံး တိုးတာပြည့်မယ်။ ကျန်တဲ့ ၆ လ ကတော့ သက်တမ်းတိုးတာထက်ကို ရွေးကောက်ပွဲ ကြေညာပြီးတော့ ရွေးကောက်ပွဲကို ကိုင်တွယ်မယ့် အစုအဖွဲ့ အင်အားစု၊ ရွေးကောက်ပွဲကော်မရှင်နဲ့အတူ ရွေးကောက်ပွဲကို ကြီးကြပ် မယ့် ပုံစံတစ်မျိုးတော့ ပေါ်လာနိုင်ပါတယ်။ အဲဒါဆိုရင် သက်တမ်းမတိုးဘဲနဲ့ ရွေးကောက်ပွဲလုပ်ဖို့အတွက် အခြေအနေဆိုတဲ့ဟာနဲ့ ဖန်တီးလို့ ရနိုင်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ တကယ်ပဲ ၆ လ ကာလပေါ့ ဗိုလ်ချုပ်မှူးကြီး ပြောတာ သေချာနားထောင်ကြည့်ရရင် ဖေဖော်ဝါရီ မရောက်ဘူး။ ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီ ဆိုတော့ ဖေဖော်ဝါရီလက ၆ လ ထပ်ပြည့်တဲ့အချိန် အဲဒီကို မကူးစေချင်ဘူးဆိုတဲ့သဘော ပေါ်လွင်နေတော့ ဩဂုတ်လမှာ ၆ လပြည့်ရင် ရွေးကောက်ပွဲကို ကြီးကြပ်မယ့် ပုံစံတစ်မျိုးနဲ့ သက်တမ်းကို ရွေးကောက်ပွဲ ခေါ်ယူနိုင် ရေးအတွက် အဲဒီသက်တမ်းဖြစ်သွားနိုင်တယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု ဖြစ်ခဲ့သည့်အတွက် နိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာပြီးတော့ ခေတ္တတာဝန် ယူထားခြင်းဖြစ်ကြောင်း၊ မကြာခင်မှာလည်း ဥပဒေနဲ့အညီ ရွေးကောက်ပွဲကို ကျင်းပသွားရန်ရှိကြောင်း မတ်လ ၇ ရက်က ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ ၅၃ ပါတီ စာရင်းပေးသွင်းထားကြောင်း ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲကျင်းပမည့် ရက်အတိအကျကိုမူ ပြောဆိုသွားခြင်း မရှိခဲ့ပေ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထိုသို့ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာ/လုံသို့ ပြန်လည်လွှဲပြောင်း ပေးရ မည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အဲဒီလို ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ကျနော်တို့ အခြေခံဥပဒေအရပဲ နစက,ကနေ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီပေါ့ ကာ/လုံကို ပြန်လွှဲရမယ်။ ၆ လအတွင်းမှာ ရွေးကောက်ပွဲ လုပ်ရမယ်လို့ ဥပဒေပြဋ္ဌာန်း ထားပြီး ဖြစ်တဲ့အတွက်ကြောင့် အဲဒီလို လွှဲပေးရမယ်ဆို ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ကျင်းပမယ့်အချိန် အပါအဝင် ဒီဖက်က ပြင်ဆင်ဖို့အတွက် မဲဆွယ်ဖို့ကာလက ၃ လပေးထားတာကို။ အနည်းဆုံး ၆ လပေါ့။ သတ်မှတ် ချက် ရှေ့ကို ကြိုပြီးတော့ လုပ်တယ်။ တကယ်လို့ ရွေးကောက်ပွဲကျင်းပဖို့ အတည်ကြေညာပြီးသွားလည်း ဖြစ်ပြီ ဆိုရင်တော့ သေချာတယ် အခုသက်တမ်း ပြီးသွားတဲ့အခါကြရင် ကာ/လုံကို ပြန်လွှဲပြီး ရွေးကောက်ပွဲလုပ်ဖြစ်ဖို့ ဖြစ်သွားပါလိမ့်မယ်” ဟု ပြောသည်။
နစကဥက္ကဋ္ဌသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထုတ်ပြန် ကြေညာခဲ့ပြီး နိုင်ငံတစ်ဝန်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလာခြင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၅ ကို ကျင့်သုံး၍ သာမန်မဟုတ်သော အခြေအနေဟုဆိုကာ အရေးပေါ် အခြေအနေ ကြေညာထား မှုကို ၆ လ သက်တမ်း တိုးလာခဲ့သည်မှာ ယနေ့အထိပင် ဖြစ်သည်။
ထို့ကြောင့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည့် ရွေးကောက်ပွဲ ကျင်းပပေးမည့် ကာလအပေါ် လူထုကြား မေးခွန်းထုတ်လျက်ရှိနေကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 493
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၇
မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နစကဥက္ကဋ္ဌသည် ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျနော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု ဖြစ်ခဲ့တဲ့အတွက် ကျနော့်တို့နိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာပြီးတော့ ခေတ္တတာဝန် ယူထားတာ ဖြစ်ပါတယ်။ မကြာခင်မှာလည်း ဥပဒေနဲ့အညီ ရွေးကောက်ပွဲကို ကျင်းပသွားဖို့ ရှိပါတယ်။ လွတ်လပ် ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် အစောဆုံး ကျင်းပသွားဖို့ စီစဉ်ထားကြောင်း ပြောလိုပါတယ်” ဟု ပြောသည်။
နစကဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ အနိုင်ရသည့် နိုင်ငံရေးပါတီကို နိုင်ငံတော် အာဏာလွှဲပြောင်းပေးမည်ဟု ပြောကြားထားသော်လည်း ရွေးကောက်ပွဲကျင်းပမည့် နေ့ရက် အတိအကျကို ထုတ်ပြန်ကြေညာခြင်းမရှိဟု ပြည်တွင်း/ပြည်ပမှာ မေးခွန်းထုတ်နေကြသည်။
ပုံစာ- ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနဲ့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ထုတ်ပြန် ကြေညာခဲ့ သော်လည်း နိုင်ငံတစ်ဝန်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာခြင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ ကို ကျင့်သုံး၍ သာမန်မဟုတ်သော အခြေအနေဟုဆိုကာ အရေးပေါ် အခြေအနေ ကြေညာထားမှုကို ၆ လ သက်တမ်းတိုးလာခဲ့သည်မှာ ယနေ့အထိပင် ဖြစ်သည်။
လက်ရှိတွင် နစကသည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အပါ အဝင် မြို့နယ် ၉၀ ကျော်ကို လက်လွတ်ထားရသည်။
အလားတူ မြန်မာနိုင်ငံအတွင်းရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်း ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်တို့မှာ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစု များကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
တခြားတစ်ဖက်မှာလည်း နစကနှင့် မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး ကျင်းပနေသည့် လက်နက်ကိုင် အင်အားစု များ အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ဆီးမည်ဟု ထုတ်ပြန် ကြေညာထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 283
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၇
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က မင့်စ်မြို့ရှိ သမ္မတနန်းတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံသို့ မတ်လ ၆ ရက်က သမ္မတလူကာရှန်ကို၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးရောက်ရှိနေခြင်း ဖြစ်သည်။
ထို့နောက် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့သလို နှစ်နိုင်ငံအစိုးရအဖွဲ့များကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုများအတွက် နားလည်မှုစာချွန်လွှာ ၁၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 514
CNI News
၂၀၂၅ ခုနှစ်၊ မတ် ၇
အာရက္ခတပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ ဆွေးနွေးပွဲ ဖြစ်မြောက်လာပါက ရခိုင်လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအား တပ်မတော်ဘက်မှ လက်မခံလျှင် ဆွေးနွေးပွဲ မအောင်မြင် နိုင်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌ ဦးနိုင်မွန်ဆိုင်းက CNI သတင်းဌာနသို့ ပြောသည်။
AA သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ်အတွင်းမှာ ထိုးစစ်စတင်ခဲ့ရာ မြို့နယ်ပေါင်း ၁၄ မြို့နယ်နှင့်အတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တို့ကို ထိန်းချုပ်ထားသည်။
ထို့နောက် ပြည်တွင်းရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်းမည်ဟု AA က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
AA တပ်ဖွဲ့ကို တွေ့ရစဉ်
AA အနေဖြင့် ဖိအားတစ်ခုခုရှိ၍သာ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းအား ပြောဆိုနေခြင်း ဖြစ်နိုင်ကြောင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အား မြန်မာ့တပ်မတော်မှ အသိအမှတ်မပြုပါက ဆွေးနွေးပွဲ အောင်မြင်မည် မဟုတ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌ ဦးနိုင်မွန်ဆိုင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “AA ကတော့ သူ့ရဲ့ လုပ်နည်းလုပ်ဟန်တွေတို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဒီကိစ္စကို ပြောတာဖြစ်နိုင်တယ်။ နောက်ပြီးတော့ တရုတ်ရဲ့ ဖိအားလည်း ပေးတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ပေါ့နော်၊ ဒါပေမယ့် ကျနော်တို့ အားလုံးသိတဲ့အတိုင်းပဲ တွေ့ဆုံဆွေးနွေးရေးကတော့ တွေ့တော့တွေ့နိုင်တာပေါ့နော်၊ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာကတော့ ကျနော်တို့ အတိအကျတော့ မပြောဘူးပေါ့၊ ပြောလို့မရဘူးပေါ့နော်၊ အဓိက,က တော့ ကျနော်တို့ တိုင်းရင်းသားတွေပေါ့နော် အဓိက,ကတော့ ရခိုင်လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ရခိုင်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးပေါ့နော်၊ အဲတာတွေကို ဒီစကစ,ကပဲဖြစ်စေ၊ တရုတ်ကပဲဖြစ်စေ အသိအမှတ် မပြုမချင်း ကျနော်ထင်တယ် အဲဒီဆွေးနွေးပွဲကတော့ အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်” ဟု ပြောသည်။
AA က နိုင်ငံရေးနည်းဖြင့် ဆွေးနွေးဖြေရှင်းမည်ဟု ထုတ်ပြန်ထားသော်လည်း တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူ မြို့ အပါအဝင် ရခိုင်ရိုးမနှင့် ဆက်စပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ ရေကြည်နှင့် သာပေါင်းမြို့နယ် အစွန်အဖျားများတွင် ထိုးစစ်ဆင်နေပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။
ရခိုင်ပြည်နယ်က လမ်းဆုံတစ်နေရာကို တွေ့ရစဉ်
AA အနေဖြင့် မြန်မာ့တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးပါက ရလဒ်ကောင်းများ မထွက်နိုင်ကြောင်း၊ သို့သော် တွေ့ဆုံဆွေးနွေးပွဲများကတော့ တစ်နည်းမဟုတ်တစ်နည်း ဖြစ်လာမည်ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုရှိနေတဲ့ တပ်မတော်ပေါ့ဗျာ တစ်နည်းအားဖြင့် မအလနဲ့ အပေါင်းအပါ တွေနဲ့ကတော့ တွေ့ဆုံ ဆွေးနွေး ရင်တောင်မှ ရလဒ်ကောင်းတော့ ကျနော်ထင်တယ် ထွက်မယ်မထင်ဘူးဗျ၊ သူတို့ကလည်း အခုချိန်ထိ အပေါ်စီးကနေ ဆက်ဆံတယ်ပေါ့ဗျာ၊ ဆိုတော့ ကျနော်တို့ တိုင်းရင်းသားနယ်မြေမှာက သူတို့တွေဟာ အပေါ်စီးမှာ မရှိတော့ဘူးဗျ၊ သူတို့ရဲ့ အားသာချက်ဆိုလို့ လေကြောင်းနဲ့နေပြီးတော့ လက်နက်ကြီးတွေနဲ့ အဝေးကနေ လှမ်းပစ် ရုံကလွဲလို့ မြေပြင်မှာ သူတို့စိုးမိုးမှု တော်တော်လေး အားနည်းသွားပြီဆိုတဲ့ အခင်းအကျင်းတော့ မြင်ရတယ်၊ တွေ့ဆုံဆွေးနွေးပွဲ ဆိုတာကလေ စကစနဲ့ ဖြစ်ချင်လည်း ဖြစ်မယ်၊ တခြားသော ကြားခံတစ်ခုခုကပဲ ဖြစ်ချင်လည်း ဖြစ်မယ်ပေါ့ဗျာ၊ သို့မဟုတ် အသွင်ပြောင်းလာတဲ့ ဒီနိုင်ငံအတွက် ကျနော်တို့သည် ရခိုင်ကို လုံခြုံမှုပေးနိုင်အောင် အာမခံချက်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ကောင်းလည်း ဖြစ်မယ်၊ တစ်နေ့တော့ ဆွေးကိုဆွေးနွေးရမှာဗျ၊ တွေ့ဆုံဆွေးနွေးပွဲတွေကတော့ တစ်နည်းမဟုတ်တစ်နည်း ပုံစံတစ်မျိုးမျိုးနဲ့တော့ ဖြစ်ကိုဖြစ်လာမှာပါ၊ ဘယ်သူနဲ့ ဘယ်အချိန်မှာ ဘယ်လိုဆိုတဲ့ဟာမျိုးတော့ ပြောလို့တော့ မရဘူး” ဟု ပြောသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် AA နှင့် မြန်မာ့တပ်မတော်ကြား တရုတ်နိုင်ငံမှာ မတ်လတွင် တွေ့ဆုံဆွေးနွေး သွားရန် ရှိကြောင်း နီးစပ်သူများထံမှ သိရသည်။
လက်ရှိတွင် AA သည် အနိမ့်ဆုံး အဆင့်အနေဖြင့် ကွန်ဖက်ဒရေးရှင်းကို ရလိုပြီး အမြင့်ဆုံး အနေဖြင့် ရခိုင် နိုင်ငံတော် ထူထောင်ရေး ရည်မှန်းချက်များ ရှိနေကြောင်း ပြောကြားထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ထားကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများသည် နယ်မြေအလိုက် အာဏာရရှိရေးကို ကြိုးပမ်းနေသောကြောင့် စစ်ဆက်တိုက်ရမည် ဖြစ် ကြောင်း ပြောကြားထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 509
CNI News
၂၀၂၅ ခုနှစ်၊ မတ် ၇
ပြိုကွဲလုနီးပါး ဖြစ်နေသည့် လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ကျရှုံးနိုင်ငံမဖြစ်စေဖို့ သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီးမှ ကိုယ့်အကျိုးစီးပွားနှင့် ရရှိထားသည့် အာဏာများကို လျှော့သင့်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် စုဖွဲ့ထားသော 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက CNI သတင်းဌာနသို့ ပြောသည်။
ကျရှုံးနိုင်ငံ ဖြစ်ရေး၊ မဖြစ်ရေးသည် သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီး အပေါ်တွင်သာ မူတည်ကြောင်း ၎င်းက ပြောသည်။
နိုင်အောင်မငေးက “နိုင်ငံခေါင်းဆောင်တွေရဲ့ အပေါ်မှာ တာဝန်ရှိ၊ SAC တစ်ခုတည်းကို ပြောတာမဟုတ်ဘူးနော်။ နိုင်ငံခေါင်းဆောင်တွေက သူ့လူမျိုးအလိုက်၊ သူ့ဒေသအလိုက်၊ သူ့လမ်းကြောင်းအလိုက် ခေါင်းဆောင်တွေ ရှိကြ တာပဲ။ နယ်မြေကျယ်တာ၊ အင်အားများတာ၊ အင်အားသေးတာ၊ ဒါကမဆိုင်ဘူးပေါ့။ နိုင်ငံခေါင်းဆောင်ဆိုတာ သူ့ အမျိုးသား သူ့လူမျိုးစုတွေအတွက် သူ့မှာလည်း သူ့ခေါင်းဆောင်နဲ့သူဆိုတာ ရှိကြတယ်။ ဒီလိုနိုင်ငံ ခေါင်းဆောင် တွေ အပေါ်မှာပဲ မူတည်တယ်ပေါ့။ ပြည်သူ့မျက်နှာ ဘယ်လိုထောက်မလဲ၊ သာတူညီမျှ ဘယ်လိုလုပ်မလဲ၊ အသိအမှတ်ပြုမှု ဘယ်လိုရှိမလဲ၊ တန်းတူညီမျှမှု ဘယ်လိုရှိမလဲ၊ အဲဒါတွေ အားလုံးကြည့်နေမယ်ဆိုရင်တော့ လုပ်လို့ရပါတယ်။ ကိုယ့်အကျိုးစီးပွား လျှော့လိုက်၊ ကိုယ့်မြေ၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး၊ ကိုယ့်ပါတီ၊ ကိုယ်ရထား တဲ့အာဏာ အဲဒါတွေကို လျှော့လိုက်ရင် ဖြစ်နိုင်ပါတယ်။ မဖြစ်စရာ အကြောင်းမရှိဘူး” ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံလုပ်နေစဉ်
၂၀၂၁ ခုနှစ်နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့် နယ်မြေများကို ရသလောက် သိမ်းယူထား သောကြောင့် နယ်မြေစိုးမိုးမှုများ ကျယ်ပြန့်လာသည်နှင့်အမျှ အငြင်းပွားမှု ပြဿနာများမှာလည်း ပိုမိုဖြစ်ပေါ်လာ လျက်ရှိသည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်များ အားလုံးတွင် မတူညီသည့် တောင်းဆိုမှုများကြောင့် ယခုအနေအထား တိုင်း ဆက်သွားနေမည်ဆိုပါက ကျရှုံးနိုင်ငံ ဖြစ်သွားနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ထား ကြသည်။
လက်ရှိ (၄)နှစ်ကျော်ကြာ ဖြစ်ပေါ်လာသည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က CNI သတင်းဌာနသို့ ပြောသည်။
လက်နက်ကိုင် ခေါင်းဆောင်တချို့ကိုတွေ့ရစဉ်
၎င်းက “အခု မြန်မာ့နိုင်ငံရေး အခင်းအကျင်းက တော်တော်ဆိုးရွားတဲ့ အနေအထားကို ရောက်သွားပြီ။ အဆိုးရွား ဆုံး အခြေအနေကို ရောက်နေပါပြီ။ ကမ္ဘာစစ်ကြီးလိုမျိုး မြို့တွေ အများကြီး ပျက်စီးတာ မဟုတ်တောင်မှ တော်တော်လေးကို ထိခိုက်နစ်နာနေပြီ။ အထူးသဖြင့် လူထုတွေမှာ စားဝတ်နေရေး ပြဿနာတွေ ရှိလာတယ်ပေါ့။ လူထုရဲ့ ဆန္ဒကိုပြောမယ်ဆိုရင် မြန်မြန်ပြီးစေချင်ကြတာပေါ့။ မြန်မြန်ကောင်းစေချင်ကြတာပေါ့။ ဖြစ်နိုင်ရင်လည်း အားလုံးပြေပြေလည်လည် ဖြစ်စေချင်ကြတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်များအကြား နယ်မြေစိုးမိုးမှုများ၌ ရှမ်းပြည်နယ်၌ KIA နှင့် TNLA ကြား လည်းကောင်း၊ KIA နှင့် MNDAA ကြားလည်းကောင်း၊ TNLA နှင့် SSPP ကြားလည်းကောင်း၊ RCSS နှင့် SSPP ကြားလည်းကောင်း၊ PNO နှင့် PNLO ကြားလည်းကောင်း နယ်မြေအငြင်းပွား၍ ပွတ်တိုက်မှုများ ဖြစ်ပွားနေသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်အတွင်းမှာ NMSP နှင့် KNU ကြားလည်းကောင်း၊ KNU နှင့် KTLA ကြားလည်းကောင်း နယ်မြေအငြင်းပွား၍ ပွတ်တိုက်မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် အဖြေရှာရန် တိုက်တွန်းနေကြ သော်လည်း ပြုပြင်ပြောင်းလဲရေး အရွေ့တစ်ခုကို သွားနိုင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမျိုး မရှိသေးကြောင်း လည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 344
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၆
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်၍ မတ်လ ၇ ရက်တွင် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
နစကဥက္ကဋ္ဌကို ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုက ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ရန် ဖိတ် ခေါ်ခဲ့ပြီးနောက် ဘယ်လာရုစ်ခရီးစဉ် ပေါ်ပေါက်လာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၇ ရက်တွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတနန်းတော်မှာ သမ္မတ လူကာရှန်ကိုနှင့် တွေ့ဆုံကြမည်ဖြစ်သည်။
၂၀၂၄ ခုနှစ်တုန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို တွေ့ဆုံစဉ်
ထို့နောက် နှစ်နိုင်ငံခေါင်းဆောင်များသည် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြမည်ဖြစ်ပြီး အနာဂတ်အတွက် အစီအစဉ်များကို အကောင်အထည်ဖော်ရေး ဆွေးနွေးကြမည်ဖြစ်သည်။
အထူးသဖြင့် စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ ဆေးဝါးနှင့် သိပ္ပံနည်းပညာတို့တွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြမည်ဖြစ်သည်။
ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံကြား သဘောတူညီချက် အများအပြားကို လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း ဘယ်လာရုစ်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
နစကဥက္ကဋ္ဌသည် ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မတ်လ ၃ ရက်မှစတင်၍ ချစ်ကြည်ရေး ခရီးသွားရောက်ပြီး မတ်လ ၄ ရက်တွင် သမ္မတ ပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ရုရှားလုံခြုံရေးကောင်စီ
အတွင်းရေးမှူး၊ ရုရှားလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားအစိုးရအဖွဲ့ တာဝန်ရှိသူများဖြင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့နောက် နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 728
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၆
ရုရှားနိုင်ငံသည် မြန်မာပြည်တွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံလာပါက ရုရှားနိုင်ငံမှ ပုဂ္ဂလိကလုံခြုံရေးတပ်များ သည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအား ကာကွယ်ရန် မြန်မာပြည်တွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ပြောသည်။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြဋ္ဌာန်းလိုက် ကြောင်း နစက-က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရုရှား-မြန်မာကြား ထားဝယ်ရေနက်ဆိပ်ကမ်း၊ နျူကလီးယား ဓာတ်ပေါင်းဖို စာချုပ်များ ချုပ်ဆိုပြီးဖြစ်ကာ စီးပွားရေးလုပ်မည့် သူများအနေဖြင့် လုံခြုံရေးအတွက် စဥ်းစားမည်ဖြစ်၍ ရုရှားတပ်များလည်း ပြည်တွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ဦးထက်အောင်ကျော်က “ခုနက ထားဝယ်ရေနက်ဆိပ်ကမ်းတို့၊ ပြီးတော့ အခုဒီတစ်ခါကလည်း နျူကလီးယား ဓာတ်ပေါင်းဖိုတို့တော့ စာချုပ်ချုပ်လာတယ်လို့တော့ ကြားတာပေါ့နော်၊ ဘာတွေ ထပ်ချုပ်ဦးမလဲ မပြောတတ် သေးဘူး နည်းနည်းလေး ရက်က ရှည်မှာဆိုတဲ့အခါကျတော့ အဲဟာတွေ အတွက်ကတော့ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ စီးပွားရေး လုပ်မယ့်သူတွေ အကုန်လုံး အနေနဲ့ကတော့ လုံခြုံရေးအတွက်ကိုက စဥ်းစားမှာပဲလေ၊ စဥ်းစားမှာပဲဆိုတော့ ဒီလုံခြုံရေး ဥပဒေလည်း ပြဋ္ဌာန်းပြီးသား ဆိုတဲ့အခါကျတော့ ဖြစ်နိုင်တာပေါ့၊ ရုရှားလည်း ဖြစ်နိုင်တာပဲ၊ တရုတ်လည်း ဖြစ်နိုင်တာပဲ၊ အိန္ဒိယလည်း ဖြစ်နိုင်တာပဲ၊ ဒါပေမယ့် တစ်ခုပဲရှိတာ ကျနော်တို့က ဒီနည်းဥပဒေပေါ့၊ နည်းဥပဒေကို ကျနော်တို့က မတွေ့ရသေးတဲ့ အခါကျတော့ ဒီအပေါ်ကနေပဲ ကြည့်နေတာ၊ နည်းဥပဒေလာပြီးမှ ဆိုလို့ရှိရင် နည်းနည်းပိုပြီးတော့မှ ရှင်းရှင်းလင်းလင်း ပိုဖြစ်လာမယ်လို့တော့ ထင်ပါတယ်” ဟု ပြောသည်။
ရုရှားရဲ့ ဝဂ္ဂနာလုံခြုံရေးကုမ္ပဏီကို တွေ့ရစဉ်
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားကြသည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူ အပါအဝင် ပြည်ပနိုင်ငံများသည် လုံခြုံရေးကုမ္ပဏီများ ထူထောင်၍ ၎င်းတို့၏ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ ဝန်ထမ်းများ၊ ကုမ္ပဏီများကို ကာကွယ်ရေး ကြိုးပမ်းလာနိုင်သည်ဟု ထောက်ပြကြသည်။
ထို့အတူ ရုရှားနိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံပါကလည်း ရုရှားလုံခြုံရေးတပ်ဖွဲ့ဝင်များ ပြည်တွင်းသို့ ဝင်ရောက်လာပြီး ၎င်းတို့၏ လုံခြုံရေးနှင့် စီမံကိန်းများအတွက် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများ ထူထောင်နိုင်သည်ဟု ထောက်ပြကြသည်။
အကယ်၍ ရုရှားသည် ထားဝယ်ဆိပ်ကမ်းတွင် ရင်နှီးမြှုပ်နှံမှုများ လုပ်မည်ဆိုလျှင်တော့ ရုရှားလုံခြုံရေးတပ်များ ဝင်ရောက်လာနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာန သို့ ပြောသည်။
ဒေါက်တာလှကျော်ဇောက “တရုတ်လုံခြုံရေး ကုမ္ပဏီတွေကို သူလက်ခံတာက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ဆိုပြီး ခေါ်တာဖြစ်တာကိုး၊ အဲတော့ တရုတ်ကလည်း အဲလိုဟာမျိုးအတွက် သွားတတ်တာတွေ ရှိပါ တယ်၊ သူ အာဖရိကတိုက်တို့၊ ပါကစ္စတန်တို့ ဘာတို့မှာလည်း ဆူဒန်တို့ ဘာတို့မှာလည်း အဲလိုသူ့လုံခြုံရေးတပ်ဖွဲ့ တွေ လွှတ်ထားတာတွေတော့ ရှိပါတယ်၊ အဲတော့ တကယ်လို့ ရုရှားကလည်း ထားဝယ်ဆိပ်ကမ်းလား ဘာလား အဲဒီမှာ ရင်းနှီးမြှုပ်နှံဖို့ လုပ်မယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်လာ နိုင်တာပေါ့ဗျာ၊ ကျမ သိသလောက်ပေါ့နော် ရုရှားရဲ့တပ်တော့ ကျမ သိပ်မသိဘူး၊ တရုတ်ရဲ့ တပ်ကတော့ ဥပမာ ပါကစ္စတန်တို့၊ အာဖရိကတို့ သွားတဲ့တပ်တွေ ကတော့ သူတို့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုမ္ပဏီတွေ ခုနပြောတဲ့ သူတို့တည်ဆောက်နေတဲ့ တံတားဆိုလည်း တံတား၊ လေယာဥ်ပျံကွင်းဆိုလည်း လေယာဥ်ပျံကွင်း၊ သင်္ဘောဆိပ် အဲဒီနေရာတွေမှာပဲ သူတို့ လက်နက်ကိုင်ဆောင်ပြီး သူတို့ရဲ့ လူတွေပေါ့နော် သူတို့အင်ဂျင်နီယာတွေ၊ သူတို့ရဲ့ လုပ်သားတွေ အဲဒီလုံခြုံရေးအတွက်ပဲ သူတို့တာဝန်ယူ ရတယ်ဗျ၊ အဲဒီဟာ ကျော်လွန်ပြီး ထွက်သွားပြီဆိုရင် သူတို့လက်နက် ကိုင်ဆောင်ခွင့်မရှိဘူး” ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်တို့ သဘောတူညီချက် ၁၀ ခု လက်မှတ်ထိုးအပြီး တွေ့ရစဉ်
ရုရှားနိုင်ငံသည် မြန်မာနိုင်ငံတွင် ဆိပ်ကမ်းနှင့် ရေနံချက်စက်ရုံ တည်ဆောက်ရေး အပါအဝင် ထားဝယ် အထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံရန် နစကနှင့် သဘောတူ လက်မှတ်ထိုးလိုက်သည့်အကြောင်း ရုရှားစီးပွားရေး ဖွံဖြိုးမှုဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ မတ်လ ၃ ရက်မှ စတင်၍သွားရောက်နေပြီး ရုရှားသမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး၊ ရုရှားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးပြီးနောက် ရုရှား-မြန်မာ သဘောတူညီချက် ၁၀ ခုအား လက်မှတ်ရေးထိုးခဲ့ကြောင်း နှစ်နိုင်ငံပူးတွဲ ထုတ်ပြန်ခဲ့သည်။
အလားတူ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေး ရင်းနှီးမြှုပ်နှံရေး၊ လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ စက်မှု လုပ်ငန်းများ တည်ဆောက်ရေး စသည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 540
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၆
ရုရှားနိုင်ငံ၏ အမျိုးသားအောင်ပွဲနေ့ ရင်ပြင်နီချီတက်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့သလို မြန်မာ့တပ်မတော်ကိုလည်း ချီတက်ပွဲမှာ ပါဝင်ချီတက်ရန် ရုရှားသမ္မတ ပူတင်က ဖိတ်ကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် (၈၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲ့နေ့ကို မော်စကိုမြို့မှာ ကျင်းပမည်ဖြစ်ပြီး ရင်ပြင်နီမှာ ချီတက်ပွဲလုပ်မည်ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အခမ်းအနား တက်ရောက်ရန် ရုရှားသမ္မတ ပူတင်က ဖိတ်ကြားခဲ့သလို မြန်မာ့တပ်မတော်ကိုလည်း ရင်ပြင်နီချီတက်ပွဲမှာ ပါဝင်ချီတက်စေ လိုကြောင်း ပြောကြားခဲ့သည်။
ရုရှားသမ္မတ ပူတင်က “ မေလ ၉ ရက်နေ့မှာ ၈၂ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မော်စကိုမှာ ကျင်းပမှာ ဖြစ်ပြီးတော့ အဆွေတော်ဝန်ကြီးချုပ်ကို အခမ်းအနားကို ပါဝင်တက်ရောက်နိုင်ဖို့ ကျနော်ဖိတ်ခေါ်ပါတယ်။ မြန်မာနိုင်ငံက ကိုယ်စားပြုတပ်ဖွဲ့ကိုလည်း ရင်ပြင်နီချီတက်ပွဲမှာ ပါဝင်ချီတက်စေလိုပါတယ်”ဟု ပြောသည်။
ထို့နောက် နိုင်ငံတကာကိစ္စရပ်များကို ဆွေးနွေးလိုကြောင်း၊ နိုင်ငံတကာ ပြဿနာအများစုနှင့် ပတ်သက်ပြီး ရုရှား-မြန်မာ ရပ်တည်ချက်များ ကိုက်ညီကြောင်း၊ နိုင်ငံတကာမျက်နှာစာမှာ ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း ၎င်းက ပြောသည်။
နစကဥက္ကဋ္ဌနဲ့ သမ္မတပူတင် ပူးတွဲသတင်းစာ ရှင်းလင်းပွဲလုပ်နေစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားသမ္မတပူတင်၏ ဖိတ်ကြားချက်ဖြင့် ရုရှားနိုင်ငံသို့ မတ်လ ၃ ရက်မှ စတင်၍ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး မတ်လ ၄ ရက်က သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး၊ ရုရှားလွှတ်တော်ဥက္ကဋ္ဌ၊ ရုရှားအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျနော်တို့ ချစ်ကြည်ရေးခရီးစဉ်ကို အစစအရာရာ ပြည့်စုံအောင် ဆောင်ရွက်ပေးမှုများ၊ နွေးထွေးစွာ ကြိုဆိုမှုများအတွက်ကိုလည်း လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်းနဲ့ အဆွေ တော် သမ္မတကြီးကို အခါအခွင့်သင့်တဲ့အချိန်မှာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်နိုင်ဖို့အတွက်ကို လည်း ဖိတ်ကြားအပ်ပါတယ်”ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ သဘောတူညီချက် ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတ လူကာရှန်ကို၏ ဖိတ်ကြားချက် အရ ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ဆက်လက်သွားရောက်မည်ဖြစ်ပြီး ဘယ်လာရုစ်သမ္မတနှင့် တွေ့ ဆုံ၍ ဆွေးနွေးကြမည်ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 316
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၅
နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာရှိရန် လိုအပ်သလို နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် ပါတီနိုင်ငံရေးများ ကင်းရှင်းကြရန်လိုအပ်ကြောင်း ရုရှားရောက် စစ်ဘက်/အရပ်ဘက်မှ ပညာတော်သင် အရာရှိများကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေစဉ် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်က ရုရှားနိုင်ငံရောက် စစ်ဘက်/အရပ်ဘက် ပညာတော်သင် အရာရှိသင်တန်းသားများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပညာတော်သင်အရာရှိများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာ စောင့်သိရန်လိုကြောင်း၊ တပ်မတော်သားများသည် နိုင်ငံတော်အတွက် မိမိတို့၏ အသက်ကို ပေးဆပ်မည်ဟု သစ္စာ ဆို၍ ဝင်လာသူများဖြစ်သဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် ကိစ္စရပ်များဆောင်ရွက်ခြင်း မပြု မိအောင် စောင့်ထိန်းရန်လိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာရှိရှိဖြင့် ခံယူချက်ရှိစွာဖြင့် ဆောင်ရွက် ကြရန်လိုကြောင်း၊ အလားတူ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက်လည်း ပါတီနိုင်ငံရေးများ ကင်းရှင်းကြရန်လို တယ်”ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်က ပညာတော်သင်များနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ (က)တွင် နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့နောက် ယနေ့ခေတ်သည် AI နည်းပညာခေတ်ဖြစ်၍ AI နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာနေရန်လို ကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် နည်းပညာများ တိုးတက်စေရေး ကြိုးပမ်းသင်ယူကြရန်လိုကြောင်း၊ နည်းပညာနှင့်ပတ်သက်၍ နောက်ကျ မကျန်နေစေရေး မိမိတို့အနေဖြင့် ကြိုးပမ်းအားထုတ်နေရန်လိုကြောင်း ၎င်းက ပြောသည်။
နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု နစကဥက္ကဋ္ဌက ပြောနေသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၆(စ)တွင် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်း ဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟု ပြဋ္ဌာန်းထားကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အလားတူ ရွေးကောက်ပွဲများကနေတဆင့် ဖြစ်တည်လာသော လွှတ်တော်များတွင်လည်း ရွေးကောက်ခံ မဟုတ်သလို နိုင်ငံရေးပါတီဝင်များ မဟုတ်ဘဲ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နေရာယူ၍ နိုင်ငံရေးမှာ ပါဝင်နေ ခြင်းကလည်း ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပြောကြားမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ၎င်းတို့က ထောက်ပြသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား NLD အစိုးရက မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေးကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်မှ နိုင်ငံတော်ကို အရေးပေါ် ကြေညာ၍ အာဏာရယူခဲ့သည်။
ထို့နောက် နိုင်ငံရေး အကျပ်အတည်းများ ပေါ်ပေါက်လာပြီး မြန်မာ့တပ်မတော်နှင့် နစကကို စစ်ဘက်/အရပ်ဘက် မှ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ပြည်သူလူထုများနှင့် လက်နက်ကိုင် အင်အားစုများက ဆန့်ကျင် ကန့်ကွက်ခဲ့ကြ သည်။
ထို့ပြင် နိုင်ငံ့ဝန်ထမ်း တချို့သည် အာဏာဖီဆန်ခြင်းလှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့ကြသလို နိုင်ငံ့ဝန်ထမ်း အဖြစ်မှ နှုတ်ထွက်သွားခဲ့ကြသော အခြေအနေများထိ ဆောင်ရွက်ခဲ့ကြမှုများ ရှိခဲ့သည်။