CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂

ဆော်ဒီလိဂ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ကစားသမား အများအပြားကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် ဂယ်ရီနဗီးလ်က အင်္ဂလန်ထိပ်တန်းလိဂ် အနေနဲ့ ဒီအပြောင်းအရွှေ့တွေကို ရပ်တန့်ဖို့ ပြောလိုက်ပါတယ်။

ဂယ်ရီနဗီးလ်က “ပွဲရဲ့တည်ငြိမ်မှုတွေကို မပျက်ဆီးစေဖို့အတွက် ပရီးမီးယားလိဂ်က ဆော်ဒီ အပြောင်းအရွှေ့တွေ ကို ချက်ချင်း ရပ်တန့်သင့်နေပါပြီ။ အပြောင်းအရွှေ့တွေ ပြုလုပ်ချိန်မှာလည်း သင့်လျော်မှု ရှိ/မရှိ စစ်ဆေးရပါမယ်။ အခုအချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ ပိုင်ဆိုင်မှုတွေကို ခင်ဗျားတို့ မကြည့်ရှုမချင်း ဒီအပြောင်းအရွှေ့တွေကို ရပ် တန့်သင့်ပါတယ်။ ဒါတွေက ဘောလုံးကို တဖြည်းဖြည်း ယိုယွင်းသွားစေမယ့် ကိစ္စရပ်တွေပါ”လို့ BBC Sport ကို ပြောသွားပါတယ်။ 

ရော်နယ်ဒို၊ ဘန်ဇီမာနဲ့ ကန်တီတို့ဟာ သူတို့ကစားသမားဘဝ အဆုံးသတ်ဖို့ နီးကပ်လာတဲ့ အချိန်မှာ ဆော်ဒီလိဂ် ကို ပြောင်းရွှေ့လာခဲ့ကြပြီး မက်ဆီကလည်း မေဂျာလိဂ် မပြောင်းရွှေ့ခင် ဆော်ဒီလိဂ်ကို ရောက်ရှိလာမယ်လို့ ထင်ကြေး ပေးခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဂယ်ရီနဗီးလ်ကိုတွေ့ရစဉ်

ဝုလ်ဗ် အသင်းခေါင်းဆောင် ရူဘင်နာဗတ်စ်၊ ချယ်လ်ဆီးအသင်းက ကူလီဘာလီ၊ ဇီယက်ချ်နဲ့ မန်ဒီတို့ကလည်း ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။

ဆော်ဒီလိဂ်ဟာ ကမ္ဘာ့ထိပ်တန်းလိဂ် ၅ လိဂ်ထဲကို ဝင်ရောက်နိုင်ဖို့ ရည်မှန်းထားပြီး နာမည်ကျော် ကစားသမား တွေကို ထပ်ပြီးခေါ်ယူနိုင်ဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက နယူးကာဆယ်အသင်းကို ပိုင်ဆိုင်တဲ့ ဆော်ဒီ အများပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့(PIF)က ရော်နယ်ဒိုကို ခေါ်ယူထားတဲ့ အယ်လ်နာဆာအသင်း အပါအဝင် နိုင်ငံအတွင်းက ထိပ်တန်းလိဂ် ၄ သင်းကို ပိုင်ဆိုင်ထားတယ်လို့ အတည်ပြုထားပါတယ်။

PIF ဟာ ချယ်လ်ဆီးအသင်းရဲ့ ပုဂ္ဂလိက အစုရှယ်ယာရှင် ကုမ္ပဏီ Clearlake Capital မှာ အစုရှယ်ယာ ပိုင်ဆိုင် လားဆိုတာ မသေချာမှုတွေ ရှိပေမယ့် တိုက်ရိုက် ပါဝင်နေတယ်ဆိုတဲ့ သတင်းတွေကိုတော့ ကလပ် သတင်း ရင်းမြစ်တွေက ငြင်းဆိုထားပါတယ်။ 

ယူအီးအက်ဖ်အေ အကြီးအကဲ ဆက်ဖာရင်ကလည်း ဆော်ဒီအနေနဲ့ သူတို့ရဲ့ အကယ်ဒမီတွေမှာ ရင်းနှီးမြှုပ်နှံပြီး သူတို့ရဲ့ ကစားသမားတွေကိုသာ ပြုစုပျိုးထောင်သင့်တယ်လို့ မကြာသေးခင်က ပြောထားတာ ဖြစ်ပါတယ်။

Source: BBC