
- By CNI
- Category: နိုင်ငံရေး
- Hits: 772
CNI International News
နယူးဒေလီ၊ ဇန်နဝါရီ ၂
အမေရိကန်မြေပေါ်တွင် ဆစ်ခ်ခွဲထွက်ဝါဒီတစ်ဦးကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုတစ်ခုကို အမေရိကန်အစိုးရ က ဟန့်တားနိုင်ကြောင်း လန်ဒန်အခြေစိုက် Financial Times သတင်းစာက ဖော်ပြခဲ့ပြီးနောက် အိန္ဒိယနှင့် အမေရိကန်အကြား ဆက်ဆံရေး ကတောက်ကဆ ဖြစ်လာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
Financial Times သတင်းစာ ဖော်ပြချက်တွင် နယူးယောက်အခြေစိုက် ဆစ်ခ်ခွဲထွက်ဝါဒီ တစ်ဦးဖြစ်သူ အမေရိကန်-ကနေဒါ နှစ်နိုင်ငံသားအဖြစ် ခံယူထားသည့် ဂူရာပက်ဝန့် ဆင်း ပန်နန် (Gurpatwant Singh Pannun) အား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုတစ်ခုတွင် အိန္ဒိယအေးဂျင့်များ ပါဝင်နေကြောင်းနှင့် ထိုကြံစည်မှု ကို အမေရိကန်အစိုးရက ဟန့်တားနိုင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
အိန္ဒိယအစိုးရသည် ပန်နန်ကို အိန္ဒိယအစိုးရအား ဆန့်ကျင်သည့် အကြမ်းဖက် ခြိမ်းခြောက်မှုများ ထုတ်ပြန်နေမှု ဖြင့် အကြမ်းဖက်သမားအဖြစ် စာရင်းသွင်းထားသည်။
ဆစ်ခ်ခွဲထွက်ဝါဒီ ဂူရာပက်ဝန့်ဆင်းပန်နန်ကို တွေ့ရစဉ်
အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi)သည် ပုံမှန်အားဖြင့် မီဒီယာများနှင့် အင်တာဗျူး ပြုလုပ်လေ့မရှိသော် လည်း ထိုသတင်းနှင့်ပတ်သက်ပြီး ဒီဇင်ဘာလကုန်ပိုင်းတွင် Financial Times သတင်းစာနှင့် အင်တာဗျူး ပြုလုပ် ခဲ့သည်။
ထိုအင်တာဗျူးတွင် မိုဒီက ပန်နန်အား လုပ်ကြံရန် ကြံစည်မှု၌ အိန္ဒိယအေးဂျင့်များ ပါဝင်နေသည်ဆိုသည့်် အမေရိကန်၏ စွပ်စွဲချက်များသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နှစ်နိုင်ငံအကြား ဆက်ဆံရေးများကို ထိခိုက် စေခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိုကဲ့သို့ ဖြစ်စဉ်အချို့ကို နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးများနှင့် ချိတ်ဆက်ရန် သင့်တော်သည်ဟု မထင် ကြောင်း၊ ထိုဖြစ်စဉ်နှင့််ပတ်သက်ပြီး အိန္ဒိယသည် အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မိုဒီက ပြောကြားခဲ့သည်။
အမေရိကန်နဲ့ အိန္ဒိယအလံကိုတွေ့ရစဉ်
ဒီဇင်ဘာ ၁၂ ရက်က အမေရိကန်၏ ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) အကြီးအကဲ ခရစ္စတိုဖာ ဝရေး (Christopher Wray) သည် နယူးဒေလီမြို့တော်သို့ လာရောက်ခဲ့သည်။
ထိုခရီးစဉ်သည် ပန်နန်၏ ဖြစ်စဉ်နှင့် ဆက်နွှယ်မှု ရှိနိုင်သည်ဟု ကျွမ်းကျင်သူများက ယူဆခဲ့သည်။
ထို့ပြင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် အိန္ဒိယ၏ သမ္မတနိုင်ငံနေ့ (Republic Day) ဖြစ်သည့် ဇန်နဝါရီ ၁၃ ရက်တွင် အိန္ဒိယသို့ လာရောက်လည်ပတ်ရန် မိုဒီ၏ ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့ပြီး ထိုသို့ ငြင်းဆိုရ သည့် အကြောင်းရင်းကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ထို့ကြောင့် အိန္ဒိယတွင် ပြုလုပ်ရန် စီစဉ်ထားသည့် အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်တို့ ပါဝင်သော Quad အဖွဲ့ အစည်းအဝေးကိုလည်း ရွှေ့ဆိုင်းခဲ့ရသည်။
ထိုဖြစ်စဉ်များအရ ဆစ်ခ်ခွဲထွက်ဝါဒီ ပန်နန်၏ ဖြစ်စဉ်သည် အမေရိကန်နှင့် အိန္ဒိယအကြား ဆက်ဆံရေးများကို တင်းမာစေသည့် လက္ခဏာများ ဖြစ်နေသည်ဟု နယူးဒေလီအခြေစိုက် မူဝါဒ သုတေသနစင်တာမှ ကျွမ်းကျင်သူ တစ်ဦးဖြစ်သူ ဆူရှန့် ဆင်း (Sushant Singh) က ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား

- By CNI
- Category: နိုင်ငံရေး
- Hits: 766
CNI International News
ဘေကျင်း၊ ဇန်နဝါရီ ၂
တရုတ်၏ ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးသည် မလွဲဧကန်ဖြစ်မည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jingpin) က ဒီဇင်ဘာ ၃၁ ရက်တွင် ၎င်း၏နှစ်သစ်ကူး မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
ထိုင်ဝမ်တွင် သမ္မတရွေးကောက်ပွဲနှင့်် လွှတ်တော်ရွေးကောက်ပွဲများ မတိုင်မီ သီတင်းနှစ်ပတ်ပင် မလိုတော့သည့်် အချိန်၌ ရှီ၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။
တရုတ်နှင့် ထိုင်ဝမ်အကြား ဆက်ဆံရေးများ ယိုယွင်းနေချိန်တွင် ဇန်နဝါရီ ၁၃ ရက်၌ ထိုင်ဝမ်မှာ ရွေးကောက်ပွဲ များ ကျင်းပမည်ဖြစ်သည်။
တရုတ်သည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်သည့် ထိုင်ဝမ်အပေါ် ၎င်း၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု ထွက်ဆို ချက်များအား ပိုမိုခိုင်မာစေရန် ထိုင်ဝမ်အပေါ် စစ်ရေးဖိအားများ တိုးမြှင့်လျက်ရှိသည်။
ရှီ၏ မိန့်ခွန်းအတွင်း စစ်ရေးအရ ခြိမ်းခြောက်မှုများ မပါဝင်သော်လည်း တရုတ်သည် ထိုင်ဝမ်ကို အင်အားသုံး ထိန်းချုပ်မည့် ၎င်း၏ ပြောကြားချက်များကို မည်သည့်အခါကမျှ ရုပ်သိမ်းခဲ့ခြင်း မရှိပေ။
ထိုင်ဝမ်သမ္မတအဖြစ် ရေပန်းစားနေတဲ့ လိုင်ချင်တေးကို တွေ့ရစဉ်
"အမိမြေနဲ့ ပြန်လည် ပေါင်းစည်းရေးဟာ သမိုင်းဝင် သေချာတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်" ဟု ရှီက ပြောကြားခဲ့ သည်ကို နိုင်ငံပိုင် ဆင်ဟွာ (Xinhua) သတင်းအေဂျင်စီက အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်ဖော်ပြခဲ့သည်။
"ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဖက်စလုံးမှာရှိတဲ့ တစ်နိုင်ငံတည်းသားတွေဟာ တရုတ်နိုင်ငံရဲ့ ဂုဏ်ကျက်သရေနဲ့ အားသစ်လောင်းတဲ့နေရာမှာ အပြန်အလှန်ဖလှယ်မှုနဲ့ တူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ ချည်နှောင်ထားသင့်ပါတယ်" ဟု ရှီက ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းဌာနက အင်္ဂလိပ်ဘာသာစကားနှင့် ပြန်လည်ဖော်ပြရာတွင် "တစ်နိုင်ငံတည်းသားတွေ" ဟူသည့် စကားလုံးအစား "တရုတ်နိုင်ငံသားအားလုံး" ဟူ၍ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် နှစ်ကလည်း ရှီ၏ နှစ်သစ်ကူးမိန်းခွန်းတွင် "တူညီသည့် မိသားစုတစ်စု၏ မိသားစုဝင်များ" ဟု သုံးနှုန်း ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ ရေရှည်ချမ်းသာ ကြွယ်ဝရေးအတွက် ပူးပေါင်းဆောင်ရွက်ကြလိမ့်မည်ဟု မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။
တရုတ်သည် ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရေပန်းစားနေသည့် အာဏာရ DPP ပါတီမှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း လိုင်ချင်တေး (Lai Ching-te) ကို အန္တရာယ်များသည့် ခွဲထွက်ဝါဒီ တစ်ဦးဖြစ်ကြောင်း မကြာခဏ ပြောကြားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 694
CNI International News
တိုကျို၊ ဇန်နဝါရီ ၂
ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ရွေးကောက်ပွဲ အပါအဝင် အထင်ကရဖြစ်ရပ်များကို မြင်တွေ့ရမည့် ၂၀၂၄ ခုနှစ်၏ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများတွင် ရှေ့တန်းမှ ပါဝင်လုပ်ဆောင်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) က ဇန်နဝါရီ ၁ ရက်တွင် ပြောကြားခဲ့ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။
ယူကရိန်း-ရုရှား ပဋိပက္ခ၊ အစ္စရေး-ဟားမာ့စ် ပဋိပက္ခတို့ကဲ့သို့ စိန်ခေါ်မှုများကို ကျော်လွှားဖြေရှင်းရန်အတွက် မိမိအနေဖြင့် အခြား ကမ္ဘာ့ခေါင်းဆောင်များနှင့် သံတမန်ရေးရာ ထိပ်သီးဆွေးနွေးမှုများမှတစ်ဆင့် ဂျပန်၏ ဦးဆောင်နိုင်စွမ်းကို ပြသသွားမည်ဟု ကီရှီဒါက နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
"ကျနော်တို့ဟာ အရှေ့အာရှရဲ့ ရှုပ်ထွေးပွေလီတဲ့ လုံခြုံရေး အခြေအနေထဲမှာ ဂျပန်နိုင်ငံရဲ့ နယ်နိမိတ်၊ ရေပိုင်နက်၊ လေပိုင်နက်တွေနဲ့ ဂျပန်ပြည်သူတွေရဲ့ လုံခြုံရေးကို ပြတ်ပြတ်သားသား ကာကွယ်သွားမှာပါ" ဟု ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက ဝန်ကြီးချုပ်အဖြစ် တာဝန်မထမ်းဆောင်မီ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီး တာဝန်များ ကို ထမ်းဆောင်ခဲ့ဖူးသည့် ကီရှီဒါက ပြောကြားခဲ့သည်။
စီးပွားရေးကဏ္ဍတွင်လည်း ကုန်ဈေးနှုန်းများကို မြင့်တက်စေသည့် အသုံးစရိတ်များ မြင့်တက်မှုကို လျှော့ချရန် လိုအပ်သော စီမံချက်များအား လုပ်ဆောင်သွားမည်ဟု ၎င်းက ကတိပြုခဲ့သည်။
ဘိုင်ဒန်နဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဂျပန်နိုင်ငံသားများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကျေနပ်အားရလိမ့်မည်ဟု မျှော်လင့်ကြောင်း ကီရှီဒါက ပြောကြားခဲ့သည်။
မကြာသေးမီက ၎င်း၏ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP)အတွင်း ရန်ပုံငွေ အရှုပ်တော်ပုံများ ပေါ်ပေါက်ခဲ့မှု နှင့်အတူ အများပြည်သူ၏ ယုံကြည်မှုကို ပြန်လည်ရရှိရန် နည်းလမ်းမျိုးစုံဖြင့် အားထုတ်ကြိုးပမ်းသွားမည်ဟု ၎င်းက ဆိုသည်။
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး (Shinzo Abe) ဦးဆောင်ခဲ့သည့် LDP ပါတီ၏ အကြီးဆုံး ဂိုဏ်းခွဲအုပ်စုအတွင်း ယန်းငွေ သန်းနှင့်ချီသော ရန်ပုံငွေများကို ထုတ်ပြန်ကြေညာခြင်း မရှိသည့် သတင်းများ ထွက်ပေါ်ခဲ့သဖြင့် ကီရှီဒါ၏ အစိုးရအဖွဲ့အပေါ် လူထုထောက်ခံမှုနှုန်း ကျဆင်းခဲ့သည်။
ထိုအရှုပ်တော်ပုံတွင် အစိုးရအရာရှိများနှင့် LDP ပါတီအရာရှိများ ပါဝင်ပတ်သက်ခဲ့သဖြင့် ကီရှီဒါ၏ ပုံရိပ်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်။
"မူဝါဒတွေကို မြှင့်တင်ဖို့၊ နိုင်ငံရေးလောက တည်ငြိမ်မှုရှိစေဖို့ အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ခြင်းဟာ မရှိမဖြစ် အရေးကြီးပါတယ်" ဟု ကီရှီဒါက ပြောကြားခဲ့သည်။
Source: Japan Times
- By CNI
- Category: နိုင်ငံရေး
- Hits: 601
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၁
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား (Califonia) ပြည်နယ်တွင် ၂၀၂၄ ခုနှစ်မှစပြီး ပြည်သူပိုင်နေရာများတွင် သေနတ်ကိုင်ဆောင်မှုတားမြစ်သည့် ဥပဒေကို ဖက်ဒရယ်အယူခံတရားရုံးက ဒီဇင်ဘာ ၃၀ ရက်တွင် ခွင့်ပြုခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဒုတိယမြောက် ပြင်ဆင်ဖြည့်စွက်ချက်အရ ထိုဥပဒေသည် နိုင်ငံသားများ၏ လက်နက်ကိုင်ဆောင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ကောက်ချက်ချခဲ့သည့် တရားသူကြီးတစ်ဦးက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်စာကို အမေရိကန်၏ အမှတ် ၉ အယူခံတရားရုံးက ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်။
တရားသူကြီး ၃ ဦးပါ ဂျူရီအဖွဲ့သည် အခြား ဂျူရီအဖွဲ့က အောက်တရားရုံး တရားသူကြီး၏ အမိန့်ကို ဆိုင်းငံ့ရန် စဉ်းစားမှုများ ပြုလုပ်မည့် အချိန်အထိ ထိုအမိန့်စာကို ထိန်းချုပ်ကန့်သတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယခုဆုံးဖြတ်ချက်အရ ကယ်လီဖိုးနီးယားပြည်နယ်၏ ပုံမှန် သေနတ်ကိုင်ဆောင်ခွင့်ဥပဒေသည် ထိုအတိုင်း ဆက်လက် တည်ရှိနေမည်ဖြစ်ပြီး မိမိတို့သည် ခရိုင်တရားရုံး၏ အန္တရာယ်များလှသည့် စီရင်ချက်ကို အယူခံဝင်နေ ကြောင်း ဒီမိုကရက်တစ်ဦးဖြစ်သည့် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်း (Gavin Newsom)က ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံမှာ သေနတ်ကိုင်ခွင့်ပြုရေး မပြုရေး ဆန့်ကျင်နေကြစဉ်
ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ပြည်သူပိုင် နေရာများတွင် သေနတ်ကိုင်ဆောင်မှု တားမြစ်သည့်ဥပဒေသည် ဇန်နဝါရီ ၁ ရက်ကစပြီး အကျုံးဝင် သက်ရောက်မည်ဖြစ်သည်။
အမေရိကန်တရားရုံးချုပ်သည် နယူးယောက် (New York) ပြည်နယ်၏ တင်းကျပ်သည့် သေနတ်ကိုင်ဆောင်ခွင့် အစီအစဉ်ကို လျှော့ချခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဒုတိယမြောက် ပြင်ဆင်ဖြည့်စွက်ချက်အရ မိမိကိုယ်ကို ကာကွယ်မှုအတွက် ပြည်သူပိုင်နေရာများတွင် လက်နက်ကိုင်ဆောင်ခွင့်ကို ဆက်လက် အတည်ပြုကြောင်း ပထမ ဆုံးအကြိမ် အတည်ပြုခဲ့သည်။
ထိုစီရင်ချက်သည် နိုင်ငံ၏ လက်နက်ကိုင်ဆောင်မှု ထုံးတမ်းစဉ်လာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းပုံ ဆိုင်ရာ သေနတ်ဥပဒေများအတွက် စမ်းသပ်ချက် အသစ်တစ်ခု ဖြစ်ခဲ့သည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ်သည် အမေရိကန်တွင် သေနတ်ထိန်းချုပ်မှု ဥပဒေများကို အတင်းကျပ်ဆုံး ထုတ်ပြန် ထားသည့် ပြည်နယ်များထဲတွင် ပါဝင်ပြီး ယခုအသစ်ထုတ်ပြန်သည့် ဥပဒေအရ ဆေးရုံများ၊ ကစားကွင်းများ၊ အားကစားကွင်းများ၊ တိရစ္ဆာန်ဥယာဉ်များ၊ ဘာသာရေးဆိုင်ရာ နေရာများ အပါအဝင် နေရာပေါင်း ၂၆ နေရာတွင် သေနတ်များကို လျှို့ဝှက်သယ်ဆောင်ခွင့် ပိတ်ပင်ထားသည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 652
CNI International News
မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၁
ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာ (Guyana) နှစ်နိုင်ငံ၏ ကမ်းလွန် ရေပြင်များတွင်ရှိနေသည့် ဗြိတိန်စစ်သင်္ဘောတစ်စင်း မထွက်ခွာခင်အချိန်ထိ စစ်သား ၆၀၀၀ နီးပါးကို ဆက်လက် ဖြန့်ကြက်ချထားမည်ဟု ဗင်နီဇွဲလားနိုင်ငံက ပြော ကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာ မြေပုံရှေ့တွင် အခြားစစ်ဘက်အရာရှိများ ခြံရံထားသည့် ဗင်နီဇွဲလား ကာကွယ်ရေး ဝန်ကြီး ဗလာဒီမာ ပါဒရီနို (Vladimir Padrino) သည် X လူမှုမီဒီယာတွင် ဗွီဒီယိုတစ်ခု တင်ခဲ့သည်။
လက်ရှိ ဖြန့်ကြက်ချထားသည့် စစ်သားများသည် မိမိတို့၏ အမျိုးသား အချုပ်အခြာအာဏာကို ကာကွယ်ရန်ဖြစ် ကြောင်း ပါဒရီနိုက ပြောသည်။
အငြင်းပွားနေတဲ့ အက်စီကွီဘိုဒေသကို တွေ့ရစဉ်
"လက်နက်ကိုင်တပ်ဖွဲ့တွေကို နိုင်ငံအရှေ့ပိုင်းမှာသာ မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာ ဖြန့်ကြက်ချထားပါတယ်။ ဗင်နီဇွဲလားနဲ့ ဂွိုင်ယာနာနှစ်နိုင်ငံကြားက အငြင်းပွားနေတဲ့ ရေပြင်တွေထဲက ဗြိတိန်နယ်ချဲ့တွေရဲ့ သင်္ဘော တစ်စင်း မထွက်ခွာမချင်း အဲဒီစစ်သားတွေကို ဆက်လက် ဖြန့်ကြက်ချထားမှာပါ" ဟု ၎င်းက ဆိုသည်။
ထိုဗွီဒီယိုသည် ဗင်နီဇွဲလား၏မြို့တော် ကာရာကက်စ် (Caracas)ရှိ စစ်စခန်းတစ်ခုတွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးဌာနက အေပီသတင်းဌာနကို အတည်ပြုခဲ့သည်။
ရေနံနှင့် သတ္တုများကြွယ်ဝသည့် အက်စီကွီဘို (Essequibo) ဒေသအား ပိုင်ဆိုင်ရေးနှင့်ပတ်သက်ပြီး ဗင်နီဇွဲလား နှင့် ဂွိုင်ယာနာနိုင်ငံအကြား တင်းမာမှုများ မြင့်တက်ခဲ့ပြီးနောက် ထိုဗွီဒီယို ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗလာဒီမာပါဒရီနိုနဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုကိုတွေ့ရစဉ်ကို တွေ့ရစဉ်
ဂွိုင်ယာနာနိုင်ငံသည် အက်စီကွီဘိုဒေသကို ဆယ်စုနှစ်များစွာကြာ ထိန်းချုပ်ထားပြီး ထိုဒေသပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး အငြင်းပွားနေသည့် ပြဿနာအား နယ်သာလန်နိုင်ငံရှိ နိုင်ငံတကာခုံရုံး(ICJ)က ဆုံးဖြတ်ပေးသင့် ကြောင်း ပြောကြားခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံကမူ ထိုပြဿနာတွင် ICJ မပါဝင်သင့်ကြောင်းနှင့် ဒီဇင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သည့် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ၌ ဗင်နီဇွဲလားပြည်သူများက အက်စီကွီဘိုဒေသကို ဗင်နီဇွဲလား၏ နယ်မြေဖြစ်ကြောင်း ထောက်ခံ မဲပေးခဲ့သည်ဟု တုန့်ပြန်ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 585
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၁
ဟူရ်သီသူပုန်များသည် ပင်လယ်နီ (Red Sea) တွင် ကုန်တင်သင်္ဘောများအား မဆင်မခြင် တိုက်ခိုက်မှုများကို ရပ်တန့်မည့် လက္ခဏာ ပြသခြင်းမရှိကြောင်း အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်ရေတပ်၏ တပ်မှူးတစ်ဦးက ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ပင်လယ်နီရှိ ကုန်သွယ်ရေး လမ်းကြောင်းများနှင့် ရေပြင်များကို ကာကွယ်ရန် နိုင်ငံတကာ ပင်လယ်ရေကြောင်း မစ်ရှင်တစ်ခုဖြစ်သည့် Operation Prosperity Guardian စစ်ဆင်ရေးတွင် နိုင်ငံအများအပြား ပိုမိုပါဝင်လာသည့် တိုင် ဟူရ်သီတို့၏ တိုက်ခိုက်မှုများသည် ရပ်တန့်ဖွယ်မရှိကြောင်း အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ဘရက် ကူးပါး (Brad Cooper) က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုစစ်ဆင်ရေး စတင်ကြောင်း ကြေညာခဲ့သည့် လွန်ခဲ့သည့် ၁၀ ရက်အတွင်း ကုန်ကူးသင်္ဘော ၁၂၀၀ ခန့်သည် ပင်လယ်နီဒေသကို ဖြတ်သန်းမောင်းနှင်ခဲ့ပြီး ဒရုန်းနှင့် ဒုံးကျည်များ၏ တိုက်ခိုက်မှုများအား မခံခဲ့ရကြောင်း ကူးပါးက ပြောကြားခဲ့သည်။
ဟူရ်သီသူပုန်ကို တွေ့ရစဉ်
အဆိုပါ စစ်ဆင်ရေးတွင် နောက်ထပ်နိုင်ငံများ ပါဝင်လာရန် မျှော်လင့်သည်ဟုလည်း ၎င်းက ပြောသည်။
ထို့နောက် ဒီဇင်ဘာ ၂၈ ရက်က ဒိန်းမတ်နိုင်ငံသည် ထိုစစ်ဆင်ရေးတွင် ပါဝင်ကြောင်း ကြေညာခဲ့ပြီး ဖရီးဂိတ် (frigate) စစ်သင်္ဘောတစ်စင်း စေလွှတ်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) ကလည်း အမေရိကန်ရေတပ်၏ အမှတ် ၅ စစ်သင်္ဘောအုပ်စု အခြေစိုက်သည့် ဘာရိန်းနိုင်ငံသို့ ရောက်ရှိချိန်တွင် ပင်လယ်နီ၌ ဟူရ်သီသူပုန်များ၏ တိုက်ခိုက် မှုသည် နိုင်ငံတကာက ပူးပေါင်းဖြေရှင်းရမည့် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
အေဒင် ပင်လယ်ကွေ့ (Gulf of Aden) နှင့် ပင်လယ်နီအကြား ဆက်သွယ်ထားသည့် ကျဉ်းမြောင်းသော ဘက် အယ် မန်ဒက် (Bab el-Mandeb)ရေလက်ကြားသည် အာရှနှင့် ဥရောပအကြား ကုန်တင်သင်္ဘောများ၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည်။
စစ်သင်္ဘောကိုတွေ့ရစဉ်
ထိုရေလက်ကြားတွင် ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် သင်္ဘောကုမ္ပဏီများသည် ထိုနေရာတွင် သင်္ဘော ပြေးဆွဲမှုများကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပြီး Operation Prosperity Guardian စစ်ဆင်ရေးကြောင့် လုံခြုံရေး အခြေအနေ တိုးတက်လာချိန်တွင် သင်္ဘောများကို ပြန်လည်ပြေးဆွဲခဲ့ကြသည်။
ထိုစစ်ဆင်ရေး မတိုင်မီက သင်္ဘောကုမ္ပဏီများသည် ၎င်းတို့၏ ကုန်တင်သင်္ဘောများကို အာဖရိကဘက်မှ ပတ်ပြီး မောင်းနှင်ခဲ့ရသဖြင့် ကုန်ကျစရိတ်များ ပိုမိုများပြားခဲ့ကာ ကုန်များရောက်ရှိမှုမှာလည်း အချိန်နှောင့်နှေး ကြန့်ကြာခဲ့ ရသည်။
လက်ရှိတွင် ပင်လယ်နီတောင်ပိုင်းနှင့် အေဒင်ပင်လယ်ကွေ့ အနောက်ပိုင်း ရေပြင်များ၌ အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့မှ စစ်သင်္ဘော ၅ စင်းသည် ကင်းလှည့် မောင်းနှင်လျက်ရှိသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 845
CNI International News
ပြုံယမ်း၊ ဇန်နဝါရီ ၁
မြောက်ကိုရီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း နောက်ထပ် စစ်ဘက်သုံး ကင်းထောက်ဂြိုဟ်တု ၃ စင်းကို လွှတ်တင်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)က ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
အလားတူ နျူကလီးယားလက်နက်များကို ပိုမိုထုတ်လုပ်မည်ဖြစ်သလို ခေတ်မီ တိုက်ပွဲဝင်ပစ္စည်းများကိုလည်း ပြသသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်ဦးဆောင်သည့် ထိပ်တိုက်တွေ့သော လှုပ်ရှားမှုများကို ရင်ဆိုင်ရန် သာလွန်အင်အားဖြင့် စစ်ပွဲအတွက် အသင့် အနေအထားရှိမှုအား ပြင်ဆင်ရန် ကင်မ်က တိုက်တွန်းခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဒီဇင်ဘာ ၃၁ ရက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား အာဏာရပါတီ ကိုယ်စားလှယ်များကိုတွေ့ရစဉ်
ကင်မ်သည် လာမည့်နှစ်အတွက် နိုင်ငံ့မူဝါဒများ ချမှတ်ရန် အာဏာရ အလုပ်သမားပါတီ အစည်းအဝေးတွင် ထိုမှတ်ချက်များကို ပြောကြားခဲ့ခြင်း ဖြစ်သဖြင့် သူသည် လာမည့်နှစ် နိုဝင်ဘာလ၌ ပြုလုပ်မည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမတိုင်မီ လက်နက်စမ်းသပ်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် သံတမန်ပရိယာယ်ကို ကျင့်သုံးဖွယ်ရှိနေသည်။
ထို့ပြင် ကင်မ်သည် လက်နက်စမ်းသပ်မှုများကို ရပ်နားခြင်းအားဖြင့် နိုင်ငံတကာ၏ ပိတ်ဆို့မှုများအား ရုပ်သိမ်းရန် ကမ်းလှမ်းဖွယ်ရှိသော်လည်း ၎င်း၏ နျူကလီးယားစီမံကိန်းကို အပြည့်အဝ စွန့်လွှတ်ဖွယ်မရှိကြောင်း ကျွမ်းကျင်သူ များက ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၃၀ ရက်က ပြီးဆုံးခဲ့သည့် အလုပ်သမားပါတီ၏ ၅ ရက်ကြာ အစည်းအဝေးအတွင်း ကင်မ်က အမေရိကန် နှင့် ၎င်း၏ လက်အောက်ခံနိုင်ငံများသည် ၂၀၂၃ ခုနှစ်အတွင်းမှာ မြောက်ကိုရီးယားကို မကြုံစဖူး ဖိအားများပေးခဲ့ သဖြင့် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားစစ်ပွဲ ဖြစ်ပွားလုနီး အခြေအနေသို့ ရောက်ရှိစေခဲ့ကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယား အာဏာရပါတီ ကိုယ်စားလှယ်များကိုတွေ့ရစဉ်
"ဆိုးရွားတဲ့ အခြေအနေတွေကြောင့် ကျနော်တို့ဟာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်ဖို့ လိုအပ်ရတဲ့ အခြေအနေအထိ ရောက်ရှိစေခဲ့ပါတယ်"ဟု ကင်မ်က ပြောကြားခဲ့ကြောင်း KCNA မှ ဖော်ပြခဲ့သည်။
ကင်မ်သည် ယခုနှစ် နိုဝင်ဘာလက မြောက်ကိုရီးယား၏ ပထမဆုံး စစ်ဘက်သုံး ကင်းထောက်ဂြိုဟ်တုတစ်စင်းကို လွှတ်တင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် နောက်ထပ် စစ်ဘက်သုံးဂြိုဟ်တု ၃ စင်းကို လွှတ်တင်ရန် စီစဉ်လျက်ရှိ သည်။
ထို့ပြင် နျူကလီယားလက်နက်များ၊ တိုက်ခိုက်ရေးဒရုန်းများ၊ အီလက်ထရောနစ် စစ်ဆင်ရေး ပစ္စည်းများကဲ့သို့ ခေတ်မီ တိုက်ပွဲဝင် လက်နက်မျိုးစုံကို ထုတ်လုပ်ရန်လည်း ကင်မ်က သက်ဆိုင်ရာ အာဏာပိုင်များကို တိုက်တွန်း ခဲ့သည်ဟု KCNA မှ ဖော်ပြခဲ့သည်။
Source: အေပီ

- By CNI
- Category: နိုင်ငံရေး
- Hits: 721
CNI International News
ကိုးလ်ကတ္တား၊ ဒီဇင်ဘာ ၃၀
အာသံပြည်နယ်၏ တပ်မှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အာရ်ပီ ကာလီတာက အာသံလွတ်မြောက်ရေးတပ်ဦး (ULFA-I) အကြီးအကဲ ပါရက်ရှ်ဘာရူအာ ( Paresh Baruah)ကို အာသံပြည်နယ်သို့ ပြန်လာရန် တိုက်တွန်းခဲ့သည်ဟု Northeast Now မှ ဖော်ပြခဲ့သည်။
ULFA-I အကြီးအကဲ ပါရက်ရှ်ဘာရူအာ အနေနှင့် အာသံပြည်နယ်သို့ ပြန်လာသင့်ကြောင်း၊ ပြီးခဲ့သည့်နှစ်များ အတွင်း အာသံပြည်နယ်၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုခံစားသင့်ကြောင်း ကာလီတာက ပြောကြားခဲ့သည်။
ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် စစ်တပ်မှ အငြိမ်းစားယူတော့မည့် ဒုတိယဗိုလ်ချုပ်ကြီး ကာလီတာသည် အာသံပြည်နယ်ကို ချီးကျူးစကား ပြောကြားမှုသည် စိတ်ဝင်စားစရာ ကောင်းလှသည်။
"ပါရက်ရှ် ဘာရူအာနဲ့ ULFA-I အဖွဲ့ထဲက လူတွေကို အာသံပြည်နယ်ကို ပြန်လာဖို့နဲ့ အာသံပြည်နယ်ရဲ့ ဖွံ့ဖြိုး တိုးတက်မှုနဲ့ ငြိမ်းချမ်းမှုကို ခံစားဖို့ ကျနော် တိုက်တွန်းပါတယ်" ဟု ကာလီတာက ပြောသည်။
အာသံလွတ်မြောက်ရေးတပ်ဦး (ULFA-I) အကြီးအကဲ ပါရက်ရှ်ဘာရူအာကို တွေ့ရစဉ်
ဒုတိယဗိုလ်ချုပ်ကြီး ကာလီတာသည် ဒီဇင်ဘာ ၂၈ ရက်က ကိုးလ်ကတ္တားမြို့ရှိ အိန္ဒိယစစ်တပ်၏ အရှေ့ပိုင်း စစ်ဌာနချုပ်ရှိ Fort William စစ်စခန်းတွင် မီဒီယာများနှင့် တွေ့ဆုံချိန်အတွင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ် သည်။
ပြီးခဲ့သည့် နှစ်များအတွင်း ULFA-I အဖွဲ့၏ စွမ်းဆောင်ရည်များသည် လျော့နည်းလာခဲ့ပြီး လက်ရှိတွင် ပြန်ပေးဆွဲမှု များနှင့် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကဲ့သို့ ရာဇဝတ်မှုများကိုသာ လုပ်ဆောင်နေကြောင်း ၎င်းက ပြော ကြားခဲ့သည်။
အကြမ်းဖက်မှုများနှင့် သောင်းကျန်းမှုများ လျော့ကျမှုကြောင့် အာသံပြည်နယ်၏ မတူညီသည့် နေရာအစိတ်အပိုင်း များတွင် လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ အထူးလုပ်ပိုင်ခွင့်အက်ဥပဒေ (AFSPA) ကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ကာလီတာက ပြောကြားခဲ့သည်။
လက်ရှိတွင် ထိုအက်ဥပဒေကို အာသံပြည်နယ်၏ ခရိုင် ၄ ခုတွင်သာ ဆက်လက် ပြဋ္ဌာန်းထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ကာလီတာက ပြောကြားခဲ့သည်။
Source: Northeast Now

- By CNI
- Category: နိုင်ငံရေး
- Hits: 816
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၃၀
ထိုင်းနိုင်ငံတွင် ကိုးနှစ်ကြာ အာဏာရယူခဲ့သည့် စစ်တပ် အကြီးအကဲဟောင်း သုံးဦးဖြစ်သည့် ပရာယွတ်ချန်အိုချာ (Prayut Chan-o-cha) ၊ ပရာဝစ်ဝေါင်ဆူဝမ် (Prawit Wongsuwan)နှင့် အနူပွန် ပေါ့ခ် ပါအိုချင်ဒါ (Anupong "Pok" Paochinda) တို့သည် လက်ရှိတွင် အာဏာကို ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း Thai PBS World မှ ဖော်ပြခဲ့ သည်။
၎င်းတို့၏ အမည်များကို အစွဲပြုပြီး P သုံးလုံးဟု အမည်ပေးခံထားရသည့် ပရာယွတ်၊ ပရာဝစ်နှင့် ပါအိုချင်ဒါတို့ ၃ ဦးသည် မေလ ၁၄ ရက်က ပြုလုပ်ခဲ့သည့်် အထွေထွေရွေးကောက်ပွဲတွင် စိတ်ပျက်ဖွယ်မဲရလဒ်များကိုသာ ရရှိခဲ့ သည်။
ရွေးကောက်ပွဲမတိုင်မီ ပရာယွတ်နှင့် ပရာဝစ်တို့၏ အကွဲအပြဲကြောင့် ၎င်းတို့သုံးဦး၏ အာဏာပြန်လည်ရရှိနိုင်မည့် အခွင့်အလမ်းသည် လျော့ကျသွားခဲ့သည်။
ဝန်ကြီးချုပ်ရာထူး နေရာအတွက် ဆက်လက်ယှဉ်ပြိုင်လိုသည့် ပရာယွတ်က ၎င်း၏ယခင်ပါတီဖြစ်သည့် Palang Pracharath ပါတီမှ နုတ်ထွက်ပြီး United Thai Nation ပါတီသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက ပရာယွတ်အား လွှတ်တော်တွင် အယုံအကြည်မရှိအဆို တင်သွင်းခံခဲ့ရချိန်က ထိုလှုပ်ရှားမှု၌ Palang Pracharath ပါတီ၏ လွှတ်တော်အမတ်များ ပါဝင်ပတ်သက်နေကြောင်း ပရာယွတ်က သိရှိခဲ့သည်။
ထို့နောက် ပရာယွတ်နှင့် ပရာဝစ်အကြား အကွဲအပြဲများ ဖြစ်ပွားလာခဲ့သည်။ အလားတူ ၎င်းတို့နှစ်ဦးအကြား ဝန်ကြီးချုပ်ရာထူး နေရာအတွက် ပြိုင်ဆိုင်မှုများသည် ပိုမိုအရှိန်မြင့်တက်လာခဲ့သည်။
၂၀၁၉ ခုနှစ် ရွေးကောက်ပွဲက ပရာယွတ်သည် Palang Pracharath ပါတီ၏ တစ်ဦးတည်းသော ကိုယ်စားလှယ် လောင်းဖြစ်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခဲ့သည်။
ပရာယွတ် ဦးဆောင်သည့် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပရာယွတ်၊ ပရာဝစ်နှင့် ပါအိုချင်ဒါတို့ ၃ ဦးသည် ငါးနှစ်သက်တမ်းရှိသည့် စစ်အစိုးရကို ဖွဲ့စည်းပြီး ၎င်းတို့၏အာဏာများကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
နိုဝင်ဘာ ၂၉ ရက်တွင် ပရာယွတ်သည် ဘုရင့်အတိုင်ပင်ခံအဖွဲ့ဖြစ်သည့် Privy Council ၌ ခန့်အပ်ခံခဲ့ရသဖြင့် ပရာယွတ်သည် နိုင်ငံရေးလောကနှင့် တိုက်ရိုက် ပါဝင်ပတ်သက်နိုင်ခြင်း မရှိတော့ချေ။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ Privy ကောင်စီဝင်များသည် နိုင်ငံရေးပါတီများနှင့် ဆက်နွှယ်မှုရှိခြင်း၊ လွှတ်တော် ကိုယ်စားလှယ် သို့မဟုတ် အထက်လွှတ်တော်အမတ် အစရှိသည့် နိုင်ငံရေးတာဝန်များကို ထမ်းဆောင်းခြင်းတို့မှ တားမြစ်ထားခြင်းကြောင့် ဖြစ်သည်။
ပါအိုချင်ဒါသည်လည်း မေလ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက နိုင်ငံရေးလောကထဲမှ ပျောက်ကွယ်သွားခဲ့ သည်။ သူသည် အသက်အရွယ် အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ မပြုလုပ်မီ လပိုင်းအလိုတွင် နိုင်ငံရေး လောကမှ အနားယူကြောင်း ကြေညာခဲ့သည်။
ပရာဝစ်အနေနှင့် Palang Pracharath ပါတီ ခေါင်းဆောင်အဖြစ် နိုင်ငံရေးလောကထဲတွင် ဆက်ရှိနေဦးမည် ဖြစ်သော်လည်း ၎င်း၏နေရာကို ဆက်ခံရန် သင့်တော်မည့်သူကို တွေ့ရှိပါက ပါတီခေါင်းဆောင်ရာထူးကို လွှဲပြောင်းပေးပြီး နိုင်ငံရေးလောကမှ အနားယူဖွယ်ရှိသည်ဟုလည်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
Source: Thai PBS World