CNI International News

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၉ 

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် စက်တင်ဘာလကတည်းက သန်းနှင့်ချီသည့် လက်နက်ခဲယမ်းများပါဝင်သည့် ကွန်တိန်နာသေတ္တာ ၆၇၀၀ ခန့်ကို ပေးပို့ခဲ့ပြီး အပြန်အလှန်အနေဖြင့် ရုရှားထံမှ အစားအစာများနှင့် လက်နက် ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းပစ္စည်းများကို လက်ခံရရှိခဲ့ကြောင်း တောင်ကိုရီးယားအရာရှိများက ပြောကြားခဲ့ သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားက ရုရှားကို ပေးပို့ခဲ့သည့် ကွန်တိန်နာ သေတ္တာများထဲတွင် ၁၂၅ မမ လက်နက်ကြီးကျည် အတောင့် ၃ သန်းကျော်နှင့် ၁၂၂ မမ လက်နက်ကြီးကျည် အတောင့်  ၅ သိန်းကို သယ်ဆောင်သွားဖွယ်ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်းဝန်ဆစ်ခ် (Shin Wonsik) က သတင်းထောက်များကို ပြောကြား ခဲ့သည်။

“အဲဒီ လက်နက်ကြီးကျည် အမျိုးအစား နှစ်ခုလုံးကို ရောနှောပြီး ပို့ဆောင်တာလည်း ဖြစ်နိုင်ပါတယ်။ လက်နက်ကြီးကျည် သန်းနဲ့ချီပြီး ပေးပို့ခဲ့တယ်ဆိုတာကတော့ ပြောနိုင်ပါတယ်”ဟု ရှင်းက ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

သို့သော် ထိုသတင်းကို ရရှိခဲ့သည့် အရင်းအမြစ်ကိုမူ ရှင်းက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်းဝန်ဆစ်ခ်ကို တွေ့ရစဉ်

ရာနှင့်ချီသည့် မြောက်ကိုရီးယား လက်နက်ခဲယမ်း စက်ရုံများသည် ကုန်ကြမ်းပစ္စည်းနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့် လက်နက်ခဲယမ်း ထုတ်လုပ်နိုင်စွမ်းများ လျော့ကျခဲ့ပြီး ၃၀ ရာခိုင်နှုန်းသာ ထုတ်လုပ် နိုင်ခဲ့ကြောင်း၊ သို့သော် ရုရှားအတွက် လက်နက်ကြီးကျည်များ ထုတ်လုပ်ပေးသည့် စက်ရုံများမှာမူ အပြည့်အဝ လည်ပတ်နေကြောင်း ရှင်းက ပြောသည်။

အပြန်အလှန်အနေဖြင့် ရုရှားကလည်း မြောက်ကိုရီးယားကို လက်နက်များ ထုတ်လုပ်ရာတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများနှင့် အစားအစာများ ပြန်လည်ထောက်ပံ့ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

“အစားအစာရဖို့အတွက် ရုရှားကို လက်နက်တွေ အများအပြား ထောက်ပံ့နေပုံအရ မြောက်ကိုရီးယားဟာ ပြည်တွင်းက စားနပ်ရိက္ခာ စျေးနှုန်းတွေကို တည်ငြိမ်အောင် ကြိုးပမ်းနေတာလို့ ယူဆနိုင်ပါတယ်” ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောသည်။

မကြာသေးမီ နှစ်များအတွင်း ရုရှားနှင့် မြောက်ကိုရီးယား၏ ဆက်ဆံရေးသည် ပိုမိုနီးကပ်လာခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ရုရှားသို့ သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် အစည်းအဝေးလုပ်ကာ နှစ်နိုင်ငံအကြား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။

Source: အယ်လ်ဂျာဇီးယား