CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆

အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲစဉ်တွေ ကစားဖို့အတွက် လူစာရင်းထုတ်ပြန်ခဲ့တာမှာ ဒဏ်ရာပြဿနာရှိနေတဲ့ အသင်းခေါင်းဆောင် မက်ဆီကို ရွေးချယ်ခဲ့ပါတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနောက်ဆုံးကစားခဲ့တဲ့ ချီကာဂိုအသင်းနဲ့ ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ဘဲ ကြံ့ခိုင်မှု ပိုင်းဆိုင်ရာ အကောင်းဆုံးပုံစံကို ရရှိဖို့ ရုန်းကန်နေရတာပါ။ မက်ဆီဟာ စက်တင်ဘာ ၃ ရက်နောက်ပိုင်း အင်တာမိုင်ယာမီအသင်းအတွက် ၃၇ မိနစ်သာ ပါဝင်ကစားနိုင်ခဲ့ပြီး ဒဏ်ရာကြောင့် အနားပေးခြင်းခံထားရတာ ဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ဒဏ်ရာအခြေအနေကြောင့် ကစားနိုင်ဖို့ မသေချာသေးပေမယ့် အာဂျင်တီးနားအသင်းကတော့ သူ့ကို လူစာရင်းမှာ ရွေးချယ်ခဲ့တာပါ။

မက်ဆီဟာ စက်တင်ဘာလက ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲစဉ်တွေမှာလည်း အာဂျင်တီးနားအသင်းရဲ့ လူစာရင်းမှာ ပါဝင်ခဲ့ပြီး အီကွေဒေါအသင်းနဲ့ ပွဲစဉ်မှာသာ ပါဝင်နိုင်ခဲ့ကာ ဘိုလီးဗီးယား အသင်းနဲ့ ပွဲစဉ်ကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မက်ဆီမပါဝင်နိုင်တာကြောင့် အင်တာမိုင်ယာမီ အသင်းဟာ ရလဒ်ကောင်းတွေရရှိဖို့ ရုန်းကန်နေရပြီး မေဂျာလိဂ်ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်ခွင့်ရမယ့် မျှော်လင့် ချက် ရပ်တန့်သွားခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုက မက်ဆီဟာ အသင်းအတွက် ပြန်ပါဝင်ကစားပေးနိုင်ဖို့ နီးစပ်နေပြီလို့ ချီကာဂိုအသင်းနဲ့ ပွဲအပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းဖော် ဖာရီးယက်စ်လည်း လာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် အာဂျင်တီးနားအသင်းလူစာရင်းမှာ ပထမဆုံး အကြိမ် ရွေးချယ်ခံခဲ့ရပြီး ယူနိုက်တက်အသင်းကြယ်ပွင့် ဂါနာချိုလည်း အာဂျင်တီးနားအသင်း လူစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် အောက်တိုဘာ ၁၂ ရက်မှာ ပါရာဂွေး၊ ၁၇ ရက်မှာ ပီရူးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source:Besoccer