- By CNI
- Category: စီးပွားရေး
- Hits: 1306
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် စက်သုံးဆီများ ပြတ်လပ်နေပြီး ရောင်းချပေးသည့် ဆီဆိုင်တွင် တန်းစီ ဝယ်ယူနေရသည်ဟု တမူးမြို့ဒေသခံများထံမှ သိရသည်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တမူးမြို့သို့ စက်သုံးဆီများ ရောက်ရှိနိုင်ခြင်း မရှိဘဲ ပြတ်လပ်နေသည် မှာ ၁၀ ရက်ဝန်းကျင်ရှိပြီဖြစ်ကြောင်း တမူးဒေသခံ ကိုချမ်းငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။
“ဆီက လောလောဆယ် ဝယ်လို့ ခက်တယ် ဝယ်လို့မရဘူးပေါ့နော်။ ပြတ်နေတယ် ရောင်းချပေးတဲ့ ဆိုင်တစ်ဆိုင် ရှိတယ် အဲဒီဆိုင်မှာ တန်းစီပြီး တိုးရတာပေါ့။ အဲလိုအနေအထားပေါ့။ ဆိုင်တွေတော့ အများကြီးရှိတယ်။ ဒါပေမယ့် သူတို့ဆိုင်ပဲ ဆီကားက လောလောဆယ် သူတို့ဆီမှာပဲ ရှိသွားတဲ့သဘောပေါ့နော် ဆီရောက်သွားတဲ့သဘောပေါ့။ ကျန်တဲ့နေရာတွေမှာ အဓိကကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ ဖြစ်နေတာပေါ့။ ၁ ပတ်၊ ၁၀ ရက် ကျော်လောက် ရှိပြီပေါ့၊ တမူးမှာ လောလောဆယ် ဆီဝယ်လို့မရတာ” ဟု ၎င်းကပြောသည်။

တမူးမြို့ရှိ စက်သုံးဆီဆိုင်တစ်ခုတွင် တန်းစီဝယ်ယူနေကြစဉ်(ပုံဟောင်း)
စက်သုံးဆီ ပြတ်လပ်နေခြင်းကြောင့် စက်သုံးဆီဈေးနှုန်းများသည်လည်း မြင့်တက်လျက်ရှိနေပြီး ယခင်က အောက်တိန်း ၉၂ တစ်ဂါလံလျှင် ၄၅၀၀ ကျပ်ခန့်သာ ရှိသော်လည်း လက်ရှိတွင် ၂၀၀၀၀ ကျော်ဖြစ်ပေါ်နေသည်ဟု တမူးဒေသခံ ကိုခန့်သူက CNI သို့ ပြောသည်။
“အရင်တုန်းကတော့ ကျနော်တို့ စက်သုံးဆီ ဝယ်ရတာက ၁ ဂါလံဆိုလို့ရှိရင် ၄၅၀၀ ပဲရှိတယ်ပေါ့နော်။ အခုဆိုရင် ၁ ဂါလံကို ၂၂၅၀၀ ဖြစ်သွားပြီ၊ ၉၂ တစ်ဂါလံဆိုလို့ရှိရင် အဲလို ဖြစ်သွားပြီပေါ့နော်။ နောက်တစ်ခုက ၉၅ ဆိုရင်တော့ အရင်တုန်းက ဝယ်ရတာက ၅၀၀၀ လောက် ဝယ်ရတာပေါ့နော်။ အခုဆိုရင် ၂၇၀၀၀ လောက် ဖြစ်သွားပြီ၊ ဈေးနှုန်းက” ဟု ၎င်းက ပြောသည်။
တမူးမြို့သည် အိန္ဒိယ - မြန်မာ နယ်စပ်တွင် တည်ရှိပြီး အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ်ကိုလည်း အိန္ဒိယအစိုးရက လက်ရှိတွင် ပိတ်ထားကြောင်း သိရသည်။
စက်သုံးဆီပြတ်လပ်နေခြင်းကြောင့် ဒေသခံများသည် သွားရေးလာရေးတွင် အခက်အခဲများဖြစ်ပေါ်နေကြောင်း၊ ဒါ့အပြင် ကုန်ဈေးနှုန်းများမြင့်တက်နေပြီး ကုန်ပစ္စည်းများလည်းပြတ်လပ်နေသည့် အခြေအနေဖြစ်ပေါ်နေကြောင်း ကိုချမ်းငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

တမူးမြို့အဝင်ဆိုင်းဘုတ်
“ကုန်ဈေးနှုန်းတွေကလည်း တက်တာတော့ တက်တယ်။ ဈေးနှုန်းတွေကလည်း ကြက်ဥတို့ ဘာတို့ဆိုလို့ရှိရင် ဝယ်လို့မရတာတို့၊ ဘာတို့ပေါ့။ ဈေးပဲရှိတယ် ပစ္စည်းပြတ်သွားတဲ့ ပုံစံမျိုး ဖြစ်နေတာပေါ့နော်။ တချို့ပစ္စည်းတွေက ကျနော်တို့ဒေသမှာ မရှိတဲ့ပစ္စည်းတွေ၊ တခြား အနယ်နယ်အရပ်ရပ်ကနေ တမူးကို လာရတဲ့ ပစ္စည်းတွေကျတော့ ခက်ခဲသွားတာပေါ့။ ကိုယ့်ဒေသကထွက်တဲ့ပစ္စည်းတွေ ပြဿနာမတက်ပေမယ့် ကျန်တဲ့နယ်ကနေ သွင်းရတဲ့ ပစ္စည်းတွေကျတော့ အခက်အခဲ ဖြစ်နေတာပေါ့ အဲလိုမျိုး ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေး - တမူးလမ်းမကြီးကို ဒေသတွင်း စစ်ရေးတင်းမာမှုအခြေအနေများကြောင့် နိုဝင်ဘာ ၁၂ ရက်မှစတင်ပြီး အသုံးမပြုကြရန် ဒေသခံကာကွယ်ရေးတပ်များက သတိပေးထုတ်ပြန်ထားပြီး နိုဝင်ဘာ ၂၀ ရက်နေ့တွင် နောက်ထပ် ရက်သတ္တပတ် ထပ်တိုးသတ်မှတ်လိုက်ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1118
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁
ပြည်ပသို့ ပို့ကုန်တင်ပို့ရာတွင် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို အမေရိကန် ဒေါ်လာအပြင် ထိုင်းဘတ်ငွေနှင့် တရုတ် ယွမ်ငွေတို့ဖြင့် ပြန်လည်ပေးသွင်းခွင့်ပြုကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခင်က ပြည်ပသို့ တင်ပို့ရာတွင် ယွမ်(တရုတ်ငွေ)၊ ဘတ်(ထိုင်းငွေ)တို့ဖြင့် ကုန်သွယ်သော်လည်း ဗဟိုဘဏ်သို့ အမေရိကန်ဒေါ်လာဖြင့်သာ ပေးသွင်းခွင့်ပြုထားကြောင်း၊ သို့သော် လက်ရှိတွင် ယွမ်၊ ဘတ်တို့ဖြင့်ပါ ပေးသွင်းခွင့် ပြုကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ယွမ်ငွေ၊ ဘတ်ငွေနှင့် ဒေါ်လာကြား လဲလှယ်နှုန်း ကွာခြားချက်၊ ဒေါ်လာ နှင့် မြန်မာကျပ်ငွေကြား ကွာဟချက်များ လျော့ကျသွားမည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
“အန်ကယ်တို့အနေနဲ့ကတော့ ပြောင်းပေါ့။ ပြောင်းကတော့ အရင်က ဒေါ်လာသွင်းရတယ်။ ပြီးရင် ၆၅ ရာခိုင်နှုန်း ကို ဗဟိုဘဏ်ပေါက်ဈေးနဲ့ ပြန်ထုတ်ပေးတယ်။ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကို ကိုယ့်ဟာကိုယ် တစ်လအတောအ တွင်းမှာ စီမံခန့်ခွဲပိုင်ခွင့် ရှိတယ်ပေါ့။ အခုကတော့ ယွမ်နဲ့ ရောင်းမယ်ဆိုလည်း ရောင်းလို့ရတယ်။ ဘတ်နဲ့ ရောင်း မယ်ဆိုလည်း ရောင်းလို့ရတယ်။ ရောင်းပြီးရင်တော့ ယွမ်ရော၊ ဘတ်ရော ၆၅ ရာခိုင်နှုန်းတော့ ဗဟိုဘဏ်ကို နိုင်ငံတော်ကို ပေးသွင်းရလိမ့်မယ်။ ပေးပြီးရင် နိုင်ငံတော်ပေါက်ဈေးအရ မြန်မာငွေ ပြန်ထုတ်ပေးလို့ရတယ်။ ဒေါ်လာမှမဟုတ်ဘူး နိုင်ငံတော်အစိုးရအနေဖြင့် ဖြေလျှော့ပေးလိုက်တဲ့သဘောပေါ့နော်။ အရင်က ဒေါ်လာ တစ်မျိုးတည်း သတ်မှတ်တဲ့အခါမှာ ထိုင်းကိုရောင်းလို့ရှိရင် သူတို့က ပေးနိုင်တာ ဘတ်ပဲ ပေးနိုင်တာ။ အဲတော့ ဘတ်ကနေ ဒေါ်လာပြောင်း၊ ဒေါ်လာပြောင်းပြီးမှ ထည့်ရတယ်။ ဘတ်နှင့် ဒေါ်လာနဲ့ ပြောင်းတဲ့ကြားမှ အဟ ရှိတယ်။ ဘတ်ကနေ ဒေါ်လာချိန်းရင် အဟရှိသလို ဒေါ်လာကနေ ဘတ်ချိန်းရင်လည်း အဟရှိတယ်။ အခုတော့ ဒီအဟ နည်းနည်းတော့ ပျောက်သွားတာပေါ့။ ပြောင်းသွားပြီးတော့ ဘတ်နဲ့ရောင်းရင် ဘတ်နဲ့ သွင်းလိုက်။ ဘတ်နဲ့ နိုင်ငံတော်ကို သွင်းပြီးရင် နိုင်ငံတော်ကလည်း ဒီနေ့ နေ့စဉ် ဘတ်ပေါက်ဈေးတွေ ရှိတယ်။ မြန်မာကျပ်ငွေ ပေါက်ဈေး၊ ဘတ်ပေါက်ဈေးတွေ ရှိတယ် ထုတ်ပေးလိမ့်မယ်။ ယွမ်နဲ့လည်း ထိုနည်း၎င်းပဲ” ဟု ၎င်းကပြောသည်။

ယွမ်ငွေနှင့် ဒေါ်လာငွေ
ဗဟိုဘဏ်မှ ပေးသွင်းခွင့်ပြုထားသည့် ပို့ကုန်များမှာ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရာဘာ၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပါဝင်ပြီး ပို့ကုန်ဝင်ငွေမှ ရရှိထားသည့် ယွမ်ငွေ၊ ဘတ်ငွေများဖြင့် ရောင်းချ မည်ဆိုပါက ယွမ်၊ ဘတ်ဖြင့် လိုင်စင်လျှောက်ထားရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ပို့ကုန်ရငွေများနှင့်ပတ်သက်ပြီး ဖြေလျှော့ပေးခြင်းကြောင့် ငွေကြေးကွာဟမှု နည်းပါးသွားနိုင်ကြောင်း၊ ဈေးနှုန်းကွာဟမှုများ တွက်ချက်ပြီး တောင်သူများထံ ကုန်စည်များကို ကုန်သည်များက ဝယ်ယူရာတွင် ဈေးနှုန်း များ ပိုပေးဝယ်လာနိုင်ကြောင်း ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့နေသည့် ကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ငါတို့ ယွမ်နဲ့ပေးမယ်၊ ဘတ်နဲ့ပေးမယ်ဆိုရင် ငါတို့ ဘယ်ဈေးလောက် အောက်ကို ပေးဝယ်လို့ရမယ် မသိဘူးး။ လက်ရှိဈေးနဲ့ဆိုရင် ဒီလောက်တော့ ပိုပေးလို့ ဝယ်လို့ရနေပြီဆိုရင် အောက်မှာလည်း ယှဉ်ပြိုင်မှုတွေရှိတယ်။ အကုန်လုံးက တွက်ချက်ပြီးတော့ တစ်ရက်၊ နှစ်ရက်လောက် ဆိုရင် အခု တစ်ရက်၊ နှစ်ရက်တောင်မှ ဈေးလေး တွေကတော့ ထိုက်သင့်တန် ၅ ကျပ်၊ ၁၀ ပေါ့နော် တစ်ပိဿာပေါ်မှာ တက်လာတာတွေလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။
တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့် ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်ရေးမှတဆင့် ပို့ကုန်တင်ပို့ရာတွင် ပဲအမျိုးမျိုး၊ ပြောင်းနှင့် ဆီထွက်သီးနှံများကို ယခင်က အမေရိကန်ဒေါ်လာဖြင့်သာ ကုန်သွယ်ခွင့်ပြုထားပြီး လက်ရှိတွင် ယွမ်ငွေနှင့်ဘတ်ငွေတို့ဖြင့် ကုန်သွယ်ခွင့်ပြုလိုက်ခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ မြန်ဆန်ကောင်းမွန်လာနိုင်မည်ဟု ကုန်သည်များက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1440
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁
ရုရှားနိုင်ငံနှင့် ခရီးသွားမြှင့်တင်ရေးအတွက် ရုရှားနိုင်ငံမှ ခရီးသွား ကိုယ်စားလှယ်များအား မြန်မာနိုင်ငံသို့ ဦးစွာ ဖိတ်ခေါ်သင့်သည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်း ဌာနသို့ ပြောသည်။
“ကျနော်တို့ကတော့ တင်ပြထားတာ ရှိတယ်။ ရုရှားနိုင်ငံမှာရှိတဲ့ ခရီးသွား ကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံထဲကို လာရောက်ပြီး သူတို့ကိုယ်တိုင် လေ့လာကြည့်တဲ့ဟာမျိုး လုပ်မှသာ အဆင်ပြေမယ်ဆိုပြီး တင်ပြထားတာ ရှိပါ တယ်။ ဒီအတွက်ကြောင့် နိုင်ငံတော်က ပူးပေါင်းဆောင်ရွက်ပေးမှရမယ့် အခြေအနေရှိပါတယ် ဒါကလေ။ ကိုယ်က ကိုယ့်နိုင်ငံထဲကို လာပါ၊ လာပါလို့ ပြောနေပေမယ့်လည်း တစ်ဖက်မှာရှိတဲ့ ခရီးသွားကုမ္ပဏီတွေက သူတို့ ကိုယ် တိုင် မရောက်ဖူးဘူး၊ မသိဘူးဆိုရင် ရောင်းချရတာ ခက်တယ်လေ။ ဒါကြောင့်မို့လို့ သူတို့ကို familiarization trip ဆိုတဲ့ဟာ ရှိပါတယ်။ ကျနော်တို့ကတော့ ခရီးသွားလောကမှာ FAM trip လို့ ပြောကြတယ်။ အဲဒီ FAM trip တွေ ကျနော်တို့ စီစဉ်မှ သူတို့က သိမယ်ပေါ့နော်။ အဲဒီလိုမျိုး ဆောင်ရွက်ဖို့အတွက်ကို ဒါနိုင်ငံတော်ကလည်း ပူးပေါင်း ဆောင်ရွက်မှု လုပ်ပေးမယ်၊ သက်ဆိုင်ရာ ဟိုတယ်တွေ၊ ခရီးသွား ကုမ္ပဏီတွေကလည်း ဒါ ဝိုင်းဝန်းပြီးတော့ ပူးပေါင်း ဆောင်ရွက်လိုက်ရင် ဒီဟာက ရုရှားနိုင်ငံ ခရီးသွားကုမ္ပဏီ တော်တော်များများက သိလာမယ်။ ဒီတော့မှ သာ ခရီးစဉ်တွေကို ရေးဆွဲပြီး ရောင်းချနိုင်မှာပေါ့” ဟု ၎င်းက ပြောသည်။

ရုရှားခရီးသွားများကို လွှတ်တော်ရုံးရှေ့မှာတွေ့ရစဉ် (Russian)
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကလည်း ရုရှားနိုင်ငံနှင့် ခရီးသွားမြှင့်တင်ရေး အစီအစဉ်တစ်ရပ် အနေ ဖြင့် ချစ်ကြည်ရေး ခရီးစဉ်များအား ပုဂ္ဂလိက အသင်း၊ အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ခရီးစဉ် ဒေသများအကြောင်း ရုရှားပြည်သူများ ပိုမိုသိရှိစေရန် ရုရှားနိုင်ငံ၏ URAL Airline In-Flight မဂ္ဂဇင်းတွင် ကြော်ငြာနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍနှင့်ပတ်သက်၍ ရုရှားခရီးသွားများ ပိုမိုဝင်ရောက် စေရန်အတွက် လာမည့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ရုရှားနိုင်ငံ၌ ပြုလုပ်မည့် ခရီးသွားပြပွဲ၌ ပြခန်းဖွင့်လှစ်၍ သွားရောက် ပြသမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အဓိက အလည်အပတ် များပြားနေသည့် ခရီးသွားနေရာ ဒေသများအား ၎င်းတို့ သိရှိရန် ဆွဲဆောင်မှု တစ်ခုအဖြစ် ပြုလုပ်ပေးနိုင်မှသာ ရုရှားခရီးသွားများသာမက နိုင်ငံခြားသား ခရီးသွားများပါ ဝင်ရောက် လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဟိုတယ်ဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။

မင်းကွန်းခေါင်းလောင်ကြီးသို့ သွားရာကို လမ်းညွန်ထားသည်ကိုတွေ့ရစဉ်
၎င်းက “အဲဒီတော့ major destination ဖြစ်တဲ့ ပုဂံတို့လို အင်းလေးတို့လို၊ မန္တလေးတို့လို နေရာတွေပေါ့လေ။ ဖြစ် နိုင်မယ်ဆိုရင်တော့ အခုလောလောဆယ်တော့ မကောင်းသေးဘူး။ ကျိုက်ထီးရိုးလို နေရာမျိုးပေါ့။ major destination ဖြစ်တဲ့ နေရာတွေရယ်၊ နောက်တစ်ခါ အင်မတန်မှ နာမည်ကျော်ကြားတဲ့ Beach တွေပေါ့၊ ငပလီ၊ ငွေဆောင်၊ ချောင်းသာတို့လိုဟာမျိုးပေါ့။ ဒီလိုဟာမျိုးတွေ အကြောင်းကို သူတို့ Tourism နဲ့ပတ်သက်တဲ့ လာတဲ့လူ တွေ သေသေချာချာ သိအောင် ဒါတွေ လုပ်ပေးသင့်တာပေါ့။ ပုဂံဆို ဘုရားတွေ အများကြီးနဲ့ ပြပေးတာ မျိုးတွေ၊ ပုဂံရဲ့ လက်ရာမြောက်တဲ့ ပန်းချီတွေ၊ စဉ့်ကွင်းအုတ်ချပ်တွေ အဲဒါမျိုးလေးတွေကအစ သူတို့ သိအောင်ပေါ့လေ။ ဒါမှသာလျှင် Tourist attraction က ဖြစ်သွားမှာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရင် နိုင်ငံခြားသားသာ ပြောနေတာ မြန်မာတွေကိုက ဒီ attraction ကို နားမလည်ဘူး။ ပုဂံလာရင် ရွှေစည်းခုံ၊ အာနန္ဒာ၊ သဗ္ဗညုနဲ့ ပြီးသွားကြတာ။ အင်မတန်မှ နာမည်ကြီးနေတဲ့ နံရံပန်းချီ အကောင်းဆုံးဖြစ်တဲ့ ဘုရားသုံးဆူတို့၊ လောကထိပ်ပန်တို့ ဘုရားတွေ အများကြီးရှိတယ်။ ဗမာပြည်ကလူတွေ ၁၀ ယောက်မှာ ၁ ယောက်မှ မသိပဲနဲ့။ နိုင်ငံခြားသား မှာလည်း ပုဂံလာရင် ဘုရားသုံးဆူ၊ နန္ဒာမည၊ နံရံပန်းချီ ဒါမျိုးရှိပါတယ်လို့ ပြောလိုက်ရင် This is not find in Thailand, Cambodia, Vietnam. There no painting like this. လုံးဝမှမရှိဘဲ။ It is only in Myanmar/ only in Bagan ဒါမျိုးတွေ ပြောပေးလို့ ရတယ်လေ။ Tourist attraction အနေနဲ့ လုပ်ပေးရမှာက ဒါတွေကို လုပ်ပေးရမှာ” ဟု ပြောသည်။
ထို့အပြင် အခြားနိုင်ငံများတွင် ၎င်းတို့နိုင်ငံသို့ လေကြောင်းလိုင်းမှ ဝင်ရောက်လာသည့် နိုင်ငံခြားသား ခရီးသွားများ အား ကိုဗစ်စစ်ခြင်းကို မပြုလုပ်ကြတော့သော်လည်း မြန်မာနိုင်ငံ၌ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာပါက RDT ဖြင့် ကိုဗစ် စစ်ခြင်းများ ပြုလုပ်နေသေးသည့်အတွက် ထိုအချက်အား ဖြေလျှော့လိုက်ပါက ခရီးသွားကဏ္ဍ တိုးတက် ရေးမှာ အထောက်အပံ့တစ်ခု ဖြစ်လာနိုင်သည်ဟု ဦးဇော်ဝိတ်က ပြောသည်။

မန္တလေးမြို့အဝင်ကိုတွေ့ရစဉ်
ရုရှားနိုင်ငံသား ခရီးသွားများအား မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်စေရန် ခရီးသွားကဏ္ဍများဖြင့် ဆွဲဆောင်သကဲ့သို့ လေကြောင်းလိုင်း တိုက်ရိုက် ပြေးဆွဲနိုင်ရန်လည်း လုပ်ဆောင်သင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြော သည်။
ဦးနောင်းနောင်းဟန်က“လေကြောင်းလိုင်းကတော့ သက်ဆိုင်ရာ ပုဂ္ဂလိက လေကြောင်းလိုင်းတွေရဲ့ ခရီးသည်ရရှိ မှု အခြေအနေကို တွက်ချက်ပြီးမှ လေကြောင်းလိုင်းက ဆွဲရတာ ဖြစ်တယ်လေ။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ နိုင်ငံ ကနေပြီးတော့ ရုရှားကနေပြီးတော့ မြန်မာပြည်ကို လာမယ့် ခရီးသည်တွေ ရှိတယ်ဆိုရင် ဒါလေကြောင်းလိုင်း တွေ က ပြေးဆွဲမှာပဲ။ အခုလောလောဆယ်ကြတော့ ရုရှားကနေ လာမယ့် ခရီးသည်က နည်းနည်း နည်းနေသေးတယ်။ တိုက်ရိုက် ပျံသန်းဖို့အတွက်လည်း ကျနော်တို့နိုင်ငံမှာက လေယာဉ်ပျံတွေက မော်စကိုအထိအောင် ပျံသန်းဖို့ အတွက်က ၉ နာရီကျော် ပျံသန်းတက်တာ။ အဲဒီတော့ ၉ နာရီကျော် လောက်ထိအောင် ပျံသန်းနိုင်တဲ့ လေယာဉ်ပျံ မျိုးက မရှိသေးဘူး ဒီမှာလေ။ ဆိုတော့ တစ်ထောက်နားပြီးမှ လာရမှာဖြစ်တဲ့အတွက် ကုန်ကျစရိတ်ကလည်း များ တယ်။ ဒါကြောင့်မို့လို့ လေကြောင်းလိုင်းတွေကလည်း ဒါ စဉ်းစားနေသေးတာပေါ့။ လုံလောက်တဲ့ အချက်အလက် တွေ ပြည့်စုံသွားတယ်၊ ဥပမာ လေယာဉ်တွေမှာ ခရီးသည်တွေ အပြည့် ပါလာ နိုင်တယ်။ အဲဒီလို အခြေအနေတွေ ဖြစ်လာနိုင်တယ်ဆိုရင်တော့ စိတ်ဝင်စားမှုတွေ မြင့်တက်လာတယ် ဆိုရင် လေကြောင်းလိုင်းတွေကလည်း တိုက် ရိုက် ပျံဆွဲကြပါလိမ့်မယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ယခင်ကတည်းက မြန်မာနိုင်ငံသို့ ရုရှားခရီးသွား ဝင်ရောက်မှုမှာ အနည်းငယ်သာ ရှိခဲ့ကြောင်း၊ တစ်နှစ်လျှင် ရုရှား ခရီးသွား ၅၀၀၀ ဦးသာ လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရုရှားနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပိုမို လာရောက်လည်ပတ်စေရန် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ တစ်နှစ် ဗီဇာကင်းလွတ်ခွင့် ပြုပေးထားကြောင်း၊ သို့သော်လည်း လက်ရှိတွင် ရုရှားခရီးသွား ဝင်ရောက်မှုမှာ နည်း ပါး နေဆဲဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1181
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉
မြန်မာနိုင်ငံ၏ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများသည် ပွင့်လင်းရာသီ ရောက်ရှိချိန်ဆိုလျှင် ကုန်စည် ပေါများပြီး လုပ်ငန်းလည်ပတ်မှု ကောင်းမွန်လေ့ ရှိသော်လည်း လက်ရှိတွင် လုပ်ငန်းလည်ပတ်မှုများ နည်းပါးနေပြီး ကောင်းမွန်မှု မရှိသေးကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
ပြီးခဲ့သည့် မိုးရာသီတွင် အဝေးပြေးကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများသည် လမ်းပိုင်း အခက်အခဲ၊ ကုန်စည် ရှားပါးမှုနှင့် ကုန်ကျစရိတ် မြင့်တက်မှုများကြောင့် ၇၀ ရာခိုင်နှုန်းခန့် ရပ်နားခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ကုန်ကျစရိတ် ကြီးမြင့်နေမှုကြောင့် ရာနှုန်းပြည့် လည်ပတ်မှု မရှိသေးဘဲ ၄၀ ရာခိုင်နှုန်းခန့်သာ လည်ပတ်လျက် ရှိနေသည်ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပွင့်လင်းရာသီ ရောက်တာက ရောက်တာပဲ။ အခုဟာက မြဝတီဘက်ကလည်း ပြောင်းတွေ မသွားရဘူး လေ။ ပွင့်လင်းရာသီကို ကားကောင်းလိမ့်မယ်လို့ ထင်နေတာပေါ့ ကားအသွားအလာတွေ၊ သယ်ယူပို့ဆောင်ရေး တွေ။ အခုက လောလောဆယ်တော့ မကောင်းသေးဘူး အဲလိုဖြစ်နေတာ။ အကုန်လုံးက ဘယ်လိုခေါ်မလဲဆိုတော့ ရပ်တဲ့ကားက ရပ်နေတာ။ ပြေးတော့လည်းပဲ မကျန်ဘူး စရိတ်စကနဲ့ စရိတ်စကက ကြီးတော့လေ။ ရပ်ထားတဲ့ ကားက ရပ်ကြတုန်းပဲ။ တချို့ဆို ကား ၅ စီးရှိရင် ၂ စီးလောက်ပဲ သွားနေတာပေါ့။ ၃ စီး ရှိတယ်ဆိုလည်း ၁ စီး၊ ၂ စီး အဲလိုတွေပဲ သွားနေတာပေါ့။ အခုက ကားတစ်စီးကို တစ်လကို ၄ ခေါက်ရမယ်ဆိုရင် ၄ ခေါက် မရဘူး။ ၂ ခေါက် လောက်ပဲ ရနေတာ အဲလိုမျိုး။ ၄၀ ရာခိုင်နှုန်းလောက်၊ ၅၀ ရာခိုင်နှုန်းလောက် အဲလောက်ပဲ လည်ပတ်နေတာပေါ့။ အဲလောက်ပါပဲ သိပ်တအားကြီး မဖြစ်သေးဘူး။ တချို့ဆိုရင် ခုနကပြောသလို ၅ စီးရှိရင် ၂ စီးလောက်သွား။ ၁၀ စီး ရှိရင် ၅ စီးလောက်ထွက် အဲလိုလေးတွေပေါ့။ အလှည့်ကျနဲ့ ထွက်တာပေါ့။ မကိုက်ဘူးလေ ကုန်ကလည်း ရှားတယ် လေ” ဟု ပြောသည်။

ပြင်ဦးလွင်ကနေ မိုးကုတ်-လားရှိုးသွားနိုင်သော လမ်းပြ ဆိုင်းဘုတ်ကိုတွေ့ရစဉ်
အဝေးပြေးကုန်စည် ပို့ဆောင်ရေးလုပ်ငန်းတွင် ပြည်ပနှင့်ဆက်စပ် လုပ်ကိုင်သော ပို့ကုန်/သွင်းကုန်ပစ္စည်းများကို နယ်စပ်ကုန်သွယ်ရေး စခန်းများအရောက် သယ်ယူပို့ဆောင်ပေးနေခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကြား ချိတ်ဆက် ပို့ဆောင်သည့် ကုန်စည်များအား ပို့ဆောင်ခြင်းဟူ၍ နှစ်မျိုးရှိသည်။
လက်ရှိ ပို့ကုန်/သွင်းကုန် လုပ်ငန်းများသည် လည်ပတ်မှု နည်းပါးနေသလို တိုင်းဒေသကြီးနှင့် ပြည်နယ်သို့ ပို့ဆောင်ရာတွင်လည်း ကုန်စည်ရရှိမှုများ နည်းပါးနေသေးကြောင်း သိရသည်။
ရန်ကုန်မှတဆင့် တောင်ကြီးသို့ ကုန်စည်ပို့ဆောင်ရာတွင် ကုန်စည်ရရှိမှု နည်းပါးကြောင်း၊ တောင်ကြီးမှ ရန်ကုန် သို့ ပို့ဆောင်ရာတွင် ကုန်စည်ပေါများသော်လည်း ဈေးနှုန်းရရှိမှု နည်းပါးခြင်းကြောင့် အကျိုးအမြတ် ရရှိမှု နည်းပါး နေကြောင်း ဘုရင့်နောင်ပွဲရုံမှ ရန်ကုန်နှင့် တောင်ကြီးသို့ ကုန်စည်ပို့ဆောင်နေသော အဝေးပြေးကုန်စည် ပို့ဆောင် ရေး လုပ်ငန်းရှင် ဦးကျင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

မန္တလေးနဲ့ စစ်ကိုင်းကို ဆက်သွယ်ထားသော ရတနာပုံတံတားကို ဖြတ်သန်းနေကြစဉ်
၎င်းက “ဒီက အတက်တွေကတော့ ကုန်က နည်းနည်း ပါးသွားတယ်။ ကုန်ချောတွေက စက်ရုံတွေက နည်းသေး တော့ ကုန်ကြမ်း အခက်အခဲ နည်းနည်းရှိတယ်။ ပြီးတော့ အားလုံးက ကားတစ်စီး တင်တဲ့သူက တစ်စီး မတင် နိုင်ဘူး။ အဆင်းက ကုန်ကပေါတယ်၊ ဒါပေမယ့် ဈေးက မရဘူး။ အတက်ကားခက ကျနော်တို့ အတက်ကားခနဲ့ ပြန်ဆင်းလာလို့ မရဘူး။ ၁ သိန်းတောင် ပြန်စိုက်ရသေးတယ်။ အဆင်းကားခက ၃ သိန်းလောက် ကျန်တယ်။ ကျန် တော့ အစိုက်ကားခ တစ်သိန်းလောက် စိုက်ရတာပေါ့နော်။ ၂ သိန်းလောက်ပဲ ကျန်တယ်။ ဒီအပေါ်မှာ ပြင်ဆင် စရိတ်တွေနဲ့ တာယာဖိုးတွေ၊ အင်ဂျင်ဝိုင်ဖိုးတွေ မပါသေးဘူး” ဟု ပြောသည်။
လက်ရှိတွင် ကုန်စည်များ ပို့ဆောင်ရာ၌ တိုင်းဒေသကြီးနှင့်ပြည်နယ် တစ်ခုနှင့်တစ်ခုသို့ ဖြတ်သန်းရာ၌ အချိန် ကန့်သတ်ထားမှုများ ရှိခြင်းကြောင့်လည်း အချိန်ကြန့်ကြာမှုများ ဖြစ်နေကြောင်း သိရသည်။
သီးနှံများ လှိုင်လှိုင်ပေါ်သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် အဝေးပြေးကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများ ကောင်းမွန်သော်လည်း လက်ရှိအချိန်မှာတော့ ကောင်းမွန်မှု မရှိသေးကြောင်း၊ လာမည့် ဒီဇင်ဘာလတွင် လုပ်ငန်း များ ကောင်းမွန်လာမည်ဟု မျှော်မှန်းထားကြောင်း လုပ်ငန်းရှင်များက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1162
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈
ကြက်သွန်နီအသစ်များ ပေါ်ချိန်တွင် ဈေးနှုန်းများ ကျဆင်းလေ့ရှိသော်လည်း ကြက်သွန်ဒိုင်များနှင့် ကုန်စည်ဒိုင် များသို့ ကြက်သွန်ဝင်ရောက်မှု နည်းပါးနေခြင်းကြောင့် ဈေးနှုန်းကျဆင်းမှု မရှိဘဲ ဖြစ်နေကြောင်း ကြက်သွန်ကုန် သည်များနှင့် ပွဲရုံများထံမှ သိရသည်။
လက်ရှိတွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန် ဝင်ရောက်မှုသည် ကုန်ချိန် ထောင်ကဏန်းမျှသာ ဝင်ရောက် သေးကြောင်း၊ ယခုလ ကုန်ချိန်မှသာ ကြက်သွန် အများအပြား ဝင်ရောက်နိုင်ပြီး ဈေးနှုန်းများလည်း တဖြည်းဖြည်း ကျဆင်းလာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နည်းနည်းပါးပါး ဝင်တယ် ဟိုရက်ကတော့ နည်းနည်းပါးပါး ဝင်တယ်။ ထောင်ကဏန်းလောက်ပဲ ၁၀၀၀/ ၂၀၀၀ လောက်ပဲ ဝင်တယ်။ ကုန်ချိန် ၁၀၀၀/၂၀၀၀ ပဲ ဝင်သေးတယ်။ နယ်တွေမှာတော့ ၉၀၀၀/၁၀၀၀၀ လောက် ဝင်သေးတယ်။ ရန်ကုန်လာတာ နည်းနေသေးတယ်။ လာလိမ့်မယ်၊ အဝင် နည်းနေသေးလို့ ဝင်လိမ့်မယ်။ ဒီလကုန် လောက်ဆို များလာလိမ့်မယ်။ ရန်ကုန်ဈေး၊ ရန်ကုန်ရောက်တဲ့ မိုးကြက်သွန်ဈေး အမြင့်ဆုံးက ၃၅၀၀၊ အနိမ့်ဆုံးက ၂၄၀၀။ နယ်ဈေးကတော့ ၁၅၀၀ နဲ့ ၂၅၀၀ ကြားမှာ ရှိတယ်။ ကုန်ဝင်တဲ့အပေါ်မှာ မူတည်တယ်။ ကုန်များလာရင် တဖြည်းဖြည်းနဲ့ ကျသွားမှာပါ။ လကုန်လောက်ဆိုရင် များလာမယ်လို့ ယူဆတယ်” ဟု ပြောသည်။

ကြက်သွန်နီအိတ်များကို သယ်ဆောင်နေစဉ်
ကြက်သွန်အသစ်များ ထွက်ပေါ်ချိန်တွင် နယ်ပေါက်ဈေးနှုန်းသည် တစ်ပိဿာ ၉၀၀ နှင့် ၁၀၀၀ ကြားသို့ ကျဆင်း နိုင်ကြောင်း ခန့်မှန်းထားမှုများ ရှိသော်လည်း လက်ရှိမှာ တစ်ပိဿာလျှင် ၁၅၀၀ မှ ၂၅၀၀ ကြား ဈေးနှုန်း ရရှိလျက် ရှိနေသည်။
အသစ်ထွက်ရှိလာသည့် ကြက်သွန်များသည် ကုန်စည်ဒိုင်များ အပြင် ပွဲရုံများနှင့် ကုန်သည်များထံသို့ ရောက်ရှိမှု နည်းပါးနေခြင်းသည် ပြည်ပ (ဗီယက်နမ်ကုမ္ပဏီများနှင့် ထိုင်းနိုင်ငံ)သို့ တင်ပို့ရန်အတွက် မြဝတီမှ ကုမ္ပဏီများက ကြက်သွန်ယာခင်းကို အခင်းလိုက် ဝယ်ယူနေကြခြင်းကြောင့် ဖြစ်သည်ဟု ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများ အသင်းမှ ကြက်သွန်ကုန်သည် ဦးလှသောင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ယာခင်းတွေထဲမှာကိုက ယာခင်းအပြတ်တွေ ဝယ်ကြတာ။ ယာခင်းကို ကြည့်ပြီးတော့ ၂၅၀၀ တို့၊ ၂၇၀၀ တို့ အဲလိုတွေပေါ့။ ယာခင်းကြည့် ဝယ်ကြတော့တာ မိထ္ထီလာဘက်၊ မြစ်သားဘက်ဆိုလို့ရှိရင် သူတို့က ယာခင်းထဲ မှာပဲ အခင်းပြ ရောင်းကြတော့တာ။ ကုန်သည်လက်ထဲ မရောက်တော့ဘူး ကုမ္ပဏီလက်ထဲ ရောက်သွားတော့တာ ပေါ့။ ဗီယက်နမ်တို့၊ မြဝတီတို့၊ ကုမ္ပဏီလက်ထဲ ရောက်သွားတော့တာ။ ဝင်တာလည်း နည်းတယ်။ ပခုက္ကူဘက် ဝင်ဘာက ၃၀၀၀၀ လောက်၊ အမှန်တကယ်ဆို ၇ သောင်း၊ ၈ သောင်း၊ ၁ သိန်း အဲလို ဝင်ရမှာလေ။ အဲလို ဗီယက်နမ် သမားတွေက ယာခင်းထဲထိ ဝယ်တော့ ဒိုင်တွေကို မလာတော့ဘူး။ သူတို့လက်ထဲတင် ပြီးတော့တာ လေ” ဟု ပြောသည်။

ပြည်တွင်း ကြက်သွန်နီများကိုတွေ့ရစဉ်
ထို့နောက် ယခုနှစ်တွင် မုန်တိုင်းနှင့် မိုးရွာသွန်းမှုများကြောင့် ကြက်သွန်ခင်းများသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ ပြီး ကြက်သွန်များ ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ကြက်သွန် အထွက်နှုန်း အနည်းငယ် ထိခိုက်ခဲ့ကြောင်း တောင်သူများထံမှ သိရသည်။
လက်ရှိ ကြက်သွန် ဈေးနှုန်းများသည် ကြက်သွန်အဟောင်း ဈေးနှုန်းသည် တစ်ပိဿာ ၃၇၀၀ ကျပ်နှင့် ကြက်သွန် အသစ် ဈေးနှုန်းသည် ၂၅၀၀ မှ ၃၀၀၀ ကြား ဈေးနှုန်း ဖြစ်ပေါ်လျက် ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1188
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆
ရေထွက်ကုန်တင်ပို့ရန် MOU လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် ရုရှားနိုင်ငံသည် မြန်မာဘက်မှ ပုစွန်အား ဝယ်ယူရန် သေချာပြီဖြစ်သဖြင့် ပုစွန်အား လစဉ် တန်ချိန်ရာနှင့်ချီ တင်ပို့မည်ဖြစ်ပြီး ထိုသို့ တင်ပို့နိုင်အောင်လည်း ဆောင်ရွက်နေသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် တင်ပို့ရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးစရာများ ရှိနေသေးသည့်အတွက် စတင် တင်ပို့ မည့် အချိန်ကာလအတိအကျ မသိရသေးကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သို့ ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးမှ ပုစွန်မွေးမြူရေးကန်များ
“ပုစွန်ကိုတော့ တန် ရာနဲ့ချီပြီး လောလောဆယ် ယူမှာပေါ့ လစဉ်ပေါ့နော်။ ဒါပေမယ့် ဒါကလည်း ဈေးကွက်ရဲ့ ဈေးကိုက်တယ် မကိုက်တယ် အပေါ်မှာလည်း မူတည်သေးတာပေါ့။ ရုရှားဆိုတော့ သူက Trade Charges က များမယ်လေ။ သူ့ဆီ တိုက်ရိုက်သွားလို့ရတာမှ မဟုတ်တာ။ ဆိုတော့ သူက တစ်ဆင့်သွားရမှာလေ။ ကွန်တိန်နာ တွေနဲ့ ပို့တဲ့အခါကျတော့ တိုက်ရိုက်ရောက်တဲ့ နေရာ မဟုတ်တဲ့အတွက်ကြောင့် Trade Charges ကိုလည်း ကျမတို့က တွက်ရမှာဖြစ်ပါတယ်။ အဲဒီတော့ အကုန်လုံးကိုက်တယ်ဆိုရင်တော့ ကျမတို့လုပ်မှာပါ။ အေးခဲ တာလည်းပါမယ်။ တချို့တွေလည်း ပြုတ်ပြီးတော့ပေါ့နော်။ ပြုတ်ပြီး ခြောက်တဲ့ဟာမျိုးပေါ့။ အဲဒါကျတော့ သူက ဘယ်လိုပြောမလဲ။ အဲဒီလိုမျိုး ကြိုက်တဲ့လူတွေလည်း ရှိတာပေါ့။ လတ်လတ်ဆတ်ဆတ် အေးခဲပြီးပို့တာရော ခုနကလို ပြုတ်ပြီးပို့တာရော အကုန်ရှိမှာပေါ့။ ဘာလို့လဲဆို ဒါကတော့ သူတို့ရဲ့ ဈေးကွက်လိုအပ်ချက်အပေါ်မှာပဲ မူတည်ပြီး လုပ်ပေးရမှာပါ” ဟု ၎င်းက ပြောသည်။
ရုရှားက လက်ရှိတွင် ပုစွန်တစ်ခုတည်းကိုသာ လိုချင်သည့်အတွက် ပုစွန်ထုတ်လုပ်သည့် ဒေသများမှ ပုစွန်ကို အများဆုံးတင်ပို့မည်ဖြစ်ကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ပုစွန်များကို အဓိကတင်ပို့မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးရှိ ပနားမီးပုစွန်ဖြူများသည် တရုတ်ပွဲစားများထံတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀၀ ဝန်းကျင်ခန့် ပေါက်ဈေးရှိသည့်အတွက် ရုရှားသို့ တင်ပို့ရာတွင် ထိုပေါက်ဈေးထက် ပိုများမှသာ တင်ပို့မည့် သူများအတွက် ကိုက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးသက်စိုးက CNI သတင်းဌာနသို့ ပြောသည်။
"ဈေးနှုန်းက သူတို့ buyer က ပေးတဲ့အပေါ်မှာ ကျနော်တို့က တောင်းဆိုရမှာပေါ့။ buyer က ဘယ်လောက် ပေးမယ်။ ကျနော်တို့ကတော့ ဘယ်လောက် ရောင်းနိုင်တယ်။ ဥပမာ ဒေါ်လာ ၆၀၀၀ နဲ့ သူပေးမယ်။ ကျနော်တို့က ၇၀၀၀ ဆိုတယ်၊ ၈၀၀၀ ဆိုတယ်။ ကျနော်တို့ဒီမှာ မွေးမြူတဲ့ ကုန်ကျစရိတ်နဲ့ တွက်ချက်ပြီးတော့။ ဒါမှမဟုတ် သူတို့က ကျနော်တို့ကို ဈေးဖွင့်ခိုင်းရင်လည်း ဖွင့်ခိုင်းမှာပေါ့။ ဥပမာ သူတို့က တရုတ်ထက် ဈေးနည်းနေမယ်ဆို transport charges က ပိုများမယ်လေ။ တရုတ်ပြည်ထက် သူတို့က ဈေးများမှ ပို့လို့နိုင်မှာပေါ့။ အဓိကကတော့ ဈေးကွက်က အဲဒီလိုပဲဖြစ်မှာ။ များတဲ့လူ ရောင်းရမှာပဲလေ။ transport charges နဲ့ တွက်ချက်ပြီးတော့မှ သူတို့ ဈေးတွက်လို့ရမှာပေါ့။ အဲဒီမှာ ကွန်တိန်နာတစ်လုံးတင်ပို့ရင် ဘယ်လောက် ကုန်ကျမှုရှိမယ် သင်္ဘောလိုင်းနဲ့ပေါ့။ အဲဒီလိုတွက်ချက်မှုပါမှ ဒီက ဈေးခေါ်လို့ရမှာ” ဟု ၎င်းက ပြောသည်။
တရုတ်သို့ တင်ပို့ရာတွင် တစ်နှစ်လျှင် တန်ချိန် ခုနှစ်ထောင် မှ ရှစ်ထောင်ခန့် တင်ပို့နိုင်ခဲ့ကြောင်းနှင့် တရုတ်သို့ တင်ပို့ရာတွင် ပွဲစားများမှ တဆင့်သာ တင်ပို့ရခြင်းဖြစ်သည့်အတွက် တရားဝင် တိုက်ရိုက်တင်ပို့ခွင့်ရရန် လုပ်ဆောင်နေကြောင်းလည်း သိရသည်။

တနင်္သာရီတိုင်းဒေသထွက် ပုစွန်များ
လက်ရှိတွင် ရုရှားသို့ ရေထွက်ကုန်တင်ပို့ရာတွင် ရေလမ်းကြောင်းဖြင့်သာ တင်ပို့မည်ဖြစ်ပြီး ထိုသို့ တင်ပို့သည့် အခါတွင် ဈေးကွက်ပေါ်မူတည်ကာ မြန်မာနိုင်ငံရှိ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုးချဲ့မွေးမြူနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သတင်းဌာနသို့ ပြောသည်။
“အရင်ဦးဆုံး ဈေးကွက်ပေါ့နော်။ ဈေးကွက်ရပြီးရင်တော့ အကုန်လုံးကို လုပ်ခိုင်းလို့ရတာပေါ့နော်။ ဈေးကွက် မရသေးဘဲနဲ့ ဈေးကွက်မသေချာသေးဘဲနဲ့တော့ လောလောဆယ်တော့ လုပ်ဖို့အစီအစဉ် မရှိသေးဘူးပေါ့။ ထုတ်နေတဲ့လူတွေပဲ ပုံမှန်ထုတ်နေတာပေါ့။ ရုရှားတစ်ခုတည်းမဟုတ်ဘူးပေါ့နော်။ ကျန်တဲ့ဈေးကွက်တွေလည်း ကျမတို့လုပ်ရမှာပေါ့။ ဖွင့်နိုင်အောင်လို့ လုပ်ပြီးတော့မှ ဈေးကွက်တွေအားလုံးကို နိုင်ငံတော်နဲ့ ပူးပေါင်းပြီးတော့ ငါးလုပ်ငန်းအဖွဲ့ချုပ်က ဆောင်ရွက်ရမှာပေါ့။
ဈေးကွက်တွေအားလုံးက ဘယ်ဈေးကွက်မှာ ဘယ်လောက်လိုတယ် ဆိုတာ သိလိုက်လို့ရှိရင်တော့ ကျမတို့လည်း master plan တွေ ဆွဲလို့ရတာပေါ့နော်။ အခုတော့ ဈေးကွက် အနေအထားမျိုးက ကိုယ့်ဘက်ကလည်း မပြောနိုင်သေးတဲ့အတွက်ကြောင့် မွေးမြူတဲ့လူတွေကို ပုံမှန်ပဲ မွေးနေ တာပေါ့နော်။ တိုးချဲ့ပြီးမွေးတယ်ဆိုတာ မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ပနားမီးပုစွန်ဖြူများအား လက်ရှိ၌ ဧကနှစ်ထောင်ကျော် မွေးမြူနေခြင်းဖြစ်ပြီး ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ဧက (၆) သောင်းကျော် ထပ်မံ တိုးချဲ့ မွေးမြူရန် လျာထားကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1311
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅
မြန်မာ့ထောပတ်သီးကို တင်ပို့ရန်အတွက် ဟောင်ကောင်၊ ဒူဘိုင်း၊ စင်င်္ကာပူ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ အမှာစာ များ ရရှိထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီး တင်ပို့ ရောင်းချသူများ အသင်းထံမှ သိရသည်။
လက်ရှိတွင် နိုင်ငံတချို့က ပေ ၄၀ ကွန်တိန်နာတစ်လုံး စမ်းသပ်တင်ပို့ရန် ကမ်းလှမ်းထားကြောင်း၊ ထို့နောက် ပျက်စီးဆုံးရှုံးမှု ပမာဏနှင့် ထောပတ်သီး အရည်အသွေးကို သိရှိရန်အတွက် မှာယူသည့် နိုင်ငံတစ်နိုင်ငံချင်းစီကို ထောပတ်သီး တစ်တန်စီ စတင်စမ်းသပ်တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး တင်ပို့ရောင်းချသူ များအသင်း အတွင်းရေးမှူး ဦးကျော်စိုးမင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အမှာစာတွေ အများကြီး ရရှိထားတယ်။ ကျနော်တို့ ပို့ဖို့ အကြိတ်အနယ် ဆွေးနွေးပြီးမှ အနည်းဆုံးတော့ ကျနော်တို့ စမ်းသပ်တင်ပို့တဲ့ နိုင်ငံတိုင်းကို ကျနော်တို့ ပို့ဖို့ ကြိုးစားနေတယ်။ အဲဒါမှ ကျနော်တို့ နောက်နှစ်အတွက် အဆင်သင့် ဖြစ်မှာပေါ့နော်။ ဒီနှစ် အနည်းဆုံး မပို့နိုင်ခဲ့ရင်တောင်မှ ကျနော်တို့ ကြံစည်ထားတာပေါ့။ တချို့ဆီက ပေ ၄၀ ကွန်တိန်နာကို တောက်လျှောက် ပို့ခိုင်းတယ် စမ်းသပ်တောင်မှ တစ်တန်ကို အားမရဘူး။ တစ်တန်နဲ့တော့ မလုပ်ဘူး အဲလိုလူတွေလည်း ရှိတယ်။ အဲဒါကို ပို့မလားဆိုတာ ကျနော်တို့ ဆွေးနွေးနေတုန်း ရှိသေးတယ်။ အခု လက်ရှိက ဟောင်ကောင်က ကွန်တိန်နာ တစ်လုံးလောက် ပို့ခိုင်းတယ်။ ဒူဘိုင်းကလည်း တစ်ပတ်ကို ၁၅ တန် လောက် လိုချင်တာ ကွန်တိန်နာ တစ်လုံး လိုချင်တာ။ ဒါပေမယ့် ကျနော်တို့ဘက်က အခြေအနေက သူတို့က ယတိပြတ် ဘာမှ မပြောနိုင်ဘူးပေါ့။ ၁၇ ရက်နေ့ကျ ဆွေးနွေး၊ ကုမ္ပဏီဘက်က ဘယ်လိုရှိလဲ၊ အားလုံးက ဝိုင်း ပို့မလား အဲလိုတော့ ကျနော်တို့ ဆုံးဖြတ်ရမယ်ပေါ့။ simple တော့ အနည်းဆုံး တစ်တန်တော့ ပို့မှာ ကျနော်တို့က မှာထားတဲ့ဟာတွေကို။ အဲတော့မှ ကျနော်တို့က ဘယ်လောက်ပျက်စီး၊ ကျနော်တို့ quality က ဘယ်လောက် ရှိတယ်ဆိုတဲ့ standard ကို ကျနော်တို့ ရမှာလေ” ဟု ပြောသည်။

မြန်မာ့ထောပတ်သီး အပင်ကိုတွေ့ရစဉ်(GETTY IMAGES)
မြန်မာ့ထောပတ်သီးကို ပြီးခဲ့တဲ့ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ပြင်သစ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ပြုလုပ်ခဲ့သည့် အစားအသောက် အသီးအနှံပြပွဲများသို့ သွားရောက်ပြသခဲ့သည်။
ထို့နောက် ဟောင်ကောင်၊ စင်င်္ကာပူ၊ ဒူဘိုင်း၊ ထိုင်း၊ အိန္ဒိယနိုင်ငံတို့မှ မြန်မာ့ထောပတ်သီးကို စိတ်ဝင်စားခဲ့ကြ ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမမ် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။
၎င်းက “ထောပတ်သီးကတော့ အခုနောက်ပိုင်းမှ စီးပွားဖြစ် စိုက်တာပေါ့နော်။ အခု ထွက်လာတဲ့အချိန်မှာ ဈေး ကွက် ကလည်း တရုတ်နဲ့ကလည်း GACC မှာ မပါသေးဘူးပေါ့နော်။ ကျန်တဲ့ ထိုင်းတို့၊ အိန္ဒိယတို့နဲ့ ရောင်းနေတယ် ဆိုတာကလည်း ကျနော်တို့ နယ်စပ်ကနေပြီးတော့ အောက်လမ်းကနေ ရောင်းရတဲ့ပုံစံမျိုး ဖြစ်နေတာပေါ့နော်။ တရားဝင် ဈေးကွက်တစ်ခု မရသေးဘူးပေါ့။ မရသေးတဲ့အချိန်မှာ EU လိုဟာမျိုးကို ပြနိုင်ပြီး။ ပြနိုင်တယ်ဆိုတာက အသီးတွေလည်း ပါသွားတယ်၊ လူတွေလည်း သေချာရှင်းပြပြီး သေချာလုပ်ပြနိုင်တဲ့အတွက် ဈေးကွက်တစ်ခု ရသွားတာပေါ့နော်။ အဲဒီအတွက် အကျိုးရှိတယ်ပေါ့နော်။ အဲဒီတုန်းက သွားတာက ၂ ပွဲပေါ့နော်။ တစ်ပွဲက ပြင်သစ် မှာ၊ တစ်ပွဲက ထိုင်းမှာပေါ့။ ၂ ပွဲလုံးမှာ ဝယ်လက်တွေ တော်တော်များများ ရခဲ့တယ်ပေါ့နော်။ နိုင်ငံအစုံပဲ။ အဲဒီရတဲ့ ဝယ်လက် အကုန်လုံးကို လက်ရှိထွက်တဲ့ ထောပတ်သီးက ပို့နိုင်ဖို့ ကုန်မရှိဘူးပေါ့နော်။ အဲလောက်ထိကို အောင်မြင်ခဲ့တာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြင်ဦးလွင်မြို့ကိုတွေ့ရစဉ်
လက်ရှိတွင် မြန်မာ့ထောပတ်သီးကို နယ်စပ်ကုန်သွယ်ရေးမှတဆင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကို တင်ပို့လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ထောပတ်သီး တန်ချိန် ၁၀၀၀ ထွက်ရှိလျက်ရှိကြောင်း သိရသည်။
လာမည့် ၂၀၂၅ ခုနှစ်တွင် ထောပတ်သီး ထွက်ရှိမှုနှုန်းသည် လက်ရှိထက် ပိုမိုများပြားလာနိုင်ပြီး တင်ပို့မှု ပမာဏ ထက် ပိုလျှံသွားမည်ဟု ထောပတ်သီး လုပ်ငန်းရှင်များက ပြောသည်။
ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်) တို့တွင် အများဆုံး စိုက်ပျိုးကြသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံ၊ လွိုင်လင်တို့တွင် စိုက်ပျိုးကြပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်)တို့မှာ စိုက်ပျိုးကြကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1100
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀
ပြည်တွင်း ရော်ဘာဈေးကွက်တွင် ယခုတစ်ပတ်အတွင်း၌ အဝယ်လိုက်လာပြီး ဈေးနှုန်းများ မြင့်တက်လျက် ရှိနေ ကြောင်း ရော်ဘာခြံပိုင်ရှင်နှင့် ရော်ဘာလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
ရော်ဘာ ဈေးနှုန်းများသည် ယခုတစ်ပတ်တွင် အနည်းငယ် ပြန်လည် ဦးမော့လာခဲ့ခြင်းဖြစ်ပြီး တစ်ပေါင်လျှင် ၁၃၃၀ ကျပ်အထိ ဈေးနှုန်းရရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်မှ ရော်ဘာစိုက်တောင်သူ မအိက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီရက်ပိုင်းမှာ ဈေးတွေ နည်းနည်း ပြန်ကောင်းလာတယ်။ အဝယ်နည်းနည်း ပြန်လိုက်လာတယ်။ ဒီ တစ်ပတ်ထဲမှာ စစဖွင့်တဲ့ နေ့မှာက ၁၂၇၀၊ ၁၂၅၀ ကနေ ၁၃၃၀ အထိ ဖြစ်သွားတယ်။ ဒီအချိန်က ပစ္စည်းအထွက် များတဲ့အချိန်၊ လှိုင်တဲ့အချိန်ပေါ့။ ပစ္စည်းလှိုင်တဲ့ အချိန်မှာ ပုံမှန်ဆိုရင်တော့ ဈေးက မတက်ဘူး။ ဈေးမကစားဘူး။ ပုံမှန်ဈေးပဲ သွားတာပေါ့။ အခုကကျတော့ အတက်ဆိုလည်း အတက်ကြမ်းတယ်။ အကျဆိုလည်း အကျကြမ်း တယ်။ လွန်ခဲ့တဲ့ တစ်ပတ်က ဈေးအရမ်းကျတော့ ပစ္စည်းတွေကို မရောင်းနိုင်ဘူး။ ထုတ်လုပ်မှု ကုန်ကျစရိတ် လည်း များတယ်လေ။ ပစ္စည်းမရောင်းနိုင်ဘူး သိမ်းထားကြတယ်။ ဈေးနည်းနည်း ပြန်ကောင်းလာတော့ ပြန်ပြီး တော့ သိမ်းထားတဲ့ဟာတွေ ပစ္စည်းတွေ ပြန်ထွက်လာတာပေါ့” ဟု ပြောသည်။

ရော်ဘာကို အခြောက်ခံထားစဉ် (WWF)
မြန်မာပြည်တွင်း ရော်ဘာဈေးနှုန်းများသည် ကမ္ဘာ့ရော်ဘာဈေးနှုန်းနှင့် ပြည်တွင်း ဒေါ်လာဈေးနှုန်း အပြောင်း အလဲပေါ် မူတည်၍ ဈေးနှုန်းများ အတက်အကျ ရှိကြောင်း ရော်ဘာလုပ်ငန်းရှင်များက ပြောသည်။
လက်ရှိ ရော်ဘာဝယ်ယူမှု များပြားလာခြင်းသည် ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များနှင့် ကုန်သည်များက သိုလှောင်ရန်အတွက် ဝယ်ယူလာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
သို့သော် လှောင်ထားသူများသည် အလုပ်သမားစရိတ် ရှိခြင်းနှင့် ရော်ဘာများကို အခြောက်ပြန်ခံရန်အတွက် အသုံးပြုသည့် လောင်စာဆီများ ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် ဈေးလျှော့ပြီး ဝယ်ယူမှုများ ရှိကြောင်း မွန် ပြည်နယ်၊ ပေါင်မြို့နယ်မှ ရော်ဘာလုပ်ငန်းရှင် ဦးဘုန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီနှစ် ဈေးကောင်းတာပေါ့။ ဘယ်လောက်လောက် ကွာခြားလဲဆိုတော့ ၂၀၀ လောက်ကွာတယ်။ ဒါပေမယ့် ဒီနှစ်ကျတော့လည်း အလုပ်သမားတွေ ဈေးကြီးတယ်၊ လောင်စာတွေ ဈေးကြီးတဲ့ အခါကျတော့ အဝယ်ဒိုင်တွေက တအားလျှော့ထားတာပေါ့။ တစ်ပေါင်ကို ၂၀၀ လောက်အကွာကို လျှော့ထားကြတယ်။ ဈေးကွက်မှာ ၁၃၀၀ လောက် ရှိတယ်ဆိုရင် တောင်သူကို သူတို့ပေးတာ ၁၁၀၀ လောက်ပဲ သူတို့ပေးတယ်” ဟု ပြောသည်။

ရော်ဘာစီးကို သယ်နေစဉ် (WWF)
ထို့နောက် ယခုနှစ်တွင် ရော်ဘာစိုက်ပျိုးထားသည့် ဧကများ တိုးမြင့်လျက်ရှိနေပြီး ရော်ဘာထွက်ရှိသည့် ဧက လည်း ယခင်နှစ်ထက် တိုးတက်လာခြင်းကြောင့် ပြည်ပသို့ တင်ပို့မှု မြင့်တက်လာနိုင်ကြောင်း ရော်ဘာစိုက်ပျိုး ထုတ်လုပ် ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မူဝါဒတွေက ခဏခဏ ပြောင်းနေတော့ ပြောရဆိုရတာ နည်းနည်းတော့ ခက်တယ်။ ဒါပေမယ့် ဘာပဲ ပြောပြောပေါ့နော်၊ အထွက်တွေ အထွက်တိုးလာမယ်။ တင်ပို့မှုတွေ မြင့်တက်လာမယ်လို့တော့ ခန့်မှန်းရပါတယ်။ နောက်ထပ် တိုးထွက်လာမယ့် ဧကတွေ ရှိမယ်။ ဥပမာ ကျနော်တို့ အခု အစီးလှီးနေတဲ့ ဧကက ၈ သိန်းလောက် ရှိတယ်။ နောက်ထပ် တိုးထွက်လာမယ့် ဧကက ၈ သိန်းခွဲကျော်လောက် ရှိတယ်။ အဲတော့ ၈ သိန်းခွဲ လောက် ဆိုတော့ ၈ သိန်းလောက်ထွက်တဲ့ တန်နဲ့ ၈ သိန်းခွဲက ထွက်တဲ့တန်နဲ့ ၈ သိန်းခွဲက ထွက်တဲ့တန်က မြင့်လာမှာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရော်ဘာကို မွန်ပြည်နယ်တွင် အများဆုံး စိုက်ပျိုးပြီး တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ တွင်လည်း စိုက်ပျိုးကြသည်။
မြန်မာနိုင်ငံ တစ်ဝှမ်းတွင် ရော်ဘာစိုက်ဧက ၁ သန်း ၆ သိန်းကျော်ရှိပြီး ရော်ဘာ အစီးလှီးနေပြီဖြစ်သည့် ဧကသည် ၈ သိန်းခွဲရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1045
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀
ရုရှားနိုင်ငံသို့ နှစ်နိုင်ငံအစိုးရချင်း G to G စနစ်ဖြင့် ရေထွက်ကုန်တင်ပို့ရန် MOU လက်မှတ်ရေးထိုးထားပြီး ဖြစ်ကာ ထိုသို့ တင်ပို့ရာတွင် ပုစွန်အား အဓိကအများဆုံး တင်ပို့နိုင်ခြေရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သတင်းဌာနသို့ ပြောသည်။
ရုရှားနိုင်ငံတွင် ပုစွန်လိုအပ်သည့်အတွက် ပနားမီးပုစွန်ဖြူအား ရောင်းချနိုင်သည်ဟု ကမ်းလှမ်းခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သို့ ပြောသည်။
“ပုစွန်ဖြူပေါ့နော်။ ပနားမီးပေါ့။ ရေငန်မှာမွေးရတာပါ။ ငါးကတော့ သူတို့မှာရှိတယ်။ ပုစွန်ကျတော့ သူတို့ မွေးလို့မရဘူး။ သူတို့ဘက်က ရာသီဥတုက အရမ်းအေးတဲ့အခါကျတော့လေ။ ပုစွန်ကိုတော့ သူတို့ ပိုပြီး လိုတဲ့သဘောမျိုး ကျမတို့ သွားရင်းနဲ့ လေ့လာတာပေါ့။ အဲဒါကြောင့်မို့လို့ ပုစွန်ကိုတော့ ဒီဘက်ကလည်း ရောင်းပေးနိုင်တယ်ဆိုတာ ပြောခဲ့တာပေါ့။ ပုစွန်အများဆုံး တင်ပို့ဖြစ်မယ်။ တခြားငါးတွေဘာတွေ သူတို့ လိုအပ်တယ်ဆိုရင် ကျမတို့ တင်ပို့လို့ရပါတယ်။ ဒါပေမယ့် လောလောဆယ် အဓိကကတော့ ပုစွန်ပဲ ဖြစ်ဖို့ များပါတယ်။ သွားမယ်ဆိုရင်တော့ သွားနိုင်တဲ့ အနေအထားမျိုး ရှိနေတယ်။ ဘာလို့လဲဆိုတော့ ပုစွန်ဖြူကလည်း အမြဲတမ်းမွေးပြီးတော့ တင်ပို့နေတဲ့ ဟိုဥစ္စာ ပေါ့နော်။ အဲဒါကြောင့်မို့လို့ သူတို့ဘက်ကနေ protocol က ကျမတို့ လုပ်စရာမလိုဘူး။ ကျမတို့ လုပ်ထားတဲ့ protocol တွေကို သူတို့လက်ခံတယ်ဆိုရင်တော့ ချက်ချင်းပို့ ဆိုရင် တောင်မှ ပို့လို့ရတဲ့ အနေအထား ရှိပါတယ်။ သူတို့ဘက်က ဝယ်မယ့်လူရယ် ကျမတို့ဘက်က ရောင်းမယ့် လူရဲ့ အပေါ်မှာ မူတည်ပြီးတော့ ဒီကနေ ဘယ်လောက်ထုတ်ပေးနိုင်လဲ။ သူတို့ကလည်း ဘယ်လောက်ဝယ်နိုင်လဲ ဆိုတဲ့ အပေါ်မှာပဲ စကားပြောသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် နှစ်နိုင်ငံအစိုးရချင်း G to G စနစ်ဖြင့် ရေထွက်ကုန်တင်ပို့ရန် MOU လက်မှတ်ရေးထိုးထားပြီး ဖြစ်သော်လည်း လုပ်ဆောင်ရန် လုပ်ငန်းဆောင်တာများ ကျန်ရှိနေသေးပြီး ရုရှားသို့ ရေထွက်ကုန်တင်ပို့ရာတွင် မည်သည့်ငွေကြေးဖြင့် ဈေးနှုန်းသတ်မှတ်မည်ဆိုသည်ကိုလည်း ဆွေးနွေးရဦးမည်ဖြစ်ကြောင်း သိရသည်။

မြိတ်သဘာဝပင်လယ်ပိုက် ပုဇွန်ဖြူ
ပနားမီးပုစွန်ဖြူများသည် မြိတ်ကျွန်းစုဒေသထွက်များဖြစ်ပြီး ယခုကဲ့သို့ G to G စနစ်ဖြင့် တင်ပို့ရမည်ဆိုပါက မွေးမြူရေးလုပ်ငန်းများလည်း တိုးချဲ့လုပ်ကိုင်လာနိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးသက်စိုးက CNI သတင်းဌာနသို့ ပြောသည်။
“သူတို့ဆီ ဈေးကွက်ဖောက်နိုင်ရင်တော့ လုပ်ငန်းရှင်တွေ တိုးချဲ့မွေးမြူနိုင်တာပေါ့။ ပြီးတော့ နိုင်ငံတော်ကလည်း အခွန်အခတွေ ပိုရလာမှာပေါ့။ ပြီးတော့ ဒီမှာရှိတဲ့ ဒေသခံတွေလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုရလာ နိုင်တယ်ပေါ့။ ရုရှားကတော့ အခုမှ ထိုးဖောက်ကြည့်မှာပေါ့နော်။ အခုမှသူတို့တင်ပို့ကြည့်မယ် စမ်းသပ် အဆင့်ပဲ ရှိသေးတာ။ တရုတ်ကတော့ ဝယ်တယ်။ အရင်ကတည်းက ဝယ်တယ်။ တရားဝင် အစိုးရချင်း G to G ပေါ့။ ထိုးပြီး တော့ တင်ပို့မယ်ဆို ဒေသခံတွေ ပိုက်ဆံပိုရမှာပေါ့။ ဈေးနှုန်းပိုရမှာပေါ့။သူ့ရဲ့ ဈေးကွက်ကတော့ ဒီမှာ လက်ရှိ ကတော့ တရုတ်ကိုတဆင့်ခံပေါ့နော်။ တရုတ်တိုက်ရိုက်တော့ တင်လို့ မရသေးဘူးပေါ့။ တရုတ်ပွဲစားတွေကနေ တဆင့်တင်နေရတဲ့ အဆင့်တော့ရှိတာပေါ့။ အခုက တဆင့်ခံ ပွဲစားရောင်းနေရတော့ ဈေးနှုန်းက ကိုယ်ခေါ်တဲ့ ဈေးမရဘူးပေါ့။ သူတို့ပေးတဲ့ဈေးပဲ ဖြစ်နေတာပေါ့။ တိုက်ရိုက် တင်လို့ရအောင်လည်း မနက်ဖန်ဆို တရုတ် စီးပွားရေး သံမှူးတွေ မြိတ်ကိုလာလိမ့်မယ်။ သူတို့အဖွဲ့တွေက လာစစ်ဆေးပြီးတော့ နှစ်နိုင်ငံပေါ့ GACC ဘာညာ ခွင့်ပြုပြီဆိုတာနဲ့ သူတို့က တင်လို့ရပြီလေ။ သူတို့ဆီကလည်း ပညာရှင်တွေလာမယ်။ သူတို့ဆီက ထောက်ခံချက် ရပြီ။ တင်ခွင့်ရပြီဆိုရင် ဒီကလုပ်ငန်းရှင်တွေကတော့ တိုက်ရိုက်တင်ခွင့်ရမှာပေါ့ တရုတ်ပြည်ထဲ။ တရုတ်ပြည်က ဈေးကွက်ကြီးတာကိုး” ဟု ၎င်းက ပြောသည်။
ပနားမီးပုစွန်ဖြူအား တရုတ်သို့ တင်ပို့ရာတွင် လက်ရှိပေါက်ဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၀၀ မှ ၆၀၀၀ ခန့်အထိဈေးရှိကြောင်းသိရသည်။

ကျွန်းစုပုဇွန်ဖြူ မွေးမြူရေး
ပနားမီးပုစွန်ဖြူများအား တနင်္သာရီတိုင်းဒေသကြီးတွင် လက်ရှိ၌ ဧက နှစ်ထောင်ကျော် မွေးမြူနေခြင်းဖြစ်ပြီး ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ဧက (၆) သောင်းကျော် ထပ်မံ တိုးချဲ့ မွေးမြူရန် လျာထားကြောင်းလည်း သိရသည်။
ပနားမီးပုစွန်ဖြူအား မွေးမြူသည့်အခါတွင် လိုက်နာကျင့်သုံးရမည့်အချက်များရှိပြီး ထိုအချက်အားလုံး ပြည့်စုံစွာ မွေးမြူမှသာ ပြည်ပသို့တင်ပို့နိုင်ခြင်း ဖြစ်သည့်အတွက် စိတ်ချလက်ချ တင်ပို့နိုင်သော အနေအထားဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သတင်းဌာနသို့ ပြောသည်။
“ကျမတို့က approve လုပ်ပြီးသားပေါ့။ protocol နဲ့ပတ်သက်ပြီးတော့ ကျမတို့ approve လုပ်ပြီးသား ကန် တွေ လည်း အဆင်သင့်ရှိပါတယ်။ နောက်ခုနကပြောတဲ့ စက်ရုံတွေလည်း အဆင်သင့်ရှိတော့ တကယ်လို့ သူတို့က နေပြီးတော့ ဒီ protocol က approve လုပ်ပြီး ကန်တို့၊ စက်ရုံတို့ကနေ ယူမယ်ဆိုရင် ချက်ချင်းပို့လို့ရပါတယ်။ ဒါက အခုမှ ကျမတို့လည်း တရုတ်နဲ့ စပြီး ဖြစ်တော့မှ ဒီ protocol တွေ ဒီ system တွေ အကုန်လုံး လုပ်ရတယ်။ နဂိုကတည်းကလည်း ကျမတို့က လုပ်ထားတယ်။ ဒါပေမယ့် ဒါတွေကို ကျမတို့က အစစ်ဆေးမခံတာပေါ့နော်။ အစစ်ခံလိုက်တော့ EU ဆိုရင် သူတို့ကိုယ်တိုင်လာလုပ်ပေးတယ် approve စက်ရုံတွေပေါ့။ အဲဒီလိုမျိုးတွေ လာလုပ်ပေးတဲ့အတွက်ကြောင့် ကျမတို့က protocol တွေကို လုပ်ထားပြီး MOU ထိုးထားလိုက်ရင်တော့ ပိုပြီးတော့ ကိုယ့်အတွက် ကိုယ့်နိုင်ငံအတွက် ပိုကောင်းတယ်။ အခု food safety ဆိုတာ တစ်ကမ္ဘာလုံးမှာ အရေးကြီးဆုံးဖြစ်နေပြီလေ။ အဲဒီတော့ ခုနပြောသလိုပေါ့။ သူတို့စိတ်ချရတဲ့ farm တွေ မွေးမြူရေးကန်တွေ၊ processing လုပ်တဲ့ စက်ရုံတွေကလည်း စိတ်ချရတဲ့ စက်ရုံတွေဆိုရင် ဒါနိုင်ငံခြား ပိုပြီးတော့ ရောင်းလို့ဝယ်လို့ ကောင်းတဲ့သဘောရှိတယ်လို့ ဆရာမအနေနဲ့ သုံးသပ်ပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံမှ ရေထွက်ကုန်များအား EU အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် လက်ရှိတွင် ပြည်ပသို့ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၀၇ သန်းကျော် ရရှိထားကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1526
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈
ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်းဝန်းကျင်ခန့် ပေါက်ဈေးရှိနေသော်လည်း စပါး စိုက်တောင်သူများအတွက် အကျိုးအမြတ် နည်းပါးနေကြောင်း လယ်သမားများနှင့် လယ်သမားအရေး ဆောင်ရွက် နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် ယခုနှစ်တွင် စပါးဈေးနှုန်း မြင့်တက်သော်လည်း စိုက်ပျိုးထားသည့် စပါးများသည် အထွက်နှုန်း လျော့ကျ နေကြောင်း၊ တခြားသော အကြောင်းများကြောင့် လာမည့် နွေစပါးစိုက်ရာသီတွင် စိုက်ပျိုးမှုနှုန်းများ လျော့ကျ သွားနိုင်ကြောင်း တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စပါးဈေးနှုန်းက မဆိုးပါဘူး။ သို့သော်လည်းပဲ သွင်းအားစု သွင်းရမယ့်အချိန်မှာ တောင်သူတွေ လက်ထဲမှာ ငွေကြေး အခက်အခဲ ရှိခြင်း၊ သွင်းအားစု ရောင်းတဲ့မြေသြဇာ ဆိုင်တို့၊ ပိုးသတ်ဆေး ရောင်းတဲ့ဆိုင်တို့က အကြွေးမရခြင်းကြောင့် သွင်းအားစုကို ပြည့်မှီအောင် မထည့်နိုင်တဲ့အတွက် စပါးအထွက်နှုန်းက ပျမ်းမျှ ၃၅ ရာခိုင်နှုန်းလောက် လျော့သွားတယ်။ ခါတိုင်း ၁၀၀ ထွက်တဲ့လယ်က အခု ၆၅ တင်းပဲ ထွက်တော့တယ်လေ။ အဲဒီ အခြေအနေကြောင့် မို့လို့ အခုလက်ရှိ စပါးရှားဖို့ အခြေအနေလည်း ရှိပါတယ်။ သွင်းအားစု မသွင်းနိုင်တာလည်း ရှိပါတယ်။ အဲဒါ ကြောင့်မို့ အခု စပါးဈေးကတော့ ကြမ်းခင်းဈေးနဲ့ ၁၂ သိန်းလောက် ရှိပါတယ်။ လက်ရှိက ဘာဖြစ်လဲဆိုတော့ အခု စပါးဈေး သင့်သော်လည်းပဲ နွေစပါးစိုက်မယ့် တောင်သူတွေက ဥပမာ တစ်နှစ်လုံးမှာ တစ်သီးပဲ စိုက်တဲ့ လယ်တွေ ကတော့ မဖြစ်မနေ ပြန်စိုက်ကြမယ်။ တစ်နှစ်မှာ စပါးနှစ်သီးစိုက်တဲ့ လယ်တွေကျတော့ သွင်းအားစုက မြေဩဇာ ရဲ့ ကုန်ကျမှုက တစ်ဧကကို အနည်းဆုံး ၅ အိတ် သွင်းရတာ ဖြစ်တဲ့အတွက် လောလောဆယ် သွင်းအားစုစရိတ်ကို ကြောက်ရတယ်။ နောက်တစ်ခါ အကြွေး အလွယ်တကူ မရတာကြောင့်မို့လို့ အဲဒီမှာတော့ စိုက်ဧကတွေ လျော့ သွား နိုင်တယ်” ဟု ပြောသည်။

စပါးခြွေနေသည်ကိုတွေ့ရစဉ်
စပါးစိုက်ပျိုးချိန်တွင် မြေဩဇာ၊ စက်သုံးဆီ၊ ပိုးသတ်ဆေး စသည့် သွင်းအားစုစရိတ်များ ကြီးမြင့်မှုကြောင့် စပါး အထွက်နှုန်းများ လျော့ကျခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်းဝန်းကျင် ရရှိသော်လည်း စပါးရိတ်သိမ်းရာ၌ လယ်တစ်ဧကလျှင် အလုပ်သမားစရိတ် အနေဖြင့် ၉ သောင်းကျပ် ကုန်ကျကြောင်း၊ ထို့ကြောင့် လယ်တစ်ဧကလျှင် စပါးတင်း ၅၀ ခန့် ထွက်ရှိမှသာ တောင်သူများအတွက် အကျိုးအမြတ် ရရှိမည်ဖြစ်ကြောင်း စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၁၂ သိန်းဈေးက တောင်သူတွေ အဖို့တော့ ဒီဈေးနှုန်းတော့ မဆိုးဘူးပေါ့။ တအားကြီးတော့ မဟုတ်ဘူးပေါ့ နော်။ အဆင်တော့ နည်းနည်း ပြေတာပေါ့။ ဒါပေမယ့် ၁၂ သိန်းသာ ပြောတယ်၊ နောက်က သွင်းရတဲ့ သွင်းအားစု စရိတ်၊ အလုပ်သမားခတွေလည်း မြင့်တယ်။ စပါးရိတ်ခဆိုရင် လယ်တစ်ဧကကို ၈ သောင်း၊ ၉ သောင်းရှိတယ်။ လယ်တစ်ဧကကို အခုက ၃၅ တင်းပဲ ထွက်တယ်ဆိုတော့ အဲဒီမှာ နေ့စားခ ရှိတယ်။ ထွန်ခ ယက်ခ ရှိတယ်ဆို တော့ မကျန်ဘူး။ ၃၅ တင်းထွက်ရင် မကျန်ဘူး။ အဲဒီမှာ လယ်တစ်ဧကကို ဥပမာ ၅၀ လောက်ထွက်ရင်တော့ သူတို့အတွက် ၁၀ တင်း၊ ၁၅ တင်း ဖိုးလောက်ပဲ ကျန်မယ်။ လယ်တစ်ဧကကို တစ်သိန်းကျော်ကျော်၊ တစ်သိန်း လောက် ကျန်မယ်” ဟု ပြောသည်။

ဆန်စပါးများကိုတွေ့ရစဉ်
ယခုရရှိသည့် စပါးဈေးနှုန်းသည် စပါးစိုက်ပျိုးချိန်၌ သွင်းအားစုစရိတ်၊ အလုပ်သမားစရိတ် စသည့် အထွေထွေ ကုန်ကျစရိတ်များ ကြီးမြင့်ခဲ့သည့်အတွက် အကျိုးအမြတ် နည်းပါးခြင်း ဖြစ်ကြောင်း တောင်သူများက ပြောသည်။
လာမည့် နွေစပါးစိုက်ရာသီတွင် စပါးစိုက်ပျိုးနှုန်းများ လျော့ကျနိုင်ကြောင်း၊ ဓာတ်မြေဩဇာများ ဈေးနှုန်း ကျဆင်း မှသာ စိုက်ပျိုးနှုန်းများ မြင့်တက်လာနိုင်သည်ဟု တောင်သူလယ်သမားများက ပြောသည်။
ယခုစပါးဈေးနှုန်းသည် ပြီးခဲ့သည့် စပါးပေါ်ချိန်တွင် ဖြစ်ပေါ်ခဲ့သော စပါးဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကျပ် ၂ သိန်းနှင့် ၃ သိန်းခန့်သာ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် စပါးအထွက်နှုန်း လျော့ကျနေခြင်းကြောင့် ယခု ဈေးနှုန်းထက် ကျဆင်းသွားနိုင်ခြေ မရှိတော့ကြောင်း လယ်သမားအရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1345
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄
ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ကုန်ပစ္စည်းများကို တင်သွင်းရာ၌ ပို့ကုန်ရရှိ ငွေနှင့် တခြားဝင်ငွေ အထောက်အထားများ ပြနိုင်မှသာ သွင်းကုန်များကို တင်သွင်းခွင့်ပြုမည်ဟု သတ်မှတ် လိုက်ခြင်းကြောင့် တရားမဝင် ကုန်သွယ်မှုများ ရှိလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး ပညာ ရှင်များက ပြောသည်။
သို့သော်လည်း အဆိုပါ သတ်မှတ်ချက်ကြောင့် တစ်ဖက်မှာတော့ ပို့ကုန်သွင်းကုန် ညီမျှမှု ရှိလာနိုင်ကြောင်း သိရသည်။
ထိုသို့ ပို့ကုန်ရငွေကို တင်ပြနိုင်မှသာ ကုန်စည် တင်သွင်းခွင့် ရမည်ဆိုခြင်းကြောင့် ပို့ကုန်တင်ပို့မှုများလည်း မြင့် တက်လာနိုင်ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုတွေ့ရစဉ်
၎င်းက “ပို့ကုန်အရင်ပို့ အဲကနေ ရတဲ့ငွေကို ပို့ကုန်ပြန်သွင်း အဲဒီစနစ် အခု ထိုင်းနယ်စပ်မှာ လုပ်တာပေါ့လေ။ ဘာကြောင့် ထိုင်း နယ်စပ်ကုန်သွယ်ရေးကို သွားလုပ်လဲ မသိဘူး။ နယ်စပ်ကုန်သွယ်ရေးဆိုတာ အဲလိုမျိုး ပိတ်လို့ ရှိရင် အခုက Import ကို ကန့်သတ်လိုက်တဲ့ သဘောပေါ့။ ကန့်သတ်လိုက်ရင် မှောင်ခိုတွေက ဝင်လာမှာပဲ။ Border Trade က မှောင်ခိုဝင်ဖို့ အလွယ်ဆုံးပဲ။ ဘာလို့ဆို နယ်စပ်မှောင်ခို လမ်းကြောင်းတွေက အများကြီးလေ။ ဆိုတော့ မှောင်ခိုဘက်မှာတော့ အများကြီး တက်လာမှာပဲ။ အဲဒီမှောင်ခိုကို ဒီဘက်က ဘယ်လို ပြန်ထိန်း မလဲပေါ့ လေ။ တစ်ဖက်က ကြည့်ရင်တော့လည်း ဒါသည် Export ကို အားပေးတာပေါ့။ ဘာလို့လဲဆိုတော့ Export သမား က သူက Import သမားက Export earning ဝယ်ရတော့မယ်လေ။ ဝယ်ရတော့မယ်ဆိုတော့ Export earning ဈေးက တက်သွားမှာပေါ့။ အဲဒီ Export earning ဈေးက ကောင်းလို့ရှိရင် Export သမားက များများပို့မှာပေါ့။ ကောင်းကျိုးကတော့ Export တက်လာနိုင်တယ်။ နောက်တစ်ခု Trade မှာ balance ဖြစ်သွားနိုင်တာပေါ့။ Export ရှိမှ Import လုပ်ရမယ်ဆိုတော့။ Import တွေ မဟားတရား လုပ်လို့မရဘူး။ ကုန်သွယ်မှု ပိုငွေ၊ လိုငွေမှာလည်း နည်းနည်းသက်သာသွားမယ် လိုငွေပြတဲ့ဟာ သက်သာသွားမယ်။ နောက် Export သမားတွေကိုလည်း အားပေးရာ ရောက်တယ်။ မကောင်းတဲ့ အချက်ကတော့ Import က မှောင်ခိုတွေ များလာမှာပေါ့” ဟု ပြောသည်။
ပို့ကုန်ရငွေ ပြနိုင်မှ သွင်းကုန် တင်သွင်းခွင့်ပြုသည့် စနစ်ကို ပြီးခဲ့သည့် ၁၉၉၇ ခုနှစ် ဦးသန်းရွှေ လက်ထက်တွင် ကျင့်သုံးခဲ့ကြောင်း၊ ထိုအချိန်က ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင်သာ လုပ်ဆောင်ခဲ့ရာ အောင်မြင်ခဲ့ပြီး ကုန်သွယ်ရေးပိုငွေပင် ပြခဲ့ကြောင်း၊ ယခု ထိုစနစ်ကို နယ်စပ်ကုန်သွယ်ရေးတွင် ပြန်လည် ကျင့်သုံးခြင်း ဖြစ် ကြောင်း သိရသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်ရေး သင်္ဘောကိုတွေ့ရစဉ်
ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင် မှောင်ခိုတင်သွင်းရန် မလွယ်ကူကြောင်း၊ နယ်စပ်ကုန်သွယ်ရေးတွင် မှောင်ခိုလမ်းကြောင်းများ များစွာရှိကြောင်း၊ ထို့ကြောင့် စစ်ဆေးရေးဂိတ်များတွင် တင်ပို့မှု လိုင်စင်များနှင့် ကုန်စည်များကို သေချာစစ်ဆေးရန် လိုအပ်ကြောင်း အထက်ပါစီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မှောင်ခိုကတော့ မှောင်ခိုလမ်းကြောင်းတွေကို ထိန်းပေါ့။ နောက်ဆုံး ပြည်မထဲ ဝင်လာတဲ့အထိ ဒီဘက် မရမ်းချောင်ဂိတ်တို့၊ ပဲခူးအဝင်ဂိတ်တွေ ဘာတွေ ရှိတယ်လေ။ အဲဒီမှာ တစ်ခါတည်း Export လိုင်စင် ပါမပါ၊ သွင်း လာတဲ့ ကုန်တွေ ပါမပါ စစ်ရတော့မှာပေါ့။ Trade ကတော့ နည်းနည်း နှောင့်နှေးသွားမှာပေါ့လေ။ နှောင့်နှေးသွား မယ် ဒါပေမယ့် အဲလိုလုပ်မှ ရမယ်။ ဒါပေမယ့် ဘာကြောင့် Border Trade ကို သွားလုပ်လဲပေါ့လေ။ အမှန်က Normal Trade, Over sea trade ကို လုပ်ရမှာ။ Over sea trade ကို Export ရှိမှ Import သွင်းခွင့် ပြုမယ်လုပ်ရင် ဒီ Over sea က ဘယ်သူမှ တောလမ်းကနေ လာလို့ မရတော့ဘူးလေ။ ပင်လယ်ကြီးကို ဖြတ်လာရမှာ။ ဆိပ်ကမ်းရှိ တဲ့ ဆိပ်ကမ်းကို မဖြတ်ဘူးဆိုလို့ရှိရင် သူတို့ ဘယ်လိုမှ ဖြတ်လို့မရဘူး။ အရင်တုန်းက အောင်မြင်တယ်ဆိုတာ အရင်တုန်းက Normal Trade ကိုလုပ်တာ။ Border Trade ကို လုပ်တာ မဟုတ်ဘူး။ ဆိုတော့ အရင်တုန်းက အောင်မြင်တယ် ၁၉၉၇ နောက်ပိုင်းပေါ့။ ၉၇ နောက်ပိုင်းမှာ လုပ်တဲ့ဟာ အောင်မြင်တယ်။ အဲဒီနောက်ပိုင်းမှာ လုပ်တဲ့ဟာက ၄/၅ နှစ်လောက် မြန်မာပြည်က ကုန်သွယ်မှု ပိုငွေတောင် ပြနေသေးတယ်။ ဒါပေမယ့် အဲဒီစနစ် ပယ်ဖျက်လိုက်တာ လိုငွေပြတာ အခုချိန်ထိပဲ” ဟု ပြောသည်။
ထို့နောက် ယခုကဲ့သို့ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်ပြီး ကန့်သတ်လိုက်ခြင်းသည် ပို့ကုန်လုပ်ငန်းရှင်များအတွက် ပို၍ အကျိုးရှိနိုင်ကြောင်း၊ ထို့နောက် သွင်းကုန်တင်သွင်းမှုများလည်း လျော့နည်းသွားနိုင်ကြောင်း သုံးသပ်မှုများ လည်း ရှိသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကို တွေ့ရစဉ်
တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ကုန်သည် ဦးတင်မြင့်က “အဲဒါကတော့ ပို့ကုန်လုပ်ငန်းရှင်တွေကပဲ သွင်းကုန် သွင်းလို့ ရမယ်ဆိုတော့ သူတို့အတွက်ကတော့ အကျိုးရှိသွားတာပေါ့။ ဒါပေမယ့်လို့ ဒါက ပြည်ပကုန်သွယ်ရေးကို ပိုပြီးတော့ တင်းတင်းကြပ်ကြပ် ထိန်းချုပ်တဲ့သဘောပဲ။ ပိုဆိုးသွားမှာပေါ့ အခြေအနေကတော့။ ပို့ကုန်လုပ်ငန်းရှင် တွေကတော့ သူတို့ပို့ကုန်က ပိုက်ဆံရရင် အဲဒီရတဲ့ ပိုက်ဆံကနေ ပြန်ပြီးတော့ သွင်းကုန်အနေနဲ့ သွင်းလို့ရမယ်။ ဒါကလည်းပဲ ဒေါ်လာကို အစိုးရဆီကနေပြီးတော့ မထွက်ဘဲနဲ့ ရတဲ့ဒေါ်လာထဲကနေပဲ အစိုးရကို သွင်းပြီးတဲ့နောက် ပိုတဲ့ပိုက်ဆံကိုပဲ သွင်းကုန်အနေနဲ့ သွင်းလို့ရမယ်ဆိုရင်တော့ သွင်းကုန် ပိုပြီးတော့ ရှားသွားမယ့် အခြေအနေ ရှိပါတယ်။ အရင်တုန်းက ဦးနေဝင်း လက်ထက်ကလည်း မှောင်ခိုဈေးကွက်က အကြီးအကျယ် ရှိခဲ့တာပဲ။ အဲလို ပုံစံမျိုးတွေ ဖြစ်လာမှာပေါ့။ တိုင်းပြည်စီးပွားရေး ကောင်းစေချင်ရင် ဗဟိုကနေ အဲလို အတင်းအကျပ် ချုပ်ကိုင်တာ မလုပ်သင့်ဘူးလို့ ယူဆတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ကုန်သွယ်ရေး၏ ၂၅ ရာခိုင်နှုန်းခန့်သာ နယ်စပ်ကုန်သွယ်ရေးမှ ရရှိခြင်းကြောင့် ယခု ကျင့်သုံးလိုက်သည့် ပို့ကုန် ရငွေ တင်ပြနိုင်မှ သွင်းကုန် တင်သွင်းခွင့်ပြုသော စနစ်သည် နယ်စပ်ကုန်သွယ်ရေးထက် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင် အသုံးပြုသင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
ထို့နောက် နယ်စပ်ကုန်သွယ်ရေးတွင် ယခုလို လုပ်ဆောင်မည်ဆိုပါက ရေတိုကာလ အတွက်သာ အထောက်အကူ ပြုနိုင်ကြောင်း၊ ရေရှည်တွင် ယခုစနစ်သည် ကုန်သွယ်ရေးကို ပိတ်ဆို့သည့်သဘော ဖြစ်နေခြင်းကြောင့် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့အစည်း(WTO)က ကန့်ကွက်လာနိုင်ကြောင်း မြန်မာ့စီးပွားရေး လေ့လာသူများက သုံးသပ်ကြ သည်။
- By CNI
- Category: စီးပွားရေး
- Hits: 1966
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃
မြန်မာနိုင်ငံမှ ထွက်ရှိသည့် မက္ကဒေးမီးယား အစေ့အဆံများကို နှစ်စဉ် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသော်လည်း ယခုနှစ်တွင် ကုန်သွယ်မှုလမ်းကြောင်း အဆင်မပြေမှုကြောင့် ပြည်ပသို့ တင်ပို့မှု မရှိကြောင်း မြန်မာနိုင်ငံ မက္ကဒေးမီးယားအသင်းထံမှ သိရသည်။
ထို့နောက် ထိုင်းနိုင်ငံမှ မြန်မာ့မက္ကဒေးမီးယား အဆံများကို အမြောက်အများ ဝယ်ယူလိုသည်ဟု ကမ်းလှမ်းလာကြောင်း၊ သို့သော် လမ်းပန်းဆက်သွယ်ရေးတွင် တည်ငြိမ်မှု မရှိခြင်းကြောင့် တင်ပို့ရာမှာ အခက်အခဲများ ရှိနေ သည့်အတွက် မတင်ပို့နိုင်ဘဲ ဖြစ်နေကြောင်း မြန်မာနိုင်ငံမက္ကဒေးမီးယားအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းအောင် ကျော်က CNI သတင်းဌာနသို့ ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ကိုတွေ့ရစဉ် (CGTN)
၎င်းက “ဘယ်မှကို မပို့ရဘူး။ မပို့ရဘူးဆိုတာက တရုတ်ဘက် ခါတိုင်းပို့တာ တရုတ်လမ်းတွေကလည်း ပိတ်တယ်။ ယိုးဒယားဘက်ကလည်း သူတို့သိပ်ပြီးတော့ အဆင်မပြေဘူးလေ ပို့ဖို့ ပြုဖို့လေ။ လမ်းကြော အခြေအနေအရရော အကြောင်းအမျိုးမျိုးပေါ့လေ။ ဒါတွေကြောင့်မို့လို့ အဆင်မပြေဘူး ပို့ရတာ။ ဒါပေမယ့် အခုဟာက သူတို့ ယိုးဒယား ဘက်က ပို့ဖို့ အဆင်ပြေပြန်တော့ ဘာဖြစ်ပြန်တုန်းဆိုတော့ သူတို့က အဆံလိုချင်တာပေါ့ အတွင်းဆံခွဲပြီးသား။ အမှာစာ မရှိဘူးဆိုတာက တရုတ်ကတော့ လမ်းကြောင်းဖွင့်ရင်တော့ ဝယ်ချင်တယ်။ ဒီကလည်း ပို့ချင်တယ်။ ဒါပေမယ့် လမ်းကြော အဆင်မပြေလို့။ ယိုးဒယားဘက်ကတော့ အခုမှ စပြီးတော့ ဖြစ်တာပါ။ အရင်တုန်းကတော့ နည်းနည်းပါးပါးပဲ ဝယ်တာ။ အခုမှ နည်းနည်း အင်နဲ့အားနဲ့ လိုချင်တဲ့အကြောင်း အကြောင်းကြားလာတာ” ဟု ပြောသည်။
မက္ကဒေးမီးယား တစ်တန်လျှင် မြန်မာကျပ်ငွေ သိန်း ၄၀ ခန့် ရရှိကြောင်း သိရသည်။
သို့သော်လည်း ကိုဗစ် ၁၉ အခြေအနေ များနှင့် လက်ရှိ ပြည်တွင်း၌ နယ်မြေတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိသည်မှာ ၃ နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ကိုတွေ့ရစဉ်
ထို့နောက် ထိုင်းနိုင်ငံက မက္ကဒေးမီးယား အဆံများကို ဝယ်ယူလိုကြောင်း ကမ်းလှမ်းလာသော်လည်း မြန်မာနိုင်ငံ၌ မက္ကဒေးမီးယားများကို ခွဲခြမ်းရန် အရည်အသွေး ကောင်းမွန်သည့် စက်ကိရိယာများ မရှိသည့်အတွက် တင်ပို့မှု မပြုလုပ်နိုင်ကြောင်း ရွာငံဒေသမှ မက္ကဒေးမီးယားစိုက်ပျိုးသည့် တောင်သူ ဦးထွန်းလင်းက ပြောသည်။
၎င်းက “သူတို့က မခွဲချင်ဘူး အတွင်းအဆံအတိုင်း လိုချင်တာပေါ့။ နောက်ပြီးတော့ အတွင်းအဆံတိုင်း ဝယ်ရင် ဈေးကတော့ ပိုမြင့်တယ်။ ဒါပေမယ့် လုပ်ရတဲ့ လူဘက်ကလည်း မလွယ်ဘူးလေ။ မလွယ်ဘူးဆိုတာက ၁ တန်ခွဲလို့ ၃၀၀ Kg တောင် မထွက်ဘူး။ တကယ့်တကယ် အကောင်းက ၂၀၀ Kg လောက်ရှိတော့ ၁၀ တန်မှ ၂ တန်လောက် ၂၀ ရာခိုင်နှုန်းလောက်ပေါ့ အဲလောက်ပဲ ထွက်တာ။ အဆံခွဲလို့ အတွင်းဆံက ကွဲသွားမယ် ကြေသွားမယ်ဆိုရင် လည်း အဲဒါမျိုးကျတော့ မဝယ်ပြန်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေသလို ခွဲရောင်းပြန်တော့လည်း အဲဒါတွေ က အဆင်မပြေတော့ကျတော့ သိပ်မလွယ်ဘူးလေ။ ရှိတဲ့စက်ကလည်း Quality မမှီဘူးလေ။ အပြင်မှာ ၁ တန်ကို သိန်း ၄၀ လောက် ပေါက်နေရင် ၁၀ တန်ဝယ်မှ သိန်း ၄၀၀ ဖိုးဝယ်မှ ၂ တန်လောက်ထွက်မယ်။ အကျိုးအကြေတွေ များသွားတော့ မကိုက်တော့ ဘယ်သူမှ မပို့ကြတော့ဘူးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မက္ကဒေးမီးယားကို ပြည်တွင်း ဈေးကွက်တွင်သာ ရောင်းချနေရပြီး အသားအရေကို ထိန်းသိမ်းပေးခြင်း ကြောင့် စားသုံးမှု များပြားလာကြောင်း သိရသည်။

မြန်မာ့ မက္ကဒေးမီးယားအသီးနဲ့ တောင်သူအမျိုးသမီးများကိုတွေ့ရစဉ် (MYANMAR NUTS MACADAMIA)
ပြီးခဲ့သည့် အောက်တိုဘာလက ပြင်သစ်နိုင်ငံ ကုန်စည်ပြပွဲတွင် မြန်မာ့မက္ကဒေးမီးယားကို အထူးစိတ်ဝင်စားမှု ရရှိခဲ့ ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ပန်းမန်စိုက်ပျိုး ရောင်းချသူများ အသင်းထံမှ သိရသည်။
မက္ကဒေးမီးယားကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ် ရွာငံ၊ ရပ်စောက်၊ နောင်ချို စသည့် ဒေသများ တွင် စိုက်ဧက ၃ သိန်းကျော် စိုက်ပျိုးလျက်ရှိကြောင်း၊ ထပ်တိုး စိုက်ပျိုးလာမှုများလည်း ရှိကြောင်း၊ (၁)နှစ်လျှင် တန်ချိန် ၁၀၀၀၀(တစ်သောင်း)နီးပါး ထွက်ရှိကြောင်း သိရသည်။
