
- By CNI
- Category: စီးပွားရေး
- Hits: 1378
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၄
နေပြည်တော်မှာ ရောင်းချနေသည့် ရွှေဒင်္ဂါးပြားများကို စက်တင်ဘာလ ၂၄ ရက်နေ့မှစတင်ပြီး ရန်ကုန်နှင့် မန္တလေး တို့တွင်လည်း ရောင်းချပေးမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်သည်။
ထိုသို့ ရန်ကုန်နှင့် မန္တလေးတို့တွင် ရွှေဒင်္ဂါးပြားများကို ရောင်းချပေးလျှင် ရွှေဈေးနှုန်းများ ဆက်လက်ကျဆင်းနိုင်ပြီး တစ်ကျပ်သားလျှင် ၂၇ သိန်းအောက်အထိ ရောက်ရှိသွားနိုင်သည်ဟု အမည်မဖော်လိုသူ ရွှေဈေးကွက် လေ့လာ သုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ဒါတော့ ရည်ရွယ်ချက်ကိုက ရွှေဈေးကျဖို့ ရည်ရွယ်ချက်လေ။ နောက်တစ်ခုက လောလောဆယ်က ဈေးကွက် ထဲမှာက ပစ္စည်းက အိုင်နေသေးတယ်။ ပစ္စည်းအိုင်နေတယ်ဆိုတာက အိန္ဒိယဘက်က အထွက်က မရှိဘူးလေ။ မရှိဘူးဆိုတာက ဟိုနေ့က မှောင်ခိုတွေကို DRI က ဖမ်းလိုက်သေးတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း အိန္ဒိယ ဘက်က အထွက်က နည်းနည်းလျော့သွားတယ်။ ဈေးကွက်ထဲမှာ ပစ္စည်းအိုင်နေတာလည်းပါတယ်။ ဝယ်လိုအား တော့ သိပ်မရှိဘူး။ ဒီနေ့ဆိုလည်း ၂၈ အောက် စဖွင့်တယ်။ ရန်ကုန်၊ မန္တလေးလည်း ရောင်းပေးပြီဆိုတော့ ရေရှည် အလားအလာကတော့ အကျများပါတယ်။ ၂၇ အောက်လောက်အထိ သွားနိုင်တယ်” ဟု သူက ပြောသည်။
ရွှေလက်ကောက်များကို တွေ့ရစဉ်
စက်တင်ဘာလ ၅ ရက်နေ့မှစတင်ပြီး နေပြည်တော်တွင် ရွှေဒင်္ဂါးပြားများကို ရောင်းချပေးခဲ့ရာ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ရွှေဒင်္ဂါးပြားအလေးချိန် ၄၅၅ ဒသမ ၇၅ ကျပ်သား ရောင်းချပေးပြီးပြီဟု သိရသည်။
ဝယ်ယူသူများအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြသပြီး ရွှေဒင်္ဂါးပြားများကို တစ်ဦးလျှင် တစ်ပြားနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး လက်ရှိတွင် တစ်ကျပ်သား ၂၇ သိန်းဝန်းကျင်ဖြင့် ရောင်းချပေးနေသည်ဟု သိရသည်။
လက်ရှိ ရွှေဈေးကွက်အတွင်းတွင် ရွှေဝယ်ယူသူ နည်းပါးနေပြီး လာရောက်ရောင်းချသူများပြားနေခြင်းနှင့် လာမည့် ဒီဇင်ဘာလတွင် ရွှေတွင်းများမှ ရွှေများထွက်ရှိလာတော့မည်ဖြစ်ခြင်းကြောင့် ရွှေဈေးနှုန်းသည် ဆက်လက် ကျနေမည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က CNI သို့ပြောသည်။
“ဈေးကွက်ကတော့ ကျနော်တို့ ဒီဇင်ဘာဆိုရင် တွင်းထဲက ရွှေတွေကလည်း ထွက်လာပြီပေါ့။ အခုလောလော ဆယ်က ကျနော်တို့ ပြန်ရောင်းတဲ့ အထည်ပျက်တွေနဲ့ပဲ ဈေးကွက်ထဲမှာ လည်ပတ်နေတာပေါ့။ အထည်ပျက် တွေကလည်း အဝင်များပါတယ်။ပစ္စည်းအဝင်များတယ်။ ဈေးကလည်း ကျတယ်။ ကျနော်တို့ အဝယ်မရှိဘူး။ အလုပ်အကိုင်တွေ ပါးတဲ့အခါကျတော့ ရွှေဝယ်ပြီး စုတဲ့သူ လောလောဆယ် နည်းတယ်ပေါ့။ နည်းတဲ့အတွက် ရွှေဈေးကတော့ ဆက်ပြီးတော့ ကျနေအုံးမှာပါပဲ” ဟု ၎င်းက ပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ရွှေဈေးနှုန်းကို အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၂၅ သိန်းအထိ ကျဆင်း သွားစေရန် လုပ်ဆောင်နေပြီး လက်ရှိတွင် ပြည်တွင်းဒေါ်လာဈေးနှုန်းနှင့် ကမ္ဘာ့ရွှေဈေးနှုန်းသည်လည်း ကျဆင်း နေခြင်းကြောင့် အဆိုပါဈေးနှုန်းသည် လာမည့်လတွင် ရောက်ရှိသွားနိုင်သည်ဟု ရွှေဈေးကွက်လေ့သာသူများနှင့် ရွှေလုပ်ငန်းရှင်များက သုံးသပ်နေကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1480
CNI News
၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ ၂၂
မြန်မာနိုင်ငံတွင် ကားစင်းလုံးငှား၍ ခရီးသွားမှုများလာခြင်းကြောင့် မြန်မာနိုင်ငံအတွင်းရှိ ကားအငှား ဝန်ဆောင်မှု လုပ်ငန်းများသည် ကားအငှားအော်ဒါများ ပြည့်လာကြောင်း ကားအငှား ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် တော်ဝင် အေးချမ်းအောင် ကုမ္ပဏီလီမိတက်မှ ဒုတိယအော်ပရေးရှင်း ဒါရိုက်တာ မအမရာခင်က CNI သတင်းဌာနသို့ ပြော သည်။
၂၀၂၀ ခုနှစ် ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းတွင် ကားအငှား ဝန်ဆောင်မှုလုပ်ငန်းများ ရပ်နားထားခဲ့ရသော်လည်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားကြသော ဧည့်သည်များသည် ကားစင်းလုံးငှား၍ သွားလာသည့်အတွက် လုပ်ငန်းအဆင်ပြေလာကြောင်း၊ ယခု သီတင်းကျွတ်ခရီးသွား ရာသီဖြစ်၍ အော်ဒါများ ပြည့်လာကြောင်း ကားအငှား ဝန်ဆောင်မှုလုပ်ငန်းများထံမှ သိရသည်။
ဒုတိယအော်ပရေးရှင်း ဒါရိုက်တာ မအမရာခင်က “ကားအသေး Saloon ကနေစပြီးတော့ Alphard တွေ၊ အန်စာတုံးတွေရော ခုသီတင်းကျွတ်အတွက်ကို ကြိုတင်ပြီးတော့ ဘိုကင်တွေ ယူနေကြတယ် စရံတွေတင်ကြ တယ်။ ဆီဈေး အရမ်းတက်တဲ့ အချိန်တွေမှာ နည်းနည်း လေးရပ်သွားတယ်။ ဒါပေမယ့် ဆီဈေးတွေက ၂၂၀၀ ၊၂၃၀၀ ပတ်ချာလည်လေးတွေဆိုတော့ ငှားတဲ့သူတွေလည်း ခုပြန်ပြီးတော့ လိုက်လာတယ်။ အခု သီတင်းကျွတ် အတွက်ကို ကြိုရောင်းတာတော့ တော်တော်ကြီးကို အရင်ထက်ကိုတော့ ပိုပြီးတော့ ခရီးစဉ်လေးတွေလည်း များ တယ်။ အော်ဒါလေးတွေလည်း ပြည့်တယ်ရှင့်။ ခုလိုမျိုးတော့ ဒီရာသီတွေ မိုးလေးနည်းနည်း ကုန်စပြုလာပြီဆို တော့ ဒီသီတင်းကျွတ်တွေကနေစပြီးတော့ အလုပ်တွေ ဟိုးအရင်ထက်ကို ပိုပြီးကောင်းလာပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
Bagan ဘုရားဖူးများကိုတွေ့ရစဉ်(AP)
တော်ဝင် အေးချမ်းအောင် ကုမ္ပဏီလီမိတက်သည် ကားအငှား ဝန်ဆောင်မှုလုပ်ငန်းကို ကားအမျိုးအစားပေါင်းစုံ အစီးရေ ၃၀ ကျော်ဖြင့် လုပ်ငန်း လည်ပတ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကားအငှား ဝန်ဆောင်မှုလုပ်ငန်းတွင် ကိုဗစ်ရောဂါများ မဖြစ်ပွားခင်က ၂ ညအိပ် ၃ ရက် ခရီးစဉ်ဖြစ်သော ချောင်းသာ ကမ်းခြေ (သို့မဟုတ်) ငွေဆောင်ကမ်းခြေသို့ ကျပ် ၃သိန်းခွဲ ပေးရကြောင်း၊ ယခုအခါမှာတော့ စက်သုံးဆီ ဈေးနှုန်းများ ကြီးမြင့်မှုကြောင့် ကျပ် ၅ သိန်းထိ တက်သွားကြောင်း သိရသည်။
ထိုဈေးနှုန်းသည် တော်ဝင် အေးချမ်းအောင် ကုမ္ပဏီလီမိတက်၏ ကားအငှား ဝန်ဆောင်မှုလုပ်ငန်းက ဈေးနှုန်းများ ဖြစ်ပြီး တခြားသော ကားအငှား ဝန်ဆောင်မှုကုမ္ပဏီများ၏ ဈေးနှုန်းများနှင့်တော့ တူညီမည်မဟုတ်ပေ။
လွန်ခဲ့သော ၆ လ ခန့်မှ ကားအငှားဝန်ဆောင်မှုလုပ်ငန်းကို ကား ၄ စီးဖြင့် ပြန်လည် လုပ်ကိုင်လာကြောင်း တစ်ပိုင် တစ်နိုင် လုပ်ငန်းဖြစ်သဖြင့် အခြားလုပ်ငန်းကြီးများလောက် လာရောက်ငှားရမ်းသူများ မရကြောင်းကို စေလိုရာ ကားအငှား ဝန်ဆောင်မှုမှ ကိုရဲက CNI သတင်းဌာနသို့ ပြောသည်။
ကျိုက်ထီးရိုးဘုရားဖူး
၎င်းက “ကျနော်တို့က သိပ်ကြီးကြီး မားမား Rental (ကားငှားခြင်း) ကြီးလည်း မဟုတ်တဲ့ အခါကြတော့ ပေါ့ပေါ့ ပါးပါးပဲပေါ့၊ အဲ့လို မျိုးလေးတွေပဲ ရတယ်။ နာမည်ကြီးတဲ့ Rental ကြီးတွေမှာတော့ သူတို့တော့ ရကြမယ်ထင် တယ်။ ကျနော်တို့ကတော့ သိပ်မရဘူးဗျ။ ပြည်တွင်း ခရီးသွားလောက်ပဲ ကျနော်တို့ ရတယ်။ မန္တလေးသွားတယ် မန္တလေးမှာ အလုပ်ကိစ္စလေးရှိရင်းနဲ့ ဘုရားဖူးလိုက်တယ်။ အဲ့လိုမျိုး ပြင်ဦးလွင် ခဏ တက်လည်လိုက်တယ်။ ဒီလောက်ပဲ အရင်လိုမျိုး ခရီးစဉ်တစ်ခု အနေနဲ့ ဘုရားဖူး ထွက်ကြတာတို့၊ သွားတာလာတာတို့တော့ တော်တော် လေး ရှားသွားတယ် မရှိတော့ဘူး။ ရုံးလုပ်ငန်းဌာနတွေ ဘာညာပေါ့၊ ရုံးကိစ္စတွေနဲ့ဆို သွားရတယ်ဗျ။ အလုပ်ကိစ္စ တွေနဲ့ အဲ့လိုမျိုး အလည်အပတ် ပုံစံမျိုးကတော့ သိပ်မသွားဖြစ်ကြတော့ဘူး” ဟု ပြောသည်။
ကိုဗစ်ရောဂါမဖြစ်ပွားခင် အချိန်ကာလတွင် ပြည်တွင်းခရီးသွား များသာမက ပြည်ပခရီးသွားများပါ လာရောက်ငှား ရမ်းမှုများရှိလာကြောင်း ကားအငှားဝန်ဆောင်မှုလုပ်ငန်းများထံမှ သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အဝေးပြေးလမ်းမများတွင် လုံခြုံရေးတင်းကြပ် စစ်ဆေးမှု များနှင့် လုံခြုံရေး စိတ်ပူရခြင်းတို့ကြောင့် ကိုယ်ပိုင်ကားပုံစံမျိုးဖြစ်သည့် ကားအငှားဝန်ဆောင်မှုလုပ်ငန်းများမှ ကားများကို ငှားရမ်းက ခရီးသွားလာကြကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1055
CNI News
၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ ၂၁
မြန်မာနိုင်ငံအတွင်း ခရီးသွားလာမှုများ နည်းပါးလာပြီး ကားလက်မှတ် ဝယ်ယူမှုများ နည်းပါးလာသည့်အတွက် အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲမှု ခက်ခဲလာသည်ဟု အောင်မင်္ဂလာ အဝေးပြေးကွင်း ဆန်းဂရု(ပ်) ယာဉ်လိုင်းမှ လက်မှတ်ရောင်းချသူ ကိုမျိုးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ကားလက်မှတ်များ ရောင်းချရမှု နည်းပါးနေခြင်းသည် ကိုဗစ် ပထမလှိုင်းကာလက စတင်ခဲ့ကြောင်း၊ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့်လည်း မော်တော်ကားဖြင့် ခရီးသွားလာမှု နည်းပါးလာကြောင်း၊ ထို့နောက် အဝေးပြေး ယာဉ်လိုင်းများ ခက်ခဲလာနေကြောင်း သိရသည်။
ဆန်းဂရု(ပ်) ယာဉ်လိုင်းမှ လက်မှတ်ရောင်းချသူ ကိုမျိုးအောင်က “လက်ရှိကတော့ လုံးလုံးကို မရောင်းရ သလောက် ဖြစ်နေတာ။ တစ်နေ့ တစ်ယောက်စ၊ နှစ်ယောက်စ၊ သုံးယောက်စ အဲ့လိုပဲ ရောင်းရတယ်။ အရင် တုန်းက ပြောရမယ်ဆိုရင် ဒီအချိန်ဆို အယောက်သုံးဆယ်လောက် ရောင်းရတယ်ဆို ခု သုံးယောက်လောက် တောင် မနည်းရောင်းနေရတယ်။ ဒီချိန်ခါတိုင်းဆို အယောက် ၃-၄ ဆယ်လောက် ရောင်းရတယ် တစ်စီးကို၊ ကိုဗစ် မဖြစ်ခင်ကရော နိုင်ငံရေး မဖြစ်ခင်ကရောဆိုရင်တော့ ရောင်းရတာကောင်းတာပေါ့၊ ဒီ ကိုဗစ်ဖြစ်ပြီးမှ နိုင်ငံရေး ဖြစ်ပြီးမှ ရောင်းလို့ချလို့ မကောင်းတော့တာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထို့နောက် တချို့သော ယာဉ်လိုင်းများသည် ပြည်တွင်းခရီးသွားလာမှု နည်းပါးလာခြင်းအပြင် စက်သုံးဆီ ဈေးနှုန်း များပါ မြင့်တက်လာခြင်းကြောင့် ယာဉ်လိုင်းပြေးဆွဲမှုများကို ရပ်နားလိုက်ကြောင်း အဝေးပြေးယာဉ်လိုင်းပြေးဆွဲ နေသူများထံမှ သိရသည်။
ပုဂံတွင် ခရီးသွားများကို တွေ့ရစဉ် (GETTY IMAGES)
ထိုသို့ အခက်အခဲဖြစ်နေသည်ကို ကျော်လွှားနိုင်ရန်အတွက် ကုန်ပစ္စည်းများတင်၍ တန်ဆာခယူကာ သယ်ယူ ပို့ဆောင်ပေးနေရသော်လည်း လက်ရှိတွင် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရန် လာရောက်အပ်နှံမှုများ အလွန် နည်းပါးလာကြောင်း အောင်ဆန်းအဝေးပြေးကွင်းမှ ရွှေကမ္ဘာ ကားဂိတ်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အရင်က အစ်ကိုတို့ ဒီဘက်ဆိုရင် ကားတစ်စီး ထွက်မယ်ဆိုရင် တန်ဆာ အားဖြင့်ဆိုလို့ရှိရင် ၁၀ သိန်း၊ ၁၁ သိန်း၊ ၁၂ သိန်း အဲ့လောက်တွေ သွားတယ်။ အခုက အဲ့လောက်ကို မရှိတော့တာ ပြတ်သွားတာပေါ့၊ ပြတ်သွားတဲ့ အချိန်မှာ လာသမျှပစ္စည်းကို အစ်ကိုတို့က အကုန်လုံးယူပြီးတော့မှ ဒီကားမှာရှိတဲ့ ဝန်ထမ်းနဲ့ လည်ပတ်ဖို့ အစ်ကို တို့ ဂိတ်က သူဌေးရဲ့ ဒုတိယပေါ့၊ အစ်ကိုတို့ ဂိတ်မှာရှိတဲ့ တာဝန်ရှိတဲ့ အကြီးဆုံးသူတွေကတောင် မနည်း ရုန်းနေရ တာလေ အဲ့လိုမျိုးဖြစ်နေတာ အခြေအနေက အဲ့လောက်ကို ကွာသွားတာပေါ့” ဟု ပြောသည်။
ယခုလို အကြပ်အတည်းကာလတွင် ကားယာဉ်လိုင်းများ အနေဖြင့် ကားအစီးရေ လျှော့ချခြင်းများ အပြင် ကား မောင်း သမားများလည်း လျှော့ချခဲ့ရကြောင်း ရွှေကမ္ဘာ ကားဂိတ်က ပြောသည်။
ဒီမိုကရေစီအရေး တောင်းဆိုနေကြသူများ (ဖရွန်းတီးယားမြန်မာ)
ရွှေကမ္ဘာကားဂိတ်က “တောင်ကြီးနဲ့ မန္တလေးကို သွားတာဖြစ်တဲ့အတွက် တောင်ကြီးနဲ့ မန္တလေးကို သွားမယ့် ပစ္စည်းတွေ အကုန်လုံးကို အစ်ကိုကြီးတို့က ရန်ကုန်ကနေပြီးတော့မှ တိုက်ရိုက် တစ်စီးထဲကို ဆန့်သလောက် အကုန်သယ်သွားတယ်။ သယ်သွားပြီးတော့ မှ ၁၆၂ မိုင်မှာ မန္တလေးက လာတဲ့ကားက အဲ့မှာစုံ တောင်ကြီးက လာတဲ့ကားက အဲ့မှာစုံ ဒါမှ မဟုတ်လို့ရှိရင် မန္တလေးက လာတဲ့ကားကို ခေါ်လိုက်တယ်။ ခေါ်ပြီး မန္တလေးက လာတဲ့ကားကို ကိုကြီးတို့ပစ္စည်းကို ကယ့်တင်ပေးလိုက်တယ်။ ရန်ကုန်ကနေ သွားတဲ့ကားက တောင်ကြီးကို တိုက်ရိုက်တန်းတက်ပေါ့။ အဲ့လိုမျိုးတွေ လုပ်ရတာပေါ့၊ ခါတိုင်း အခြေအနေဆိုရင်တော့ အစ်ကိုတို့က ရန်ကုန်တစ်စီး မန္တလေးတစ်စီး အဲ့လိုထွက်တာလေ” ဟုပြောသည်။
လက်ရှိ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ် ကြေညာခဲ့ခြင်း၊ ကိုဗစ် တတိယလှိုင်းဖြင့် ရင်ဆိုင်ရခြင်း၊ လတ်တလောတွင်လည်း ကိုဗစ် တကျော့ပြန် ဖြစ်ပေါ်လာနေခြင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အများအပြားတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေခြင်း စသည့် အခြေအနေအရပ်ရပ် ကြောင့် ပြည်တွင်းခရီးသွားလာမှုများ လျော့နည်းလာခဲ့သည်။
အဆိုပါ ခရီးသွားလာမှုများ လျော့နည်းလာခြင်းကြောင့် အဝေးပြေးယာဉ်လိုင်းများလည်း ပြေးဆွဲရန် ခက်ခဲလာ နေ ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1183
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁
Level 2 အဆင့်မြှင့်ထားသည့် KPay အကောင့်များ အပိတ်ခံရသည်ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ ခဲ့ပြီးနောက် Online shopping လုပ်ငန်း လုပ်ကိုင်သူ အချို့တို့သည် ဝယ်ယူသူထံမှ KPay ဖြင့် ငွေပေးချေ ခြင်းအား ရပ်နားလာကြသည်။
အချို့ Online shopping လုပ်ငန်းလုပ်ကိုင်သူများသည် KPay ဖြင့် ငွေပေးချေခြင်းအား အချိန်ကာလအားဖြင့် တစ်ပတ်ခန့် ရပ်နားထားကြောင်း Online shopping လုပ်ကိုင်သူများထံက သိရသည်။
ထိုသို့ ရပ်နားလာကြခြင်းသည် ၎င်းတို့ ကိုယ်တိုင် KPay ပြဿနာကြုံတွေ့ရသည့်အတွက်ကြောင့် မဟုတ်ဘဲ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည့်အတွက်ကြောင့်ဟု သိရသည်။
Export အထည်များ ရောင်းချနေသည့် Online shop မှ တာဝန်ရှိသူ တစ်ဦးက “ဒီတစ်ပတ်တော့ ရသေးတယ် အမ။ နောက်တစ်ပတ်ကစပြီး မရတော့ဘူး။ တခြား AYA၊ CB၊ Wave တွေရှိတယ်။ Kpay က အခုက error လေးတွေတက်နေတယ်လေ။ Facebook မှာ အမလည်းတွေ့မှာပါ ပို့စ်တွေ” ဟု ပြောသည်။
အချို့ Online shopping လုပ်ငန်းများတွင် KPay သာမက Wave money ဖြင့်ပါ ငွေပေးချေခြင်းကို ရပ်နား လာကြခြင်းဖြစ်ပြီး အခြား AYA၊ CB Pay တို့ဖြင့်သာ ငွေပေးချေခြင်းအား လက်ခံကြောင်းနှင့် အချို့ Online Shopping လုပ်ငန်းလုပ်ကိုင်သူများတွင်မူ လက်ရှိအချိန်ထိ KPay အား လက်ခံပေးနေကြောင်း သိရသည်။
Tik Tok Trends Online Shop Myanmar က “wave ကကျတော့ အဲဒီလောက်ထိ မဆိုးဘူးပေါ့။ သူက အကောင့် က level မြှင့်လိုက်လို့ error ဖြစ်လို့ ဖုန်းလှမ်းဆက်လိုက်ရင် သူက ချက်ချင်းပြန်ရတယ်။ KPay က အဲဒီလို မဟုတ်လို့လေ။ Kpay ဘက်ကကျတော့ ရုတ်တရက် အကောင့်ပိတ်တာတို့၊ မနေ့က တက်လာတဲ့ စာတွေ ဆိုရင်လည်း level တင်ထားတဲ့ လူတွေပါ အကောင့်အပိတ်ခံရတယ်။ အဲဒါ error လို့ ပြောတာလား မသိဘူး။ ရုတ်တရက် မသိဘဲနဲ့ အဲဒီလိုအပိတ်ခံရတာတွေရှိလို့ အလုပ်ရှုပ်လို့ပေါ့။ သူတို့က ဘယ်လိုလဲဆိုတော့ နည်းနည်း တက်လာတဲ့ သတင်းတွေကို ကြည့်ပြီးတော့ KPay မှာ အဲဒီလို ပိတ်တာတွေ ဘာတွေရှိတယ်ဆိုတော့ သူတို့ KPay ကို မသုံးတော့ဘဲ နားထားကြည့်တာပေါ့”ဟု ပြောသည်။
ရန်ကုန်မြို့ရှိ Wave Pay ထုတ်ယူနိုင်သည့်ဆိုင်မြင်ကွင်း
ရန်ကုန်ရှိ Online Shopping များမှ ပစ္စည်းများဝယ်ယူသည့်အခါတွင် ရန်ကုန်၊ မန္တလေး မှ ဝယ်ယူသူဖြစ်ပါက အိမ် အရောက်ငွေချေစနစ်အား လက်ခံပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မှာယူပါက ကြိုတင်ငွေလွှဲကာ ပေးချေရခြင်းဖြစ်သည်။
ထိုသို့ ကြိုတင်ငွေလွှဲ၍ ပေးချေရသည့်အခါတွင်လည်း ဝယ်ယူသူအများစုသည် KPay နှင့် Wave money တို့ဖြင့် သာ အများဆုံး ငွေပေးချေကြခြင်းဖြစ်ကြောင်း Online Shopping လုပ်ကိုင်သူများထံက သိရသည်။
Online Shop မှ ပစ္စည်းဝယ်ယူသည့် ကိုခန့်အောင်က “ပစ္စည်းအမယ်များများ မှာတာမျိုးဆို ငွေသိန်းနဲ့ချီ ကိစ္စမျိုး ဆို ဘဏ်ကလွှဲလို့ အဆင်ပြေတယ်။ ဒါပေမယ့် သောင်းဂဏန်းကိစ္စတွေကျတော့ ဘဏ်ကလွှဲဖို့လည်း အဆင်မပြေ ဘူး။ အဲဒါကြောင့် ဝယ်တာကို ခဏ နားထားတာပေါ့။ အခု ပစ္စည်းတစ်ခုလိုချင်တယ်။ ပြောရမယ်ဆိုရင် စာအုပ် တွေဝယ်တယ် လှမ်းမှာတယ်။ ဟိုဘက်က KPay ရော Wave Pay ရော လက်ခံတာနားထားတော့ မဝယ်ရဘူးပေါ့။ CB pay တို့ တခြား Pay တို့ ပြောင်းသုံးရမှာပေါ့။ အသုံးများတာကတော့ KPay ရယ်၊ Wave Pay ရယ်ပဲ အသုံးများ တာလေ။ တခြားဟာတွေက မသုံးဘူး” ဟု ပြောသည်။
ယခုလို မှားယွင်းစွာ အကောင့်ပိတ်ခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိတွင် KPay အကောင့်အား အဆင့်မမြှင့် ရသေးသူများအနေဖြင့် ပုံမှန်အတိုင်း ငွေလွှဲ၊ ငွေလက်ခံခြင်းများ၊ ဖုန်းဘေလ်ဖြည့်ခြင်းများအပြင် အခြား ငွေပေးချေ ခြင်းများအား ပုံမှန်အတိုင်းလုပ်ဆောင်၍ရပြီး ပိတ်ထားခြင်းမရှိကြောင်းနှင့် Level 2 အဆင့်မြှင့်ပါက ပို၍ ကောင်းမွန်ကြောင်း ကမ္ဘောဇ ရန်ကင်းဘဏ်ခွဲမှ ဝန်ထမ်းတစ်ဦးက CNI သို့ ပြောသည်။
စက်တင်ဘာ ၂၀ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် KPay အကောင့်အချို့ အပိတ်ခံရသည်ဟု ပျံ့နှံ့ခဲ့ပြီး အကောင့်ပိတ်ခံရသူတစ်ဦး၏ ရေးသားချက်အရ ၎င်း၏ KPay သည် Level 2 အဆင့်မြှင့်ထားပြီးဖြစ်ကာ ဖုန်း sim card နှင့် KPay ဖွင့်ထားသည့် ဖုန်းနံပါတ်မှာ တူညီသည့်အပြင် မှတ်ပုံတင်ထားခြင်းလည်း တူညီကြောင်း၊ ငွေလွှဲ မရသည်မှာ နှစ်ရက်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် KPay Call Center သို့ ဆက်သွယ်ကြည့်သည့်အခါတွင် ၎င်းတို့ဘက်မှ မှားပိတ်မိခြင်းဖြစ်ပြီး ဗဟိုဘဏ် သို့ လူကိုယ်တိုင် Mail ပေးပို့ကာ Complain ပေးရမည်ဟု ပြောဆိုကြောင်း ၎င်းရေးသားချက်အရ သိရသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ KPay မှ သုံးစွဲသူ အကောင့်များထံသို့ အသိပေးချက်တစ်စောင်အား စက်တင်ဘာ ၂၁ ရက် နေ့တွင် ပေးပို့လာခဲ့ပြီး ထိုထဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လိုအပ်သလို အခါအားလျော်စွာ ညွှန်ကြားလာ သည့် ၂၀၁၅ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ AML/CTF များ အပါအဝင် အမိန့်ထုတ်ပြန်ချက်များ၊ စည်းမျဥ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို အပြည့်အဝ လိုက်နာကျင့်သုံး ရသည့်အတွက် ယခုကဲ့သို့ အဆင်မပြေမှုဖြစ်ခဲ့ရကြောင်း ရေးသားထားသည်။
သုံးစွဲသူများအနေဖြင့် မိမိတို့၏ အကောင့်များအား မှားယွင်းစွာ ယာယီအသုံးပြုခွင့်တားမြစ်ခံထားရသည်ဟု ယုံကြည်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တိုက်ရိုက်အကျိုးအကြောင်းတင်ပြနိုင်ကြောင်းနှင့် အကျိုး အကြောင်းတင်ပြလိုပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏

- By CNI
- Category: စီးပွားရေး
- Hits: 1262
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ်ရှိ မိုးစပါးအများဆုံးစိုက်ပျိုးသော ဒေသများတွင် တိုက်ပွဲဖြစ်ပွားနေခြင်းနှင့် စစ်ရေးတင်းမာနေမှုများ ရှိနေခြင်းကြောင့် တောင်သူများသည် လုပ်လက်စ လယ်ယာများကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင် နေကြရသည့် အတွက် ယခုနှစ် မိုးစပါးအထွက်နှုန်းမှာ ပို၍ လျော့ကျမည်ဖြစ်ကြောင်း တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် မိုးစပါးအား တစ်ပြည်နယ်လုံးတွင် စိုက်ပျိုးကြသော်လည်း မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် ကျောက်တော်မြို့တို့၌ အများဆုံး စိုက်ပျိုးခြင်းဖြစ်ကာ ထိုဒေသများတွင် တပ်မတော်နှင့် ရက္ခိုင့် တပ်တော်(ULA/AA)တို့အကြား လက်ရှိ တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုတို့ကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရခြင်း ဖြစ်သည်။
ရခိုင်တောင်သူတစ်ဦးကိုတွေ့ရစဉ်
ရခိုင်တောင်သူ ဦးမင်းဦးက “အခု နောက်ဆုံးမိုးမှာ စိုက်တဲ့တောင်သူတွေဆိုရင် မြေဆီကျွေးမယ်၊ ပိုးမွှားအန္တရာယ် တွေကို ကြီးကြပ်ပြီး ဆောင်ရွက်ရတဲ့ အချိန်ဖြစ်နေတယ်။ အဲဒီလို ကြီးကြပ်ဆောင်ရွက်ရမယ့်အချိန်မှာ အခုလို စစ်ဘေး အန္တရာယ်ကြောင့် ပြေးလွှားနေရတဲ့အတွက် ဘာမှကြည့်ရှုခြင်း မရှိတဲ့အတွက် ပစ်ထားရတဲ့ ဘဝ အခြေ အနေမျိုး ဖြစ်နေတယ်။ ဒီလို တောင်သူတွေက ပစ်ထားရတဲ့ အတွက်ကြောင့် သီးချိန်မှာဆိုရင် နှစ်စဉ် နှစ်တိုင်း ထက် ပိုမို လျော့နည်းလာမယ်လို့ မျှော်လင့်မိပါတယ်။ ဘာဖြစ်လို့လဲဆို ဒီအထွက်နှုန်း ကောင်းဖို့အတွက်က စပါး ကို တောင်သူတွေမှာ ဘာလုပ်ရလဲဆိုရင် ပိုးမွှားအန္တရာယ်က ကင်းစင်အောင် ရေသွင်း၊ ရေထုတ် ဒါတွေကို အမြဲတမ်း တောင်သူတွေက ကြည့်ရှုပြီးတော့ လိုအပ်ရင် လိုအပ်သလို ဆောင်ရွက်ပေးရတာပါ။ အခုက အသက် အိုးအိမ်ကို စွန့်ခွာပြီးတော့ သွားရတဲ့အတွက်ကြောင့် လုပ်ခင်းကိုင်ခင်းတွေမှာ စပါးတွေကို ဒီအတိုင်း ပစ်ထားခဲ့ရ တာပါ။ ဒါကြောင့် ပိုးမွှားအန္တရာယ်ကျလည်း မလုပ်နိုင်ဘူး။ ရေသွင်း၊ ရေထုတ်ကိုလည်း မလုပ်နိုင်ဘူး။ ဒီလို မလုပ်နိုင်တဲ့ အတွက်ကြောင့် အထွက်နှုန်းက လျော့မှာကတော့ သေချာပါတယ်” ဟု CNI သတင်းဌာနသို့ ပြော သည်။
တောင်သူများအနေဖြင့် တိုက်ပွဲမဖြစ်ခင် ကာလက လုံခြုံရေး အခြေအနေအကြောင့် စိုက်ပျိုးရေး သွင်းအားစုများ အား သယ်ယူရသည့် အခါတွင် အချိန်ကာလအားဖြင့် ကြာမြင့်ကာ လိုချင်သလောက် မရရှိခြင်းနှင့် ကြုံတွေ့ခဲ့ရ သော်လည်း လက်ရှိတိုက်ပွဲ ဖြစ်ပွားနေသည့် ကာလတွင် ပို၍ အခက်အခဲဖြစ်ကြောင်း ရခိုင်တောင်သူများထံက သိရသည်။
ရခိုင်တိုက်ပွဲရှောင်များကိုတွေ့ရစဉ်
လက်ရှိတွင် ရခိုင်ပြည်နယ်၌ ဒီဇယ်ဆီ တစ်ပေပါ ဈေးနှုန်းမှာ ၇ သိန်းခန့် ပေးဝယ်နေရသည့်အပြင် တိုက်ပွဲ အခြေ အနေ ယခုထက် ပိုမိုပြင်းထန်လာပါက ကုန်းလမ်းနှင့် ရေလမ်း အသွားအလာများ ပြတ်တောက်သွားမည်ကို စိုးရိမ် ကြောင်း ရခိုင်တောင်သူ ဦးအောင်ကျော်မြက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘာကြောင့်လဲဆိုတော့ ဒီလိုပြတ်တောက် သွားမယ်ဆိုရင် ကျနော်တို့ သယ်ယူရတဲ့ အခြေအနေ ပြတ် တောက်တယ်ဆိုရင် ကျနော်တို့ ဒီမှာ လိုအပ်တဲ့ ဓာတ်မြေဩဇာတို့၊ ဒီဇယ်ဆီတို့၊ ဆန်စပါး သယ်ရတာတို့မှာအစ အခက်အခဲတွေကတော့ ဒီစစ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ကျနော်တို့ တောင်သူလယ်သမားတွေဖြစ်ကြတဲ့ ပြည်သူအပေါ်မှာပဲ သက်ရောက်မှု အများတွေ ဖြစ်လာမှာပေါ့။ စစ်ရေးပဋိပက္ခကြောင့် တောင်သူလယ်သမားတွေ မှာ ဖြစ်လာနိုင်တဲ့ အခက်အခဲတွေ အများကြီး ရှိလာနိုင်ပါတယ်။ နေရာတိုင်း လိုလိုသာ တိုက်ပွဲဧရိယာတွေ ကျယ်ပြန့်လာမယ်ဆိုရင်တော့ ကျနော်တို့ ကောင်းကောင်းမွန် ရိတ်သိမ်းနိုင်မှာ မဟုတ်ဘူးလေ” ဟု ပြောသည်။
ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် စပါးများအား ၎င်းတို့ဒေသတွင်းရှိ ရခိုင်ပြည်သူများသာ စားသုံးကြခြင်း ဖြစ်သည့် အတွက် လက်ရှိစိုက်ပျိုးထားသည့် မိုးစပါးများ အထွက်နှုန်းလျော့ကျပါက လာမည့်နှစ်တွင် တောင်သူများနှင့် စားသုံးသူ ဒေသခံများအတွက် အကျိုးသက်ရောက်မှု ကြီးကြောင်း ရခိုင်တောင်သူ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
စပါးစိုက်ပျိုးနေကြသူများကိုတွေ့ရစဉ်
“ဒါကတော့ တိုက်ရိုက်သက်ဆိုင်နေတယ်လေ။ ဒီနှစ်စိုက်ပျိုးတဲ့ စပါးရာသီမှာ အခုစိုက်ပျိုးပြီးတဲ့ အချိန်မှာ နှစ်တိုင်း စိုက်တဲ့ လယ်မြေဧက၏ တဝက်ခန့်လောက်ပဲ စိုက်ပျိုးနိုင်တယ်။ အဲဒီ တဝက်ခန့်လောက်မှာ သဘာဝဘေး အန္တရာယ် မိုးခေါင်မှုကြောင့် ဧက ၂၀ လောက်ပဲ အကောင်းဖြစ်တယ်။ ၂၀၊ ၃၀ လောက်မှာ ပျက်စီးတာရယ်၊ နောက် တစ်ခုက ကုန်ဈေးနှုန်းကြီးလို့ မြေဆီမသုံးနိုင်တာရယ် ၂၀ လောက်ပဲရှိတယ်။ အဲဒီ ၂၀ လောက်မှာ အခုတစ်ခါ စစ် ဘေးရှောင်တွေ ဖြစ်လာတဲ့အတွက်ကြောင့် လာမယ့်နှစ်မှာကတော့ ကျနော်တို့ ရခိုင်ပြည်တွင်းမှာရှိသော တောင်သူ လယ်သမားများနှင့် စားသုံးသူအားလုံးသည် ယခုဖြစ်နေသော ကုန်ဈေးနှုန်း ဆန်ဈေးထက် တစ်ဆမြင့် မယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ထွက်ရှိတဲ့ ဆန်စပါးကလည်း လာမယ့်နှစ်မှာ ရခိုင်ပြည်သူလူထု စားသုံးဖို့အတွက် လုံလောက်ချင်မှ လုံလောက်မယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇-၁၈ ခုနှစ်ကာလများကလည်း တပ်မတော်နှင့် AA အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ကြသည့် အတွက် ထွက်ပြေး တိမ်းရှောင်ခဲ့ရမှုကြောင့် ရခိုင် တောင်သူများမှာ အရှုံးပေါ်ခဲ့ကြပြီး ချေးငွေများလည်း မဆပ်နိုင်သည်အထိ ဖြစ်ခဲ့ကြကာ ယခုမှ ပြန်လည်နလန်ထူနိုင်ကာစ ဖြစ်ကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 919
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁
ယခုနှစ် ကြက်သွန်စိုက်ပျိုးရာတွင် စိုက်ပျိုးစရိတ်များသည် ယခင်နှစ်များထက် ကုန်ကျစရိတ် မြင့်တက်နေခြင်းကြောင့် အသစ်ထွက်ရှိလာမည့် ကြက်သွန်များကို ဈေးနှုန်းတိုးမြှင့် ဝယ်ယူပေးရန်အတွက် ကုန်သည်များကို တောင်းဆိုထားကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။
ယခုနှစ်တွင် ကြက်သွန်ဈေးနှုန်းများကို တောင်သူများအတွက် အဆင်ပြေစေသည့် ဈေးနှုန်းဖြင့် ရောင်းချပေးရန် အတွက် ကုန်သည်များကို ပြောဆိုနေရကြောင်း ပခုက္ကူမြို့နယ်မှ ကြက်သွန်စိုက်တောင်သူ ဦးခင်မောင်ဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။
“ဦးလေးတို့ စိုက်စရိတ်နဲ့ ကာမိအောင်ဆိုရင် ဒီနှစ်အနေအထားမှာ ဝယ်ရတဲ့အရင်းအနှီးကလည်း အခု အပင်မွှား တွေဆိုရင် ၂ သိန်းခွဲလောက် ဝယ်ရတယ်လေ။ ပင်မွှား အချိန် ၁၀၀၊ ပိဿာ ၁၀၀ ကို။ မြေဩဇာဆိုရင်လည်း အာမိုတစ်လုံးကို ၂ သိန်းကျော်တယ်။ အရင်နှစ်က လုပ်တဲ့အနေအထားနဲ့ဆိုရင် အဆပေါင်း တော်တော်များများ ကွာသွားတယ်။ အရင်နှစ်က အဲလောက် မကွာဘူး ပစ္စည်းတွေ။ အဲဒါနဲ့ ကာမိအောင်ဆိုရင် ဈေးကအနည်းဆုံး သိန်းကဏန်းလောက် ဖြစ်နေမှ တောင်သူတွေအတွက် အဆင်ပြေမှာ။ ကုန်သည်တွေနဲ့ တွေ့ရင်တော့ ဘယ်ဈေး ဘယ်ဈေးရမှ အဆင်ပြေမှာပေါ့။ ကိုယ်လုပ်ထားတဲ့ အရင်းအနှီးတွေက များတာနဲ့ဆိုတော့လေ။ သူတို့ကလည်း အခုပြောသလိုပေါ့ အထက်က ကုန်သည်ကြီးတွေ တိုးဝယ်မှပဲ ဖြစ်တော့ဖြစ်တာပေါ့။ သူတို့ကပဲ ဈေးမြှင့်ဝယ်လို့ တော့ မဟုတ်ဘူးပေါ့။ တဆင့်တဆင့်နဲ့ အဲလို ပြောရမှာပေါ့” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၌ တန်ဆောင်မုန်းလတွင် မိုးကြက်သွန်ထွက်ရှိပြီး တန်ခူးလတွင် နွေကြက်သွန် ထွက်ရှိကြောင်းနှင့် ကြက်သွန်အသစ် ထွက်ပေါ်သည့်အချိန်တွင် ကြက်သွန်ဈေးနှုန်းသည် ကျဆင်းလေ့ရှိကြောင်း သိရသည်။
မိုးကြက်သွန်များသည် ရာသီဥတုအခြေအနေကြောင့် ကြာရှည်စွာ သိုလှောင်ထား၍ မရကြောင်းနှင့် နွေကြက်သွန် များသည် တစ်နှစ်ပတ်လုံး သိုလှောင်ထား၍ရကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ကြက်သွန်ပေါ်ချိန်တွင် ကြက်သွန်ဈေးနှုန်းသည် တစ်ပိဿာ ၄၀၀ ကျပ်မှ ၆၀၀ ကျပ်အထိသာ ရရှိ ခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာ ၁၀၀၀ ဝန်းကျင်အထိ ရရှိနိုင်သည်ဟု ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများအသင်းမှ ကြက်သွန်ကုန်သည် ဦးလှသောင်းက CNI သို့ ပြောသည်။
ကြက်သွန်များကို ကုန်ကားများဖြင့် အတင်အချ ပြုလုပ်နေစဉ်
မိုးကြက်သွန်များကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အများဆုံး စိုက်ပျိုးလေ့ ရှိပြီး ဆိပ်ဖြူ၊ မြင်းခြံ၊ ကျောက်ဆည်၊ ရွှေဘို၊ ပခုက္ကူ စသည့် ဒေသများတွင် စိုက်ပျိုးကြကြောင်း သိရသည်။
ယခုနှစ်တွင် သွင်းအားစုစရိတ် ကြီးမြင့်ခြင်းကြောင့် တောင်သူများက ကြက်သွန်ဈေးနှုန်း တိုးမြှင့်ပေးရန် တောင်းဆိုနေကြသလို ကြက်သွန်ဈေးနှုန်းသည်လည်း ယခင်နှစ်၏ ဈေးနှုန်းထက် ၂ ဆခန့် ရရှိနိုင်သည်ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က CNI သတင်းဌာနသို့ သုံးသပ် ပြောဆိုသည်။
“မြေဆီမကိုက်လည်း ဖြစ်ရင် နှစ်ဆပေါ့။ နဂိုပေးတဲ့ဈေးက ကြမ်းခင်းဈေးက ၄၅၀၊ ၄၅၀ တောင်မဟုတ်ဘူး။ ၄၅၀ က ဒီနှစ်ပိုင်းမှာ ၄၅၀ ဖြစ်သင့်ပါတယ်ဆိုပြီး တွက်တာ။ အခုလာမယ့်နှစ်လည်း ဖြစ်ရင် ၈၀၀၊ ၉၀၀ ပေါ့။ ဘယ်လိုမှ အဲဒီဈေးတွေက မကိုက်ဘူးဆိုတာ မဖြစ်ဘူး။ အခုက အခြေအနေ အကြောင်းကြောင်းကြောင့် ကြက်သွန်က စိုက် နည်းတာရယ်၊ မိုးလေဝသကြောင့်၊ ရာသီဥတုကြောင့် ကြက်သွန်တွေက အထားမခံဘူး။ ထားရင် တစ်ဝက်လောက် ပဲ ခံတယ်။ ၄၀ ရာခိုင်နှုန်း လျော့တယ်။ အဲလိုတွေ ဖြစ်တာ။ အဲတော့ အဲဟာတွေကြောင့် ကျနော်တို့က ခုနလိုပေါ့ နဂို နှစ်နှစ်လည်း ရှုံးထားတော့ အဲဒါမျိုးတော့ ထိုက်သလောက်တော့ ဖြစ်သင့်တယ်ဆိုပြီးတော့ အဲလိုပဲနေတာ” ဟု သူက ပြောသည်။
လက်ရှိအချိန်တွင် ပြည်တွင်းကြက်သွန်လက်ကျန် နည်းပါးနေခြင်း၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသို့ တင်ပို့ကြမည့် ကုန်သည်များ ဝယ်ယူမှု များပြားခြင်းတို့ကြောင့် ကြက်သွန်ဈေးနှုန်းသည် တစ်ပိဿာ ၃၀၀၀ ကျပ်အထိ ဈေးနှုန်း ဖြစ်ပေါ်နေသည်။
သို့သော် မိုးကြက်သွန်များ ထွက်ရှိလာမည့် တန်ဆောင်မုန်းလ အကုန်ပိုင်းတွင် ကြက်သွန်ဈေးနှုန်းသည် ၁၀၀၀ ကျပ်ဝန်းကျင်သို့ ရောက်ရှိသွားမည်ဟု ကုန်သည်များက ခန့်မှန်းထားကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1390
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့နယ်က ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူများသည် ငါးရရှိမှု နည်းပါးလာ ခြင်းကြောင့် စားဝတ်နေရေး အခက်အခဲများ ဖြစ်နေကြောင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ ငါးရရှိမှု နည်းပါးခြင်းနှင့်အတူ စက်သုံးဆီဈေးနှုန်းပါ မြင့်တက်နေခြင်းကြောင့် ပိုမို ခက်ခဲလာနေကြောင်း ၎င်းက ပြောသည်။
ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူ ဦးကိုကိုကြီးက “ဓာတ်ဆီက ဈေးတအားကြီးမြင့်၊ သွားတဲ့ဟာလည်း ခရီးကဝေး သလို ၊ အဲ့လို ခရီးဝေးတဲ့ အခါကြကတော့လည်း ဓာတ်ဆီက နှစ်ဂါလံ သုံးဂါလံ ကုန်တဲ့အခါကြတော့ ငါးကလည်း မရတဲ့ အခါကြတော့ အိမ်ကနေစိုက်ရတဲ့ အခါမျိုးလည်းရှိတာပေါ့၊ အခက်အခဲကတော့ ရှိတာပေါ့၊ ငါးကလည်း သိပ် ပြီးမရတော့ ဈေးတွေကလည်း တအားမြင့်တဲ့ အခါကြတော့ ရှာတာနဲ့ ရတာနဲ့က မကာမိသလို အခက်အခဲကတော့ နည်းနည်း၊ စားဝတ်နေရေးအတွက် အခက်အခဲတော့ တိုးတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရွှေသောင်ယံမြို့အ၀င်
ရွှေသောင်ယံမြို့နယ်တွင် ငါးဖမ်းစက်လှေ အစီးရေပေါင်း ၅၀ ခန့်ရှိကြောင်း၊ ထိုဒေသသည် ပင်လယ်လုပ်ငန်းကို သာ အဓိက လုပ်ကိုင်ကြကြောင်း သိရသည်။
လက်ရှိတွင် ရာသီဥတု အခြေအနေများကြောင့် ပင်လယ်ငါးဖမ်း လုပ်ကိုင်နေသူများသည် ငါးဖမ်းမထွက်ရသည်မှာ တစ်ပတ်ကျော် ကြာရှိနေပြီဖြစ်ကြောင်း သိရသည်။
ယခင်က ငါးဝယ်ဒိုင်များသည် ကိုဗစ်တတိယလှိုင်းအထိ ငါးဖမ်းလုပ်သားများ ငါးများဝယ်ယူပေခြင်းနှင့် စားဝတ် နေရေးအတွက် ထောက်ပံ့ပေးခြင်းများ လုပ်ပေးနိုင်ခဲ့သော်လည်း လက်ရှိတွင် ငါးဝယ်ဒိုင်များလည်း အခက်အခဲ ဖြစ်နေခြင်းကြောင့် ယခင်ကကဲ့သို့ ထောက်ပံကြေးများ မပေးနိုင်တော့ကြောင်း ငါးဒိုင်ပိုင်ရှင် ကိုမျိုးမင်းဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဟိုခေတ်ကတော့ အကုန်လုံး လိုအပ်တဲ့ဟာ မှန်သမျှ ထောက်ပံ့ပေး ငွေပါ ထောက်ပံ့ပေးတာပေါ့၊ အခု သူတို့ဆီက ငါက ထောက်ပံ့ကြေး တောင်းရမလို ဖြစ်နေတယ်၊ ငါ့မှာလည်း သူတို့လို ဖြစ်နေတာကို လက်ရှိမှာ ကိုယ့် အရောင်းအဝယ် ကောင်းစားမှု မတင်ရမချင်း၊ မီးပျက်လို့ ဆီနှစ်ဂါလံ သုံးတယ်ဆိုရင်ပဲ သုံးသောင်းဖြစ်နေပြီ ထွက်ငွေက နောက်ကလိုက်ကြမ်းနေတာပေါ့၊” ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့တွင် ယခင် ကိုဗစ်တတိယလှိုင်းအတွင်းက ငါးတစ်ပိဿာ ၃၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်သို့ ကျဆင်းခဲ့သော်လည်း လက်ရှိပေါက်ဈေးမှာ ငါးတစ်ပိဿာ ၄၅၀၀ ကျပ်ရှိကြောင်း၊ သို့သော်လည်း စက်သုံးဆီ ဈေးနှုန်းမြင့်နေပြီး သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်လာ၍ မကိုက်ကြောင်း၊ ကုန်ဈေးနှုန်းများလည်း ကြီး မြင့်နေခြင်းကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2502
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ပုဂံဒေသနှင့် ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ငပလီကမ်းခြေဒေသတို့တွင် သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွက် ဟိုတယ်များ၌ ကြိုတင်ဘိုကင်ယူထားမှု များပြားနေသည်ဟု ၎င်းဒေသများရှိ ဟိုတယ်လုပ်ငန်းများထံကနေ သိရသည်။
Ngapali Paradise Hotel မှ တာဝန်ရှိသူတစ်ဦးက “ကြိုတင်ဘိုကင်တွေ အများကြီးရှိပါတယ်။ တချို့ ဟိုတယ် တွေဆို ပြည့်နေတယ်လို့ ကြားရပါတယ်။ ၈၊ ၉ ၁၀ ပိတ်ရက် အဲဒီ ၃ ရက် အဓိက။ နိုင်ငံရေးအခြေအနေကတော့ သီးသန့်ပေါ့။ အဲဒီလို လာလည်တဲ့ဧည့်သည်တွေကတော့ သီးခြား class တစ်ခုအနေနဲ့ ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် လာလည်နေကြတဲ့ ဧည့်သည်တွေကတော့ ရှိတာပေါ့။ သီတင်းကျွတ်ဆိုတာလည်း အခါကြီးရက်ကြီးပဲပေါ့။ ဒါပေမယ့် သင်္ကြန်ထက်စာရင်တော့ နည်းမယ်။ နည်းသေးတယ်ပေါ့။ သင်္ကြန်ကတော့ နှစ်ပတ်လောက် ပိတ်တဲ့ အခါကျတော့ သူက ဘိုကင်ပိုများတယ်”ဟု ပြောသည်။
သီတင်းကျွတ် ရုံးပိတ်ရက်ဖြစ်သည့် အောက်တိုဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဟိုတယ်များတွင် ကြိုတင် ဘိုကင် ယူထားကြခြင်းဖြစ်ကာ အောက်တိုဘာ ၉ ရက် နှင့် ၁၀ ရက်နေ့တို့တွင် အများဆုံး ဘိုကင်ယူထားကြ ကြောင်း ဟိုတယ်လုပ်ငန်းများမှ ပြောသည်။
လက်ရှိတွင် ဟိုတယ်လုပ်ငန်းများသည် ပုံမှန်ရက်များထက် အခါကြီးရက်ကြီး ရုံးပိတ်ရက်များကိုသာ အဓိက အားထားနေရခြင်းဖြစ်ပြီး ပုံမှန်ကာလများတွင် ဟိုတယ်များ၌ ဘိုကင်ယူမှု မရှိကြောင်း ပုဂံရှိ ဟိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ပုဂံဒေသခရီးသွားများကိုတွေ့ရစဉ်
“၂၀၊ ၂၅ ရာခိုင်နှုန်းလောက်ပဲ။ ပုံမှန်ကာလက ဘိုကင်ကို မရှိတာ။ အခါကြီးရက်ကြီးတွေမှာ ဘိုကင်ကတက်တယ်။ ကျန်တဲ့ရက်တွေမှာ ဘိုကင်က လုံးဝ မရှိထားဘူး။ ဘိုကင်ကတော့ နည်းနည်းကျနေတယ်ပေါ့။ ပုံမှန် ဟိုအရင်တုန်း ကလိုတော့ မဟုတ်ဘူး ဘိုကင်ကတော့ ကျနေတယ်ပေါ့”ဟု ၎င်းက ပြောသည်။
လက်ရှိအနေအထားတွင် ပြည်တွင်းခရီးစဉ်များအနေဖြင့် ယခင်ကာလများကဲ့သို့ ရှိမည်မဟုတ်သော်လည်း သီတင်းကျွတ်ပိတ်ရက်တွင် ဘုရားဖူးဒေသနှင့် ကမ်းခြေဒေသများသို့ ပြည်တွင်းခရီးသွားလာမှုအား အတိုင်းအတာ တစ်ခုအထိ မြင်တွေ့ရမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံက သိရသည်။
သီတင်းကျွတ်ပိတ်ရက်တွင် ယခုကဲ့သို့ ဟိုတယ်များတွင် ကြိုတင်ဘိုကင်ယူထားခြင်းမရှိသည့် ပြည်တွင်း ခရီးသွား များလည်း ဝင်ရောက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဟိုတယ်ဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။
“ဆီဈေးလေးကလည်း ကျလာတယ်။ သီတင်းကျွတ်နဲ့လည်း လာတွေ့တယ်ဆိုတော့ အဲဒီရက်ပိုင်းအတွင်းတော့ ဧည့်သည် ဒီရက်ထက်စာရင်တော့ ရှိလာလိမ့်မယ်။ ဆီဈေးလေးကလည်း အရင်ထက်စာရင် တစ်လီတာကို ၂၀၀ ၊ ၃၀၀ လောက်လျော့လာပါပြီ။ အဲဒီလိုဆိုရင်တော့ မဆိုးပါဘူး။ တစ်ဂါလံကို ၁၀၀၀၊ ၁၂၀၀ လောက် လျော့သွားပြီ။ အခုဝင်တာထက်တော့ များမှာပါ(သီတင်းကျွတ်ပိတ်ရက်မှာ)။ တော်တော်များမှာပါ။ weekend တို့ အခါကြီး ရက်ကြီးတို့ အဲဒါတွေ မှီခိုနေရတာပေါ့။ ဒီအပေါ်မှာမူတည်ပြီးတော့ ဧည့်သည်က လာကြတာကိုး။ ဒီရက် တွေကတော့ တော်တော်လေးပါးတယ်။ တချို့ဟိုတယ်တွေဆို တစ်ခန်းဝင် နှစ်ခန်းဝင် အဲဒီလိုလေးတွေပဲ ဝင်လာတာ။ မဟုတ်ရင် သိပ်မဝင်ဘူး။ လက်မှုပစ္စည်းတွေဘာတွေကတော့ အရောင်းအဝယ်သိပ်ပြီးတော့ ဖြစ်မလာသေးဘူး။ ဒါပေမယ့် ဘုရားတွေမှာရောင်းနေတဲ့ ကလေးတွေတော့ မဆိုးပါဘူး။ နားကပ်လေးတွေ ရောင်းတာတို့၊ ပန်းချီကားလေးတွေရောင်းတာတို့ သူတို့တော့ ရောင်းရပါတယ်။ ယွန်းထည်ဆိုင်အကြီးကြီးတွေ ဘာတွေတော့ အဲဒီအထိအောင်တော့ ဗမာက မဝယ်နိုင်သေးဘူးလေ” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ငပလီကမ်းခြေဒေသသို့ ယခုနှစ်တွင် သင်္ကြန်ကာလ၌ ခရီးသွားဝင်ရောက်မှုသည် ကိုဗစ်ကာလပြီးနောက် စံချိန်တင်ဝင်ရောက်မှု များပြားခဲ့ခြင်းဖြစ်သော်လည်း အခြား အခါကြီး ရက်ကြီးများတွင် အဆိုပါ ပမာဏလောက် မများနိုင်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ညွှန်ကြား ရေးမှူး ဦးတင်ထွန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
ငပလီကမ်းခြေဟိုတယ်တစ်ခု
“ဒီပွင့်လင်းကိုတော့ လူတိုင်းကတော့ ဖြစ်စေချင်တာပေါ့။ အန်ကယ်တို့ကလည်း မျှော်မှန်းတာပေါ့။ ပြင်တာတော့ အကုန်ပြင်နေကြတယ်။ ဟိုတယ်တွေကတော့ သူတို့ဖွင့်မယ်ဆိုတော့ အားခဲနေကြတာပေါ့။ ဒီရာသီက သူတို့ရဲ့ လုပ်ငန်းစတင်ရမယ့်ရာသီဆိုတော့ အကုန်လုံးကတော့ နောက်ဆုတ်သွားတာမရှိပါဘူး။ ပြင်ဆင်နေကြတဲ့ လူတွေ ချည်းပါပဲ။ သင်္ကြန်ကလည်း အဲဒီအချိန် အဲဒီအခါတုန်းက စပြီးတော့ ရောဂါတွေက နည်းတဲ့ကာလ အကုန်လုံးက သွားချင်လာချင်တဲ့အချိန်မှာ ဒီတစ်နေရာပဲ စိတ်ချလက်ချသွားလို့ရတော့ ပြုံပြီးလာကြတာကိုး” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် သင်္ကြန်ပိတ်ရက်ကာလဖြစ်သော ၉ ရက်မှ ၁၇ ရက်နေ့အထိ ရခိုင်ပြည်နယ်သို့ ခရီးသွားဝင်ရောက်မှု ၁၅၀၀၀(တစ်သောင်းငါးထောင်) ကျော်ရှိခဲ့ကာ သံတွဲနှင့်စစ်တွေမြို့သို့ ခရီးသွား အများဆုံးဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ထို့အပြင် ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှုသည် စနေ၊ တနင်္ဂနွေ မဟုတ်သည့်ရက်များ၌ ၁၀၀၀(တစ်ထောင်) ဝန်းကျင်ခန့်သာ လာရောက်လည်ပတ်ကြပြီး စနေ၊ တနင်္ဂနွေ ရက်များတွင်မူ ၁၅၀၀(တစ်ထောင့်ငါးရာ) ဝန်းကျင် ခန့်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန(ပုဂံဌာနခွဲ)မှ သိရသည်။
သို့သော် အခါကြီး ရက်ကြီးများတွင်မူ ခရီးသွား ၂၅၀၀(နှစ်ထောင့်ငါးရာ)နှင့်အထက် ဝင်ရောက်ပြီး ရွှေစည်းခုံ၊ ဗူးဘုရား၊ အာနန္ဒာဘုရားများသို့ အများဆုံးလည်ပတ်ကြကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2581
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉
လက်ရှိတွင် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၌ Overstay(ကာလကြာရှည်နေထိုင်)များ ပိုမိုများပြားလာကာ အခက်အခဲ ဒုက္ခများ ကြုံတွေ့နေရကြောင်း မလေးရှားရောက် မြန်မာ အဖွဲ့အစည်းနှင့် Overstay ဖြစ်နေသူ မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။
Overstay သမားဖြစ်သည့်အတွက် အလုပ်အကိုင် ရှားပါးခြင်းအပြင် သွားလာရေး၊ စားဝတ်နေရေးနှင့် ကျန်းမာရေး ကိစ္စများတို့တွင်ပါ အခက်အခဲရှိနေကြောင်း မလေးရှားရောက် မြန်မာအဖွဲ့အစည်းနှင့် Overstay ဖြစ်နေသူ မြန်မာ များက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားနိုင်ငံတွင် Overstay သမားအဖြစ် အလူမီနီယမ် စက်ရုံတွင်လုပ်ကိုင်ခဲ့သည့် ကိုနိုင်နိုင်က “စက်ရုံမှာ အလုပ်လုပ်ရင်းနဲ့ လက်တစ်ချို့ ကျနော် ထိခိုက်သွားပါတယ်။ အလုပ်လုပ်ရင်းနဲ့ လက်က ကျိုးသွားတာပါ။ အဲဒါကို အခု ဆေးကုသမှုခံယူနေရတာလည်း ဘာမှ အဆင်မပြေပါဘူး။ အခုကျနော်က ဆေးရုံဆေးခန်း သွားလာနေရတာ။ ကျနော့်မှာ ဘာအထောက်အထားမှ မရှိဘူးဖြစ်နေတဲ့အတွက်နဲ့ သက်ဆိုင်ရာတွေကိုလည်း စိုးရိမ်ရတယ်။ ဆေးရုံ၊ ဆေးခန်းမှာလည်း ကျနော်တို့ ယုံကြည်မှု မရှိလောက်အောင် ဆရာဝန်တွေ ဆရာမတွေလည်း မေးရတာ စမ်းရ တာတွေလည်း အဆင်မပြေဘူး။ သူဌေးကလည်း ကျနော်တို့ကို ဘာဆိုဘာမှ လုပ်လို့မပေးပါဘူး။ ဆေးရုံမှာ ဆေး ကုသ နေရတာလည်း အဆင်မပြေပါဘူး။ ကျနော်တို့မှာ ဘာ အထောက်အထားမှလည်း မရှိဘူးဖြစ်နေတဲ့ အတွက် နဲ့။ ကျနော်တို့ အိုသမားတွေ အကောင်း(ရခိုင်လို တော်တော် လို့ပြောခြင်းဖြစ်) အနှိမ်ခံရပါတယ်။ ပိုက်ဆံရတာ တွေက အစ။ နောက်ပြီး OT ပိတ်ရက်တွေ ဆင်းတာတွေဆိုရင်လည်း တစ်ရက်လုပ်ရင် နှစ်ရက်ရတာတွေလည်း အဖြတ်ခံရပါတယ်”ဟု ပြောသည်။
မလေးရှားနိုင်ငံမှ အလုပ်ရှင်များသည် Overstay သမားများအား အလုပ်ခန့်ပါက ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွား သည့်အခါတွင် တာဝန်ယူရမည်ကို စိုးရိမ်သဖြင့် အလုပ်မခန့်ကြခြင်းမှာ များပြားကြောင်း ရခိုင်ဒုက္ခသည်များဗဟို (CAR)မှ နာယကချုပ် ဆရာတော် ဦးဥတ္တရက CNI သတင်းဌာနသို့ မိန့်သည်။
မလေးရှားအာဏာပိုင်များက အလုပ်သမားများကို အထောက်အထားများ စစ်ဆေးနေစဉ်
ထို့အပြင် Overstay သမားများအနေဖြင့် အလုပ်လုပ်ကိုင်ပါကလည်း အဖမ်းအဆီး မခံရရန်အတွက် ရှောင်တိမ်းပြီး လုပ်ကိုင်နေကြရခြင်းဖြစ်ကာ အလုပ်ရှင်ဘက်မှလည်း တစ်စုံတစ်ရာ တာဝန်ယူပေးခြင်းမရှိကြောင်း ၎င်းက ဆက် လက် မိန့်ကြားသည်။
ဆရာတော် ဦးဥတ္တရက “အခက်အခဲတွေကတော့ ပေါင်းစုံပါပဲ။ ကျန်းမာရေးမကောင်း၊ အလုပ်ရှင်နဲ့ အလုပ်ကြား မှာ အဆင်မပြေ။ အလုပ်ရှင်ကနေပြီး လခ မရှင်းပေးဘူး။ အလုပ်ရှင်တွေကလည်း သိတဲ့အတိုင်းလေ အိုသမားတွေ ဒီကောင်တွေ အထောက်အထား မရှိတဲ့လူတွေဆိုပြီး သူတို့တွေ အနှိမ်ခံရတာတွေ ရှိတယ်။ ဦးဇင်းတို့ အဲဒါတွေ လိုက်ရှင်းပေးရတယ်။ လခတွေ မရှင်းပေးဘူး။ ခိုင်းတဲ့ဟာကျတော့ ခိုင်းတယ်။ လကုန်ရင် သူတို့က မရှင်းပေးလိုက် ဘူး။ တချို့ပွဲစားတွေကလည်း လိမ်တယ်၊ အလုပ်ထည့်ပေးတယ်။ အလုပ်ထည့်ပေးပြီး အလုပ်ရှင်က ပိုက်ဆံပေး တယ်။ အထောက်အထားမရှိတဲ့ ကိုယ့်လူတွေကို အချင်းချင်းထပ်ပြီး မြန်မာပွဲစားတွေက ငွေမပေးဘူး။ လခမရှင်း ပေးဘူး။ ကျန်းမာရေး တစ်စုံတစ်ခုဖြစ်လာရင် ဆေးရုံတွေမှာလည်း အထောက်အထားမရှိရင် သိပ်ပြီးတော့ လက်မခံဘူး”ဟု မိန့်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေများကြောင့် မလေးရှားနိုင်ငံသို့ ဒုက္ခသည်အဖြစ် ဝင်ရောက်လာသူ မြန်မာနိုင်ငံ သား အများအပြား ရှိသကဲ့သို့ သက်တမ်း ကုန်ဆုံးသွားသည့် မြန်မာများသည်လည်း အကြောင်းအမျိုးမျိုးကြောင့် နေရပ်သို့မပြန်ဘဲ Overstay သမားအဖြစ်ခံ၍ နေထိုင်နေကြကြောင်း မလေးရှားနိုင်ငံတွင် Overstay သမားအဖြစ် အလူမီနီယမ် စက်ရုံတွင်လုပ်ကိုင်ခဲ့သည့် ကိုနိုင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားက လုပ်ငန်းခွင်တစ်ခုကို ၀င်ရန်စောင့်နေကြ
၎င်းက “ကျနော်တို့ဆီကို ကျနော်တို့ ပြန်သွားရင်လည်း အလုပ်ကလည်း မရှိတာတစ်ဖက်။ ပြီးတော့ နိုင်ငံရဲ့ အခြေ အနေကလည်း ပြောရမယ်ဆိုရင် ကိုယ့်အသက်ကိုယ်တောင် မလုံခြုံတဲ့အခါမှာ ဒီမှာပဲ ကျနော်တို့ နေပြီး ဒီမှာပဲ ပိုက်ဆံရှာပြီး မိသားစုကို ထောက်ပံ့နေရပါတယ်။ ကျနော်တို့ အိုသမားဖြစ်နေတော့ အလုပ်ရှာရတာ နည်းနည်း ခက်ခဲတယ်။ တချို့သူဌေးတွေဆိုရင် အထောက်အထားလည်း သူတို့မပြနိုင်ရင် အလုပ်မခေါ်ရဲ သူတို့ အလုပ်မခေါ် ပေးပါဘူး။ နောက်ပြီး ကျနော်တို့ ဒီမှာ အလုပ်ရှာရတာလည်း နည်းနည်းခက်ခဲသလို တစ်ခုခု အထောက်အထားမှ မရှိရင် အခက်အခဲ အများကြီးရှိပါတယ်” ဟု ပြောသည်။
ထို Overstay သမားများသည် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းများထံသို့ သွားရောက်ကာ ဒုက္ခသည် အဖြစ် ခံယူပြီး UNHCR ထံမှ ဒုက္ခသည်ကတ်များ လျှောက်ကြသော်လည်း ကတ်ရရှိရန် အချိန်ကာလအားဖြင့် ကြာမြင့်သည့်အတွက် ထိုကာလများတွင် ရဲအဖမ်းအဆီးများအား ရှောင်တိမ်းကာ နေထိုင်နေကြရကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ ရောက်ရှိနေသည့် Overstay သမား လေးသိန်း(၄၀၀၀၀၀) ဝန်းကျင်ခန့် ရှိနိုင် ကြောင်း၊ UNHCR ကတ် လျှောက်ထားစဉ် ကာလများတွင် ၎င်းတို့အား ကျန်းမာရေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အထောက်အပံ့ မရရှိသည့်အတွက် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းများမှ တတ်အားသရွေ့ ကူညီ ထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1247
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉
နစက အနေဖြင့် မြန်မာနိုင်ငံသူ/သားများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေမည့် အထည်ချုပ် လုပ်ငန်းများ တွင် ရုရှားစီးပွားရေးသမားများ ဝင်ရောက် ရင်းနှီးမြှုပ်နှံလာအောင် ဆွဲဆောင်သင့်ကြောင်း ပြည်တွင်းလုပ်ငန်းရှင် များနှင့် စီးပွားရေး ပညာရှင်များက ပြောသည်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇ ရက်က ရုရှားနိုင်ငံမှာ ကျင်းပသည့် အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)သို့ တက်ရောက်ခဲ့သလို မြန်မာနိုင်ငံအတွင်း ရုရှားစီးပွားရေးလုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံကျရန် ဖိတ်ခေါ်ခဲ့သည်။
လုပ်သားအင်အား များစွာရှိသည့် မြန်မာနိုင်ငံအတွက် အလုပ်အကိုင် အခွင့်အလမ်း များစွာ ဖန်တီးပေးနိုင်သော အထည်ချုပ်လုပ်ငန်းများတွင် ရုရှားစီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် မျှော်လင့်ကြောင်း မြန်မာ့ စီးပွားရေး လေ့လာသုံးသပ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
အထည်ချုပ်လုပ်ငန်းတစ်ခုတွင် အထည်ချုပ်နေသူ တစ်ဦး
၎င်းက “ကျနော်တို့နိုင်ငံမှာ လုပ်သားပေါတယ်။ လုပ်သားပေါလို့ပဲ မလေးရှားတို့၊ တရုတ်တို့မှာ အလုပ်တွေ ထွက် လုပ်နေရတာ ဖြစ်တဲ့အတွက် ဒီလုပ်သားတွေ အများကြီးအတွက် လုပ်ခလစာ တစ်ရက်ကို အခု ၄၈၀၀ သတ်မှတ် ထားတယ်။ အဲဒီကနေတဆင့် ကျနော်တို့ ၆၀၀၀၊ ၇၀၀၀၊ ၈၀၀၀ အထိ တိုးမြှင့်ပေးနိုင်အောင်လို့ ကျနော်မျှော်လင့် တာကတော့ အထည်ချုပ် စက်ရုံတို့၊ စက်ရုံ-အလုပ်ရုံတွေ ကျနော်တို့ဆီမှာ များများလာဖွင့်ဖို့ ကျနော်တို့ မျှော်လင့် တယ်။ ဒါပေမယ့် တကယ့်တကယ် ကျနော်ထင်ပါတယ်။ ရုရှားအနေနဲ့ ကျနော်တို့ဆီကို ဝင်လာခဲ့တယ်ဆိုလို့ရှိရင် စက်ရုံ အလုပ်ရုံတွေထက် ဓာတ်သတ္တု တူးဖော်တဲ့ လုပ်ငန်းတွေ၊ ရေနံရှာဖွေတဲ့ လုပ်ငန်းတွေ၊ သံယဇာတ တူးဖော် တဲ့ လုပ်ငန်းတွေမှာ အစိုးရနဲ့ Join လုပ်ဖို့အတွက် စီစဉ်နေတာမျိုး ကျနော်အနေနဲ့ သုံးသပ်ရတယ်။ အဲလိုပုံစံမျိုး တွေမှာ လုပ်ဖို့ ဖြစ်နိုင်တယ်” ဟု ပြောသည်။
အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)သို့ တက်ရောက်ခဲ့သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားသမ္မတပူတင် နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ထို့နောက် ဓာတ်အားထုတ်နိုင်မည့် နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင် ရွက်ရေး သဘောတူညီချက် လက်မှတ်ထိုးခဲ့သည်။
ထို့နောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အပြင် ဆောက်လုပ်ရေး၊ ဟိုတယ်နှင့်ခရီးသွား၊ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရေး၊ နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲနိုင်ရေးနှင့် တခြားသော စီမံကိန်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ရုရှားကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့သည်။
ထို့ကြောင့် ရုရှားရင်းနှီးမြှုပ်နှံမှုများသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင်သာ ပိုမို ဝင်ရောက် လာနိုင်သည်ဟု အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။
အလုပ်ဆင်းချိန် အိမ်ပြန်ရန် လှေပေါ်တက်နေသူများ
၎င်းက “မြင်ရပုံအရ ဆိုရင်တော့ အဲဒီလို Manufacturing sector တော့ သိပ်လာဖို့ မမြင်ဘူး။ အခုက ဒီဘက်က invite လုပ်ထားတာကလည်း Oil & Gas ပဲ။ ဒီက Gas Project တွေမှာ ဝင်ဖို့ဆိုပြီးတော့ အဲဒါကို အထူးပြုပြီးတော့ ပဲ ဖိတ်ထားတယ်။ လာရင်လည်း အဲဒီဟာမှာပဲ လာဖို့တော့ များတယ်။ ကျန်တဲ့ အထည်ချုပ်တို့လို၊ ဘာတို့လို ကုန်ထုတ်လုပ်မှု sector ကတော့ သိပ်မမြင်ဘူး။ အထည်ချုပ်က Buyer အမေရိကန်၊ ယူရိုနောက် ဂျပန်တို့ပေါ့၊ အဲဒီဟာတွေက ရုရှားကို sanctions လုပ်ထားတော့ အဲဒီဟာအတွက် ပို့ဖို့ကလည်း အဆင်မပြေနိုင်ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သည့် တိကျ သေချာ သော မူဝါဒများ ချမှတ်ပေးထားခြင်း မရှိသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာခြင်းများ ရှိသကဲ့သို့ ဝင်ရောက်ရန် ခက်ခဲနေမှုများလည်း ရှိနေသည်။
ဦးအောင်ပြည့်စုံက “အစိုးရအနေနဲ့လည်း ကျနော်တို့နိုင်ငံမှာ စက်ရုံတစ်ခု လာလုပ်တယ်ဆိုလို့ရှိရင် ၅ နှစ် အခွန် ကင်းလွတ်ခွင့် ပေးမလား၊ ၁၀ နှစ်ကို အခွန်ဘယ်လောက် လျှော့ပေးမလဲ၊ နောက်ပြီးတော့ တည်ငြိမ်တဲ့ မူဝါဒ တစ်ခုပေါ့နော် တစ်ခုရှိတာက ကျနော်တို့ အခုဖြစ်နေတဲ့ ကျနော်တို့နိုင်ငံကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ဖို့ အတွက် အဟန့်အတား အဓိက ဖြစ်စေတဲ့ အကြောင်းအရာက ကျနော်တို့နိုင်ငံမှာ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ စက်ရုံ အလုပ်ရုံနဲ့ ပတ်သက်ပြီးတော့ တည်ငြိမ်တဲ့ မူဝါဒတစ်ခု မရှိတာပေါ့။ အဲတော့ ကျနော်တို့ဘက်က တိကျတဲ့ မူဝါဒနဲ့ စက်ရုံ အလုပ်ရုံ ပိုင်ရှင်တွေအတွက် ကျနော်တို့ အကာအကွယ် ပေးနိုင်တယ်ဆိုရင် ဒီစက်ရုံ အလုပ်ရုံတွေ က ပိုလုပ်လာမယ်။ အဲလို ပိုလုပ်လာမှပဲ ကျနော်တို့ဆီမှာ အလုပ်သမားတွေ ပိုပြီးတော့ လုပ်ခလစာတွေ ပိုရမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုရမှာဖြစ်တဲ့အတွက် အစိုးရပိုင်းက ခုထက်ပိုပြီးတော့ တိကျတဲ့ မူဝါဒတွေ နဲ့ စက်ရုံ အလုပ်ရုံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုဝင်လာအောင် ဆွဲဆောင်သင့်တယ်လို့ ကျနော့်အနေနဲ့ မြင်မိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပူတင်ကိုတွေ့ရစဉ်
နစကကတော့ နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာတင်ပို့မှုနှင့် စွမ်းအင်ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှု များ လာရောက်လုပ်ကိုင်ကြရန် ဖိတ်ခေါ်နေသည်။
ရုရှားနိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ ဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်းများ၊ မြေပေါ် မြေအောက် သံယဇာတ တူးဖော်သည့် လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ ပိုမိုဝင်ရောက်လာနိုင်သည်ဟု စီးပွားရေးလေ့လာသူများက ခန့်မှန်းထားကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1309
CNI News
၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ ၁၇
မိုဘိုင်းလ်ငွေကြေး အသုံးပြုသူများအနေဖြင့် အေးဂျင့်များ၊ ဘဏ်များသို့ သွားရောက်၍ ကိုယ်ရေး အချက်အလက် များအား အသုံးပြုပြီး Level 2 အဆင့်မြှင့်တင်ပြီးမှ အသုံးပြုရန်လိုအပ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
အဆင့်မြှင့်တင်လိုခြင်းမရှိသော မိုဘိုင်းလ်ငွေကြေး အသုံးပြုသူများကိုလည်း မိမိတို့ အကောင့်ထဲတွင် ရှိသော လက်ကျန်ငွေများအား အသုံးပြုနိုင်မည့် နည်းလမ်းများကို ဘဏ်များ၊ မိုဘိုင်းလ် ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဆက်သွယ် ဆောင်ရွက်ရန် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
Star Wave money အေးဂျင့်ဆိုင်မှ မစိမ့်စမ်းဦးက “ညီမကတော့ ဒီနေ့က အဲ့တာ တွေ့တဲ့အတွက် Level 1 သမား တွေကို ပြောတယ်၊ Level 2 မြှင့်ထားပေးပါ၊ အကောင့်တွေကို၊ သတင်းထုတ်ထားလို့လို့ ပြောထားတယ်။ သူတို့ မမြှင့်တက်ရင်တော့ သူတို့ wave money ဆော့ဝဲလ် ထဲကနေပြီးတော့ Level 2 မြှင့်တဲ့ ပုံစံကို သူတို့ကို ပြောပြ ပေးလိုက်တယ်။ ဒါမှမဟုတ် တချို့ကြ မှတ်ပုံတင် ပါလို့ရှိရင်တော့ တစ်ခါတည်း မြှင့်ပေးလိုက်တယ်။ သူထုတ်ထား တဲ့ သတင်းမှာထဲက Level 1 အကုန်ပိတ်ရင်တော့ ပိုက်ဆံထုတ်လို့ရမှာ မဟုတ်တော့ဘူးလေ။ အဲ့တော့ Level 2 က တော့ မဖြစ်မနေ မြှင့်ရမှာပေါ့၊ Level 1 ကတော့ ကိုယ်သုံးချင်တယ်ဆိုရင်တောင် Level 1 မလုပ်ရဘူး ပိတ်မယ် ဆိုရင်တောင်မှ အကောင့်က အော်တို ပိတ်သွားမှာဆိုတော့ မဖြစ်မနေတော့ မြှင့်ရမှာပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။
Wave Money ဆိုင်တစ်ခုကိုတွေ့ရစဉ်
ဗဟိုဘဏ်က တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဘဏ်ဦးဆောင်မှုပုံစံဖြင့် ဆောင်ရွက် လျက်ရှိသည့် မိုဘိုင်းလ်ပေး ဝန်ဆောင်မှုလုပ်ငန်းများ၊ မိုဘိုင်းလ်ဘဏ် လုပ်ငန်းဆောင်ရွက်ခွင့် ရရှိထားသော ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ မိုဘိုင်းလ်ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံ ရှင်းလင်းသည့်စနစ် ဝန်ဆောင်မှုလုပ်ငန်းစသည့် မိုဘိုင်းလ် ငွေပေးချေမှု အသုံး ပြုသူများ အနေဖြင့် နီးစပ်ရာကိုယ်စားလှယ်(Agent)များ/ ဘဏ်များသို့ သွားရောက်၍ မိမိတို့၏ ကိုယ်ရေးအချက် အလက်များအား အဆင့် ၂ (Level 2)အဆင့်သို့ အချိန်မီ မြှင့်တင်ရန် လိုအပ်သည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့နောက် အဆင့် ၂ (Level 2)သို့ တိုးမြှင့်လိုခြင်းမရှိသော မိုဘိုင်းလ်ငွေကြေး စာရင်းပိုင်ရှင်များအနေဖြင့် မိမိတို့ လက်ကျန်ငွေများအား အသုံးပြုနိုင်မည့် နည်းလမ်းများကို ဘဏ်များ၊ မိုဘိုင်းလ် ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်ပါရန် အသိပေးအကြောင်းသည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗဟိုဘဏ် ထုတ်ပြန်ချက်
ယခုလို အဆင့်မြှင့်တင်လိုက်ခြင်းသည် လုံခြုံရေးအတွက် ပိုမိုကောင်းမွန်စေရန်နှင့် မိုဘိုင်းလ် ငွေကြေးကို အသုံးပြု ပြီး ငွေကြေးလိမ်လည်မှုများ မဖြစ်လာစေရန် ရည်ရွယ်ကြောင်း Wave Money အသုံးပြုသူများက ပြောသည်။
Wave money call center က “လူကြီးမင်းတို့ ငွေလွှဲ ငွေထုတ်တဲ့အခါမှာ ပိုပြီး အဆင်ပြေရအောင် Level 2 ကို အဆင့်မြှင့်ခိုင်းခြင်းပါ။ Level 1 လည်း သုံးလို့ရပါတယ်။ Level 1 ဆိုရင်တော့ တစ်နေ့ကို တစ်သိန်းပဲ ထုတ်လို့ရ မယ် လွှဲလို့ရမယ်။ လက်ခံထားနိုင်တာကတော့ ၄ သိန်းပဲ လက်ခံထားနိုင်တယ်ရှင့်။ တစ်လလုံးဆိုရင် ၂၅ သိန်းပဲ အသုံးပြုလို့ရတယ်။ Level 2 သမားတွေ အနေနဲ့ကတော့ တစ်နေ့ကို ငွေထုတ်ရင် သုံးသိန်းထိ ထုတ်လို့ရတယ်။ ငွေလွှဲမယ်ဆိုရင် ၁၀ သိန်းထိ လွှဲလို့ရတယ်။ ကိုယ့် အကောင့်ထဲမှာ လက်ခံထားတာဆိုရင် သိန်း ၂၀ ထိ လက်ခံနိုင် တယ်။ တစ်လလုံးမှာဆို သိန်း ၂၅၀ ထိ လက်ခံထားနိုင်တယ်။ ငွေပမာဏ ပိုပြီး များများ လွှဲနိုင်တယ် လက်ခံနိုင် တယ် အဲ့လိုမျိုး ဖြစ်တဲ့အတွက်ကြောင့်မို့ လူကြီးမင်းတို့ကို Level အဆင့်မြှင့်ခိုင်းခြင်းပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။
Wave Money က မိုဘိုင်းလ် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း စည်းမျဥ်းစည်းကမ်းများအရ ငွေလွှဲ၊ ငွေထုတ် လုပ်ငန်းစဥ် များ ပိုမို လုံခြုံ စိတ်ချရစေဖို့ Wave Money မှ လုံခြုံရေး အဆင့်မြှင့်တင် ဆောင်ရွက် ပေးလျှက်ရှိကြောင်း စက်တင်ဘာ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

- By CNI
- Category: စီးပွားရေး
- Hits: 1206
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၇
မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ရုရှားဧည့်သည်များကို ဦးတည်ဆောင်ရွက်လာခြင်းများရှိသော်လည်း စားသောက်ဆိုင်များနှင့် ဟိုတယ် လုပ်ငန်းများတွင် ရုရှားအစားအစာများနှင့်ပတ်သက်ပြီး လတ်တလောတွင် ကြိုတင် ပြင်ဆင်မှုများ မလုပ်နိုင်သေးကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
မြန်မာနိုင်ငံသို့ ရုရှားခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုသည် နည်းပါးသည့်အတွက် ရုရှားအစားအစာ ရောင်းချမှုသည်လည်း မရှိသလောက် ဖြစ်နေကြောင်း၊ ရုရှားအစားအစာများနှင့် ပတ်သက်သည့် သင်တန်းများကို ထပ်မံ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လတ်တလောတွင် ထိုသင်တန်းများကို ဟိုတယ်လုပ်ငန်းများအနေဖြင့် မလုပ်နိုင်သေးကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဟိုတယ်ဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ် က CNI သတင်းဌာနသို့ ပြောသသည်။
ချောင်းသားရှိ Azura Beach Resort (Justice for Myanmar)
၎င်းက “နံပါတ် ၁ အန်ကယ်တို့ လုပ်ရမှာက စားသောက်ဆိုင် အသင်းအဖွဲ့တွေ ပြောရမယ်။ နောက်တစ်ခါ ရုရှား တွေနဲ့ ပတ်သက်ပြီးကျတော့ ဘယ်လိုဟာမျိုးတွေကို ကြိုက်တတ်တယ်ဆိုတာကို အန်ကယ်တို့ တကယ့် Master Chef တွေနဲ့ တွေ့ပြီးတော့ သူတို့ကမှ နားလည်တာကိုး။ သူတို့နဲ့ လုပ်ပြီးမှ ဆိုကြပါစို့ Chef Training လေးတွေ လုပ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် အန်ကယ့် အမြင်ကတော့ ဒီအပေါ်မှာ သူတို့ သိပ်မလုပ်နိုင်ကြ တော့ဘူး ထင်တယ်။ ကိုယ့်ဆီက စီးပွားရေး လုပ်ငန်းသမားဆိုတာတော့ တကယ်ကို အမြော်အမြင်ရှိတယ်၊ အလား အလာ ရှိတယ်ဆိုရင် အန်ကယ်တို့ ဒါကို အားစိုက်ပြီးတော့ လုပ်ကြမှာပါ။ အခု လောလောဆယ်တော့ ထင်တာနဲ့ တော့ ဘာမှ မလုပ်နိုင်သေးဘူး။ ဘာမှ မလုပ်နိုင်တာ ၃ နှစ်လောက် ရှိသွားပြီပေါ့။ လူတွေလည်း သိပ်ပြီးတော့ ခံသာအောင်ကို ကြိုးစားဖို့ မလွယ်ဘူး ဖြစ်နေတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ထိုင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် ဥရောပ အစားအစာများကိုသာ အဓိကထား ရောင်းချမှုများ ရှိနေကြောင်း၊ ရုရှားနှင့် ပတ်သက်သည့် အစားအစာများ ရောင်းချမှုသည် အလွန်နည်းပါးလျက် ရှိကြောင်း သိရသည်။
ထို့အပြင် ပြည်တွင်းရှိ စားသောက်ဆိုင် လုပ်ငန်းများသည် ပြည်တွင်း စားသုံးသူ ဈေးကွက်ကိုသာ အဓိက အားထား နေရခြင်းကြောင့် လတ်တလောတွင် ရုရှား အစားအစာများနှင့် ပတ်သက်ပြီး မစဉ်းစားနိုင်သေးကြောင်း ရန်ကုန် စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနေလင်းက CNI သတင်းဌာနသို့ ပြောသည်။
ရုရှားအစားအစာများကို တွေ့ရစဉ်
၎င်း “ကျနော်တို့ကတော့ မရှိပါဘူးဗျ။ ရေရှည်အတွက်တော့ ကျနော်တို့ လောလောဆယ်မှာတော့ အားလုံးက ပြည်တွင်းတောင်မှ ရောင်းအားကောင်းအောင် ရုန်းကန်နေရတာ။ ရုရှားကိုလည်း ကျနော်တို့ မမျှော်နိုင်သေးဘူး ပေါ့နော်။ ဒီအစားအသောက် ဆိုင်ဆိုတာကတော့ ကိုယ့်ဟာကိုယ်တောင်မှ Local တောင်မှ မနည်း ရုန်းကန်နေရ တာဆိုတော့ အဲလောက်ကြီးထိ ပြောလို့ မရသေးဘူးပေါ့နော်။ ကျနော်တို့ကတော့ အဲလောက်ကြီးထိ စိတ်မဝင်စား သေးဘူးပေါ့နော်။ တကယ် ရုရှားတွေ လာရင်တော့ တမျိုးပေါ့။ လောလောဆယ်မှာတော့ ကိုယ့်ပြည်တွင်း Local တောင်မှ မနည်းရုန်းကန်နေရတယ် ပြည်တွင်း Local နဲ့ပဲ ရှင်သန်နေရတာဆိုတော့ အဲလောက်ကြီးထိလည်း ကျနော်တို့ မစဉ်းစားနိုင်သေးဘူးပေါ့” ဟု ပြောသည်။
ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာမှု များပြားလာမည်ဆိုပါက ရုရှား အစားအသောက်နှင့် ပတ်သက် သည့် သင်တန်းများ၊ ဝန်ဆောင်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့အတွက် အချိန်ယူရမည် ဖြစ် ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ရုရှားခရီးသွားများ ဝင်ရောက်လာသည့်အခါ အဆင်ပြေစေရန်နှင့် စိတ်ကျေနပ်မှု ရရှိစေရန်အတွက်လည်း ကြိုးစား ၍ ပြင်ဆင်ဆောင်ရွက်သွားမည်ဟု ပုဂံဟိုတယ်ဇုန်ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။
ပုဂံဒေသအလှကိုတွေ့ရစဉ်
၎င်းက “ကိုရီးယားဆိုရင် နားလည်နေပြီလေ လုပ်တတ်နေပြီ။ ရုရှားကျတော့ အန်ကယ်တို့က နည်းနည်း စိမ်းနေ သေးတယ် Market က။ ဟိုးတုန်းကလာလည်း တစ်ယောက်စ၊ နှစ်ယောက်စပဲ လာတာကိုး အများကြီး မလာဘူး။ အဲလို များများဝင်လာရင်တော့ ရုရှားနဲ့ ပတ်သက်တဲ့ Chef တို့၊ ဘာတို့ကို ငှားပြီးတော့ Training တွေ ဘာတွေ လုပ်ပေးရမှာပေါ့။ ဟိုတယ်ပိုင်းကရော၊ စားသောက်ဆိုင်ပိုင်းကရော အလုပ်ကို တအားလုပ်ချင်နေကြပါတယ်။ အကယ်လို့ အန်ကယ်တို့ မျှော်မှန်းထားတယ်ပေါ့လေ လေယာဉ်လည်းရှိတယ်။ ရုရှားဧည့်သည်တွေ ဝင်လာပြီဆိုလို့ ရှိရင်တော့ ဒီဥစ္စာအပေါ်မှာ ဧည့်သည်တွေ စိတ်ကျေနပ်မှုရအောင် အန်ကယ်တို့ဘက်က အတတ်နိုင်ဆုံး ကြိုးစား ပြီးတော့ ပြင်ဆင်ဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။
နစကသည် ရုရှား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန်အပြင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍများ မြှင့်တင်ရန် အတွက် ကြိုးပမ်းလျက်ရှိနေသလို ရုရှား-မြန်မာ တိုက်ရိုက် လေကြောင်း ပြေးဆွဲနိုင်ရေးအတွက်လည်း ညှိနှိုင်း ဆောင်ရွက်လျက်ရှိနေသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွက် ရုရှားဘာသာစကားများ သင်ကြားပို့ချလျက်ရှိနေသည်။