- By CNI
- Category: နိုင်ငံရေး
- Hits: 900
CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၂
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) သည် ဖနွမ်ပင်မြို့တော်မှ ကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ၏ ဘန်ကောက်မြို့တော်ရှိ နေအိမ်သို့ ဖေဖော်ဝါရီ ၂၁ ရက်တွင် အလည်အပတ် ရောက်ရှိလာခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
သက်ဆင်သည် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် ဟွန်ဆန်သည် သက်ဆင်ထံသို့ လာရောက်သည့် ပထမဆုံး ပြည်ပခေါင်းဆောင်တစ်ဦးဖြစ်သည်။
သက်ဆင်သည် အကျင့်ပျက်ခြစားမှု စွဲချက်သုံးခုဖြင့် ထောင်ဒဏ်ချမှတ် ခံခဲ့ရပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်တွင် ခံဝန်ဖြင့် ပြန်လည်လွတ်မြောက် လာခဲ့သူဖြစ်သည်။
အစောပိုင်းက ဟွန်ဆန်သည် ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်တွင် ရိုက်ထားသည့် ၎င်း၏ ဓာတ်ပုံကို facebook တွင် တင်ခဲ့ပြီးနောက် “ကျနော့် အစ်ကိုဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဆီကို သွားလည်ဖို့ ဘန်ကောက်ကို သွားနေပါပြီ” ဆိုသည့် စာသားကို ရေးသားခဲ့သည်။

သက်ဆင်နဲ့ဟွန်ဆန် တွေ့ဆုံစဉ်
ဟွန်ဆန်သည် ၎င်း၏ နှစ်ရှည်လများကြာ ရင်းနှီးခင်မင်ခဲ့သည့် သက်ဆင်နှင့်အတူ နေ့လည်စာစားပြီး မွန်းလွဲ ၂ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ကမ္ဘောဒီးယားသမိုင်းတွင် သက်တမ်း အရှည်ကြာဆုံး ခေါင်းဆောင်ဖြစ်သည့် ဟွန်ဆန်သည် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် ၎င်း၏ သားအကြီးဆုံးဖြစ်သူ ဟွန်မာနက် (Hun Manet) ကို အာဏာလွှဲပြောင်း ပေးခဲ့သည်။
ဟွန်ဆန်သည် သက်ဆင် ပြည်ပြေးဘဝသို့ ရောက်ရှိနေချိန်က ကမ္ဘောဒီးယားသို့ ခေါ်ယူကာ ၎င်း၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာ စီးပွားရေး အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့ဖူးသည်။
ပြီးခဲ့သည့်နှစ်ကလည်း ဖနွန်ပင်မြို့တော်တွင် ပြုလုပ်သည့် ဟွန်ဆန်၏ မွေးနေ့ပွဲ၌ သက်ဆင်သည် ၎င်း၏ ညီမ ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ် (Yingluck Shinawatra) နှင့်အတူ တက်ရောက်ခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 614
CNI International News
မင့်စ်၊ ဖေဖော်ဝါရီ ၂၂
ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko)က ပြည်သူများ၏ ဘေးကင်း လုံခြုံရေးကို စိတ်ချသေချာစေရန် တရားဥပဒေ စိုးမိုးရေးအေဂျင်စီများအား လမ်းများပေါ်တွင် လက်နက်ငယ်များ ကိုင်ဆောင်ပြီး ကင်းလှည့်ဖို့ ဖေဖော်ဝါရီ ၂၀ ရက်က တိုက်တွန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
“ပြည်သူတွေအနေနဲ့ အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ်၊ လမ်းပေါ်မှာပဲဖြစ်ဖြစ် တစ်နေ့တာရဲ့ ဘယ်လိုအချိန်မျိုး မှာမဆို ဘေးကင်းလုံခြုံတဲ့ ခံစားချက်မျိုး ရရှိသင့်ပါတယ်”ဟု လူကာရှန်ကိုက ဘယ်လာရုစ်၏ ထိပ်သီးလုံခြုံရေး အဖွဲ့များနှင့် အစည်းအဝေး ပြုလုပ်ချိန်တွင် ပြောကြားခဲ့သည့် ဗွီဒီယိုဖိုင်ကို နိုင်ငံပိုင် Pu Pervovo မီဒီယာက ဖော်ပြခဲ့သည်။
ဘယ်လာရုစ်တွင် ရာဇဝတ်မှုနှုန်း လျော့ကျလာခဲ့သော်လည်း နိုင်ငံအတွင်း အစွန်းရောက်သည့် ရာဇဝတ်မှုများ ဖြစ်လာနိုင်သော အန္တရာယ်ရှိနေကြောင်း လူကာရှန်ကိုက ပြောသည်။

ဘယ်လာရုစ် နိုင်ငံသူ/သားတွေကို တွေ့ရစဉ်
“လူဆိုးတွေရဲ့ လုပ်ရပ်တွေကို နှိမ်နင်းဖို့၊ လူ့အသက်တွေကို ကယ်တင်ဖို့အတွက် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့ ရှုထောင့်က ကြည့်မယ်ဆိုရင် အရေးအကြီးဆုံး ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ဆက်လက်ပြီး အစွန်းရောက်အန္တရာယ်ကို ထိန်းသိမ်းရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ထောက်လှမ်းရေးအဖွဲ့၊ အထူးတပ်ဖွဲ့များနှင့် အစိုးရရှေ့နေရုံး အပါအဝင် လိုအပ်သည့် လူတိုင်းကို သတိပေးထားပြီး မိမိတို့၏ လှည့်ကင်း အဖွဲ့များသည် ပစ္စတိုကဲ့သို့ လက်နက်ငယ်များကို ကိုင်ဆောင်ရမည်ဟု လူကာရှန်ကိုက ပြောကြားခဲ့သည်။
လူကာရှန်ကိုသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းကို ကျူးကျော်ခဲ့သည့် ရုရှားနိုင်ငံအား ထောက်ခံခဲ့ပြီး ယူကရိန်းစစ်ပွဲတွင် ရုရှား၏ စစ်ဆင်ရေးများ ပြုလုပ်ရန်အတွက် ဘယ်လာရုစ်နယ်နိမိတ်ကို အသုံးပြုခွင့်ပေးခဲ့ သည်။
ထို့ပြင် ပြီးခဲ့သည့်နှစ်ကလည်း လူကာရှန်ကိုသည် ရုရှား၏ အနောက်ဘက် နယ်စပ်ဒေသဖြစ်သည့် ဘယ်လာရုစ် နိုင်ငံအတွင်း ရုရှား၏ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ ဖြန့်ကြက်ချထားရန် သဘောတူညီခဲ့ သည်။

ဘယ်လာရုစ် နိုင်ငံသူ/သားတွေကို တွေ့ရစဉ်
ပြီးခဲ့သည့် သီတင်းပတ်က ယူကရိန်းနှင့် ဘယ်လာရုစ်နယ်စပ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေး အတွင်း ယူကရိန်းနှင့် ဘယ်လာရုစ်နိုင်ငံသားများ အပါအဝင် အဖျက်အမှောင့် လုပ်ဆောင်မည့်သူအချို့ကို ဖမ်းဆီးရမိခဲ့သည်။
ထိုကဲ့သို့သော အဖွဲ့များကို သီတင်းတစ်ပတ်အတွင်း နှစ်ကြိမ်၊ သုံးကြိမ်ခန့် ဖမ်းဆီးရမိခဲ့ကြောင်း လူကာရှန်ကိုက ပြောကြားခဲ့သည်။
ဇန်နဝါရီလ အတွင်းကလည်း ဘယ်လာရုစ် အာဏာပိုင်များသည် လွတ်လပ်ပြီး အမှီအခိုကင်းသည့် လေ့လာ စောင့်ကြည့်သူများ၊ ဝေဖန်သူများ အပါအဝင် လူပေါင်း ၂၀ ခန့်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
လက်ရှိတွင် နိုင်ငံအတွင်းမှ ထွက်ခွာသွားပြီဖြစ်သည့် ထိုလူ ၂၀ ကို အစွန်းရောက်မှု အားပေးလှုံ့ဆော်သူများ ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 861
CNI International News
ကွန်နာကရီ၊ ဖေဖော်ဝါရီ ၂၁
ဂီနီနိုင်ငံတွင် ပြီးခဲ့သည့် ၂ နှစ်ကျော်က အာဏာသိမ်းခဲ့သည့် စစ်တပ်က ယာယီအစိုးရအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်းပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီ ၁၉ ရက်က ထုတ်ပြန်ခဲ့သည့် ဗွီဒီယိုတစ်ခုတွင် စစ်ခေါင်းဆောင်များက အစိုးရအဖွဲ့၏ ညွှန်ကြားရေး မှူးများ၊ အတွင်းဝန်ချုပ်များနှင့် ၎င်းတို့၏ လက်ထောက်အရာရှိများသည် အစိုးရအဖွဲ့သစ် မဖွဲ့စည်းခင်အချိန်အထိ နိုင်ငံကို စီမံအုပ်ချုပ်သွားမည်ဟု ပြောကြားခဲ့သည်။
ယခုဖျက်သိမ်းခဲ့သည့် အစိုးရအဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကတည်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
စစ်တပ်အရာရှိများနှင့် စစ်သားများခြံရံထားသည့် ဂီနီသမ္မတဆိုင်ရာ အတွင်းရေးမှူးချုပ် အမ်မရာ ကမ်မရာ (Amara Camara) သည် ယခုကဲ့သို့ မမျှော်မှန်းထားသည့် မိန့်ခွန်းပြောကြားနေပုံကို ကြိုတင်ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်ထဲတွင် ဖော်ပြထားသည်။
အစိုးရအဖွဲ့ကို မည်ကဲ့သို့ ဖျက်သိမ်းသည်ဆိုခြင်းကို ရှင်းလင်းစွာ မသိရဘဲ ကမ်မရာကလည်း အစိုးရအဖွဲ့ ဖျက်သိမ်းရသည့် အကြောင်းရင်းကို ပြောကြားခဲ့ခြင်းမရှိဘဲ ယခုထုတ်ပြန်ချက်သည် ချက်ချင်း အကျုံးဝင် သက်ရောက်ကြောင်း ကြေညာခဲ့သည်။

ဂီနီနိုင်ငံ သမ္မတကို ဖမ်းဆီးထားစဉ်
ဂီနီစစ်တပ်သည် ဂီနီနိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် သမ္မတ အယ်လ်ဖာ ကွန်ဒီ (Alpha Conde) ကို ဖြုတ်ချခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။
ထို့နောက် နိုင်ငံတကာ၏ ဖိအားများအောက်တွင် စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး မာမက်ဒီ ဒွမ်ဘူယာ (Mamady Doumbouya) က ၂၀၂၄ ခုနှစ်ကုန်ပိုင်းတွင် အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ဂီနီတွင် သမ္မတကွန်ဒီက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တတိယသက်တမ်းအတွက် ပြန်လည် ရွေးကောက်ခံ ရန် ကြိုးပမ်းမှုမှ စတင်ပေါ်ပေါက်လာခဲ့သည့် နိုင်ငံရေး တင်းမာမှုများသည် တအုံ့နွေးနွေး ဖြစ်လာခဲ့ပြီးနောက် နိုင်ငံ၏ အထူးတပ်ဖွဲ့က အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။

ဂီနီနိုင်ငံ ဆန္ဒပြနေကြစဉ်
ကွန်ဒီသည် ၂၀၂၀ ပြည့်နှစ် မတ်လက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကို တွန်းအားပေး လုပ်ဆောင်ခဲ့ပြီး သမ္မတသက်တမ်းကို နှစ်ကြိမ်သာ ကန့်သတ်ထားသည့် သတ်မှတ်ချက်ကို လျစ်လျူရှုကာ တတိယသက်တမ်း အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ထို့ကြောင့် ကွန်ဒီ၏ လုပ်ဆောင်ချက်များကို ဆန့်ကျင်သူများက ဆန္ဒပြခဲ့ကြပြီးနောက် လုံခြုံရေးတပ်ဖွဲ့များနှင့် အဓိကရုဏ်းဖြစ်ပွားကာ လူပေါင်းဒါဇင်ချီ သေဆုံးခဲ့ပြီး လူပေါင်းရာချီ ဖမ်းဆီးခံခဲ့ရသည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 906
CNI International News
မော်စကို၊ ဖေဖော်ဝါရီ ၂၁
ရုရှားနှင့် မြောက်ကိုရီးယားအကြား ဆက်ဆံရေးများ မြင့်တက်နေချိန်တွင် ရုရှားသမ္မတ ပူတင်(Vladimir Putin) က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)ကို ရုရှားနိုင်ငံလုပ် ကားတစ်စီး လက်ဆောင် ပေးခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အဆိုပါ ကားလက်ဆောင်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်၏ ညီမဖြစ်သူ ကင်မ်ယိုဂျုံ (Kim Yo Jong) နှင့် အာဏာရအလုပ်သမားပါတီမှ ဗဟိုကော်မတီ အတွင်းရေးမှူး ပါ့ခ်ဂျုံချွန် (Pak Jong Chon) တို့က လက်ခံ ရယူခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
သို့သော် ထိုလက်ဆောင်ကို မြောက်ကိုရီးယား၏ မည်သည့်နေရာတွင် လက်ခံခဲ့သည်ဆိုခြင်းကိုမူ KCNA က ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

မြောက်ကိုရီးယားနဲ့ ရုရှား ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးနေကြစဉ်
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ရုရှား၏ အရှေ့ဖျားဒေသ စီးပွားရေး ဖိုရမ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း Aurus ဇိမ်ခံကားတစ်စင်းကို လေ့လာကြည့်ရှုခဲ့ပြီး ထိုကား၏ နောက်ခန်းထဲတွင် ဝင်ထိုင်ခဲ့ဖူးကြောင်း ရုရှား၏ တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကြေညာချက်များတွင် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည် စီမံကိန်း များကြောင့် မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ကားများ အပါအဝင် ဇိမ်ခံပစ္စည်းများ တင်ပို့ရောင်းချခွင့် တားမြစ် ပိတ်ပင်ထားသည်။
ကင်မ်ယိုဂျုံက ပူတင်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည့် အစ်ကိုဖြစ်သူ ကင်မ်၏ ကျေးဇူးတင်စကားကို ထပ်ဆင့် ပြောကြားခဲ့ပြီး ထိုလက်ဆောင်သည် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအကြား အလွန်ကောင်းမွန်သည့် ပုဂ္ဂိုလ်ရေး ရင်းနှီးခင်မင်မှုကို ပြသရာ ရောက်သည်ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ဒုံးကျည်များ ပစ်ခတ်နေစဉ်
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့သည့်စစ်ပွဲ စတင်ဖြစ်ပွားချိန်ကတည်းက မြောက်ကိုရီးယားနှင့် ရုရှားအကြား ဆက်ဆံရေးများ မြင့်တက်ခဲ့သည်။
မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားအား စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့သည်ဟု အမေရိကန်က စွပ်စွဲခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 744
CNI International News
အော့တဝါ၊ ဖေဖော်ဝါရီ ၂၀
တရုတ်အနေဖြင့် ပင်လယ်နီတွင် ကုန်သွယ်ရေးသင်္ဘောများ ဘေးကင်းလုံခြုံရေးအတွက် အခန်းကဏ္ဍတစ်ခုမှ ပါဝင်လှုပ်ရှားသင့်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး မယ်လာနီ ဂျိုလီ (Melanie Joly)က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သင်္ည။
ပင်လယ်နီအတွင်း တိုက်ခိုက်မှုများသည် တရုတ်သင်္ဘောများအတွက်လည်း အန္တရာယ်ကြီးမားကြောင်း၊ တရုတ် အနေဖြင့် ရုရှားအပေါ် နိုင်ငံတကာ ပိတ်ဆို့မှုများချမှတ်ရာတွင် ရုရှားကို ကူညီပေးနေမှုများကို ရပ်တန့်ရန်လည်း ဂျိုလီက ပြောကြားခဲ့သည်။
ပင်လယ်နီတွင် ဟူရ်သီ (Houthi) သူပုန်များ၏ တိုက်ခိုက်မှုများကို ရပ်တန့်စေရန် တရုတ်အနေဖြင့် ဟူရ်သီအဖွဲ့ အပေါ် ဩဇာလွှမ်းမိုးနိုင်ရေးအတွက် အကူအညီပေးသင့်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ (Wang Yi)နှင့် အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု ဂျိုလီက ပြောသည်။
“ဒါဟာ ကုန်စည်တွေ တင်ပို့ရောင်းချနေတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေ ဖြစ်ပါတယ်” ဟု ဂျိုလီက ဂျာမနီနိုင်ငံတွင် ပြုလုပ်သည့် မြူးနစ်လုံခြုံရေးဖိုရမ်၌ ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီး မယ်လာနီဂျိုလီနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို တွေ့ရစဉ်
ယီမင်နိုင်ငံတွင် အီရန်၏ ကျောထောက်နောက်ခံ ရရှိထားသည့် ဟူရ်သီသူပုန်များသည် ပင်လယ်နီ၌ ကုန်တင် သင်္ဘောများကို အဆက်မပြတ် တိုက်ခိုက်နေပြီး ဖေဖော်ဝါရီ ၁၆ ရက်ကလည်း M/T Pollux ရေနံတင်သင်္ဘောအား တိုက်ခိုက်ခဲ့သည်ဟု အမေရိကန်က ပြောကြားခဲ့သည်။
ဟူရ်သီသူပုန်များကမူ ဂါဇာဒေသရှိ ပါလက်စတိုင်းများကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ထိုတိုက်ခိုက်မှု များကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုများကြောင့် တရုတ်သင်္ဘောများ အများဆုံး သွားလာနေသည့် အာရှနှင့် ဥရောပအကြား ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းများကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။
ကနေဒါနိုင်ငံအပြင် အမေရိကန်နှင့် ဗြိတိန်တို့ကလည်း အီရန်နိုင်ငံကို ဖိအားပေးမှုမှတစ်ဆင့် ဟူရ်သီသူပုန်များ၏ တိုက်ခိုက်မှုများကို ဟန့်တားပေးရန် တရုတ်အစိုးရကို တိုက်တွန်းထားသည်။
ထို့ပြင် တရုတ်အနေဖြင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့် ရုရှားနိုင်ငံကို အကူအညီ မပေးရန်လည်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျိုလီက ဝမ်ယိကို တိုက်တွန်းခဲ့သည်။
ပြီးခဲ့သည့်နှစ်က ရုရှားသည် ဆော်ဒီအာရေဗျနိုင်ငံကို ကျော်ဖြတ်ပြီး တရုတ်နိုင်ငံအား ရေနံတင်ပို့ရောင်းချမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ကာ ရုရှားသည် တရုတ်ကို ရေနံများ ရောင်းချခြင်းဖြင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို ဖီဆန်နိုင်ခဲ့သည်။
Source: CNA
- By CNI
- Category: နိုင်ငံရေး
- Hits: 1213
CNI International News
လန်ဒန်၊ ဖေဖော်ဝါရီ ၂၀
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမာ့စ်အကြား ချက်ချင်း အပစ်အခတ် ရပ်စဲရမည်ဖြစ်ကြောင်း ဗြိတိန် ၏ လေဘာပါတီခေါင်းဆောင် ကီယာစတာမာ (Keir Starmer) က ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
စကော့တလန်နိုင်ငံ၊ ဂလက်စ်ဂေါ (Glasgow) မြို့တွင် ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်ခဲ့သည့် စကော့တလန် လေဘာပါတီ ညီလာခံ၌ ဗြိတိန်အတိုက်အခံ ခေါင်းဆောင်ဖြစ်သူ စတာမာ၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ဂါဇာဒေသတွင် ပါလက်စတိုင်း ၂၉,၀၀၀ နှင့် အစ္စရေးတွင် လူပေါင်း ၁၁၄၀ ဦး သေဆုံးခဲ့သည့် အောက်တိုဘာ ၇ ရက်က စတင်ခဲ့သော အစ္စရေး-ဟားမာ့စ်စစ်ပွဲကို ချက်ချင်း အပစ်အခတ်ရပ်စဲရန် တောင်းဆိုမှုများအား စတာမာက ထောက်ခံသည့်အနေဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသစစ်ပွဲကို တွေ့ရစဉ်
ယခင်က စတာမာသည် အစ္စရေး-ဟားမာ့စ် စစ်ပွဲကို ချက်ချင်း အပစ်အခတ်ရပ်စဲရန် တောင်းဆိုမှုများကို ထောက်ခံ ရန် ငြင်းဆိုခဲ့ပြီး ပဋိပက္ခ အဆုံးသတ်စေရန်သာ လိုလားကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် လေဘာပါတီအတွင်း အစ္စရေး-ဟားမာ့စ် ပဋိပက္ခနှင့်ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများ ပိုမို မြင့်တက်လာခဲ့ပြီး လေဘာပါတီ၏ လွှတ်တော်အမတ် ၃ ပုံ ၁ ပုံက အစ္စရေး-ဟားမာ့စ် စစ်ပွဲ ချက်ချင်း အပစ်အခတ်ရပ်စဲရန် တောင်းဆိုမှုများအား ထောက်ခံဖို့ စတာမာကို ဖိအားပေးခဲ့ကြသည်။
“ဂျာမနီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မြူးနစ် လုံခြုံရေးညီလာခံမှာ ကျနော်ဟာ အစ္စရေး-ဟားမာ့စ် ပဋိပက္ခနဲ့ပတ်သက်ပြီး အခြား နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုတိုင်းမှာ အစစ္စရေးနဲ့ ဟားမာ့စ် အကြား အပစ်အခတ်ရပ်စဲဖို့၊ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေအားလုံး ပြန်လွတ်ဖို့ကိုပဲ ကြားခဲ့ရပါတယ်”ဟု စတာမာက ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့အားလုံးသည် ယာယီအပစ်အခတ်ရပ်စဲရေးမျိုး မဟုတ်ဘဲ ထာဝရ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ဖြင့် တိုက်ခိုက်မှုများကို အဆုံးသတ်စေလိုကြောင်း စတာမာက ပြောသည်။

စတာမာ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဒေးဗစ်လမ်မီကို တွေ့ရစဉ်
အပစ်အခတ်ရပ်စဲရေးသည် တစ်ဖက်သတ် မဖြစ်နိုင်ကြောင်း၊ ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ ပါလက်စတိုင်း ဒုက္ခ သည် ၁ သန်းကျော် ရှိနေသည့် ရာဖာ (Rafah) မြို့တွင် စစ်ဆင်ရေးပြုလုပ်မည့် အစ္စရေး၏ အစီအစဉ်အား ဆန့်ကျင်ကြောင်း စတာမာက ပြောကြားခဲ့သည်။
ဗြိတိန်လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၁ ရက်၌ စကော့တလန် အမျိုးသားပါတီ(SNP)က ဦးဆောင်သည့် အစ္စရေး-ဟားမာ့စ် ချက်ချင်း အပစ်အခတ်ရပ်စဲရေး အဆိုကို မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။
ထိုမဲခွဲဆုံးဖြတ်မှု မတိုင်မီ SNP ၏ ရည်ရွယ်ချက်ကို စောင့်ကြည့်သွားမည်ဟု စတာမာ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဒေးဗစ်လမ်မီ (David Lammy) က ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 579
CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၀
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) အား စွဲဆိုထားသည့် တော်ဝင်အသရေ ဖျက်မှု စွဲချက်ကို အစိုးရရှေ့နေချုပ်က ဆိုင်းငံ့ခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
သက်ဆင်က ၎င်း၏ အမှုနှင့်ပတ်သက်ပြီး တရားမျှတစွာ ဖြေရှင်းပေးရန် လျှောက်လှဲခဲ့ပြီးနောက် အစိုးရရှေ့နေချုပ် က ထိုကဲ့သို့ အမိန့်ထုတ်ပြန်ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၁၈ ရက်က ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည့် သက်ဆင်သည် ထိုအမှုနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အစိုးရရှေ့နေချုပ်ရုံး (OAG) သို့ သတင်းပို့ခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီလအတွင်း အစိုးရရှေ့နေများက သက်ဆင်ကို ထိုင်းဘုရင်မိသားစုအား ဝေဖန်တိုက်ခိုက်သည့် တော်ဝင် အသရေဖျက်မှုဆိုင်ရာ စွဲချက်များဖြင့် စွဲချက်တင်ကြောင်း အသိပေးခဲ့ပြီးနောက် ထိုင်းအစိုးရရှေ့နေချုပ် အမ်နက် ချက်ချာရွန်ရက် (Amnat Chetcharoenrak) ၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
သက်ဆင်သည် ဘီတပ်ကုလားထိုင်ဖြင့် ၎င်း၏ သမီးအငယ်ဆုံးဖြစ်သည့် ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra)၊ နည်းပညာ ရာဇဝတ်မှုဆိုင်ရာ ကိုင်တွယ်ဖြေရှင်းရေးဌာနမှ ရဲအရာရှိ တစ်ဦးနှင့်အတူ OAG သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

သမီးဖြစ်သူ ပေတုန်တန်နဲ့ သက်ဆင်ကို တွေ့ရစဉ်
အစိုးရရှေ့နေချုပ်က ရာဇဝတ်မှုများဆိုင်ရာရုံး၏ အကြီးအကဲ ဝီပွတ် ဘွန်ပါဆတ် (Wiput Boonprasert) အား သက်ဆင်၏ တော်ဝင်အသရေဖျက်မှု စွဲချက်များကို ကိုင်တွယ်ရန် တာဝန်ပေးအပ်ခဲ့သည်ဟု OAG ၏ ပြောရေး ဆိုခွင့်ရှိသူ ပရာယွတ် ဘီဂျ်ရာဂူနာ (Prayut Bejraguna) က ပြောကြားခဲ့သည်။
သက်ဆင်သည် ထိုအမှုနှင့်ပတ်သက်ပြီး တရားမျှတစွာ ဖြေရှင်းပေးရန် လျှောက်လှဲချက်ကို အစိုးရရှေ့နေချုပ်က စဉ်းစားခဲ့သည်။
ထို့နောက် ထိုအမှုသည် အစိုးရရှေ့နေချုပ်၏ နောက်ထပ် ဆုံးဖြတ်ချက် မထွက်ပေါ်မီ အချိန်အထိ ဆိုင်းငံ့ ခံထားရ မည်ဖြစ်ကြောင်း ပရာယွတ်က ပြောကြားခဲ့သည်။
အစိုးရရှေ့နေချုပ်၏ အမိန့်ထွက်ပေါ်ခဲ့ပြီးနောက် သက်ဆင်သည် အာမခံဖြင့် လွတ်မြောက်ခဲ့ကာ ထိုအမှုနှင့် ပတ်သက်ပြီး ဧပြီ ၁၀ ရက်တွင် အစိုးရရှေ့နေများဖြင့် တွေ့ဆုံရန် အမိန့်ချမှတ်ခံခဲ့ရသည်။
သက်ဆင်သည် ၂၀၁၅ ခုနှစ်၊ မေလ ၂၁ ရက်က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ် (Seoul) မြို့တော်တွင် တောင်ကိုရီး ယား မီဒီယာတစ်ခုနှင့် အင်တာဗျူး ပြုလုပ်ခဲ့ချိန်က ထိုင်းဘုရင်စနစ်နှင့်ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်သည့် မှတ်ချက်စကား ပြောကြားခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 829
CNI International News
ပို့ မိုရက်စ်ဘီ၊ ဖေဖော်ဝါရီ ၂၀
ပါပူအာနယူးဂီနီနိုင်ငံ၏ မြောက်ဘက်ပိုင်း ကုန်းမြင့်ဒေသများတွင် လူမျိုးစု အကြမ်းဖက်မှုများဖြစ်ပွားပြီး လူ ၆၄ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ရဲအရာရှိတစ်ဦးကမူ ထိုဖြစ်စဉ်ကို မကြာသေးမီ နှစ်များအတွင်း အကြီးမားဆုံး လူမျိုးစုပဋိပက္ခဖြစ်ကြောင်း ပြောကြားခဲ့သည်။
အန်ဂါ (Enga) ပြည်နယ်၊ ဝါပန်နာမန်ဒါ (Wapenamanda) ခရိုင်တွင် ဖေဖော်ဝါရီ ၁၈ ရက် နံနက်အစောပိုင်းက အဆိုပါ သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရဲတပ်ဖွဲ့ဝင်များကို ကိုးကားပြီး Post-Courier သတင်းစာက ဖော်ပြခဲ့သည်။
ထိုပဋိပက္ခတွင် အမ်ဘူလင် (Ambulin) လူမျိုးစုနှင့် ဆစ်ကင် (Sikin) လူမျိုးစုများပါဝင်ပြီး ၎င်းတို့၏ မဟာမိတ် များလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။
ဝါပန်နာမန်ဒါ မြက်ခင်းပြင်များ၊ တောင်ကုန်းများနှင့် လမ်းတစ်ခု၏ ဘေးဘက်ဝဲယာများတွင် အလောင်း ၆၄ လောင်းကို တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က Post-Courier ကို ပြောကြားခဲ့သည်။

ပါပူအာနယူးဂီနီ စစ်သားတွေကိုတွေ့ရစဉ်
ပြိုင်ဘက် လူမျိုးစုအဖွဲ့များသည် AK-47 နှင့် M4 ရိုင်ဖယ်များကဲ့သို့ စွမ်းအားပြင်းသည့် လက်နက်များကို အသုံး ပြုခဲ့ကြပြီး သေဆုံးသူ အရေအတွက်သည် ဆက်လက် မြင့်တက်နိုင်ခြေရှိသည်ဟု Post-Courier သတင်းစာက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ်က အန်ဂါပြည်နယ်တွင် လူပေါင်း ၆၀ သေဆုံးခဲ့သည့် လူမျိုးစုပဋိပက္ခတွင်လည်း ယခုပဋိပက္ခ ဖြစ်ပွားသည့် လူမျိုးစုနှစ်စု၏ တိုက်ခိုက်မှုဖြစ်သည်ဟု ဩစတြေးလျနိုင်ငံ၏ ABC သတင်းဌာနက ဖော်ပြခဲ့သည်။
“ဒါဟာ အန်ဂါပြည်နယ်မှာ ကျနော်မြင်ဖူးသမျှ လူမျိုးစုပဋိပက္ခမှာ လူအများဆုံး သေဆုံးမှုဖြစ်ပါတယ်။ ကျနော်တို့ အားလုံး တော်တော်ဝမ်းနည်ရပါတယ်”ဟု ရဲတပ်ဖွဲ့အကြီးအကဲ ဂျော့ချ် ကာကက်စ် (George Kakas)က ပြောကြားခဲ့သည်။
ပါပူအာနယူးဂီနီစစ်တပ်က ပဋိပက္ခဖြစ်ပွားခဲ့သည့် နေရာဒေသသို့ စစ်သား ၁၀၀ ခန့် ဖြန့်ကြက်ချထားသော်လည်း ထိုစစ်သား အရေအတွက်သည် လုံလောက်ခြင်းမရှိဘဲ လူမျိုးစု လက်နက်ကိုင်များ၏ အင်အားနှင့်နှိုင်းယှဉ်ပါက နည်းပါးနေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 596
CNI International News
တိုကျို၊ ဖေဖော်ဝါရီ ၁၉
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ၏ ညီမဖြစ်သူ ကင်မ်ယိုဂျုံ (Kim Yo Jong) သည် ဂျပန်နိုင်ငံနှင့် ထိပ်သီးအစည်းအဝေး ပြုလုပ်ရန်အတွက် လမ်းဖွင့်ပေးခဲ့ပြီးနောက် မြောက်ကိုရီးယားသည် ဂျပန်-အမေရိကန်-တောင်ကိုရီးယား၏ သုံးပွင့်ဆိုင် ဆက်ဆံရေးကို ချိုးဖျက်ရန် ကြိုးပမ်းနေသည်ဟု ကျွမ်းကျင်သူများက ယူဆခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီ ၁၆ ရက်က မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ဂျပန်နိုင်ငံ အနေနှင့် မြောက်ကိုရီးယားက ဂျပန်နိုင်ငံသားများ ပြန်ပေးဆွဲခဲ့သည့် ဖြစ်စဉ်ကို ကျေအေးရန် တိုက်တွန်းခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) သည် မြောက်ကိုရီးယားသို့ လာရောက်နိုင်ကြောင်း ကင်မ်ယိုဂျုံ က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက မြောက်ကိုရီးယားနှင့် ဂျပန်အကြား ဆက်ဆံရေးများကို ပြောင်းလဲရန် လိုအပ်သည်ဟု ယူဆရကြောင်း ပြောကြားခဲ့ပြီးနောက် ကင်မ်ယိုဂျုံ၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကို တွေ့ရစဉ်
“မကြာသေးခင်က ကီရှီဒါ ပြောခဲ့တဲ့ မိန့်ခွန်းဟာ အပြုသဘောဆောင်တဲ့ ပြောကြားချက် ဖြစ်တယ်ဆိုတာကို အသိအမှတ်မပြုစရာ ဘာအကြောင်းမှ မရှိပါဘူး”ဟု ကင်မ်ယိုဂျုံက ပြောကြားခဲ့သည်။
ထိုပြောကြားချက်များအရ မြောက်ကိုရီးယားသည် ဂျပန်-အမေရိကန်-တောင်ကိုရီးယား၏ သုံးပွင့်ဆိုင် ဆက်ဆံ ရေးကို ကိုင်လှုပ်ရန် ကြိုးပမ်းသည့်သဘော သက်ရောက်သည်ဟု မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ဂျပန် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် နန်ဇန် ( Nanzan ) တက္ကသိုလ်မှ ပါမောက္ခ ဟီရာအီဝါ ရှန်ဂျိ (Hiraiwa Shunji) က ပြောကြားခဲ့သည်။
၁၉၇၀ ပြည့်နှစ်နှင့် ၁၉၈၀ ပြည့်နှစ်များက ဂျပန်နိုင်ငံသားများကို မြောက်ကိုရီးယားက ပြန်ပေးဆွဲခဲ့သည့် ဖြစ်ရပ်များကို ကျေအေးမှု အပါအဝင် ဂျပန်၏ လုပ်ရပ်များအပေါ် မူတည်ပြီး နှစ်နိုင်ငံအကြား အနာဂတ်အသစ် တစ်ခုကို ဖွင့်လှစ်နိုင်သည်ဟု ကင်မ်ယိုဂျုံက ပြောကြားခဲ့သည်။

အမေရိကန်-တောင်ကိုရီးယား- ဂျပန်နိုင်ငံ ခေါင်းဆောင်များကို တွေ့ရစဉ်
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားအကြား ဆက်ဆံရေးများ တင်းမာနေချိန်တွင် မြောက်ကိုရီးယားသည် ဂျပန်နှင့် ဆက်ဆံရေး နီးကပ်စေရန် လုပ်ဆောင်ခြင်းဖြင့် ဂျပန်-အမေရိကန်-တောင်ကိုရီးယား ဆက်ဆံရေးကို ချိုးဖျက်ရန် ကြိုးပမ်းလာခဲ့ခြင်းဖြစ်သည်ဟု ရှန်ဂျိက ပြောသည်။
မြောက်ကိုရီးယားနိုင်ငံသည် ၁၉၇၀ ပြည့်နှစ်နှင့် ၁၉၈၀ ပြည့်နှစ်များအတွင်း ဂျပန်နိုင်ငံသား ၁၃ ဦးကို ပြန်ပေးဆွဲ ရန် အေးဂျင့်များ ဖြန့်ကြက်ခဲ့သည်။
ထိုဂျပန်နိုင်ငံသားများကို ဂျပန်နိုင်ငံတွင် ရှိသည့် မြောက်ကိုရီးယား သူလျှိုများအား ဂျပန်ဘာသာစကားနှင့် ထုံးတမ်းစဉ်လာများ လေ့ကျင့်သင်ကြားပေးရန် ဖိအားပေးခဲ့ကြောင်း ၂၀၀၂ ခုနှစ် လူသိရှင်ကြား ဝန်ခံခဲ့သည်။
Source: Nikkei Asia
