CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆

ဝက်စ်ဟမ်းအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယမြောက်ပွဲစဉ်မှာ ဖရိုင်းဘတ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ဥရောပပြိုင်ပွဲတွေမှာ ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကလပ် အသင်းအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ဝက်စ်ဟမ်း အသင်းအတွက် ဂိုးတွေကို ပါကွီတာနဲ့ အဂါ့ဒ်တို့က သွင်းယူခဲ့တာဖြစ်ပြီး ဖရိုင်းဘတ်အသင်း အတွက် ဂိုးကို ဆာလိုင်းက သွင်းယူခဲ့တာပါ။ 

ဝက်စ်ဟမ်းအသင်းဟာ ဒီပွဲမတိုင်ခင် ၁၉၆၈ က လိဒ်စ်နဲ့ ၁၉၇၂ က စပါးအသင်းတို့နဲ့ ရှုံးပွဲမရှိ ၁၆ ပွဲစီ တူညီနေ ပေမယ့် ဖရိုင်းဘတ်အသင်းကို အနိုင်ရခဲ့တာကြောင့် ၁၇ ပွဲနဲ့ အင်္ဂလန်ကလပ် အသင်းတွေထဲမှာ စံချိန်သစ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူရိုပါကွန်းဖရန့်စ်လိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ ပြီးနောက် လက်ရှိအချိန်ထိ သူတို့ရဲ့ အကောင်းဆုံးပုံစံကို ဆက်ပြီး ထိန်းနိုင်ခဲ့ပါတယ်။

ဒေးဗစ်မိုယက်စ်ကို တွေ့ရစဉ်

ဝက်စ်ဟမ်းအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲအုပ်စု အဖွင့်ပွဲစဉ်မှာလည်း TSC အသင်းကို အနိုင်ရခဲ့တဲ့အတွက် အဖွင့်ပွဲစဉ် ၂ ပွဲစလုံး အနိုင်ရပြီး အုပ်စုတွင်းကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ 

ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မိုယက်စ်ကတော့ စံချိန်မှတ်တမ်းတွေက အမြဲတမ်းကောင်းပေမယ့် အရေး ကြီးတာက အနိုင်ရဖို့နဲ့ ၃ မှတ်ရယူနိုင်ဖို့ပဲလို့ ပြောခဲ့တာပါ။

ဒေးဗစ်မိုယက်စ်က “ကျနော်တို့ဟာ မနေ့က ဒီစံချိန် မှတ်တမ်းအကြောင်းကို ပြောဖြစ်ခဲ့ပြီး နည်းပြကြီးတွေဖြစ်တဲ့ ဒွန်ရီဗီးနဲ့ နီကိုလ်ဆင်တို့ရဲ့ စံချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ နိုင်ပွဲရယူနိုင်ခဲ့တဲ့ အတွက် လည်း ပျော်ရွှင်ပါတယ်။ စံချိန်မှတ်တမ်းတွေက အမြဲတမ်းကောင်းမွန်တဲ့ အရာတွေဖြစ်ပေမယ့် အရေးကြီးတာက ဒီပွဲအနိုင်ရပြီး ၃ မှတ် ရယူနိုင်တာက ပိုပြီးကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ အောက်တိုဘာ ၈ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နိုင်ပွဲဆက်နေတဲ့ နယူးကာဆယ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

ဝက်စ်ဟမ်းအသင်းဟာ အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၇ ပွဲ ကစားအပြီးမှာ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Source: Daily Mail