CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၂၉

အမေရိကန်ကြည်းတပ်သည် တပ်သားသစ်များ စုဆောင်းရေးအတွက် ဆယ်စုနှစ်တစ်စုကြာ ရုန်းကန်ခဲ့ရပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်တွင် စစ်တပ်၏ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်ဟု Sputnik မှ ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး အစီအစဉ်များထဲတွင် လက်ရှိ မဖြည့်တင်းနိုင်ခဲ့သည့် တပ်သားနေရာ ၂၄,၀၀၀ ကို လျှော့ချမှုလည်းပါဝင်သည်။

ထိုအရေအတွက်သည် ကြည်းတပ်၏ တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း၏ ၅ ရာခိုင်နှုန်းဖြစ်သည်။

အမေရိကန်ကြည်းတပ်သည် ၎င်း၏ ဖွဲ့စည်းတည်ဆောက်ပုံကို လာမည့် ငါးနှစ်ကျော်အတွင်း အပြီးသတ်ဖွဲ့စည်း ရန် စီစဉ်ထားပြီး တပ်သားပေါင်း ၄၇၀,၀၀၀ ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်သည်။

“ကျနော်တို့ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ သောင်းကျန်းသူနှိမ်နင်းရေး လုပ်ငန်းစဉ်တွေကို ထားခဲ့တော့မှာ ပါ”ဟု  အမေရိကန်စစ်တပ်၏ အတွင်းရေးမှူး ခရစ္စတင်း ဝါးမွတ်သ် (Christine Wormuth) က အီရတ်၊ အာဖဂန်နစ္စတန်နှင့် ဆီးရီးယားနိုင်ငံတို့အပေါ် ဆင်နွှဲသည့် အမေရိကန်၏ စစ်ပွဲများကို ရည်ညွှန်းပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်၏ အတွင်းရေးမှူး ခရစ္စတင်း ဝါးမွတ်သ်ကို တွေ့ရစဉ်

“ကျနော်တို့က အကြီးစား တိုက်ပွဲဝင် စစ်ဆင်ရေးတွေအတွက် ရပ်တည်ချက်တစ်ခုကို လိုချင်နေပါတယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် အမေရိကန်ကြည်းတပ်သည် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် အင်အားနှင့် အခြား အသေးစား တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များ၊ ပြည်ပစစ်တပ်များကို လေ့ကျင့်ပေးရန် တာဝန်ယူပေးနေရသည့် လုံခြုံရေး ထောက်ပံ့မှုဆိုင်ရာ တပ်ဖွဲ့ဝင် အင်အားများကို လျှော့ချသွားရန် စီစဉ်ထားသည်ဟုလည်း ဝါးမွတ်သ်က ပြောကြားခဲ့သည်။

ထိုအစီအစဉ်အရ အမေရိကန်သည် ရုရှား သို့မဟုတ် တရုတ်နှင့် အနာဂတ်တွင် စစ်ပွဲဖြစ်ပွားမည့် အခြေအနေကို ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

ထို့နောက် အသစ်ထပ်မံဖွဲ့စည်းမည့် တပ်ဖွဲ့သစ် ၅ ဖွဲ့အနက် ၃ ဖွဲ့သည် အာရှ-ပစိဖိတ်ဒေသ၏ တိုက်ပွဲ အခြေအနေ များကို တာဝန်ယူရမည်ဖြစ်သည်။

လက်ရှိ အမေရိကန်စစ်တပ်တွင် တပ်ဖွဲ့အမျိုးအစား ၇ မျိုး ခွဲခြားထားပြီး ထိုတပ်များမှာ ကြည်တပ်၊ ရေတပ်၊ လေတပ်၊ မရိန်းတပ်၊ ကမ်းခြေစောင့်တပ်၊ အာကာသတပ်နှင့် အမျိုးသားအစောင့်တပ်တို့ ဖြစ်သည်။

Source: Sputnik