CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀
မြန်မာနိုင်ငံအတွင်း ငွေကြေးဖောင်းပွမှု တည်ငြိမ်မှသာ ဘဏ်သို့ငွေအပ်ခြင်းနှင့် အတိုးနှုန်း ခံစားခြင်းတို့ကို ပြည်သူများအနေဖြင့် လုပ်လာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့်ပညာရှင်များက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များသည် ပြည်သူများ ဘဏ်သို့ ငွေအပ်နှံမှု ပိုများလာစေရန် အတိုးနှုန်း မြှင့်တင်မှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံသူ/သားများသည် ငွေကြေးဖောင်းပွမှုကြောင့် မြန်မာကျပ်ငွေကို ကိုင်ဆောင်ထားခြင်း မပြုဘဲ ရွှေ၊ အိမ်ခြံမြေ စသည့် အရောင်းအဝယ် လုပ်ငန်းများတွင် လုပ်ကိုင်လာကြကြောင်း၊ လက်ရှိ မြန်မာကျပ်ငွေ ဖောင်းပွမှု တည်ငြိမ်မှသာ ဘဏ်သို့ ငွေကြေးအပ်နှံခြင်းနှင့် ဘဏ်အတိုးနှုန်း ခံစားခွင့်များကို မျှော်လင့်လာနိုင်သည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအုန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
ဦးအုန်းမြင့်က “လေးလေးရဲ့ အမြင်ကို ပြောမယ်ဆိုရင် အခုကမ္ဘာမှာ လုပ်နေတဲ့ system ပေါ့။ ဥပမာဆိုပါစို့ ရွှေကို ရွှေဈေးကို တက်စေချင်တယ်ဆိုလို့ရှိရင် သူတို့က အတိုးနှုန်းတွေကို လျှော့ချ၊ နောက်ဆုံး မပေးတော့ဘူးဆိုရင် လူ တွေက ဘာဖြစ်လဲဆိုတော့ ဘဏ်ထဲက ထုတ်ပြီး ရွှေဝယ်မယ်ပေါ့ ဒါက ဥပမာ။ အတိုးနှုန်းတွေကို မြှင့်ပေးလိုက်ပြီ ဆိုရင် သေချာတဲ့ အတိုးနှုန်းကိုပဲ ယူမယ်။ ရွှေဈေးက တက်မတက် မသိဘူးဆိုပြီးတော့ ရွှေတွေကို သူတို့က ရောင်း ပြီးတော့ ဘဏ်အတိုးကို ထိုင်စားမှာပေါ့။ ဆိုတဲ့အတွက်ကြောင့် ဒီမှာလည်းပဲ အဲလိုမျိုးကို ဖြစ်သွားပြီဆိုရင်တော့ အဲတော့ ဘဏ်အတိုးကို ထိုင်စားမယ့်သူ အဲလိုလူမျိုး များရင်တော့ တမျိုးပေါ့။ ဒါပေမယ့် ဒီမှာက အကြောင်း ကြောင်းကြောင့် လူတွေကလည်း ဘဏ်ကို အခုမှ ပြန်ပြီးတော့ ယုံကြည်မှုကို ပြန်တည်ဆောက်ရမယ်ဆိုတော့ အချိန်တော့ ယူရမယ်လို့ ထင်တယ်။ နောက်တစ်ခုက ငွေကြေးဖောင်းပွဲတဲ့နှုန်းတွေ တည်ငြိမ်ဖို့အတွက် ဒါတွေက လိုအပ်ပါတယ်။ ငွေကြေးတည်ငြိမ်မှ ဖောင်းပွမှု တည်ငြိမ်မှသာလျှင် လူတွေက ဘဏ်အတိုးကို ထိုင်စားမှာပေါ့။ ငွေကြေးဖောင်းပွတာ မရပ်ဘူး။ ငွေကြေးဖောင်းပွ နေတယ်ဆိုရင်တော့ သူသူကိုယ်ကိုယ် ပစ္စည်းတစ်ခုကို ခိုင်တဲ့ ပစ္စည်းတစ်ခုကို ဝယ်ထားမှာပေါ့။ ငွေကြေးက တည်ငြိမ်နေတယ်ဆိုရင်တော့ သေချာတယ်လေ ဘဏ်အတိုးဆို တာ” ဟု ပြောသည်။
ဘဏ်လုပ်ငန်း လည်ပတ်နေသည်ကိုတွေ့ရစဉ်
ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် တစ်ခုဖြစ်သည့် AGD ဘဏ်သည် လာမည့် အောက်တိုဘာလ ၁၄ ရက်နေ့အထိ Promotion ကာလအတွင်း ငွေချက်ချင်းအပ် အတိုးချက်ချင်းယူနိုင်မည့် ကြိုယူအကောင့်ကို လာရောက် အပ်နှံ မည်ဆိုပါက အထူးပြုလုပ်ပေးထားသည့် ငွေစုသက်တမ်းများနှင့် မြင့်မားသော အတိုးနှုန်းများ ရရှိမည်ဟု ထုတ်ပြန် ထားသည်။
အလားတူ CB ဘဏ်၊ KBZ ဘဏ်နှင့် AYA ဘဏ်များကလည်း ဘဏ်အတိုးနှုန်းများကို ပရိုမိုးရှင်း ကာလအတွင်း အတိုးနှုန်း တိုးမြှင့် သတ်မှတ်ထားကြောင်း ကြေညာချက် အသီးသီး ထုတ်ပြန်လာကြသည်ကို တွေ့ရှိရသည်။
KBZ ဘဏ်က ရက် ၁၀၀ ပုံသေအပ်ငွေ အပ်နှံရာမှာ အတိုးနှုန်း အနေဖြင့် ၉.၁ ရာခိုင်နှုန်း အနိမ့်ဆုံး အပ်နှံငွေသည် ကျပ်သိန်း ၁၀၀ ဟုလည်းကောင်း၊ AYA ဘဏ်က ကျပ်သိန်း ၅၀ အောက်အတွက် ၉.၃၀ ရာခိုင်နှုန်းနှင့် သိန်း ၅၀ အထက်အတွက် ၉.၆၀ ရာခိုင်နှုန်းဟူ၍ အသီးသီး ထုတ်ပြန်လျက် ရှိသည်။
ယခုလို ဘဏ်များက အတိုးနှုန်း တိုးမြှင့်သည့် နေခြင်းသည် ပြင်ပတွင် ရောက်ရှိနေသော ကျပ်ငွေများကို ဘဏ်သို့ အပ်နှံလာစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း အမည်မဖော်လိုသည့် မြန်မာ့စီးပွားရေးပညာရှင် တစ်ဦး က ပြောသည်။
၎င်းက “အခု အပြင်မှာ လုပ်ငန်းတွေ လုပ်နေတဲ့ဟာက တချို့ဟာသည် ဘဏ်အတိုးတောင် မရဘူးပေါ့လေ။ ဒါပေမယ့် အလုပ်သမား စရိတ်အတွက်ရယ်၊ ကိုယ့်လုပ်ငန်း ရေရှည်အတွက် ကြည့်ပြီးတော့ လုပ်နေရတာရှိတယ်။ နောက်တစ်ခုက ဗမာငွေက အပြင်ဈေးကွက်ထဲမှာပဲ ပျံ့နေတယ်။ အမှန်က ဘဏ်ကနေတဆင့် သွားရမှာ။ အရောင်းအဝယ် ဘာညာ ဘဏ်အကောင့်ကနေ သွားရမှာ။ အခု ဒီမှာက ငွေထုပ်ကြီးနဲ့ပဲ လုပ်နေတယ်ဆိုတော့ ဘဏ်ကထုတ်လာတဲ့ ပိုက်ဆံက ဘဏ်ကို ပြန်မသွားတော့ဘူး။ အဲဒီဟာအတွက် ဘဏ်က incentive (မက်လုံး) ပေးတဲ့သဘောလည်း ဖြစ်မှာပေါ့။ နောက်တစ်ခုက ဗဟိုဘဏ် စည်းမျဉ်းကလည်း ရှိတယ်လေ။ သူ့အပ်နှံငွေရဲ့ ဘယ်လောက် ရာခိုင်နှုန်းကို အရန်ငွေအဖြစ် ထားရမယ်။ မထားလို့ရှိရင် ဒဏ်ကြေးတပ်မယ် ဘာညာရှိတယ်။ အဲဒီ လိုထားရမယ့် result money မပြည့်တာလား၊ ဒါမှမဟုတ် သိပ်နည်းနေလို့လား ဒါမျိုးတွေလည်း ဖြစ်နိုင်တာပေါ့ လေ။ ဒါက ဘဏ်ရဲ့ အသေးစိတ်စာရင်း ကြည့်မှပဲ ရမှာပေါ့။ ဗဟိုဘဏ်ရဲ့ pressure ကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုကတော့ ဘဏ်ကနေပြီးတော့ အထွက်ပဲရှိတယ်။ အဝင်ထက် အထွက်က ပိုများနေတယ်ပေါ့။ ဆို တော့ ဘဏ်က ဘာမှအလုပ်လုပ်လို့ မရဘူး။ ဘဏ်ဆိုတာက အပ်ငွေလက်ခံ၊ ချေးငွေပြန်ထုတ်ပေး။ အဲဒီ ကြားထဲ မှာကိုပဲ အဓိကထားပြီး စားရတာလေ။ အဓိက အပ်ငွေအတိုးနှုန်းနဲ့ သူတို့ ထုတ်ချေးတဲ့ အတိုးနှုန်းရဲ့ ကွာခြားချက် ကို သူတို့က စားရတာ။ သူတို့ဆီမှာ အပ်ငွေမရှိရင် ချေးငွေလည်း ထုတ်ချေးလို့ မရဘူးလေ။ ဆိုတော့ အဲဒီအပိုင်း တွေလည်း ပါမှာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဘဏ်လုပ်ငန်း လည်ပတ်နေသည်ကိုတွေ့ရစဉ်
ဘဏ်အတိုးနှုန်းများကို တိုးမြှင့်ပေးခြင်းသည့် ကောင်းမွန်သော်လည်း ဘဏ်များအနေဖြင့် ရေရှည်တွင် ယခု အတိုးနှုန်းနှင့် ပတ်သက်ပြီး အကျိုးအမြတ် ရှိနိုင်ပါ့မလား စဉ်စားစရာဖြစ်နေသည်ဟု ငွေကြေးဈေးကွက် လေ့လာသူများနှင့် မြန်မာ့စီးပွားရေး ကျွမ်းကျင်သူများက ပြောသည်။
ထို့နောက် ရေရှည်ကာလ အပ်နှံငွေကြေးများ အပေါ်တွင် အတိုးနှုန်းများကို တိုးမြှင့်ပေးသင့်သော်လည်း မကြာခဏ အသွင်းအထုတ် လုပ်မည့် အပ်နှံငွေများအပေါ် အတိုးနှုန်း အနည်းငယ်ဖြင့်သာ လုပ်ကိုင်သင့်ကြောင်း၊ သို့မှသာ ပြင်ပတွင် ရောက်ရှိနေသည့် ကျပ်ငွေများသည် ဘဏ်များသို့ ပြန်လည် ဝင်ရောက်လာမည် ဖြစ်ကြောင်း ငွေကြေး ဈေးကွက် လေ့လာသူများနှင့် မြန်မာ့စီးပွားရေး ကျွမ်းကျင်သူများက ပြောသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပုဂ္ဂလိက ဘဏ်များအပေါ် သတ်မှတ်ချက်မှာ အပ်ငွေများအပေါ် အနည်းဆုံးအတိုး ၅ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းဖြင့် ချေးငွေများကို အများဆုံး ၁၀ ရာခိုင်နှုန်းနှင့် အပေါင်မဲ့ ချေးငွေကို အများဆုံး ၁၄ ဒသမ ၅ ရာခိုင်နှုန်းသာ ကောက်ခံရန် ညွှန်ကြားထားကြောင်း ထုတ်ပြန်ထားသည်။