CNI International News

ပို့ မိုရက်စ်ဘီ၊ ဖေဖော်ဝါရီ ၂၀ 

ပါပူအာနယူးဂီနီနိုင်ငံ၏ မြောက်ဘက်ပိုင်း ကုန်းမြင့်ဒေသများတွင် လူမျိုးစု အကြမ်းဖက်မှုများဖြစ်ပွားပြီး လူ ၆၄ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ရဲအရာရှိတစ်ဦးကမူ ထိုဖြစ်စဉ်ကို မကြာသေးမီ နှစ်များအတွင်း အကြီးမားဆုံး လူမျိုးစုပဋိပက္ခဖြစ်ကြောင်း ပြောကြားခဲ့သည်။

အန်ဂါ (Enga) ပြည်နယ်၊ ဝါပန်နာမန်ဒါ (Wapenamanda) ခရိုင်တွင် ဖေဖော်ဝါရီ ၁၈ ရက် နံနက်အစောပိုင်းက အဆိုပါ သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရဲတပ်ဖွဲ့ဝင်များကို ကိုးကားပြီး Post-Courier သတင်းစာက ဖော်ပြခဲ့သည်။

ထိုပဋိပက္ခတွင် အမ်ဘူလင် (Ambulin) လူမျိုးစုနှင့် ဆစ်ကင် (Sikin) လူမျိုးစုများပါဝင်ပြီး ၎င်းတို့၏ မဟာမိတ် များလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

ဝါပန်နာမန်ဒါ မြက်ခင်းပြင်များ၊ တောင်ကုန်းများနှင့် လမ်းတစ်ခု၏ ဘေးဘက်ဝဲယာများတွင် အလောင်း ၆၄ လောင်းကို တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က Post-Courier ကို ပြောကြားခဲ့သည်။

 ပါပူအာနယူးဂီနီ စစ်သားတွေကိုတွေ့ရစဉ်

ပြိုင်ဘက် လူမျိုးစုအဖွဲ့များသည် AK-47 နှင့် M4 ရိုင်ဖယ်များကဲ့သို့ စွမ်းအားပြင်းသည့် လက်နက်များကို အသုံး ပြုခဲ့ကြပြီး သေဆုံးသူ အရေအတွက်သည် ဆက်လက် မြင့်တက်နိုင်ခြေရှိသည်ဟု Post-Courier သတင်းစာက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ်က အန်ဂါပြည်နယ်တွင် လူပေါင်း ၆၀ သေဆုံးခဲ့သည့် လူမျိုးစုပဋိပက္ခတွင်လည်း ယခုပဋိပက္ခ ဖြစ်ပွားသည့် လူမျိုးစုနှစ်စု၏ တိုက်ခိုက်မှုဖြစ်သည်ဟု ဩစတြေးလျနိုင်ငံ၏ ABC သတင်းဌာနက ဖော်ပြခဲ့သည်။

“ဒါဟာ အန်ဂါပြည်နယ်မှာ ကျနော်မြင်ဖူးသမျှ လူမျိုးစုပဋိပက္ခမှာ လူအများဆုံး သေဆုံးမှုဖြစ်ပါတယ်။ ကျနော်တို့ အားလုံး တော်တော်ဝမ်းနည်ရပါတယ်”ဟု ရဲတပ်ဖွဲ့အကြီးအကဲ ဂျော့ချ် ကာကက်စ် (George Kakas)က ပြောကြားခဲ့သည်။

ပါပူအာနယူးဂီနီစစ်တပ်က ပဋိပက္ခဖြစ်ပွားခဲ့သည့် နေရာဒေသသို့ စစ်သား ၁၀၀ ခန့် ဖြန့်ကြက်ချထားသော်လည်း ထိုစစ်သား အရေအတွက်သည် လုံလောက်ခြင်းမရှိဘဲ လူမျိုးစု လက်နက်ကိုင်များ၏ အင်အားနှင့်နှိုင်းယှဉ်ပါက နည်းပါးနေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား