- By CNI
- Category: စီးပွားရေး
- Hits: 1299
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄
တရုတ်နှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် ယွမ်နှင့် ဘတ်တို့ဖြင့် တိုက်ရိုက်ပေးချေခွင့်ရှိသော်လည်း ဆန်၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများကို အမေရိကန်ဒေါ်လာဈေးနှုန်းဖြင့် တွက်ချက်ပြီး ဗဟိုဘဏ်သို့ ပို့ကုန်ရ ငွေ အားလုံးကို ဒေါ်လာဖြင့် ဇူလိုင် ၁ ရက်နေ့မှ စတင်အပ်နှံရမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားထားကြောင်း ပို့ကုန်လုပ်ငန်းရှင်နှင့် ကုန်သည်များထံမှ သိရသည်။
ပြောင်းတစ်တန်လျှင် ဒေါ်လာ ၃၆၀ ဈေးနှုန်းဖြင့် ဗဟိုဘဏ်သို့ အပ်နှံရမည်ဖြစ်ပြီး ဗဟိုဘဏ်က ကုန်သွယ်ခွန် ၂ ရာခိုင်နှုန်းကို နှုတ်ယူကာ ကျန်ရှိသည့် ငွေကို တစ်ဒေါ်လာ မြန်မာငွေ ၁၈၅၀ နှုန်းဖြင့် ပြန်လည်ထုတ်ပေးမည်ဟုမြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
“ပြောင်းဆို နိုင်ငံတော်က သတ်မှတ်ထားတာ တစ်တန်ကို ဒေါ်လာ ၃၆၀ လို့ သတ်မှတ်ထားတယ်။ ကိုယ့်ဟာကိုယ် ဟိုဘက်ကို ၄၀၀ နဲ့ ရချင်ရ ၅၀၀ ဈေး ရချင်ရ အဲဒါ သူစိတ်မဝင်စားဘူး။ သူကတော့ တစ်တန်ရောင်းတိုင်း ၃၆၀ သတ်မှတ်ထားတယ်။ အဲဒီ ၃၆၀ အောက် ရောက်ပြီးတော့ ၃၃၀ တွေ၊ ၃၄၀ တွေ၊ ၃၅၀ တွေရောက်လည်း သူက ၃၆၀ သတ်မှတ်တယ်။ မင်း တစ်တန် ရောင်းချင်ရင် ငါ့ရဲ့ ဗဟိုဘဏ် ထဲကို ၃၆၀ လာထည့်။ ၁၀ တန်ရောင်းချင်ရင် ဒေါ်လာ ၃၆၀၀၊ တန် ၁၀၀ ရောင်းမယ်ဆိုရင် ဒေါ်လာ ၃၆၀၀၀။ အဲလိုပေါ့နော် သူ့ဟာသူ တန်တစ်ထောင်ရောင်းချင်၊ တန်တစ်သောင်းရောင်းချင်ရင် သူနဲ့ သတ်မှတ်တဲ့ဟာတွေ ဒေါ်လာတွေ မင်း ငါတို့ရဲ့ ဗဟိုဘဏ်ထဲကို လာထည့်လိုက်။ ပြီးတော့မှ ၂ ရာခိုင်နှုန်း သူဖြတ်ယူထားလိုက်မယ်။ တစ်တန်ကို ၂ ရာခိုင်နှုန်းနဲ့ ၇ ဒေါ်လာနဲ့ ဒသမ ၂ ဆင့်ပေါ့ သူက ယူထားမယ်။ ကျန်တဲ့ ဒေါ်လာ ၃၅၂.၈ ဒေါ်လာကို အမြှောက် ၁၈၅၀နဲ့ မြန်မာငွေတွေ ပြန်ပေးမယ်” ဟု ပြောသည်။
ကုန်သည်များက အမေရိကန်ဒေါ်လာဖြင့် ဗဟိုဘဏ်သို့ အပ်နှံရသည့်အတွက် ဗဟိုဘဏ်မှ သတ်မှတ် ထားသည့် ဒေါ်လာဈေးနှုန်းနှင့် အပြင်တွင် ရောင်းချနေသည့် ဒေါ်လာဈေးနှုန်းများသည် ကွာခြားမှု ရှိနေ သည့်အတွက် ကုန်သည်များအနေဖြင့် အရှုံးနှင့်သာ ကြုံတွေ့ရမည့် အခြေအနေရှိသည်ဟု ကုန်သည် များက ပြောသည်။
ထို့ကြောင့် ကုန်သည်များက ယင်းငွေကြေးကွာဟချက်များကိုပါ ထည့်တွက်ပြီး တောင်သူများထံ ကုန်စည်ဝယ်ယူရမည်ဖြစ်ခြင်းကြောင့် တောင်သူများရရှိမည့် ကုန်စည်ဈေးနှုန်းများ လျော့နည်းသွားမည် ဖြစ်သည်ဟု ဦးသန့်ဇင်ထွန်းက ဆက်ပြောသည်။
“ကိုယ်က အပြင်မှာ ၂၂၀၀၊ ၂၁၀၀ နဲ့ဝယ်၊ သူ့ကိုထည့်ပြီး တစ်ဒေါ်လာကို ဘယ်လောက်ကွာသွားလဲ ဆိုတော့ ၂၅၀ နဲ့ ၃၅၀ ကြား ကွာသွားပြီ။ ၃၀၀ နဲ့ တွက်လိုက်လို့ရှိရင် ၃၆၀ သွင်းရမယ်ဆိုကတည်းက ၁ သိန်းနဲ့ ၈ ထောင် ရှုံးသွားပြီ။ ဒေါ်လာဝယ်ပြီးတော့ တစ်တန်ရောင်းလိုက်တိုင်းကို ၁ သိန်းနဲ့ ၈ ထောင် ရှုံးနေပြီ။ အဲတော့ အဲဒီ ၁ သိန်းနဲ့ ၈ ထောင်ကို ဘယ်လို ပြန် Cover လုပ်မလဲဆိုတော့ ထိုင်းကို ရောင်း ရောင်း ဘယ်ကိုရောင်းရောင်း အဲဒီကုန်ကျစရိတ်ကို ထည့်ရပြီ။ ကုန်ကျစရိတ်ကို ထည့်ပေါင်းပြီးတော့မှ အရင်တုန်းက တောင်သူတွေက ပြောင်းတစ်ပိဿာကို ၁၁၀၀ ပေါက်နေတယ်။ အခု ၁၁၀၀ ပေးလို့ မရဘူး။ ၉၅၀ ပဲ ပေးတော့မယ်။ ဘာလို့လဲဆိုတော့ ဒီလို ဒေါ်လာကို အပြင်ကနေ ဝယ်ပြီးတော့ ဘတ်ကနေဒေါ်လာ၊ ကျပ်ကနေ ဒေါ်လာ၊ ဒေါ်လာကနေမှ ဗဟိုဘဏ်ကို ပြန်သွင်း၊ ဗဟိုဘဏ်ကနေ ၁၈၅၀ နဲ့ ပြန်ထွက်လာတဲ့ ကွာဟချက်ကို ကုန်သည်တွေက အရှုံးတွေနဲ့ ကုန်ကျစရိတ်အနေနဲ့ ထည့်တွက်ပြီးတော့မှ တောင်သူတွေဆီကနေ ဝယ်တဲ့အဆင့် ဖြစ်သွားမယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထို့နောက် တရုတ်နယ်စပ်ကုန်သွယ်ရေးတွင်လည်း ပဲ၊ ပြောင်းနဲ့ ဆီထွက်သီးနှံတွေကို ပြည်ပနိုင်ငံတွေထံ နယ်စပ်ကတစ်ဆင့် တင်ပို့ ရောင်းချမှုနှင့်ပတ်သက်ပြီး အမေရိကန်ဒေါ်လာတစ်မျိုးတည်းဖြင့်သာ တင်ပို့ခွင့်ပြုရေး ဆောင်ရွက်သွားဖို့ ညွှန်ကြားထားကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
“ပဲမျိုးစုံရယ်၊ ပြောင်းရယ်၊ ဆီထွက်သီးနှံကို အမေရိကန်ဒေါ်လာနဲ့ သွားပြီးတော့ ကျန်တဲ့ ကုန်ပစ္စည်း မှန်သမျှကို ဆန်၊ ဆန်ကွဲ၊ ငရုတ်သီး၊ ကြက်သွန်၊ ရော်ဘာ တွေကို ယခင်အတိုင်း ယွမ်ငွေနဲ့ သွားတာကို ကျနော်တို့ တွေ့ရှိရပါတယ်ခင်ဗျာ”ဟု ပြောသည်။
တရုတ်နယ်စပ်ကုန်သွယ်ရေး၌ ယွမ်နှင့် ကျပ်ငွေ တိုက်ရိုက် ကုန်သွယ်ရေးတွင် ငွေကြေးကွာဟချက် မရှိကြောင်းနှင့် ယခု ဒေါ်လာဈေးနှုန်းဖြင့် သတ်မှတ်၍ ဒေါ်လာဖြင့် ရောင်းဝယ်ရမည်ဆိုပါက ငွေကြေး ကွာဟချက်များစွာ ဖြစ်ပေါ်လာပြီး ကုန်သည်များအတွက် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည်ဟု သိရ သည်။
နယ်စပ်ကုန်သွယ်ရေးတွင် ဒေါ်လာဖြင့် ဝယ်ယူရောင်းဝယ်စေခြင်းနှင့် ပို့ကုန်ရငွေ အားလုံးကို ဗဟိုဘဏ် သို့ အပ်နှံစေခြင်းသည် နိုင်ငံတော်က ဒေါ်လာကို စုဆောင်းနေသည့် သဘောသက်ရောက်နေပြီး ကုန်သွယ်ရေးအခြေအနေနှင့် ဈေးနှုန်းများကို ကမောက်ကမဖြစ်သွားစေနိုင်သည်ဟု နယ်စပ် ကုန်သွယ် ရေး လုပ်ငန်းရှင်များက သုံးသပ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 1360
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄
မြန်မာနိုင်ငံရှိ လူငယ်၊ လူရွယ်များသည် ပြည်ပနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှုသည် ပိုမိုများပြားလာကာ ထိုထဲတွင် ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှုသည် ကိုဗစ်မဖြစ်ခင် ကာလများကထက် သိသိသာသာ များလာကြောင်း မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့(MOEAF) မှ သိရသည်။
အဓိကသွားရောက် အလုပ်လုပ်ကိုင်ကြသည့် အလုပ်အမျိုးအစားများမှာ စက်ရုံ၊ အလုပ်ရုံ၊ ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေး တို့ဖြစ်ကြောင်း MOEAF မှ ဒုတိယဥက္ကဋ္ဌ(၁) ဦးပီတာက CNI သတင်းဌာနသို့ ပြောသည်။
MOEAF မှ ဒုတိယဥက္ကဋ္ဌ(၁) ဦးပီတာက “ဂျပန်ကတော့ အဲဒီလောက်ကြီးတော့ မထွက်ပါဘူး။ ဒါပေမယ့် ဂျပန်က အခုနောက် ပိုင်း ပိုများလာတယ်။ ဂျပန်ကတော့ သိသိသာသာ များလာတယ်။
ဂျပန်က သူက ဂျပန်စာသင်ရတယ်။ ပညာအရည်အချင်း ကလည်း ရှိရတယ်။ ဝန်ဆောင်ခကလည်း နည်းနည်း များတာပေါ့။ ဂျပန်ကတော့ သွားနိုင်တဲ့ အရေအတွက် နည်းတာပေါ့။ နောက် ဟိုဘက်ကခေါ်တဲ့ အရေအတွက်ကလည်း အဲဒီလောက်ကြီး အများကြီး မရှိဘူး။ ထိုင်းမှာဆိုတာက မြန်မာတွေက သန်းနဲ့ချီရှိတာကိုး။ အဲဒီလိုတော့ ကွာတာပေါ့။ ဂျပန်ကတော့ ဝေးတာကို။
အရင်တုန်းကဆိုရင် ဂျပန်ကို တစ်နှစ်ကို လူ လေး၊ ငါးရာ ပို့ဖို့ တော်တော် ကြိုးစားယူရတာ။ အခုက အေဂျင်စီ တစ်ခုကနေကို လေး၊ ငါးရာလောက် ပို့နေတာ။ အခုဆို ငါးထောင်၊ ခြောက်ထောင် နီးပါးလောက် ရှိသွားပြီ” ဟု ပြောသည်။
ဂျပန်နိုင်ငံသည် ထိုင်းနှင့် မလေးရှားနိုင်ငံတို့ထက် လုပ်ခလစာ ပိုမိုရရှိကြောင်း၊ အနိမ့်ဆုံး အခြေခံ လုပ်ခလစာသည် ယန်း ကိုးသောင်း(မြန်မာငွေ ဆယ်သိန်းကျော်) ရရှိကြောင်း MOEAF မှ သိရသည်။
ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသည့် ကိုမင်းခန့်က ၎င်းအနေဖြင့် ဂျပန်နိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်မည့် အကြောင်းအရင်းအား ယခုကဲ့သို့ ပြောသည်။
ပြည်ပထွက် အလုပ်လုပ်ကြမည့် မြန်မာနိုင်ငံသားများ
ကိုမင်းခန့်က “အဓိကက ကျနော်တို့ ဒီမှာ ကုန်ဈေးနှုန်းတွေ မြင့်မားလာမှုရယ်၊ လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေ ရှားပါးမှု၊ ပြီးတော့ ကျနော်တို့ လုပ်တဲ့ လုပ်နိုင်စွမ်းထက် ရတဲ့လစာတွေက နည်းပါးလာမှုတွေကြောင့် ကျနော်ပြည်ပမှာ ထွက်ပြီး အလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်ထားတာ။ ဂျပန်နိုင်ငံကို သွားပြီး အလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်ထားတာကျတော့ ဒီမှာကျ တော့ မိတ်ဆွေ အသိတွေလည်း ရှိတယ်လေ။ မလေးရှားတို့ ထိုင်းတို့မှာထက်စာရင် ဂျပန်က လစာပိုပြီးတော့ ကောင်းလို့။ လုပ်ခလစာ အနိမ့်ဆုံးဆိုပြီး သတ်မှတ်ထားတာရှိတယ်။ မြန်မာနိုင်ငံက သွားမယ့်သူဆိုရင် training visa ဆိုရင် အခြေခံလစာ က ယန်း ၁၄ သောင်း၊ ၁၆ သောင်းလောက်ရတယ်။ ဒါဆိုရင် ကျနော်တို့ အခွန်ဘာညာ ပေးပြီးတော့ ကျနော်တို့အတွက် လက်ထဲမှာ ယန်း ၁၂ သောင်းလောက်၊ ၁၁ သောင်းလောက် ကျန်မယ်ဆိုရင် မြန်မာငွေနဲ့ဆို ၁၅ သိန်း ဝန်းကျင်လောက် ကျန် တယ်။ ဒါကြောင့် ဒီ ၁၅ သိန်း ဝန်းကျင်ဆိုတဲ့ ပမာဏဟာ အိမ်နီးချင်းနိုင်ငံတွေမှာ လုပ်တာထက်စာရင် ပိုရတယ်။ ပိုရတော့ အိမ်ကိုလည်း များများ ထောက်ပံ့နိုင်မယ်ထင်လို့”ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ပြည်ပနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် အထဲတွင် ထိုင်းနှင့် ဂျပန်နိုင်ငံသို့ အများဆုံး သွားရောက်နေ ကြောင်း MOEAF မှ သိရသည်။
ပွင့်ဖူးအောင်အေဂျင်စီမှ မန်နေ ဂျင်းဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်း “တစ်နေ့တစ်နေ့ကတော့ အစ်မကတော့ အဓိကထိုင်းပေါ့။ တစ်နေ့ တစ်နေ့ ဖုန်း call ၂၀၀ လောက် ဖြေရတယ် သိလား။ ဒီလုပ်ငန်း စုံစမ်းတာပေါ့နော်။ အစ်မရဲ့ တယောက်တည်း ဒီဖုန်း တစ်လုံးတည်းကိုပေါ့။ ကျန်တဲ့ အစ်မရဲ့ ရုံးမှာဆိုလည်း ဒီလိုပဲ တောက်လျှောက် ဖြေနေရတာ။ ဒီလိုပဲ ကုမ္ပဏီတိုင်းလိုလိုပေါ့။
သွားဖို့အတွက်ကတော့ အကုန်လုံးက ကြိုးစားနေကြတာပဲ။ တို့နိုင်ငံက အခုစိုက်ပျိုးရေး လုပ်တယ်ပေါ့။ မိုးလေဝသ ဘာညာ အခြေအနေတွေကြောင့်လည်း စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်လည်း ရှုံးကြတယ်ဆိုတဲ့ အခါကျတော့ နောက်လူတွေက ဘာပဲ အားကိုးစရာ ရှိလဲဆိုတော့ ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်ဖို့ပဲ ရှိတာပေါ့။ သူတို့မှာ ငွေရေးကြေးရေးကျတော့ မတိုးတက်လာ တဲ့ အခါကျတော့ ဒီလိုမျိုး တစ်အိမ်ကို တစ်ယောက်၊ နှစ်ယောက်တွေ သွားဖို့တွေပဲ ကြိုးစားနေကြတာပေါ့။ ပုံမှန်လုပ်ငန်းလေး လုပ်နိုင်တဲ့ဆီကိုပဲ သွားဖို့ လုပ်နေတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ကိုဗစ်ကြောင့် ပြည်ပသို့ အလုပ်သမား စေလွှတ်မှုများအား ၂ နှစ်ကျော် ရပ်ထားခဲ့ကြပြီးနောက် ယခုနှစ်မှ စတင်ကာ ပြန်လည် စေလွှတ်နေခြင်း ဖြစ်သည်။
လက်ရှိတွင် ပြည်တွင်းမှ လူငယ်၊ လူရွယ်များသည် နိုင်ငံရေး မတည်ငြိမ်မှု၊ ကုန်ဈေးနှုန်း မြင့်တက်မှု၊ အလုပ်အကိုင် ရှားပါးမှု တို့ကြောင့် ပြည်ပထွက်၍ အလုပ်လုပ်ကိုင်ခြင်း၊ ကျောင်းတက်ခြင်းများ အများအပြား တွေ့ရှိလာရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1215
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂
အိန္ဒိယနိုင်ငံသို့ အဓိကထား တင်ပို့နေသည့် မတ်ပဲဈေးနှုန်းသည် ယခုတစ်ပတ်အတွင်း တစ်တန်လျှင် ကျပ် ၁၇ သိန်းအထိ ရရှိလာသည်ဟု ကုန်စည်ဒိုင်နှင့် ပဲပွဲရုံများထံမှ သိရသည်။
အိန္ဒိယနိုင်ငံ၏ မတ်ပဲ လိုအပ်ချက် မြင့်တက်နေခြင်းနှင့် ပြည်တွင်း ပဲလက်ကျန် နည်းပါးနေခြင်းကြောင့် မတ်ပဲဈေးနှုန်းသည် တစ်တန်ကို ၁၇ သိန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်ဟု ဧရာကုန်သွယ်မှု ဗဟိုဌာနမှ တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်း ဌာနသို့ ပြောသည်။
ဦးနေဝင်းစိုးက “၁ တင်းကို ၅၆၀၀၀ ပတ်ဝန်းကျင်ရှိတယ်။ ၁ တန်ကို ၁၇ သိန်း နီးပါးလောက် ဖြစ်သွားတယ်။ ၁၇ သိန်းနားကို ကပ်သွားပြီ အခုက။ ပြီးခဲ့တဲ့ရက်ကဆို ၁၇ သိန်း နည်းနည်းလေးတောင် ကျော်သွားသေးတယ်။ မနေ့ကမှ ၁ တင်းကို ၂၀၀ လောက် ကျသွားတာ။ အဲဒါက ဟိုဘက်က ဝယ်လိုအား ကောင်းနေတာ။ အိန္ဒိယဘက်က ဝယ်လိုအား ရှိနေတာ။ နောက် ကျနော်တို့ဆီမှာလည်း ပြီးခဲ့တဲ့ ဆောင်းသီးနှံပေါ့၊ မတ်ပဲကတော့ ဆောင်းသီးနှံပါပဲ မတ်ပဲလည်း လက်ကျန်နည်းလာပြီလေ ကျနော်တို့ဆီမှာလည်း” ဟု ပြောသည်။
ပြီးခဲ့တဲ့ ဇွန်လ တတိယအပတ်က မတ်ပဲ တစ်တန်ကို ကျပ် ၁၅ သိန်းမှ ၁၆ သိန်း ဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုရက်ပိုင်း တွင် ကျပ် ၁ သိန်းလောက် မြင့်တက်လာခဲ့သည့်အတွက် မတ်ပဲတစ်တန်လျှင် ကျပ် ၁၇ သိန်း ဖြစ်သွားခြင်း ဖြစ်သည်။
ထို့နောက် ယခုရက်ပိုင်းအတွင်း မန္တလေးပဲဈေးကွက်သို့ မတ်ပဲများ ဝင်ရောက်လာမှု များပြားလျက်ရှိကြောင်း မန္တလေးကုန် စည်ဒိုင်မှ သိရသည်။
မတ်ပဲစိုက် တောင်သူများကိုတွေ့ရစဉ်
မတ်ပဲ ၁ တန်ကို ၂၁ သိန်းအထိ ဈေးနှုန်း ဆက်လက် မြင့်တက်နိုင်သည်ဟု ကုန်သည်တချို့က သုံးသပ်မှုများ ရှိသော်လည်း မတ်ပဲဈေးနှုန်းသည် အိန္ဒိယနိုင်ငံ၏ မူဝါဒနှင့် ဈေးကွက် အခြေအနေများအရ ထိုဈေးနှုန်းအထိ မရောက်နိုင်ကြောင်း၊ မတ်ပဲ ၁ တင်းလျှင် ၆ သောင်း ပတ်ဝန်းကျင်အထိသာ ဆက်လက် မြင့်တက်နိုင်ကြောင်း ကုန်သည်တစ်ဦးက သုံးသပ်သည်။
၎င်းက “မတ်ပဲဈေးနှုန်းက အခုလက်ရှိ အခြေအနေနဲ့ ခန့်မှန်းလို့ မရသေးဘူး။ နောက်ထပ် မတ်ပဲ ပေါ်ဖို့ကလည်း အများကြီး ကျန်ပါသေးတယ်။ ဒီကြားထဲ သူတို့ရဲ့ ပဲတင်သွင်းမှု မူဝါဒ၊ ဘာတွေ အမိန့်ကြော်ငြာစာတွေ ထက်လာအုံးမလဲ မသိဘူး။ အဲဒီ အပေါ်မှာ ပဲဈေးကျတာ ရှိသေးတယ်လေ။ ဒါပေမယ့် ဒီအတိုင်း သွားမယ်ဆိုရင်တော့ အခုက ၁ တင်းကို ၅၆၀၀၀ အဲလောက် ဖြစ်နေတယ်။ ၁ တင်းကို ၆ သောင်း ပတ်ဝန်းကျင်လောက် ဖြစ်လိမ့်မယ်လို့ ထင်တယ်။ တချို့ကတော့ ၇ သောင်း လောက် အထိ မှန်းနေတာမျိုးရှိတယ် ၁ တင်းကို။ ၇ သောင်းဆို ၁ တန်ကို ၂၁ သိန်း ၂၀ ကျော်တာပေါ့နော်။ သိန်း ၂၀ ပတ်ဝန်းကျင် လောက် ဖြစ်သွားမယ်လို့ အဲလိုပြောတယ်။ ဒါပေမယ့် ကျနော့်အမြင်ပေါ့၊ ၇ သောင်း ပတ်ဝန်းကျင်လောက်က မဖြစ်နိုင် သေးဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံမှ မတ်ပဲကို အဓိက ဝယ်ယူတင်သွင်းနေသည့် အိန္ဒိယနိုင်ငံသည် ယခုနှစ် မိုးသီးနှံ စိုက်ပျိုးမှုတွင် စိုက်ပျိုးဧရိယာနှင့် အထွက်နှုန်း ကျဆင်းနေကြောင်း၊ ထို့နောက် မိုးရေရရှိမှု နည်းပါးသည့် ပြဿနာနှင့်လည်း ကြုံတွေ့နေရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မတ်ပဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော် ပြည်ထောင်စု နယ်မြေတို့တွင် စိုက်ပျိုးကြကြောင်း၊ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က အိန္ဒိယနိုင်ငံသို့ မတ်ပဲတန်ချိန် ၆ သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း ကုန်သွယ်မှုဦးစီးဌာနထံမှ သိရသည်။
ယခုနှစ် မတ်ပဲစိုက်ပျိုးမှုတွင် ဓာတ်မြေဩဇာနှင့် သွင်းအားစုစရိတ်များ အဆမတန် ကြီးမြင့်ခြင်းကြောင့် အသစ် ပြန်လည် ထွက်ပေါ်လာမည့် မတ်ပဲအသစ်များသည် ယခင်နှစ်များထက် ဈေးနှုန်း ကောင်းမွန်နိုင်ကြောင်း ကုန်သည်များက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1183
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁
ပြည်ပမှကုန်ပစ္စည်းများ တင်သွင်းမှုအတွက် သွင်းကုန်လိုင်စင်သက်တမ်းကို ယခင်က ၃ လသတ်မှတ် ပေးထားသော်လည်း ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ လျှော့ချလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ယင်းမှာ သွင်းကုန်တင်သွင်းမှုကို ပို၍ ဆိုးရွားသွားစေနိုင်သည်ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။
လက်ရှိအချိန်တွင် သွင်းကုန်လုပ်ငန်း လုပ်ကိုင်သူများအတွက် ဒေါ်လာဝယ်ယူရခက်ခဲခြင်း၊ သွင်းကုန် ပါမစ် လျှောက်ထားရာတွင် မရခြင်း စသည့် အခက်အခဲများလည်း ဖြစ်ပေါ်လျက်ရှိနေတာကြောင့် လိုင်စင်သက်တမ်းကို ထပ်မံလျှော့ချလိုက်မည်ဆိုပါက ပို၍ ဆိုးရွားသွားမည်ဟု ဧရာကုန်သွယ်မှု ဗဟို ဌာနမှ တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။
“အခုလက်ရှိက ပထမကတည်းက ဒေါ်လာဈေးကြောင့် ပြဿနာဖြစ်နေတာရှိတယ်။ သွင်းကုန်လိုင်စင် အတွက်ကို ၁၀ စောင်လောက်တင်မယ်ဆိုရင် ၁ စောင်လောက်ပဲ ပြန်ချပေးတာမျိုး၊ နောက် သွင်းကုန် သမားတွေအတွက် ဒေါ်လာကို လိုသလောက် ဝယ်လို့မရတဲ့ကိစ္စတွေ အဲဒါတွေကြောင့် သွင်းကုန်က နဂိုကတည်းကိုက ကြန့်ကြာနေတာလေ။ သွင်းချင်တိုင်း သွင်းလို့မရ၊ အခု ဆီကိစ္စ ပြဿနာတက်နေတာ ဒါတွေကလည်း ပါတာပေါ့လေ။ အခု စက်သုံးဆီကိုပဲ နမူနာကြည့်လိုက်ပေါ့။ ဆိုတော့ ရက်ပါ ထပ်ပြီး တော့ လျှော့ချလိုက်မယ်ဆိုလို့ရှိရင် ဒီထက် ပိုဆိုးဖို့ပဲ ရှိတော့မယ်” ဟု ပြောသည်။
ဒါ့အပြင် ပို့ကုန်လုပ်ငန်းအပိုင်းတွင်လည်း ပို့ကုန်လိုင်စင်ကြေး တိုးမြှင့်တာ၊ လိုင်စင်သက်တမ်း လျှော့ချ တာ စသည့် ကန့်သတ်ချက်များ ချမှတ်ထားခြင်းများလည်းရှိကြောင်း သိရသည်။
ထို့သို့ လုပ်ဆောင်ခြင်းသည် ကုန်သွယ်ရေးကို မြှင့်တင်လိုသည့်သဘော သက်ရောက်သော်လည်း လုပ်ငန်းလည်ပတ်မှုကို နှေးကွေးစေနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
စီးပွားရေးပညာရှင်တစ်ဦးက“အခုက Exporter သမားတွေကိုလည်း သူက မြှင့်လိုက်တယ်။ အရင်တုန်း က ၆ လနဲ့ သွားရမယ့်ဟာကို ၃ လတို့၊ ၁ လတို့နဲ့ ပြန်ပြီးတော့ လုပ်လိုက်တယ် အရှိန်မြှင့်လိုက်တယ်။ အဲလိုပဲ တစ်ဖက်က သွင်းကုန်လိုင်စင်နဲ့ Trade ကို ပိုပြီးတော့ လည်ပတ်၊ မြန်မြန်လည်စေချင်တဲ့ ရည်ရွယ်ချက်တော့ ရှိလိမ့်မယ်။ ဒါပေမယ့် အဲဒီ Impact က မြန်မြန် Expire ဖြစ်တော့ ဒီသွင်းကုန်ကို ၂ ခါ၊ ၃ ခါ ပြန်လျှောက်နေရတာမျိုးတော့ ဖြစ်လာမှာပေါ့” ဟု CNI သို့ ပြောသည်။
ပို့ကုန်လိုင်စင်နှင့် သွင်းကုန်လိုင်စင်များကို ကန့်သတ်ချက်များ၊ သက်တမ်းလျှော့ချမှုများ လုပ်ဆောင် လာခြင်းသည် တရားဝင်လမ်းကြောင်းမှတဆင့် တရားမဝင် တင်သွင်းခြင်း၊ တင်ပို့ခြင်းများကို ပိုမို ဖြစ်ပေါ်စေသည့် အခြေအနေမျိုးတွေ့ရကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
ယခု ပြင်ဆင်သတ်မှတ်လိုက်သည့် သွင်းကုန်လိုင်စင်သက်တမ်းအပြောင်းအလဲသည် ဇူလိုင်လ ၁ ရက် နေ့မှ စတင်ကာ အသက်ဝင်မည်ဖြစ်ပြီး အာရှနိုင်ငံများမှ တင်သွင်းသည့် ကုန်ပစ္စည်းများဖြစ်ပါက ရက် ၃၀၊ အာရှနိုင်ငံ ပြင်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများ ဖြစ်ပါက ၄၅ ရက်အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 1699
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁
မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်များအား ပြန်လည်ဖွင့်လှစ်ရန်အတွက် အိန္ဒိယဘက်မှ အုပ်ချုပ်ရေး အဖွဲ့အစည်းကနေ မြန်မာဘက်မှ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ထံသို့ အကြောင်းကြားလာကြောင်း ကလေး-တမူး နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းထံမှ သိရသည်။
ထို့ကြောင့် တမူး-မိုရေးနယ်စပ်ကုန်သွယ်ရေး ဂိတ် (၁) ကို ပြန်လည်ဖွင့်လှစ်ရန် လုပ်ဆောင်နေကြောင်း ကလေး-တမူးနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းမှ ဥက္ကဋ္ဌ ဦးလှမောင်က CNI သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့က ပိတ်တာမဟုတ်ဘူး။ သူတို့က ပိတ်တာ။ ပိတ်လို့ ကျနော်တို့က ပိတ်ထားရတာ။ အခု အဲဒါ ပြန်ဖွင့်ဖို့ ကျတော့ ကျနော်တို့လည်း ပြန်လုပ်ရတာပေါ့။ နယ်စပ်ဂိတ် နံပါတ်(၁) ဂိတ်ကို ဖွင့်ဖို့လုပ်ထားတယ် ကျနော်တို့က။ ရက်အတိအကျကတော့ ဘာမှ မသိရသေးဘူးလေ။ ဒါကတော့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ သဘောပေါ့။ ကျနော်တို့သဘောမှ မဟုတ်တာ”ဟု ၎င်းကပြောသည်။
မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ၂၀၂၀ မတ်လမှ စတင်ကာ ကိုဗစ်ကြောင့် ပိတ်ထားခြင်းဖြစ်သည့် အတွက် စီးပွားရေးလုပ်ဆောင်၍မရဘဲ ကုန်သည်များ ထိခိုက်ကြကြောင်း သိရသည်။
အဆိုပါဂိတ်များအား ပြန်လည်ဖွင့်လှစ်မည်ဆိုပါက ကုန်သည်များအတွက် စီးပွားရေးပြန်လည် စတင်လုပ်ကိုင် နိုင်မည်ဖြစ်ကြောင်းနှင့် ဂိတ်များအား ပြန်လည်ဖွင့်လှစ်စေချင်ကြောင်း ဥက္ကဋ္ဌ ဦးလှမောင်က ပြောသည်။
“ဖွင့်စေချင်တာပေါ့။ ကျနော်တို့ကတော့ အေးအေးချမ်းချမ်းနဲ့ အရောင်းအဝယ်လုပ်ငန်းတွေ လုပ်ချင်တာပေါ့။ အဲဒါပါပဲ အဓိကကတော့ ဒါက။ ကျနော်တို့ပြည်သူတွေ အားလုံးကတော့ဖွင့်စေချင်တာပဲ” ဟု ၎င်းကပြောသည်။
ကိုဗစ်ကြောင့် ဂိတ်များ မပိတ်ခင်က မြန်မာဘက်မှ အိန္ဒိယဘက်သို့ ကွမ်းသီးနှင့် ပဲတို့အား နယ်စပ်ဂိတ်မှတဆင့် တင်ပို့ကြောင်းနှင့် အိန္ဒိယဘက်မှ မြန်မာနိုင်ငံသို့ ဂျုံတို့သာ တင်သွင်းကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 882
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀
ရခိုင်ပြည်နယ်တွင် လယ်ယာမြေလုပ်ကိုင်ကြသည့် ရခိုင်လူမျိုးများသည် လယ်ယာမြေများကို စွန့်ခွာမှုများ တဖြည်းဖြည်း များပြားလာသည့်အတွက် ထိုလယ်ယာမြေများကို ရခိုင်မဟုတ်သည့် တခြားသော လူမျိုးများက ပိုင်ဆိုင်လာကြကြောင်း ရခိုင်တောင်သူလယ်သမားများထံမှ သိရသည်။
ရခိုင်လူမျိုး အများအပြားသည် လယ်ယာမြေ စွန့်ခွာလာကြသည့်အတွက် လက်ရှိ ရခိုင်ပြည်နယ်တွင် ရခိုင်မဟုတ်သည့် လူမျိုး များ၏ လယ်ယာပိုင်ဆိုင်မှုမှာ ၁၅ ရာခိုင်နှုန်းခန့် ရှိလာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။
ဦးကျော်ဇံက “လယ်ယာမြေကို ရောင်းပြီးတော့ စွန့်ခွာကြတယ်။ ဒီအတိုင်းထားပြီးတော့ မရောင်းတဲ့သူလည်း ရှိကြတယ်။ မလုပ်နိုင်ကြတော့ဘူး။ လယ်ယာမြေတွေကို စွန့်ခွာနေကြတယ်ပေါ့။ ကျနော်တို့ဒေသက လယ်ယာမြေတွေကို စွန့်ခွာ နေကြ တဲ့ သူတွေက များသွားပြီပေါ့နော်။ ကျနော်တို့မှာတော့ မူဆလင်ပေါ့။ မူဆလင်တွေ ကျနော်တို့နေတဲ့ နေရာဒေသ တော်တော် များများမှာတော့ သူတို့ ပိုင်သွားကြပြီ။ သူက ရှင်းရှင်းပြောရရင်တော့ အဲဒီလယ်ယာမြေက ရသည်ဖြစ်စေ မရသည်ဖြစ်စေ ရအောင်လည်း သူတို့လုပ်နိုင်တယ်။ ရအောင်လည်း ကြိုးစားကြတယ်။ မရရင်လည်း သူတို့က အဲဒါကို ဖက်တွယ်ပြီးတော့ သူတို့က လုပ်ကြတယ်။ အကြောင်းက ဘာလဲဆိုတော့ သူတို့ကိုယ်၌က ကျနော်တို့ ရခိုင်ဒေသမှာ ပြည်မကို သွားနိုင်တဲ့ အခွင့် အလမ်း မရှိဘူး။ ဘယ်ကိုမှ သွားနိုင်တဲ့ အခွင့်အလမ်း မရှိတဲ့အခါကျတော့ အဲဒီရှိတဲ့ မြေကိုပဲ သူတို့က ဖက်တွယ်ပြီးတော့ ရုန်း ကြတယ်ဗျာ။ သူတို့လက်ထဲကို ရောက်သွားတဲ့ အနေအထားကတော့ ရှိကြတယ်။ အထူးသဖြင့်ကတော့ ဘူးသီးတောင်၊ မောင်တော ဒေသဆိုရင်တော့ တစ်အုပ်လုံးလို့ ပြောလို့ရတယ်။ ဒီဖက်မှာလည်း မူဆလင်ရှိတဲ့ ဒေသတွေ တော်တော်များများ မှာလည်း သူတို့လက်ထဲကို ရောက်သွားတာ ရှိတယ်။ အရောင်းအဝယ် လုပ်ကြတဲ့သဘောပေါ့။ အရောင်းအဝယ်လုပ်ပြီးတော့ ရောက်သွားတဲ့ သဘောတော့ ရှိတယ်။ ရာနှုန်းအားဖြင့် တိတိကျကျ ကျနော်တို့ ခန့်မှန်းဖို့တော့ ခက်တယ်။ ဒါပေမယ့် ၁၅ ရာခိုင်နှုန်း အထက်မှာတော့ ရှိလိမ့်မယ်ဗျ” ဟု ပြောသည်။
မောင်တောမြို့အ၀င်ကိုတွေ့ရစဉ်
ရခိုင်လူမျိုးများ လယ်ယာမြေများကို စွန့်ခွာရာမှာ ပုံစံအမျိုးမျိုးကြောင်း၊ ထိုအထဲတွင် လယ်ယာမြေများကို ရောင်းချခြင်းနှင့် စိုက်ပျိုးရေး လုပ်ကိုင်မှုကို ရပ်တန့်၍ စွန့်ခွာမှုများလည်း ပါဝင်ကြောင်း သိရသည်။
ဦးကျော်ဇံက “မြေကတော့ တဖြည်းဖြည်းနဲ့ ကျနော်တို့ တရဆက်လို့ ပြောလို့ရတယ်။ မြေကို စွန့်ခွာနေကြတာတော့ တရဆက်လို့ ပြောလို့ရတယ်။ မလုပ်ဘဲနဲ့လည်း စွန့်ခွာကြတယ်။ ရောင်းချပြီးတော့လည်း စွန့်ခွာကြတယ်။ ဒီအခြေအနေ ကိုတော့ ထိန်းဖို့ နည်းနည်းခက်တယ်။ ဘာလို့ဆို ကျနော်တို့က ဒီမြေက ကျနော်တို့ကို အထောက်အပံ့ မပြုဘူးဆိုရင် အသက် မွေးဝမ်းကြောင်းအတွက် စိတ်မဝင်စားတာကတော့ ဓမ္မတာ ဖြစ်လိမ့်မယ်ပေါ့နော်။ အဲဒီအပေါ်မှာ ထိန်းသိမ်းဖို့အတွက်ကတော့ အစိုးရ တစ်ရပ်ကပေါ့နော်၊ ကျနော်တို့ ကမကထ ပြုပြီးတော့ အထောက်အပံ့တွေကို ပေးဖို့ လိုအပ်တယ်။ ဈေးကွက် စီးပွား ရေးတို့ ဘာတို့၊ လမ်းဖွင့်ပေးဖို့ လိုအပ်တယ်ပေါ့နော်။ အဲလိုပုံစံမျိုး မဖြစ်နိုင်ဘူးဆိုရင်တော့ ဒီအခြေအနေကတော့ တဖြည်းဖြည်းနဲ့ အဲလိုပုံစံမျိုး ကျနော်တို့ စွန့်ခွာ နေကြလိမ့်မယ်ပေါ့နော်။ ဆုံးရှုံးနေကြလိမ့်မယ်ပေါ့”ဟု CNI သတင်းဌာနသို့ ပြော သည်။
လက်ရှိတွင် ရခိုင်လူမျိုးများ၏ လယ်ယာမြေ စွန့်ခွာမှုကို ရခိုင်ပြည်နယ် တောင်ပိုင်းထက် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပိုမို ဖြစ်ပွားကြောင်း တောင်သူ လယ်သမားများထံမှ သိရသည်။
ရခိုင်တိုင်းရင်းသား တစ်ဦး စပါးများ သန့်စင်နေစဉ်(Myint Lwin)
ရခိုင်ပြည်နယ်တောင်ပိုင်းတွင် လယ်ယာမြေများကို ငွေကြေး ချမ်းသာသူများက လွှဲပြောင်း ဝယ်ယူမှုများသာရှိကြောင်း ရခိုင် တောင်သူတစ်ဦးဖြစ်သူ ဦးအောင်ကျော်မြက CNI သတင်းဌာနသို့ ပြောသည်။
ဦးအောင်ကျော်မြက “တောင်ပိုင်းမှာက ရခိုင်တွေ လယ်ယာမြေ စွန့်ခွာသွားတယ်ဆိုတာ မရှိဘူးလေ။ လယ်မြေတွေ တော်တော် တန်ဖိုးရှိတဲ့နေရာတွေကို ပိုက်ဆံရှိတဲ့သူတွေက ဝယ်ပြီးတော့ ယူသွားတာလောက်ပဲ ရှိချင်ရှိမှာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ လယ်ယာမြေများသည် တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးသည့် ဧကများ လျော့နည်းလာကြောင်း၊ လယ်ယာမြေမှ စီးပွားရေးဇုန်နှင့် ဟိုတယ်ဇုန် မြေနေရာများ ဖြစ်ပေါ်နေမှုများလည်း ရှိလာကြောင်း သိရသည်။
ထို့နောက် ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ရခိုင်ပြည်နယ်၏ လယ်ယာ စိုက်ပျိုးဧကသည် ၁၄ သိန်းကျော် ရှိသော်လည်း လက်ရှိ တွင် ၈ သိန်းမှ ၁၀ သိန်းခွဲသာ စိုက်ပျိုးဧကရှိတော့ကြောင်း သိရသည်။
ယခု အခြေအနေအတိုင်း ဆက်ဖြစ်နေပါက ရခိုင်ပြည်နယ်ရှိ ဒေသခံများ၏ လယ်ယာမြေ စွန့်ခွာမှုများသည် ဆက်လက် ဖြစ်ပေါ်နေနိုင်ဖြစ်ကြောင်း ရခိုင်တောင်သူလယ်သမားများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1198
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈
ပြည်တွင်းသကြားလက်ကျန် နည်းပါးနေခြင်းနှင့် သကြားထုတ်လုပ်မှု လျော့ကျခဲ့ခြင်းကြောင့် လက်ရှိတွင် သကြားဈေးနှုန်း သည် တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ကျော်အထိ ဈေးနှုန်းရရှိနေကြောင်း သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များထံမှ သိရသည်။
ပြည်တွင်းတွင် သကြားလိုအပ်ချက် မြင့်မားနေမှုကြောင့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ သကြားဈေးနှုန်း မြင့်တက် နေခဲ့ ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် သကြားတစ်ပိဿာလျှင် ၉၀၀ ကျော်သာရှိခဲ့ပြီး ယခုနှစ်တွင် ၂၀၀၀ ကျော် ရရှိနေသည်ဟု သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေး CNI သတင်းဌာနသို့ ပြောသည်။
ဦးဝင်းဋ္ဌေးက “အပြင်မှာ ၂၀၀၀ ကျော်နေတာလေ။ ဘယ်လိုဖြစ်လို့ အဲလောက်ထိ ပေါက်သွားတာလဲဆိုတော့ သကြား ပြည် တွင်း လက်ကျန် နည်းသွားတာက တစ်ပိုင်း၊ နောက်ပြီးကျတော့ ကုန်သည်တွေကလည်း ကုန်ဈေးနှုန်းတွေ ကြီးမြင့်တာပေါ့ နော်၊ သယ်ယူ ပို့ ဆောင်ရေး၊ လောင်စာဈေးတွေ တက်တော့ အဲဒါကလည်း တစ်ပိုင်း၊ နောက်ပြီးတော့ ကြံဈေး မြှင့်ပေးလိုက် တာလည်း တစ်ပိုင်း၊ ကြံစိုက်ပျိုးမှု နည်းသွားတာ ထုတ်လုပ်မှု နည်းနည်း လျော့ကျသွားတာပေါ့နော်။ လျော့ကျသွားတော့ ပစ္စည်းက နည်းတာကိုး” ဟု ပြောသည်။
ကြံစိုက်တောင်သူတစ်ဦး
ထို့နောက် ကြံစိုက်ပျိုးမှု လျော့ကျနေခြင်း၊ သကြားထုတ်လုပ်မှု နည်းပါးခြင်း၊ ပြည်တွင်း သကြားလိုအပ်ချက် မြင့်တက်နေ ခြင်း စသည့် အခြေအနေများကြောင့် ပြည်ပသို့ သကြားတင်ပို့မှုသည် ယခုနှစ်တွင် လျော့နည်းခဲ့ကြောင်း သိရသည်။
အလားတူ ကြံစိုက်ရာသီ ပြန်လည် စတင်တော့မည် ဖြစ်ခြင်းကြောင့် သကြားဈေးနှုန်းသည် လက်ရှိဈေးနှုန်းထက် ဆက်လက် မြင့်တက်နိုင်ခြေ မရှိကြောင်း ဦးဝင်းဋ္ဌေးက ပြောသည်။
၎င်းက “ဒီနှစ် အနေနဲ့ လောက်ကတော့ မတက်လောက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ နောက်ထပ် ၆ လ ဆိုရင် ၁၂ လပိုင်းဆို စက်တွေ ပြန်လည်မှာလေ။ ကြံရာသီအသစ် ပြန်စမှာ။ ၂၀၂၂ - ၂၀၂၃ ကြံရာသီ စတော့မှာ။ အဲကျတော့ ၆ လစာလောက်က ဒီထဲမှာ လုံလုံလောက်လောက် ရှိနေပြီလို့ တွက်လို့ရတယ်။ အဲတော့ ဒီထက်တော့ အများကြီး မတက်နိုင် တော့ဘူး။ ဒီအတိုင်းတော့ တည်ငြိမ်နေမှာပေါ့” ဟု ပြောသည်။
လက်ရှိတွင် သကြားဈေးနှုန်း အမြင့်ပိုင်း၌ တည်ရှိနေသော်လည်း ဓာတ်မြေဩဇာ ဈေးနှုန်းနှင့် သွင်းအားစု စရိတ်များမှာ အဆမတန် မြင့်မားနေသေးကြောင်း၊ ထို့ကြောင့် လာမည့် ကြံစိုက်ရာသီတွင် ကြံစိုက်ဧက လျော့နည်းသွားနိုင်သလို အထွက် နှုန်းလည်း လျော့ကျသွားနိုင်ကြောင်း ကြံစိုက်တောင်သူများနှင့် လုပ်ငန်းရှင်များထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ကြံစိုက်ပျိုးမှု ဧကသည် ၄ သိန်းခန့်ရှိကြောင်း၊ ကြံကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းတို့တွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 802
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇
ရခိုင်ပြည်နယ်တွင် လက်ရှိ နယ်မြေ မငြိမ်မသက်မှုများကြောင့် ဒေသခံ ကုန်သည်များ၏ ကုန်သွယ်မှုမှာ ကျဆင်းနေကြောင်း သိရသည်။
မောင်တော နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှုသည် ယခုရက်ပိုင်းအတွင်း ပုံမှန်ထက် တစ်ဝက်ခန့် ကျဆင်းသွားကြောင်း၊ စစ်တွေ နယ်စပ်ကုန်သွယ်ရေး၌ ကုန်တင်ကုန်ချ မရှိသလောက် ဖြစ်သွားကြောင်း ဒေသခံကုန်သည်များထံက သိရသည်။
မောင်တော ကုန်သည် ကိုသန်းနိုင်က “အရင်ထက်စာရင်တော့ နည်းပါတယ်။ တစ်ဝက်လောက် ကျသွားတာပေါ့။ ကုန်သည် တွေက အလုပ်မဖြစ်ဘူးပေါ့။
လာတာက ငါးမြစ်ချင်း တစ်ခုလောက်ပဲ ရှိတယ်။ ပြည်ပက ဝယ်လိုအား နည်းတယ်။ အဲဒီဘက် နိုင်ငံမှာ ပွဲတော်လာပြီဆိုတော့ နည်းနည်း ဝယ်လိုအား နည်းသွားတဲ့သဘော။ ပြီးရင် အဲဒီဘက်နိုင်ငံမှာ အခွန်ခတွေ ဈေးတင် လိုက်တာကို။ ဈေးတင်လိုက်တော့ ဟိုဘက်ကို ပို့ရတဲ့ဟာနဲ့ မကိုက်တော့ဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ဒေသခံ ကုန်သည်များသည် ကုန်သွယ်ရေး အခြေအနေကို စောင့်ကြည့်နေကြောင်း၊ ယခင်က ပစ္စည်း ၁၀ မျိုး ဝယ်သည့် ကုန်သည်သည် လက်ရှိမှာတော့ ၃ မျိုးခန့်သာ ဝယ်တော့ကြောင်း၊ ပြည်ပနိုင်ငံနှင့် ဒေသခံပြည်သူများမှ ဝယ်လိုအား များ ကျဆင်းနေကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြော သည်။
ရခိုင်ပြည်နယ် ဒေသခံများကိုတွေ့ရစဉ်
ဥက္ကဋ္ဌ ဦးတင်အောင်ဦးက “သူ့လက်ထဲမှာတော့ ပြောရမယ်ဆိုရင် ကုန်သည် လက်ထဲမှာတော့ အရမ်း သိပ်မထားတော့ဘူး။ ရောင်းအား၊ ဝယ်အားလည်း အဲဒီလိုမျိုးပဲ ကျဆင်းသွားတယ်ဆိုတဲ့ အနေအထားကတော့ အဲဒီအပေါ်မှာလည်း သက်ရောက်မှု တွေ ရှိပါတယ်။ ကုန်သွယ်မှု ပမာဏ လျော့နည်းလာတယ် ဆိုတာလည်း ခုနကပြောသလို ဒေသ မတည်ငြိမ်မှု ဆိုရင်တော့ ဒါ ကုန်သွယ်မှု ပမာဏကတော့ ကျဆင်းလာမှာပါပဲ။ ဘာလို့ဆို ကုန်သည်တွေမှာလည်း ပြောရမယ်ဆိုရင် ရန်ကုန် ကနေပြီးတော့ ဝယ်ရတဲ့ ပမာဏကို လျှော့ပြီး ဝယ်ရတယ်။ ဘာလို့ဆို ဒီဘက်မှာ တဆင့် ပြန်ရောင်းတဲ့ အချိန်မှာလည်း ကျန်တဲ့ come user ဆီ ရောက်ဖို့ဟာလည်း ခါတိုင်းဝယ်နေကျထက် လျှော့ပေါ့ပြီး ဝယ်လာကြတယ်။ ဆိုတော့ ရောင်းရေး ဝယ်ရေး တွေကတော့ နည်းနည်းလေး အေးပြီးတော့ ခက်ခဲလာနေတယ်ဆိုတဲ့ အနေအထားတော့ ရှိပါတယ်” ဟု ပြောသည်။
လက်ရှိတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား နှစ်ဖက် အပြန်အလှန် ဖမ်းဆီးမှုများ ရှိနေသဖြင့် ကုန်သည် အပါအဝင် ဒေသခံပြည်သူများသည် သွားရေးလာရေး စိုးရိမ်မှုများ ရှိနေကြကြောင်း၊ ထိုသို့ စိုးရိမ်မှုများကြောင့် အပြင်မထွက် ရဲကြတော့ပဲ ဖြစ်ကာ ကုန်သွယ်မှု ကျဆင်းလာနေကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှုအသင်းချုပ်မှ အတွင်းရေးမှူး ဦးအောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးအောင်အောင်က “ဒီရက်ပိုင်း အတွင်းမှာတော့ သွားရေးလာရေးက ကြပ်တည်းတဲ့ အခါကျတော့ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးတာတွေ ဖြစ်ကုန်တာပေါ့။ ပြီးတော့ ဈေးလည်း သိပ်မကိုက်ဘူး။ ရောင်းကုန်တွေက ဈေးတော့ ရှိတယ်။ ဒါပေမယ့် ကုန်ကျစရိတ်တွေက များလာတာပေါ့။ သွားရေးလာရေးတွေက ရေကြောင်းပိုင်း ကနေပြီးတော့ သွားလာလို့ မရဘူး။ Passenger တွေကို ကန့်သတ်ထားတာပေါ့။ ကုန်းလမ်းကတော့ သွားလို့ရပါတယ်။ ဒါပေမယ့် စိုးရိမ်ကြောက်လန့်မှုတွေနဲ့ နေပြီးတော့။ ရေရှည်ဆိုရင်တော့ ကျနော်တို့ ရခိုင်ဘက်က မှီခိုနေရတာပေါ့။ မြန်မာဘက်က ပစ္စည်းတွေမလာရင် ကုန်ဈေး နှုန်း တက်တာတွေ ဖြစ်လာမှာပေါ့။ အဓိကက ဒီဘက်က ကုန်စည်ထဲမှာဖြစ်တာက ဆန်စပါးက သားငါးပဲ ဖြစ်တာလေ။ ကျန် တဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေကအစ နိုင်ငံခြားက တင်ပို့တဲ့ import ပစ္စည်းတွေလည်း အပါပေါ့။ အဲဒီလိုမျိုး ကုန်းလမ်းခရီးမှာ စစ်ဆေးမှုတွေ များမယ်ဆိုရင်တော့ မကောင်းဘူးပေါ့နော်။ ဒီဘက်မှာ ကုန်ဈေးနှုန်း တက်တာတို့ ဘာတို့ဖြစ်လာနိုင်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မေလတွင် ရခိုင်နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု ပမာဏသည် ဧပြီလကထက် တိုးတက်လာသော်လည်း ယခု ဇွန်လမှာတော့ ကုန်သွယ်မှုပမာဏ နည်းနိုင်ကြောင်း ကုန်သည်များက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1008
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၇
တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်နေသည့် ကချင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများသို့ ကုန်စည် ပို့ဆောင်ပေးနေသည့် ကုန်ကားများမှာ ယခင်ကထက် သွားလာမှု နည်းပါးသွားကာ ၎င်းမှာ အဓိက ငှက်ပျော တင်ပို့မှုရာသီ ကုန်ဆုံးခါနီးကြောင့်ဟု ကုန်ကားသမားများထံမှ သိရသည်။
ဒါ့အပြင် ကုန်ကားအများစုမှာ မိုးများခြင်း၊ တောင်ပြိုခြင်းစသည့်အခြေအနေများကြောင့် ရပ်နားလာကြခြင်း ဖြစ်သည်ဟု ကန်ပိုက်တည်မှ ကုန်ကားသမားတစ်ဦးဖြစ်သူ ကိုရှမ်းကြီးက CNI သတင်းဌာနသို့ ပြောသည်။
“ဘယ်နှစ်စီးလောက် ရှိမလဲဆိုတော့ အခုတော့ ၃၀ ကျော် ၄၀ အဲပတ်လည်လောက်ပဲ ပြေးနေတာ။ အရင်တုန်းက အစီး ၅၀၀၊ ၆၀၀၊ ၁၀၀၀ ကျော်ပေါ့ ပထမတုန်းက ငှက်ပျောပေါတုန်းကတော့။ အခုငှက်ပျောကလည်း ကုန်တော့ မှာ ရပ်ခါနီးပြီ။ မိုးလည်း တအားများတယ်လေ။ အခုတောင်ပြို ဘာပြို အဲလိုတွေ ဖြစ်နေပြီ။
အကုန်လုံး ရပ်ထား ရမှာပဲ။ ကြားထဲ ငှက်ပျောကလည်း နည်းနည်းပါးလာပြီလေ။ အခုက ခြံသိမ်းပုံစံမျိုးဖြစ်နေပြီ။ ခြံသိမ်းပုံစံမျိုး ဖြစ်နေတော့ နားဖို့ကများတယ်။ ၇ လပိုင်းထဲမှာဆိုရင်တော့ ၇ လပိုင်းမကုန်ခင်ဆို ငှက်ပျောကကုန်လောက်ပြီ။ အကုန်နားပြီ ၇ လပိုင်းထဲမှာဆိုရင်” ဟု ပြောသည်။
ယခုအချိန်သည် ငှက်ပျောကုန်စည်တစ်မျိုးတည်းသာ တင်ပို့နေရကြောင်း၊ ငှက်ပျောသည်လည်း ကုန်တော့မည် ဖြစ်ခြင်းကြောင့် ဇူလိုင်လတွင် ကုန်တင်ကားများ ရပ်နားတော့မည်ဖြစ်ကာ တခြားသော လမ်းကြောင်းများကိုသာ ပြေးဆွဲရတော့မည်ဖြစ်ကြောင်း ကိုရှမ်းကြီးက ဆက်ပြောသည်။
“အခု ၄ လပိုင်းနားရင်လည်း ဒီလိုပဲ ကားပြင် ဘာပြင် ဒီလိုပဲ နားရတာပဲ။ ထွက်တာ ဘယ်လိုမှ အဆင်မပြေတော့ လေ။ အဆင်မပြေတော့ အဲလိုပဲ နားရတာ။ နားပြီးတော့မှ လုပ်ငန်းစမှ ပြန်လုပ်ပေါ့။ အဲလိုပဲ လုပ်နေကြရတာ။ အခက်အခဲကတော့ ရှိတာပေါ့။ ဝင်ငွေမရှိတော့ဘူးလေ အဲအချိန်ကျတော့ ၃ လ၊ ၄ လက။ မူဆယ်ဘက်လည်း သွားလို့ရ၊ မြဝတီဘက်လည်း သွားလို့ရသူက ပါးပါးပေါ့။ ပုံမှန်အခြေအနေလောက်ပဲ ရှိမှာပဲ။ နည်းနည်းတော့ ကြန့်ကြာတာပေါ့။ တစ်လမှာ နှစ်ခေါက်လိုလို ဘာလိုလို တစ်ခေါက်ခွဲလိုလို အဲလိုပဲ ဖြစ်သွားတာပေါ့” ဟု ၎င်းက CNI သို့ ပြောသည်။
ကန်ပိုက်တည်ကုန်သွယ်ရေးစခန်တစ်ခုကိုတွေ့ရစဉ်(ဓါတ်ပုံ-credit)
ဒါ့ထက် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဗန်းမော် - လွယ်ဂျယ်သွားရာ လမ်းပိုင်းပျက်စီးမှုများ ရှိနေသည့် အတွက် မိုးရာသီတွင် ကုန်ကားပြေးဆွဲမှုကို ရပ်နားထားခြင်းဖြစ်သည်ဟုလည်း လွယ်ဂျယ်မှ ကုန်ကားသမား တစ်ဦးဖြစ်သူ ကိုထွဋ်ဇော်က ပြောသည်။
“ကျနော် လွယ်ဂျယ်ဘက် မသွားတော့ဘူး။ မိုးတွင်းမို့ လမ်းတွေက ဆိုးသွားတော့။ မိုးတွင်းကျတော့ ကျနော်တို့ ကားလေးတွေကျတော့ နားလိုက်တာပေါ့။ ပွင်းလင်းရာသီ ပြန်လုပ်မှာ။ ဗန်းမော်ကားတွေတော့ တက်ကြတယ်။ ဗန်းမော်သွားတဲ့ကားက သွားကြ။ နားနေတဲ့ကားက နားနေကြတာပေါ့” ဟု ၎င်းက CNI သို့ ပြောသည်။
ကန်ပိုက်တည် ကုန်သွယ်ရေးစခန်းနှင့် ဗန်းမော် - လွယ်ဂျယ် ကုန်သွယ်ရေးစခန်းတို့သည် ကချင်ပြည်နယ်အတွင်း မှ ထွက်ရှိသည့် ငှက်ပျော၊ ကြံ၊ ပဲ၊ ပြောင်း၊ ဖရဲ၊ ဆန် စသည့် သီးနှံများကို တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။
ဗန်းမော် - လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်ကားအစီးရေ ၁၀၀ ကျော်သွားလာနေသော်လည်း ယခုအချိန်တွင် တစ်ရက်လျှင် အစီးရေ ၂၀ ခန့်သာ ပြေးဆွဲကြောင်း သိရသည်။
ထို့နောက် ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးတွင်လည်း ယခင်က အစီးရေ ၁၀၀၀ နီးပါးပြေးဆွဲသော်လည်း လက်ရှိတွင် အစီးရေ ၃၀ ကျော်သာ ကျန်ရှိတော့ကြောင်းနှင့် ဇူလိုင်လကုန်တွင် ကုန်တင်ကားအားလုံးနီးပါး ရပ်နား တော့မည်ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1209
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅
ထိုင်းအစိုးရမှ နယ်စပ်ဒေသတွင် Border Pass(နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်)ဖြင့် မြန်မာအလုပ်သမားများ ခေါ်ယူရန် ခွင့်ပြုသော်လည်း နှစ်နိုင်ငံနယ်စပ်ဂိတ်များ မဖွင့်သေးသရွေ့ မြန်မာအလုပ်သမားများ လာရောက် အလုပ်လုပ်ကိုင်၍ မရ ကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများထံက သိရသည်။
ထို့ကြောင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်ပေးသင့်ကြောင်းနှင့် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပါက နယ်စပ်များတွင် Border Pass ဖြင့် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် အဆင်ပြေမည်ဖြစ်ကြောင်း မြန်မာ အလုပ်သမား အရေး ဆောင်ရွက်နေသည့် ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
ကိုသားကြီးက “ဒီလက်မှတ်ကို ဖွင့်မယ်လို့သာ ထိုင်းက ကြေညာပေမယ့် နယ်စပ်ဂိတ်တွေကို ဖွင့်နိုင်အောင်လည်း သူက လုပ် ရမယ်။ ဘာကြောင့်လဲဆိုတော့ တံတားကြီး ပိတ်ထားပြီးတော့မှ လူအသွားအလာ မရှိဘဲနဲ့ Border Pass က ဒီနယ်စပ်ကနေ ထုတ်ပေးလို့ မရဘူးလေ။ လူအသွားအလာ ရှိမှ Border Pass ရဲ့ ဥပဒေအရ ထုတ်ပေးလို့ရမှာ ဖြစ်တယ် လူအသစ်တွေကို။ ကျနော် ထင်ပါတယ်။ ထိုင်းက ဘယ်လောက်ပဲ အဆင်သင့်ဖြစ်ဖြစ် မြန်မာဘက်က တံတားတွေဖွင့်ဖို့၊ နယ်စပ်တွေဖွင့်ဖို့၊ လူကူးသန်း သွားလာဖို့အတွက် ခွင့်ပြုချက် မရမချင်းကတော့ ဒီ Border Pass ကလည်း အကျုံးဝင်မယ်လို့ ကျနော် မထင်ပါဘူး။ ဒါပေမယ့် နှစ်နိုင်ငံလူကြီးတွေ၊ သက်ဆိုင်ရာတွေက စကားပြောလို့ အဆင်ပြေတယ် ဆိုလို့ရှိရင်တော့ နယ်စပ်ဂိတ်တွေ ဖွင့် လိုက်ပြီး လူကူးသန်း သွားလာလို့ ရပြီဆိုရင်တော့ Border Pass ကလည်း အကျုံးဝင်မယ်။ နောက် ဒီနယ်စပ်မှာ အလုပ်လုပ် မယ့် မြန်မာပြည်သူတွေအတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ပိုမိုပြီးတော့မှ အဆင်ပြေမယ်။ ဒါဟာ လွယ် လွယ် ကူကူ ဒီ worker တုံးလေး ထုပြီးတော့ Border Pass စာအုပ်ထဲမှာ သွေးစစ် ဒီဘက်မှာ Work permit လေးလုပ်ပြီး တော့မှ အလုပ်လုပ်ခွင့် ရမှာပေါ့” ဟု ပြောသည်။
နှစ်နိုင်ငံ နယ်စပ်ဂိတ်များအား ထိုင်းအစိုးရမှ ပြန်လည် ဖွင့်လှစ်ချင်သော်လည်း မြန်မာဘက်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးကြရာတွင် အဆင်မပြေဖြစ်ကာ နယ်စပ်ဂိတ် အချို့အား ယနေ့အထိ မဖွင့်လှစ်နိုင်သေးကြောင်း သိရသည်။
တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ် ဖြတ်သန်းခွင့်ထုတ်ပေးသော နေရာ
ထိုင်းနိုင်ငံသို့ Border Pass ဖြင့် သွားရောက် လုပ်ကိုင်လိုသည့် မြန်မာ အလုပ်သမားအသစ်မှာ ၅၀၀၀၀(ငါးသောင်း)နီးပါးခန့် ရှိကြောင်း၊ ကိုဗစ်ကြောင့် ထိုင်းနိုင်ငံ နယ်စပ်တွင် ပိတ်မိနေခဲ့သည့် Border Pass မြန်မာအလုပ်သမားများမှာ ၁၀၀၀၀၀ (တစ်သိန်း) ကျော်ရှိကြောင်း သိရသည်။
Border Pass ဖြင့် လာရောက် လုပ်ကိုင်မည့် သူများသည် တစ်ဦးလျှင် Work permit သုံးလ (ရက် ၉၀) ရရှိပြီး တစ်လ တစ်ကြိမ် ဆေးစစ်ရကြောင်း၊ သုံးလ ပြည့်သွားပါက မိမိနေရပ်သို့ တစ်ပတ်ခန့် အပြန် ပြရကြောင်း၊ ထိုသို့ အပြန်ပြပြီးနောက် ထပ်မံပြန်ဝင်၍ရကြောင်း သိရသည်။
Border Pass ဖြင့် အလုပ်လုပ်ကိုင်ရာတွင် အလုပ်သမား အခွင့်အရေး အပြည့်အဝ မရှိခြင်း၊ ချိုးဖောက်ခံရခြင်း၊ ခေါင်းပုံဖြတ် ခြင်း စသည်တို့ ကြုံတွေ့ရနိုင်ကြောင်း ထိုင်းတွင် အလုပ်သမားအရေး ဆောင်ရွက်နေသည့် Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
ကိုနိုင်အောင်အောင်က “အလုပ်သမား အခွင့်အရေးကတော့ ထိုင်းနိုင်ငံ ဥပဒေမှာကျတော့ ပြောပြီးသားပဲလေ။ ထိုင်းနိုင်ငံမြေ ကို လာနင်းလိုက်တာနဲ့ ဘယ်လုပ်ငန်းရှင်မဆို အလုပ်သမားတစ်ယောက်ကို အလုပ်ခိုင်းတဲ့ အခါကျတော့ ထိုင်းနိုင်ငံ အခြေခံ ဥပဒေ လုပ်ခလစာကို ပေးကိုပေးရမယ်။ သို့သော်လည်း တချို့သော လုပ်ငန်းရှင်တွေက အထောက်အထားတွေကို ကြည့်ပြီးမှ လုပ်ခလစာတွေ အပြည့်အဝ မပေးတာတို့၊ အထောက်အထားတွေ ကြည့်ပြီးတော့မှ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာ တို့ ဒါတွေလည်း တွေ့ရတာပေါ့။ ဒါတွေက ဥပဒေအတိုင်း ပေးစရာမလိုဘူး ဘာညာလုပ်ပြီးတော့ လာဘ်စားတာတို့၊ ချိုး ဖောက်တာတို့ ရှိတယ်” ဟု ပြောသည်။
Border Pass ဖြင့် သွားရောက် အလုပ်လုပ်ကိုင် မည်ဆိုပါက အဆိုပါ နိုင်ငံက သတ်မှတ်ထားသည့် နယ်မြေများမှလွဲ၍ အခြား နယ်မြေများသို့ ကျော်လွန်ပြီး အလုပ်လုပ်ခွင့် မရှိကြောင်း သိရသည်။
ကိုသားကြီးက“နှစ်နိုင်ငံ နယ်စည်းခြားထားတဲ့ နေရာကနေ ကီလို ဘယ်လောက်ပေါ့။ ဥပမာ မိုင် ဘယ်လောက်ဆိုပြီး သတ် မှတ် ထားတယ်။ ဘယ်ခရိုင် ဘယ်မြို့နယ်အထိပဲ ဆိုတာကို သတ်မှတ်ထားတယ်။ အဲဒါကို ကျော်လွန်ပြီးတော့ သွားမယ် ဆိုရင်တော့ လုပ်လို့မရဘူး။ ပြောချင်တာက မြဝတီ-မဲဆောက် နယ်စပ်မှာ အလုပ်လုပ်မယ့် မြန်မာပြည်သူတွေဟာ မဲဆောက် တံတား မဖွင့်သေးဘူး။ လူကူးသန်း သွားလာလို့ မရသေးဘူးဆိုရင်လည်း ဒီမှာ အလုပ်လုပ်ဖို့အတွက် အခြားနယ်စပ်ကနေ Border Pass နဲ့ဝင်လို့ မရဘူးဆိုတဲ့ အကြောင်းကိုလည်း ပြောချင်တယ်”ဟု ပြောသည်။
လက်ရှိတွင် နှစ်နိုင်ငံ နယ်စပ်ဂိတ်များထဲကမှ ကော့သောင်း-ရနောင်း ဂိတ်ကိုသာ လူအဝင်/အထွက် ပြုလုပ်ခွင့် ပြုထားပြီး ကျန်ဂိတ်များမှာ ပိတ်ထားခြင်းနှင့် ကုန်သွယ်ခြင်းတို့သာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 904
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄
မြန်မာ့ရေပိုင်နက်အတွင်း ငါးဖမ်းဆီးရရှိမှုသည် မိုင်းခွဲပြီး ဖမ်းဆီးမှုနှင့် တရားမဝင်ဖမ်းဆီးမှုများကြောင့် နှစ်စဉ် လျော့ကျနေ သည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မိုင်းခွဲ၍ ငါးဖမ်းဆီးမှုများကြောင့်နှင့် ငါးဖမ်းပိုက်စိပ်စိပ်များဖြင့် ဖမ်းဆီးမှုများကြောင့် မြန်မာ့ရေပိုင်နက်အတွင်း ငါးသယံဇာတ ဆုံးရှုံးမှုနှင့် ဂေဟစနစ် ပျက်စီးမှုများ ဖြစ်ပေါ်နေသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်တိုးနန္ဒာတင်က “တရားမဝင် ဖမ်းဆီးတဲ့ ဟာတွေကတော့ ပိုက်ကွက် သေးပြီးတော့မှ ခြင်တောင်မှ ဝင်လို့မရတဲ့ ပိုက်ကွက် မျိုးပေါ့နော်။ အဲလိုမျိုး တရားမဝင် ဖမ်းတဲ့ ဟာမျိုးလေးတွေကြောင့်လည်း ဒါတွေကို တားဆီးရမှာကတော့ အမှန်ပဲပေါ့။ ဟိုး အရင်တုန်းက မိုင်းခွဲတယ်ဆိုတာလည်း ထိုင်းဘက်က လာတဲ့ နည်းပညာတွေပေါ့။ မြန်မာက ဆိုလို့ရှိရင် ငါးဖမ်းနည်း အကုန် လုံးကို ထိုင်းကနေပဲ သင်တဲ့သဘောမျိုး ရှိတာပေါ့။ ထိုင်းဘက်က မိုင်းခွဲတဲ့ဟာလည်း ပါလာတဲ့ အခါကျတော့ အရင်တုန်းက တော့ ရှိတယ်ပေါ့နော်။ အခုနောက်ပိုင်းတော့ သိပ်တော့ မကြားဘူးပေါ့လေ။ မိုင်းခွဲရင်တော့ အကုန်လုံး ဂေဟစနစ် ပျက်သွား တာပေါ့။ ဂေဟစနစ် ပျက်တဲ့အတွက်ကြောင့် ဒါတွေက တားဖို့ လိုတာပေါ့။ ခွဲတဲ့နေရာမှ ဥပမာ သန္တာကျောက်တန်း ရှိရင် လည်း သန္တာကျောက်တန်း ပျက်မှာပဲလေ” ဟု ပြောသည်။
မြန်မာ့ ရေပိုက်နက်အတွင်း ငါးသယံဇာတတည်ရှိမှု အခြေအနေနှင့်စပ်လျဉ်း၍ နော်ဝေသုတေသန ရလဒ်များအရ မြန်မာ့ ပင်လယ် ပြင်တွင် ပင်လယ် ငါးထုတ်လုပ်မှု အပါအဝင် ရေချိုငါး ထုတ်လုပ်မှုများနှင့် ငါးဖမ်းဆီးရရှိမှုများ တစ်နှစ်ထက် တစ်နှစ် သိသိသာသာ လျော့နည်းလာကြောင်း ဖော်ပြထားသည်။
ငါးဖမ်း သမားတစ်ဦး (ဖရွန်းတီးယားမြန်မာ)
၂၀၁၈ ခုနှစ်တွင် ငါးပမာဏသည် လွန်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်များနှင့် နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်းအထိ လျော့နည်းသွား ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ထို့ကြောင့် ငါးလျော့ကျနေမှုကို ကာကွယ်ရန်အတွက် ငါးမဖမ်းရ ရာသီကို (၃)လ သတ်မှတ်ပြီး တားမြစ်ထားသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောသည်။
၎င်းက “ငါးမဖမ်းရ ရာသီလို့ လုပ်ထားတာလေ။ လျော့ကျတဲ့ အတွက်ကြောင့် ငါးမဖမ်းရ ရာသီဆိုတဲ့ ဟာမျိုးကို ကျမတို့ ငါးလုပ်ငန်း ဦးစီးဌာနကနေပြီးတော့ တရားဝင် ထုတ်ပြန်ပြီးတော့ လုပ်ရတာပေါ့။ အဲဒါ ၃၀ ရာခိုင်နှုန်းလောက်ကို သူတို့ ဖွင့်ပေးလိုက်ပါတယ်။ အဲဒါ သူတို့ရဲ့ အခက်အခဲ အမျိုးမျိုး ကြုံတွေ့နေရတယ်ဆိုပြီးတော့ သူတို့ ဝန်ကြီးဌာနကိုလည်း တင်ပြတယ်ပေါ့နော်။ အကုန်လုံးကို တင်ပြတဲ့အခါမှာ တစ်လကို လျှော့ပေးလိုက်တယ်။ လျှော့ပေးလိုက်တာကလည်း အကုန်လုံး လျှော့ပေးလိုက်တာ မဟုတ်ဘူးပေါ့။ ၃၀ ရာခိုင်နှုန်းပဲ ဖွင့်ပေးလိုက်တဲ့ သဘောပါပဲ။ မေလ၊ ဇွန်လ၊ ဇူလိုင် ကျမတို့ ပိတ်တယ်မလား ဇူလိုင်မှာ ၃၀ ရာခိုင်နှုန်း ထွက်နိုင်တယ်ဆိုတဲ့ သဘောမျိုး ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
မိုင်းခွဲပြီး တရားမဝင် ငါးဖမ်းဆီးမှုကို တနင်္သာရီကမ်းရိုးတမ်းတွင်သာ အများဆုံး တွေ့ရှိရပြီး တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကမ်းရိုးတမ်းများတွင် အသုံးပြုမှု မရှိကြောင်း ငါးလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
ထို့အပြင် ငါးဖမ်းရရှိမှု လျော့နည်းနေခြင်း၊ ကုန်ကျစရိတ်များ မြင့်တက်နေခြင်း၊ စက်သုံးဆီဈေးနှုန်း မြင့်မားနေမှုခြင်း တို့ကြောင့် လက်ရှိတွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ လျော့ကျလာလျက် ရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1167
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃
နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားပြီးနောက်ပိုင်း စီးပွားရေး ကြပ်တည်းလာကာ စားဝတ်နေရေး ဖြေရှင်းနိုင်ရန်အတွက် ဆံပင် ဖြတ်၍ ရောင်းချသူများသည် ပုံမှန် အခြေအနေများထက် ထက်ဝက်ခန့် များပြားလာကြောင်း ဆံပင်ရောင်းဝယ်သူများနှင့် အဝယ်ဒိုင်များထံမှ သိရသည်။
ထို့နောက် ဆံပင်ရောင်းဝယ်ရေး လုပ်ငန်းကို ရန်ကုန်မြို့နှင့် တခြားသော တိုင်းဒေသကြီးများပင် ယခင်ကထက် လုပ်ကိုင်လာ သူ များပြားကြောင်း ရန်ကုန်မြို့ရှိ ပြည့်စုံဆံပင်ရောင်းဝယ်ရေးမှ ဆိုင်ပိုင်ရှင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုက လုပ်လာတာ ၃ ချိုး ၁ ချိုးလောက် များလာတယ်။ နောက် အခုနောက်ပိုင်းက နည်းနည်း ဆံပင် အဝယ်ဒိုင် ဆို ပြီးတော့ ဆိုင်းဘုတ် ရေးတာကျတော့ အမှန်ကတော့ ဝယ်ရောင်းပစ္စည်းပါပဲ။ အဝယ်ဒိုင်လို့ ရေးထားတာကလည်း လူရှိန်တာ ပေါ့နော်။ အဝယ်ဒိုင်ဆိုတာက ဘယ်က ဆံပင်ပဲလာလာ၊ ပမာဏ ဘယ်လောက်ပဲ များများ၊ ကုန်အောင် သုံးနိုင်တာမျိုးမှ အဝယ်ဒိုင်လို့ခေါ်တာ အခုနောက်ပိုင်း ရောင်းတဲ့သူတွေကလည်း ဒိုင်ဆိုတော့ နည်းနည်း အထင်ကြီးကြတာပေါ့။ ဈေးကတော့ တူတူပါပဲ” ဟု ပြောသည်။
ဆံပင်ရောင်းဝယ်ရေး လုပ်ငန်းသည် ယခင်ကတည်းက ရှိခဲ့သော်လည်း လက်ရှိတွင် စီးပွားရေး ကျပ်တည်းမှုနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုများကြောင့် ပိုမို လုပ်ကိုင်လာကြောင်း၊ အဝယ်ဒိုင်များဖွင့်လှစ်၍ ရောင်းဝယ်မှု ပြုလုပ်လာကြကြောင်း၊ ထိုဆံပင်များကို တရုတ်နိုင်ငံသို့ တင်ပို့ကြကြောင်း ပုသိမ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ဦးနေဝင်းစိုးက ပြောသည်။
ဆံပင် အဝယ်ဒိုင် တစ်ခု (Reuters)
ဦးနေဝင်းစိုးက “ကျနော်တို့ ပုသိမ်တစ်မြို့တည်းမှာတင် ဒိုင်ကြီးဖွင့်ပြီးတော့ ဝယ်နေတာ ၃ ခုလောက် ရှိတယ်။ ဆံပင် အရောင်းအဝယ် တော်တော်ဖြစ်ကြတယ်။ ဒါကတော့ အခုမှရယ် မဟုတ်ဘူးဗျ။ အရင်နှစ်တွေ ကတည်းက ရှိတယ်။ ဆံပင် ရောင်းဝယ်ရေး ဒိုင်ဖွင့်ပြီးတော့ ရောင်းနေတာက အဓိကက သူတို့က ဒိုင်ဖွင့်ပြီးတော့ ဝယ်တယ်။ ဝယ်ပြီးတော့ အတိုအရှည်၊ အရှည်ဆိုလည်း အရှည် ပြန်သန့်တယ်။ ရှုပ်ပွနေတဲ့ ဆံပင်ချည် ထွေးတွေကနေ အရှည်ပြန်ရအောင် လုပ်သားအင်အားနဲ့ ပြန် ခွဲတာရှိတယ်။ အတိုဆိုလည်း စုစည်းပြီးတော့ ပြန်ခွဲထုတ်တယ်။ ပြီးတော့ အဲဒါတွေ အားလုံးကို အထုပ်တွေ ထုတ်ပြီးတော့ မူဆယ်ကနေ တရုတ်ကို ပို့တာဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ဆံပင်ကို ပြန်လည်အသုံးပြုသူ နည်းပါးသည့်အတွက် ပြည်ပသို့ အဓိက တင်ပို့၍ ဈေးကွက် ရှာဖွေကြ ကြောင်း၊ ထို့နောက် ပြည်ပပို့ကုန်ပစ္စည်း ဖြစ်လာကာ ဈေးကောင်းရကြောင်း သိရသည်။
လက်ရှိတွင် ၃ ပေ အရှည်ရှိသည့် ဆံပင်ကို တစ်ပိဿာလျှင် သိန်း ၂၀ ဈေးနှုန်းရှိသည်ဟု ပြည့်စုံဆံပင်ရောင်းဝယ်ရေး၏ ဆိုင်ပိုင်ရှင်က ပြောသည်။
၎င်းက “အရင်ကထက် စာရင်တော့ အခုတော့ ဈေးက ကောင်းလာတာ များပါတယ်။ ဘာလို့လဲဆိုတော့ ဆံပင်ကကျတော့ မြန်မာနိုင်ငံသုံး နည်းတယ်လေ။ Export ကုန်ဆိုတော့ ဈေးကွက်ကလည်း ကောင်းတယ်။ ဒါပေမယ့် ဆံပင်အပေါ် မူတည် တယ်။ ဆံပင်ကောင်း သလောက်ကို အဲလို ဈေးပေးဝယ်ရတယ်။ ၁ ပိဿာကို သိန်း ၂၀၊ တစ်ကျပ်သားကို နှစ်သောင်း၊ ၁၀ သားကို နှစ်သိန်း အဲဒါကျတော့ ၃ ပေလောက်၊ ၃၆ လက်မလေ အဲဒါမျိုးတွေ ပေါက်တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
ထို့နောက် မြန်မာနိုင်ငံမှ ဆံပင်များကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ကြောင်း၊ ထိုမှတဆင့် ပြန်လည်ပြုပြင်၍ အလှအပဆိုင်ရာ ဆံပင်ကုန်ချောအနေဖြင့် အာဖရိကနိုင်ငံများသို့ ရောင်းချကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆံပင်ကို ငွေကြေးရှိသူများက ဆံပင်ဆက်ရာတွင် အသုံးပြုကြကြောင်း၊ ယခုတွင် အမျိုးသား လူငယ်များ လည်း အလှအပ တစ်ခုအနေဖြင့် အသုံးပြုလာကြကြောင်း ဆံပင်ရောင်းဝယ်သူများထံမှ သိရသည်။