CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂
တစ်ဒေါ်လာကို ၂၅၀၀ ကျပ်အထိ ဈေးမြင့်တက်နေမှုကို နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရှိ ဝန်ကြီးဌာနများ ထိန်းချုပ်ရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ပြင်ပရှိ နိုင်ငံခြားငွေ အရောင်းအဝယ်၊ အလဲအလှယ်တို့၌ ဒေါ်လာဈေးနှုန်းမြင့်တက်နေမှုတို့ကြောင့် ယခုကဲ့သို့ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"အဲဒီအတွက် လက်ရှိအခြေအနေမှာတော့ ဗဟိုဘဏ်သတ်မှတ်တဲ့ဈေးထက် အပြင်မှာမြင့်မားနေတာကို တွေ့ တယ်။တွေ့တဲ့အတွက်ကြောင့် နိုင်ငံခြားငွေ မြင့်တက်ရတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဒီ အကြောင်းအရင်းတွေအပေါ် မူတည်ပြီး သုံးသပ်ပြီးမှ လိုအပ်တဲ့မူဝါဒတွေ ချမှတ်ပြီးတော့မှ ဆောင်ရွက်ရပါတယ်။ ဒီလိုကိစ္စရပ်တွေကို ဗဟိုဘဏ်တင် မကဘဲနဲ့ ဆက်စပ်နေတဲ့ဝန်ကြီးဌာနတွေ ပါဝင်တဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ် ရေးကော်မတီ ရှိပါတယ်။ဒီကော်မတီမှာရှိတဲ့ တာဝန်ရှိသောဝန်ကြီးများအနေနဲ့က ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းပြီးတော့မှ ဒီကိစ္စကိုပြေလည်အောင် ဖြေရှင်းဖို့၊ထိန်းချုပ်ဖို့၊ထိန်းသိမ်းဖို့ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ ဒေါ်လာဈေးနှုန်းမြင့်တက်ခြင်းသည် နိုင်ငံခြားငွေ အဝင်၊ အထွက်တို့တွင် မူတည်ကြောင်း၊ နိုင်ငံတော်သို့ နိုင်ငံခြားငွေ ဝင်ရောက်သည့် အရင်းအမြစ်များမှ နိုင်ငံခြားငွေ ပိုမိုဝင်ရောက်စေရန် လုပ်ဆောင်သွားမည် ဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် ပြင်ပငွေလဲလှယ်မှုများ၌ ဒေါ်လာပေါက်ဈေးသည် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဒေါ်လာဈေး ၁၈၅၀ ထက်ကျော်လွန်ကာ ၂၅၀၀ နီးပါးအထိ ပေါက်ဈေးရှိနေပြီး အဆိုပါအခြေအနေအား မထိန်းနိုင်ပါက ဒုက္ခ ရောက်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးဝင်း(အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။
ကွန်တိန်နာများကို တွေ့ရစဉ်
“ကြာလို့ရှိရင် ဒါကြီးက တကယ့် ဒုက္ခရောက်မယ့်ဟာကြီး။ တဖြေးဖြေးနဲ့ နဂိုက လစာတွေ ရတဲ့သူတွေတောင်မှ အခုသင်္ဘောသားတချို့ဆိုရင် နိုင်ငံခြားမှာ အကောင့်ဖွင့်နေပြီ။ စင်ကာပူမှာဖွင့်ကြတယ်။ ထိုင်းမှာ ဖွင့်ကြတယ်။ ဗမာပြည်ကို ပြန်မပို့တော့ဘူး။ အဲဒီကိုပဲ ပို့မှာ။ ပို့ပြီးတော့မှ သူက ဟိုမှာပဲရောင်းချပြီးတော့ဖြစ်ဖြစ် ဒါမှမဟုတ် ငွေသားသယ်လာပြီးတော့ဖြစ်ဖြစ် အဲဒီလိုပဲ လုပ်ကြတော့မှာ။ ဒီဘဏ်တွေကို ဝင်တဲ့ဟာက တဖြေးဖြေးနဲ့တော့ ကျသွားလိမ့်မယ်လို့ထင်တယ်”ဟု ၎င်းက ပြောသည်။
နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီအနေဖြင့် နိုင်ငံတော်မှ နိုင်ငံခြားငွေ၏ ထွက်ငွေများထဲမှ မလိုအပ်ဘဲ မထွက် ရှိစေရန်နှင့် လိုအပ်ချက်ရှိသည့် ထွက်ငွေများသာ ထွက်ရန် ကြီးကြပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိအနေအထားအား ထိန်းချုပ်နိုင်ရန်အတွက် ယခင် စစ်အစိုးရလက်ထက်က ကျင့်သုံးခဲ့သည့် ပို့ကုန်မူဝါဒ (export fact policy) အား အသုံးပြု၍ ထိန်းမှသာလျှင် ရနိုင်မည်ဖြစ်ကြောင်းနှင့် ထိုမူဝါဒအား ပြောင်းလဲကျင့်သုံး သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးဝင်း(အမည်လွှဲ)က ပြောသည်။
“သူက ပို့ကုန်ဝင်ငွေနဲ့မှ သွင်းကုန်လျှောက်ခွင့်ရှိတယ်။ အဲဒီ export fact policy လုပ်ရင် ဘာဖြစ်မလဲဆိုတော့ သူ့ရဲ့ export earning exchange rate ဆိုတာ သက်သက်ရှိတယ်။ အဲဒီကောင်က အမြင့်ဆုံးပဲ အရင်တုန်းက။ export တွေ များများပို့မယ်။ ပြီးရင် သူ့ export earning ကို ရောင်းမယ်။ ဆိုတော့ import သမားက အဲဒီ export earning ကို ဝယ်ပြီးတော့မှ သူက import လုပ်ရတယ်ဆိုတော့ ဒေါ်လာ အဝင်၊ အထွက်ကို ထိန်းပြီးသား ဖြစ်သွား တယ်။ ထိန်းပြီးသားဖြစ်သွားတော့ အဲဒီမှာ export ၁၀၀ ဖိုး ပို့ရင် အဲဒီ ၁၀၀ လုံးကို import သွင်းခွင့်ပေးတာ မဟုတ်ဘူး။ export ၁၀၀ ထဲမှာ ၈၀ ရာခိုင်နှုန်းကိုပဲ ပြန်ပေးပြီး import သွင်းခွင့်ပေးတာ။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်း က အခုလုပ်နေတဲ့ အရေးကြီးတဲ့ကုန်စည်တွေ ဓာတ်ဆီ ဒီဇယ်ဆီလိုမျိုး၊ စားအုန်းဆီလိုမျိုး အဲဒါတွေ သွင်းဖို့ အတွက် ဗဟိုဘဏ်က အဲဒါကို ချန်ခိုင်းထားတယ်။ ဆိုတော့ export သမားအတွက်လည်း incentive ရှိတယ်။ တစ်ခါ export, import ကိုလည်း ဒေါ်လာအဝင်အထွက်ကို ထိန်းပြီးသားဖြစ်တယ်။ အဲဒီလိုနည်းကို ပြန်သုံးပြီး တော့ပဲ ထိန်းလို့ရမယ်” ဟု ၎င်းက ပြောသည်။
ယခင် စစ်အစိုးရလက်ထက်က ၎င်းမူဝါဒကြောင့် ဘဏ်ထဲသို့ ဒေါ်လာအဝင်များသဖြင့် ယခုကဲ့သို့ ဒုက္ခမရောက်ခဲ့ ကြောင်းနှင့် လက်ရှိတွင် ဝင်လာသည့် ဒေါ်လာများအား ဗဟိုဘဏ်မှ ၁၈၅၀ ကျပ်ဖြင့် ဈေးသတ်မှတ်လိုက်သည့် အတွက် ပို့ကုန်သမားများမှာလည်း မတင်ပို့ချင်ကြတော့ကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။