
- By CNI
- Category: စီးပွားရေး
- Hits: 1499
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀
ပြည်ပသို့ ဆန်တင်ပို့မှု ရပ်ဆိုင်းနေသည့်အတွက် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှု နည်းပါးလာကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ သိရသည်။
လက်ရှိတွင် ပြည်ပသို့ ဆန်တင်ပို့မှု လုံးဝရပ်ဆိုင်းနေကြောင်း၊ ဝယ်ယူမှုများလည်း ရပ်ဆိုင်းနေကြောင်း၊ ပြည်တွင်းစားသုံးမှု၊ တပ်မတော်ရိက္ခာနှင့် တခြားသောအဖွဲ့အစည်းများ၏ ဝယ်ယူမှုသာ ရှိနေကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ဦးသန်းဦးက “ဈေးက နိုင်ငံခြားပို့တဲ့ Exporter တွေ မဝယ်နိုင်တော့ ဈေးချပြီး ဝယ်တယ်။ ဈေးချဝယ်တော့ နယ်ကလူတွေက စပါးဈေးနဲ့ မကိုက်တော့ မလာကြဘူး။ နောက် စပါးက ဒီအချိန် ဘယ်နေရာမှ မထွက်ဘူး။ ထွက်တဲ့ နေရာတွေကလည်း မတ္တရာတို့ မန္တလေးဘက်က ထွက်တာ။ ရန်ကုန် အနီးတဝိုက်က မထွက်ဘူးလေ။ အဲတော့ လောလောဆယ်တော့ ပြည်တွင်း စားသုံးမှုရယ်၊ နောက် တပ်မတော်ရိက္ခာရယ်၊ WFP တို့ ဘာတို့ အဲလို ဝယ်တဲ့သူတွေရယ်၊ အဲလိုတွေပဲ ရောင်းနေရတယ်။ Exporter တွေက လုံးဝ အဝယ် ရပ်သွားတယ်” ဟု ပြောသည်။
ထို့နောက် ပို့ကုန်လုပ်ငန်းရှင်များကလည်း ဗဟိုဘဏ်မှ တစ်ဒေါ်လာ ၁၈၅၀ ဈေးနှုန်း သတ်မှတ်လိုက်ခြင်းကြောင့် အရှုံးများ ဖြစ်ပေါ်နေခြင်းကြောင့် ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းလာကြကြောင်း သိရသည်။
ထို့ကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှု နည်းပါးသွားပြီး ပုံမှန်ထက် အိတ်ရေ ၃ ပုံ ၁ ပုံသာ ဝင်ရောက်တော့ ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။
စပါးများသန့်စင်နေစဉ်
ဦးသန်းဦးက “မူလက တစ်ရက်ကို ၇ သောင်း၊ ၈ သောင်းလောက် ဝင်တယ်လေ။ အခုက ၂ သောင်း၊ ၂ သောင်းခွဲလောက် ဝင် တယ်။ ၃ ပုံ ၁ ပုံလောက်ပဲ ဝင်တော့တာပေါ့နော်။ အခုက လက်ထဲမှာ သိမ်းထားတဲ့ လူတွေကတော့ ဆန်စက်ပိုင်တွေ၊ တောင်သူ အကြီးတွေ၊ နောက် ငွေရေးကြေးရေးအရ ပြေလည်တဲ့သူတွေ၊ စပါးကို ပုံမှန်သိမ်းတဲ့သူတွေ အဲလိုတွေ လက်ထဲမှာ ကျန်တာလေ။ တောင်သူလက်ထဲမှာတော့ မရှိဘူးပေါ့နော်။ တောင်သူတွေက အခုလက်ရှိတော့ မတ္တရာနယ်က ပေါ်နေတဲ့ အဲဒီ စပါးပဲ တောင်သူလက်ထဲမှာ ရှိနိုင်တယ်။ ကျန်တဲ့ နေရာမှာတော့ သိုလှောင်ထားတဲ့သူတွေ လက်ထဲမှာ ရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ကြုံတွေ့နေရသည့် ဒေါ်လာဈေးနှုန်း ကွာဟချက်ကြောင့် ဆန်တင်ပို့မှု ရပ်ဆိုင်းသွားခြင်းသည် ပင်လယ်ရေကြောင်းမှ တဆင့် တင်ပို့မှုသာဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် တင်ပို့မှုမှာ ရှိသေးကြောင်း သိရသည်။
ပြည်ပသို့ နယ်စပ်ကုန်သွယ်ရေးကနေ ဆန်တင်ပို့မှု ဆက်လက်ရှိနေနိုင်ခြင်းက နယ်စပ်ကုန်သွယ်ရေးတွင် ဒေါ်လာဖြင့် အရောင်းအဝယ် မလုပ်ကြရဘဲ ယွမ်ငွေဖြင့် ကုန်သွယ်ကြရခြင်းကြောင့် ဖြစ်သည်ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်နယ်စပ်ကုန်သွယ်ရေး
ဦးမင်းသိန်းက “တရုတ်ကိုကျတော့ ဆန်ကွဲပဲပို့တယ်။ ဆန်ပို့တာ နည်းတယ်။ တရုတ်နယ်စပ်မှာ ကျတော့ ကုန်သွယ်ရေးက ဆန်နဲ့ ဆန်ကွဲက သူက ယွမ်ငွေနဲ့ သွားရတော့ ဒီလောက်ထိ ဆိုးဆိုးရွားရွား မထိခိုက်ဘူး။ ဘုရင့်နောင်မှာ ဆန်ဝယ်ယူမှု နည်း တာက ရေကြောင်းကသွားတဲ့ Over Sea သမားတွေက မကိုက်တော့ဘူး ဒေါ်လာနဲ့ သွားရတယ်လေ။ ဒေါ်လာ ၁၈၅၀ နဲ့က ကွာဟနေတာကိုး။ အန်ကယ်တို့ ဘက်ကတော့ နည်းနည်းတော်သေးတယ် ယွမ်ငွေနဲ့ဆိုတော့။ နည်းနည်း အဆင်ပြေသေး တယ်။ Over Sea သမားတွေကတော့ သိပ်အဆင်မပြေဘူး ကြားတယ်။ ဒါကြောင့် ဆန်တွေ ဘာတွေကို အဝယ်အပြုတွေ နည်းသွားတာ ပါတာပေါ့။ အဝယ်အပြု နည်းသွားတော့ နယ်ကတက်လာတာလည်း နည်းသွားတာပေါ့” ဟု ပြောသည်။
ပြည်ပသို့ တင်ပို့သည့် ဆန်များသည် ၂၅ မတ်တန် ဆန်များဖြစ်ပြီး လက်ရှိတွင် တစ်အိတ်လျှင် ၃၀၀၀၀ ကျပ် ဈေးနှုန်း ပေါက် နေသော်လည်း ကုန်သည်များကမူ ပြည်ပသို့ တင်ပို့ရာတွင် ဒေါ်လာဈေးနှုန်း ကွာဟချက်ကြောင့် တင်ပို့မှု မပြုလုပ်နိုင်ဘဲ ဆန် တစ်အိတ် ၂၈၀၀၀ ကျပ်အောက် ရရှိမှသာလျှင် တင်ပို့မှုပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ဆန်စက်ပိုင်ရှင်များနှင့် တောင်သူများကမူ ထိုဈေးနှုန်းနှင့် ရောင်းချမှု မလုပ်ကြကြောင်း၊ ငွေလိုအပ်နေသည့် အတွက် အရှုံးခံပြီး ရောင်းချသူ အနည်းငယ်သာရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1513
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀
ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားတစ်သန်းကျော်အား တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ပြုမည်ဖြစ်သော်လည်း ထိုထဲတွင် တရားမဝင်လုပ်သားများ မပါဝင်ကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်အထိ တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ပြုမည့် လုပ်သားတစ်သန်းကျော်တို့မှာ ယာယီ အလုပ်သမားလက်မှတ် (ဘတ်-ပန်းရောင်ကတ်)၊ အပြာရောင် work permit စာအုပ်၊ MOU နှင့် CI (အထောက်အထားလက်မှတ်) စသည့် အထောက်အထားရှိသူများဖြစ်ကြောင်း သိရသည်။
သို့သော် တရားမဝင်လုပ်သားများအတွက် ယာယီအလုပ်သမားလက်မှတ် (ဘတ်-ပန်းရောင်ကတ်)များ ထပ်မံ ထုတ်ပေးမည်ဟု ဇူလိုင် ၅ ရက်နေ့က ထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်အထိ အတည်မပြုသေးကြောင်း သိရသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “တရားမဝင်တဲ့လူတွေအတွက်ကိုလည်း သူတို့မှာ plan ထားပြီးသား ပေါ့။ မှတ်ပုံတင်စာရင်းသွင်းပေးမယ်ဆိုပြီးတော့ ဇူလိုင် ၅ ရက်နေ့ကလားမသိဘူး ကြေညာလိုက်တယ်ထင်တယ်။ အခု ဒီ သက်တမ်းတိုးပေးတယ်ဆိုတဲ့ အုပ်စုတွေကျတော့ work permit ပေါ့နော်။အလုပ်လုပ်ကိုင်ခွင့်သက်တမ်း တွေ တိုးတယ်ဆိုတာက တခြားမဟုတ်ဘူး။ ဒီမှာက အုပ်စုတွေက အများကြီးကွဲနေတာကိုး။ဝန်ကြီးတွေရဲ့ အစည်း အဝေးဆုံးဖြတ်ကနေ ထုတ်ပြန်တဲ့ အုပ်စုတွေပေါ့။ အဲဒီလိုမျိုး ကွဲနေတာ။ သူတို့ရဲ့ သက်တမ်းကုန်တဲ့အချိန်တွေက လည်း မတူဘူး။ အဲဒီတော့ ဒါကို သူတို့က တစ်ကြိမ်တည်း အတူဖြစ်အောင် လုပ်ချင်တယ်။ လုပ်ချင်တဲ့အတွက် ကြောင့်မို့လို့ အခုလိုမျိုး ၂၀၂၅ ကိုတော့ target ထားလိုက်ပြီးတော့ အဲဒီအချိန်မှာ အားလုံးအတူတူပေါ့နော် သက်တမ်းတွေ အကုန်လုံးညှိလို့ရအောင်လို့ သူတို့က အဲဒီလိုမျိုးလုပ်တာ”ဟု ပြောသည်။
တရားမဝင် လုပ်သားများအား ယခင်က ယာယီအလုပ်သမားလက်မှတ် ထုတ်ပေးသည့်အခါတွင် လူဦးရေ အပြည့် အဝ ပြီးစီးအောင်မထုတ်ပေးနိုင်ခဲ့ကြောင်း ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
ရေလုပ်ငန်းတစ်ခုတွင်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး
“အထောက်ထားမဲ့တွေကို ထုတ်ပေးမယ်လို့ ကြေညာတိုင်း အလုပ်သမားလက်မှတ်တွေရမယ်ဆိုပြီးတော့မှ ခိုးဝင် လာကြတယ် အစုလိုက်အပြုံလိုက်။ ကယ်ရီတွေနဲ့ ခိုးဝင်လာတယ်။ သူတို့ ဒီဟာတွေကို ပိုက်ဆံနဲ့ပေးပြီးတော့မှ လူလိမ်ခံရတာပဲ အဖတ်တင်တယ်။ အခုအချိန်ထိ အထောက်အထားမဲ့တွေကို တစ်စုံတစ်ရာ အထောက်အထား ထုတ်ပေးနိုင်တာ မတွေ့ရသေးဘူး” ဟု ပြောသည်။
တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးရာတွင် အုပ်စုနှစ်စု ခွဲထားကာ ပထမအုပ်စုသည် ၂၀၂၂ ဩဂုတ် ၁ ရက်အထိ နေထိုင်ခွင့်ရရှိထားသူများဖြစ်ပြီး ထိုသူများသည် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်အထိ ဆက်လက် နေထိုင် ရန် သက်တမ်းမကုန်ခင် အလုပ်ပါမစ် လျှောက်လွှာတင်ရမည်ဖြစ်သည်။
ဒုတိယအုပ်စုသည် ၂၀၂၂ ဩဂုတ် ၁ ရက်နောက်ပိုင်းမှသာ သက်တမ်းကုန်မည့်သူများဖြစ်ပြီး ထိုသူများသည် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်အထိ ဆက်လက်လုပ်ကိုင်လိုပါက တစ်နှစ်တစ်ကြိမ်နှုန်းဖြင့် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက် အထိ အလုပ်ပါမစ် သက်တမ်းတိုးပေးမည်ဖြစ်ကြောင်းသိရသည်။
တရားဝင် ရွှေ့ပြောင်းလုပ်သား တစ်သန်းကျော်အား ယခုကဲ့သို့ ၂၀၂၅ ခုနှစ်အထိ တရားဝင်နေထိုင်ခွင့်ပေးခြင်း သည် ကောင်းမွန်သော်လည်း အခမဲ့နေထိုင်ခွင့်ပေးခြင်းမဟုတ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ပြောသည်။
“ဒါပေမယ့် အကျိုးဆက်နဲ့ ပတ်သက်တဲ့ဟာပေါ့။ ဘာပဲလုပ်လုပ် ဒီလိုမျိုး ဥပဒေထုတ်ပြန်လိုက်၊ ကုန်ကျစရိတ်နဲ့ ပတ်သက်တာတို့ လုပ်ရတဲ့ အခန်းကဏ္ဍတို့ကျတော့ အလုပ်သမားတွေအနေနဲ့ကတော့ ပြောရရင် ထုတ်ပြန် ကြေညာချက်အတိုင်းပေါ်မူတည်ပြီးတော့ အေဂျင်စီနဲ့ အလုပ်ရှင်တွေရဲ့ အလိုကျအတိုင်းပဲ လိုက်လုပ်၊ အကုန် အကျခံပြီး လုပ်ပေးနေရတဲ့သဘောရှိတယ်။ကောင်းတာကတော့ ထိုင်းကအခုလိုမျိုး အလုပ်သမားအင်အား လိုအပ်နေတဲ့အတွက်ကြောင့်မို့လို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီးတော့ တိုးတက်များလာတာပေါ့” ဟု ၎င်းက ပြောသည်။
ထိုင်းအစိုးရမှ လုပ်သားလိုအပ်ချက်ကြောင့် တရားဝင်နေထိုင် အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးခြင်းဖြစ်ပြီး ယခုကဲ့သို့ သက်တမ်းတိုးပေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း ဦးမင်းဦးက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1944
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉
ပြည်ပချေးငွေ ရယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများ အနေဖြင့် ချေးငွေ အတိုး/အရင်း ပေးဆပ်မှုကို ဆိုင်းငံ့ထားရန် ဗဟိုဘဏ်က ညွှန်ကြားလာခြင်းကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက မယုံကြည်ရသည့်နိုင်ငံဟု သတ်မှတ် လာနိုင်ခြင်းနှင့် အတူ စီးပွားရေး ဖွံ့ဖြိုးမှု ပိုမို နိမ့်ကျသွားနိုင်ကြောင်း စီးပွားရေးနှင့် နိုင်ငံရေး လေ့လာသူများက ပြောသည်။
မြန်မာနိုင်ငံသည် နာမည်ကောင်းမရှိသည့် တိုင်းပြည်နှင့် စိတ်မချရသည့် တိုင်းပြည်ဟု နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမည့် သူများ က မြင်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ)က CNI သတင်းဌာနသို့ ပြောသည်။
ဦးရဲထွန်းက “အခုဟာကတော့ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပုဂ္ဂလိက ကုမ္ပဏီချင်း ပြဿနာတော့ မပြောတတ်ဘူး။ ဒါပေမယ့် တစ်ခုလုံး နိုင်ငံတစ်ခုလုံး အနေနဲ့ကော၊ နိုင်ငံခြားတိုင်းပြည်က ကုမ္ပဏီတွေ၊ အစိုးရတွေ၊ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတွေ လာလုပ်မယ့် လူတွေကတော့ မြန်မာနိုင်ငံက ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ရှိရင် နာမည်ကောင်း မရှိ တဲ့ တိုင်းပြည်ပေါ့၊ စိတ်မချရတဲ့ တိုင်းပြည် ဆိုတဲ့ဟာမျိုးတော့ ဖြစ်သွားမှာပေါ့ဗျာ” ဟု ပြောသည်။
နိုင်ငံခြားငွေကြေး
ဗဟိုဘဏ်မှ ပြောင်းလဲလိုက်သော ငွေကြေးမူဝါဒကြောင့် မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်း သက်သာသည့် နိုင်ငံတကာဘဏ် များထံကနေ ချေးငွေရယူနိုင်မှု အားနည်းသွားနိုင်ကြောင်း စီးပွားရေး သမားများက ပြောသည်။
ထို့နောက် ပြည်ပမှ ချေးငွေဖြင့် ကုန်စည်တင်သွင်းနေကြသည့် ကုမ္ပဏီများအပေါ်လည်း သက်ရောက်နိုင်ကြောင်း၊ ထိုကုန် ပစ္စည်းများ ပြတ်လပ်သွားနိုင်ကြောင်း မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူ့ရဲ့ အမိန့်တစ်ခုတည်း အရဆိုရင်တော့ အများကြီး ဖြစ်နိုင်တာပေါ့၊ Impact က အများကြီး ဖြစ်နိုင်တာပေါ့။ ဘာလို့လဲဆိုတော့ ဒီက ကုမ္ပဏီတွေက အရင် ချေးငွေတွေ ပြန်ဆပ်၊ တချို့ကလည်း ကုန်ပစ္စည်းပေါ့ Intime ပေါ့။ ကုန်ပစ္စည်း တွေ ပေးယူ အဲဒီဟာကို ပြန်ဆပ်၊ ပြန်ဆပ်ပြီးမှ နောက်ထပ် အသစ်ထပ်ယူ။ အဟောင်းပေး အသစ်ယူ ပုံစံမျိုး လုပ်ကြရတာ မျိုးတွေ ရှိတယ်။ ဆိုတော့ အဲဒါမျိုးတွေ ဆိုလို့ရှိရင် ပစ္စည်းပြတ်သွားနိုင်တာပေါ့” ဟု ပြောသည်။
စီးပွားရေး လုပ်ငန်းရှင်များကြားတွင်လည်း ယခုချမှတ်လိုက်သည့် ပြည်ပချေးငွေ ပေးဆပ်မှု ဆိုင်းငံ့စေခြင်းသည် ဗဟိုဘဏ်က နိုင်ငံခြားငွေ အထူးသဖြင့် အမေရိကန်ဒေါ်လာ စီးဆင်းမှုကို ထပ်မံတင်းကြပ်လိုက်ခြင်း သဘောမျိုးဖြစ်ကြောင်း ပြောကြား နေ ကြသည်။
သို့သော်လည်း ဗဟိုဘဏ်၏ မူဝါဒနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ရည်ရွယ်သည်ကို မသိရှိရကြောင်း၊ ပြည်ပချေးငွေ မူဝါဒနှင့် ပတ်သက်ပြီး လိုအပ်သည်များကို ပြန်လည် ဖြေလျှော့လာနိုင်သည့် အခြေအနေရှိသည်ဟု ယူဆရနိုင်ကြောင်း စီးပွားရေး ပညာရှင်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်း ပြည်သူများ လှုပ်ရှားသွားလာနေစဉ်
၎င်းက “ဗဟိုဘဏ်ရဲ့ ရည်ရွယ်ချက်ကလည်း အတိအကျ မသိဘူး မသိရဘူး။ ဘာအတွက် လုပ်တာလဲ။ ဒေါ်လာ အပြင်ကို စီးလွှတ်တာတွေ မနိုင်တော့လို့ လုပ်တာလား။ ဒါမှမဟုတ် အဲဒီ စီးထွက်တာတွေထဲက စာရင်း လုပ်ချင်လို့ လုပ်တာလား မသိ ဘူး။ သူ့ရည်ရွယ်ချက်ပေါ်လည်း မူတည်သေးတယ်။ အရင်တုန်းကလည်း အဲလို ဒေါ်လာတွေကို အကုန်လုံး ပိတ်လိုက်တယ်။ ပြီးတော့မှ တဖြည်းဖြည်းချင်း ပြန်ပြန်ပြီး လျှော့ချလျှော့ချ ပေးလိုက်တယ်။ အဲလိုမျိုးတော့ ရှိတယ်။ အခုလည်း ပိတ်ပြီးတော့ တချို့ တကယ် အမှန်တကယ်လုပ်တဲ့ ကိုင်တဲ့အဖွဲ့တွေ၊ နောက် အမှန်တကယ် လိုအပ်တဲ့ ကုမ္ပဏီတွေ အတွက်တော့ ပြန် လျှော့ ပေးမယ်လို့ ယူဆရတာပါပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဗဟိုဘဏ်၏ ပြည်ပချေးငွေ မူဝါဒ အပြောင်းအလဲနှင့်ပတ်သက်၍ ထုတ်ပြန် ကြေညာပြီးနောက် ပြည်တွင်း ဒေါ်လာဈေးနှုန်းသည် ယခင် ၂၂၀၀ မှ ၂၃၀၀ သို့ မြင့်တက်သွားကြောင်း၊ ရွှေဈေးနှင့် မော်တော်ကား ဈေးနှုန်းများ လည်း လိုက်ပါ မြင့်တက်လာကြောင်း တွေ့ရသည်။
ဗဟိုဘဏ်၏ ဇူလိုင်လ ၁၃ ရက်က အကြောင်းကြားစာတွင် နိုင်ငံခြားသုံးငွေ ရောင်း/ဝယ် ဖောက်ကား ခွင့် (AD) လိုင်စင်ရ ဘဏ်များအနေဖြင့် Customers များကို ချေးငွေ အတိုး/အရင်း ပြန်လည် ပေးဆပ်ရမည့် အစီအစဉ် (Repayment Schedule) ကို ပြည်ပမှ ငွေချေးငှားသူ (Lender) များနှင့် ညှိနှိုင်း၍ လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ရန် ဖော်ပြ ထားသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1702
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉
လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများ တဖြေးဖြေး ကျဆင်းလာနေသော်လည်း တောင်သူများအတွက် စိုက်ပျိုးရေး လုပ်ငန်းတွင် သက်သာသွားသည့်အနေအထားမျိုးမဟုတ်ကြောင်း တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မိုးစပါးစိုက်ပျိုးမှုပြုလုပ်နေသည့် တောင်သူဦးအောင်ကျော်မြက စက်သုံးဆီဈေးနှုန်းသည် ကုမ္ပဏီနှင့် အခြားပြင်ပဈေးတို့မှာ ကွာခြားသည့်အတွက် ယခုကဲ့သို့ စက်သုံးဆီဈေးကျခြင်းသည် ၎င်းတို့အတွက် သက်ရောက် မှုမရှိကြောင်း CNI သတင်းဌာနသို့ ပြောသည်။
တောင်သူ ဦးအောင်ကျော်မြက “ကျနော်တို့ အခုလည်း တစ်လီတာကို ၂၅၀၀ ပတ်လည်လောက်မှာ ရှိနေသေး တယ်။ အဲဒါကြောင့် စက်သုံးဆီ ဒီဇယ်ဈေးတွေ နည်းနည်းကျသွားတဲ့အတွက်ကြောင့် ရခိုင်ဒေသမှာ ကျနော်တို့ လယ်သမားတွေအတွက်တော့ ပြောပြလောက်အောင်ထိ ကျနော်တို့အပေါ်မှာ သက်ရောက်တဲ့ အကျိုး သက်ရောက်မှုတော့ မရှိသေးဘူးလို့ ပြောရဦးမယ်။ ဈေးကျတယ်ဆိုတာကလည်း ကုမ္ပဏီဆီဆိုင်တွေမှာ သွားဝယ် ရင်တော့ ရလောက်တယ် နည်းနည်းပါးပါး။ ဒါပေမယ့် အခုအပြင်လောကမှာ ကျနော်တို့ဝယ်ယူရတဲ့ အခြေအနေ တွေကတော့ အဲလောက်ထိ ကျနော်တို့ရခိုင်လယ်သမားအတွက် အကျိုးသက်ရောက်မှုရှိလောက်အောင်ထိ သက်သာမှု တော့ မတွေ့ရသေးဘူး။ ကုမ္ပဏီမှာ သွားဝယ်ရင်လည်း ကျနော်တို့လိုသလောက် သူတို့ရောင်းမှာမဟုတ်ဘူး။ ကားတစ်စီးတောင်မှ တစ်ခါထည့်ရင် နှစ်သောင်းဖိုးပဲရတယ်လေ။ အဲဒီလို လိုသလောက်ဝယ်လို့မရဘူး။ အခက်အခဲတွေရှိပါတယ်” ဟု ပြောသည်။
လက်ရှိ စက်သုံးဆီဈေးနှုန်းကျနေခြင်းသည် စိုက်ပျိုးမှုတွင် သက်ရောက်မှုမရှိသော်လည်း သယ်ယူပို့ဆောင်မှု အပိုင်းတွင် တောင်သူများအတွက် အတော်အသင့် အကျိုးသက်ရောက်မှုရှိသည်ဟု တောင်သူ ဦးကိုကိုလေးက CNI သတင်းဌာနသို့ ပြောသည်။
ယခင်က မြို့သို့ကုန်ပစ္စည်းတင်ပို့ရာတွင် ကယ်ရီကားခအဖြစ် ကုန်ပစ္စည်းတစ်ပိဿာကို ၇၀ ကျပ် ပေးရသော် လည်း ယခုအခါတွင် ၅၀ ကျပ်သာပေးရတော့ကြောင်း ၎င်းက ပြောသည်။
“တောင်သူနဲ့ ကားသယ်ယူပို့ဆောင်ရေးနဲ့ကျတော့ ဆက်စပ်နေတယ်လေ။ ဒီဇယ်ဈေးလေးနည်းနည်းကျလာတော့ တောင်သူတွေဆိုရင် မာလကာအိတ်စွပ်ရတာမှာ A4 စက္ကူတို့၊ ပလပ်စတစ်အိတ်ကလေးတွေ ဝယ်ဖို့ အပိုငွေလေး တွေ ထွက်လာတာပေါ့။ ဒီအချိန်မှာ တောင်သူတွေရဲ့ ထွက်ကုန်ကထွက်နေပြီ။ ဈေးနှုန်းမြင့်နေတဲ့အချိန်မှာမှ ကျနော်တို့တွေက စက်သုံးဆီတွေသုံးလာရတယ်။ မြေဩဇာတွေ သုံးလာရတဲ့အနေအထားက နည်းနည်းလေး အသုံးနည်းလာတော့မှ ဓာတ်ဆီဈေး ကျလိုက်တာ ဆိုတော့လေ သိသာထင်ရှားတဲ့ ပြောင်းလဲမှုမျိုးတော့ မရှိသေးပါဘူး။ တောင်သူတွေ အရမ်းကြီး အခု စက်သုံးဆီဈေး ကျလာတဲ့ အနေအထားတစ်ခုမှာ အရမ်းသက်သာ သွားတယ်ဆိုတဲ့ အနေအထားတစ်ခု မဖြစ်ပါဘူး”
ယခုလက်ရှိသည် မိုးရာသီကာလဖြစ်သည့်အတွက် ရပ်နားထားရသည့် စိုက်ပျိုးရေးလုပ်ငန်းများရှိ တောင်သူအချို့ တွင် စက်သုံးဆီအသုံးပြုမှုမှာ နည်းပါးတာကြောင့် စက်သုံးဆီဈေးနှုန်းကျဆင်းခြင်းက သိသာထင်ရှားသည့် ပြောင်းလဲမှုမျိုးမရှိဘဲ ပုံမှန်အတိုင်းသာဖြစ်ကြောင်း တောင်သူများက ပြောသည်။
မွန်ပြည်နယ်ဆားလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်မှူး(ငြိမ်း) ဦးခင်စိုးက လက်ရှိကျဆင်းလျက်ရှိသည့် စက်သုံးဆီ ဈေးနှုန်းများသည် နွေရာသီတွင်လည်း ယခုကဲ့သို့ ကျဆင်းပါက တောင်သူများအတွက် ကောင်းမွန်ကြောင်း ပြောသည်။
“တောင်သူဆိုတာက စိုက်ပျိုးတဲ့တောင်သူဖြစ်ဖြစ်ပေါ့၊ ကျနော်တို့ ဆားထုတ်တဲ့တောင်သူဖြစ်ဖြစ်ပေါ့။ ထုတ်လုပ် တဲ့လူတွေက စက်သုံးဆီအတွက်က ကျနော်တို့ ဆားကွင်းသမားဆိုရင် စက်သုံးဆီကို တစ်ပိဿာ ကုန်ကျစရိတ်ရဲ့ ၂၀ ရာခိုင်နှုန်းလောက် အနည်းဆုံးရှိတယ်။ စက်သုံးဆီဈေးနှုန်းမြင့်တဲ့အခါကျတော့ ၃၀ ရာခိုင်နှုန်းလောက် ဖြစ်သွားမယ်၊ ၃၅ လောက်ဖြစ်သွားမယ်ဆို ထုတ်လုပ်မှုကုန်ကျစရိတ်က အဲဒီမှာ ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း လောက်ပိုသွားနိုင်တယ်။ ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာလျော့နည်းတယ်ဆိုရင် ရောင်းချတဲ့အခါမှာ အကျိုး အမြတ်ပိုရှိတာပေါ့”ဟု ၎င်းက ပြောသည်။
လက်ရှိ ဇူလိုင်လ ၁၉ ရက်နေ့တွင် စက်သုံးဆီဈေးနှုန်းများသည် ဒီဇယ်တစ်လီတာ ၂၁၅၅ ကျပ်၊ ပရီမီယမ် ဒီဇယ် တစ်လီတာ ၂၂၁၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၁၇၇၀ ကျပ်နှင့် အောက်တိန်း 95 တစ်လီတာ ၁၈၃၀ ကျပ် ဖြစ်ကာ ဈေးနှုန်းပြန်ကျလာသည်မှာ ရက်ပိုင်းခန့်ရှိပြီဖြစ်ပြီး နယ်မြေဒေသပေါ်မူတည်ကာ ဈေးနှုန်းကွာခြားချက် များရှိသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1685
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈
မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် လက်ရှိအချိန်၌ မြန်မာ့ဆန်တင်ပို့မှု လျော့ကျပြီး ဆန်ကွဲတင်ပို့မှု ပိုမိုများပြားလာနေကြောင်း မူဆယ် ဆန်ကုန်သည်များထံမှ သိရသည်။
ယခင်က ဆန်ကွဲထက် ဆန်တင်ပို့မှုက ပိုများသော်လည်း လက်ရှိတွင် ဆန်တင်ပို့မှုအနေဖြင့် ၁၀ ရာခိုင်နှုန်းသာ ရှိတော့ကြောင်းနှင့် မူဆယ်ဂိုဒေါင်ရှိ ဆန်ကွဲများကိုသာ တင်ပို့ကြသည်ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
“ဆန်အစား ဆန်ကွဲက ပိုများလာတယ်။ အရင်တုန်းက ဆန်ကများတယ်။ အခု ဆန်ကွဲက ပိုများတယ်။ ဆန်က ၁၀ ရာခိုင်နှုန်းလောက်ပဲ ဝင်တယ်။ ကား ၁၀ စီးမှာ ၁ စီးလောက်ပဲ ဆန်ဝင်တယ်။ ကျန်တဲ့ ၉ စီးက ဆန်ကွဲကားတွေ ဖြစ်တယ်။ ပြည်မကလာတယ်။ ဒါပေသည့် မူဆယ်ဂိုဒေါင်မှာ ပိတ်မိနေတဲ့ ဆန်တွေကလည်း သွားတာ ရှိပါ တယ် ကျင်စန်းကျော့ကနေပြီးတော့။ အောက်ဗမာပြည်ကတော့ သွားတာနည်းပါတယ်” ဟု ပြောသည်။
ဆန်ကွဲကို တရုတ်နိုင်ငံတွင် ဆန်အစားထိုးအနေဖြင့် အရက်ချက်လုပ်ငန်း၊ ခေါက်ဆွဲလုပ်ငန်း၊ ကြာဇံလုပ်ငန်း၊ မုန့်ဖက်လုပ်ငန်းများတွင် အသုံးပြုကြကြောင်း သိရသည်။
ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် တရုတ်နိုင်ငံမှ ကောက်ခံသည့် အခွန်နှုန်းထားကွာခြားချက်ကြောင့် လက်ရှိတွင် ဆန်ကွဲကို ပိုမိုဝယ်ယူကြသည်ဟုလည်း ဦးမင်းသိန်းက ဆက်ပြောသည်။
ကုန်သွယ်ရေးဇုန်တွင် ရပ်နားနေသည့် ဆန်ကားများကိုတွေ့ရစဉ်
“ဆန်ကွဲက တရုတ်ပြည်မှာ အခွန်က ဈေးသက်သာတယ်။ ဆန်က ဈေးမြင့်တယ်။ ဆန်ကွဲက အခွန်သက်သာတာ ဖြစ်တဲ့အတွက် ဆန်ကွဲကျတော့ အခွန်သက်သာတော့ ဈေးကိုက်တာပေါ့။ တရုတ်နိုင်ငံက ဝယ်တဲ့သူတွေကလည်း တရုတ်နိုင်ငံကို အခွန်ပြန်ဆောင်ရတယ်လေ။ ဆန်ကွဲကျတော့ အခွန်နည်းတယ်။ ဆန်ကျတော့ အခွန်များတယ်။ ဆန် ၁ အိတ်နဲ့ ဆန်ကွဲ ၁ အိတ် တရုတ်ငွေ ယွမ် ၂၀ လောက် ကွာတာကိုး” ဟု CNI သို့ ပြောသည်။
ဒါ့အပြင် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဒေါ်လာနှုန်းထားနှင့် ပြင်ပရှိ ဒေါ်လာနှုန်းထား ကွာခြားချက်များကြောင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် အမြတ်ရရှိမှုနည်းပါးသည့်အတွက် ယင်းသို့ တင်ပို့မှုကို အနည်းငယ်သာ လုပ်ဆောင် ကြောင်း သိရသည်။
ထို့ကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်မှတဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည်လည်း အနည်းငယ်သာ ရှိတော့ ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“Exporter တွေလည်း လုံးဝ အဝယ် ရပ်သွားတယ်။ တရုတ်ဈေးတန်းကတော့ ကျင်စန်းကျော့ဘက်က နည်းနည်း သွားတယ်။ မူဆယ် - ၁၀၅ မိုင်ဘက်ကတော့ မသွားဘူး။ ပိတ်သွားပြီ” ဟု ပြောသည်။
တရုတ်နိုင်ငံသို့ လက်ရှိတွင် ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်မှ ဆန်နှင့် ဆန်ကွဲကား အစီးရေ ၁၀ စီးမှ ၁၅ စီးခန့် နေ့စဉ်ဝင်ရောက်လျက်ရှိသည်။
ပြည်ပသို့ ဆန်တင်ပို့မှု လျော့ကျနေခြင်းနှင့် ကုန်သည်တချို့က ဆန်ကွဲကို ပိုမိုတင်ပို့နေကြခြင်းကြောင့် လက်ရှိတွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှုသည်လည်း နည်းပါးလျက်ရှိကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1440
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၆
တရုတ်နယ်စပ်ကုန်သွယ်ရေးကို ဇူလိုင်လ ၁၅ ရက်နေ့တွင် ပိတ်မည်ဟု သတင်းများထွက်ပေါ်လာခြင်းသည် တရုတ်နိုင်ငံတွင် ပိတ်မိနေသည့် ကုန်ကားများအား ပြန်လည်ထုတ်ယူခွင့်ပြုနေသည်ကို ရပ်နားမည်ဆိုသည့် သတင်းဖြစ်ပြီး မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ခြင်း မဟုတ်ကြောင်း မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက“လွန်ခဲ့တဲ့ ၁ နှစ်ခွဲ၊ ၂ နှစ်လောက်ကတည်းက ဂျယ်ဂေါင်ဆိုတာ ရှိတယ်။ ဂျယ်ဂေါင်မှာ ကုန်ကားအစီး ၆၀၀ စာလောက် ကုန်တွေက ဂိုဒေါင်ထဲမှာ ပိတ်မိနေတယ်။ ဒါတွေကို လွန်ခဲ့တဲ့ ၂ လလောက်က စပြီးတော့ ဂျယ်ဂေါင်ကနေပြီးတော့ ရွှေလီ၊ ရွှေလီကနေပြီးတော့ ဝမ်တိန်၊ ဝမ်တိန်ကနေပြီးတော့ ကျင်စန်းကျော့ထဲကို ပြန်ထွက်ခွင့်ပြုတယ်။ ဒီလိုပဲ လွယ်ဂျယ်မှာ ပိတ်မိနေတဲ့ ကုန်ပစ္စည်းကိုလည်း လွယ်ဂျယ်ကနေ ထွက်ခွင့်ပြုတယ်။ ချင်းရွှေဟော်မှာ ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေကိုလည်း ချင်းရွှေဟော်ကနေ ထွက်ခွင့်ပြုတယ်။ လွန်ခဲ့တဲ့ ၂ လကျော်ကတည်းက။ ဒါပေသည့် ပြီးခဲ့တဲ့ ၁၄ ရက်နေ့မှာ သူက ထုတ်ပြန်လိုက်တယ်။ ၁၄ ရက်နေ့မှာ နောက်ဆုံး ထားပြီးတော့ ထုတ်ရမယ်။ ၁၅ ရက်နေ့မှာ တရုတ်နိုင်ငံမှာ ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေကို လောလောဆယ် ထုတ်ပေးတဲ့ကိစ္စကို ရပ်ဆိုင်းလိုက်တယ် အဲဒါပါပဲ။ ဂိတ်တွေဖွင့်တယ် ကျင်စန်းကျော့က အဝင်ရော အထွက်ရော” ဟု ပြောသည်။
တရုတ်-မြန်မာ ကုန်သွယ်ကားများကို တွေ့ရစဉ်
ဂျယ်ဂေါင်နှင့် ဝမ်တိန်တွင် ပိတ်မိနေသည့် ကုန်ပစ္စည်းများကို မေလ ၂၃ ရက်နေ့တွင် စတင်ထုတ်ပေးနေခြင်း ဖြစ်ပြီး ယခုတွင် ထုတ်ယူခွင့်ကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် ဖွင့်လှစ်ထားသည့် ကျင်စန်းကျော့ဂိတ်တွင် နေ့စဉ် အစီး ၁၀၀ နီးပါး ကုန်သွယ်မှုရှိနေပြီး ဂျယ်ဂေါင်ဂိတ်ကိုသာ ပိတ်ခြင်း ဖြစ်သည်ဟု မူဆယ် ကုန်ကားသမား ကိုသန့်ဇင်က ပြောသည်။
၎င်းက “နယ်စပ်ကုန်သွယ်ရေးက ဖွင့်ပါတယ်။ ကျန်ခဲ့တဲ့ရက်ကတော့ တစ်နေ့ ၁၀၀ ကျော် (ကုန်ကား) လောက် ဝင်ပါ တယ်။ ဂျယ်ဂေါင်ထဲကနေပြီးတော့ ဝမ်တိန်သွားတာတွေ ပိတ်တာ” ဟု CNI သို့ ပြောသည်။
လက်ရှိတွင် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေး အကြောင်း ပြချက်ဖြင့် ကျင်စန်းကျော့ နယ်စပ်ဂိတ်တစ်ခုတည်းကိုသာ ဖွင့်လှစ်ထားပြီး ကျန်ရှိသည့် ချင်းရွှေဟော်၊ ဂျယ်ဂေါင်၊ မူဆယ်၊ မန့်ဝိန်းဂိတ်များကို တရုတ်နိုင်ငံဘက်မှ ပိတ်ထားခဲ့သည်။

- By CNI News
- Category: စီးပွားရေး
- Hits: 1145
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရုရှားနိုင်ငံ၊ စိန့်ပီတာ စဘတ်မြို့ အစိုးရအဖွဲ့ အကြီးအကဲ Mr. Alexander Beglov နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ရုံးမှာ ဇူလိုင် ၁၄ ရက်နေ့က ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် စိန့်ပီတာစဘတ်မြို့အစိုးရ အဖွဲ့နှင့် နစကဥက္ကဋ္ဌ တို့သည် စိန့်ပီတာစဘတ်မြို့ အခြေစိုက် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး လုပ်ငန်းများတွင် လာရောက် ပူးပေါင်းဆောင်ရွက်လိုသည့် အခြေအနေများအပြင် ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်၊ ပညာရေးနယ်ပယ်၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နယ် ပယ်၊ ဘာသာ သာသနာ ထွန်းကားပြန့်ပွားရေးအတွက် ယဉ်ကျေးမှု ဖလှယ်ရေးရာနယ်ပယ် စသည့် နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။
Mr. Alexander Beglov နဲ့ နစကဥက္ကဋ္ဌ မီဒီယာများကို ဖြေကြားနေစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နစကအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်အပြင် ကောင်းမွန် သည့် မူဝါဒများ ချမှတ်၍ နိုင်ငံတော်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ စိန့်ပီတာ စဘတ်မြို့တွင် မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွား မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင် ၁၃ ရက်က Mi-4 ၊ Mi-8၊ Mi-14၊ Mi-17 နှင့် Ansat အမျိုးအစား ရဟတ်ယာဉ်များ ထုတ်လုပ် ရောင်းချနေသည့် PJSC “Kazan Helicopters” ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် လများအတွင်းက ရုရှားနိုင်ငံမှ ထုတ်လုပ်သော SU-30 တိုက်လေယာဉ် ၂ စီး မြန်မာ့တပ်မတော်သို့ ရောက်ရှိခဲ့ သေးသည်။
ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာ့တပ်မတော်မှ စစ်လက်နက်များ ဝယ်ယူခြင်းနှင့် သင်တန်းသား များ စေလွှတ်လျက်ရှိသော ဆက်ဆံရေးကိုလည်း တည်ဆောက်ထားသည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က PJSC “Kazan Helicopters” ထုတ်လုပ်ရေးစက်ရုံကို သွားရောက်လေ့လာစဉ်
နစကသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။
ထို့နောက် အနောက်နိုင်ငံများနှင့် ဉရောပ နိုင်ငံများက စီးပွားရေး ပိတ်ဆို့ခြင်း အပြင် နစက အဖွဲ့ဝင် တစ်ဦးချင်းကိုလည်း ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားခြင်းကြောင့် သံတမန်ရေးအရ အထီးကျန်နေသလို စီးပွားရေး၊ လောင်စာဆီ၊ အလုပ်အ ကိုင် အခွင့်အလမ်းများ ကျဆင်းခြင်းဖြင့် ရင်ဆိုင်နေရသည်။
အဆိုပါ အခြေအနေများကို ပြန်လည် ဦးမော့လာရေး ဆောင်ရွက်ရန်အတွက် ရုရှားနိုင်ငံနှင့် စီးပွားရေး၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဘဏ်စနစ်များ၊ လေကြောင်းလိုင်းများ၊ လောင်စာဆီ ရောင်းဝယ်ရေး စသည့် နယ်ပယ်များ ပူးပေါင်း ဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိနေသည်။

- By CNI News
- Category: စီးပွားရေး
- Hits: 988

- By CNI
- Category: စီးပွားရေး
- Hits: 1294
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅
မြန်မာနိုင်ငံရှိ ဟိုတယ်များတွင် ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ်(Guest List Management System – GLMS)ကို လုပ်ဆောင်ခြင်း သည် လာရောက် တည်းခိုသည့် ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များအတွက်သာမက နိုင်ငံတော်အတွက်ပါ အကျိုးရှိကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းက ပြောသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “နိုင်ငံတော်ကျတော့ ဒေတာကောက်ထားတဲ့ အတွက် ဒီဟာလာတဲ့ဟာက Tour ကုမ္ပဏီတွေနဲ့ လာတာလား၊ FIT ပေါ့နော် သူ့သဘောနဲ့သူ လာတာလား၊ စီးပွားရေးနဲ့ လာ တာလား၊ ဒါအလည်အနေနဲ့ လာတာလားဆိုတာ ကျနော်တို့ သိရတယ်။ နိုင်ငံသားတွေက အစပေါ့နော်။ မဟုတ်ရင် လေဆိပ် မှာဝင်တဲ့ အချိန်မှာ ပေးခဲ့တဲ့ arrival ရဲ့ ဒေတာပဲ ကျနော်တို့က ကောက်ယူနေတဲ့အခါမှာ ဒီဧည့်သည်တွေရဲ့ သွားလာမှုတွေကို ကျနော်တို့ ပြန်ပြီးတော့ ဟိုဟာမဖြစ်ဘူး။ အခုဆို ဒီဧည့်သည်က မြန်မာနိုင်ငံမှာ ဘယ်နှရက် နေခဲ့သလဲဆိုတာကို ဟိုတယ်တွေ ရဲ့ တက်လာတဲ့အပေါ်မှာ ကြည့်လိုက်တာနဲ့ ကျနော်တို့က သိသွားပြီပေါ့။ ပတ်စပို့စ်နံပါတ် သိလိုက်ပြီဆိုတာနဲ့ သူဘယ်မှာ တည်းခဲ့တယ်ဆိုတာကို သိပြီပေါ့။ အကယ်၍ ကျန်းမာရေး စစ်ဆေးလို့ ရောဂါပိုး တွေ့တယ်ဆိုရင်လည်း သူတည်းခဲ့တဲ့ ဟိုတယ်တွေက ဘယ်မြို့တွေဆိုတာ သိတဲ့အတွက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လုပ်လို့ရတယ်။ အကယ်၍ တစ်ခုခု အလုယက်ခံ၊ အက်စီးဒန့် ဖြစ်တယ်ဆိုရင်လည်း ကျနော်တို့က ချက်ချင်း လုပ်ပေးလို့ရတာပေါ့”ဟု ပြော သည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဟိုတယ်များတွင် ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ်အား အကောင်အထည်ဖော် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ်(GLMS) သည် လာရောက် တည်းခိုသည့် ခရီးသည်များ၏ ခရီးလမ်းကြောင်းနှင့် အချက်အလက်တို့ အား သိရှိနိုင်ကြောင်း သိရသည်။
ထိုသို့ ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် လုပ်ဆောင်ခြင်းသည် ဟိုတယ်များအတွက် ကောင်းမွန်သော်လည်း ၎င်းတို့၏ အချက် အလက်အား ပေးရသည်ကို မကြိုက်သည့် တချို့ဧည့်သည်များရှိကြောင်း Travel and Tour အေဂျင်စီတစ်ခုမှ CNI သတင်းဌာနသို့ ပြောသည်။
နေပြည်တော်ရှိ ဟိုတယ်တစ်ခုကိုတွေ့ရစဉ်
၎င်းက “မကောင်းတာတော့ မဟုတ်ဘူးပေါ့နော်။ တစ်ဝက် တစ်ဝက်ပေါ့။ ဟိုတယ်ဘက်ကလည်း သူတို့လိုအပ်ချက်အရ တစ်ခုခု ဆိုလို့ရှိရင် ဧည့်သည်ရဲ့ personal details တွေကိုတော့ လိုအပ်လို့ တောင်းတာပေါ့။ ဘာဖြစ်လို့လဲဆို အခုနောက်ပိုင်း ကွင်းစက်တွေကို လိုက်ရတဲ့အပိုင်းတွေ ရှိတာကိုး။ ဧည့်သည်တွေဘက်က အမြင်ကျတော့လည်း တချို့ကတော့ ဟုတ်ပါတယ်။ ဘယ်လိုပြောရမလဲ သူတို့ရဲ့ details တွေကို ပေးရတာ။ တချို့ကျတော့လည်း privacy အနေနဲ့ မကြိုက်ကြတာတော့ ရှိတယ် ပေါ့။ ဒါပေမဲ့ အခုလို current situation, new normal ပုံစံနဲ့ပဲ လုပ်ရမယ်ဆိုရင်တော့လည်း မဖြစ်မနေ လိုအပ်လို့ ရှိရင်တော့ လည်း ပေးရမှာကတော့ ဧည့်သည် တာဝန်လို့တော့ မြင်တာပဲလေ။ ဘာလို့ဆို ဟိုတယ် တစ်ခုသွားပြီဆို မှတ်ပုံတင်က ပတ်စပို့စ်က check in မှ ပြရတာပဲလေ။ အဲဒီမှာလည်း ဧည့်သည်ရဲ့ detail ရယ်၊ နောက် သူဘယ်ကလာလဲ။ ဘယ်ကိုသွားမှာ လဲ ဆက်ပြီးတော့ လိုအပ်တာတွေတော့ တချို့ အသိပေးဖို့ လိုရင်တော့လည်း ပြောပြရမယ်ပေါ့။ အဲဒီအတွက် ဧည့်သည်ဘက် ကလည်း လက်ခံရမယ်လို့ မြင်တာပဲ”ဟု ပြောသည်။
လက်ရှိတွင် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် လုပ်ဆောင်ရန် စာရင်းသွင်းထားသည့် ဟိုတယ် အရေအတွက်သည် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ၁၇၀၀ ကျော်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် နိုင်ငံတကာတွင်လည်း ယခုကဲ့သို့ လုပ်ဆောင်မှုများရှိသဖြင့် မြန်မာနိုင်ငံရှိ ဟိုတယ်များတွင် ဧည့်စာရင်းစီမံခန့်ခွဲမှု စနစ် လုပ်ဆောင်ခြင်းသည် လုံခြုံရေးပိုင်းဆိုင်ရာအတွက် ကောင်းမွန်ကြောင်း ခရီးသွားလုပ်ငန်းရှင် ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။
ဟိုတယ်ကို လာရောက်တည်းခိုသူများ
ဦးသက်လွင်တိုးက “ဒီအချိန်မှာ အဓိကက လုံခြုံရေး သတိထားရပါတယ်။ ဘယ်သူ ဘယ်လို ဘယ်ဝါမှန်း မသိတဲ့ အခြေအနေ မှာ ဒီလို control လုပ်တာပေါ့။ ဧည့်စာရင်း တိုင်ပြီးတော့ သွားပြီး စာရင်းပို့တယ်ဆိုတာဟာ ဒါက အများကြီး make up လုပ် လို့ ရတယ်လေ။ ဒါတွေက နိုင်ငံတကာမှာလည်း ရှိတာပါ။ ရဲတွေကလည်း ရဲအလုပ်ကို ပီပီပြင်ပြင် လုပ်နိုင်တဲ့ အခြေအနေ ရှိရင်တော့ ပိုပြီးတော့ ထိထိရောက်ရောက် မှုခင်းတွေကို ဖော်ထုတ်နိုင်မယ်လို့ မြင်ပါတယ်။ နိုင်ငံခြားမှာတော့ ဒီဟာမျိုးတွေနဲ့ ပဲ trace လုပ်ကြတာပါ။ ဒီလိုဟာတွေက တကယ့် ဒီမိုကရေစီနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောလို့ မရဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ကြတာပေါ့။ ဒီ system တွေကလည်း လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောလို့ မရဘူးပေါ့။ ရှိသင့် ရှိထိုက်တာတော့ ရှိရမယ်” ဟု ပြောသည်။
လက်ရှိတွင် မိုးရာသီ ရောက်ရှိနေသည့်အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဝင်ရောက်မှုမှာ နည်းပါးကြောင်းနှင့် ပြည်ပမှ ဝင် ရောက်သည့် ခရီးသွားများထဲတွင် စီးပွားရေးကိစ္စဖြင့် လာသည့်သူ များပြားပြီး အလည်အပတ် အနေဖြင့် လာရောက်သည့် ခရီးသွားမှာ နည်းပါးနေသေးကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းထံကနေ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1147
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆီထွက်သီးနှံများ တင်ပို့ရာတွင် ပို့ကုန်တန်ဖိုးအား ကြိုတင်ငွေလွှဲ စနစ် ဖြင့် ဆောင်ရွက်၍ ငွေလွှဲဝင်ရောက်မှသာ လိုင်စင်ခွင့်ပြု ထုတ်ပေးရန်နှင့် တင်ပို့ခွင့်ပြုရန် လုပ်ဆောင်ခြင်းက ဈေးကွက်ခိုင်မာ ရေးအတွက် ဖြစ်နိုင်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ယခင်က နယ်စပ်ကုန်သွယ်ရေးတွင် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ မြေပဲနှင့် ဆီထွက်သီးနှံ စသည့် ပို့ကုန်များကို ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြင့် ရောင်းဝယ်နေကြကြောင်း၊ သို့သော် ယခုအခါတွင် ဒေါ်လာဖြင့် ငွေလွှဲရောက်ရှိမှသာ တင်ပို့ကြရမည် ဖြစ်သည်။
အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက “နိုင်ငံတော်အနေနဲ့ကလည်း ကိုယ့်ထုတ်ကုန်ကို တန်ဖိုးမြှင့်ချင်တဲ့ သဘောလည်း ရှိတယ်။ တန်ဖိုး ရှိစေချင်တာပေါ့နော်။ အဲဒါလည်း ရှိကောင်း ရှိနိုင်တယ်။
နယ်စပ်မှာလည်း ကိုယ်ကနေပြီးတော့ သွားပြီးတော့ ရောင်း နေမယ့်အစား ကိုယ့်ဘက်ကလည်း ခိုင်ခိုင်မာမာ ဈေးတန်းတစ်ခုနဲ့ သိက္ခာရှိရှိနဲ့ ရောင်းစေချင်တာ ပါကောင်း ပါမှာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဆီထွက်သီးနှံများကို ပြည်ပသို့ တင်ပို့ရာတွင် အမေရိကန်ဒေါ်လာ ဈေးနှုန်းဖြင့် တွက်ချက်ပြီး ရောင်းဝယ်ကြရန်နှင့် ငွေပေးချေ ရာတွင် ကြိုက်နှစ်သက်ရာ ငွေကြေးဖြင့် ပေးချေ၍ ရနိုင်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၂ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ဆီထွက်သီးနှံများကိုတွေ့ရစဉ်
အဆိုပါ ထုတ်ပြန်ချက်တွင် ကုန်သည်များက ပို့ကုန်ရငွေများအားလုံးကို ဗဟိုဘဏ်သို့ အမေရိကန်ဒေါ်လာဖြင့် အပ်နှံရမည် ဖြစ်ပြီး ကုန်သွယ်ခွန် ၂ ရာခိုင်နှုန်းကို နှုတ်ယူကာ ကျန်ရှိသည့် ငွေကြေးများကို တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်ဖြင့် တွက်ချက်၍ မြန်မာကျပ်ငွေ ပြန်လည် ထုတ်ပေးမည်ဖြစ်သည်။
ဇူလိုင်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ပဲအမျိုးမျိုး၊ ပြောင်းနှင့် ဆီထွက်သီးနှံများကို နယ်စပ်ကုန်သွယ်ရေးမှတဆင့် တင်ပို့ ရာတွင် ပို့ကုန်တန်ဖိုးအား ကြိုတင်ငွေလွှဲစနစ်ဖြင့် ဆောင်ရွက်၍ ငွေလွှဲရောက်ရှိမှသာ ပို့ကုန်လိုင်စင် ထုတ်ပေးရန်နှင့် ပို့ကုန် တင်ပို့ရန် ပါရှိသည်။
ထိုစနစ်သည် ရေကြောင်း ကုန်သွယ်ရေးတွင်သာ လုပ်ဆောင်လေ့ရှိပြီး ယခု နယ်စပ်ကုန်သွယ်ရေးတွင် လုပ်ဆောင်လိုက်ခြင်း ကြောင့် နယ်စပ်ကုန်သွယ်ရေးအပိုင်းတွင် အခက်အခဲ ရှိလာနိုင်သည်ဟု ဧရာကုန်သွယ်မှုဗဟိုဌာနမှ တာဝန်ခံ ဦးနေဝင်းစိုးက ပြောသည်။
ဦးနေဝင်းစိုးက “ကိုယ့်နိုင်ငံကနေ ဝယ်နေတဲ့ နိုင်ငံတွေက တင်သွင်းနေတဲ့ နိုင်ငံတွေက ကိုယ့်နိုင်ငံ တစ်ခုတည်း ဝယ်နေတာ မဟုတ်ဘူးလေ။ ထိုင်းဆိုရင် ဗီယက်နမ်ကနေ လှည့်ဝယ်လို့ ရတယ်လေ။ လာအိုကနေ လှည့်ဝယ်လို့ရတယ်။ အိန္ဒိယဆိုလည်း ပါကစ္စတန်တို့၊ တခြားနိုင်ငံတို့ကနေ လှည့်ဝယ်လို့ ရတယ်။ အဓိကလိုအပ်ချက်က တရုတ်ပဲ ရှိတယ်။ တရုတ်ကလည်း အစော ပိုင်း ကတည်းက ကိုယ့်ဆီကနေ ဝယ်လို့ ပစ္စည်း တကယ်လိုအပ်နေတာတော့ မှန်တယ်။ ဒါပေမယ့် သူတို့က အပေါ်စီးကနေ ဝယ်နေတာလေ။ ဆိုတော့ ရေကြောင်းနဲ့ သွားနေတဲ့ သဘောအတိုင်း နယ်စပ်တွေမှာ သွားနေတယ်ဆိုတော့ အဲဒါက နယ်စပ် တွေမှာ နည်းနည်းတော့ အခက်အခဲ ဖြစ်သွားနိုင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဆိပ်ကမ်းတစ်ခုက ပို့ကုန်များ
မြန်မာနိုင်ငံတွင် ပို့ကုန်နှင့်ပတ်သက်၍ မကြာခဏ မူဝါဒ အပြောင်းအလဲ လုပ်ဆောင်နေခြင်းများသည် ကုန်သည်နှင့် လုပ်ငန်း ရှင်များ လုပ်ငန်း လုပ်ကိုင်ရာတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်စေသလို ဈေးကွက် မတည်မငြိမ် ဖြစ်စေနိုင်သည်ဟု ကုန်သည်များ က ပြောသည်။
ထို့အပြင် ယခုနှစ်တွင် ကုန်သည်များသည် မူဝါဒ အပြောင်းအလဲများနှင့် ဈေးနှုန်း မတည်ငြိမ်မှုများကြောင့် ကုန်သည် အများ အပြား အရှုံးနှင့် ရင်ဆိုင်ထားရကြောင်း၊ ထို့ကြောင့် လာမည့် ပြောင်းရာသီတွင် တောင်သူများထံသို့ ဈေးနှုန်း နိမ့်ပြီး ဝယ်ယူမှု များ ဖြစ်ပေါ်လာကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းစိုက်တောင်သူ ကိုမင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။
ကိုမင်းခိုင်က “ပြောင်းကုန်သည်တွေကတော့ လောလောဆယ်မှာတော့ ဒီတစ်နှစ်က အပေါ်က ပြောင်း Exporter တွေက တော့ သူတို့ အရှုံးကြီးပဲ ရှုံးနေကြတာလေ။ အရှုံးကြီးပဲ ရှုံးနေတော့ သူတို့က ဒီနှစ်က သူတို့အတွက် သင်ခန်းစာတစ်ခု ဖြစ်သွား ပြီလေ။ နောက်နှစ်ကိုတော့ တောင်သူတွေအပေါ်မှာ ဈေးမြှင့်ဖို့ဆိုတာတော့ သိပ်မရှိဘူး။ ဖြစ်လာမယ့် ပြဿနာတွေနဲ့ဆို သူတို့ က ဈေးကို ဆွဲချဖို့ပဲ ရှိတယ် ကျနော်တို့ ခန့်မှန်းမိတာပေါ့လေ” ဟု ပြောသည်။
ပဲအမျိုးမျိုး၊ ပြောင်းနှင့် ဆီထွက်သီးနှံများ တင်ပို့မှုနှင့်ပတ်သက်ပြီး လက်ရှိ ပြောင်းလဲလိုက်သည့် မူဝါဒအပေါ် ဆက်လက် စောင့်ကြည့်ရန် လိုအပ်သေးကြောင်း၊ အစပိုင်းတွင် အခက်အခဲများ ကြုံတွေ့ရခိုင်သော်လည်း ထိုမူဝါဒအတိုင်း ဆက်လက် လုပ်ဆောင်ရမည်ဆိုပါက ရေရှည်တွင် အဆင်ပြေသွားနိုင်ကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်နေသည့် ကုန်သည်များက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1781
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄
ပြည်တွင်းတွင် SKD စနစ်ဖြင့် ကားထုတ်လုပ်မှု ရပ်နားနေခြင်းကို တားဆီးနိုင်ဖို့အတွက် အစိုးရအနေဖြင့် မူဝါဒများ ဖြေလျှော့ ပေးရန် လိုအပ်သည်ဟု ကားမူဝါဒ ကျွမ်းကျင်သူများနှင့် ကားလုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။
ပြည်ပမှ မော်တော်ယာဉ် အစိတ်အပိုင်းများကို တင်သွင်းပြီး ပြည်တွင်းတွင် SKD စနစ်ဖြင့် တပ်ဆင် ထုတ်လုပ်နေသည့် မော်တော်ကား ကုမ္ပဏီအများစုသည် အမေရိကန် ဒေါ်လာဈေးနှုန်း ကွာဟချက်များ ရှိနေခြင်းနှင့် လိုအပ်သည့် အစိတ် အပိုင်းများ တင်သွင်းရန် အစိုးရမှ ချမှတ်ထားသည့် တင်သွင်းခွင့် မူဝါဒများကြောင့် ယာယီ ရပ်နားမှုများ ရှိလာခဲ့ကြသည်။
ထို့ကြောင့် ထုတ်လုပ်မှု မရပ်နားစေရန် အစိုးရအနေဖြင့် ချမှတ်ထားသည့် မူဝါဒများကို ဖြေလျှော့ပေးရန် လိုအပ်ကြောင်း၊ ဖြေလျှော့မှု မရှိပါက SKD စနစ်ဖြင့် ကားထုတ်လုပ်မှုများ ထပ်မံ ရပ်နားသွားနိုင်ကြောင်း ကားမူဝါဒ ကျွမ်းကျင်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစိုးရရဲ့ ပေါ်လစီပေါ်မှာ လိုက်ပြီးတော့ လုပ်ဆောင်ရတဲ့ ကုမ္ပဏီတွေရဲ့ အပိုင်းရှိတယ်။ ကုမ္ပဏီတွေမှာလည်း ကိုယ် ပိုင် ပေါ်လစီတွေ ချလို့ရတာ ရှိတယ်။ ဥပမာ ဆူဇူကီးဆိုရင် အမေရိကန်ဒေါ်လာနဲ့ Spare parts ပစ္စည်းတွေ ပြည်ပကနေ သွင်းပြီးတော့မှ ယာဉ်အပိုပစ္စည်းတွေ သွင်းတယ်။ ပြီးသွားတော့မှ ကားတပ်ဆင် ထုတ်လုပ်မယ့် အစိတ်အပိုင်းတွေကို အမေရိကန် ဒေါ်လာနဲ့ တင်သွင်းနေမယ့်အစား သူတို့က ဂျပန်ကနေ လာပြီးတော့ လုပ်တဲ့ကုမ္ပဏီ ဖြစ်တဲ့အခါကျတော့ ဂျပန်ယန်းနဲ့ရော ဝယ်ယူတင်သွင်းလို့ မရဘူးလားဆိုတဲ့ ကုမ္ပဏီဘက်ကို ကျနော်တို့ မေးခွန်း ပြန်မေးရမှာပေါ့။ အမေရိကန် ဒေါ်လာမှာ ဒီလို error ဖြစ်နေတယ်။ အမေရိကန်ဒေါ်လာနဲ့ ပတ်သက်ပြီး ငွေလွှဲနှုန်းတွေကြောင့် ဒီလိုမျိုး အစိတ်အပိုင်းတွေ လုပ်ဖို့ ခက်နေ တယ် ဆိုလို့ရှိရင် ဂျပန်ပစ္စည်းတွေ ဖြစ်နေတဲ့အခါကျတော့ ဂျပန်ယန်းနဲ့ ပေးချေလို့ရအောင် ကုမ္ပဏီဘက်က လုပ်ဆောင်လို့ မဖြစ်နိုင်ဘူးလား။ တရုတ်က ယွမ်နဲ့ လုပ်သလို သူတို့ဘက်က ယန်းနဲ့ လုပ်လို့မရနိုင်ဘူးလား ကုမ္ပဏီဘက်က စဉ်းစားပြီးတော့ လည်ပတ်လို့ရမယ်ဆိုရင် လည်ပတ်လို့ ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။
ကားများ ထုတ်လုပ်တပ်ဆင်နေခြင်း
ထို့နောက် တရုတ်၊ ဂျပန်၊ ကိုရီးယား စသည့်နိုင်ငံထုတ်များမှ SKD ကားများကို ဒေါ်လာဖြင့် လုပ်ဆောင်နေခြင်းအစား သက်ဆိုင်ရာနိုင်ငံက ငွေကြေးနှင့် ဆောင်ရွက်မည်ဆိုပါက အဆင်ပြေနိုင်ကြောင်း ကားမူဝါဒ ကျွမ်းကျင်သူ ဦးအောင်ပြည့်စုံ က ပြောသည်။
၎င်းက “ကုမ္ပဏီရဲ့ မူဝါဒတွေက ဘယ်လိုမျိုး ချမှတ်ထားလဲ၊ သူတို့ ဘယ်လိုမျိုးသွားတယ်ဆိုတာတွေ မသိနိုင်တဲ့ အခါကျတော့ ငွေလွှဲနှုန်း မတည်ငြိမ်တဲ့ ပြဿနာတွေရယ်၊ ယာဉ်အပိုပစ္စည်း တင်သွင်းဖို့ ခက်ခဲနေတယ်ဆိုတဲ့ အခြေအနေမျိုးရယ်၊ ယာဉ် အပိုပစ္စည်း တင်သွင်းဖို့ ခက်ခဲတယ်ဆိုတဲ့ ၂ ရပ်မှာတော့ ၂ ရပ်စလုံးနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီတွေကတော့ အရင်ဆုံး ရပ်သွား နိုင်တယ်။ အဲဒီမှာ တဖြည်းဖြည်းချင်းနဲ့တော့ အစိုးရဘက်က ပေါ်လစီတွေ၊ မူဝါဒတွေမှာ ပြောင်းလဲမှုတွေ၊ ဖြေလျှော့မှုတွေ မရှိဘူးဆိုလို့ရှိရင်တော့ SKD ကားတွေလည်း တဖြည်းဖြည်းနဲ့ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တာ အားနည်းချက်တွေ၊ လျော့လာတာတွေ ဖြစ်လာနိုင်ပါတယ်။ အရင်ဆုံးက အမေရိကန်ဒေါ်လာနဲ့ တိုက်ရိုက်ပေးချေပြီးတော့ တင်သွင်းနေရတဲ့ ကုန်ပစ္စည်းနဲ့ ကုမ္ပဏီတွေကတော့ အရင်ဆုံး ရပ်နားသွားနိုင်ခြေ ရှိပါတယ်” ဟု ပြောသည်။
လက်ရှိ SKD စနစ်ဖြင့် ကားထုတ်လုပ် တပ်ဆင်သည့် ကုမ္ပဏီများ ကြုံတွေ့နေရသည့် အခက်အခဲများသည် အစိုးရမှ နိုင်ငံ ခြားငွေ လဲလှယ်မှုအပေါ် ထိန်းချုပ်လိုက်သည့် အတွက်ကြောင့် ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။
Suzuki ကား ရှိုးပြထားခြင်း
၎င်းက “ပုံမှန်တော့ ဆက်ထုတ်လုပ်ခွင့် ပြုသင့်တယ်လို့ ယူဆတာပေါ့။ ဒီလို ဆက်ထုတ်လုပ်မှုကိုလည်း တာဝန်ရှိတဲ့သူတွေ အနေနဲ့ ခွင့်ပြု ပေးသင့်တယ်လို့ ယူဆတယ်။ ဘာလို့လဲဆို နိုင်ငံခြား Investment ရင်းနှီးမြှုပ်နှံမှုက အင်မတန်ရှားတယ်။ ထွက်သွားပြီးရင် ပြန်ဝင်ဖို့ဆိုတာ အင်မတန်ခက်တယ်။ ဆူဇူကီး၊ ဟွန်ဒိုင်းတို့ဆိုတာ ၁၀၀ percent Foreign investment ဖြစ်တယ်။ ဆိုတော့ ဒါကို ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်မသွားအောင် နောက်ပြီးတော့ တကယ့်တကယ် SKD ဆိုတာ မြန်မာ နိုင်ငံမှာ တစ်စိတ်တပိုင်း တပ်ဆင်ထုတ်လုပ်တာ။ အဲဒီအောက်မှာရှိတဲ့ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေး အခြေအနေရယ်၊ နောက် လစာ အခြေအနေ အပေါ်ရယ် အများကြီး မူတည်နေတယ်။ ရင်းနှီးမြှုပ်နှံမှုကလည်း များတယ်။ များတဲ့အခါကျတော့ ဒါကို မရပ်နားအောင်တော့ သူတို့က လုပ်ပေးသင့်တယ်။ ဒါပေမယ့် သူတို့ကလည်း ဒေါ်လာငွေ ဈေးတက်တာနဲ့အတူ ဒေါ်လာ ဈေး တက်တာကို ထိန်းချုပ်ချင်တဲ့ အတွက်ကြောင့် တစ်စိတ်တပိုင်းကို တားဆီးလိုက်တဲ့သဘော ဖြစ်နေတဲ့အတွက်ကြောင့် ဒီမူဝါဒအပိုင်းမှာ တဖက်ဖက်မှာ သွားညှိလိုက်ရင် ညှိလိုက်ရင်မဟုတ်ဘူးနော် ိနေတဲ့အတွက်ကြောင့်မို့လို့ ကားတင်သွင်းခွင့် ကို မရတာဖြစ်တယ်” ဟု ပြောသည်။
လက်ရှိ လည်ပတ်နေသည့် SKD စနစ် ကားစက်ရုံများသည် ယခင်က တင်သွင်း ထားပြီးသားဖြစ်သည့် အစိတ်အပိုင်းများ ဖြင့်သာ ဆက်လက် ထုတ်လုပ်နေခြင်းဖြစ်ကြောင်း၊ ပြည်တွင်းရှိ SKD ကားစက်ရုံ ကုမ္ပဏီအားလုံး ယခုလို ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း ဦးမင်းမင်းမောင်က ဆက်ပြောသည်။
၎င်းက “တော်တော်များများ SKD ရှိတဲ့ ကုမ္ပဏီ တော်တော်များများက အဲလိုဖြစ်နေတာ ကြာပြီ။ ရှိနေတဲ့ သွင်းထားတဲ့ လက် ကျန်ကိုပဲ ဆက်ထုတ်နေတာ။ ဒါက အမှန်တကယ်ပြောရရင် အခုမှ တောက်လာတဲ့ မီး၊ ကြာပြီ သွင်းလို့မရတာ၊ SKD ထုတ်ခွင့် မရ၊ အခုမှ လက်ကျန် Stock လေးတွေ ကုန်ပြီးတော့ အသံထွက်လာတာ။ သူတို့အနေနဲ့ သွင်းလို့မရတာ ကြာပါပြီ။ ဆိုတော့ အားလုံးပဲ ဖြစ်နေတာပေါ့။ ဂျက်တောလည်း ပြီးရင်တော့ ကုန်သွားရင်တော့ သူဘယ်လိုစီစဉ်မလဲ မသိဘူး။ ထိုနည်းလည်း ကောင်းပဲ BAIC လည်း ထပ်သွင်းလို့မှ မရတာ။ နောက်ပြီးတော့ Ford လည်း ထိုနည်းလည်းကောင်းပဲ အမျိုးမျိုးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပြည်တွင်းတွင် SKD စနစ်ဖြင့် ထုတ်လုပ် တပ်ဆင်နေသည့် ကားအမျိုးအစားများမှ ဆူဇူကီး၊ ဟွန်ဒိုင်း၊ ဂျက်တော၊ နီဆန်း၊ KIA၊ Ford စသည့် ကားအမျိုးအစားများ ဖြစ်ပြီး ထုတ်လုပ်နေသည့် ကုမ္ပဏီ ၁၀ ခုကျော် ရှိကြောင်း သိရသည်။

- By CNI News
- Category: စီးပွားရေး
- Hits: 1858
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃
မြန်မာနိုင်ငံ၏ လောင်စာဆီ လိုအပ်ချက်နှင့် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည့် အခြေအနေများကို ရုရှားနိုင်ငံ၏ PJSC “Tatneft” ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် နာအီးလ် အူဖာသောဗစ်ချ် မာဂါနော့ဗ် (Mr. Nail Ultatovich Maganov)နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ယနေ့ (ဇူလိုင် ၁၃ ရက်)တွင် ရုရှားနိုင်ငံ၏ လက်အောက်ခံ Republic of the Tatarstan၊ ကာဇန်မြို့ရှိ PJSC “Tatneft” ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်နှင့်နစက ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တွေ့ဆုံတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ လောင်စာဆီ လိုအပ်ချက်နှင့် ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ Tatneft ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင် နိုင်မည့် အခြေအနေများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများကို ရေရှည်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ စသဖြင့် ဆွေးနွေးခဲ့သည်။
“Tatneft” ကုမ္ပဏီ တာဝန်ရှိသူများနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံ ဆွေးနွေးနေစဉ်
ထို့နောက် Republic of the Tatarstan ၏ အကြီးအကဲ Mr. Rustam Nurgaliyevich minnikhanov နှင့်တွေ့ဆုံ၍ ကူးသန်း ရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ် ခြင်း၊ စက်ရုံ ၊ အလုပ်ရုံများ တည်ဆောက်ခြင်း၊ စက်ပစ္စည်းများ တပ်ဆင်ထိန်းသိမ်းခြင်းတို့ကို ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးတွင် ပူးပေါင်း ဆောင်ရွက်နိုင် မည့် အခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် လောင်စာဆီ လိုအပ်ချက် မြင့်မားနေပြီး ဈေးနှုန်းလည်း ကြီးမြှင့်နေခြင်းကြောင့် ပြည်သူများ အခက် အခဲများ ကြုံတွေ့နေရသည်။ တစ်ခါတစ်ရံတွင် စက်သုံးဆီ ပြတ်လပ်မှုများနှင့် လွန်စွာ နည်းပါးမှုများ ကြုံတွေ့ရသည်။