- By CNI
- Category: စီးပွားရေး
- Hits: 2366
သီတင်းကျွတ်ရုံးပိတ်ရက် ခရီးသွားလာမှု ပုံမှန်ထက် ၁ ဆခန့်မြင့်တက်
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇
ယခုနှစ် သီတင်းကျွတ် ရုံးပိတ်ရက်အတွင်း ခရီးသွားလာမှု များပြားလာပြီး သီတင်းကျွတ်မတိုင်ခင် ပုံမှန်နေ့ များထက် ၁ ဆခန့် မြင့်တက်လာကြောင်း အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ ကားဂိတ်များထံမှ သိရသည်။
ပုံမှန်အချိန်တွင် တစ်နေ့လျှင် ခရီးသည် ဦးရေသည် ၂၀ ဦးခန့်သာ ရရှိသော်လည်း လက်ရှိတွင် ကားတစ်စီးအပြည့် ရရှိသည်ဟု အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ Crown ကားဂိတ်မှ ဂိတ်မှူးတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“များတယ်။ များတော့များတယ်။ အရမ်းကြီး လျှံနေတာပေါ့။ အရင်က တစ်စီးပေါ့ကွာ၊ အရင်တုန်းက တစ်စီး ထွက်မယ်ပေါ့။ တစ်လိုင်းကို ကားတစ်စီးထွက်မယ်ဆိုရင် ပုံမှန်ပါနေကျ ခရီးသည်က ၁၉ ယောက် ပါမှ အယောက် ၂၀၊ ၂၀ ကျော်ပေါ့။ ဒီလိုရက်မျိုးဆို တစ်နေ့ကို တစ်စီးတော့ ပြည့်အောင် ရတာပေါ့ အယောက် ၄၀ ကျော်ပေါ့။ ဒါပေမယ့် ၂ စီး၊ ၃ စီးမျိုး ထွက်လောက်အောင်ထိတော့ ဒါပေမယ့် အရင်တုန်းက ပုံမှန် ၁ စီး ပုံမှန်ပြည့်နေတဲ့ ဂိတ်မျိုးဆိုရင်တော့ ၂ စီးလောက် ၁ ဆလောက် တက်လာတာပေါ့” ဟု ၎င်းက ပြောသည်။
သီတင်းကျွတ် ရုံးပိတ်ရက်အတွင်း ကားလက်မှတ်ခများကို တိုးမြှင့်ကောက်ယူခြင်း မပြုရန် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC က ထုတ်ပြန်ထားလျက်ရှိသည်။
ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများအနေဖြင့် တိုးကောက်ခြင်းမရှိသော်လည်း ခရီးသွားလက်မှတ်ရောင်းသည့် အေဂျင်စီတချို့နှင့် ပွဲစားများက တိုးမြှင့်ကောက်ယူမှုများ ရှိနိုင်ကြောင်း Crown ဂိတ်မှူးက ပြောသည်။

အောင်မင်္ဂလာကားကြီးဝန်း ဝင်ပေါက် (ဓါတ်ပုံ-CNI/ပုံဟောင်း)
ဒါ့အပြင် တချို့သော ကားဂိတ်များသည် သီတင်းကျွတ် ရုံးပိတ်ရက်ဖြစ်သော အောက်တိုဘာ ၆ ရက်နေ့မှစ၍ ၉ ရက်နေ့အထိ ကားလက်မှတ်များသည် ရောင်း၍ ကုန်သွားပြီဟုလည်း သိရသည်။
JJ Express မှ မန်နေဂျာ မကျော့ကျော့သက်က “ပြီးခဲ့တဲ့လကတော့ မိုးတွင်းဆိုတော့ သိပ်မသွားဘူးလေ။ အခု ကတော့ သီတင်းကျွတ်တော့ သီတင်းကျွတ်ကာလဆိုတော့ တချို့ကျတော့လည်း ပိတ်ရက်ပြန်ကြမယ်၊ နယ်ပြန် ကြမယ်ဆိုတာမျိုး ရှိတယ်လေ။ ရှိတော့ မဆိုးပါဘူး။ ပြီးခဲ့တဲ့လထက် ဒီလကတော့ တက်လာတာပေါ့။ ဒါပေမယ့် အခုက အစပဲ ရှိပါတယ်။ သေချာတော့ အတိအကျတော့ မပြောနိုင်သေးဘူး။ ဒီ တစ်ရက်၊ နှစ်ရက်ကိုပဲ ဒီ ၅ ရက်၊ ၆ ရက်၊ ၇ ရက်လောက်က စတက်လာတာပေါ့လေ။ ခရီးသွားလေးတွေတော့ မဆိုးတော့ မဆိုးပါဘူး။ ၅ ရက်၊ ၆ ရက်၊ ၇ ရက်၊ ၈ ရက်၊ ၉ ရက်ဆိုရင် လက်မှတ်က မရှိတော့ဘူး အဲလိုမျိုး တက်တော့ တက်လာကြတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
သီတင်းကျွတ်ပိတ်ရက်အတွက် ကားလက်မှတ်များ ဝယ်ယူရာ၌ လက်ရှိတွင် ဝယ်ယူရလွယ်ကူကြောင်း တောင်ကြီးသို့ သွားရောက်မည့် ကိုထွန်းမင်းက ပြောသည်။
“ကားလတ်မှတ်ကတော့ အရမ်းကြီး အခက်အခဲတော့ မရှိပါဘူး။ ကျနော်တို့က အဖွဲ့လိုက် စုပြီးတော့ မှာကြတာ အဲလောက်ပါပဲ။ အဆင်ပြေပါတယ်။ ပြင်ဦးလွင် - တောင်ကြီးဆိုရင်တော့ ၃ သောင်းလောက်ရှိတယ်” ဟု ပြော သည်။
ကိုဗစ်ကာလအတွင်း ခရီးသွားလာမှု နည်းပါးသွားပြီး ခရီးသည်တင်ကားများအနေဖြင့် ကုန်စည်များကိုသာ အဓိကထား သယ်ယူပို့ဆောင်နေရကြောင်း၊ ယခု သီတင်းကျွတ် ပိတ်ရက်ကြောင့် ခရီးသည်သွားလာမှု ပြန်လည်မြင့်တက်လာသည့်အတွက် ကုန်လက်ခံမှုများကို လျှော့ချနေရသည်ဟု ကားဂိတ်တချို့ထံမှ သိရသည်။
- By CNI News
- Category: စီးပွားရေး
- Hits: 1325
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆
ဆန်စပါးသီးနှံ စိုက်ပျိုးရေးအတွက် ငွေကျပ် ၁၄၀ ဘီလီယံအထိ ထောက်ပံ့ပေးအပ်သွားရန် စီစဉ်ထားကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်တွင် ပြောသည်။
အောက်တိုဘာ ၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပသည့် မြန်မာ့ဆန်စပါးညီလာခံ-၂၀၂၂ အခမ်းအနားမှာ ၎င်းက အထက်ပါ အတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “ မကြာမီ ရောက်ရှိတော့မည့် နွေစပါးရာသီအတွက် ဧက ၈ ဒသမ ၅ သိန်းတွင် အကျိုးတူ လယ်ယာစနစ်(Contract farming)ဆောင်ရွက်ရန်အတွက် နိုင်ငံတော်က တစ်ဧကကို ကျပ် ၂ သိန်းနှုန်းဖြင့် အထူးချေးငွေ စီစဉ်ပေးမည်ဖြစ်ပြီး ဆန်စပါးသီးနှံအတွက် ငွေကျပ် ၁၄၀ ဘီလီယံအထိ ထောက်ပံ့ပေးအပ်သွား ရန် စီစဉ်ပေးထားပါကြောင်း၊ အဆိုပါ ထောက်ပံ့မှုများသည် မျိုး၊ မြေသြဇာ စသည့် သွင်းအားစုအတွက် ထောက် ပံ့မှုဖြစ်ပြီး သက်ဆိုက်သူအားလုံးက အကျိုးရှီစေရေး စနစ်တကျပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါတယ်”ဟု ပြောသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်က မြန်မာ့ဆန်စပါးညီလာခံ-၂၀၂၂ အခမ်းအနားကို တွေ့ရစဉ်
နစက အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဆိုသည့် အမျိုးသားရေးလုပ်ငန်းစဉ် (၂)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြောင်း၊ ဆန်စပါးသည် အဓိကစိုက်ပျိုးထုတ်လုပ်သည့် သီးနှံဖြစ်ပြီး သီးနှံစိုက်ပျိုး ဧရိယာ အားလုံး၏ ၃၄ ရာခိုင်နှုန်းခန့်ရှိကြောင်း ၎င်းက ပြောသည်။
ထို့နောက် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စုစုပေါင်း စပါးစိုက်ပျိုးဧက ၁၇ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ် တွင် မိုးစပါးစိုက်ဧက ၁၅ သန်းခန့်နှင့်နွေစပါးစိုက်ဧက ၂ ဒသမ ၄ သန်း စုစုပေါင်း စပါးစိုက်ပျိုးဧက ၁၇ ဒသမ ၄ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့ဆန်ကို အာဖရိကနှင့် ဥရောပနိုင်ငံများ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တတိယအကြိမ် အဖြစ် ဆန်တန်ချိန် ၂ သိန်း ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ တန်းမြင့်ဆန်တချို့ကို အာဖရိက နိုင်ငံသာမက တရုတ်နိုင်ငံကိုပါ တိုးမြှင့်တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
မြန်မာနိုင်ငံသည် ပြည်ပသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၆ လတာကာလအတွင်း ဆန်တန်ချိန် ၅ သိန်းကျော်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သိန်း စုစုပေါင်း တန်ချိန် ၈ ဒသမ ၆ သိန်းကျော်ကို နိုင်ငံ ၃၈ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ ကြောင်း၊ ယခင်နှစ်ကာလတူထက် ဆန်၊ ဆန်ကွဲ တန်ချိန် ၂ သိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံမှ တောင်သူများသည် သွင်းအားစုများဖြစ်သည့် မျိုး၊ မြေသြဇာ၊ စက်သုံးဆီ ဈေးနှုန်းမြင့်မား ခြင်းနှင့် ဝယ်ယူရ ခက်ခဲခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ စိုက်ဧကများ လျော့ကျလာနေကြောင်း ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1817
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ငပလီကမ်းခြေတွင် ဆောင်းဦးပွဲတော်ကို နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်နေ ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။
ဆောင်းဦးပွဲတော်သို့ လာရောက်မည့် ခရီးသည်များကို ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် လက်ရှိတွင် ငပလီရှိ ဟိုတယ်များ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးတင်ထွန်းအောင်က “လုပ်ဖို့တော့ စီစဉ်နေတယ်။ လုပ်ဖြစ်ရင်တော့ ပြီးခဲ့တဲ့နှစ်ကလိုပဲ နိုဝင်ဘာလထဲမှာ ဖြစ် မယ်ထင်တယ်။ ပြီးခဲ့တဲ့ နှစ်မှာတော့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ လုပ်တယ်။ ဒီနှစ်လည်း အဲဒီလောက်ပဲ ဖြစ်မယ်။ အောက်တိုဘာကျတော့ မိုးမကုန်သေးဘူးလေ မိုးမလွတ်သေးဘူးပေါ့။ လောလောဆယ် ငပလီကတော့ ခါတိုင်း လည်း ဧည့်သည်အများဆုံးလာတဲ့ အရပ်ဒေသဆိုတော့ ဒီမှာရှိတဲ့ ဟိုတယ်တွေလည်း ဧည့်သည်တွေ လာဖို့အတွက် ကြိုတင်ပြင်ဆင်နေကြတာပေါ့။ သူတို့ မိုးတွင်းက ပိတ်ထားခဲ့တဲ့ဟာတွေ၊ မိုးတွင်းမှာ ဧည့်သည် လက်ခံတာနည်း တော့ အခု ပွင့်လင်းရာသီမှာ ဧည့်သည်လက်ခံဖို့ ပြင်ဆင်နေကြတာပေါ့” ဟု ပြောသည်။

သဲပုံ စေတီကိုတွေ့ရစဉ်
ဆောင်းဦးပွဲတော်ကို ၂၀၁၉ ခုနှစ်မှစ၍ ကျင်းပလာခြင်းဖြစ်ပြီး ၅ ရက်တိုင်တိုင် ကျင်းပလေ့ရှိကြောင်း၊ ပွဲတော်ရက် အတွင်း ဈေးရောင်းပွဲတော်၊ ရခိုင်ရိုးရာဂျင်၊ ဘော်လီဘော၊ စက်ဘီစီးပြိုင်ခြင်း၊ အပြေးပြိုင်ခြင်း၊ ချောတိုင်တက် ခြင်း၊ လွန်ဆွဲပွဲနှင့် သဲပုံစေတီပွဲတော်တို့ ပါဝင်ကြောင်း သိရသည်။
ငပလီကမ်းခြေဒေသသို့ ခရီးသွား ဧည့်သည်များ လာရောက်တည်းခိုရာတွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုရှိ သော ဝန်ဆောင်မှု ကောင်းများပေးရန် လိုအပ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆောင်ရွက်လျက်ရှိ ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနထံမှ သိရသည်။
ငပလီကမ်းခြေဒေသသည် နယ်မြေတည်ငြိမ်မှု ရှိသော်လည်း လက်ရှိ ရခိုင်ပြည်နယ်ရှိ တချို့သော ဒေသများသည် တိုက်ပွဲများ ဖြစ်ပေါ်နေသည့်အတွက် ငပလီသို့ လာရောက်မည့် ပြည်တွင်း/ပြည်ပ ခရီးသွားများ ဘေးကင်းလုံခြုံ ရေး လိုအပ်ကြောင်း Myanmar Voyages International Tourism မန်းနေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက ပြောသည်။

သဲပုံ ငါးကို တွေ့ရစဉ်
၎င်းက “လုံခြုံရေးကတော့ ပြောရခက်ပါတယ်။ ဘာလို့လဲဆို ရခိုင်နယ်မြေကတော့ အဖြူရောင်နယ်မြေ မဟုတ် တာတော့ သေချာတယ်။ ဒါပေမယ့် ငပလီကတော့ သီးခြားလို ဖြစ်နေတယ်လေ။ မြောက်ပိုင်းနဲ့ မတူဘူးပေါ့။
မတူ တော့ ဖြစ်စဉ်တွေ ဘာတွေလည်း သိပ်မရှိဘူးပေါ့လေ။ ရှိတော့ရှိတယ်ဆိုရင်လည်း ဆိုးဆိုးဝါးဝါး မရှိခဲ့ဘူးပေါ့နော်။ ဒါပေမယ့် ဘာမှ အစိုးမရပါဘူး။ အထူးသဖြင့်တော့ ပြည်တွင်း ခရီးသွားတွေလည်း သတိထားရမှာဖြစ်သလို ပြည်ပ ကလာတဲ့ ဧည့်သည်တွေ တစ်ခုခုမဖြစ်ဖို့ အရေးကြီးတယ်။ ဘယ်လိုအကြောင်းကြောင့်နဲ့မှ တစ်ခုခု ဖြစ်သွားပြီဆို ရင် ကိုယ့်တိုင်းပြည်ရဲ့ Image က ပျက်သွားပြီ။ အဲဒါတွေ မဖြစ်ဖို့အတွက် အားလုံး သတိတရားရှိရှိနဲ့ လုပ်ကြဖို့ တော့ ကျနော်တို့ကတော့ လိုလားတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့်နှစ် ငပလီ ဆောင်းဦးပွဲတော်သို့ လာရောက်သည့် ခရီးသွားပြည်သူ များပြားခဲ့သော်လည်း ယခုနှစ်တွင် ယခင်နှစ်များအတိုင်း များပြားရန်ကို မျှော်လင့်ထားကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ မျှော်မှန်းနေကြ သည်။
- By CNI
- Category: စီးပွားရေး
- Hits: 1552
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅
ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် အိမ်ပြန်ပို့ရမည့် မိသားစုလွှဲပို့ငွေသည် နိုင်ငံအတွက်သာမကဘဲ အဆိုပါ ရွှေ့ပြောင်းလုပ်သားများအတွက်ပါ အကျိုးရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် မိသားစုလွှဲပို့ငွေအား သတ်မှတ်ထားသည့် ဘဏ်များမှ လွှဲပို့ပြီး ထိုလွှဲပို့ထားသည့် အထောက်အထားများကို ပြသပါက အခွန်ကင်းလွတ်ခွင့်ရနိုင်သည့် အနေအထားများရှိကြောင်း ၎င်းက CNI သို့ပြောသည်။
“ပြောချင်တာက နိုင်ငံခြားကနေ မိသားစုလွှဲပို့ငွေဟာ အလိုအလျောက် ငွေဖြူဖြစ်သွားတာဖြစ်ပါတယ်။ ငွေဖြူ ဖြစ်သွားတာ ဖြစ်တဲ့အတွက် သူ့ရဲ့တစ်ချိန်ချိန်မှာ ဒီငွေလွှဲတဲ့ အထောက်အထားတွေကို စုဆောင်းထားပြီးတော့ ကိုယ့်နိုင်ငံအတွင်းမှာ အခြေပစ္စည်းတွေ ဝယ်မယ်ဟေ့ဆိုရင် ဒါအခွန်ကင်းလွတ်ခွင့် ရနိုင်တဲ့အနေအထားတွေ ရှိတယ်။ အဲဒီလို အထောက်အထားမပြဘဲနဲ့ ကိုယ့်နိုင်ငံရောက်တော့မှ အထူးသဖြင့် တရားမဝင် ဟွန်ဒီနဲ့ လွှဲထားတဲ့ ငွေတွေနဲ့ ဝယ်မယ်ဆိုရင်တော့ အခွန်ကိစ္စက နောက်က လိုက်လာမှာပေါ့။ အပြင်အမြင်ကတော့ နိုင်ငံခြားငွေ တအားလိုချင်လို့ ဘာဖြစ်တယ် ညာဖြစ်တယ် မျိုးစုံပြောကြမှာပေါ့။ ဒါပေမယ့် တစ်ဖက်ကပြန်ကြည့်ရင် နိုင်ငံတော်အတွက်လည်း အကျိုးရှိသလို ပြည်ပမှာသွားပြီး လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားအတွက်ရော ဒါ သူ့ အတွက် အင်မတန်မှအကျိုးရှိတဲ့ ကိစ္စဖြစ်တယ်။ ပြောချင်တာက ကုသိုလ်လည်းရ ဝမ်းလည်းဝဖြစ်တယ်။ နိုင်ငံတော်ကိုလည်း သူအထောက်အကူဖြစ်တဲ့ နိုင်ငံသားဖြစ်ကြောင်း ဂုဏ်ယူလို့ရတယ်။ ကိုယ့်ရဲ့ဝင်ငွေကို ကိုယ်ပြည်တွင်းကို ပြန်လာတဲ့အခါမှာ အခြေပစ္စည်းတွေပေါ့ ကားတို့၊ အိမ်တို့၊ တိုက်ခန်းတို့၊ အိမ်ရာတို့ ဝယ်မယ် ဆိုရင် ဒီလိုဟာတွေမှာ သူ့အတွက် ခိုင်မာတဲ့ငွေရေးကြေးရေးဆိုင်ရာ ခုနကပြောတဲ့ အထောက်အထားတွေ ဒါသူ့အတွက် ပြန်အကျိုးရှိစေမှာဖြစ်ပါတယ်” ဟု အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောသည်။

ငါးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
ထိုသို့ မိသားစုလွှဲပို့ငွေအား သတ်မှတ်၍ လွှဲခိုင်းမည်ဆိုပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နစက အနေဖြင့် ပြည်သူများ ယုံကြည်အောင် ဦးစွာလုပ်ဆောင်သင့်ကြောင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ကိုမိုးလေးက CNI သတင်းဌာနသို့ ပြောသည်။
“ဒါကတော့ ပွင့်ပွင့်လင်းလင်းပြောရင် ယုံကြည်မှုမရှိပါဘူး။ ဒီစနစ်တွေနဲ့ကျတော့ နိုင်ငံကို ပြည်သူတွေ ယုံကြည် အောင် ဆွဲတင်ရမှာ ဒီအစိုးရပေါ့နော်။ ပြည်သူတွေယုံကြည်အောင် ဆွဲတင်မှ ပြည်သူတွေကလည်း ဟိုဟာဖြစ်မှာ ပေါ့။ ခုချိန်မှာ ယုံကြည်မှုက ဘာတစ်ခုမှမရှိဘူး။ ကျနော့်ကို အခုချိန် မြန်မာပြည်ကို ငွေလွှဲပို့ချင်လားဆိုရင် ယုံကြည်တဲ့ အစိုးရရှိရင်တော့ လွှဲချင်တယ်။ အခုလက်ရှိလွှဲနေတဲ့အချိန်မှာ မြန်မာမှတ်ပုံတင်တောင်းတယ်။ ဘယ်ရပ်၊ ဘယ်ရွာ ဘယ်သူ့ဆီလွှဲတယ်။ သူတို့သေချာစုံစမ်းတာပေါ့နော်။ ဒီ wave money သော်လည်းကောင်း ဘယ်လိုပဲလွှဲလွှဲ ဟိုတုန်းကဆို ကိုယ့်ဘာသာဖြစ်သလိုလွှဲလို့ရတယ်။ ဝန်ဆောင်ခဆိုလည်း ဟိုတုန်းကဆို ဈေး သက်သာတယ်။ အခုဆိုရင် သူတို့ နည်းစနစ်တွေများလာတယ်။ ဘဏ်ထဲသော်လည်းကောင်း wave money ထဲသော်လည်းကောင်း ကုန်ကျစရိတ်ပိုများလာတယ်။ ပိုပြီးသက်သာလာတာမဟုတ်ဘူး” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာများအား အိမ်ပြန်ပို့ရမည့် မိသားစု လွှဲပို့ငွေ ပမာဏကို သတ်မှတ်ရန် ဆွေးနွေးလုပ်ဆောင်နေပြီး မည်သည့်ပုံစံဖြင့် သတ်မှတ်ဆောင်ရွက်သွားမည်ကို မသိရှိရသေးကြောင်း သိရသည်။
ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာများသည် ပြည်တွင်းသို့ ငွေလွှဲပို့ရာ၌ ဘဏ်များမှ တဆင့် လွှဲပို့ခြင်းမှာ နည်းပါးပြီး ပြင်ပငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများမှ လွှဲပို့ခြင်းမှာ များပြားလျက်ရှိသည်။

မြန်မာငွေကြေးနှင့် ဒေါ်လာ
အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက “မိသားစုလွှဲပို့ငွေဆိုတာ မြန်မာနိုင်ငံကအခုမှ ထလုပ်တော့ ထူးဆန်းနေသလိုဖြစ်နေတာ။ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကိုလည်း တစ်ထောင့်တစ်နေရာကနေ ဒါအထောက်အကူပြုတဲ့ကိစ္စတွေဖြစ်တယ်။ ပြီးရင် စိတ်ချလုံခြုံမှုရှိတယ်။
လောလောဆယ် ဟွန်ဒီလုပ်ငန်းနဲ့ တကျဖြစ်နေတဲ့အလုပ်သမားတွေကတော့ ဘဏ်ကိုသွားရမှာ ခက်တယ်။ ဘဏ်တွေက အိမ်အထိ လိုက်မပို့နိုင်ဘူး။ ဒီမှာကတော့ အလုပ်ခွင်ထဲအထိ လာပြီးတော့ ဒါလေးပြောလိုက်တာနဲ့ အိမ်ကို ငွေရောက်သွားတယ် ဆိုတော့။ အလွယ်လုပ်နေတဲ့အခါကျတော့ ဟွန်ဒီလုပ်ငန်းတွေက အားကောင်းနေဆဲပဲ ဖြစ်တယ်။ ဒီလုပ်ငန်းတွေနဲ့ အကျိူး ဖြစ်နေတဲ့ အထူးသဖြင့် ဟွန်ဒီလုပ်ငန်းတွေကတော့ ဒါမျိုးဖြစ်သွားမှာ အရမ်းစိုးရိမ်တာပေါ့။ သူတို့က ဒီ ဈေးကွက် ကြီးထဲမှာ နှစ်ပေါင်းများစွာကြီးစိုးပြီးတော့ အကျိုးအမြတ်တွေ အရမ်းကိုရနေတာ။ ကြီးမားစွာရနေတဲ့ အဖွဲ့တွေ ကတော့ ဒီလို အစိုးရက တရားဝင်လုပ်လာမယ့် အခြေအနေမျိုးကို သူတို့ကတော့ ဘယ်လိုလားမလဲ” ဟု ပြောသည်။
အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ပြည်ပနိုင်ငံတွင် သွားရောက်လုပ်ကိုင်သည့် မြန်မာများအား နည်းလမ်းမျိုးစုံဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိသားစုလွှဲပို့ငွေအားသတ်မှတ်မည့်အထဲတွင် ပြည်ပနိုင်ငံသို့ အေဂျင်စီဖြင့်သော်လည်း မိမိအစီအစဉ်ဖြင့်သော် လည်းကောင်း သွားရောက်လုပ်ကိုင်နေသည့် မြန်မာများအားလုံး လွှမ်းခြုံနိုင်ရန်အတွက် လုပ်ဆောင်မည် ဖြစ် ကြောင်းလည်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ လူငယ် လူရွယ်အများအပြားသည် ထိုင်း၊ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဒူဘိုင်း စသည့်နိုင်ငံများတွင် အများအပြားသွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2057
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄
မြန်မာ့ပင်လယ်ပြင် ရေပိုင်နက် ငါးဖမ်းဆီးမှုများတွင် နည်းပညာပူးပေါင်း၍ ရုရှားသင်္ဘောများဖြင့် ဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။
လက်ရှိ မြန်မာနိုင်ငံမှ ငါးဖမ်းသင်္ဘောများသည် မီတာ ၂၀၀ အထိသာ ဖမ်းဆီးနိုင်ခြင်းကြောင့် မီတာ ၁၅၀၀ မှ ၂၅၀၀ အထိ ဖမ်းဆီးနိုင်သော ရုရှားငါးဖမ်းသင်္ဘော၏ နည်းပညာကို အသုံးပြုနိုင်ရေး ဆွေးနွေးလျက်ရှိနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီမှာကတော့ အဓိကကတော့ ရေနက် ငါးဖမ်းတဲ့စနစ်ပေါ့နော်။ ရေနက်ဆိုတာက အခု ဆရာမကြီးတို့ နိုင်ငံမှာ ဖမ်းနိုင်တာသည် မီတာ ၂၀၀ လောက်ပဲ ဖမ်းနိုင်ပါတယ် ရေအနက်ပေါ့နော်။ အဲလောက်ထိပဲ သွားနိုင်တဲ့ သင်္ဘောတွေ ရှိပါတယ်။ အဲဒါကြောင့်မို့လို့ သူ့ထက် နက်သွားတဲ့နေရာဆိုရင် ကိုယ့် ငါးဖမ်းသင်္ဘောက မသွားနိုင်ပါ ဘူး။ အဲတော့ ကိုယ့်ရေချိန်က အများကြီးပဲ အကျယ်ကြီး ရှိသေးတယ်ပေါ့နော်။ အဲဒီနေရာမှာဆိုရင် မီတာ ၁၅၀၀ တို့၊ မီတာ ၂၅၀၀ တို့ အဲဒီလောက်ထိ ဖမ်းနိုင်တဲ့ သင်္ဘောတွေက ရုရှားမှာပဲ ရှိတာလေ။ ဒီနိုင်ငံမှာ မရှိဘူး။ မရှိတဲ့ အတွက်ကြောင့် နည်းပညာကို ပူးပေါင်းပြီး ဆောင်ရွက်မယ်ဆိုရင် ကိုယ့်ရေချိန် အားလုံးမှာရှိတဲ့ ငါးကို ဖမ်းနိုင်တဲ့ သဘောမျိုး ဖြစ်သွားမှာပေါ့နော်။ အဲဒါမျိုးဖြစ်မှ နည်းပညာ ပိုပြီး တိုးတက်မှာပေါ့နော်” ဟု ပြောသည်။

ရုရှားငါးဖမ်းသင်္ဘောကိုတွေ့ရစဉ်
မြန်မာ့ပင်လယ်ပြင်ရှိ ငါးသံယဇာတ တည်ရှိနေမှုကို သုတေသနပြုလုပ်ရန်နှင့် အခြားကဏ္ဍများ ပူးပေါင်းဆောင် ရွက်ရန် မြန်မာ - ရုရှား နှစ်နိုင်ငံကြား သဘောတူ လက်မှတ်ရေးထိုးထားပြီဖြစ်ကြောင်း၊ လိုက်နာရမည့် စည်းကမ်း များကို ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း၊ နည်းပညာပူးပေါင်း ဆောင်ရွက်မှုများသည် မကြာခင် အကောင် အထည် ဖော်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရေနက် ငါးဖမ်းလုပ်ငန်းကို ရုရှား၏ နည်းပညာဖြင့် ဆောင်ရွက်မှုသည် နိုင်ငံတော်အတွက်သာ အဆင်ပြေ မည်ဖြစ်ပြီး ကမ်းရိုးတန်း ငါးဖမ်းလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ထူးခြားတိုးတက်မှုတော့ ရှိလာနိုင် ခြေ မရှိကြောင်း ကျောက်ဖြူမြို့နယ်မှ ကမာမွေးမြူရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးခင်အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပင်လယ်ငါးဖမ်း ရေနက်ထဲမှာရှိတဲ့ ငါးတွေကို ကျန်နေတဲ့ငါးတွေ ကမ်းရိုးတန်းမှာ မရှိတော့ဘူး။ ရေနက် မှာပဲရှိတဲ့ ငါးတွေကို ဖမ်းပြီး ထုတ်လုပ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ရှိတဲ့ ဆင်းရဲသား လူတန်းစားအတွက် ဘယ်လိုမှ အဆင်မပြေဘူး ဆိုတာတော့ သေချာတယ် ဦးလေးကတော့ ဒါပဲ ပြောချင်တယ်။ ဦးလေးတို့ လက်ရှိ ကမ်းရိုးတန်းမှာ လုပ်တဲ့သူတောင် သိန်း ၄/၅/၆ ရာလောက် ရင်းပြီးမှ ငါးနီတူတို့၊ ကင်းမွန်တို့ ဘာတို့ဆိုတာ မီးထွန်းပြီး မွေးတာလေ။ အဲဒါတွေကို ယိုးဒယားကလာတဲ့ နည်းပညာတွေနဲ့ ဖမ်းနေကြတာ။ အဲဒါတောင် ကမ်းရိုး တန်းမှာ မရှိတော့ဘူး။ ပိုက်ဆံနည်းနည်း မရှိတဲ့သူတွေ သိန်း ၁၀၀၊ ၂၀၀ နဲ့ လုပ်လို့ မရဘူး။ သိန်း ၄/၅/၆ ရာ လောက်မှ လုပ်လို့ရတာ။ ဒီလို ရုရှားကနေပြီး ပင်လယ်ရေနက်ထဲမှာ ငါးဖမ်းပြီး လုပ်မယ် တိုးတက်အောင် ကမ်းရိုးတန်းက လူတွေ တိုးတက်အောင် လုပ်မယ်ဆိုရင် ဒီကမ်းရိုးတန်းက လူတွေအတွက် အဆင်ပြေမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံ ကမ်းရိုးတန်းတလျှောက်လုံးက လူတွေပေါ့နော် အဆင်မပြေနိုင်ပါဘူး” ဟု ပြောသည်။

ငါးဖမ်းလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်းများတွင် ထိုင်းနိုင်ငံမှ နည်းပညာဖြင့်သာ ဆောင်ရွက် လျက်ရှိကြောင်း၊ ငါးဖမ်းလုပ်ငန်း တိုးတက်စေရန် နည်းပညာလိုအပ်သော်လည်း ငွေကြေး အရင်းအနှီးနှင့် ဈေး ကွက်များကို ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ငါးဖမ်းလုပ်ငန်းရှင်များထံမှ သိရသည်။
မြန်မာနိုင်ငံသည် ငါးသံယဇာတ ပေါများသော်လည်း ငါးဖမ်းဆီးရာတွင် အသုံးပြုသည့် ကိရိယာနှင့် နည်းပညာများ လိုအပ်နေကြောင်း၊ ပင်လယ်ပြင်တွင်လည်း မီတာ အနည်းငယ်တွင်သာ ဖမ်းဆီးနိုင်သေးကြောင်း၊ ရေနက်များတွင် ငါး၊ ပုစွန်များ ဖမ်းဆီးနိုင်သည့် နည်းပညာ မရှိကြောင်း၊ ရုရှားနှင့်ပူးပေါင်းနိုင်ပါက မြန်မာနိုင်ငံအတွက် နည်းပညာ နှင့် ကိရိယာပိုင်းဆိုင်ရာ အကူအညီများ ရရှိမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်က ပြော သည်။
- By CNI
- Category: စီးပွားရေး
- Hits: 1561
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄
ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာများကို အိမ်ပြန်ပို့ရမည့် ငွေပမာဏအား သတ်မှတ် ရန် ဆွေးနွေး ညှိနှိုင်းနေဆဲဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံတကာမှာက နိုင်ငံခြားကို သွားလုပ်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ဒီလိုပဲ ကိုယ့်မိခင်နိုင်ငံမှာ ရှိတဲ့ မိသားစုတွေ ဒါမှမဟုတ် သက်ဆိုင်တဲ့သူတွေကို ငွေလွှဲတဲ့ဥစ္စာက ပုံမှန် Practice ပါပဲ။ ကျနော်တို့ နိုင်ငံမှာ သာ အစိုးရကနေ တကယ့် ဖိဖိစည်းစည်းနဲ့ မလုပ်ခဲ့ဘဲနဲ့ သဘောကောင်းပြီး လွှတ်ထားခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ဒါက ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ပြောချင်တာက အာရှမှာဆို ဖိလစ်ပိုင်တို့ဘာတို့ ဆိုတာ ရွှေ့ပြောင်းလုပ်သားနဲ့ ပတ်သက်လာရင် အများအပြားပဲ နိုင်ငံတကာကို လွှတ်နေတာ ဖြစ်ပါတယ်။ ပြော ချင် တာကတော့ International Practice ဖြစ်တာကို ကျနော်တို့ နိုင်ငံအနေနဲ့လည်း လုပ်ဖို့ စဉ်းစားနေပြီ။
ဆောင်ရွက်နေတယ်။ ဆွေးနွေးနေဆဲပဲ ဖြစ်တယ်။ ဘယ်တော့စမယ် ဘယ်နှရာခိုင်နှုန်း ပို့ရမယ်။ ပြောချင်တာက လစာရဲ့ နှုန်းထားနဲ့သွားမလား၊ ရာခိုင်နှုန်းနဲ့ သွားမလား ဆိုတာကတော့ ဆွေးနွေးနေဆဲပဲ ဖြစ်ပါတယ်” ဟု ပြော သည်။
ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် MOU ဖြင့် သွားရောက် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများ အတွက်သာမက ပြည်ပနိုင်ငံများသို့ အေဂျင်စီများနှင့် ချိတ်ဆက်၍ သွားရောက် လုပ်ကိုင်မည့် သူများနှင့် မိမိအစီအစဉ်ဖြင့် သွား ရောက် လုပ်ကိုင်ကြမည့် သူများအတွက်ပါ ပါဝင်ကြောင်း သိရသည်။

အထည်ချုပ် လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်
ပြည်ပနိုင်ငံသို့ သွားရောက် လုပ်ကိုင်သည့် သူများတွင် ထိုင်းနိုင်ငံတစ်ခုတည်း မဟုတ်ဘဲ နိုင်ငံအများအပြားသို့ သွားရောက် လုပ်ကိုင်နေသူများ အားလုံးဖြစ်ကြောင်းလည်း သိရသည်။
ထိုသို့ အိမ်ပြန်ပို့ရမည့် အနည်းဆုံး ငွေပမာဏအား မည်သည့် ပုံစံဖြင့် လုပ်ဆောင်မည်ဆိုသည်ကို ဆွေးနွေးနေကြ ဆဲ ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောသည်။
အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက“ဒါကတော့ ဆွေးနွေးနေဆဲ ဖြစ်တယ်ဆိုတော့ အပြတ် ပြောလို့တော့ မရဘူး ပေါ့။ စာချုပ်နဲ့ ပြောမလား။ ညွှန်ကြားချက်အနေနဲ့ ထွက်မလားဆိုတာ ဒါက နည်းလမ်းက မျိုးစုံရှိတာပေါ့။
အေဂျင်စီ တစ်ခုတည်း ပြောလို့ရပေမယ့် အေဂျင်စီနဲ့ မချုပ်ဘဲနဲ့ အလွတ်ထွက်နေတဲ့ လူတွေလည်း ဒီတိုင်းရှိတာပဲ။ ကိုယ့်ဘာသာကိုယ် စားဖိုမှူးနဲ့ သွားနေတာရှိတယ်။ လေယာဉ်မောင်တွေရှိတယ်။ လေယာဉ်မောင်းတဲ့လူတွေရှိ တယ်။ ဆရာဝန်တွေရှိတယ်၊ သူနာပြုတွေရှိတယ်၊ IT ကျွမ်းကျင်သူတွေရှိတယ်။ individual သွားနေတဲ့ လူတွေရှိ တာပေါ့။ သင်္ဘောသားတွေလည်း ရှိတာပေါ့။ မျိုးစုံရှိတာပေါ့။ အားလုံးလွှမ်းခြုံတဲ့ အနေအထားမျိုးလည်းဖြစ်ရမယ်။ ပြည်ပကို သွားရောက် အလုပ်လုပ်တဲ့ ကိုယ့်နိုင်ငံက ရွှေ့ပြောင်းလုပ်သားပေါ့။ ပုံသဏ္ဍန်မျိုးစုံနဲ့ သွားတဲ့ရွှေ့ပြောင်း လုပ်သားတွေက နားလည်လက်ခံ ပါဝင်ဆောင်ရွက်တဲ့ အနေအထားမျိုး ဖြစ်အောင်ရယ်။ နောက် မျှတတဲ့ အနေ အထားမျိုး ဖြစ်အောင်ရယ်က function ပေါ့ အခြေအနေမျိုးစုံပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

သစ်စက်တစ်ခုကိုတွေ့ရစဉ်
လက်ရှိတွင် အေဂျင်စီများထံသို့ ထိုကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အကြောင်းအကြားထားခြင်းမျိုး မရှိသေး ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံမှ သိရသည်။
အစိုးရအနေဖြင့် ပြည်ပ နိုင်ငံခြားဝင်ငွေ လိုချင်သည့်အတွက်ကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဂျပန်သို့ပို့ဆောင်နေသည့် အေဂျင်စီတစ်ခုမှ ကိုနေဦးကိုက CNI သတင်းဌာနသို့ ပြောသည်။
ကိုနေဦးကိုက “တချို့တွေကျတော့ မပို့ကျတော့ဘူးပေါ့လေ။ တချို့ကျတော့ ဘဏ်တိုက်ရိုက် မဟုတ်ဘဲနဲ့ ဟွန်ဒီ နဲ့လွှဲတာ အဲဒါတွေကြောင့်ပါ။ သူတို့က အပြင်ပေါက်ဈေးနီးပါး ပေးထားပါတယ်။ CB ဘဏ်တို့ ဘာတို့ဆိုရင်လေ။ အဲဒါဖြစ်တဲ့အတွက် လွှဲမယ်ဆိုရင်တော့ ရတာပေါ့။ အရင်တုန်းကကျတော့ ငွေကြေးက အရမ်းကွာဟနေတဲ့ အတွက်ကြောင့် ဟိုဟာနဲ့လွှဲကြတာဆိုပေမယ့် အခုက အပြင်ပေါက်ဈေးနဲ့ ပေးထားတာဆိုတော့ လွှဲမယ်ဆိုရင် တော့ ဟိုလိုကြီး ထိခိုက်မှုတော့ မရှိပါဘူး။ တစ်လဘယ်လောက် လွှဲရမယ်ဆိုတာထက် တစ်နှစ် ဘယ်လောက် လွှဲရမယ်ဆိုတာ ဖြစ်ဖို့ပိုများလားလို့။ ဒီဥစ္စာကြတော့ ဘဏ်တိုက်ရိုက်ကျတော့ အစိုးရထဲကို နိုင်ငံခြားငွေ စီးဆင်း တာကို။ တချို့ကျတော့လည်း အဲဒီလိုမလုပ်ချင်ဘူး” ဟု ပြောသည်။
လက်ရှိတွင် ပြည်ပရောက် မြန်မာအများစုသည် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် နိုင်ငံခြားငွေ ပေါက်ဈေးနှင့် အပြင် ပေါက်ဈေးမှာ ဈေးနှုန်း ကွာဟချက်များ ရှိသည့်အတွက် ဘဏ်မှတဆင့် ငွေလွှဲခြင်းအစား အခြားပြင်ပ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများမှ တဆင့် ငွေလွှဲပို့ကြကြောင်း သိရသည်။
ထို့ကြောင့် ပြည်ပရောက် ရွှေ့ပြောင်း အလုပ်သမားများအတွက် ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ အသိပညာပေးခြင်း များအား ဆောင်ရွက်သွားရန် ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
- By CNI News
- Category: စီးပွားရေး
- Hits: 2029
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃
နိုင်ငံတော်အနေဖြင့် ပြည်တွင်းလည်ပတ် သုံးစွဲငွေများ ရှိပြီးဖြစ်ပြီး စီးပွားရေးလုပ်ငန်းအတွက် လိုအပ်သည့် ချေးငွေများကိုလည်း အတတ်နိုင်ဆုံး ထုတ်ပေးသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃ ရက်နေ့က ရန်ကုန်မြို့မှာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်(UMFCCI)နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်းများဖြင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အသေးစားနှင့်အငယ်စား စက်မှုလုပ်ငန်းများသည် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အဓိက ရည် ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်အခွင့်အလမ်း ရရှိရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်း များကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်ကာလ ချေးငွေများ နိုင်ငံတော်သို့ ပြန် လည် ပေးဆပ်ရန် အခက်အခဲများ ဖြစ်ပေါ်နေမှုအတွက် ကာလတစ်ခု သတ်မှတ် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေများ ရရှိ ရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထို့နောက် လာမည့် ဘတ်ဂျက်ကာလများတွင် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးရံပုံငွေအတွက် ထည့်သွင်းလျာ ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ရရှိရန်ကျန်ရှိသည့် ချေးငွေများ ပြန်လည်ရရှိမည်ဆိုပါက ချေးငွေ များကို ပိုမိုပြည့်ဝစွာ ထပ်မံ ထုတ်ချေးငွေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းလည်ပတ် သုံးစွဲငွေ များ ရှိပြီးဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် ချေးငွေများကိုလည်း အတတ်နိုင်ဆုံးထုတ် ပေးသွား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
နိုင်ငံတော်အနေဖြင့် အခြေခံလိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း၊ MSME လုပ်ငန်းများအတွက် မြေနေရာလိုအပ်မှုကို နိုင်ငံတော်မှ မြေနေရာများ ချမှတ်ဆောင်ရွက် ပေးလျက်ရှိ ကြောင်း၊ စိုက်ပျိုးမြေများပေါ်တွင် စက်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက သီးနှံထွက်နှုန်း နည်းပါးသွားမည် ဖြစ်ကြောင်း၊ စားရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် မြေနေရာများကိုမူ ခွင့်ပြုပေး၍ ရနိုင်မည်မဟုတ်ဘဲ မြေလွတ်မြေရိုင်းများပေါ်တွင် စက်မှုလုပ်ငန်းဆောင်ရွက်နိုင်ရေး နိုင်ငံတော်မှ ခွင့်ပြုပေး လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့နောက် အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ဝင်စားမှု ရှိရမည် ဖြစ်ပြီး စီးပွားရေးသည် နိုင်ငံတစ်ခု၏ အသက်ပင်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးပြိုကွဲပါက နိုင်ငံပြိုကွဲမည်ဖြစ်ကာ နိုင်ငံရေး မတည်ငြိမ်မှုများကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခုတွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေး မောင်းနှင်အား၊ ကာကွယ်ရေးမောင်းနှင်အားများ လိုအပ်ပြီး စီးပွားရေးကောင်းမွန်မှသာ နိုင်ငံတည်ငြိမ်မည် ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1733
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃
မြန်မာနိုင်ငံအတွင်းရှိ စက်သုံးဆီ တင်သွင်းသည့် ကုမ္ပဏီများကို စက်သုံးဆီ တင်သွင်းရာတွင် ဗဟိုဘဏ်သို့ တရုတ်ယွမ်ငွေဖြင့် ပေးချေနိုင်ကြောင်း သတ်မှတ်ချက်ကြောင့် စက်သုံးဆီ လုပ်ငန်းရှင်များအတွက် ကောင်းမွန်ပြီး အဆင်ပြေလာမည်ဟု ရန်ကုန်အခြေစိုက် Economic Development Initiative မှ မန်နေဂျင်း ဒါရိုက်တာ ဦးဌေး အောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
ပြည်တွင်းရှိ စက်သုံးဆီ တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် စက်သုံးဆီတင်သွင်းရာတွင် ဗဟိုဘဏ်မှ ရယူထား သည့် နိုင်ငံခြားငွေများကို ပြည်လည်ပေးချေရာ၌ တရုတ်ယွမ်ငွေဖြင့် ပြန်လည်ပေးချေနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက်က ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် စက်သုံးဆီ တင်သွင်းသူများအနေဖြင့် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ဝယ်ယူရ ခက် ခဲခြင်းနှင့် ဈေးနှုန်း ကွာဟချက်များ အဆင်ပြေလာနိုင်မည်ဟု Economic Development Initiative မန်နေဂျင်း ဒါရိုက်တာ ဦးဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

တရုတ် ယွမ်ငွေကို တွေ့ရစဉ်
၎င်းက “ဒေါ်လာတစ်ခုတည်း ပေးချေရတာနဲ့စာလို့ရှိရင် ယွမ်နဲ့ ဘာညာ ပေးချေခွင့်ရှိတယ် တစ်ဖက်က လက်ခံ တယ်ဆိုလို့ရှိရင် ယေဘုယျအားဖြင့် ပိုကောင်းတာပေါ့လေ။ ဘာလို့လဲဆိုတော့ ပေးချေရမယ့်လူမှာ Choice ပိုများ သွားတာပေါ့။ Choice ပိုများတဲ့ အခါကျတော့ ပိုလွယ်ကူသွားတာပေါ့ ဒါကတော့ ကောင်းပါတယ်။ စက်သုံးဆီ တင်သွင်းတဲ့သူတွေရဲ့ အခက်အခဲက နိုင်ငံခြားငွေလေ ရိုးရိုးလေးပြောရင် နိုင်ငံခြားငွေပေါ့။ နိုင်ငံခြားငွေလို့ပြောရင် ယူရိုဖြစ်ဖြစ်၊ ဒေါ်လာဖြစ်ဖြစ်၊ ယွမ်ဖြစ်ဖြစ်ပေါ် သုံးလို့ရတယ်ဆိုလို့ရှိရင် ဒါ သူတို့အတွက် အဆင်ပြေတာပေါ့လေ” ဟု ပြောသည်။
နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ အစည်းဝေးဆုံး ဖြတ်ချက်အရ ပြည်တွင်းရှိ စက်သုံးဆီ တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် Trade Financing ရယူထားသည့် နိုင်ငံခြားငွေများ ပြန်လည်ပေးချေရာတွင် တရုတ် ယွမ် ငွေဖြင့်ပါ ပြန်လည်ပေး ချေနိုင်သည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
ပြည်တွင်းရှိ စက်သုံးဆီ လုပ်ငန်းရှင် အများစုသည် စက်သုံးဆီတင်သွင်းသည့် လုပ်ငန်း တစ်ခုတည်းကိုသာ လုပ်ကိုင်ကြခြင်းမဟုတ်ဘဲ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့သည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည့်အတွက် ရရှိထားသည့် တရုတ်ယွမ်ငွေများကို စက်သုံးဆီအတွက် ပေးချေရာတွင်လည်း အသုံးပြု၍ ရနိုင်သွားခြင်းဖြစ်သည်။

ဆီဘောက်ဆာ ကားကိုတွေ့ရစဉ်
ထို့နောက် ဗဟိုဘဏ်အနေဖြင့် ၎င်း၏ အရံငွေကြေးကို တရုတ်ယွမ်ငွေဖြင့် ထားရှိလိုသည့် သဘော ဖြစ်နိုင်သည် ဟု မြန်မာ့စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။
၎င်းက “ဥပမာပေါ့လေ စက်သုံးဆီဆိုင် ရှိတယ်။ နောက် တစ်ဖက်ကလည်း တရုတ်ကို ဆန်တွေ ဘာတွေ ပို့နေ တယ်။ ဆန်ပို့လို့ရတဲ့ Export Earning က ယွမ်နဲ့ရမယ်။ စက်သုံးဆီ ဝယ်တဲ့အခါမှာ ဒေါ်လာနဲ့ ဗဟိုဘဏ်က ချေးပြီးတော့ ဝယ်ထားတယ်ဆိုလို့ရှိရင် Export Earning ကရတဲ့ ယွမ်ကို ဒေါ်လာပြန်လဲစရာ မလိုတော့ဘူး။ တစ်ခါတည်း ယွမ်နဲ့ ဆပ်လို့ရတာပေါ့။ ကောင်းကျိုးအနေနဲ့ အဲဒါပေါ့။ ရတဲ့ယွမ်ကို ဒေါ်လာနဲ့ ပြန်လဲစရာ မလိုတဲ့ အတွက် အဲဒီ Transition cost ကျသွားတယ်။ နောက်တစ်ခုက ယွမ်က မြန်မာပြည်က တရုတ်နဲ့ အများဆုံး Export လုပ်နေရတော့ ယွမ်လည်း သုံးဖို့ လိုတယ်လေ။ အဲဒီဟာရှိတယ်။ နောက် ထင်တယ် ဗဟိုဘဏ်ကလည်း သူ့အရံငွေကြေးကို အရင်တုန်းက အရံငွေကြေးကို ဒေါ်လာထားတယ်။ စင်္ကာပူဒေါ်လာထားတယ်။ ဂျပန်ယန်း ထားတယ်။ အခုတော့ တရုတ်ယွမ်နဲ့ပါ ထားမယ့်သဘော ရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပြည်တွင်းတွင် စက်သုံးဆီ တင်သွင်းမှုအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် သုံးစွဲနေရကြောင်း၊ ယခု စက်သုံးဆီအတွက် ယွမ်ငွေဖြင့် ပေးချေ၍ ရခြင်းကြောင့် ပြင်ပ ဒေါ်လာဈေးနှုန်းနှင့် ဗဟိုဘဏ်၏ ဒေါ်လာ သတ်မှတ်ဈေးနှုန်း မတူညီသည့်အတွက် ဈေးနှုန်းကွာဟချက်များ သက်သာစေမည် ဖြစ်ကြောင်း၊ ဒေါ်လာ လိုအပ် ချက်လည်း လျော့လာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1687
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁
မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်းဒေသအတွင်း နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် ကုန်ကားများနှင့် ကုန်ကားသမားများသည် အဆိုပါဒေသဘက်သို့ သွားရောက်မှု နည်းပါးနေပြီး နယ်မြေခံကုန်ကားများသာ သွားရောက်တော့ကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များနှင့် ကုန်တင် ယာဉ်မောင်းများထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသအတွင်း ကုန်တင်ကားများနှင့် ခရီးသည်တင်ယာဉ်များ ပစ်ခတ်ခံရမှုများ ရှိခြင်းကြောင့်နှင့် ကန့်သတ်ကုန်စည်များ ရှိနေသည့်အတွက် ကုန်ကားသမားများသည် စစ်ကိုင်းတိုင်းကို ရှောင်ရှားလာကြခြင်း ဖြစ်သည်ဟု အဝေးပြေးကုန်တင်ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုခင်မောင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။
“နယ်မြေခံကားတွေပဲ သွားကြတာပေါ့။ တခြားတိုင်းနဲ့ပြည်နယ် ကားတွေကျတော့ သူတို့ ရှောင်ကြတာပေါ့။ အသွားအလာ ရှောင်ကြတာပေါ့။ နည်းနည်းလေး အန္တရာယ်များလို့ပေါ့။ အန္တရာယ်များတာက အစစ်အဆေး တွေလည်း များတယ်။ အဲဒါမျိုးတွေပေါ့။ တချို့ကုန်စည်ဆိုလည်း ဥပမာ တချို့တင်တဲ့ကုန်တွေဆို ဘယ်ဟာက ဘာပစ္စည်း ဘယ်ဟာက ဘာပစ္စည်း တချို့ကျတော့ နားမလည်ကြဘူးလေ အဲဒါမျိုးပေါ့။ မုံရွာတို့၊ ရွှေဘိုတို့ဆိုရင်တော့ သူတို့သတ်မှတ်ထားတဲ့အချိန်တွေ ဘာတွေနဲ့ သွားရတာပေါ့” ဟု ပြောသည်။
ထိုသို့ စစ်ကိုင်းတိုင်းသို့ သွားရောက်မည့် ကုန်တင်ယာဉ် မရှိသည့်အတွက် ကုန်သည်များအနေဖြင့် ၎င်းတို့ ပို့ဆောင်မည့် ကုန်စည်များ အချိန်မှီမရောက်နိုင်ခြင်းတို့ကြောင့် အခက်အခဲရှိလာပြီး ပို့ဆောင်မှု မပြုလုပ်ကြခြင်း များလည်း ရှိလာကြောင်း သိရသည်။
ထို့ကြောင့် ၎င်းဒေသများသည် ကုန်စည်ရှားပါးမှုနှင့် ကြုံတွေ့နိုင်သည်ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မသွားတဲ့သူကတော့ အခက်အခဲတော့ မရှိပါဘူး။ မသွားတာက မသွားရုံပါပဲ အခက်အခဲတော့ မရှိပါဘူး။ ဒါပေမယ့် ကုန်သည်တွေကတော့ သူတို့သွားချင်တာ၊ သူတို့ရောက်ချင်တဲ့အချိန်၊ သူတို့ရောက်မယ့်နေရာကို ချက်ချင်း ကားတွေဘာတွေ ငှားမရတော့ သူတို့အတွက် အခက်အခဲရှိတာပေါ့။ ကားတွေမှာတော့ မသွားတော့ အခက်အခဲမရှိဘူးပေါ့နော် ကိုယ့်ဟာကိုယ် မသွားဘူး ပြောလိုက်ရုံပေါ့။ ဒါပေမယ့် ကုန်သည်တွေကတော့ သူတို့ စားသောက်ကုန်တွေ၊ သူတို့လိုချင်တဲ့အချိန်၊ သူတို့ရောက်ချင်တဲ့အချိန်၊ သူတို့ငှားချင်တဲ့အချိန် ငှားမရတာတို့ အဲလိုမျိုးတွေတော့ ဖြစ်ပေါ်တာပေါ့။ အဓိကတော့ ကုန်သည်တွေက အခက်အခဲ ဖြစ်သွားတာပေါ့။
ကုန်သည်တွေ အခက်အခဲဖြစ်တော့ စားသောက်ကုန်တွေလည်း ဟိုဘက်မှာ ရှားပါးမှုတွေ ဖြစ်သွားတာပေါ့” ဟု CNI သို့ ပြော သည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းရှိ မြိတ်မြို့နှင့် ထားဝယ်မြို့တွင် စစ်ဆေးမှုများ တင်းကျပ်လျက် ရှိနေပြီး တချို့သောနေရာများတွင် ငွေကြေးတောင်ခံမှုများ ရှိသည်ဟု အဝေးပြေးခရီးသည်တင် ယာဉ်မောင်း တစ်ဦးက ပြောသည်။
“ရှိတာပေါ့ ဒါတွေက စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီးတော့။ ဒီလို ပဋိပက္ခဖြစ်ပြီဆိုမှတော့။ ပုံမှန်အေးအေးချမ်းချမ်း တော့ ဘယ်ရှိမလဲ။ အခုလောလောဆယ်ကတော့ စစ်ကိုင်း၊ မုံရွာဘက်တွေတော့ ဆိုးမှာပေါ့။ ကျန်တဲ့ နည်းနည်း ပါးပါး အစစ်အဆေးကြမ်းတာကတော့ အောက်ပိုင်း မြိတ်၊ ထားဝယ်ဘက်တွေမှာ စစ်ဆေးရေး နည်းနည်းကြမ်း တယ်ပေါ့။ အစ်ကိုတို့ သွားတဲ့လမ်းကြောင်းကတော့ စစ်ဆေးရေးနဲ့ ပတ်သက်လို့ နည်းပါတယ်။ သိပ်မစစ်ဘူး ပိုက်ဆံပဲတောင်းတာ” ဟု CNI သတင်းဌာနသို့ ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း ရွှေဘို၊ ဒီပဲယင်း၊ တန့်ဆည်၊ မင်းကင်း၊ ကနီ မြို့နယ်များတစ်လျှောက်တွင် မြန်မာ့ တပ်မတော်နှင့် ဒေသကာကွယ်ရေးတပ်(PDF)များအကြား မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဥ် အများအပြား ပိတ်မိမှုများလည်း ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2177
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀
ရန်ကုန်နှင့် မန္တလေးတို့တွင် မကြာခင်ကျရောက်တော့မည့် သီတင်းကျွတ်ရုံးပိတ်ရက်၌ ခရီးသွားကြရန် ခရီးသွား Express ကားအပါအဝင် ကားစင်းလုံးငှားခြင်းကို ကြိုတင်ဘိုကင်ယူထားမှု များပြားနေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ကိုင်သူများက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “တချို့ရက်တွေဆို တော်တော်လေး ဘိုကင်တွေကြပ်ကုန်ပြီ ကားတွေလေ။ မိသားစုသွားမယ့် သူတွေကျတော့လည်း ၄ ယောက်စီး ၅ ယောက်စီး ပေါ့နော်။ ကားအလတ်တွေပေါ့။ ဒါမျိုးတွေကနေ ၁၀ ယောက် ၁၅ ယောက်စီးတဲ့ကားတွေအထိတောင်ပေါ့ အဲဒါတွေကိုလည်း ငှားကြတာတွေရှိပါတယ်။ နောက်တစ်ခါ အဖွဲ့လိုက်သွားမယ့်သူတွေကတော့ ၂၉ ယောက် စီးတို့၊ ၃၃ ယောက်စီးတို့၊ ၄၅ ယောက်စီးတို့ တချို့တွေကျတော့လည်း ကုမ္ပဏီအလိုက်ပေါ့ အဲဒါတွေလည်း ငှားရမ်းတာတွေရှိတယ်။ ဒါကြောင့်မို့လို့ ဒီရက်တွေမှာတော့ ၈ လပိုင်း ၉ လပိုင်းလောက်မှာ အေးနေခဲ့တဲ့ ပြည်တွင်းခရီးသွားပြန်ပြီး လှုပ်ရှားလာတယ်ပေါ့။ ပြီးခဲ့တဲ့ လတွေနဲ့ နှိုင်းယှဉ်ရင်တော့ ဒါက နှိုင်းယှဉ်လို့တော့ မရဘူး။ ဒီဟာက ရာသီက ပွင့်လင်းရာသီရောက်သွားရင် ခရီးသွားကတော့ သူ့ဟာသူ ပိုများသွားတာပဲလေ။ ပြီးခဲ့တဲ့လတွေကကျတော့ မိုးတွင်းရာသီလည်းဖြစ်တဲ့အတွက်ကြောင့် မြန်မာလူမျိုးတွေလည်း ဝါတွင်းကာလ ဖြစ်တဲ့အတွက် ခရီးသွားတာတွေ သိပ်ပြီးတော့ မရှိဘူးပေါ့။ သွားတာတွေ ပုံမှန်အားဖြင့်ဆိုလည်း နည်းတယ်။ ဒီမိုးရာသီမှာကျတော့ မိုးရွာနေတာက ခရီးသွားတဲ့အခါ အနှောင့်အယှက် ဖြစ်တယ်လေ။ ၁၀ ချိုး ၁ ချိုး လောက်ကို ဟိုဟာဖြစ်တယ်။ ဆိုလိုတာက ပုံမှန်ပွင့်လင်းရာသီမှာ ၁၀၀ လောက်လာတယ်ဆိုရင် ဒီမိုးရာသီ ဖြစ်တဲ့အချိန်မှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ သွားလာကြတာရှိပါတယ်။ အဲဒီလောက်ကို နည်းပါတယ်” ဟု ပြောသည်။
ထိုသို့ ကြိုတင်ဘိုကင်တင်ထားကြသည်များရှိသကဲ့သို့ ကားစင်းလုံးငှားရန်အတွက် ဈေးနှုန်း စုံစမ်းမေးမြန်းသူများ မှာလည်း များပြားနေကြောင်း သိရသည်။
ကားစင်းလုံးငှားရန်အတွက် ကြိုတင်ဘိုကင်ယူထားသူများတွင် ဘုရားဖူးဒေသနှင့် ကမ်းခြေဒေသများသို့ သွား ရောက်ကြရန် ငှားသည့်သူများပြားကြောင်းလည်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် ခရီးသွား ဝန်ဆောင်မှု လုပ်ဆောင်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

GI Group မှ Express ကားများကို တွေ့ရစဉ်(ဓါတ်ပုံ-GI Group)
ရွှေရည်ဆုဝေ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “ကားကတော့ ၄၅ ယောက်စီးတွေများတယ်။ အခုကတော့ နီးနီးနားနားပေါ့နော်။ ပြင်ဦးလွင်တို့ ပုဂံညောင်ဦးတို့၊ တောင်ကြီး၊ အင်းလေး၊ ကလောတို့ ဒီလောက် ပဲ။ တအားလည်း အဝေးကြီးမသွားကြဘူး။ ခေတ်မကောင်းတော့ သိပ်မသွားကြဘူးပေါ့ အဝေးကြီးတော့။ ပြီးခဲ့တဲ့ လတွေနဲ့ ယှဉ်ရင်တော့ မဆိုးပါဘူး။ မဆိုးဘူးပေါ့နော်။ ဟိုအရင်တုန်းက ခေတ်ကောင်းသလိုကြီးတော့ မလိုက် ရဘူးပေါ့” ဟု ပြောသည်။
လက်ရှိတွင် ကားစင်းလုံးငှားရန် ကြိုတင်ဘိုကင်ယူထားသည့် ကားများမှာ မိသားစု ၄ ယောက်၊ ၅ ယောက်စီး သည့် အိမ်စီးကားများနှင့် ခရီးသွား Express ကားတို့ကို အများစုက ငှားရမ်းရန် ဘိုကင် တင်ထားကြကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ကိုင်သူများက CNI သတင်းဌာနသို့ ပြောသည်။
ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများတွင် ကားအမျိုးအစားနှင့် ခရီးသွားမည့် နေရာအပေါ်မူတည်ကာ ဈေးနှုန်း ကွာခြားချက်များရှိကြောင်းလည်း ခရီးသွားဝန်ဆောင်မှု လုပ်ကိုင်သူများက CNI သတင်းဌာနသို့ ပြောသည်။
မန္တလေးမြို့ရှိ ဝေယံထက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ ကိုဝေယံထက်က “မန္တလေးကတော့ အရင်တုန်းက ထက်စာရင် နည်းနည်းများလာတယ်။ ကျနော်တို့က တစ်စီးလုံးကို တစ်သိန်းခွဲကျပါတယ်။ ရန်ကုန်ကနေ နေပြည်တော် အိမ်အရောက် ငွေချေစနစ်နဲ့ပါ။ ရန်ကုန်ကနေ မန္တလေးဆိုရင် နှစ်သိန်း နှစ်သောင်းပါ။ မန္တလေးက မန္တလေးဈေး ပြင်ဦးလွင်က ပြင်ဦးလွင်ဈေးပါ။ လက်ရှိ အခု မန္တလေး နေပြည်တော်ကို ဦးစားပေးနေပါတယ်။ များသောအားဖြင့် ၁၀၀ မှာ ၆၀ လောက်က အဲဒါကိုယူထားပါတယ်။ ကျနော်တို့ အဓိကကတော့ မြန်မာနိုင်ငံ မှတ်ပုံတင်တော့ လိုအပ်တယ်။ နိုင်ငံသားမှတ်ပုံတင်မပါဘဲနဲ့ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ အိမ်ထောင်စုစာရင်း ခိုင်ခိုင်လုံလုံ ရှိတယ်ဆိုရင် ကျနော်တို့ကားကို ငှားလို့ရပါတယ်။ ကျနော်အောက်က ကျနော့် ယာဉ်မောင်းတွေရှိတယ်။ ကျနော့် ယာဉ်မောင်းပါမှ ကျနော်က ချပေးတာ။ ဒီကားရဲ့တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ရှိသေးတယ်လေ။ အဲဒီတော့ ကားတစ်စီးလုံး အလွတ်ကြီး ကျနော်မပေးဘူး။ ကျနော်ယာဉ်မောင်းပါမှ ဒီကား ပေးလို့ရမှာ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်နှင့် နိုင်ငံရေးအခြေအနေတို့ကြောင့် ခရီးသွားလုပ်ငန်းများမှာ ရပ်နားထားရသည့် အနေ အထား၌ ပြီးခဲ့သည့် သင်္ကြန်ကာလကမှ စတင်ကာ ပြန်လည်အသက်ဝင်လာခြင်းဖြစ်သည်။
လာမည့် အောက်တိုဘာလမှ စတင်ကာ ပွင့်လင်းခရီးသွားရာသီသို့ ရောက်ရှိပြီဖြစ်သည့်အပြင် သီတင်းကျွတ် ပိတ်ရက်၊ တန်ဆောင်တိုင်ပိတ်ရက်၊ ခရစ္စမတ်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်တို့မှာ ဆက်တိုက် ရောက်ရှိလာမည် ဖြစ်သည့်အတွက် ပြည်တွင်းခရီးသွားလာမှုသည် ယခုထက်ပိုမိုများပြားလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ကိုင်သူများက သုံးသပ်ထားကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1730
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀
မြန်မာနိုင်ငံအတွင်း ငွေကြေးဖောင်းပွမှု တည်ငြိမ်မှသာ ဘဏ်သို့ငွေအပ်ခြင်းနှင့် အတိုးနှုန်း ခံစားခြင်းတို့ကို ပြည်သူများအနေဖြင့် လုပ်လာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့်ပညာရှင်များက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များသည် ပြည်သူများ ဘဏ်သို့ ငွေအပ်နှံမှု ပိုများလာစေရန် အတိုးနှုန်း မြှင့်တင်မှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံသူ/သားများသည် ငွေကြေးဖောင်းပွမှုကြောင့် မြန်မာကျပ်ငွေကို ကိုင်ဆောင်ထားခြင်း မပြုဘဲ ရွှေ၊ အိမ်ခြံမြေ စသည့် အရောင်းအဝယ် လုပ်ငန်းများတွင် လုပ်ကိုင်လာကြကြောင်း၊ လက်ရှိ မြန်မာကျပ်ငွေ ဖောင်းပွမှု တည်ငြိမ်မှသာ ဘဏ်သို့ ငွေကြေးအပ်နှံခြင်းနှင့် ဘဏ်အတိုးနှုန်း ခံစားခွင့်များကို မျှော်လင့်လာနိုင်သည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအုန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
ဦးအုန်းမြင့်က “လေးလေးရဲ့ အမြင်ကို ပြောမယ်ဆိုရင် အခုကမ္ဘာမှာ လုပ်နေတဲ့ system ပေါ့။ ဥပမာဆိုပါစို့ ရွှေကို ရွှေဈေးကို တက်စေချင်တယ်ဆိုလို့ရှိရင် သူတို့က အတိုးနှုန်းတွေကို လျှော့ချ၊ နောက်ဆုံး မပေးတော့ဘူးဆိုရင် လူ တွေက ဘာဖြစ်လဲဆိုတော့ ဘဏ်ထဲက ထုတ်ပြီး ရွှေဝယ်မယ်ပေါ့ ဒါက ဥပမာ။ အတိုးနှုန်းတွေကို မြှင့်ပေးလိုက်ပြီ ဆိုရင် သေချာတဲ့ အတိုးနှုန်းကိုပဲ ယူမယ်။ ရွှေဈေးက တက်မတက် မသိဘူးဆိုပြီးတော့ ရွှေတွေကို သူတို့က ရောင်း ပြီးတော့ ဘဏ်အတိုးကို ထိုင်စားမှာပေါ့။ ဆိုတဲ့အတွက်ကြောင့် ဒီမှာလည်းပဲ အဲလိုမျိုးကို ဖြစ်သွားပြီဆိုရင်တော့ အဲတော့ ဘဏ်အတိုးကို ထိုင်စားမယ့်သူ အဲလိုလူမျိုး များရင်တော့ တမျိုးပေါ့။ ဒါပေမယ့် ဒီမှာက အကြောင်း ကြောင်းကြောင့် လူတွေကလည်း ဘဏ်ကို အခုမှ ပြန်ပြီးတော့ ယုံကြည်မှုကို ပြန်တည်ဆောက်ရမယ်ဆိုတော့ အချိန်တော့ ယူရမယ်လို့ ထင်တယ်။ နောက်တစ်ခုက ငွေကြေးဖောင်းပွဲတဲ့နှုန်းတွေ တည်ငြိမ်ဖို့အတွက် ဒါတွေက လိုအပ်ပါတယ်။ ငွေကြေးတည်ငြိမ်မှ ဖောင်းပွမှု တည်ငြိမ်မှသာလျှင် လူတွေက ဘဏ်အတိုးကို ထိုင်စားမှာပေါ့။ ငွေကြေးဖောင်းပွတာ မရပ်ဘူး။ ငွေကြေးဖောင်းပွ နေတယ်ဆိုရင်တော့ သူသူကိုယ်ကိုယ် ပစ္စည်းတစ်ခုကို ခိုင်တဲ့ ပစ္စည်းတစ်ခုကို ဝယ်ထားမှာပေါ့။ ငွေကြေးက တည်ငြိမ်နေတယ်ဆိုရင်တော့ သေချာတယ်လေ ဘဏ်အတိုးဆို တာ” ဟု ပြောသည်။

ဘဏ်လုပ်ငန်း လည်ပတ်နေသည်ကိုတွေ့ရစဉ်
ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် တစ်ခုဖြစ်သည့် AGD ဘဏ်သည် လာမည့် အောက်တိုဘာလ ၁၄ ရက်နေ့အထိ Promotion ကာလအတွင်း ငွေချက်ချင်းအပ် အတိုးချက်ချင်းယူနိုင်မည့် ကြိုယူအကောင့်ကို လာရောက် အပ်နှံ မည်ဆိုပါက အထူးပြုလုပ်ပေးထားသည့် ငွေစုသက်တမ်းများနှင့် မြင့်မားသော အတိုးနှုန်းများ ရရှိမည်ဟု ထုတ်ပြန် ထားသည်။
အလားတူ CB ဘဏ်၊ KBZ ဘဏ်နှင့် AYA ဘဏ်များကလည်း ဘဏ်အတိုးနှုန်းများကို ပရိုမိုးရှင်း ကာလအတွင်း အတိုးနှုန်း တိုးမြှင့် သတ်မှတ်ထားကြောင်း ကြေညာချက် အသီးသီး ထုတ်ပြန်လာကြသည်ကို တွေ့ရှိရသည်။
KBZ ဘဏ်က ရက် ၁၀၀ ပုံသေအပ်ငွေ အပ်နှံရာမှာ အတိုးနှုန်း အနေဖြင့် ၉.၁ ရာခိုင်နှုန်း အနိမ့်ဆုံး အပ်နှံငွေသည် ကျပ်သိန်း ၁၀၀ ဟုလည်းကောင်း၊ AYA ဘဏ်က ကျပ်သိန်း ၅၀ အောက်အတွက် ၉.၃၀ ရာခိုင်နှုန်းနှင့် သိန်း ၅၀ အထက်အတွက် ၉.၆၀ ရာခိုင်နှုန်းဟူ၍ အသီးသီး ထုတ်ပြန်လျက် ရှိသည်။
ယခုလို ဘဏ်များက အတိုးနှုန်း တိုးမြှင့်သည့် နေခြင်းသည် ပြင်ပတွင် ရောက်ရှိနေသော ကျပ်ငွေများကို ဘဏ်သို့ အပ်နှံလာစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း အမည်မဖော်လိုသည့် မြန်မာ့စီးပွားရေးပညာရှင် တစ်ဦး က ပြောသည်။
၎င်းက “အခု အပြင်မှာ လုပ်ငန်းတွေ လုပ်နေတဲ့ဟာက တချို့ဟာသည် ဘဏ်အတိုးတောင် မရဘူးပေါ့လေ။ ဒါပေမယ့် အလုပ်သမား စရိတ်အတွက်ရယ်၊ ကိုယ့်လုပ်ငန်း ရေရှည်အတွက် ကြည့်ပြီးတော့ လုပ်နေရတာရှိတယ်။ နောက်တစ်ခုက ဗမာငွေက အပြင်ဈေးကွက်ထဲမှာပဲ ပျံ့နေတယ်။ အမှန်က ဘဏ်ကနေတဆင့် သွားရမှာ။ အရောင်းအဝယ် ဘာညာ ဘဏ်အကောင့်ကနေ သွားရမှာ။ အခု ဒီမှာက ငွေထုပ်ကြီးနဲ့ပဲ လုပ်နေတယ်ဆိုတော့ ဘဏ်ကထုတ်လာတဲ့ ပိုက်ဆံက ဘဏ်ကို ပြန်မသွားတော့ဘူး။ အဲဒီဟာအတွက် ဘဏ်က incentive (မက်လုံး) ပေးတဲ့သဘောလည်း ဖြစ်မှာပေါ့။ နောက်တစ်ခုက ဗဟိုဘဏ် စည်းမျဉ်းကလည်း ရှိတယ်လေ။ သူ့အပ်နှံငွေရဲ့ ဘယ်လောက် ရာခိုင်နှုန်းကို အရန်ငွေအဖြစ် ထားရမယ်။ မထားလို့ရှိရင် ဒဏ်ကြေးတပ်မယ် ဘာညာရှိတယ်။ အဲဒီ လိုထားရမယ့် result money မပြည့်တာလား၊ ဒါမှမဟုတ် သိပ်နည်းနေလို့လား ဒါမျိုးတွေလည်း ဖြစ်နိုင်တာပေါ့ လေ။ ဒါက ဘဏ်ရဲ့ အသေးစိတ်စာရင်း ကြည့်မှပဲ ရမှာပေါ့။ ဗဟိုဘဏ်ရဲ့ pressure ကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုကတော့ ဘဏ်ကနေပြီးတော့ အထွက်ပဲရှိတယ်။ အဝင်ထက် အထွက်က ပိုများနေတယ်ပေါ့။ ဆို တော့ ဘဏ်က ဘာမှအလုပ်လုပ်လို့ မရဘူး။ ဘဏ်ဆိုတာက အပ်ငွေလက်ခံ၊ ချေးငွေပြန်ထုတ်ပေး။ အဲဒီ ကြားထဲ မှာကိုပဲ အဓိကထားပြီး စားရတာလေ။ အဓိက အပ်ငွေအတိုးနှုန်းနဲ့ သူတို့ ထုတ်ချေးတဲ့ အတိုးနှုန်းရဲ့ ကွာခြားချက် ကို သူတို့က စားရတာ။ သူတို့ဆီမှာ အပ်ငွေမရှိရင် ချေးငွေလည်း ထုတ်ချေးလို့ မရဘူးလေ။ ဆိုတော့ အဲဒီအပိုင်း တွေလည်း ပါမှာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဘဏ်လုပ်ငန်း လည်ပတ်နေသည်ကိုတွေ့ရစဉ်
ဘဏ်အတိုးနှုန်းများကို တိုးမြှင့်ပေးခြင်းသည့် ကောင်းမွန်သော်လည်း ဘဏ်များအနေဖြင့် ရေရှည်တွင် ယခု အတိုးနှုန်းနှင့် ပတ်သက်ပြီး အကျိုးအမြတ် ရှိနိုင်ပါ့မလား စဉ်စားစရာဖြစ်နေသည်ဟု ငွေကြေးဈေးကွက် လေ့လာသူများနှင့် မြန်မာ့စီးပွားရေး ကျွမ်းကျင်သူများက ပြောသည်။
ထို့နောက် ရေရှည်ကာလ အပ်နှံငွေကြေးများ အပေါ်တွင် အတိုးနှုန်းများကို တိုးမြှင့်ပေးသင့်သော်လည်း မကြာခဏ အသွင်းအထုတ် လုပ်မည့် အပ်နှံငွေများအပေါ် အတိုးနှုန်း အနည်းငယ်ဖြင့်သာ လုပ်ကိုင်သင့်ကြောင်း၊ သို့မှသာ ပြင်ပတွင် ရောက်ရှိနေသည့် ကျပ်ငွေများသည် ဘဏ်များသို့ ပြန်လည် ဝင်ရောက်လာမည် ဖြစ်ကြောင်း ငွေကြေး ဈေးကွက် လေ့လာသူများနှင့် မြန်မာ့စီးပွားရေး ကျွမ်းကျင်သူများက ပြောသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပုဂ္ဂလိက ဘဏ်များအပေါ် သတ်မှတ်ချက်မှာ အပ်ငွေများအပေါ် အနည်းဆုံးအတိုး ၅ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းဖြင့် ချေးငွေများကို အများဆုံး ၁၀ ရာခိုင်နှုန်းနှင့် အပေါင်မဲ့ ချေးငွေကို အများဆုံး ၁၄ ဒသမ ၅ ရာခိုင်နှုန်းသာ ကောက်ခံရန် ညွှန်ကြားထားကြောင်း ထုတ်ပြန်ထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1739
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈
ကြံကြိတ်ဝါးရာသီအတွက် ကြံဈေးနှုန်းညှိနှိုင်းရေးနှင့်၊ ဝယ်ယူရေးကိစ္စများကို ကြံစိုက်တောင်သူ၊ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနတို့ တွေ့ဆုံပြီး ဆွေးနွေးကြမည်ဟု မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
လာမည့် အောက်တိုဘာလ (သို့မဟုတ်) နိုဝင်ဘာလတွင် ယင်းအစီအစဉ်ကို လုပ်ဆောင်မည်ဖြစ်ပြီး သကြား စက်ရုံများ၏ ကြံတစ်တန် သတ်မှတ်ဈေးနှုန်း၊ စက်သုံးဆီလိုအပ်ချက်များနှင့် ဝယ်ယူသယ်ဆောင်ရေး ကိစ္စများ လည်း ပါဝင်သည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။
“ကြံဒေသအလိုက် စက်ရုံရဲ့ ဈေးသတ်မှတ်တဲ့ဟာကို စိုက်ပျိုးရေးဝန်ကြီးဌာနရယ်၊ ကျနော်တို့ ကြံအသင်းရယ် ပေါ့နော် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးတာပဲ။ နောက် ဝယ်သယ်ဖို့ကိစ္စပေါ့ သယ်ယူပို့ဆောင်ရေး ကိစ္စတွေ အဲဒါမျိုးတွေပေါ့နော်။ ကြံဝယ်ယူရေးကိစ္စတွေ အဲလိုညှိနှိုင်း ဆောင်ရွက်ပေးတာပါ။ ဒီဇယ်လိုရင်လည်း ဒီဇယ် လျှောက်ပေးဖို့ ဘာတို့ပေါ့ အဲကိစ္စတွေ။ ဥပမာ ရှမ်းမြောက်က တစ်တန် ၉၀၀၀၀(ကိုးသောင်း) ဖွင့်တယ်ပေါ့နော်။ အဲအခါကျတော့ စစ်ကိုင်းတိုင်းကလည်း ဘယ်လောက်ဖွင့်မလဲပေါ့နော်။ သူလည်း သူ့ရဲ့တွက်ခြေကိုက်နဲ့ ၈ သောင်းခွဲဖွင့်မယ်၊ ၉ သောင်းဖွင့်မယ်ဆိုပြီး ဖွင့်လာတာပေါ့။ အဲလိုမျိုးလေးတွေပေါ့။ အဲဒီအခါကျတော့ တချို့စက် တွေကျတော့ ကြိတ်ဝါးတန်က အရမ်းသေးတာပေါ့နော်။ သေးတဲ့အတွက် သူ့တွက်ခြေကိုက်အောင် တချို့ ကျတော့လည်း ၉ သောင်းအောက် လျှော့ဖွင့်တာတို့လည်း ရှိတတ်တာပေါ့ သူ့နယ်မြေအလိုက်ပေါ့နော်။ အဲဒါမျိုး တွေပေါ့ အနည်းငယ်ပဲ ကွာမှာပါ အများကြီးလည်း မကွာပါဘူး” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ တောင်သူ၊ အသင်းနှင့် ဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးပြီး ဈေးနှုန်းများကို ညှိနှိုင်းခြင်းအားဖြင့် ကြံစိုက် တောင်သူများအနေဖြင့် သက်ဆိုင်ရာ နယ်မြေအလိုက် ကြံဈေးနှုန်းများကို ပွင့်လင်းမြင်သာစွာ သိရှိရခြင်းကြောင့် ကြံစိုက်ဧက အတိုးအလျော့ကိုလည်း ချိန်ညှိလို့ရသည်ဟု ဦးဝင်းဋ္ဌေးက ဆက်ပြောသည်။

ကြံများအား ကြိတ်ခွဲပြီး ထွက်ရှိလာသည့် ကြံခွံများအား သိမ်းဆည်းနေစဉ်(ဓါတ်ပုံ-Getty Imges)
“အကျိုးသက်ရောက်မှုကတော့ စက်တွေက ဈေးနှုန်းခန့်မှန်းလို့ ရတာပေါ့နော်။ တောင်သူတွေလည်း ပွင့်ပွင့် လင်းလင်း ရှင်းရှင်းလင်းလင်း သိရတာပေါ့နော်။ ကိုယ့်စက်ရုံနယ်မြေက ဘယ်ဈေးဖွင့်တယ်။ ဝယ်သယ်က ဘယ်လောက်ကျတယ်။ အဲတော့ ကိုယ့်အတွက် ဘယ်လောက်ကျန်မလဲပေါ့နော်။ အဲလိုတွက်ချက်လို့ရတော့ စိုက်ပျိုးတဲ့နေရာမှာ ဒီနှစ်တော့ ထပ်တိုးချဲ့စိုက်မယ်။ ဒီနှစ်တော့ လျှော့စိုက်မယ်ဆိုတာမျိုး ပြုပြင်ပြောင်းလဲလို့ ရတာပေါ့” ဟု CNI သို့ ပြောသည်။
ထို့နောက် တစ်နိုင်ငံလုံးရှိ သကြားစက်ရုံများနှင့် ကြံကုန်သည်များကိုလည်း ဖိတ်ခေါ်ထားပြီး သကြားဈေးနှုန်းပေါ် မူတည်ကာ ကြံဈေးနှုန်းကို တွက်ချက်ရသည့်အတွက် သကြားကုန်သည်များကိုလည်း ဖိတ်ခေါ်ထားကြောင်း၊ တွေ့ဆုံဆွေးနွေးမှုကို နေပြည်တော်တွင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုအတွင်း ကြံတစ်တန်ဈေးနှုန်းကို ၉ သောင်းကျပ် သတ်မှတ်ပေးမှသာ အဆင်ပြေမည် ဖြစ်ခြင်း ကြောင့် ယင်းဈေးနှုန်းအတိုင်း ဈေးခေါ်တောင်းဆိုမည်ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ကြံစိုက်တောင်သူ ဦးမောင်ဆွေက CNI သတင်းဌာနသို့ ပြောသည်။
“အခုလက်ရှိ သကြားဈေးနဲ့ ဘာနဲ့ တွက်မယ်ဆိုရင်လည်း ဒီ ၉၀၀၀၀(ကိုးသောင်း)က အောက်ခံဈေး ဖြစ်သွားမှာ အခုသကြားဈေးနဲ့ဆို။ အခုသကြားဈေးနဲ့ဆို တကယ်လို့ ဈေးကွက်မှာ သူတို့ရောင်းရတဲ့ ဈေးပေါ့နော် တွက်မယ် ဆိုရင် တောင်သူတွေနဲ့တော့ သူတို့ တွက်နည်းတွေ ရှိတာပေါ့နော်။ အဲဒါကြောင့် တော်တော်များများ သူ့ဟာနဲ့သူ ဆိုရင်တော့ အဆင်ပြေပါတယ်။ အခုလက်ရှိ ၉၀၀၀၀(ကိုးသောင်း) ဝန်းကျင်ဆိုရင် သကြားဈေးတက်ရင် စက်ရုံ လည်း အကျိုးရှိပေါ့၊ တောင်သူလည်း အကျိုးရှိ၊ ဒါမှလည်း တောင်သူလည်း စိုက်ချင်တာပေါ့နော်။ ဒါမှ သူတို့ စိတ်ဝင်စားမှာပေါ့။ သူ့ရဲ့ စက်ရုံလည်း အကျိုးရှိ၊ တောင်သူလည်း အကျိုးရှိ။ ဈေးနှုန်းကတော့ အခုလိုပဲ ကျုပ်တို့ ခေါ်ရမယ့်သဘောပါပဲ” ဟု သူက ပြောသည်။
လက်ရှိတွင် ကြံတစ်တန်ဈေးနှုန်းကို ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ငွေရည်ပုလဲ သကြားစက်ရုံက ၉၀၀၀၀ (ကိုးသောင်း) ကျပ် သတ်မှတ်ထားသော်လည်း ကျန်ရှိသည့် သကြားစက်ရုံများမှာမူ ယင်းဈေးနှုန်းအတိုင်း သတ်မှတ်မည်ဟု တရားဝင်ပြောဆိုလာခြင်း မရှိသေးကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသရှိ ဂရိတ်ဝေါ ဝေမာ သကြားစက်ရုံကိုလည်း ကြံတစ်တန် ကျပ် ၉၀၀၀၀(ကိုးသောင်း) ရရှိရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကြံစိုက်တောင်သူများက တောင်းဆိုမှု ပြုလုပ်ထားကြောင်း သိရသည်။
