CNI International News

တိုကျို၊ ဖေဖော်ဝါရီ ၂၉

ထိုင်ဝမ်တွင် အရေးပေါ် အခြေအနေ ဖြစ်ပွားလာခဲ့မည်ဆိုပါက ဂျပန်သည် ဆာကီရှီးမား (Sakishima) ကျွန်းစုပေါ် မှ ဒေသခံများကို ကာဂိုရှီးမား (Kagoshima)၊ ဖူကူအိုကာ (Fukouka) လေဆိပ်များမှတစ်ဆင့် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရန် စဉ်းစားနေသည်ဟု အစိုးရသတင်းရင်းမြစ်များက ပြောကြားခဲ့ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။

ထိုအစီအစဉ်အရ ဆာကီရှီးမားကျွန်းစု၏ မီယာကို (Miyako) ဒေသမှ ဒေသခံများနှင့် ခရီးသွားများကို ကာဂိုရှီးမား လေဆိပ်၊ ယာအီယာမာ (Yaeyama) ဒေသမှ ဒေသခံများကို ဖူကူအိုကာ လေဆိပ်သို့ လွှဲပြောင်းပို့ဆောင်ရန် စဉ်စားနေသည်ဟု အဆိုပါ သတင်းရင်းမြစ်များက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ကျူးရှူး (Kyushu) ကျွန်း၏ ကာဂိုရှီးမားနှင့် ဖူကူအိုကာ စီရင်စုနယ်များက လေဆိပ်များမှတစ်ဆင့် ကျူးရှူးကျွန်း ပေါ်ရှိ မြို့နယ်များနှင့် အနီးနားရှိ ယာမာဂူချီ (Yamaguchi) စီရင်စုနယ်များသို့ လွှဲပြောင်းပို့ဆောင်မည်ဟု ဆိုသည်။

ထိုရွှေ့ပြောင်းကယ်ဆယ်ရေး အစီအစဉ်ကို ကျူးရှူးကျွန်းပေါ်ရှိ စီရင်စုနယ် အစိုးရနှင့် ယာမာဂူချီ အစိုးရတို့က ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲခဲ့သည့် ကနဦး အစီအစဉ်များ၏ လုပ်ထုံးလုပ်နည်းများ ဖြစ်လာမည် ဖြစ်သည်။

ကာဂိုရှီးမားဒေသကို တွေ့ရစဉ်

ဆာကီရှီးမားကျွန်းစုသည် အိုကီနာဝါ စီရင်စုနယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိုင်ဝမ်နှင့် နီးကပ်စွာ တည်ရှိ သည်။

အမေရိကန်နှင့် တရုတ်အကြား ဆက်ဆံရေး တင်းမာမှု မြင့်တက်လာချိန်တွင် ဆာကီရှီးမားကျွန်းစုပေါ်မှ ဒေသခံ များကို ဘေးလွတ်ရာ ရွှေ့ပြောင်းကယ်ဆယ်ရေး အစီအစဉ်များအား အဆင်ပြေချောမွေ့စေရန် ၂၀၂၂ ခုနှစ် ကုန်ပိုင်းက ပြန်လည်စိစစ်သုံးသပ်ခဲ့သည်ဟု ဂျပန်၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာတွင် ဖော်ပြခဲ့သည်။

ဗဟိုအစိုးရသည် ဆာကီရှီမားကျွန်းစုပေါ်တွင် နေထိုင်သည့် ဒေသခံများနှင့် ခရီးသွား စုစုပေါင်း ၁၂,၀၀၀ ခန့်ကို ပုဂ္ဂလိကပိုင်လေယာဉ်များ၊ သင်္ဘောများဖြင့် ပြောင်းရွှေ့ပေးမည့် အစီအစဉ်ကိုလည်း ပြန်လည်စိစစ် သုံးသပ်လျက် ရှိသည်။

ထို့ပြင် ထိုင်ဝမ်တွင် အရေးပေါ် အခြေအနေ ဖြစ်ပွားလာခဲ့မည်ဆိုပါက အိုကီနာဝါ (Okinawa) ပြည်နယ်၏ အဓိက ကျွန်းပေါ်၌ နေထိုင်သူများကို နေအိမ်အတွင်း၌သာ နေထိုင်ရန် အာဏာပိုင်များက တိုက်တွန်းသွားမည်ဟု သတင်း ရင်းမြစ်များတွင် ဖော်ပြခဲ့သည်။

Source: Japan Times