
- By CNI
- Category: အားကစား
- Hits: 839
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆
ဂျီးဆပ်စ်ကို အာဆင်နယ်အသင်း ခေါ်ယူမှုဟာ မန်စီးတီးက ဟာလန်းကို ခေါ်ယူမှုထက် ပိုပြီးကောင်းတယ်လို့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အဘွန်လဟော်က ပြောလိုက်ပါတယ်။
အဘွန်လဟော်က “ ကျနော့်အတွက် အကောင်းဆုံးခေါ်ယူမှုက ဂါဘရီရယ်လ် ဂျီးဆပ်စ်ပါ။ ဟာလန်းက ထူးချွန်ပေမယ့် မန်စီးတီးအသင်းဟာ သူမပါရင်တောင် အမြဲတမ်း ကောင်းမွန်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဟာလန်း မပါ ဘဲနဲ့ အလွန်ကောင်းမွန်တဲ့ ဂိုးတွေလည်း သွင်းနိုင်ပါတယ်။ ဂျီးဆပ်စ်ကတော့ အာဆင်နယ်ကို အခြားအရာတစ်ခု အဖြစ် ပြောင်းလဲလိုက်ပါတယ်။ အာဆင်နယ်က ပြိုင်ဘက် နောက်တန်းကို ဖိအားပေးတဲ့ အချိန်မှာ လုပ်အားနှုန်း ကောင်းတဲ့သူကို ရသွားခဲ့တာ”လို့ Talk Sport ကို ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပြောင်းအရွှေ့က မန်စီးတီးကနေ ပေါင် ၄၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဂျီးဆပ်စ်ဟာ ပရီးမီးယားလိဂ် ၇ ပွဲ ကစားအပြီးမှာ အာဆင်နယ်အသင်းကို အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရောက်ရှိအောင် ကူညီပေးထားတာ ဖြစ်ပါတယ်။
ဂျီးဆပ်စ်နဲ့ဟာလန်းကိုတွေ့ရစဉ် (Football365)
အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းအတွက် ၄ ဂိုး သွင်းယူထားပြီး ၃ ဂိုး ဖန်တီးထား တာပါ။ ဟာလန်းကလည်း ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ ဒေ့ါမွန်ကနေ ပေါင် ၅၁ သန်းနဲ့ မန်စီးတီးအသင်းထံ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်ကလွဲပြီး အဲ့ဒီနောက်ပိုင်း ကစားခဲ့တဲ့ ပွဲတွေမှာ မန်စီးတီးအသင်းကို ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားတာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေတဲ့ မန်စီးတီးအတွက် ဟာလန်းဟာ လိဂ်ပြိုင်ပွဲမှာ ၁၁ ဂိုး သွင်းယူထားပြီး ၁ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၃ ဂိုး သွင်းယူထားတာကြောင့် ဟာလန်း ဟာ မန်စီးတီးအတွက် ၁၀ ပွဲ ကစားအပြီးမှာ ၁၄ ဂိုးအထိ ရယူထားတာပါ။
ဒါပေမယ့် အဘွန်လဟော်က ဂျီးဆပ်စ်ကိုသာ အကောင်းဆုံး ခေါ်ယူမှုလို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဂျီးဆပ်စ် ဟာ ဘရာဇီးလ်အသင်းရဲ့ နောက်ဆုံးလူစာရင်းမှာ ချန်လှပ်ခံခဲ့ရပေမယ့် ကမ္ဘာ့ဖလားဝင်ခွင့် လူစာရင်းမှာ ပါဝင်နိုင် ဖို့ အရာအားလုံး လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 877
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆
ဂျာမနီကစားသမားတွေအနေနဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့မယ်ဆိုရင် တစ်ဦး ချင်းစီကို ယူရို ၄ သိန်းရရှိမှာ ဖြစ်ပါတယ်။
ဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင်အသင်းနဲ့ ပြိုင်ပွဲအတွက် အပိုဆုကြေးတွေကို သဘောတူညီမှု ရရှိပြီးနောက် စက်တင်ဘာလ ၂၅ ရက်က ပြောခဲ့တာပါ။ ဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင် အသင်းရဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့ နူအာ၊ မူလာ၊ ကင်မစ်ချ်၊ ဂန်ဒိုဂန်တို့နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ် ခဲ့တာဖြစ်ပါတယ်။
“ကျနော်တို့ အပြင်းအထန်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။တစ်နေ့တာရဲ့ အဆုံးမှာတော့ လူတိုင်း အတွက် လက်ခံနိုင်လောက်တဲ့ အဖြေတစ်ခုကို ကျနော်တို့ ရှာတွေ့ခဲ့ပါတယ်”လို့ ဂျာမန်ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ နူအန်ဒေ့ါဖ်က ပြောခဲ့တာပါ။
ဂျာမနီအသင်း အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ချန်ပီယံဖြစ်ခဲ့ရင် ယူရို ၃ သိန်း ၅ သောင်းပေးဖို့ သတ်မှတ်ခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ အပိုဆုကြေးတိုးမြှင့်လာခဲ့တာ ဖြစ်ပါတယ်။၂၀၁၄ က ဘရာဇီးလ်မှာ ကျင်းပခဲ့တဲ့ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တုန်းက ဂျာမနီကစားသမားတွေ ဟာ တစ်ဦးချင်းစီကို ဆုကြေး ယူရို ၃ သိန်းရရှိခဲ့တာပါ။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုကနေ နောက်တစ်ဆင့်တက်နိုင်ခဲ့မယ်ဆိုရင် ကစားသမားတွေဟာ တစ်ဦးချင်းစီကို ယူရို ၅ သောင်း ရရှိမှာဖြစ်ပြီး နောက်ဆုံး ၈ သင်းအဆင့်ကို ရောက်ရှိခဲ့ရင် ယူရို ၁ သိန်းစီ ရရှိမှာ ဖြစ်ပါတယ်။ဂျာမနီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ပြိုင်ပွဲက ရလဒ်ဆိုးတွေကို ချေဖျက်နိုင်ဖို့ စိတ်ဆန္ဒ ပြင်းထန်နေကြတာပါ။ဂျာမနီအသင်းဟာ အခုနှစ်ပြိုင်ပွဲရဲ့အုပ်စုအဆင့်မှာ စပိန်၊ ကော်စတာရီကာ၊ ဂျပန် တို့နဲ့ ကျရောက်နေတာ ဖြစ်ပါတယ်။
ဂျာမနီအသင်းအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့ရင် ယူရို ၁ သိန်း ၅ သောင်း၊ တတိယ ဆုရမယ် ဆိုရင် ယူရို ၂ သိန်း ရရှိမှာပါ။ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရင်တော့ အပိုဆုကြေး ယူရို ၂ သိန်း ၅ သောင်း ရရှိမှာ ဖြစ်ပါတယ်။နိုဝင်ဘာလ ၂၀ ရက်မှာ စတင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းဟာ အဖွင့်ပွဲစဉ် အဖြစ် ဂျပန်အသင်းနဲ့ နိုဝင်ဘာလ ၂၃ ရက်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 658
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆
ပြင်သစ်နည်းပြ ဒက်ချမ့်ပ်စ်က ဘတ်ပီဟာ ဒိန်းမတ်နဲ့ပွဲမှာ စွမ်းဆောင်ရည် ကောင်းကောင်း ပြသနိုင်ခြင်း မရှိခဲ့ပေမယ့် သူနဲ့ ပတ်သက်ပြီး စိုးရိမ်မှုမရှိဘူးလို့ ပြောလိုက်ပါတယ်။
ဒက်ချမ့်ပ်စ်က “ဘတ်ပီဟာ ကောင်းမွန်တဲ့အရာတွေ အများကြီး လုပ်ခဲ့ပြီးဖြစ်သလို အခုလည်း ဆက်ပြီးလုပ်ဆောင် နေတာပါ။ သူဟာ ၃ ရက်အတွင်း မိနစ် ၉၀ ပြည့် ပွဲ ၂ ပွဲကို ကစားခဲ့ရတဲ့ ကစားသမား အနည်းငယ်ထဲက တစ်ဦးပါ။ သူဟာ အရာအားလုံးကို မလုပ်နိုင်ပါဘူး။ ဒါပေမယ့် သူနဲ့ ပတ်သက်ပြီး ကျနော် မစိုးရိမ်ပါဘူး”လို့ ပွဲ အပြီးမှာ ပြောခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ နေးရှင်းလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်မှာ ဒိန်းမတ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ် ပါတယ်။ အုပ်စုတွင်းက ပွဲစဉ်တစ်ပွဲဖြစ်တဲ့ သြစတြီးယားနဲ့ ခရိုအေးရှားအသင်းတို့ ပွဲစဉ်မှာ သြစတြီးယားအသင်း အရေးနိမ့်ခဲ့တာကြောင့် ပြင်သစ်အသင်းဟာ လိဂ် B ကို တန်းဆင်းရမယ့် အရေးကို ရှောင်ရှားနိုင်ခဲ့တာပါ။
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်ပ်စ် (FotMob)
ပြင်သစ်အသင်းဟာ ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် အခုတစ်ကြိမ် ပြိုင်ပွဲမှာတော့ ၆ ပွဲကစား အပြီး ၁ ပွဲသာ အနိုင်ရရှိကာ ရမှတ် ၅ မှတ်နဲ့ အုပ်စုတွင်း တတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ ဒိန်းမတ်နဲ့ပွဲမှာ ဂိုးမသွင်းယူ နိုင်ခဲ့ပေမယ့် ပွဲချိန်အတွင်း ဂိုးကန်သွင်းမှု ၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ဘတ်ပီဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ သြစတြီးယားကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပြင်သစ်အတွက် ခြေစွမ်း ပြသခဲ့ပြီး ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဘတ်ပီဟာဆိုရင် ဒီပွဲအပြီးမှာ ပီအက်စ်ဂျီအသင်းနဲ့ သွားရောက်ပူးပေါင်းကာ လီဂူးဝမ်းပွဲစဉ်အဖြစ် စနေနေ့မှာ နိုက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အသက် ၂၃ နှစ်အရွယ်ရှိ ဘတ်ပီဟာ ပြင်သစ် လက်ရွေးစင်အတွက် ၅၉ ပွဲ ပါဝင်ကစားထားပြီး ၂၈ ဂိုး သွင်းယူကာ ကမ္ဘာ့ဖလားနဲ့ နေးရှင်းလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 760
CNI International News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆
လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းရလဒ်တွေမကောင်းဘူးဆိုရင် ထုတ်ပယ်ခံရမှာ သိတယ် လို့ နည်းပြဖြစ်သူ ဆောက်ဂိတ်က ဝန်ခံလိုက်ပါတယ်။
ဆောက်ဂိတ်က “ကျနော်ဟာ အခုအချိန်မှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်ကောင်း တွေကို ရယူနိုင်ဖို့ အာရုံစိုက်နေပါတယ်။ဒါပေမယ့် ကမ္ဘာ့ဖလားမှာ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး နောက်ဆုံးမှာ အကဲဖြတ်ခံရမယ်ဆိုတာကို ကျနော်သိပါတယ်။စာချုပ်က ဘောလုံးလောကနဲ့ မသက် ဆိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုရင် ခင်ဗျားမှာ ၃ နှစ် ၊ ၄ နှစ်၊ ၅ နှစ်ဆိုတဲ့ စာချုပ်ရှိပေမယ့် ရလဒ်မကောင်းဘူး ဆိုရင် သီးခြားလမ်းကိုလျှောက်ဖို့ အချိန်တန်ပြီဆိုတာ ခင်ဗျားလက်ခံရပါမယ်။ကျနော်လည်း မခြားနား ပါဘူး။ချုပ်ဆိုထားတဲ့ စာချုပ်က အကာအကွယ်ပေးရလောက်အောင်အထိ တွေးဖို့ ကျနော့် မာနမကြီး ပါဘူး” လို့ ပြောခဲ့တာပါ။
အင်္ဂလန်ဟာ ယှဉ်ပြိုင်ကစားခဲ့ပြီးတဲ့ နေးရှင်းလိဂ် ၅ ပွဲမှာ နိုင်ပွဲပျောက်ဆုံးပြီး လိဂ် A ကနေ လိဂ် B ကို တန်းဆင်းသွားခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ဆောက်ဂိတ်အပေါ် ဖိအားတွေကျရောက်နေပြီး ပရိသတ် တချို့က အီတလီအသင်းကို အရေးနိမ့်တဲ့ပွဲအပြီးမှာ ရာထူးက ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့တာပါ။ ဆောက်ဂိတ်နဲ့ အင်္ဂလန်အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ၂၀၂၄ ဒီဇင်ဘာလအထိ သက်တမ်းရှိနေ တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ စက်တင်ဘာ ၂၇ ရက်မနက်ပိုင်းမှာ ဂျာမနီအသင်းနဲ့ နေးရှင်းလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး လက်ရှိအချိန်ထိ ကစားကွက်ကနေ ဂိုးမသွင်းနိုင်တာ မိနစ်ပေါင်း ၄၅၀ မိနစ် အထိ ရှိသွားခဲ့ပြီလည်း ဖြစ်တာပါ။ဒါ့အပြင် ဂျာမနီအသင်းကို အနိုင်မရခဲ့ဘူးဆိုရင် အင်္ဂလန်အသင်းဟာ ပြိုင်ပွဲအသွင်မှာ ပထမဆုံးအကြိမ် ၆ ပွဲစလုံးနိုင်ပွဲမရတဲ့ မှတ်တမ်းဆိုးတစ်ခုကိုလည်း ရရှိမှာပါ။
အင်္ဂလန်အသင်းတောင်ပံကစားသမား စတာလင်ကတော့ ဒီပွဲတွေမှာ ရလဒ်တွေဆိုးနေပေမယ့် ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ရလဒ်ကောင်းရမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ “ဒါက ခက်ခဲတဲ့ကာလ ဖြစ်နေ ပေမယ့် ဆောင်းရာသီမှာ ကောင်းမွန်တဲ့ အခွင့်အရေးမရဘူးလို့ ကျနော်တို့ တွေးနေမှာ မဟုတ်ပါဘူး။ ဒါက ကျနော်တို့အဖွဲ့ရဲ့ယုံကြည်မှုပါ။အခုအချိန်မှာ ရလဒ်မကောင်းပေမယ့် ကမ္ဘာ့ဖလားမှာ ရလဒ်ကောင်း တွေရမယ်လို့ ကျနော်တို့ အခိုင်အမာကို ယုံကြည်ပါတယ်။ထိတ်လန့်နေစရာမလိုဘူး” လို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ဆောက်ဂိတ်ရဲ့လက်ထက်မှာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက် နိုင်ခဲ့သလို၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါ တယ်။
Source:Mirror

- By CNI News
- Category: အားကစား
- Hits: 804
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၄
ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပရိသတ်လက်ထဲက ဖုန်းကို ရိုက်ချခဲ့တဲ့ ဗွီဒီယိုဖိုင်ကြောင့် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းကို ခံလိုက်ရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက အဲဗာတန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ရော်နယ်ဒိုဟာ ကွင်းထဲက ထွက်လာချိန် ဥမင်လှိုဏ်ခေါင်းမှာ ပရိသတ်တစ်ဦးရဲ့ ဖုန်းကို ရိုက်ချခဲ့တာပါ။
ဒီအဖြစ်အပျက် ဗွီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံခဲ့ပြီး မှတ်ချက်တွေ အမျိုးမျိုး ရေးသားခဲ့ကြတာ ဖြစ်ပါ တယ်။ အသက် ၃၇ နှစ် အရွယ်ရှိ ရော်နယ်ဒိုဟာ ဒါနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ ပြန်လည် တောင်းပန်မှု ပြုလုပ်ခဲ့ ပါတယ်။
ရော်နယ်ဒိုက “ကျနော်တို့ ကြုံတွေ့ရတဲ့ ခက်ခဲသော အခိုက်အတန့်တွေထဲမှာ စိတ်ခံစားမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ဟာ အမြဲတမ်း လေးစားမှု၊ စိတ်ရှည်မှုတွေနဲ့အတူ လှပတဲ့ ပွဲတွေကို နှစ်သက်တဲ့ လူငယ်တိုင်းအတွက် စံနမူနာဖြစ်ဖို့ လိုအပ်ပါတယ်။ ကျနော့်ရဲ့ ပေါက်ကွဲမှုအတွက် တောင်းပန်ချင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အိုးထရက်ဖို့ဒ်မှာ ပွဲလာရောက်ကြည့်ရှုဖို့ အဆိုပါ ပရိသတ်ကို ဖိတ်ခေါ် ချင်ပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
ရော်နယ်ဒို ပရိသတ်တစ်ဦးရဲ့ ဖုန်းကို ရိုက်ချလိုက်ခြင်း(MARCA)
ဒီအဖြစ်အပျက်ကြောင့် ပြီးခဲ့တဲ့ သြဂုတ်လက ရဲတပ်ဖွဲ့ဟာ ရော်နယ်ဒိုကို သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အခုအချိန်မှာ ဒီအပြုအမူဟာ မလုပ်သင့်တဲ့ လုပ်ရပ်ဆိုပြီး အက်ဖ်အေက ရော်နယ်ဒိုကို စွဲချက်တင်လာခဲ့တာ ဖြစ်ပါ တယ်။
ယူနိုက်တက်အသင်းကတော့ ဒီစွဲချက်အပေါ် တုံ့ပြန်ခဲ့ပြီး ရော်နယ်ဒိုဘက်က ရပ်တည်သွားမယ်လို့ ပြောထားတာ ပါ။ ရော်နယ်ဒို အနေနဲ့ အက်ဖ်အေရဲ့ စွဲချက်မှာ အပြစ်ရှိကြောင်း တွေ့ရမယ်ဆိုရင် သတိပေးခြင်း၊ ဒဏ်ကြေးငွေ ဒါမှမဟုတ် ပွဲပယ်ပြစ်ဒဏ် ကျခံရနိုင်ဖွယ် ရှိပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ဒီပွဲကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ထိခိုက်သွားခဲ့ပါတယ်။ အသင်းဟာ ရာသီကုန်ချိန်မှာ အဆင့် ၆ နေရာနဲ့သာ အဆုံးသတ်ပြီး အခု ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1409
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိတယ်လို့ နည်းပြဟောင်း အာဆင်ဝင်းဂါးက ပြောပါတယ်။
အာဆင်ဝင်းဂါးက “ ဒီရာသီမှာ ကြီးကြီးမားမား လွှမ်းမိုးထားတဲ့ အသင်းမရှိသေးတာကြောင့် အာဆင်နယ်အသင်း အနေနဲ့ အခွင့်အရေးကောင်းတွေရှိတယ်လို့ ပြောချင်ပါတယ်။ အသင်းအနေနဲ့ ဒါကိုလုပ်နိုင်ဖို့ အခွင့်အရေး ကောင်း တစ်ခုလို့ ကျနော်ယုံကြည်ပါတယ်။ ရာသီအလယ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲရှိလို့ ကစားသမားတစ်ဦးချင်းစီနဲ့ အသင်း အတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိမလဲဆိုတာ ခင်ဗျားတို့လည်း မသိနိုင်ပါဘူး။ အားလုံး ခြုံပြီးပြော ရရင် ဒီရာသီမှာ အာဆင်နယ်အတွက် အခွင့်အရေးကောင်းတွေ ရှိပါတယ်”လို့ Sky Sports ကို ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြသနေပြီး ၇ ပွဲ ကစားအပြီးမှာ ရှုံးပွဲ ၁ ပွဲသာ ရှိကာ ၆ ပွဲစလုံး အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ မန်စီးတီး၊ စပါးအသင်းတို့ရဲ့ အထက် ၁ မှတ်အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၂၀၀၃-၀၄ ရာသီက နောက်ဆုံး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းသားများ အောင်ပွဲခံနေစဉ်(Eurosport)
အဲ့ဒီနောက်ပိုင်းမှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အောင်မြင်မှုနဲ့ ဝေးကွာခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ပါ ဆုံးရှုံးလာခဲ့တာပါ။
ဒီရာသီမှာတော့ နည်းပြ အာတီတာဟာ အာဆင်နယ်အသင်းကို ဝေးကွာနေတဲ့ အောင်မြင်မှုတွေ ပြန်လည်ရယူ နိုင်ဖို့ ကစားသမားသစ်တွေ ဖြည့်တင်းပြီး ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း လန်ဒန်ကလပ်ဟာ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီး အောက်တိုဘာလ ၁ ရက်မှာ မြောက်လန်ဒန်ဒါဘီ ပွဲစဉ် အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲအပြီးမှာ ယူရိုပါလိဂ်အုပ်စု ပွဲစဉ်အဖြစ် ဘိုဒိုဂီလင့်မ်၊ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းတို့နဲ့ ပွဲကြီးပွဲကောင်းတွေ ဆက်တိုက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: eusport

- By CNI
- Category: အားကစား
- Hits: 1107
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၄
ဆွစ်ဇာလန်တင်းနစ်အကျော်အမော် ဖက်ဒဲရားဟာ Laver Cup ပြိုင်ပွဲမှာ နာဒယ်လ်နဲ့အတူ နှစ်ယောက် တွဲပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီး အရေးနိမ့်ကာ ကစားသမားဘဝကနေ တရားဝင်အနားယူလိုက်ပြီ ဖြစ်ပါတယ်။
ဖက်ဒဲရားအနေနဲ့ ဒီပြိုင်ပွဲဟာ သူ့ရဲ့ နောက်ဆုံးပြိုင်ပွဲဖြစ်တယ်လို့ ပွဲမတိုင်ခင်ကတည်းက ပြောထား ခဲ့တာပါ။ ဖက်ဒဲရားနဲ့ နာဒယ်လ်တို့ နှစ်ယောက်တွဲဟာ ဒီပြိုင်ပွဲမှာ တီယာဖိုးနဲ့ ဂျက်ဆော့ခ်တို့အတွဲကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ပရိသတ်တွေဟာ ဖက်ဒဲရားနောက်ဆုံးပွဲစဉ်အဖြစ် ကစားအပြီး ကွင်းထဲက ထွက်ခွာချိန်မှာ လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြတာပါ။ဂရမ်းဆလမ်းချန်ပီယံဆုအကြိမ် ၂၀ ရရှိထားတဲ့ ဖက်ဒဲရားဟာ တင်းနစ်လောကရဲ့ အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထား ရတာ ဖြစ်ပါတယ်။
“ဒါဟာ ကျနော့်အတွက် အံသြစရာကောင်းတဲ့နေ့တစ်နေ့ပါ။ကျနော်ပျော်ရွှင်နေပါတယ်။ဝမ်းနည်းခြင်း မရှိပါဘူး။ ဒီမှာရှိနေရတာကိုက အလွန်ကောင်းမွန်တဲ့ ခံစားမှုပါပဲ။ဒါကို လုပ်နိုင်ခဲ့တဲ့အတွက် ကျနော် ပျော်ရွှင်တယ်” လို့ ဖက်ဒဲရားက ပြောခဲ့တာပါ။ဖက်ဒဲရားဟာ နာဒယ်လ်အပါအဝင် အခြားကစားသမား တွေနဲ့ ပွေ့ဖက်ကာ ငိုကြွေးခဲ့ပြီး ဒီပွဲကိုလာရောက်ကြည့်ရှုတဲ့ ပရိတ်သတ်ထောင်ပေါင်းများစွာဟာ ဖက်ဒဲရားရဲ့ အမည်ကို အော်ဟစ်သီကြွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဖက်ဒဲရားဟာ ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားဘ၀ ၂၅ နှစ်ကြာအချိန်အတွင်းမှာ တစ်ဦးချင်းနဲ့ နှစ်ယောက်တွဲ ပွဲပေါင်း ၁၇၅၀ ယှဉ်ပြိုင်ခဲ့ကာ အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့တာပါ။ ဖက်ဒဲရားက “ဒါက ပြီးပြည့်စုံတဲ့ ခရီးတစ်ခုဖြစ်ခဲ့ပါတယ်။ရာဖာနဲ့အတူ ကစားခဲ့သလို၊ ဒီမှာ အလွန်ကောင်းမွန်တဲ့ ကစားသမားတွေ၊ ဂန္တဝင်တွေရှိပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဖက်ဒဲရားဟာ ပြီးခဲ့တဲ့နှစ် ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အရေးနိမ့်ပြီးကတည်းက ဒဏ်ရာကြောင့် ပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတော့ပါဘူး။ဖက်ဒဲရားဟာ သူ့ရဲ့ ဒဏ်ရာ အခြေအနေကို နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်အပြီးမှာ အနားယူဖို့ သူ့ရဲ့ ခန္ဓာကိုယ်က ရှင်းရှင်းလင်းလင်းကို အချက်ပြနေပြီလို့ ပြောကာ အနားယူဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 1118
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၄
အင်္ဂလန်အသင်းဟာ စက်တင်ဘာ ၂၄ ရက်မနက်ပိုင်းက ကစားခဲ့တဲ့ နေးရှင်းလိဂ်အုပ်စုပွဲစဉ်မှာ အီတလီ အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး လိဂ် A ကနေ တန်းဆင်းသွားခဲ့ပြီဖြစ်ပါတယ်။
ဒီပွဲမှာ အီတလီအတွက် အနိုင်ဂိုးကို ရက်စပါဒိုရီက သွင်းယူခဲ့တာပါ။အင်္ဂလန်အသင်းဟာ ဒီရှုံးပွဲကြောင့် နေးရှင်းလိဂ်အုပ်စုပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ၂ ပွဲသရေ ၃ ပွဲရှုံးနဲ့ အုပ်စုတွင်း နောက်ဆုံးနေရာမှာ ရပ်တည် နေခဲ့တာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ နောက်ဆုံးပွဲစဉ်အဖြစ် ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေ ပေမယ့် တန်းဆင်းသွားခဲ့ပြီး နောက်တစ်ကြိမ်ကျင်းပမယ့်ပြိုင်ပွဲကျရင် လိဂ် B မှာ သွားရောက် ယှဉ်ပြိုင် ရတော့မှာပါ။
အင်္ဂလန်အသင်းဟာ ဒီ နေးရှင်းလိဂ် ၅ ပွဲမှာ သွင်းဂိုး ၁ ဂိုးသာ ရယူထားနိုင်တာဖြစ်ပြီး အဆိုပါသွင်းဂိုး ဟာ ပင်နယ်တီကနေ ရရှိထားတာကြောင့် တိုက်စစ်ပိုင်းအတွက် စိုးရိမ်စရာတွေရှိလာနိုင်တာ ဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ လက်ရှိအချိန်မှာ ကစားကွက်ကနေ ဂိုးမသွင်းနိုင်တာ မိနစ်ပေါင်း ၄၅၀ မိနစ်အထိ ရှိသွားပြီလို့ အချက်အလက်တွေအရ သိရတာပါ။ဒီပွဲမှာ အဝေးကွင်းကို လိုက်ပါအားပေးတဲ့ အင်္ဂလန်ပရိသတ်တွေဟာ လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပြီး နည်းပြဆောက်ဂိတ်ကို ကမ္ဘာ့ဖလား မတိုင်ခင် ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေပါ ရှိလာခဲ့တာဖြစ်ပါတယ်။
ဆောက်ဂိတ်ကတော့ ဒီဖိအားဒဏ်တွေကို သူခံယူသွားမယ်လို့ ပြောခဲ့တာပါ။ “ကျနော်တို့ ရလဒ်တွေ ဆိုးရွားနေပါတယ်။ဒါကို လုပ်ကိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ကျနော်တို့ ယုံကြည်ရတဲ့အရာ တွေကို ဆုပ်ကိုင်ထားဖို့ပါပဲ။ပြီးခဲ့တဲ့ ပြိုင်ပွဲတွေမှာလည်း ကျနော်တို့ဟာ အောင်မြင်မှု ရယူနိုင်တဲ့ အရာ တွေကို စွဲမြဲစွာ ကိုင်စွဲနိုင်ခဲ့ပါတယ်။ဖိအားတွေကို ခံယူဖို့က ကျနော့်ရဲ့အလုပ်ပါ။ စွမ်းဆောင်ရည်ကို ဝေဖန်ဖို့ဆိုတာ ကျနော့်အတွက် အလွန်ခက်ခဲပါတယ်။ရလဒ်မကောင်းပေမယ့် ဒီနေ့ညမှာ ကျနော်တို့ အတွက် အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေအများကြီးရှိခဲ့ပါတယ်”လို့ ဆောက်ဂိတ်က ပြောခဲ့ပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်က သူတို့ဟာ လက်ရှိအချိန်မှာ ရလဒ်ပိုင်းမကောင်း ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒါကိုတွန်းအားပေးသွားမယ်လို့ ပြောခဲ့တာပါ။ဒီကလန်ရိုက်စ်က “ကျနော် တို့ ပိုပြီးကောင်းမွန်လာမယ်ဆိုတာကို ယုံကြည်လိုက်ပါ။ကျနော်တို့ဟာ ပြိုင်ပွဲတိုင်းကို အနိုင်ယူချင်လို့ ဒါဟာ စိတ်ပျက်ဖို့ ကောင်းပါတယ်။ဒီပွဲမှာ ကျနော်တို့ ထိန်းချုပ်နိုင်ခဲ့ပေမယ့် သူတို့ဟာ ရတဲ့ အခွင့်အရေး တစ်ကြိမ်ရတာကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းကို အနိုင်ရခဲ့တဲ့ အီတလီအသင်းဟာ နေးရှင်းလိဂ်နောက်ဆုံးပွဲအဖြစ် ဟန်ဂေရီနဲ့ ကစား ရမှာဖြစ်ပြီး အနိုင်ရတာနဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
Source:Daily Mail

- By CNI
- Category: အားကစား
- Hits: 949
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃
ဂျိုကိုဗစ်ဟာ အခုနှစ်ရာသီ ဂရမ်းဆလမ်းပြိုင်ပွဲ ၄ ပွဲမှာ ၂ ပွဲက ကိုဗစ်ကာကွယ်ဆေးမထိုးခဲ့လို့ မပါဝင် နိုင်ခဲ့ပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် နောင်တမရဘူးလို့ ပြောလိုက်ပါတယ်။
ဂျိုကိုဗစ်က “ကာကွယ်ဆေးမထိုးလို့ ကျနော်နောင်တရစရာမရှိပါဘူး။ မကစားနိုင်ခဲ့လို့တော့ ကျနော် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ဒါပေမယ့် ဒါတွေကို ကျနော်ဆုံးဖြတ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့လည်း သိနေတာပါပဲ။ဘာတွေအကျိုးဆက်ဖြစ်လာမလဲဆိုတာလည်း သိပါတယ်။ဒါတွေကို ကျနော်လက်ခံ တယ်။ဒါပါပဲ” လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဆားဘီးယားတင်းနစ်သမားဟာ ၂၀၂၁ မှာ သြစတြေးလျအိုးပန်း၊ ပြင်သစ်အိုးပန်းနဲ့ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲတွေမှာ ချန်ပီယံဆုရခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေး မထိုးလို့ သြစတြေးလျနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးခံရတာကြောင့် ချန်ပီယံဆုကို ကာကွယ်ခွင့်မရတော့ပါဘူး။ ဂျိုကိုဗစ်ဟာ ရာသီနောက်ဆုံးပိတ် ဂရမ်းဆလမ်းပြိုင်ပွဲဖြစ်တဲ့ အမေရိကန်အိုးပန်းပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။
အသက် ၃၅ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ ဂရမ်းဆလမ်းချန်ပီယံဆု ၂၁ ကြိမ်အထိ ရရှိထားတာပါ။ ဂျိုကိုဗစ်ဟာ သြစတြေးလျနိုင်ငံကနေ ပြည်နှင်ဒဏ်ခံရချိန်မှာ ခရီးသွားလာခွင့် ၃ နှစ်ပိတ်ပင်ခံရပေမယ့် ဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က အဓိကပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် ခွင့်ပြုနိုင်တယ်လို့ နောက်ပိုင်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ဂျိုကိုဗစ်က “ကျနော်သတင်းတွေကို စောင့်မျှော်နေတာပါ။အခုက ကျနော့်လက်ထဲမှာ မရှိသေးပါဘူး။ မကြာခင်မှာ အပေါင်းလက္ခဏာဆောင်တဲ့ သတင်းတွေကို ရရှိနိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။ ဆားဘီးယားတင်းနစ်သမားဟာ လက်ရှိအချိန်မှာ ဖက်ဒဲရားကို နှုတ်ဆက်မယ့် Laver Cup ပြိုင်ပွဲ အတွက် လန်ဒန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
Source:Reuters

- By CNI
- Category: အားကစား
- Hits: 1029
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃
စပိန်လက်ရွေးစင်အမျိုးသမီးအသင်း ကစားသမား ၁၅ ဦးဟာ နည်းပြဖြစ်သူ ဂျော့ချ်ဗေလ်ဒါကို ထုတ် ပယ်ဖို့ တောင်းဆိုခဲ့ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။
ကစားသမားတွေဟာ ဂျော့ချ်ဗေလ်ဒါကိုင်တွယ်နေတဲ့အချိန်အတွင်းမှာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေ အနေနဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ပြောခဲ့ပြီး သူသာဆက်ရှိမယ်ဆိုရင် နိုင်ငံအသင်းကနေ နုတ်ထွက်မယ်လို့ ပြောခဲ့တာပါ။စပိန်ဘောလုံးအဖွဲ့ချုပ်ကတော့ နိုင်ငံအသင်းနည်းပြ ခန့်အပ်တာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ဖို့ ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
“ဒီလိုဆုံးဖြတ်ချက်ချမှတ်ဖို့က သူတို့ရဲ့လုပ်ပိုင်ခွင့်ထဲမှာ မရှိပါဘူး။ဒီလိုလုပ်ဆောင်မှုတွေက စံနမူနာ ယူစရာမရှိပါဘူး။ဒါဟာ ဘောလုံးနဲ့ အားကစားတန်ဖိုးအပြင်ဘက်မှာ ရှိနေပြီး၊ အန္တရာယ်ရှိပါတယ်”လို့ စပိန်ဘောလုံးအဖွဲ့ချုပ်က ပြောခဲ့တာပါ။ဒါ့အပြင်နိုင်ငံအသင်းအတွက် ကစားဖို့ ငြင်းပယ်တာက အလွန် ဆိုးရွားတဲ့ ချိုးဖောက်မှုဖြစ်ပြီး ၂ နှစ်ကနေ ၅ နှစ်အထိ ဒဏ်ခတ်ပိတ်ဆို့နိုင်သလို သူတို့ ၁၅ ဦးကို ရွေးချယ်သွားမှာမဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ်က “ဒီအချက်ဟာ အားကစားကနေ ဂုဏ်သိက္ခာရှိတဲ့ ကိစ္စတစ်ခုဖြစ်လာမှာ ဖြစ်ပြီး ရွေးချယ်မှုကို ညှိနှိုင်းလို့ရမှာ မဟုတ်ပါဘူး။ဒါဟာ စပိန်နဲ့ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသားနဲ့ အမျိုးသမီး ၂ သင်းစလုံးအတွက် ဘောလုံးသမိုင်းမှာ မကြုံတွေ့ဖူးတဲ့ အခြေအနေဖြစ်ပါတယ်။နိုင်ငံ အသင်းအတွက် ပေးဆပ်လိုစိတ်ရှိတဲ့ ကစားသမားတွေပဲ လိုပါတယ်” လို့ ပြောခဲ့တာပါ။
အဆိုပါကစားသမား ၁၅ ဦးရဲ့အမည်တွေကို ဖော်ပြခဲ့ခြင်းမရှိပေမယ့် သူတို့အနေနဲ့ အမှားကိုလက်ခံ တယ်ဆိုရင် ခွင့်လွှတ်ပြီး အနာဂတ်မှာ ထပ်မံရွေးချယ်သွားမယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ်က ပြောခဲ့ပါ တယ်။ အသက် ၄၁ နှစ်အရွယ်ရှိ ဗေလ်ဒါဟာ ၂၀၁၅ ကတည်းက စပိန်လက်ရွေးစင်အမျိုးသမီးအသင်းကို ကိုင်တွယ်ခဲ့တာပါ။ဗေလ်ဒါဟာ စပိန်အသင်းကို ပြီးခဲ့တဲ့ ယူရို ၂၀၂၂ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ ရောက်ရှိအောင် ဦးဆောင်နိုင်ခဲ့ပြီး အချိန်ပိုမှာ ချန်ပီယံ အင်္ဂလန်အသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
Source:BBC