CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ စတင်ဖို့ အလွန်စိတ်လှုပ်ရှားနေပြီး အသင်းသစ်နဲ့ မပူးပေါင်းခင်မှာ ရက်အနည်းငယ်ကြာအနားယူမယ်လို့ ပြောခဲ့ပါတယ်။

မက်ဆီက “အခုဆိုရင် အားလပ်ရက် ရက်အနည်းငယ်ရှိမှာဖြစ်ပြီး အဲဒီနောက် ကျနော့်ရဲ့ မြို့အသစ်၊ ကျနော့်ရဲ့ ကလပ်အသစ် အင်တာမိုင်ယာမီဆီ သွားရတော့မှာပါ။ ဒီအတွက် ကျနော်အလွန်စိတ်လှုပ်ရှားနေပါတယ်” လို့ အာဂျင်တီးနားရုပ်မြင်သံကြားကို ပြောခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားစူပါစတားဟာ အသက် ၃၆ နှစ်ပြည့်မွေးနေ့မှာ ငယ်ဘဝကလပ် နယူးဝဲလ်အိုးဘွိုင်းစ်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့ပြီး လက်ရွေးစင်အသင်းဖော်ဟောင်း မက်ဆီရိုဒရီဂွတ်ဇ်ရဲ့ ဂုဏ်ပြုနှုတ်ဆက်ပွဲမှာ ပါဝင်ကစားသွားခဲ့တာပါ။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ဒီပွဲမှာ ပြစ်ဒဏ်ဘောကန်သွင်းချက်နဲ့ ဂိုးသွင်းတာအပါအဝင် ဟတ်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မက်ဆီဟာ အာဂျင်တီးနားကစားသမားဟောင်း ရီကွယ်လ်မီးရဲ့ နှုတ်ဆက်ပွဲမှာလည်း ပါဝင်ကစား ခဲ့ပြီးနောက် အသင်းသစ်ထံ မသွားရောက်ခင် ရက်အနည်းငယ်ကြာ အနားယူဖို့ စီစဉ်ထားတာပါ။ မက်ဆီနဲ့ ပီအက်စ်ဂျီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုလအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အာဂျင်တီးနားကစားသမားဟာ အင်တာမိုင်ယာမီအသင်း ကစားသမားသစ်အဖြစ် မကြာခင်မှာ မိတ်ဆက်မှုပြုလုပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး လုပ်ခလစာ၊ အပို ဆုကြေးတွေအပါအဝင် တစ်နှစ်ကို ဒေါ်လာသန်း ၆၀ နီးပါးရရှိမယ်လို့ မေဂျာလိဂ်ကလပ်ရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဂျော့ချ်မတ်စ်က ပြောခဲ့တာပါ။ အသက် ၃၆ နှစ်အရွယ်ရှိ ကစားသမားဟာ ဇူလိုင်လ ၂၁ ရက်မှာ မက္ကဆီကိုကလပ် ခရုဇ်အဇူလ်အသင်းနဲ့ ကစားမယ့် လိဂ်ဖလားပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းကတော့ ဒီရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးနေပြီး အရှေ့ပိုင်းဇုန်မှာ ပွဲစဉ် ၁၈ ပွဲ ကစားအပြီး ရမှတ် ၁၅ မှတ်နဲ့ အမှတ်ပေးဇယားနောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

Source:Goal.com