- By CNI News
- Category: စီးပွားရေး
- Hits: 1955
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သား အလေးချိန်ရှိသော ရွှေဒင်္ဂါးပြားများကို လွတ်လပ်စွာ ရောင်းချပေးရန် စီစဉ်ထားကြောင်း MRTV ကနေ နစက-က စက်တင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာသွားခဲ့သည်။
သို့သော် မည်သည့် အချိန်ကာလတွင် စတင် ရောင်းချပေးမည်ကိုတော့ ထည့်သွင်း ထုတ်ပြန်သွားခြင်း မရှိပေ။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ လက်ထက်တွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ကနေမှတဆင့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ စံချိန်မီ တစ်မတ်သား ရွှေဒင်္ဂါးပြားများကို ထုတ်လုပ် ရောင်းချခဲ့ဖူးသည်။
မြန်မာနိုင်ငံတွင် ရွှေဝယ်မှု များပြားနေခြင်းကြောင့် ရွှေဈေးနှုန်းများ တဖြေးဖြေး တက်နေရာ တစ်ကျပ်သာလျှင် သိန်း ၃၀ အထိ ရောက်ရှိလာခဲ့သည်။
အဆိုပါ ဈေးနှုန်းမြင့်တက်နေသည့်တိုင် ရွှေဝယ်လိုအားသည် အလွန်များနေသေးကြောင်း ရွှေလုပ်ငန်း လုပ်ကိုင် သူများက ပြောသည်။
#ရွှေဒင်္ဂါး #နစက #သယံဇာတ #သဘာဝတ်ပတ်ဝန်းကျင် #ရွှေလုပ်ငန်း #စီးပွားရေး #CNImyanmar #cninews
ပုံ- ၂၀၁၈ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့က ဗဟိုဘဏ်က ဖြန့်ချီခဲ့သော ဗိုလ်ချုပ်အောင်ဆန်းပုံပါ စံချိန်မီ တစ်မတ်သား ရွှေဒင်္ဂါးပြား
- By CNI
- Category: စီးပွားရေး
- Hits: 2115
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁
လက်ရှိတွင် ဆောက်လုပ်ရေးပစ္စည်းများ ဈေးတက်နေခြင်းကြောင့် ဆောက်လုပ်ရေး ကန်ထရိုက်သမားများ အခက်အခဲဖြစ်နေပြီး အိတ်စိုက်လုပ်ကိုင်နေရကြောင်း CNI သတင်းဌာနသို့ ပြောသည်။
ယခင်က သံ ၁ တန်လျှင် ၇ သိန်းခွဲသာရှိသော်လည်း လက်ရှိတွင် သံ ၁ တန်လျှင် ၁၀ သိန်းအထိ ရှိကြောင်း ဆောက်လုပ်ရေးကန်ထရိုက် လုပ်ကိုင်နေသူ ကိုကျော်စိုးမိုးက ပြောသည်။
ကိုကျော်စိုးမိုးက “ဘိလပ်မြေ ဈေးတွေတက်တော့ လုပ်ငန်း လက်ခံလို့လည်း မရဘူးလေ။ ဘိလပ်မြေ မဟုတ်ဘူး သံဈေးတွေ ရောဘဲ။ အုတ်၊သဲ၊ကျောက် ဈေးတွေကလည်း အကုန် အဆမတန် တက်နေတယ်၊ အဲ့ခါကျတော့ ကျနော်တို့ လုပ်ရတဲ့အခါမှာ အခက်အခဲတွေ အများကြီးရှိတယ်။ ပစ္စည်းဖိုး လက်ခ ယူလိုက်ရတယ်ဆိုရင် ကျနော် တို့ အိတ်ထဲက စိုက်လိုက်ရတာ များတယ်။ စစခြင်း အလုပ်တစ်ခုကို သိန်းရာကျော်နဲ့ လက်ခံလိုက်တယ်။ နောက်ဆုံး အဆုံးသတ်ကြတော့ ပိုက်ဆံအတိုးတွေကမရ၊ သူတို့ ပိုက်ဆံလည်းပေးရော ဈေးက တက်သွားရော။ ဟိုတုန်းကဆို ၁၀ ပေ နှစ်ထပ်အိမ် တစ်လုံးကို ၂၅၀ လောက်နဲ့ရတယ်။ အခုသူက ၃၅၀ နဲ့ လာအပ်တာတောင် ကျနော်က မလုပ်နိုင်ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်မြို့ တစ်နေရာက ဈေးရောင်းနေသူ
အလားတူ ယခင်က ဘိလပ်မြေ တစ်အိတ်ကို ၅၀၀၀ ကျပ်သာရှိခဲ့ပြီး မြန်မာ့တပ်မတော်က အာဏာရယူပြီး နောက်ပိုင်း ၉၀၀၀ ကျပ်ထိ ဈေးတက်သွားသည်။
ထို့နောက် စည်ပင်လုပ်ငန်းများကို မလုပ်တော့ဘဲ RC တိုက် ဆောက်လုပ်ရေးလုပ်ငန်းကိုသာ လုပ်လာကြကြောင်း သိရသည်။
သို့သော် အထွေထွေ အကျပ်အတည်းများကြောင့် ငွေကြေးခက်ခဲလာ၍ အိမ်ဆောက်သူများ နည်းပါးနေကြောင်း၊ ထိုသို့ အိမ်ဆောက်သူ နည်းပါးနေခြင်းကြောင့် ဆောက်လုပ်ရေး လုပ်ငန်းကို မှီခိုအားထားနေရသည့် နေ့စား အလုပ်သမားများမှာ စားဝတ်နေရေးအတွက် အခက်အခဲရှိလာကြောင်းသိရသည်။
ယခင်က နေ့စား အလုပ်လုပ်ကိုင်ချိန်တွင် နားရက် မရှိခဲ့သော်လည်း ယခုအခါမှာတော့ အလုပ်အကိုင် ရှားပါးနေသည်ဟု နေ့စားလုပ်ကိုင်နေသူ ကိုစိုးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန် တစ်ဖက်ကမ်း ဒလဘက်သို့ ပြန်ကြမည့်သူများကိုတွေ့ရစဉ်
ကိုစိုးအောင်က “ကုန်ဈေးနှုန်းတွေ တက်တာက တစ်မျိုးပေါ့ ကိုယ်ရတဲ့ လုပ်အားခနဲ့၊ ကုန်ဈေနှုန်းတက်တာနဲ့၊ ဝယ်စားရတာနဲ့၊ တစ်သောင်းရလည်း ဘာကျန်မှာလဲ၊ ဆီတစ်ဗူး ၅၀၀၀ ကျော်နေပြီဆိုတော့။ ဟိုဟာချေး ဒီဟာ ငှားနဲ့ အဲ့လိုဘဲ သုံးစွဲရတာဘဲ။ အရင်တုန်းက တစ်လလုံးလုံး အလုပ်လုပ်ရတယ်ဗျာ အခုဆိုရင် တစ်လလုံးလုံး အလုပ်မှ မလုပ်ရတာ အခုမှ အလုပ်လုပ်ရတာ သုံးရက်ရှိသေးတယ်” ဟု ပြောသည်။
လက်ရှိတွင် အိတ်စိုက် လုပ်နေရခြင်းကြောင့် မိမိအနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများကို ခေတ္တရပ်နားထားပြီး လာမည့် သီတင်းကျွတ်ပြီးမှ ပြန်လည် လုပ်ကိုင်တော့မည်ဟု ဆောက်လုပ်ရေးကန်ထရိုက် လုပ်ကိုင်နေသူ ကိုကျော်စိုးမိုးက CNI သတင်းဌာန သို့ ပြောသည်။
ထို့နောက် ဒေါ်လာဈေး မြင့်တက်နေခြင်းကြောင့် အထွေထွေ ကုန်ဈေးနှုန်းများလည်း လိုက်ပါမြင့်တက်လာသည့် အတွက် တချို့သော ဆောက်လုပ်ရေး လုပ်ငန်ခွင်များလည်း ရပ်နားထားရကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2728
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံကူးလက်မှတ်(ပတ်စပို့စ်)စာအုပ် ပြုလုပ်ရာတွင် လူကိုယ်တိုင်ပြုလုပ်ပါက ရရှိရန် အချိန်ကာလအားဖြင့် ကြာမြင့်သောကြောင့် ပွဲစားများဖြင့် အမြန်ပြုလုပ်ကြရာ၌ အနည်းဆုံး ၂ သိန်းခွဲမှ အများဆုံး ၄ သိန်းအထိ ဈေးပေါက်နေကြောင်း ပတ်စပို့စ် လုပ်ကိုင်သူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ၌ ပြည်ပထွက် အလုပ်လုပ်ကိုင်ရန်နှင့် ကျောင်းသွားတက်ရန် ပြင်ဆင်နေသူများပြားနေပြီး ပတ်စပို့စ် ပြုလုပ်ရန် အွန်လိုင်းမှလျှောက်ထားရာတွင် ၁၂ လပိုင်းအထိ ပြည့်နေသောကြောင့် ပွဲစားဖြင့် အမြန်ပြုလုပ်သူ များပြားလာသည့်အတွက် ယခုကဲ့သို့ ဈေးများလာခြင်းဖြစ်ကြောင်း သိရသည်။
ပတ်စပို့စ်ပြုလုပ်သူ ကိုတင်ကိုက“ကိုယ့်ဘာသာကိုယ် လုပ်မယ်ဆိုရင်တော့ ဒီ website မှာလည်း တင်ထားတာ ဖြစ်တဲ့အတွက် QR မှ မရဘူးဆိုရင်တော့ လုပ်ဖို့အတွက် ၃၊ ၄ လလောက်အထိ စောင့်ရမယ်ပေါ့။ မိမိကိုယ်တိုင် ဝင်လုပ်ဖို့ကလည်း QR ရမှ။ QR ကလည်း ၄ ရက်လည်း မရ၊ ၅ ရက်လည်း မရပေါ့၊ အဲဒီလို စောင့်တင်ရတာ ဆို တော့ အရမ်းခက်ခဲလာတော့ သူသူကိုယ်ကိုယ် ငွေနဲ့ပဲ ဖြေရှင်းလိုက်ကြတော့တယ်လေ။ အလုပ်သမားတွေ အတွက်က ၂ မျိုးလုံးက အခက်အခဲဖြစ်နေတဲ့အခါကျတော့ ကိုယ့်ဘာသာတင်ရင်လည်း ၁ လနဲ့ မရ၊ ၂ လနဲ့ မရ အဲဒီလို QR အခက်အခဲရှိတယ်။ အကယ်၍ အခုလိုပဲ ကျော်ပြီးတော့ ပိုက်ဆံပေးဝယ်တော့မယ်ဆိုတော့ကျလည်း ငွေကြေးအမောက်က နည်းနည်းများသွားတာပေါ့နော်။ ကုန်ကျငွေက များသွားတော့ လူတွေက ငွေအတိုးတက် တာတွေ ဘာတွေ။ ၂ မျိုးလုံးမှာ အခက်အခဲဖြစ်တယ်။ အဲဒီကြားထဲကနေ သူတို့ ဘာကို ဖြတ်သန်းလိုက်လဲ ဆို တော့ နိုင်ငံခြားကို မြန်မြန်ရောက်ရင် သူတို့လစာ မြန်မြန်ရမယ်။ ဆိုတော့ အဲဒါကို ရွေးချယ်လိုက်တော့ အချိန် ကြာကြာ ဘိုကင်တင်မနေဘဲနဲ့ ဒီလို ပိုက်ဆံပေးပြီးတော့ လွယ်လင့်တကူ ယူလိုက်တာမျိုးလေးပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။
ပတ်စပို့စ်ပြုလုပ်မည့်သူများ တန်းစီနေစဉ်
ပတ်စပို့စ်စာအုပ်ပြုလုပ်ရာတွင် မိမိကိုယ်တိုင်လုပ်ဆောင်ပါက စာအုပ်ရရှိရန်မှာ ၃၊ ၄ လခန့် ကြာနိုင်ပြီး ပွဲစား များဖြင့် အမြန်ပြုလုပ်ရာတွင် ၁ လခန့်သာ ကြာမြင့်ကြောင်း သိရသည်။
ပတ်စပို့စ်စာအုပ်အား ပွဲစားများမှတဆင့် အမြန်ပြုလုပ်ကြသည်မှာ ယခင်ကတည်းက ရှိခဲ့ခြင်းဖြစ်သော်လည်း ထိုအချိန်က အမြင့်ဆုံးဈေးမှာ ၁ သိန်းခွဲ ဝန်းကျင်သာရှိခဲ့ကြောင်း သိရသည်။
အချို့ပြည်ပထွက်မည့်သူများသည် နယ်ဒေသများမှ လူများဖြစ်သဖြင့် နယ်သို့ ပြန်မလုပ်တော့ဘဲ ရန်ကုန်တွင်သာ လုပ်ကြခြင်းနှင့် အချို့သည် ဘိုကင်များအား ပြန်လည်ရောင်းချခြင်းတို့ကြောင့် ယခုကဲ့သို့ အွန်လိုင်းမှ ဘိုကင်တင် သည့် လူဦးရေမှာ များပြားနေရခြင်းဖြစ်ကြောင်း သိရသည်။
Naytic Asia အေဂျင်စီမှ ဒါရိုက်တာ ကိုနေဦးကိုက “အခုလုပ်မယ်ဆိုပြီး ဘိုကင်တင်လိုက် ၁၂ လပိုင်းတို့၊ ၁ လပိုင်းတို့ အဲဒီလောက်ဖြစ်သွားပြီ။ အဲဒါအမြန်လုပ်လို့သာ တစ်လလောက်ရတာ မြန်တယ်ပြောရမှာ။ ကိုယ့် ဘာသာလုပ်ရင် ၃၊ ၄၊ ၅ လ ပိုတောင် ကြာသေးတယ်။
ပြည်ပထွက်မယ့်သူတွေက များတာကိုး။ ဂျပန်ကတော့ လူနည်းစုပါပဲ။ ထိုင်းတို့ မလေးတို့ဆို လူတွေက နည်းတာမှ မဟုတ်တာ။ လူသောင်းနဲ့ချီ သိန်းနဲ့ချီလုပ်ကြတာ ဆိုတော့လေ။ ကျနော် ပြီးခဲ့တဲ့လက သွားလုပ်ထားတာတောင်မှ အထဲမှာ လူတွေက နည်းတာမှမဟုတ်တာ။ ကျနော်လုပ်တာတောင် ၄ သိန်းလောက်ပေးလိုက်ရတာတောင် တစ်လလောက်တော့ စောင့်လိုက်ရသေးတယ်။ ကျနော် ဘိုကင်ယူလိုက်တဲ့ဟာ ၁၁ လပိုင်းကုန်လောက်မှ ရတော့မယ်ဆိုပြီး ဒါပေမယ့်လည်း အမြန်လုပ်လိုက် ရတာ။ ပတ်စပို့စ်မရှိရင် ထွက်လို့မှ မရတာ။ ဘယ်လိုမှလုပ်လို့မရဘူး။ ပတ်စပို့စ်ရအောင်လုပ် ဒါပဲရှိတာပဲပေါ့” ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ ပတ်စပို့စ်စာအုပ်လုပ်ရန် အွန်လိုင်းမှ ဘိုကင်တင်သည့်အခါတွင်လည်း ပွဲစားများဖြင့် ပိုက်ဆံပေးထားသည့် သူများအား ဘိုကင်နံပါတ်တိုးပေးပြီး ကိုယ်တိုင်ပြုလုပ်သူများ၏ ဘိုကင်နံပါတ် များမှ အနောက်သို့ ရောက်သွားခြင်းများလည်း ကြုံရကြောင်း ပတ်စပို့စာအုပ်လုပ်သူများက ပြောသည်။
ပြည်ပသို့ သွားရောက်လုပ်ကိုင်ချင်သည့် သူများအနေဖြင့်လည်း အမြန်ရလိုစိတ်ဖြင့် ပွဲစားများဖြင့် ပတ်စပို့ လုပ်သည့်အခါတွင် ငွေအလိမ်ခံလိုက်ရသည်များလည်းရှိကြောင်း သိရသည်။
ထိုသို့ ပွဲစားများ၊ ဘိုကင်တင်ပြီး ပြန်လည်ရောင်းချခြင်းများအား သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ဖြေရှင်းရန် မှာ မဖြစ်နိုင်သော်လည်း ပွဲစားများမှ တောင်းခံသည့် လက်ရှိနှုန်းထားမှာ ပမာဏအားဖြင့် များသည့်အတွက် ယခင် ကာလကဲ့သို့ ၁ သိန်းခွဲဝန်းကျင်ခန့်သာရှိပါက ပတ်စပို့စ်လာရောက်လုပ်ကိုင်သူများအတွက် အဆင်ပြေမည်ဖြစ် ကြောင်း ပတ်စပို့စ်စာအုပ်ပြုလုပ်သူများက ပြောသည်။
- By CNI News
- Category: စီးပွားရေး
- Hits: 1596
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၁
စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စည် ဈေးနှုန်းကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားငွေကြေး ဈေးကွက်မှတဆင့် အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော်ကို ထောက်ပံ့ပေးမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထောက်ပံ့မှုကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှ မြန်မာနိုင်ှုံတွင် ဒေါ်လာ ဝယ်ယူရ ခက်ခဲခြင်းနှင့် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၃၀၀၀ ကျော် ဈေးပေါက်နေသည်။
အလားတူ စက်သုံးဆီတွင်လည်း ၉၂ တစ်လီတာလျှင် ၂၆၀၅ ကျပ်ရှိပြီး ၉၅ တစ်လီတာလျှင် ၂၆၇၀ ကျပ် ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1211
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃၁
ကြက်သွန်စိုက်တောင်သူများ၏ ပုံမှန် ကြမ်းခင်းဈေးမှာ ၄၅၀၊ ၅၀၀ ကျပ်ဝန်းကျင်သာရှိသော်လည်း လာမည့် ဒီဇင်ဘာလ မိုးကြက်သွန်ဈေးကွက်တွင် တောင်သူများ၏ ကြမ်းခင်းဈေးမှာ အနည်းဆုံး ၁၀၀၀ ကျပ်ဝန်းကျင် အထိ ရှိလာနိုင်ကြောင်း ကြက်သွန်အသင်းနှင့် တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မိုးကြက်သွန် စိုက်ပျိုးသည့်အခါတွင် အသုံးပြုရသော သွင်းအားစုနှင့် စက်သုံးဆီတို့ ဈေး အဆမတန် မြင့်တက်မှုတို့ကြောင့် တောင်သူများ၏ ကြမ်းခင်ဈေးမှာ မြင့်လာနိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က CNI သတင်းဌာနသို့ ပြောသည်။
“အနည်းဆုံးတော့ ၈၀၀၊ ၉၀၀၊ ၁၀၀၀ ကတော့ ဝယ်ရမှာပဲ နယ်မှာ။ လက်ရှိအနေအထားအရ အကုန်လုံးဈေးကြီး နေတာ။ ဒီဇယ်ရော ဓာတ်မြေဩဇာရော ပိုးသတ်ဆေးရော အကုန်ဈေးကြီးနေတာလေ။ဈေးကြီးနေတော့ သူတို့ရဲ့ စိုက်ပျိုးစရိတ်ကလည်း မြင့်မှာပဲ။ အခုဟာက လက်ဖက်ရည်တောင်မှ ၈၀၀၊ ၁၀၀၀ ဖြစ်နေတာ တစ်ခွက်ကို။ ကြက်သွန်ဈေး ဒါလည်း အရမ်းများတယ်လို့ ပြောလို့မရဘူး။ အခုလို နှစ်ဆတက်တာတို့၊ သုံးဆတက်တာတို့၊ ဓာတ်ဆီဆို ငါးဆရှိတယ်။ ကျန်တဲ့ဟာတွေ တက်တာတွေက တချို့ဆို နှစ်ဆရှိတယ်။ တချို့ဆို သုံးဆရှိတယ်။ ဘတ်စ်ကားခကအစ နှစ်ဆလောက်ဖြစ်နေတာ။ အားလုံးကမဖြစ်လို့ တက်ကြတာချည်းပဲ ဖြစ်တာလေ။ ငွေ ဖောင်းပွမှုကြောင့် အဓိကဖြစ်တာပေါ့။ နောက် သယ်ယူပို့ဆောင်ရေး စရိတ်တွေ အကုန်ဈေးကြီးတယ်။ အနေ အထားအရ ရှိသမျှအကုန်တက်နေတာ။ ဒီဟာတစ်ခုတည်း မဟုတ်ဘူး။ အဲဒီလိုအနေအထားအရ အခြေခံ လူတန်းစားခက်မှာပဲ” ဟု ၎င်းက ပြောသည်။
ကြက်သွန်စိုက်တောင်သူများနှင့် ကုန်သည်များသည် ကိုဗစ်နှင့်ရာသီဥတုအခြေအနေတို့ကြောင့် ၂၀၂၀၊ ၂၀၂၁ ခုနှစ်တို့တွင် ၂ နှစ်ဆက်တိုက် အရှုံးပေါ်ခဲ့ကြသဖြင့် ယခုနှစ် နွေကြက်သွန်စိုက်ပျိုးမှုတွင် စိုက်ဧကလျော့၍ စိုက်ပျိုး ခဲ့ကြပြီးနောက် ဈေးကောင်းရရှိလာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကြက်သွန်များ ပြည်တွင်းလက်ကျန်နည်းနေသဖြင့် ဈေးကွက်ထဲတွင် ၃၀၀၀ မှ ၃၅၀၀ ကျပ်အထိ ပေါက်ဈေးများရှိနေပြီး အချို့နယ်မြေဒေသများတွင် ၄၀၀၀ နီးပါး ဈေးရှိကြောင်းနှင့် ဈေးကျသွားပါက တောင်သူ များ ထပ်မံအရှုံးပေါ်နိုင်ကြောင်း ကြက်သွန်စိုက်တောင်သူ ဦးကိုကိုလေးက CNI သတင်းဌာနသို့ ပြောသည်။
“အခြေခံတောဈေးက ၃၀၀၀ လောက်ဖြစ်သွားပြီကို။ ပြန်ရောင်းတော့ ၃၅၀၀ လောက်နဲ့ ရောင်းတာဆိုတော့။ ကျနော်တို့ တောင်သူသုံးရတဲ့ ကုန်ဈေးနှုန်းကကိုက မြင့်နေတာဆိုတော့ လက်ရှိဈေးနှုန်းထက် ကျသွားပြီဆိုရင် တောင်သူက ထပ်ရှုံးဦးမှာပဲ။ လက်ရှိဖြစ်နေတဲ့ အနေအထားနဲ့ဆို ဒီထက်များမှာပဲ။ များဖို့ပဲသေချာတယ်။ ကြက်သွန်အဟောင်းက ရှေ့နှစ်လဆိုရင် လုံးလုံးပြတ်သွားမယ့်အနေအထားဖြစ်တာကိုး။ ခါတိုင်းက ကြက်သွန် အဟောင်းက ၁၂ လပိုင်းအထိတောင်နေတာကိုး။ ဒီနှစ်ကျတော့ ၁၁ လပိုင်းဆိုရင် တော်တော် အဟောင်း ကြက်သွန်က မကျန်သလောက်ဖြစ်မှာ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နှစ်တိုင်းမှာက အဟောင်း ကြက်သွန်က သိန်း ၆၀ လောက်ကျန်မယ်ဆိုရင် ဒီနှစ်မှာက ၂၀ လောက်ပဲ ကျန်မယ်။ ဒါယှဉ်ထိုးပြီး ပြတာပေါ့။ အတိအကျ ရယ်လို့တော့မဟုတ်ဘူးပေါ့”ဟု ၎င်းက ပြောသည်။
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်ကားအစီးရေ ၂၀ ခန့်ဝင်ရောက်သော်လည်း လက်ရှိ တွင် ကြက်သွန်သည် ပြည်တွင်းလက်ကျန်နည်းသဖြင့် ဈေးကောင်းရရှိနေသည့်အတွက် ပြည်တွင်း ဝယ်လိုအားနှင့် စားသုံးမှုတို့မှာ နည်းပါးလာကြောင်း သိရသည်။
ဈေးကွက်၌ နွေကြက်သွန်များ ဈေးကောင်းရရှိသဖြင့် လက်ရှိ မိုးကြက်သွန်စိုက်ပျိုးနေမှုတွင် စိုက်ဧက ပိုမိုများလာ နိုင်ကြောင်းနှင့် တောင်သူများအနေဖြင့် ပြည်တွင်းရာသီဥတု၊ အိမ်နီးချင်းနိုင်ငံတို့၏ ရာသီဥတုအခြေအနေတို့အား စောင့်ကြည့်ရမည်ဖြစ်ကြောင်း ကြက်သွန်အသင်းနှင့် တောင်သူများက ပြောသည်။
လက်ရှိတွင် ကြက်သွန်များအား ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ကို တင်ပို့နေကာ နိုင်ငံခြား သုံးငွေများ ဈေးမြင့်တက်မှုကြောင့် ဈေးကောင်းရရှိနေကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1866
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃၁
ပြည်တွင်း ရွှေထုတ်လုပ်မှု၊ ဝယ်လိုအားနှင့် ရောင်းလိုအားများ ထိန်းညှိနိုင်ရန် ရွှေဈေးကွက် စောင့်ကြည့် အကဲဖြတ် ထိန်းညှိရေး ဆပ်ကော်မတီသုံးရပ် ဖွဲ့စည်းဆောင်ရွက်ထားသော်လည်း ရွှေဈေးနှုန်းကို မထိန်းနိုင်ဘဲ မြင့်တက်နေ ကြောင်း ရွှေဈေးကွက်လေ့လာသုံးသပ်သူများက ပြောသည်။
လက်ရှိတွင် ရွှေဈေးကွက် စောင့်ကြည့်အကဲဖြတ်ထိန်းညှိရေး ဆပ်ကော်မတီမှ ရွှေဈေးကွက်ကို ထိန်းညှိလေ တရားမဝင် ရောင်းဝယ်ရေး လုပ်ငန်းများ ပို၍ အားကောင်းလာလေ ဖြစ်နေကြောင်း ရွှေဈေးကွက် လေ့လာသုံး သပ်သူ ကိုနေလင်းခန့်က CNI သတင်းဌာနသို့ ပြောသည်။
ကိုနေလင်းခန့်က “မထိန်းချင်လို့ ဘယ်ဟုတ်မတုန်း။ လွှတ်ပေးထားတာလည်း မဟုတ်ဘူး။ ဈေးကွက်က ရောင်းလို အားနဲ့ ဝယ်လိုအားက Supply နဲ့ demand က ကွာနေတော့ သူတို့ထိန်းလည်း သူတို့ထိန်းလေ Black market က ပိုကြီးလေ အဲဒါတစ်ခုတော့ ရှိတယ်။
လောလောဆယ် အခု ၂၀/ ၃၀ တွေက Black market သဘောပဲ။ သူတို့က လုပ်မရလို့သာ ဘာမှမလုပ်တာ။ ဒါ Black market သဘောတရား သွားနေတာ။ ဘာလို့ဆို သူတို့ ပြထားတဲ့ YGEA သွားကြည့်လိုက်လေ ၂၀ ကျော်ပဲ ရှိတယ်” ဟု ပြောသည်။
ရွှေဆိုင် တစ်ခုမှာ ရွှေများ ခင်းကျင်းထားခြင်း (GETTY IMAGES)
လက်ရှိ ပြည်တွင်း ရွှေဈေးကွက်တွင် ရောင်းလိုအားထက် ဝယ်လိုအား များပြားနေပြီး တချို့သော ရက်များတွင် ရွှေဆိုင်များက အရောင်း ပိတ်ထားရသည့် အခြေအနေထိ ဖြစ်နေကြောင်း သိရသည်။
ထိုသို့ ရောင်းလိုအားထက် ဝယ်လိုအား မြင့်တက်နေခြင်းသည် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့် ဖောင်းပွမှု၊ နိုင်ငံခြားသုံးငွေ ဈေးနှုန်း မြန်ဆန်စွာ မြင့်တက်နေမှုများကြောင့် စိုးရိမ်မှုဖြင့် ရွှေများကို ပိုမိုဝယ်ယူစုဆောင်းလာ ခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များက ပြောသည်။
ထို့ကြောင့် ရွှေဈေးကွက် စောင့်ကြည့်အကဲဖြတ်ထိန်းညှိရေး ဆပ်ကော်မတီ အနေဖြင့် ဈေးကွက်ကို ညှိပေး၍သာ ရနိုင်ကြောင်း၊ ဝယ်လိုအား များပြားနေသည်ကို ဖြေရှင်းရန် ခက်ခဲကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအုန်းမြင့်က ပြောသည်။
ဦးအုန်းမြင့်က “ထိန်းတယ်ဆိုတာက သူက အဓိကကတော့ ညှိပေးလို့ပဲ ရမှာလေ။ ခက်တာက လူကြောက်တာကို ကျတော့ ဖြေရှင်းရတာ ခက်တယ်လေ။ ဆိုလိုတာက အခု လူတွေက ကြောက်လန့်ပြီး ဝယ်နေတာမျိုးကျတော့ အကြောက်ကိုပြေဖို့ အဓိကကတော့ လေးလေးအမြင်တော့ ကုန်သည်အနေနဲ့ကတော့ ကုန်သည်ရဲ့ နည်းနဲ့ပဲ ဒါကို တိုက်လို့ရတာလေ။ ဆိုလိုတာက ဝယ်လိုအား ရောင်းလိုအားပေါ်မှာပဲ မူတည်ပြီးတော့ ကုန်ဈေးနှုန်းတစ်ခုက သွား နေတာကိုး။ အဲတော့ ဝယ်လိုအား များနေတာကြီးကို ကိုယ်က မဝယ်ပါနဲ့ မဝယ်ပါနဲ့ ပြောလို့မရဘူး။ အဲဒါကို သူတို့ ဝယ်နိုင်တာ ဘယ်လောက်ဝယ်နိုင်လဲ ဝယ်လိုအားကို ဥပမာ ပိဿာ ၁၀၀ ဝယ်မယ်ဆို ကိုယ်က ပိဿာ ၂၀၀ ရောင်းမယ်ဆို အဲဒီဝယ်လက်က အဲကို အကုန်ပြေးသွားမှာ။ ကုန်သည်ကို ကုန်သည်နည်းနဲ့ပဲဆို အမှန်ကန်ဆုံး နည်းပဲပေါ့။ အဲလိုမဟုတ်ဘဲနဲ့ ဝယ်နေတာကို မဝယ်ပါနဲ့ ပြောရင် ဟိုလူက ပိုဝယ်ချင်ဖြစ်မှာပဲလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။
နစက-က ဒေါ်လာနှင့် ရွှေကို ရည်ညွှန်းဈေးအတိုင်း မရောင်းသူများနှင့် တရားမဝင် အရောင်းအဝယ် လုပ်သူများ ကို အရေးယူမည်ဟု ပြောသည်။
ကျပ်ငွေနဲ့ ဒေါ်လာ (ROMEO GACAD)
သို့သော် ယနေ့ (ဩဂုတ် ၃၁ ရက်)တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အကယ်ဒမီ မီးလင်း ရွှေ တစ်ကျပ်သားလျှင် သိန်း ၂,၀၂၅,၀၀၀ ကျပ်ဟု သတ်မှတ် ထုတ်ပြန်ခဲ့သည့်တိုင် ပြင်ပရွှေဈေးကွက်တွင် ၃၂ သိန်း ဝန်းကျင်ရှိနေကြောင်း သိရသည်။
ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေလင်းခန့်က “မထိန်းဘဲနဲ့ ဖြေလျှော့ပေးမယ် ဒေါ်လာကိုပေါ့၊ ဒေါ်လာတွေ ကို ကန့်သတ်ထားတာတွေကို လွှတ်ပေးထားမယ်ဆိုရင် ဖြေလျှော့မှုတွေ ပေးမယ်ဆိုရင် သူ့ဟာနဲ့သူ ဈေးကွက်က ထိန်းကျောင်းလာနိုင်တဲ့ အနေအထားမှာ ရှိတယ်။ သူတို့ တအားကြီး ထိန်းစရာ မလိုဘူး။ အခုက ထိန်းချုပ်လေ ပိုပြီးတော့ ဆိုးလေပဲ ဈေးကွက်က။ အဓိက ဒေါ်လာနဲ့ ပတ်သက်တာတွေ ဖြေလျှော့သင့်တာတွေ ဖြေလျှော့ပေး လိုက် အခုက ၃၅ % တွေရော၊ ၇ % ကင်းလွတ်ခွင့် ရှိတာတွေရော၊ ဆီသမားတွေကိုပဲ ပေးထားတာမျိုးတွေ အဲဒါ မျိုးတွေပေါ့နော်။ အဲဒီလိုလေးတွေကို အလိုက်သင့်နဲ့ ဖြေလျှော့ပေးလိုက်မယ်ဆိုရင် ဈေးကွက်က သူ့အလိုလို ထိန်း သွားလိမ့်မယ်။ အခုက ဒေါ်လာမရှိတော့ ဒေါ်လာကို အနင်းအကန် စုဝယ် အဲလိုမျိုးတွေပေါ့။ ဈေးကွက်က ပရမ်း ပတာ ဖြစ်သွားတာ။
အဲဒီကျ ပိုဆိုးသွားမှာက ရွှေဈေးတွေ တအားကြီး တက်သွားရင် လူတွေက ငွေစက္ကူတွေ လုံး လုံးကြီး မကိုင်တော့တဲ့ အနေအထား ရောက်သွားမယ်။ အဲတော့ ဘယ်လိုဖြစ်သွားမလဲဆိုတော့ ရွှေကိုင်နိုင်တဲ့ သူက ဘာမှမဖြစ်ဘူး။ အောက်ခြေ လူတန်းစားကတော့ လုံးဝ စုပ်ပြတ်သတ်သွားမယ်။ ငွေက လုံးဝတန်ကြေး မရှိတော့သလို ရောက်သွားမှာ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရွှေဈေးနှုန်း ဆက်လက် မြင့်တက်လာပါက ရွှေကို ဝယ်ယူစုဆောင်းနိုင်သည့် လူတန်းစားအတွက် အခက်အခဲ မရှိသော်လည်း အခြေခံ လူတန်းစားအတွက် ပို၍ အကျပ်အတည်း ဖြစ်ပေါ်လာနိုင်သည်ဟု ရွှေဈေးကွက် လေ့သာသူများက ပြောသည်။
ရွှေဈေးနှုန်းသည် စက်တင်ဘာလအထိ ယခု တစ်ကျပ်သား သိန်း ၃၀ ကျော် ဈေးနှုန်းအတိုင်း ဖြစ်ပေါ်နိုင်ပြီး စက်တင်ဘာလ ကျော်လွန်လာပါက ၂၅ သိန်းနှင့် သိန်း ၃၀ ကြား ရောက်ရှိသွားနိုင်ကြောင် ရွှေလုပ်ငန်းရှင်များက ခန့်မှန်းနေကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1363
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃၀
လက်ရှိကာလတွင် ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှုများ နည်းပါးနေသည့်အပြင် လျှပ်စစ်မီးပုံမှန်မရရှိခြင်းနှင့် စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုကြောင့် ပုဂံဟိုတယ်ဇုန်ရှိ ဟိုတယ်များ ဖွင့်လှစ်ရန် အခက်အခဲ ရှိနေသည်ဟု ပုဂံရှိ ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။
ပုဂံသို့ ခရီးသွားဝင်ရောက်မှုသည် ယခုအချိန်တွင် ပုံမှန်ထက် ဆယ်ပုံတစ်ပုံခန့်သာရှိနေပြီး လျှပ်စစ်မီး အချိန်မှန် မရရှိသည့်အတွက် ဟိုတယ်များမှာ မီးစက်များ မောင်းနှင်နေရခြင်းကြောင့် ဆုံးရှုံးမှု ဖြစ်ပေါ်နေသည်ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ပုဂံဇုန် ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။
“ဖွင့်ရင်လည်း ရှုံးတာက သေချာတယ်လေ။ ဖွင့်ပြီဆိုရင် ဧည့်သည်က မရှိတဲ့အတွက်ကြောင့် ဝင်ငွေက မရှိဘူး။ ဧည့်သည်လေး ၂ ခန်း ၃ခန်း လာရင်လည်း မီးစက်လေး နှိုးပေးလိုက်ရင်လည်း ရှုံးပြီ။ တစ်ခါတလေပျက်ရင် တစ်ကြိမ်ပျက်ရင် ၃ နာရီ ၅ နာရီပဲ။ တစ်ရက်ကို ၂ ကြိမ်ပျက်တယ် အဲဒီလို ၄ နာရီ ၅ နာရီ။ အဲဒီတော့ ၂၄ နာရီမှာ ၁၀ နာရီ ၁၂ နာရီလောက်က မီးပျက်နေတာ။ အန်ကယ်တို့ ဟိုတယ်က မီးစက်ကြီးတွေကလည်းပဲ တစ်ခါ နှိုးလိုက်ပြီဆိုရင် တစ်နာရီကို ၃ ဂါလံကနေ ၅ ဂါလံအထိ အရွယ်အစားပေါ်မှာ မူတည်ပြီးတော့ ရှိတယ်။ အဲဒီတော့ ဆီတစ်ဂါလံကလည်း ၁ သောင်း ၄ ထောင်အထိ ရှိတယ်။ အဲဒီတော့ တစ်နာရီကို ၅ တစ်ဂါလံ ကုန်တဲ့စက်ဆိုရင် အခန်းခလေးရတာမှ ၃/၄/၅ သောင်းပဲရတာ။ ဆီဈေးတွေ ကျသွားပြီး လျှပ်စစ်မီးတွေ ပုံမှန်ဖြစ်ပြီဆိုရင်တော့လည်း ဖွင့်ရင် ဖွင့်မှာပေါ့” ဟု သူက ပြောသည်။
ပုဂံရှိ ဟိုတယ်များသည် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ ၂၀၂၀ မတ်လမှစတင်၍ ပိတ်ထားခဲ့ရပြီး လက်ရှိ တွင် ဟိုတယ် ၁၅၄ လုံးအနက် ၆၄ လုံးသာ ဖွင့်လှစ်ထားနိုင်ကြောင်း သိရသည်။
ဒါ့အပြင် ပိတ်ထားရသည့် ဟိုတယ်များသည် အချိန်ကာလ ၂ နှစ်ကျော်နေပြီဖြစ်သည့်အတွက် ပျက်စီးမှုများ ရှိနေခြင်းနှင့် ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ခြင်းကြောင့် လက်ရှိတွင် ဖွင့်လှစ်နိုင်မည် မဟုတ်သေးကြောင်း ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။
ပုဂံဒေသရှိ ဟိုတယ်တစ်ခုမြင်ကွင်း
ပိတ်ထားသည့် ဟိုတယ်များနှင့် လက်ရှိဖွင့်လှစ်ထားသည့် ဟိုတယ်များလည်ပတ်လာစေရန်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် လျှပ်စစ်မီးပုံမှန်ဖြစ်ရန်၊ စက်သုံးဆီးဈေးနှုန်း ကျဆင်းရန်နှင့် လုံခြုံရေးကောင်းမွန်ဖို့ လုပ်ဆောင် ရန် လိုအပ်သည်ဟု ဦးဇော်ဝိတ်က ဆက်ပြောသည်။
“နိုင်ငံတော်အနေနဲ့ အဓိက ပံ့ပိုးပေးဖို့ကတော့ နံပါတ် ၁ လျှပ်စစ်မီး ပုံမှန်ရအောင် လုပ်ပေးရမယ်။ နောက်တစ်ခါ ဆီဈေးတွေ ကျအောင် လုပ်ပေးရမယ်။ နောက် လုံခြုံရေးကောင်းအောင် လုပ်ပေးရမယ်။ အဲဒါဆိုလို့ရှိရင် ပြီး ပြည့်စုံသွားပြီ။ အဲဒါဆိုလို့ရှိရင် နိုင်ငံခြားသားရော မြန်မာရော ဝင်လာကြမှာ သေချာတယ်။ အန်ကယ်တို့ private sector ကတော့ ဧည့်သည်လာပြီဆိုရင် အန်ကယ်တို့က Ready ပဲ တန်းပြီး လုပ်မှာ။ ရှိသမျှ ဟိုတယ် ၁၀၀ ကျော် ကလည်း ချက်ချင်း အလုပ်လုပ်ကြမှာ” ဟု ၎င်းကပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပုဂံဌာနခွဲအနေဖြင့် ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလတွင် ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု များပြားလာနိုင်ကြောင်းနှင့် ဟိုတယ်အများအပြား ဖွင့်လှစ်လာနိုင်ရန် မျှော်လင့်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန(ပုဂံဌာနခွဲ)ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ ဒေသက တောက်လျှောက်ပေါ့နော် ဖွင့်ကတည်းက ဧည့်သည်တွေက လာရောက်ပြီးတော့ လည်ပတ် တယ်။ အခုလည်း လာလည်ပတ်တယ်။ အထူးသဖြင့်တော့ စနေ၊ တနင်္ဂနွေတို့ အခါကြီး ရက်ကြီးပေါ့နော် အဲလို ရက်တွေဆိုလို့ရှိရင် ဧည့်သည်တွေက ပိုပြီးတော့ များတာပေါ့နော်။ ဘတ်စ်ကားကြီးတွေနဲ့လာတာ ရှိသလို ကိုယ်ပိုင်ကားလေးတွေနဲ့လည်း လာတာရှိတယ်။ နောက်ပြီးတော့ ဟိုက်ဂျက်တို့နဲ့ အဲလို အဖွဲ့လိုက်လာတာတွေ ရှိပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ အနေနဲ့ကတော့ပေါ့နော် ပွင့်လင်းရာသီမှာတော့ ခရီးသွားဧည့်သည်တွေ လာမယ်လို့ မျှော်လင့်ပါတယ်။ ဟိုတယ်တွေလည်း ပိုပြီးတော့မှ ဖွင့်လာနိုင်မယ်။ ဒေသခံတွေလည်း အလုပ် အကိုင်တွေ ရပြီးတော့မှ သူတို့ရဲ့ လူမှုစီးပွားဘဝလည်း အထိုက်အလျောက် တိုးတက်လာမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
ထို့နောက် ယခုကာလတွင် ပုဂံဒေသခံများအနေဖြင့်အလုပ်ကိုင်ရှားပါးမှုနှင့် ခရီးသွားဝင်ရောက်မှု နည်းပါးသည့် အတွက် မိသားစုစီးပွားရေး ဝင်ငွေကျဆင်းမှုများကိုလည်း ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရသည်။
လက်ရှိကာလတွင် အကြောင်းအမျိုးမျိုးကြောင့် ပုဂံ - ညောင်ဦးဒေသသို့ ခရီးသွားဝင်ရောက်မှုများမှာ ဆက်လက် နည်းပါးနေမည်ဖြစ်ပြီး လာမည့် ပွင့်လင်းရာသီ ရောက်ရှိသည့်အချိန်တွင်လည်း ခရီးသွားများ ဆက်လက် နည်းပါး နေမည်ဆိုပါက ဟိုတယ်များမှာ ဆက်လက်ဖွင့်လှစ်ရန် ခက်ခဲနေမည်ဟု ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1602
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၉
ထိုင်းနိုင်ငံတွင် တစ်ရက်အတွက် အနိမ့်ဆုံး အခြေခံလုပ်ခလစာကို ၃၂၈ ဘတ်သို့ တိုးပေးလိုက်ခြင်းသည် ထိုင်းရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအတွက် ထူးခြားမှုမရှိကြောင်း ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား အရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ယခင်က မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများ၏ အနိမ့်ဆုံး အခြေခံလုပ်ခလစာမှာ ၃၁၅ မှ ၃၂၀ ဘတ်သာ ရရှိခဲ့ပြီး လာမည့် အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ ခရိုင်အလိုက် အနိမ့်ဆုံးအခြေခံလုပ်ခလစာအား ၃၂၈ ဘတ်သို့ တိုးပေးမည်ဖြစ်ကြောင်းသိရသည်။
အလုပ်သမားအရေးဆောင်ရွက်နေသည့် ကိုသားကြီးက “မြန်မာတွေရဲ့ အခြေခံလုပ်အားခက လက်ရှိ သူ့နိုင်ငံက အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတာက ၃၀၀ ကျော်ပဲ ဆိုတော့ ဒီ ၃၀၀ ကျော်နဲ့ပဲ သွားနေတယ်။ အဲဒီ ၃၀၀ ကျော်ထဲမှာ တိတိကျကျ နားလည်ထားရမှာက ခရိုင်အလိုက် ကွဲလွဲတယ်။ ၃၁၅ ဘတ်တို့ ၃၃၀ တို့၊ ၃၂၅ ဘတ်တို့ အဲဒီလိုတွေပဲ ရှိတယ်။ အခု ၃၅၀ ပြောင်းလဲသွားရင်လည်း သိပ်ပြီးတော့ ဘာမှ ကွာခြားမှုမရှိဘူး။ ဘာမှ သက်ရောက်မှုမရှိဘူး လုပ်အားခက။ ဘာကြောင့်လဲဆိုတော့ အရင်ကလည်း ဒီလောက်ပဲ ပေးထားတာ။ အခု ၃၅၀ တိုးလည်း ၃၃၀ နဲ့ ၃၅၀ ဟာ ဘာမှ ကွာခြားမှုမရှိဘူး။ ဘာမှ သိပ်ထူးခြားမှုမရှိဘူးလို့ ပြောလို့ရတယ်။ ဘာကြောင့် လဲဆိုတော့ ၃၂၈ ဘတ်ဆိုရင် သူက အရင်အတိုင်းပဲပေါ့ အဲဒီလိုပြောလို့ရတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ကုန်ဈေးနှုန်း တွေက အကုန်လုံးတက်တယ်။ အလုပ်လုပ်နေရတဲ့ အလုပ်သမားတွေအတွက် သူတို့ ငှားနေရတဲ့ အခန်းခတွေ၊ ရေခ မီးခတွေပေးရတာနဲ့။ တနေ့တနေ့ ထိုင်းနိုင်ငံမှာ ယာယီအလုပ်သမားလက်မှတ်ခတွေ၊ visa section အတွက် ကုန်တဲ့ ကုန်ကျစရိတ်တွေက တစ်နှစ်ကို ဘတ် တစ်သောင်းခွဲ နှစ်သောင်း အဲဒီလိုကုန်တာတွေရှိတယ်”ဟု ပြော သည်။
ထိုင်းအစိုးရသည် ခရိုင် ၇၇ ခုတွင် အခြေခံလုပ်ခလစာအား အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ တိုးမြှင့်ပေးမည် ဖြစ်ပြီး အမြင့်ဆုံး အခြေခံလုပ်ခလစာမှာ ၃၅၄ ဘတ်နှင့် အနိမ့်ဆုံးအခြေခံလုပ်ခလစာမှာ ၃၂၈ ဘတ် ဖြစ်သည်။
ထိုင်းနိုင်ငံသည် ခရိုင်အလိုက် လုပ်ကိုင်ရသည့် အလုပ်အကိုင်နှင့် ပညာအရည်အချင်းတို့ပေါ်မူတည်ကာ အခြေခံ လုပ်ခလစာအား သတ်မှတ်ခြင်းဖြစ်ကာ ရွှေ့ပြောင်းလုပ်သားများ၏ အခြေခံ လုပ်ခလစာအား မတိုးမြှင့်ပေးသည် မှာ နှစ်နှင့်ချီ၍ ကြာနေပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ စက်ရုံလုပ်ငန်းခွင်တစ်ခု
အနိမ့်ဆုံးအခြေခံလုပ်ခလစာနှင့်ပတ်သက်၍ မြန်မာအလုပ်သမားအဖွဲ့အစည်းများနှင့် ထိုင်းမှ အလုပ်သမားအဖွဲ့ အစည်းတို့သည် ၄၅၀ ဘတ် (သို့မဟုတ်) ၄၉၂ ဘတ် တိုးမြှင့်သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြသေးသည်။
သို့သော် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ခရိုင်ဒေသအသီးသီးတွင် စီးပွားရေးလည်ပတ်မှုပုံစံ မတူညီကြသဖြင့် ရွှေ့ပြောင်းလုပ်သားများအားလုံး တန်းတူ ၄၉၂ ဘတ် သတ်မှတ်ပေးရန်မှာ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ၃၂၈ ဘတ် နှင့် ၃၅၄ ဘတ် တိုးပေးလိုက်ခြင်းဖြစ်သည်။
MWRN မှ အလုပ်သမားတာဝန်ခံ ဦးဘရီက “ဒီလိုတောင်းဆိုထားတဲ့အထဲက သူတို့က ၁၀ ဘတ် တိုးပေးတယ်၊ ၁၅ ဘတ် တိုးပေးတယ်။ ဒီလိုအတိုင်းအတာလောက်နဲ့ကတော့ ဘာမှ ရေရေရာရာ အလုပ်သမားတွေအတွက် ဝမ်းသာ စရာတွေဖြစ်မလာဘူး။ အခွင့်အရေးရရင် ရသလို ကျနော်တို့အဖွဲ့အစည်းတွေအနေနဲ့ ထိုင်းအစိုးရကို တင်ပြ တောင်းဆိုပေးဖို့ အစီအစဉ်တော့ရှိပါတယ်။ အနိမ့်ဆုံးကတော့ တစ်နေ့ကို ၃၅၀ အထက်ပေါ့။ ၃၆၀၊ ၃၇၀ လောက် တော့ ပေးသင့်တယ်။ အနည်းဆုံးပေါ့နော်။ ၄၀၀ လောက်ဆိုရင်တော့ အဆင်ပြေတယ်။ တစ်နေ့ကို နေ့စားခ အလုပ်သမားတစ်ယောက်ကို ၄၀၀ ပတ်ဝန်းကျင်လောက်ဆို ပိုပြီးတော့ အဆင်ပြေတာပေါ့နော်”ဟု ပြောသည်။
ထိုင်းအစိုးရမှ လက်ရှိတွင် အနိမ့်ဆုံးအခြေခံလုပ်ခလစာအဖြစ် ၃၁၅ ဘတ်နှင့် ၃၂၀ ဘတ်တို့ သတ်မှတ်ထားသော် လည်း အချို့စက်ရုံ၊ အလုပ်ရုံနှင့် အခြားသောလုပ်ငန်းခွင်များမှ အလုပ်သမားများမှာ အခြေခံလုပ်ခလစာ အပြည့် အဝ မရရှိခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းတို့ ကြုံတွေ့နေရသည်။
ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် ရွှေ့ပြောင်းလုပ်သားတို့၏ အခြေခံလုပ်ခလစာနှင့် ပတ်သက်၍ ပြည့်ပြည့်ဝဝ ရရှိစေရန် ကြပ်မတ်သင့်ကြောင်း ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူများက ပြောသည်။
လက်ရှိတွင် ထိုင်းအစိုးရမှ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများအား တရားဝင် ဖြစ်စေရန် အတွက် ယာယီ အလုပ်သမားလက်မှတ်(ဘတ်-ပန်းရောင်ကတ်)တို့အား လုပ်ဆောင်ပေးလျက်ရှိပြီး လုပ်သားများ လည်း ခေါ်ယူဖို့ရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1349
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၉
စပါးစိုက်တောင်သူများအတွက် လက်ရှိတွင် စိုက်ပျိုးစရိတ် အဆမတန် ကြီးမြင့်နေခြင်းကြောင့် ဓာတ်မြေဩဇာ များကို သက်သာသည့်နှုန်းထားတစ်ခုဖြင့် တစ်ဧက တစ်အိတ်နှုန်းဖြင့် ရောင်းချပေးမည်ဆိုပါက တောင်သူများ အတွက် အထောက်အကူဖြစ်စေနိုင်ကြောင်း လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းမှ CNI သတင်းဌာနသို့ ပြောသည်။
ဓာတ်မြေဩဇာ တစ်အိတ်လျှင် ယခင်က ၆ သောင်းကျပ် ရှိခဲ့သော်လည်း လက်ရှိတွင် တစ်အိတ်လျှင် ၁ သိန်း ၂ သောင်းဝန်းကျင်ဖြင့် ဝယ်ယူနေရခြင်းကြောင့် သက်သာသည့်နှုန်းထားတစ်ခုအဖြစ် တစ်အိတ်လျှင် ၈ သောင်း ကျပ်နှုန်းဖြင့် ရောင်းချပေးရန် တောင်သူများက မျှော်လင့်နေကြသည်။
လယ်သမားဘဝဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က “တစ်ဧကတစ်အိတ်နဲ့က ဘယ်လယ်မှလုံလောက်တဲ့ အနေအထား မဟုတ်ပါဘူး။ သို့သော် တစ်နှစ်လုံးမှာမှ ရေနစ်ကွင်းတွေမှာ စိုက်တဲ့ဥစ္စာကတော့ တစ်ဧကကို အနည်းဆုံး ၂ အိတ် သုံးရတယ်။ နောက်တစ်ခုက စပါးပြီး စပါးပေါ့ ဧရာဝတီအောက်ပိုင်း၊ ရန်ကုန်တိုင်း အောက် ပိုင်းတွေပေါ့။ ဧရာဝတီအောက်ပိုင်းဆို ဖျာပုံခရိုင်ရှိမယ်၊ လပွတ္တာခရိုင်ရှိမယ်၊ မြောင်းမြခရိုင်ရှိမယ် အဲဒါတွေကျ တော့ စပါးပြီး စပါး ပြန်စိုက်ကြတာ။ စပါးပင်နေရာမှာ စပါးပြန်စိုက်တဲ့နေရာတွေကတော့ အနည်းဆုံး တစ်ဧကကို ၄ အိတ် လိုအပ်တယ်။ ဒါပေမယ့် တစ်ဧကကို ၁ အိတ်လောက် ရထားရင် ကျန်တဲ့ဥစ္စာတွေကလည်း သဘာဝ မြေဩဇာတွေ၊ သဘာဝဖန်တီးမှုတွေနဲ့ နောက်ပြီးတော့ ဒီ့ပြင် ကွန်ပေါင်းမြေဩဇာတွေနဲ့ ရောနှောပြီး သုံးမယ် ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဧက တစ်အိတ်လောက်ကို သတ်မှတ်ထားတဲ့ ဈေးတန်းတစ်ခုနဲ့ အခိုင်အမာ လေး ရရှိမယ်ဆိုရင်တော့ လယ်သမားတွေအတွက် အထောက်အကူဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

တောင်သူများ ဓါတ်မြေဩဇာ ရောစပ်နေစဉ်
ထိုသို့ တောင်သူများကို သက်သာသည့်နှုန်းထားဖြင့် ဓာတ်မြေဩဇာများကို ရောင်းချပေးမည်ဆိုပါကလည်း တောင်သူများထံ အမှန်တကယ် ရောက်ရှိရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ စနစ်တကျလုပ်ဆောင်သင့်ကြောင်း တောင်သူများက ပြောသည်။
ဒါ့အပြင် မရရှိသည့် တောင်သူများအနေဖြင့် အချိန်မရွေး တိုင်ကြားနိုင်သည့်စနစ်ဖြင့် ထိန်းချုပ်ပေးစေလိုကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ တောင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“လက်သင့်ရာ ခေါ်သလိုမျိုးမဟုတ်ဘဲနဲ့ တကယ်စနစ်တကျပဲ ဥပမာဆိုပါစို့ မြို့နယ်အလိုက် အုပ်စုအလိုက် နွေစပါး စိုက်တဲ့ဧကတွေကို သက်ဆိုင်ရာ စိုက်ပျိုးဌာနတွေနဲ့ မြေစာရင်းဌာနတွေနဲ့ စနစ်တကျ ကောက်ယူပြီးတော့ အဲဒီကောက်ယူတဲ့အတိုင်း တစ်ဧကကို တစ်အိတ်နှုန်း ပေးမယ်ဆိုပြီးတော့ အဲဒီ တစ်ဧက တစ်အိတ် မရပါက တကယ်စိုက်ပျိုးပါက ဥပမာ မြေစာရင်းဌာန၊ စိုက်ပျိုးရေးဌာနတွေကို စာရင်းပေးပါလျက် တကယ်မရဘူးဆိုရင် အချိန်မရွေး တိုင်ကြားနိုင်သည်။ အဲဒီလိုပုံစံမျိုးနဲ့ ထိန်းချုပ်ပေးပါမှ တောင်သူတိုင်း ရနိုင်မယ်။ သို့မဟုတ်ရင် ပေးတယ်ဆိုသော်လည်း ပေးသာပေး၏ မရဆိုတဲ့ စကားလို ဖြစ်မှာပေါ့” ဟု ပြောသည်။
စိုက်ပျိုးရေးစရိတ် ကြီးမြင့်နေချိန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ယူရီးယား မြေဩဇာတန်ချိန် ၁၇၇၀၀၀ (တစ်သိန်းခုနှစ်သောင်းခုနှစ်ထောင်)ခန့်ကို ပြည်ပမှတင်သွင်းပြီး နွေစပါးနှင့် ဆောင်းသီးနှံအတွက် အချိန်မီ သက်သာသည့်နှုန်းထားဖြင့် ဖြန့်ဖြူးရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူကို ဆက်သွယ်သော်လည်း ဖြေကြားပေးခြင်း မရှိပေ။
- By CNI News
- Category: စီးပွားရေး
- Hits: 1838
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၇
နိုင်ငံခြားငွေ ဈေးနှုန်းဆွဲတင်နေသူများနှင့် နိုင်ငံခြားငွေများ တရားမဝင် ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၂၇ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် စက်သုံးဆီတင်သွင်းသူများသို့ နိုင်ငံခြားငွေကြေးလွယ်ကူစွာ ရရှိနိုင်ရေး မြန်မာနိုင်ငံ တော် ဗဟိုဘဏ်မှ ဘဏ်များနှင့် စက်သုံးဆီ လုပ်ငန်းရှင်ကြီးများ ဆွေးနွေးဆောင်ရွက်လျက်ရှိပြီး တိုင်းပြည် စီးပွားရေးကို အဓိက ထိန်းကျောင်းပံ့ပိုးပေးနေသော အခြားဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင် ရွက်လျက်ရှိကြောင်း ဆိုထားသည်။
ထို့နောက် နိုင်ငံခြားငွေ ဈေးနှုန်းဆွဲတင်နေသူများ၊ အွန်လိုင်းမှ တရားမဝင် နိုင်ငံခြားငွေများ ရောင်းဝယ်သူများ အပေါ် ယုံကြည်ဆောင်ရွက်ခြင်း မပြုကြပါရန်နှင့် နိုင်ငံခြားငွေများ တရားမဝင် ရောင်းဝယ်နေသည့် အွန်လိုင်း လုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာ အရေးယူ ဆောင် ရွက်သွားမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
သြဂုတ် ၂၇ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာ ဝယ်ဈေး ကျပ် ၃၁၂၀ ရှိပြီး ရောင်းဈေးအနေဖြင့် တစ်ဒေါ် လာ ကျပ် ၃၁၆၀ ဈေးနှုန်းရှိသည်။ ဗဟိုဘဏ်ကမူ အမေရိကန် တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဈေးနှုန်းသတ်မှတ် ထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဒေါ်လာ ဝယ်ယူရ ခက်ခဲနေခြင်းနှင့်အတူ ဒေါ်လာဈေးနှုန်းသည် နေ့စဉ်နှင့်အမျှ အတက်ဘက်ကို ရောက်ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1170
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၇
စက်သုံးဆီစျေးနှုန်း မြင့်တက်မှုကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးကို ပြေးဆွဲနေသည့် ခရီးသည်တင် အဝေးပြေး ယာဥ်လိုင်းများအနေဖြင့် ကားလက်မှတ်ဈေးနှုန်းအား တိုးမြှင့်ကောက်ခံလာကြသည်ဟု အောင်မင်္ဂလာ အဝေးပြေးကွင်းရှိ ယာဉ်လိုင်းများထံမှ သိရသည်။
ခရီးသည်တင် အဝေးပြေးယာဉ်လိုင်း တချို့သည် ယာဉ်စီးခ တိုးမြှင့်ကောက်ခံမည့် အကြောင်းကို တရားဝင် အသိပေး ကြေညာထားကြကြောင်း၊ လက်မှတ် နှုန်းထားအနေဖြင့် မူလထက် ၇၀၀၀ ကျပ် တိုးမြှင့် ကောက်ခံလာကြ သည်ဟု အောင်မင်္ဂလာအဝေးပြေးကွင်းမှ ယာဉ်လိုင်းဂိတ်မှူးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တချို့ယာဉ်လိုင်းတွေ ကောက်နေကြပါပြီခင်ဗျ၊ ဆီဈေးပေါ် မူတည်ပြီးတော့လေ။ တချို့ယာဉ်လိုင်းတွေဆို ကောက်နေကြတယ်ဆိုတာ အတိအလင်းလည်း လှမ်းပြီးတော့ ပြောသံတွေ ကြားပါတယ်ဗျ။ အရင်တုန်းက ၂ သောင်း လောက်ရှိတဲ့ မြင်းခြံဂိတ်ကို အခု ၂ သောင်း ၇ ထောင်ဆိုတော့ ၇ ထောင်လောက် တက်သွားတာပေါ့ ခရီးသည် တစ်ယောက်ကိုလေ” ဟု ပြောသည်။
လက်ရှိတွင် ရန်ကုန်၊ မန္တလေး အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ခရီးသွား ကားလက်မှတ်များ သည် ၃၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ တိုးမြှင့် ကောက်ခံနေကြကြောင်း အဝေးပြေးယာဉ်လိုင်းများထံမှ သိရသည်။

အောင်မင်္ဂလာအဝေးပြေးကားအ၀င်ကိုတွေ့ရစဉ် (GETTY IMAGES)
စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ယာဉ်လိုင်းများအနေဖြင့် လက်မှတ်ခ တိုးမြှင့် ကောက်ခံနေသော်လည်း ခရီးသည် နည်းပါးနေခြင်းကြောင့် ယာဉ်လိုင်းများ ပုံမှန်ထွက်နိုင်ရေးကိုသာ ကြိုးစားနေရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ အဝေးပြေး ယာဉ်လိုင်းတစ်ခု၏ တာဝန်ခံဂိတ်မှူးက CNI သို့ ပြောသည်။
၎င်းက “ကျနော်တို့ ယာဉ်လိုင်းကတော့ ကုမ္ပဏီ အစည်းအဝေးအဖွဲ့တော့ ခေါ်ထားတယ်ဗျ။ အဲဒါ ဒီနေ့မှ သိရမှာ ပေါ့။ ညနေလောက်မှ သိရမှာပေါ့။ ဆီဈေးတွေ တက်တဲ့အတွက် လောလောဆယ် ဆီဈေးတက်တာကလေ ဈေးနှုန်းတက်ဖို့ထက် ကားထွက်နိုင်ဖို့ကို ကျနော်တို့ ကြိုးစားနေရတယ်ဗျ။ ခရီးသွားလာမှုတွေလည်း နည်းပါး သွားတဲ့ အတွက်။ ခရီးသွားလာ ပါးတာက တစ်ကြောင်း။ စက်သုံးဆီ ဈေးနှုန်းကလည်း အရမ်းကြီး မြင့်တက်လာ တဲ့ အခါမှာ တစ်ခေါက်ထွက်တဲ့ အရင်းက ၁၅ သိန်းလောက် ရှိနေတယ်။ ရတဲ့ပိုက်ဆံက ၁၀ သိန်းကျော်ကျော်ဆို တော့ ၅ သိန်းဝန်းကျင်လောက် စိုက်နေရတာ ဂိတ်တွေ တော်တော်များများက။ ခရီးဝေးရင် ဝေးသလောက် စိုက်ရ တယ်ဗျာ အဲဒီလို ဖြစ်နေတာ” ဟု ပြောသည်။
ထို့အပြင် တချို့သော ယာဉ်လိုင်းများမှာ ခရီးသည်ရရှိမှု နည်းပါးသည့်အတွက် နေ့စဉ်ပုံမှန် ပြေးဆွဲပေးနိုင်ခြင်း မရှိဘဲ ၂ ရက် တစ်ခါ သို့မဟုတ် ၃ ရက် တစ်ခါနှုန်းဖြင့် ပြေးဆွဲနေရကြောင်း ယာဉ်လိုင်းတစ်ခု၏ ဂိတ်မှူးက CNI သတင်းဌာနသို့ ပြောသည်။

အောင်မင်္ဂလာအဝေးပြေးကား၀င် မြင်ကွင်း (EPA)
၎င်းက “ခရီးသည် ရရှိမှုကတော့ ဒီရက် ပါးတာပေါ့။ ခရီးသွားတွေကလည်း အမှန်တကယ် အရေးကြီးကြမှ သွား ကြတဲ့အခါမှာ ယာဉ်လိုင်းတွေ ရပ်တည်ဖို့တောင် တော်တော်ခက်လာတယ်။ တချို့ ရပ်တဲ့ဂိတ်တွေ ရပ်ကုန်ကြပြီ အဲလိုမျိုးပေါ့နော်။ ၂ ရက် ၁ စီး၊ ၃ ရက် ၁ စီး ထွက်တဲ့ဂိတ်တွေလည်း များလာပြီ။ ရပ်တယ်ဆိုတာတော့ သေချာ တယ်ဗျာ ဒီနေ့မထွက်ဘူး မနက်ဖြန်မှ ပေါင်းထွက်တာမျိုးတွေ။ ယာဉ်လိုင်းအချင်းချင်း နားလည်မှုတွေ ယူပြီးတော့ မင်းဒီနေ့ထွက်တယ်။ သူ့ခရီးသည်ကိုယ်ပေး ကိုယ့်ခရီးသည် သူပေး အဲလိုမျိုးတွေပေါ့နော်။ ၂ ရက် ၁ စီး၊ ၃ ရက် ၁ စီး အဲလိုမျိုး ထွက်ကြတာတော့ သေချာတယ်ဗျ” ဟု ပြောသည်။
အောင်မင်္ဂလာ အဝေးပြေး ကားဝင်းရှိ ယာဉ်လိုင်းဂိတ်တချို့မှ ယခုကာလတွင် ခရီးသည်ရရှိမှု နည်းပါးနေခြင်း ကြောင့် ဝန်ထမ်းစရိတ်၊ ယာဉ်ပြင်ဆင်စရိတ်များကို စိုက်နေရကြောင်း၊ အဝေးပြေးယာဉ်လိုင်း ပြေးဆွဲမှုများကို ရပ်နားထားရသည့် ဂိတ်များလည်း ရှိကြောင်း၊ အစီးရေ လျှော့ချ ပြေးဆွဲလာကြသည့် ယာဉ်လိုင်းများလည်း ရှိ ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1504
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၆
ပြည်တွင်းကြက်သွန်ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ရန်အတွက် အိန္ဒိယနိုင်ငံမှတဆင့် ကြက်သွန်များကို ယခင်နှစ်တွေက တင်သွင်းလေ့ရှိသော်လည်း ယခုနှစ်တွင် တင်သွင်းမည်မဟုတ်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။
ပြည်တွင်းကြက်သွန်ဈေးနှုန်း တစ်ပိဿာ ၃၀၀၀ ဖြစ်သည့်အချိန်များတွင် ဈေးနှုန်းကျဆင်းစေရန်အတွက် အိန္ဒိယ နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကြက်သွန်များကို တင်သွင်းလေ့ရှိသော်လည်း ယခုအချိန်တွင် တင်သွင်းမည်ဆိုပါက ကြက်သွန်များ အပင်ထွက်လာမည်ဖြစ်သည့်အပြင် ပြည်တွင်းစိုက်ပျိုးမှုနှုန်းကို ထိခိုက်နိုင်သည့်အတွက် တင်သွင်း မည်မဟုတ်တော့ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က CNI သတင်းဌာနသို့ ပြောသည်။
“ဒီအတိုင်းတော့ သွင်းရင်တော့ နောက်ကျသွားပြီ။ ၉ လပိုင်း၊ ၁၀ လပိုင်းဆို ကျနော်တို့က အပင်ထွက်တဲ့အချိန် ရောက်သွားပြီ။ အဲတော့ သူတို့ပစ္စည်းကလည်း ကျနော်တို့နဲ့ ထွက်တာတူတယ်။ သူ့ဟာသွားဝယ်လည်း အပင်တွေ ထွက်မှာပဲ။ နောက် ကျနော်တို့ဆီ ရောက်ဖို့အတွက် နည်းနည်း အချိန်ယူရမယ်။ နောက် ဒေါ်လာဈေးကလည်း မြင့်နေတော့ အဲဒီအပေါ်မှာ သွင်းလိုက်ရင် တောင်သူတွေ အခက်အခဲ ဖြစ်သွားမယ်။ စိုက်အားလျော့သွားမယ်ပေါ့။ အဲဒီ အတွက်ကြောင့်မို့လို့ ကျနော်တို့ကတော့ မသွင်းတော့ဘူး အကြမ်းဖျင်း မသွင်းဖြစ်ဘူးလို့ပဲ ဆုံးဖြတ်တယ်” ဟု ပြောသည်။

ကြက်သွန်အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်(ဓါတ်ပုံ-CNI)
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ကြက်သွန်နီ သိုလှောင်ထားသော ကုန်သည်ကြီးအချို့၏ စျေးဆွဲ တင်မှုကြောင့် ပြည်တွင်းစျေးကွက်တွင် စျေးနှုန်းများစံချိန်တင် မြင့်တက်လာခဲ့ကာ စားသုံးသူများ အခက်အခဲ ဖြစ်လာသဖြင့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ကြက်သွန်များကို ပြည်တွင်းသို့ တင်သွင်းရန် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက ဆုံးဖြတ်ခဲ့သည်။
ပြည်ပမှ ကြက်သွန်နီ ပြန်လည်တင်သွင်းရာတွင်လည်း ကုမ္ပဏီအချို့ကိုသာ ခွင့်ပြုပေးပြီး တန်ချိန်ရှစ်ရာခန့် တင်သွင်းကြကြောင်း သိရသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံမှ ကြက်သွန်ကို အသင်းအနေဖြင့် တင်သွင်းမည်မဟုတ်သော်လည်း မြန်မာ့ကြက်သွန် ဈေးနှုန်း မြင့်တက်နေသည့်အတွက် အိန္ဒိယနိုင်ငံမှကုန်သည်များက မြန်မာနိုင်ငံသို့တင်ပို့မှု ပြုလုပ်ချင်ကြကြောင်း မြန်မာကြက်သွန်ကုန်သည်များထံမှ သိရသည်။
အိန္ဒိယနိုင်ငံမှ ကြက်သွန်များကို တင်သွင်းမည်ဆိုပါက ပြည်တွင်းကြက်သွန်ဈေးနှုန်း အပြောင်းအလဲ ဖြစ်သွားနိုင်ပြီး တစ်ပိဿာ ကျပ် ၂၀၀၀ ခန့်အထိ ကျဆင်းသွားနိုင်သည်ဟု ကြက်သွန်ကုန်သည်များထံမှ သိရသည်။
လက်ရှိ မြန်မာ့ကြက်သွန်များကို ထိုင်းနိုင်ငံသို့ တင်ပို့နေကြပြီး ထိုင်းငွေဈေးနှုန်း မြင့်မားနေမှုကြောင့် အကျိုး အမြတ်ရရှိမှု များပြားသည်ဟု ကုန်သည်များက ပြောသည်။
