
- By CNI
- Category: အားကစား
- Hits: 846
မက်ဆီကြောင့် ပီအက်စ်ဂျီအသင်း အပိုဝင်ငွေ ယူရိုသန်း ၇၀၀ ရရှိ
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃
ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ခေါ်ယူပြီးနောက် စီးပွားရေးအရ သဘောတူညီမှုတွေကြောင့် အပိုဝင်ငွေ ယူရိုသန်း ၇၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့နှစ် အပြောင်းအရွှေ့ကမှ ဘာစီလိုနာအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီး ပီအက်စ်ဂျီအသင်းထံ အလွတ်နဲ့ ရောက်ရှိလာခဲ့တာပါ။
မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ ပထမနှစ်မှာ ယူရိုသန်း ၃၀ ရရှိခဲ့ပြီး နောက်ဆုံးနှစ်မှာ ယူရိုသန်း ၄၀ ရရှိမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ မက်ဆီ ရောက်ရှိလာခဲ့ပြီး ကတည်းက နာမည်ကျော် အမှတ်တံဆိပ် အများအပြားနဲ့ သဘောတူညီမှု ရရှိခဲ့ပြီး သူတို့ရဲ့ ဝင်ငွေရရှိမှုဟာ ၁၃ ရာခိုင်နှုန်းအထိ မြင့်တက် လာခဲ့တာပါ။
EI Economista က ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ခေါ်ယူခဲ့လို့ ကုန်ကျစရိတ် ကြီးမားခဲ့ပေမယ့် စပွန်ဆာတွေနဲ့ အမှတ်တံဆိပ် အများအပြားနဲ့ သဘောတူညီမှုတွေကို တိုးတက်လာမှုတွေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်း စီးပွားရေးဒါရိုက်တာ မာ့ခ်အမ်းစထရောင်းက မက်ဆီ ရောက်လာပြီးနောက် အသင်းအပေါ် သက်ရောက်မှုတွေကို မာကာသတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောသွားခဲ့တာပါ။
မက်ဆီကိုတွေ့ရစဉ် (The Sun)
မာ့ခ်အမ်းစထရောင်းက “ဝယ်လိုအားတွေက ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းကြား တိုးလာခဲ့ပါတယ်။ ဒီလို အပြောင်းအရွှေ့မျိုး ဖြစ်လာတယ်ဆိုရင် လူတွေက အင်္ကျီတွေရောင်းပြီး ပိုက်ဆံရှာတယ်လို့ ထင်ကြပါတယ်။ ဒါတွေက လုံးဝမဟုတ်ပါဘူး။ အပိုအင်္ကျီတွေလည်း အများကြီး မထုတ်နိုင်ခဲ့ပါဘူး။ အလွန်အရေးကြီးတဲ့ အနည်း ငယ် လောက်ကိုပဲ အကာအရံ လုပ်နိုင်ခဲ့တာပါ။ ဒါပေမယ့် မက်ဆီအင်္ကျီတွေရဲ့ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်း မပေးနိုင်ပါဘူး”လို့ ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ မက်ဆီရဲ့ အပြောင်းအရွှေ့ကြောင့် စပွန်ဆာအသစ် ၁၀ ခုအထိ ရရှိခဲ့ပြီး စပွန်ဆာ အခကြေး ငွေကလည်း ပေါင် ၂.၆ သန်းကနေ ပေါင် ၆.၉ သန်းအထိ တိုးလာခဲ့တာ ဖြစ်ပါတယ်။ မက်ဆီရဲ့ နာမည်ပါ အင်္ကျီ ဟာ ပီအက်စ်ဂျီအသင်း အင်္ကျီရောင်းချမှု အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းအထိ ရှိခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာဆိုရင် မက်ဆီ ရောက်ရှိလာမှုကြောင့် ဆိုရှယ်မီဒီယာမှာလည်း ဖော်လိုဝါ ၁၅ သန်းအထိ မြင့်တက်လာခဲ့ပြီး စုစုပေါင်း သန်း ၁၅၀ အထိ ရှိလာတာဖြစ်ပါတယ်။
မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၆ ဂိုးသွင်းယူကာ ၈ ဂိုးဖန်တီးထားတာ ဖြစ်ပါတယ်။
Source: Mirror/the Sun

- By CNI
- Category: အားကစား
- Hits: 871
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃
ဂီရောဒ့်ဟာ သြစတြီးယားအသင်းကို အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ ဂိုးသွင်းယူပြီးနောက် ပြင်သစ် အသင်းရဲ့ အသက်အကြီးဆုံးဂိုးသွင်းရှင်ဖြစ်လာခဲ့ပါတယ်။
ဒီပွဲမှာ ပြင်သစ်အသင်းဟာ သြစတြီးယားအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဂီရောဒ့်နဲ့ ဘတ်ပီ တို့က ၁ ဂိုးစီသွင်းယူခဲ့ကြတာပါ။အေစီမီလန်တိုက်စစ်မှူးဟာ သြစတြီးယားဘက်ကို ဂိုးသွင်းယူချိန်မှာ အသက် ၃၅ နှစ်နဲ့ ၃၅၇ ရက်ရှိနေပြီး အရင်စံချိန်တင်ထားတဲ့ မာချီက ၃၅ နှစ်နဲ့ ၂၈၇ ရက် ဖြစ်ပါတယ်။ အဲဒါကြောင့် ဂီရောဒ့်ဟာ ပြင်သစ်အသင်းရဲ့ အသက်အကြီးဆုံး ဂိုးသွင်းရှင်ဖြစ်လာခဲ့တာပါ။ ဒီပွဲမှာ သွင်းယူတဲ့ဂိုးကြောင့် ဂီရောဒ့်ဟာ ပြင်သစ်အတွက် ၄၉ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒါကြောင့် ပြင်သစ်အသင်းအတွက် ၅၁ ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ အွန်နရီ ရဲ့ စံချိန်ကို လိုက်မှီဖို့ ဂီရောဒ့်အတွက် သွင်းဂိုး ၂ ဂိုးသာ လိုတော့တာပါ။
ဂီရောဒ့်ဟာ ဒီရာသီမှာ အေစီ မီလန်အတွက် ခြေစွမ်းပြသနေသလို အဓိကတိုက်စစ်မှူး ဘန်ဇီမာ ဒဏ်ရာရနေတာကြောင့် ပြင်သစ် လက်ရွေးစင်အသင်း လူစာရင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။အာဆင်နယ်နဲ့ ချယ်လ်ဆီး တိုက်စစ်မှူးဟောင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားရခဲ့တုန်းကလည်း ပြင်သစ်အတွက် ခြေစွမ်းပြသနိုင်ခဲ့တာပါ။
ဂီရောဒ့်ဟာ တိုက်ပွဲဝင်စိတ်ဓါတ်အပြည့်ရှိတဲ့သူလို့ လက်ရွေးစင်အသင်းဖော် ကလောစ့်က ချီးကျူးသွားခဲ့ ပါတယ်။ “ဂီရော့ဒ်ဟာ သူ့ကိုယ်သူသစ္စာရှိပါတယ်။သူဟာ ကွင်းထဲမှာဆို အသင်းအတွက် အရာအားလုံး ကို ပေးစွမ်းနိုင်တဲ့သူပါ။ကျနော်သူ့ကို ချီးကျူးဂုဏ်ပြုရမှာပါ။ဒါဟာ မလွယ်ကူပါဘူး။သူ့ဆီမှာ တိုက်ပွဲဝင် စိတ်ဓါတ်အပြည့်အဝရှိတယ်”လို့ ကလော့စ်က ပြောခဲ့တာပါ။
ဂီရောဒ့်ဟာ ပြင်သစ်အသင်းနဲ့အတူ ၂၀၁၄၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် တတိယ အကြိမ်မြောက်အနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ပြင်သစ် အသင်းအတွက်တော့ သြစတြီးယားကို အနိုင်ရတဲ့ပွဲဟာ နေးရှင်းလိဂ် ၅ ပွဲကစားအပြီးမှာ ပထမဆုံးရခဲ့တဲ့ နိုင်ပွဲလည်း ဖြစ်ခဲ့တာပါ။
ပြင်သစ်အသင်းဟာ စက်တင်ဘာလ ၂၆ ရက်မှာ နေးရှင်းလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဒိန်းမတ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 712
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂
ဂျာမနီလက်ရွေးစင်အသင်းရဲ့ အဓိကကစားသမား ၂ ဦးဖြစ်တဲ့ နူအာနဲ့ ဂေါ်ရက်စကာတို့ဟာ ကိုဗစ်ကူးစက်မှု ကြောင့် ဟန်ဂေရီ၊ အင်္ဂလန်တို့နဲ့ ကစားမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေကို ပါဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါ တယ်။
ဘိုင်ယန်မြူးနစ် ကစားသမား ၂ ဦးကို လက်ကျန် အသင်းသားတွေနဲ့ သီးခြားထားထားပြီး သူတို့တွေဟာ ဟိုတယ် ကနေ ထွက်ခွာသွားကြပြီလို့ သိရတာပါ။
ဒါ့အပြင် ဂျူလီယန်ဘရန့်ဒ်ကလည်း တုပ်ကွေးကြောင့် အသင်းလူစာရင်းကနေ ထွက်ခွာခဲ့ပေမယ့် ကိုဗစ်ကူးစက်မှု တော့ မရှိပါဘူး။ ဂျာမနီအသင်းဟာ နူအာရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဟော်ဖန်ဟိန်းဂိုးသမား အိုလီဗာဘိုးမန်း ကို ခေါ်ယူခဲ့ပြီး သူဟာ လက်ရွေးစင်အတွက် တစ်ပွဲမှ ပါဝင်ကစားထားရခြင်း မရှိတာပါ။
ဂျာမနီအသင်းဟာ နေးရှင်းလိဂ် ၄ ပွဲကစားပြီးချိန်မှာ ၁ ပွဲနိုင် ၃ ပွဲသရေနဲ့ အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်နေ တာ ဖြစ်ပါတယ်။ ဂျာမနီအသင်းဟာ သောကြာနေ့မှာ အုပ်စုထိပ်ဆုံးနေရာက ဟန်ဂေရီနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အင်္ဂလန်အသင်းနဲ့ တနင်္လာနေ့ ဝင်ဘာလေမှာ ယှဉ်ပြိုင်ရမှာပါ။
ဂေါ်ရက်စကာနဲ့ နူအာကိုတွေ့ရစဉ် (Bavarian Football)
အသက် ၃၆ နှစ်အရွယ်ရှိ ဂျာမနီအသင်းခေါင်းဆောင် နူအာဟာ လက်ရွေးစင်အသင်းရဲ့ နေးရှင်းလိဂ် ပွဲစဉ် အားလုံး ကို ပါဝင်ကစားထားတာ ဖြစ်ပါတယ်။
ဂေါ်ရက်စကာကတော့ နေးရှင်းလိဂ် ပွဲစဉ် ၂ ပွဲသာ ပွဲစကတည်းက ပါဝင်ခဲ့ရပြီး မြူးနစ်မှာ ကစားခဲ့တဲ့ အင်္ဂလန်နဲ့ ပွဲမှာတော့ လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခဲ့တာပါ။
ဂျာမနီအသင်းဟာ နည်းပြ ဟန်ဆီဖလစ်ခ် လက်အောက်မှာ ရလဒ်ပိုင်း ကောင်းမွန်နေပြီး ၁၃ ပွဲ ကစားထားခဲ့တာ မှာ ၉ ပွဲနိုင်၊ ၄ ပွဲသရေ ရှုံးပွဲ မရှိထားတာ ဖြစ်ပါတယ်။ ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် အိုမန်နဲ့ ခြေစမ်းပွဲကစားဖို့လည်း စီစဉ်ထားတာပါ။
ဂျာမနီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျပန်၊ စပိန်၊ ကော်စတာရီကာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေ တာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 849
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂
ရှုံးပွဲမရှိ လက်ဝှေ့သမားဟောင်း မေဝယ်သာက UFC ဖိုက်တာ မက်ဂရီဂေါနဲ့ လာမယ့်နှစ်မှာ သရုပ်ပြပွဲ ထိုးသတ် ချင်တယ်လို့ ပြောလိုက်ပါတယ်။
မေဝယ်သာက “ဒါက သရုပ်ပြပွဲလား ဒါမှမဟုတ် တကယ်ထိုးသတ်ရမယ့် ပွဲလားဆိုတာ ကျနော်မသိပါဘူး။ ကျနော်ကတော့ သရုပ်ပြပွဲ ထိုးသတ်ရတာ ပိုပြီးကြိုက်နှစ်သက်တယ်လို့” ဒေးလီးမေးလ်နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
မက်ဂရီဂေါကတော့ ဒီပွဲကို စိတ်ဝင်စားခြင်း မရှိဘူးလို့ သူတို့ နှစ်ဦး အရင်ထိုးသတ်ခဲ့တဲ့ပုံကို အင်စတာဂရမ်မှာ တင်ပြီး စာရေးသားခဲ့တာ ဖြစ်ပါတယ်။
မေဝယ်သာနဲ့ မက်ဂရီဂေါတို့ဟာ ၂၀၁၇ က အမေရိကန်မှာ ထိုးသတ်ခဲ့ပြီး မေဝယ်သာက ၁၀ ချီမြောက်မှာ အနိုင်ရ ခဲ့တာပါ အမေရိကန် လက်ဝှေ့ သမားဟောင်းဟာ ဒီတစ်ပတ်ထဲ ဂျပန်မှာ ပြုလုပ်မယ့် သရုပ်ပြပွဲမှာ MMA ကြယ်ပွင့် အဆာကူရာနဲ့ ထိုးသတ်ဖို့ ရှိနေပါတယ်။
မေဝယ်သာနဲ့ မက်ဂရီဂေါကို တွေ့ရစဉ် (Sky Sports)
ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲပေါင်း ၅၀ ထိုးသတ်ထားတာမှာ ပွဲပေါင်း ၅၀ စလုံး အနိုင်ရခဲ့တဲ့ မေဝယ်သာဟာ ပြီးခဲ့တဲ့နှစ်က You Tube ကြယ်ပွင့် လိုဂန်ပေါလ်နဲ့ ပွဲစဉ်အပါအဝင် သရုပ်ပြပွဲ အများအပြား ထိုးသတ်ထားတာပါ။
မက်ဂရီဂေါကတော့ မေဝယ်သာကို အရေးနိမ့်တဲ့ ပွဲစဉ်အပြီးမှာ UFC ပြိုင်ပွဲတွေကို ပြန်လည် ယှဉ်ပြိုင်ခဲ့ပေမယ့် ရလဒ်ပိုင်း ဆိုးရွားခဲ့ပြီး နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။
အိုင်ယာလန်ဖိုက်တာဟာ ၂၀၂၁ က နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲမှာ ဒတ်စတင်ပိုရီရာကို အရေးနိမ့်ပြီး ခြေထောက် ကျိုး သွားခဲ့တာပါ။ အဲ့ဒါကြောင့် ခြေထောက်ကျိုးတာကနေ ပြန်လည် သက်သာ ကောင်းမွန်လာအောင် မက်ဂရီဂေါ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
UFC ဝိတ်တန်း ၂ ခု ချန်ပီယံဟောင်း မက်ဂရီဂေါဟာ လာမယ့်နှစ် အစောပိုင်းမှာ ပြိုင်ပွဲတွေ ထိုးသတ်ဖို့ ရှိနေ တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ မက်ဂရီဂေါဟာ UFC ပြိုင်ပွဲကနေ အနားယူပြီးတာနဲ့ လက်ဝှေ့ကြိုး ဝိုင်းထဲ ဝင်ရောက်ဖို့ ရည်ရွယ်ထားကြောင်း ပြောထားတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 784
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂
KFC ပြင်သစ်ဟာ စပွန်ဆာပေးနေတာကို ရပ်လိုက်မယ်ဆိုပြီး အမှုဆောင်အရာရှိရဲ့ ခြိမ်းခြောက်မှုတွေ အတွက် ဘတ်ပီနဲ့ ပြင်သစ်လက်ရွေးစင်အသင်းကို တောင်းပန်လိုက်ပါတယ်။
“KFC ပြင်သစ်က မနေ့က ပြောခဲ့တဲ့စကားတွေအတွက် နောင်တရနေပါတယ်။ဒါတွေဟာ ကိုယ်ပိုင် ထင်မြင်ချက်တွေဖြစ်ပြီး ကုမ္ပဏီရဲ့အနေအထားအပေါ် ဘယ်လိုမှထင်ဟပ်မှုမရှိပါဘူး။ ပြင်သစ်ဘောလုံး အဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ကျနော်တို့အတွက် အမြဲတမ်းဂုဏ်ယူစရာဖြစ်ပါတယ်” လို့ အဆိုပါ ကုမ္ပဏီက ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘတ်ပီဟာ KFC ရဲ့ ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှုဖြစ်တဲ့ အသင်းလိုက် ဓါတ်ပုံ ရိုက်ကူးရာမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။အဲဒါကြောင့် KFC ပြင်သစ် ဒုဥက္ကဋ္ဌ ဘီရယ်လ် က ဘတ်ပီဟာ အသင်းရဲ့ အရောင်းမြှင့်တင်ရေးလုပ်ငန်းမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တာကြောင့် နိုင်ငံ လက် ရွေးစင်အသင်းကို စပွန်ဆာပေးတာ ရပ်တန့်မယ်လို့ ပြောခဲ့တာပါ။ဒါပေမယ့် ကုမ္ပဏီက ဒီလို တောင်းဆို မှုတွေကို ငြင်းဆန်သွားခဲ့ပါတယ်။
ဘတ်ပီဟာ ဒီလိုမပါဝင်ဖို့ ငြင်းဆန်ခဲ့ပြီးနောက် ပြင်သစ်လက်ရွေးစင်အသင်းက သူတို့ရဲ့ကြော်ငြာနဲ့ ပုံရိပ် အသုံးပြုခွင့်ဆိုင်ရာ မူဝါဒတွေကို ပြောင်းလဲမယ်လို့ ပီအက်စ်ဂျီတိုက်စစ်မှူးကို ပြောကြားခဲ့ကြောင်း သတင်းမှာ ဖော်ပြထားတာပါ။ပြင်သစ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံး နိုင်ငံတကာပွဲစဉ်ဖြစ်တဲ့ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် သြစတြီးယား၊ ဒိန်းမတ်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ဘတ်ပီဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၅၇ ပွဲပါဝင်ကစားထားပြီး ၂၇ ဂိုးသွင်းယူကာ ၂၀၁၈ ကမ္ဘာ့ဖလားရယူခဲ့တုန်းက အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 812
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂
စပိန်သတင်းစာ EI Mundo ကတော့ မက်ဆီဟာ ၂၀၂၀ နွေရာသီက ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် တောင်းဆိုခဲ့တဲ့ အချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။
ဒါပေမယ့် စာချုပ်သစ်အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်တာမှာ အဆင်မပြေခဲ့တာကြောင့် မက်ဆီဟာ ၂၀၂၁ နွေရာသီမှာ ၂၁ နှစ်ကြာ ကစားခဲ့တဲ့ ဘာစီလိုနာကနေ ထွက်ခွာပြီး ပီအက်စ်ဂျီအသင်းထံ အလွတ်ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိသွားခဲ့တာပါ။
မက်ဆီဟာ ဘာစီလိုနာနဲ့ စာချုပ်သစ်အတွက် တောင်းဆိုခဲ့တဲ့ အချက် ၉ ချက်အထိ ရှိခဲ့တာဖြစ်ပါတယ်။ ဒီထဲမှာ နံပါတ် ၁ အချက်ကတော့ မက်ဆီဟာ ၃ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ ပြောခဲ့တာပါ။
နံပါတ် ၂ မှာတော့ မက်ဆီဟာ သူ့ရဲ့ မိသားစုနဲ့ ဆွာရက်စ် မိသားစုတို့အတွက် နူးကမ့်ပ်မှာ သီးသန့်အခန်း ထားရှိ ပေးဖို့ ပြောခဲ့ပြီး နံပါတ် ၃ ကတော့ စာချုပ်သစ်မှာ လတ်မှတ်ထိုးကြေးအတွက် ယူရို ၁၀ သန်းပေးချေဖို့ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဘာစီလိုနာကနေ မက်ဆီထွက်ခွာဖို့ နှုတ်ဆက်ပွဲ(Football Espana)
ဒီနောက်မှာတော့ နံပါတ် ၄ အချက်ကတော့ မက်ဆီဟာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၇၀၀ ကနေ ယူရို ၁ သောင်းအထိ လျှော့ချေပေးဖို့ တောင်းဆိုခဲ့တာပါ။ နံပါတ် ၅ မှာတော့ မက်ဆီဟာ ကိုဗစ် ကာလအတွင်းမှာ လုပ်အားခ လျှော့ယူခဲ့ရတာနဲ့ ပတ်သက်ပြီး ဒီလျှော့ချမှုကို အတိုး ၃ ရာခိုင်နှုန်းနဲ့ ပြန်ဆပ်ဖို့ လိုချင်ခဲ့တာ ဖြစ်ပါတယ်။
နံပါတ် ၆ က မက်ဆီဟာ ခရစ္စမတ်လို အားလပ်ရက်အတွင်းမှာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ မိသားစုကို အာဂျင်တီးနား ပြန်ပို့ပေးဖို့နဲ့ နံပါတ် ၇ ကတော့ စပိန်အစိုးရက အခွန်တိုးကောက်မယ်ဆိုရင် သူ့ရဲ့ လစာကိုပါ တိုးပေးဖို့ တောင်းဆိုခဲ့တာပါ။
နံပါတ် ၈ မှာတော့ သူ့ရဲ့ လက်ထောက် ပီပီကော်စတာကို လစာပေးပြီး ဆက်ထားဖို့နဲ့ နံပါတ် ၉ ကတော့ သူ့ အစ်ကို ရီဒရီဂိုမက်ဆီကိုလည်း စာချူပ်သက်တမ်းတိုးပြီး အပိုဆုကြေးပေးရမယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီထဲက အချက်အများအပြားကို လက်ခံခဲ့ပြီး ၂ ချက်ကိုသာ ငြင်းဆန်ခဲ့တယ်လို့ သိရပါ တယ်။ ဘာစီလိုနာအသင်းဟာ ဒီလိုပေါက်ကြားမှုတွေနဲ့ ပတ်သက်ပြီး ဒေါသထွက်နေကာ စပိန်သတင်းစာကို တရားစွဲသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ဒါပေမယ့် ပေါက်ကြားလာတဲ့ အချက်အလက်တွေဟာ တရားစီရင်ရေး လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ် လို့ စပိန်ကလပ်က ပြောခဲ့ပါတယ်။
Source: Daily Mail/Sportbible

- By CNI
- Category: အားကစား
- Hits: 951
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁
ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ရော်နယ်ဒိုက ယူရို ၂၀၂၄ ပြိုင်ပွဲအထိ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ နိုင်ငံအသင်းကပေးတဲ့ ဆုလက်ခံရယူအပြီးမှာ ပြောလိုက်ပါတယ်။
ရော်နယ်ဒိုက “နောက်နှစ်အနည်းငယ်ကြာတဲ့အထိ အဖွဲ့ချုပ်ရဲ့ အစိတ်အပိုင်းဖြစ်လာဖို့ ကျနော် မျှော်လင့်ထားပါတယ်။ကျနော်ဟာ အခုထိ စိတ်အားထက်သန်မှုရှိတုန်းဖြစ်သလို ရည်မှန်းချက်ကလည်း မြင့်မားပါတယ်။ ကျနော့်ရဲ့နိုင်ငံအသင်းလမ်းကြောင်းက မပြီးဆုံးသေးပါဘူး။ကျနော်တို့မှာ အရည် အသွေးရှိတဲ့ လူငယ်ကစားသမားတွေလည်း အများကြီးပါ။ကျနော် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်မှာ ဖြစ်သလို ယူရိုပြိုင်ပွဲမှာလည်း ရှိချင်ပါတယ်”လို့ ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ Quinas De Ouro ဆုပေးပွဲမှာ နိုင်ငံအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ရယူ နိုင်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်တိုက်စစ်မှူးဟာ ပေါ်တူဂီလက်ရွေးစင်အတွက် ၁၈၉ ပွဲ ပါဝင်ကစား ထားပြီး ၁၁၇ ဂိုးသွင်းယူထားတာပါ။ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက်သာမကဘဲ နိုင်ငံတကာသွင်းဂိုး အများဆုံးကစားသမားအဖြစ် စံချိန်တင်ရပ်တည်နေတာဖြစ်ပါတယ်။ယူရို ၂၀၂၄ ပြိုင်ပွဲမှာသာ ရော်နယ်ဒို ပါဝင်ခဲ့မယ်ဆိုရင် သူ့ရဲ့ အသက်ဟာ ၃၉ နှစ်အရွယ်ရှိသွားမှာပါ။
ရော်နယ်ဒိုက ဆုရခဲ့တာနဲ့ ပတ်သက်ပြီး “ ဒီလိုဆုကြီးကို ရခဲ့လို့ ကျနော်ဂုဏ်ယူမိပါတယ်။တစ်နေ့မှာ ဒီလိုအောင်မြင်မှုရယူနိုင်မယ်လို့ ဘယ်တုန်းကမှ ကျနော်မတွေးဖူးပါဘူး။ကျနော့်ရဲ့ ကစားသမားဘဝမှာ အရေးပါတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။သွားရမယ့်လမ်းကြောင်းက အရှည်ကြီး ကျန်ရှိနေ သေးပြီး ကျနော်သွားရမယ့်လမ်းက မပြီးဆုံးသေးဘူးဆိုတာပြောချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒီဆုပေးပွဲအခမ်းအနားကို မော်ရင်ဟို၊ ပီပီ၊ ဘရူနိုဖာနန်ဒက်စ်နဲ့ ရူဘင်ဒီယတ်ဇ်တို့လည်း တက်ရောက် ခဲ့ကြပါတယ်။ပေါ်တူဂီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ချက်၊ စပိန် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:The Sun

- By CNI
- Category: အားကစား
- Hits: 715
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁
ပိုလန်အသင်းခေါင်းဆောင် လီဝန်ဒေါစကီးဟာ ယူကရိန်းဂန္တဝင် ရှက်ဖ်ချန်ကိုနဲ့ တွေ့ဆုံပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယူကရိန်းလက်ပတ်ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။ဒါနဲ့ ပတ်သက်ပြီး ဘာစီလိုနာတိုက်စစ်မှူးက ဂုဏ်ယူနေတာပါ။
လီဝန်ဒေါစကီးက “ကျေးဇူးတင်ပါတယ် ရှက်ဗ်ချန်ကို၊ ခင်ဗျားနဲ့တွေ့ရတာ တကယ်ကိုဝမ်းသာပါတယ်။ ယူကရိန်းအရောင်ပါတဲ့ လက်ပတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သယ်ဆောင်ခွင့်ရတာက ကျနော့်အတွက် ဂုဏ်ယူစရာပါပဲ။ယူကရိန်းပြည်သူတွေဟာ တစ်ဦးတည်းဖြစ်နေတာမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အတွေး ထဲမှာ ရှိနေတယ်ဆိုတာကို ပြသချင်တာကြောင့် ဒီလက်ပတ်ကို ဝတ်ဆင်သွားမှာပါ”လို့ ပြောခဲ့တာပါ။
ရှက်ဖ်ချန်ကိုနဲ့ လီဝန်ဒေါစကီးတို့ဟာ ဝါဆောအားကစားကွင်းကြီးထဲမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ရှက်ဗ်ချန်ကိုက ယူကရိန်းအရောင်ပါတဲ့ လက်ပတ်ကို ဝတ်ဆင်ဖို့ ပေးခဲ့တာဖြစ်ပါတယ်။လီဝန်ဒေါစကီး ဟာ ပြီးခဲ့တဲ့ရာသီ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားခဲ့ချိန်တုန်းက အဲဒီလက်ပတ်နဲ့ ဆင်တူတာကို ဝတ်ဆင်ခဲ့ပြီး ယူကရိန်းနဲ့အတူ ရှိနေကြောင်းကို ပြသခဲ့တာပါ။ယူကရိန်းအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ် ပွဲ ပလေးအောဖ့်အဆင့်မှာ ဝေးလ်စ်အသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ရှက်ဗ်ချန်ကိုက “လီဝန်ဒေါစကီးကို ဒီအတွက် ကျနော်ကျေးဇူးတင်ချင်ပါတယ်။ဒီလက်ပတ်က ကျနော့် နိုင်ငံနဲ့ သက်ဆိုင်တဲ့ ခံစားချက်များစွာကို ကိုယ်စားပြုပါတယ်။ကျနော်တို့ကို ပံ့ပိုးပေးတဲ့ လီဝန်ဒေါစကီးနဲ့ ပိုလန်နိုင်ငံတစ်ခုလုံးကို ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့တာပါ။
ပိုလန်နိုင်ငံဟာ ယူကရိန်းနဲ့ နယ်နမိတ်ချင်းထိစပ်နေတာကြောင့် ရုရှားရဲ့ ကျူးကျော်မှုကို ခံရကတည်းက လီဝန်ဒေါစကီးဟာ ဆန့်ကျင်ကြောင်း ပြောခဲ့ပြီး ဟွာဝေးက ရုရှားကိုအကူအညီပေးနေတဲ့အပေါ် စပွန်ဆာကိုပါ ရပ်ဆိုင်းခဲ့တာပါ။လီဝန်ဒေါစကီးဟာ ဒီလက်ပတ်ကို မက္ကဆီကို၊ ဆော်ဒီ၊ အာဂျင်တီးနား တို့နဲ့ ကစားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွေမှာ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။
Source:Goal.com

- By CNI
- Category: အားကစား
- Hits: 1302
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁
ရုရှားလက်ရွေးစင်အသင်းကို ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီ လို့ ယူအီးအက်ဖ်အေက အတည်ပြုလိုက်ပါတယ်။
ပဋိပက္ခစတင်ခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ရုရှားလက်ရွေးစင်နဲ့ ကလပ်အသင်းတွေကို ယူအီး အက်ဖ်အေနဲ့ ဖီဖာက သူတို့နဲ့ သက်ဆိုင်တဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာပါ။ယူရို ၂၀၂၄ ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲမှုကို အောက်တိုဘာလ ၉ ရက် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ရုရှားကတော့ သူတို့ကို ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီး အားကစားဆိုင်ရာ ခုံရုံးကို အယူခံဝင်ခဲ့ပေမယ့် ဇူလိုင်လက ပယ်ချခံခဲ့ရတာပါ။
ရုရှားအသင်းတွေကို ပိတ်ပင်မယ့် ကနဦးဆုံးဖြတ်ချက်ကို ယူအီးအက်ဖ်အေအမှုဆောင်ကော်မတီက ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်မှာ ချမှတ်ခဲ့တာဖြစ်ပြီး အားကစားဆိုင်ရာခုံရုံးက ဇူလိုင်လ ၁၅ ရက်မှာ ဒါကို အတည်ပြုခဲ့ပါတယ်။ “ရုရှားအသင်းဟာ ၂၀၂၂ ကနေ ၂၀၂၄ အထိ ပြုလုပ်မယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု မဲခွဲမှုမှာ ပါဝင်မှာမဟုတ်ဘူး”လို့ ယူအီးအက်ဖ်အေက ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားတာပါ။
ရုရှားအသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပလေးအောဖ့်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ ပေမယ့် ဖီဖာကယှဉ်ပြိုင်ဖို့ ပိတ်ပင်ခဲ့လို့ ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။ဒါ့အပြင် ရုရှားအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ အမျိုးသမီးယူရိုပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်မြင်ခဲ့ပေမယ့် ဖယ်ရှားခြင်းခံခဲ့ရပြီး သူ့နေရာမှာ ပေါ်တူဂီ နဲ့ ပြိုင်ပွဲစီစဉ်သူတွေက အစားထိုးခဲ့တာပါ။ ယူအီးအက်ဖ်အေဟာ ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom နဲ့ စပွန်ဆာသဘောတူညီချက်တွေကို အဆုံးသတ်ခဲ့ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ဒီရာသီ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲတွေမှာ ရုရှားကလပ်တွေကို ယှဉ်ပြိုင်ခွင့် ဆက်လက်ပိတ်ပင်ထားခဲ့တာပါ။ပြီးခဲ့တဲ့ ၂၀၂၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မူလက စိန့်ပီတာစဘတ်မှာ ကျင်းပဖို့ သတ်မှတ်ခဲ့ပေမယ့် ပဲရစ်ကို ပြောင်းရွှေ့ပြီး ကျင်းပသွားတာ ဖြစ်ပါ တယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 697
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀
နေစီယွန်နယ်လ်အသင်း ဥက္ကဋ္ဌက ဆွာရက်စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာ ကလပ်အသင်းကနေ ထွက်ခွာ မယ်လို့ အတည်ပြုလိုက်ပါတယ်။
နေစီယွန်နယ်အသင်းဥက္ကဋ္ဌ ဟိုဆေးဖူအန်တက်စ်က “ ဥရုဂွေးရာသီ ပြီးဆုံးတာနဲ့ ဆွာရက်စ်ထွက်ခွာမှာပါ။ ဒါက အဲ့ဒီအချိန်မှာ ကျနော်တို့ သဘောတူညီမှု ရယူခဲ့တာပါ။ မျှော်လင့်ချက် အမှားတွေ မဖြစ်ပေါ်စေဖို့အတွက် အခုလို ပြောရတာပါ။ သူဟာ ဒီကိုလာရောက်နိုင်ဖို့အတွက် အကြီးအကျယ်ကို အားထုတ်ခဲ့ရတာပါ။ ဆွာရတ်စ် ထွက်သွား တော့မှာပါ”လို့ ပြောပါတယ်။
ဆွာရတ်စ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ၁၆ နှစ်အကြာမှ သူ့ရဲ့ ပထမဆုံး ကလပ်ဖြစ်တဲ့ နေစီယွန်နယ်လ်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဥရုဂွေးဘောလုံးရာသီဟာ အောက်တိုဘာလ အကုန်မှာ ပြီးဆုံး မှာဖြစ်ပြီး ဒီအချိန်မှာ ဆွာရက်စ်ဟာ ထွက်ခွာတော့မှာပါ။
ဥရုဂွေး လက်ရွေးစင်အဖြစ် ဆွာရက်စ်ကစားစဉ်
လီဗာပူးလ်နဲ့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာ အသင်းလက်မဲ့ဖြစ်မှာ ဖြစ်ပေ မယ့် ဥရုဂွေးလူစာရင်းမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဥရုဂွေးလိဂ်ဟာ ပွဲလက်ကျန် အနည်းငယ်သာ ကျန်ရှိတော့ပေမယ့် ဒီပွဲတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ဆွာရတ်စ်အတွက် ပြီးပြည့်စုံတဲ့ ပြင်ဆင်မှု ဖြစ်လာနိုင်တာပါ။
အသလက်တီကို တိုက်စစ်မှူးဟောင်းဟာ စက်တင်ဘာလထဲမှာ အီရန်၊ ကနေဒါတို့နဲ့ ခြေစမ်းမယ့် ဥရုဂွေး လက်ရွေးစင် အသင်းလူစာရင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဆွာရတ်စ်ဟာ ဥရုဂွေးအတွက် ၁၃၂ ပွဲ ပါဝင် ကစားထားပြီး ၆၈ ဂိုး သွင်းယူထားပြီး ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာပါ။
ဆွာရက်စ်ဟာ နေစီယွန်နယ်လ်အသင်းအတွက် ၉ ပွဲပါဝင်ကစားထားပြီး ၄ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။
Source: The Sun