CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂

ကစားသမားဘဝက အနားယူသွားပြီဖြစ်တဲ့ ဂါရတ်ဘေးလ်က မေဂျာလိဂ် အသင်းတွေဟာ အရှုံးကို လက်ခံတာ ကြောင့် မက်ဆီအနေနဲ့ ဖိအားနည်းပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားရမယ်လို့ ပြောလိုက်ပါတယ်။

ဂါရတ်ဘေးလ်က “မေဂျာလိဂ်မှာက အေးအေးဆေးဆေးပါပဲ။ ရီးရယ်လ်မှာ ရှုံးပွဲကြုံတွေ့ရင်တော့ ကမ္ဘာကြီး ပျက် သွားသလိုပါပဲ။ ခင်ဗျားအနေနဲ့ ဝေဖန်ခံရမယ်၊ အဲ့ဒါကြောင့် စိတ်ဓါတ်လည်းကျပြီး အိမ်ပြန်ရောက်ရင်တောင် ခင်ဗျား ပျော်ရွှင်မှာ မဟုတ်ပါဘူး။ အမေရိကန်မှာတော့ သူတို့ဟာ ရှုံးတာကို လက်ခံပါတယ်။ သူတို့မှာ ဘာ အကျိုး ဆက်မှ မရှိပါဘူး၊ တန်းလည်း ဆင်းစရာ မရှိပါဘူး။ တစ်ပွဲရှုံးပြီဆိုရင် နောက်တစ်ပွဲကို ဆက်သွားမှာပါ။ သူတို့ဟာ အရှုံးကိုလက်ခံသလို ပွဲတစ်ပွဲအနိုင်ရပြီဆိုရင် ချန်ပီယံဆုရသလို အောင်ပွဲခံကြပါတယ်။ မက်ဆီ မေဂျာလိဂ်မှာ သေချာပေါက် ပျော်ရွှင်မှာပါ”လို့ ပြောပါတယ်။

ဂါရတ်ဘေးလ်ဟာ မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ် အသင်းမှာ ၂၀၂၂ က လအနည်းငယ်ကြာ ကစားခဲ့ပြီး မေဂျာလိဂ်ဖလားရယူနိုင်အောင် စွမ်းဆာင်ပေးခဲ့ပါတယ်။ 

လော့စ်အိန်ဂျလိစ်အသင်းက ဖီလာဒဲလ်ဖီးယားအသင်းကို အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲစဉ်ရဲ့ နောက်ဆုံးမိနစ်မှာ ဂါရတ်ဘေးလ်ဟာ အဖိုးတန် ချေပဂိုး သွင်းယူပေးပြီး အသင်းနဲ့အတူ ဆုဖလားရယူကာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

မက်ဆီနဲ့ ဂါရတ်ဘေးလ်ကိုတွေ့ရစဉ်

လက်ရှိအချိန်မှာ ဂါရတ်ဘေးလ်ရဲ့ ပြိုင်ဘက်ဟောင်း တစ်ဦးဖြစ်တဲ့ မက်ဆီဟာ မေဂျာလိဂ် အင်တာမိုင်ယာမီ အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဇူလိုင်လ ၂၁ ရက်မှာ ပွဲဦးထွက်အဖြစ် ပါဝင်ကစားဖို့ ရှိနေပါတယ်။ 

မေဂျာလိဂ်ဟာ မက်ဆီ ပြောင်းရွှေ့လာမှုနဲ့အတူ သူတို့ရဲ့ တိုးတက်မှုတွေကို အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်း သိရှိအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာပါ။ 

ဂါရတ်ဘေးလ်ကတော့ မကြာခင်မှာ မေဂျာလိဂ် ပွဲဦးထွက်အဖြစ် ကစားတော့မယ့် မက်ဆီကို ဒါနဲ့ ပတ်သက်ပြီး သိရှိသင့်တဲ့ အကြောင်းအရာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ 

မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းနဲ့ ၂ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်နှစ်ကို ယူရိုသန်း ၅၀ ကနေ ၆၀ ကြားရရှိမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းဟာ အခုနှစ်ရာသီ မေဂျာလိဂ်ပြိုင်ပွဲ အရှေ့ပိုင်းဇုန်မှာ ရမှတ် ၁၅ မှတ်နဲ့ နောက်ဆုံးနေရာမှာ ရပ်တည်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာ ရလဒ်တွေဆိုးခဲ့တာကြောင့် နည်းပြ ဗီးလ်နဗီးလ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာလည်း ဖြစ်ပါတယ်။