CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉

ရန်ကုန်နှင့် မန္တလေးတို့တွင် ရွှေစင်တုံးနှင့် ရွှေစင်ခဲ (၃)ပိဿာစီ ရောင်းချပေးသော်လည်း ပြည်တွင်း ရွှေဈေးကွက် အပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း ရွှေဈေးကွက်လေ့လာသူများနှင့် ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

ယနေ့ (စက်တင်ဘာ ၂၉ ရက်)နေ့ နေ့လည် ၁ နာရီမှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွက် ၃ ပိဿာနှင့် မန္တလေးတိုင်းဒေသကြီးအတွက် ၃ ပိဿာကို ဈေးပြိုင် တင်ဒါစနစ်ဖြင့် သံယဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရောင်းချပေးမည်ဟု ထုတ်ပြန်ကြေညာထားသည်။

ဈေးကွက်လိုအပ်ချက်အတိုင်း ရောင်းချပေးမည်ဆိုပါက ရွှေဈေးနှုန်းများ ကျဆင်းသွားမည်ဖြစ်ကြောင်း၊ ယခု ရောင်းချပေးသည့် ပမာဏသည့် မပြောပလောက်သည့် ပမာဏဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအုန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရေးထားတာက ရန်ကုန်မှာ ၃ ပိဿာ၊ မန္တလေးမှာ ၃ ပိဿာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေး ဘုရား လမ်းမှာရှိတဲ့ ကျောက်မျက်ရတနာ ပြတိုက်နဲ့ မန္တလေးတိုင်းဒေသကြီး ၂၆ နဲ့ ၆၆ လမ်းထောင့်မှာရှိတဲ့ အဲဒီမှာ ရွှေစင်တုံး၊ ရွှေစင်ခဲ ၃ ပိဿာစီကို ဆိုတာက လူတစ်ဦးကို ပြောတာမဟုတ်ဘူး။ အဲဒီတော့ ဒီမှာယူလိုက်ရင် ရန်ကုန်မှာ ၃ ပိဿာ၊ မန္တလေးမှာ ၃ ပိဿာလို့ အဲလိုမျိုး အဓိပ္ပာယ် ရတာပေါ့နော်။ နိုင်ငံတော်က ထုတ်ရောင်းမယ် ဆိုတာက ဒီကဈေးကွက်နဲ့ လိုအပ်ချက်အတိုင်းကို ရောင်းမယ်ဆိုရင်တော့ ဈေးက ကျသွားမှာပေါ့။ အခု သူတို့ ရောင်းတဲ့ဟာက ၃ ပိဿာဆိုတော့ ဒါက မပြောပလောက်ဘူးလေ” ဟု ပြောသည်။

နစကရဲ့ ရွှေတုံးရွှေခဲ ရောင်းပေးမယ့် ထုတ်ပြန်ချက်

မြန်မာနိုင်ငံတွင် ပြည်တွင်း ရွှေဈေးနှုန်းကို တစ်ကျပ်သား ၂၅ သိန်းအထိ ကျဆင်းသွားစေရန် နစက-က မျှော်မှန်း ထားပြီး ဈေးနှုန်း ကျဆင်းစေရေးအတွက် ရွှေဒင်္ဂါးပြားများအား ရောင်းချပေးနေသည်။ ထို့နောက် ယနေ့ (စက်တင်ဘာ ၂၉ ရက်)တွင် ရွှေတုံးရွှေခဲများကို ထပ်မံရောင်းချပေးနေသည်။

ရွှေဈေးနှုန်းများသည် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ပြည်တွင်း ဒေါ်လာဈေးနှုန်းအပေါ် တွက်ချက်ကြသည့်အတွက် ကမ္ဘာ့ ရွှေဈေးနှင့် ပြည်တွင်း ဒေါ်လာဈေးနှုန်း ကျဆင်းမှသာ ပြည်တွင်း ရွှေဈေးနှုန်းသည်လည်း ကျဆင်းမည်ဟု ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က ရွှေဈေးနှုန်းသည် တစ်ကျပ်သာ ၂၃ သိန်းကျော်သို့ မြင့်တက်ခဲ့ပြီးနောက် တစ်ကျပ်သားလျှင် သိန်း ၂၀ ဝန်းကျင်သို့ ကျဆင်းခဲ့ကြောင်း၊ ယခုနှစ်တွင် ရွှေဈေးနှုန်းသည် ၃၈ သိန်းမှ လက်ရှိ ၂၆ သိန်းဝန်းကျင်သို့ ရောက် ရှိနေပြီ ဖြစ်သည့်အတွက် ရွှေဈေးနှုန်းသည် ယခုဈေးနှုန်းဝန်းကျင်တွင်သာ တည်ငြိမ်နေတော့မည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့က ရွှေဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်

၎င်းက “ပြီးခဲ့သည့်နှစ်မှာ မြန်မာမှာ ဖြစ်သွားတဲ့ဈေးက ၂၃ သိန်းနဲ့ ၃ သောင်း ၃ ထောင် ဖြစ်သွားတယ်လေ။ ပြီး လည်း ပြီးရော သူက သိန်း ၂၀ ဝန်းကျင်မှာ ငြိမ်နေတယ်လေ။ ဒီနှစ်ကတော့ တက်သွားတာက အများသိတာတော့ ၃၈ လို့ ပြောကြပေမယ့် တကယ်က ၃၇ သိန်းကျော်မှာ ဖြစ်သွားတာပေါ့။ ဒါကလည်းပဲ ကျွံသွားတာပေါ့။ ကျွံသွား တာကို အခုပြန်ကျတယ် ဆိုတော့လည်းပဲ ၂၆ သိန်းဝန်းကျင်၊ ၂၅ သိန်း ၂၆ သိန်းဆိုတဲ့ အခါကျတော့ ၁၀ သိန်း ကျော်လောက် ကျတယ်။ ကျတဲ့အားက နည်းနည်းများသွားပြီလေ။ တက်သွားတာက ပုံမှန်မဟုတ်တဲ့ အတွက် ကြောင့် ဒါပေမယ့် ဟိုအခြေခံက ဟိုဘက်နှစ်က ၂၃ သိန်း ၃ သောင်း ၃ ထောင့် ၅ ရာဈေး ဖြစ်ခဲ့တဲ့ အတွက်ကြောင့် ဒီနှစ်အတိုင်းအတာအရ လေးလေးမြင်တာကတော့ တခြား ဘယ်အကြောင်းအရာတွေက ဘာမှမရှိဘူးဆိုရင် ဒီ ၂၅ သိန်း ၂၆ သိန်းဆိုတာက အငြိမ်တန်း ပြန်ဖြစ်ရမယ်လို့ လေးလေးမြင်တယ်လေ။ အဲဒီအတွက်ကြောင့်ပဲ ဒီဈေးတန်း က နိုင်ငံတော်က ချနေသလို လေးလေးတော့ သိပ်မကျနိုင်ဘူး။ တစ်ခုတော့ရှိတာပေါ့ ဒေါ်လာတွေက တအားထိုး ကျ သွားရင်တော့ တမျိုးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ယနေ့ (စက်တင်ဘာ ၂၉ ရက်)တွင် ရန်ကုန်နှင့် မန္တလေး၌ ရောင်းချပေးမည့် ရွှေတုံးရွှေခဲ ၃ ပိဿာစီသည် ဈေးပြိုင် တင်ဒါစနစ် ဖြစ်သည့်အတွက် ဈေးနှုန်းပိုပေးနိုင်သည့် သူသည်သာ ထိုရွှေကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ယခင်ရောင်းချနေသည့် ရွှေဒင်္ဂါးပြားများ ရောင်းချခြင်းကိုလည်း ယခင်အတိုင်း ဆက်လက် ရောင်းချ သွားမည်ဖြစ်ကြောင်း နစက-က ထုတ်ပြန်ထားသည်။