- By CNI
- Category: ဆောင်းပါး
- Hits: 1229
CNI Article
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇
အမေရိကန်တွင် လာမည့် နိုဝင်ဘာလ၌ သမ္မတရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump)သည် များပြားလှသည့် တရားမမှု စွဲချက်များ၊ ပြစ်မှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်နေရသည့်တိုင် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြုသည့် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အလားအလားရှိနေသည်။
လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကမူ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် နောက်ထပ် သမ္မတသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
မဲဆန္ဒရှင်များကမူ ဘိုင်ဒန်၏ အသက်အရွယ်ကြောင့် သမ္မတအဖြစ် နောက်တစ်ကြိမ် တာဝန်ထမ်းဆောင်နိုင်ခြင်း ရှိ/မရှိကို စိုးရိမ်နေသော်လည်း လက်ရှိတွင် အမေရိကန်၏ ခိုင်မာတောင့်တင်းသည့် စီးပွားရေးစွမ်းဆောင်ရည် များကြောင့် ထိုစိုးရိမ်မှုများကို အနည်းငယ် ပြေလျော့စေခဲ့သည်။
နိုင်ငံတကာ အခင်းအကျင်းနှင့် နိုင်ငံရေး အခြေအနေများ ရှုပ်ထွေးနေချိန်တွင် ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်နှင့် တရုတ်၏ သြဇာလွှမ်းမိုးရေး ယှဉ်ပြိုင်မှု၊ အစ္စရေးနှင့် ဟားမာ့စ် ပဋိပက္ခ၊ ရုရှား-ယူကရိန်း ပဋိပက္ခများ ဖြစ်ပွားနေချိန်တွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည်။
ထို့ပြင် သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်တို့ပါဝင်သည့် AUKUS အဖွဲ့နှင့် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ ဖွဲ့စည်းထားသည့် Quad အဖွဲ့များ၏ စီမံချက်များကြောင့် အာရှ-ပစိဖိတ် လုံခြုံရေးအခြေအနေ ပြောင်းလဲလာသည့် အချိန်တွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည်။
ထရမ့်အနေနှင့် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်မည့် အခြေအနေကို အာရှ-ပစိဖိတ်ဒေသရှိ အမေရိကန်၏ မဟာမိတ်များက စိုးရိမ်ပူပန်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထရမ့်သည် နောက်တစ်ကြိမ် ပြန်လည် ရွေးကောက်ခံရနိုင်မည့် အလားအလား ရှိနေခြင်းကြောင့် ဖြစ်သည်။
အမေရိကန်သာ ပထမဆိုသော ကြွေးကြော်သံကိုတွေ့ရစဉ်
ထရမ့်သည် ရီပတ်ဘလစ်ကန်ပါတီ၏ ပြယုဂ်တစ်ခုဖြစ်နေပြီး ရွေးကောက်ပွဲအကြို လူထုသဘောဆန္ဒခံယူမှု စစ်တမ်းများတွင်လည်း ထရမ့်သည် ဘိုင်ဒန်နှင့် သူတင်ကိုယ်တင် ယှဉ်ပြိုင်နိုင်သည့် ရလဒ်များ ထွက်ပေါ်နေသည်။
ထရမ့်၏ သမ္မတ ဒုတိယသက်တမ်းသည် ပထမသက်တမ်းထက် ပိုမိုပြင်းထန်ဖွယ် ရှိနေသည်။ ထရမ့်၏ မူဝါဒ များသည် ပြည်တွင်းရေးကို အဓိကထားသည်။
ထို့အတူ ဒီမိုကရက်များ၊ တိုးတက်ပြောင်းလဲရေးဝါဒီများ၊ မွတ်ဆလင်များ၊ ရွှေ့ပြောင်းနေထိုင်သူများကို နှိပ်ကွပ် မည်ဆိုပါက ၎င်းအား ထောက်ခံသူများ၏ မဲများကို တစ်ခဲနက် ရရှိလိမ့်မည်ကို ထရမ့်က သိရှိနားလည်ထားသည်။
ထရမ့်သည် ၎င်းအား သစ္စာခံသူများကို အစိုးရအဖွဲ့၏ ရာထူးနေရာများတွင် ခန့်ထားမည်ဟုလည်း မကြာခဏ ကတိပြုခဲ့သည်ဟု ဆိုသည်။
သူကိုယ်တိုင်ကလည်း ပြည်တွင်းရှိ သူ့ ပြိုင်ဘက်များကို နှိမ်နင်းနိုင်မည့် ဖက်ဒရယ်အာဏာကို မည်သို့ အသုံးပြု ရမည်ဆိုသည့် အန္တရာယ်များသော အတွေးအမြင်များကို ချပြနိုင်မည့်သူများကို သူ့အနီးတွင် ခေါ်ထားရန် အစီအစဉ်များရှိကြောင်း စွပ်စွဲခံထားရသည်။
ပထမသမ္မတသက်တမ်းနှင့် မတူညီသည့်အချက်မှာ ၎င်း၏ ကံကြမ္မာသည် အမေရိကန်၏ အဓိက အင်စတီကျူး ရှင်းများကို ပြတ်သားစွာ ဆန့်ကျင်ရန် ၎င်း၏ လုပ်နိုင်စွမ်းများအပေါ် မူတည်နေသည့် အချက်ကို သိရှိနားလည် သွားခြင်း ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ရန်အတွက်လည်း ထရမ့်တွင် ၎င်း၏ အထူးနိုင်ငံရေး အဖွဲ့ရှိထားသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က လွှတ်တော်ကို ဝင်ရောက်စီးနင်းပြီး အမေရိကန်၏ ဒီမိုကရေစီကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းမှု မအောင် မြင်ခဲ့ပြီးနောက် ထရမ့်သည် သမ္မတအုပ်ချုပ်ရေး အမိန့်ဖြင့် ထိုအခြေအနေကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းဖွယ် ရှိသည်။
အဘယ်ကြောင့်ဆိုသော် အမေရိကန်၏ သံခင်းတမန်ခင်း ဆက်ဆံရေး၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး မူဝါဒများ သည် ဖက်ဒရယ်အစိုးရအပေါ်တွင် မူတည်နေသည်။
ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) အကြား ရင်းနှီးမှုများကြောင့် ထရမ့်သည် ပုဂ္ဂိုလ်ရေး အရ ယူကရိန်းကို စွန့်လွှတ်ဖွယ် ရှိနေသည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဘိုင်ဒန်ကို တွေ့ရစဉ်
ဥရောပနှင့်ပတ်သက်ပြီး ထရမ့်အတွက် ရွေးချယ်စရာ များပြားလှသည်။ ထရမ့်အနေနှင့် အမေရိကန်ကို နေတိုး အဖွဲ့ထဲက ဆွဲထုတ်ခြင်း၊ ယူကရိန်းအတွက် စစ်ရေးအကူအညီများကို ရပ်တန့်လိုက်ခြင်း အစရှိသည့် အခြေအနေ များလည်း ဖြစ်လာနိုင်သည်။
ထရမ့်သည် အာရှ-ပစိဖိတ်ဒေသတွင်လည်း ပိုနေမြဲ ကျားနေမြဲ သို့မဟုတ် ရှိရင်းစွဲအခြေအနေကို ဆက်လက် ထိန်းသိမ်းရန် ကတိပြုနိုင်ခြေမရှိပေ။
အဘယ်ကြောင့်ဆိုသော် ထရမ့်သည် အာရှ-ပစိဖိတ်ဒေသအရေးကို မည်မျှ အရေးတယူ ကိုင်တွယ် ဆောင်ရွက် လိမ့်မည်ဆိုခြင်းကို ရှင်းလင်းတိကျစွာ မသိရသေးခြင်းကြောင့် ဖြစ်သည်။
ထို့ပြင် အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် ထရမ့်၏ အရှေ့အလယ်ပိုင်း မူဝါဒကို ရှုပ်ထွေးသွားစေနိုင်သော်လည်း ထရမ့်သည် ထိုပဋိပက္ခအတွက် အဖြေရှာရန် အစ္စရေး၏ တစ်ယူသန်သည့် အစွန်းရောက်အင်အားစုနှင့် ပူးပေါင်းသွားဖွယ်ရှိနေသည်။
ထိုအခြေအနေများထဲတွင် ဂါဇာဒေသပဋိပက္ခ၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း (West Bank) ဒေသတွင် ဂျူးရပ်ကွက်များ တည်ဆောက်မှုကြောင့် အကြမ်းဖက်မှုများ မြင့်တက်လာမှု၊ ပါလက်စတိုင်း အရပ်သားများ အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ အစ္စရေး-ပါလက်စတိုင်းနှစ်ပြည်ထောင် တူယှဉ်တွဲနေထိုင်မှုကို အဆုံးသတ်စေသည့် ဖြေရှင်း ချက်များလည်း ပါဝင်နေသည်။
ထိုအခြေအနေများထဲမှ တစ်စုံတစ်ခု လွဲချော်သွားခဲ့မည်ဆိုပါက အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များအကြား ဆက်ဆံရေး ကတောက်ကဆတ် ဖြစ်စေနိုင်မည်ဖြစ်သည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဘိုင်ဒန်၏ နိုင်ငံခြားရေးမူဝါဒမှာမူ ကမ္ဘာတစ်ဝန်းရှိ အမေရိကန်၏ မဟာမိတ်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် သဟဇာတဖြစ်မှု၊ မျှတမှု ရှိနေသည်ကို တွေ့ရသည်။
ဘိုင်ဒန်သည် နိုင်ငံပေါင်းစုံပါဝင်သည့် အဖွဲ့အစည်းများအပေါ် ယုံကြည်ချက်ရှိသည်။ အမေရိကန်သည် အမေရိကန် ပြည်သူများအတွက် လုံခြုံရေးနှင့် ချမ်းသာသုခကို ရရှိစေရန် ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းတစ်ခုကို ထူထောင်ခဲ့ ထားကြောင်း ဘိုင်ဒန်က သိရှိနားလည်ထားသည်။
ထို့ပြင် ဘိုင်ဒန်သည် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး အခြေအနေတွင် အလွန်ခက်ခဲသည့် အနေအထားမျိုး၌ပင် အမေရိကန်နိုင်ငံကို ကောင်းမွန်စွာ ထိန်းကျောင်းနိုင်ခဲ့သည်။
ထို့ကြောင့် အမေရိကန်၏ မဟာမိတ်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများက စိုးရိမ်နေသည့်ကြားထဲမှ ထရမ့်သာ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့မည်ဆိုပါက အမေရိကန်၏ မူဝါဒအပြောင်းအလဲသည် အဆိုးဘက်သို့လော သို့မဟုတ် အကောင်းဘက်သို့လော ဆိုသည့် အခြေအနေကို မြင်တွေ့ရမည်ဖြစ်သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 853
CNI Sport Article
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇
ယူနိုက်တက်နဲ့ အင်္ဂလန်ဂန္ထဝင် ဝိန်းရွန်နီကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အင်္ဂလန်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ် အသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်တာ ရက်ပေါင်း ၈၂ ရက်သာ ရှိသေးပေမယ့် ရလဒ်ဆိုးတွေကြောင့် အသင်းဘက်က သူ့ကို စိတ်ရှည်သည်းခံမှု အဆုံးသတ်သွားခဲ့တာပါ။
ဝိန်းရွန်နီဟာ ကစားသမားဘဝမှာ ယူနိုက်တက်အသင်းနဲ့အတူ ကြီးမားတဲ့ အောင်မြင်မှုကို ရယူနိုင်ခဲ့ပေမယ့် နည်းပြဘဝကတော့ အလွန်ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။
ဝိန်းရွန်နီဟာ ယူနိုက်တက်အသင်းနဲ့အတူ ဆုဖလားအားလုံးကို ရယူနိုင်ခဲ့တာကြောင့် အားလုံးရဲ့အထင်ကြီးမှုကို ရခဲ့ပြီး နည်းပြဘဝမှာလည်း အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။
ဒါပေမယ့် ဝိန်းရွန်နီရဲ့ နည်းပြဘဝ အစဟာ ဆိုးရွားမှုတွေနဲ့သာ စတင်ခဲ့ရတာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်း ခေါင်းဆောင်ဟာ ဒါဘီအသင်းရဲ့ ကစားသမားအဖြစ်ကနေ ၂၀၂၀ ခုနှစ်မှာ နည်းပြအဖြစ် ပြောင်းလဲပြီး နည်းပြ လောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဝိန်းရွန်နီဟာ နည်းပြဘဝ ပထမရာသီမှာ ဒါဘီအသင်းကို တန်းဆင်းမယ့် အန္တရာယ်ကနေ လွတ်မြောက်အောင် ကိုင်တွယ်နိုင်ခဲ့တာပါ။
ဒါပေမယ့် ဒုတိယရာသီမှာတော့ ဒါဘီအသင်းဟာ ရမှတ် ၂၁ မှတ်အထိ အလျှော့ခံခဲ့ရတာကြောင့် ဝိန်းရွန်နီအတွက် ခက်ခဲခဲ့ပြီး အသင်းဟာ လိဂ်ဝမ်းကို တန်းဆင်းသွားခဲ့ရပါတယ်။
ဒါဘီအသင်းဟာ လိဂ်ဝမ်းကို တန်းဆင်းသွားပြီး နောက်မှာ ဝိန်းရွန်နီဟာ နည်းပြရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။
ဝိန်းရွန်နီကို တွေ့ရစဉ်
ယူနိုက်တက်အသင်း ခေါင်းဆောင်ဟောင်းဟာ ဒါဘီအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၈၅ ပွဲမှာ အနိုင်ရာခိုင်နှုန်း ၂၈.၂ ရာခိုင်နှုန်းသာရှိခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ဝိန်းရွန်နီဟာ ဒါဘီအသင်းကနေ ထွက်ခွာအပြီး ရက်အနည်းငယ်အကြာမှာ အသင်း ဟောင်း ဒီစီယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။
ဝိန်းရွန်နီဟာ ဒီစီယူနိုက်တက်အသင်းရဲ့ ပွဲဦးထွက်မှာ အဖွင့်လှခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသင်းဟာ ရလဒ်တွေဆိုးခဲ့ပြီး မနှစ်ကရာသီမှာ မေဂျာလိဂ်ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရတာပါ။
အဲ့ဒါကြောင့် နှစ်ဦးသဘောတူညီမှုနဲ့ ဝိန်းရွန်နီဟာ မေဂျာလိဂ်ကလပ်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ဝိန်းရွန်နီဟာ ဒီစီယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၅၃ ပွဲမှာ အနိုင်ရာခိုင်နှုန်း ၂၆.၄ သာရှိခဲ့တာပါ။
ဝိန်းရွန်နီ အတွက်တော့ နည်းပြ အလုပ်အကိုင်က မရှားခဲ့ဘဲ ဒီစီယူနိုက်တက်အသင်းက ထွက်ခွာပြီး ရက်ပိုင်း အကြာမှာ ဘာမင်ဂမ်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ဝိန်းရွန်နီ မကိုင်တွယ်ခင်က ဘာမင်ဂမ်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်မယ့် ပလေးအော့ဖ် ဝင်ခွင့်အဆင့် နေရာမှာ ရပ်တည်နေတာပါ။
အဲ့ဒါကြောင့် အသင်းတာဝန်ရှိသူတွေက ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းတက်နိုင်အောင် ပြုလုပ်ပေးနိုင်မယ်လို့ ယုံကြည်မှုရှိခဲ့တာ ဖြစ်ပါတယ်။
ဝိန်းရွန်နီရဲ့ ဘာမင်ဂမ်အသင်း တာထွက်ခရီးဟာ မလှပခဲ့ဘဲ အဖွင့် ၅ ပွဲမှာ ရမှတ် ၁ မှတ်သာ ရရှိခဲ့တာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာပါ။
ဝိန်းရွန်နီဟာ မထုတ်ပယ်ခံရခင် အချိန်အထိ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၅ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာရရှိခဲ့ပြီး ဘာမင်ဂမ်အသင်းရဲ့ အဆင့်ကလည်း သူမကိုင်တွယ်ခင်က အဆင့် ၆ ကနေအဆင့် ၂၀ နေရာအထိ ရောက်ရှိသွား ခဲ့တာ ဖြစ်ပါတယ်။
ဒီရလဒ်တွေဟာ ဘာမင်ဂမ်အသင်း တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေအတွက် လက်ခံနိုင်စရာ မရှိခဲ့တဲ့အတွက် အဆုံးသတ်ဟာ မလှပခဲ့တာပါ။
ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၅ ပွဲမှာ အနိုင်ရာခိုင်နှုန်း ၁၃.၃ သာရှိခဲ့တာ ဖြစ်ပါတယ်။
ဝိန်းရွန်နီကို တွေ့ရစဉ်
ဒါဘီနဲ့ ဒီစီယူနိုက်တက်အသင်းတို့ကို ကိုင်တွယ်ခဲ့တုန်းက မအောင်မြင်ခဲ့လို့ အရမ်းကြီး ဝေဖန်မခံခဲ့ရတဲ့ ဝိန်းရွန်နီ ဟာ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ချိန်မှာတော့ ဝေဖန်မှု အပြင်းအထန်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဝိန်းရွန်နီအတွက်တော့ အဆင့် ၆ နေရာက အသင်းကို အဆင့် ၂၀ နေရာအထိ ရောက်အောင် ပို့ဆောင်ခဲ့တာ ကြောင့် ဝေဖန်ခံရဖို့ ထိုက်တန်ပေမယ့် သူကတော့ ကိုင်တွယ်ခဲ့တဲ့ အချိန်နည်းပါးခဲ့တာကြောင့် သူလိုချင်တဲ့ ပုံစံအတိုင်း ရောက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
ဝိန်းရွန်နီဟာ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ အနားယူဦးမယ်လို့ ပြောထားပြီး နည်းပြလောကထဲကို အလောတကြီး ပြန်ဝင်လာဖို့ မရှိသေးတာပါ။
ဝိန်းရွန်နီဟာ အနာဂတ်မှာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ချင်တယ်လို့ ပြောထားသလို အသင်းရဲ့ အနာဂတ် နည်းပြလောင်း စာရင်းမှာ ပါဝင်နေပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ဆိုရင် အခြားအသင်းတွေမှာ အောင်မြင်မှုရအောင် ပြုလုပ်ပြီး ကိုင်တွယ်ခွင့်နဲ ထိုက်တန်တဲ့ သက်သေပြသနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 672
CNI International Article
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁
အစ္စရေးနှင့် ဟားမာ့စ်စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပွားနေပြီး ထိုအရေးကို နိုင်ငံတကာက အာရုံစိုက် စောင့်ကြည့်လျက်ရှိသည်။
သို့သော် မြန်မာနိုင်ငံတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ပြည်တွင်းတွင် အိမ်ပစ်ရာပစ် ထွက်ပြေး တိမ်းရှောင် နေရသည့် လူပေါင်း ၂ သန်းကျော်ရှိနေပြီး လူ ၁ သန်းကျော်သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ကို ထွက်ပြေးတိမ်းရှောင်နေရသည်။
သို့တိုင်အောင် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခအပေါ် နိုင်ငံတကာ၏ စိတ်ဝင်စားမှုများ နည်းပါးနေဆဲ ဖြစ်သည်။
ထိုအခြေအနေအရ မြန်မာနိုင်ငံ၏ ပဋိပက္ခတွင် ပြည်ပအင်အားစုများက ထိတွေ့ဆက်ဆံမှု မရှိဟု မပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အမေရိကန်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာနိုင်ငံ၏ အာဏာကို လွှဲပြောင်း ရယူခဲ့သည့် တပ်မတော်ကို တိုက်ခိုက်နေသည့် သူပုန်များနှင့် ဒီမိုကရေစီလိုလားသော အုပ်စုများအား ထောက်ခံ ပေးနေခြင်းကြောင့် ဖြစ်သည်။
သို့သော် အမေရိကန်၏ အဆိုပါ ချဉ်းကပ်မှုသည် မြန်မာနိုင်ငံအတွက် ကောင်းကျိုးအနည်းငယ်ကိုသာ ဖြစ်စေခဲ့သည်။
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အစိုးရအဖွဲ့သည် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
ထိုပိတ်ဆို့မှုများသည် မြန်မာ့တပ်မတော် ခေါင်းဆောင်များကို ကြီးကြီးမားမား ထိခိုက်စေခဲ့ခြင်း မရှိခဲ့ပေ။
ဘိုင်ဒန်အစိုးရအဖွဲ့သည် NUG နှင့် အတွင်းကျကျ ထိတွေ့ဆက်ဆံမှုများ ရှိနေသော်လည်း အမေရိကန်သည် အခြားနိုင်ငံများကဲ့သို့ပင် NUG ကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖွဲ့အဖြစ် အသိအမှတ် ပြုခဲ့ခြင်းမရှိပေ။
ထို့ပြင် အမေရိကန်သည် မြန်မာနိုင်ငံ၏ PDF အဖွဲ့ကို အသက် သေစေနိုင်လောက်သည့် အကူအညီ (စစ်လက်နက် ခဲယမ်းများ) ထောက်ပံ့ပေးမှုကို လက်ရှောင်ခဲ့သည်။
အမေရိကန်က ထောက်ခံပေးထားသည့် မြန်မာနိုင်ငံ၏ အတိုက်အခံ အဖွဲ့များသည်လည်း နိုင်ငံရေး မဟာဗျူဟာ မတူကွဲပြားမှုများ ရှိနေသည်။
NUG သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး၏ ထောက်ခံမှုကို ရရှိထားခြင်းမရှိပေ။
ထို့အတူ NUG လက်အောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့များသည်လည်း စစ်တပ်ဖွဲ့စည်းပုံအရ စည်းလုံးညီညွတ်မှု အပိုင်း လျော့နည်းနေသည်။
ထိုလက်နက်ကိုင်အဖွဲ့များထဲတွင် နယ်မြေ ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး မတူညီသည့် ရည်မှန်းချက်များလည်း ရှိနေသည်။
အမေရိကန်၏ ကူညီထောက်ပံ့မှုများ မြင့်တက်လာခြင်းသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွား စေရန် မီးထိုးပေးသကဲ့သို့ ဖြစ်/မဖြစ်ကို သေချာပေါက်ပြောရန် မဖြစ်နိုင်ပေ။
သို့သော် မကြာသေးမီက လက်နက်ကိုင်များ၏ တိုက်ခိုက်မှုများ ပြင်းထန်လာခြင်းသည် အရပ်သားများ ထိခိုက် သေဆုံးမှုများကို ပိုမိုမြင့်တက်စေရုံသာမက အိမ်နီးချင်းနိုင်ငံများအတွက်ပါ သက်ရောက်မှုများ ရှိနေသည်ဆိုသည့် အချက်ကိုမူ သံသယဖြစ်စရာ မလိုပေ။
ထိုအချိန်အတောအတွင်း မြန်မာနိုင်ငံမှ ချင်းတိုင်းရင်းသား ၃၂,၀၀၀ ကျော်သည် အိန္ဒိယနိုင်ငံရှိ ချင်းလူမျိုးအများစု နေထိုင်သည့် မီဇိုရမ်ပြည်နယ်တွင် ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်လျက်ရှိသည်။
ထို့ပြင် အိန္ဒိယနယ်စပ်ရှိ မဏိပူရပြည်နယ်အတွင်းသို့ ထွက်ပြေးဝင်ရောက်ခဲ့သည့် စစ်ရှောင်မြန်မာနိုင်ငံသားများ လည်း ထောင်နှင့်ချီရှိခဲ့သည်။
စစ်စစ်တွင် ကမ္ဘာတစ်ဝန်းရှိ လက်နက်ကိုင်အဖွဲ့များအား အမေရိကန်၏ ထောက်ပံ့မှုများသည် မတည်မငြိမ်မှု၊ ဆင်းရဲဒုက္ခများနှင့် ဒီမိုကရေစီလမ်းကြောင်းကို လမ်းလွဲသွားစေသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ၏ တစ်စထက်တစ်စ ယိုယွင်းလာသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို သုံးသပ်မည်ဆိုပါကလည်း ထိုအခြေအနေအတိုင်း တွေ့ရမည်ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ နစကနှင့် ပတ်သက်ပြီး အမေရိကန်၏ ဒဏ်ခတ်သည့် ချဉ်းကပ်မှုသည် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်များအကြား မြန်မာ့အရေးနှင့်ပတ်သက်ပြီး ချဉ်းကပ်ဆောင်ရွက်မှု ပုံစံများကို သဘောထား ကွဲလွဲစေခဲ့ပြီး အာဆီယံသည် မြန်မာ့အရေးတွင် ခိုင်မာသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ခဲ့ ခြင်း မရှိပေ။
အိန္ဒိယကမူ မြန်မာ့အရေးတွင် အမေရိကန်၏ ချဉ်းကပ်မှုသည် သယံဇာတပေါကြွယ်ဝသည့် မြန်မာနိုင်ငံကို တရုတ်၏လက်ထဲ ကျရောက်သွားစေနိုင်သော အရေးကို စိုးရိမ်လျက်ရှိသည်။
အိန္ဒိယသည် မြန်မာနိုင်ငံအား အရှေ့တောင်အာရှ၏ မဟာဗျူဟာမြောက် စင်္ကြန်လမ်းတစ်ခုအဖြစ် ယူဆထားခြင်း ကြောင်း ဖြစ်သည်။
အထက်ဖော်ပြပါ အချက်အလက်များ အားလုံးကို ခြုံငုံသုံးသပ်ရမည်ဆိုပါက မြန်မာ့အရေးနှင့်ပတ်သက်ပြီး အမေရိကန်၏ ချဉ်းကပ်ဆောင်ရွက်မှုတွင် သမ္မတဘိုင်ဒန်၏ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်များရှိနေသည်ဟု ယူဆရမည်ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ဆောင်းပါး
- Hits: 1016
CNI Sport Article
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁
မန်စီးတီးအသင်းဟာ မကြာသေးခင်က ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ မကြာခင်ကုန်ဆုံးတော့မယ့် ၂၀၂၃ ခုနှစ်ထဲမှာ အဓိကဆုဖလားကြီးတွေဖြစ်တဲ့ ပရီးမီးယား လိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလား၊ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုဖလားတွေကို ပိုင်ဆိုင် နိုင်ခဲ့တာပါ။
အဲ့ဒါကြောင့်လည်း မန်စီးတီးအသင်းဟာ ၂၀၂၃ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းအဖြစ် သတ်မှတ်ခံရလောက် အောင် ထိုက်တန်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်း ဆုဖလားများစွာနဲ့အတူ တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ၂၀၂၃ ခုနှစ်ထဲမှာ ရှုံးပွဲတွေ ကြုံတွေ့ခဲ့ပေမယ့် အချိန်တန်ရင် ဆုဖလားသိမ်းပိုက်တာ မန်စီးတီးအသင်း ဖြစ်နေတဲ့အထိ ရပ်တန့်ဖို့ ခက်ခဲခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီလိုမျိုး သမိုင်းဝင် အောင်မြင်မှုတွေ၊ ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံရအောင် တွေအတွက် အစပျိုးခဲ့တာကတော့ ရှိတ်မန်ဆော် ဦးဆောင်တဲ့ အဘူဒါဘီ အစုအဖွဲ့က ၂၀၀၈ ခုနှစ်မှာ အသင်းကို ဝယ်ယူခဲ့တာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
အဘူဒါဘီအစုအဖွဲ့ဟာ မန်စီးတီးအသင်း အောင်မြင်မှုတွေ ရရှိအောင် အများပြောသလို ရေနံလောင်းပြီး ကစားသမားသစ်တွေ အားဖြည့်ပေးခဲ့တာပါ။
မန်စီးတီးအသင်း ဒီလိုငွေကြေး သုံးစွဲခဲ့ပေမယ့် အောင်မြင်မှုရဖို့ စောင့်ဆိုင်းခဲ့ရပြီး ၂၀၁၁-၁၂ ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စတင်ပြီး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအောင်မြင်မှုကနေ စတင်ပြီး မန်စီးတီးအသင်းဟာ ဆုဖလားအောင်မြင်မှုတွေကို တောက်လျှောက်ဆိုသလို ရယူခဲ့ကာ အင်္ဂလန်မှာ မင်းမူနေတဲ့ မြို့ခံပြိုင်ဘက် ယူနိုက်တက်၊ လီဗာပူးလ်၊ အာဆင်နယ်၊ ချယ်လ်ဆီးတို့ကို အသာရလာခဲ့တာပါ။
မန်စီးတီးအသင်းပိုင်ရှင် ရှိန်မန်ဆော်တို့ကိုတွေ့ရစဉ်
မန်စီးတီးအသင်း အင်္ဂလန်မှာ ကြီးစိုးနိုင်ဖို့ အဓိကဖြစ်လာခဲ့တဲ့ အရာကတော့ ၂၀၁၆ ခုနှစ်မှာ ဂွာဒီယိုလာကို နည်းပြအဖြစ် ခန့်အပ်လိုက်တာပါပဲ။
ဂွာဒီယိုလာဟာ သူ့ရဲ့ပထမဆုံးရာသီမှာ မန်စီးတီးအသင်းကို ဆုဖလားရယူဖို့ထက် ကစားကွက် နည်းစနစ်တွေနဲ့ အသင်းကို စိတ်ကြိုက်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ပွဲဦးထွက်ရာသီမှာ အောင်မြင်မှုတွေရအောင် မလုပ်ပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ပရီးမီးယားလိဂ်ဆုဖလား အပါအဝင် ဆုဖလားအများအပြားကို အကြိမ်ကြိမ် ရယူပေးနိုင်ခဲ့တာပါ။
ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၇ နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ဖလားကို ၅ ကြိမ်အထိ ရယူနိုင်ခဲ့သလို ပြည်တွင်းဖလား အများအပြားကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအချိန်မှာ မန်စီးတီးအသင်းရယူဖို့ ချန်ပီယံလိဂ်ဖလားဆိုတဲ့ ဥရောပမှာရှိတဲ့ အသင်းတိုင်း လိုချင်နေတဲ့ ဆုဖလား သာ ကျန်ရှိတော့တာပါ။ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ချန်ပီယံလိဂ်ဆုဖလား ရယူပေးနိုင်ဖို့ အချိန်ယူခဲ့ရပြီး နောက်ဆုံးမှာတော့ အားလုံးဝေဖန်သံတွေ တိတ်သွားအောင် ၂၀၂၃ ခုနှစ်ထဲမှာ ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာကို ဖီဖာကလပ်ကမ္ဘာ့ဖလားဆုနဲ့အတူ တွေ့ရစဉ်
ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့မှုကြောင့် ယှဉ်ပြိုင်ခဲ့ရတဲ့ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ တွေမှာလည်း မန်စီးတီးအသင်းဟာ ချန်ပီယံဆုတွေ ဆက်တိုက်သိမ်းပိုက်ကာ ၂၀၂၃ ခုနှစ်ထဲမှာ ကမ္ဘာ့အကောင်း ဆုံး အသင်းအဖြစ် ဖြစ်လာခဲ့ရပါတယ်။
ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့အတူ ရယူနိုင်တဲ့ ဆုဖလားအားလုံးကို ရယူပေးခဲ့ပြီးပြီဖြစ်လို့ နောက်ထပ် စာအုပ်အသစ်ဝယ်ကာ သမိုင်းသစ်ထပ်ရေးဖို့ သူ့ရဲ့ကစားသမားတွေကို တိုက်တွန်းထားခဲ့တာပါ။
ဂွာဒီယိုလာကတော့ ၂၀၂၄ ခုနှစ်ထဲမှာ ၂၀၂၃ ခုနှစ်က ရယူနိုင်ခဲ့တဲ့ ဆုဖလား ၅ လုံးထက် ပိုပြီး ရယူနိုင်ဖို့ ပစ်မှတ် ထားနေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ အနည်းငယ် ရုန်းကန်နေရပေမယ့် အချိန်တန်ရင် မန်စီးတီးအသင်းကပဲ ဆုဖလားတွေကို သိမ်းပိုက်နိုင်မယ်ဆိုတဲ့အတိုင်း ဆုဖလားတွေ အများအပြားကို ထပ်ပြီး ရယူနိုင်မလားဆိုတာတော့ ၂၀၂၄ ခုနှစ်ထဲမှာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 555
CNI Sport Article
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂
ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်အသင်းဟာ နည်းပြ အလွန်ဆိုရဲ့ ဦးဆောင်မှုနဲ့ ဒီရာသီမှာ အားလုံးအံ့အား သင့်အောင် လုပ်ဆောင်ပြနေတာ ဖြစ်ပါတယ်။
လေဗာကူဆင်အသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံ ၂၅ ပွဲ ကစားအပြီးမှာ ရှုံးပွဲလုံးဝ မရှိသေးတာပါ။
လေဗာကူဆင် အသင်းအတွက်တော့ ဂျာမနီဘောလုံးသမိုင်းမှာ ၂၅ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ ပထမဆုံးအသင်း ဖြစ်ပြီး အရင်က စံချိန်တင်ထားတဲ့ ဟမ်းဘတ်အသင်းရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟမ်းဘတ်အသင်းဟာ ၁၉၈၂-၈၃ ရာသီမှာ ပြိုင်ပွဲစုံ ၂၄ ပွဲ ဆက်တိုက် ရှုံးပွဲမရှိခဲ့တာဖြစ်ပြီး အခုတော့ လေဗာကူဆင်အသင်းက ၂၅ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်နဲ့ စံချိန်သစ်တင်နိုင်ခဲ့တာပါ။
လေဗာကူဆင်အသင်းဟာ ပြီးခဲ့တဲ့ရာသီ အလွန်ဆို စတင်ကိုင်တွယ်ချိန်ကတည်းက အားလုံးရဲ့ အထင်ကြီးမှုကို ခံခဲ့ရတာဖြစ်ပြီး ဒီရာသီမှာတော့ မနှစ်ကထက် ပိုပြီးကောင်းနေခဲ့တာ ဖြစ်ပါတယ်။
လေဗာကူဆင်အသင်း ကစားသမားတွေကိုတွေ့ရစဉ်
အလွန်ဆိုဟာ ကစားသမားဘဝမှာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့သလို အသင်းကြီးနည်းပြဘဝ အစဖြစ်တဲ့ လေဗာကူဆင်အသင်းမှာလည်း တာထွက်ကောင်းနေခဲ့တာပါ။
စပိန်လူမျိုးနည်းပြ အလွန်ဆိုဟာ ကစားသမားဘဝမှာ ဘင်နီတက်ဇ်၊ မော်ရင်ဟို၊ အန်ဆယ်လော့တီနဲ့ ဂွာဒီယိုလာ တို့လို နည်းစနစ်ပိုင်းမှာ ဆရာတစ်ဆူလို့ သတ်မှတ်ခံထားရတဲ့ သူတွေလက်အောက်မှာ အလုပ်လုပ်ခဲ့တာကြောင့် သူ့ရဲ့နည်းစနစ်ပိုင်းတွေ ကောင်းမွန်နေတာ အရမ်းကြီးတော့ မထူးဆန်းတာ ဖြစ်ပါတယ်။
အလွန်ဆိုဟာ လေ့ကျင့်ရေးကွင်းမှာလည်း ကစားသမားတွေနဲ့အတူ ဝင်ရောက်ကစားပြီး သူသွားချင်တဲ့ ပုံစံအတိုင်း ရောက်အောင် လေ့ကျင့်မှုတွေ ပြုလုပ်ပေးနေတာပါ။ အဲ့ဒါကြောင့်လည်း လေဗာကူဆင်အသင်းဟာ ထိပ်တန်း အဆင့်ပုံစံ ရောက်ရှိနေတာ ဖြစ်ပါတယ်။
လေဗာကူဆင်အသင်းဟာ ဒီရာသီကစားထားတဲ့ ၂၅ ပွဲမှာ ၂၂ ပွဲအထိ အနိုင်ရခဲ့ပြီး ၃ ပွဲသာ သရေကျထားတာပါ။
သရေကျတဲ့ အသင်းတွေက ဘွန်ဒစ်လီဂါ ထိပ်တန်း အသင်းကြီးတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်နဲ့ စတုဂတ် အသင်း ဖြစ်ပါတယ်။
လေဗာကူဆင်အသင်းဟာ ဒီ ၂၅ ပွဲမှာ ၈၁ ဂိုးအထိ သွင်းယူထားပြီး တစ်ပွဲကို ပျှမ်းမျှ ၃.၂၄ ဂိုး သွင်းယူနိုင်ခဲ့တာ ကြောင့် ဂိုးသွင်းနှုန်းက ပြိုင်ဘက် အသင်းတွေအတွက် ထိတ်လန့်စရာ ဖြစ်ခဲ့ရတာပါ။ ပေးဂိုးကလည်း ၁၈ ဂိုးသာ ပေးခဲ့ရပြီး ခံစစ်စွမ်းဆောင်ရည်ကလည်း တကယ်ကို ကောင်းမွန်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် လေဗာကူဆင်အသင်းရဲ့လက်ရှိ စွမ်းဆောင်ရည်တွေဟာ ပြီးပြည့်စုံတယ်လို့ ပြောနိုင်ပေမယ့် ရာသီကုန်ဆုံးဖို့ အဝေးကြီး လိုသေးတာကြောင့် ဒီခြေစွမ်းကို ဆက်ပြီး ထိန်းနိုင်ဖို့ လိုအပ်နေတာပါ။
အလွန်ဆိုကိုတွေ့ရစဉ်
လေဗာကူဆင်အသင်းရဲ့ လူစာရင်းမှာ လူငယ်ကြယ်ပွင့် ကစားသမားတွေ အများကြီးရှိပြီး ဝါရင့်ကစားသမားတွေ ဖြစ်တဲ့ ရှာခါ၊ ဂျိုနသန်တို့က အကောင်းဆုံး ထိန်းကျောင်းပေးနေတာကြောင့် ရလဒ်ကောင်းတွေ ဆက်တိုက် ရယူနိုင်တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဘွန်ဒစ်လီဂါပြိုင်ပွဲဟာ ဆောင်းရာသီ အားလပ်ရက်ကြောင့် ပြိုင်ပွဲတွေကို ရပ်နားထားတဲ့အတွက် လေဗာကူဆင်အသင်းဟာ ဒီပြိုင်ပွဲရဲ့ ဆောင်းရာသီ ချန်ပီယံဖြစ်ခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုထိပ်ဆုံးနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်တာပါ။
လေဗာကူဆင်အသင်းဟာ သူတို့ရဲ့သမိုင်းမှာ ဘွန်ဒစ်လီဂါ ချန်ပီယံဆုကို တစ်ကြိမ်မှ မရရှိသေးဘဲ ဒုတိယသာ အမြင့်ဆုံးရခဲ့တဲ့အတွက် အလွန်ဆိုအနေနဲ့ ချန်ပီယံဆုရယူပေးပြီး သမိုင်းမှတ်တိုင် စိုက်ထူပေးနိုင်မလား ဆိုတာ တော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
လေဗာကူဆင်အသင်းဟာ လက်ရှိအချိန်မှာ ဘွန်ဒစ်လီဂါ၊ ပိုကယ်ဖလားနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ ၃ ခုစလုံးမှာ ပါဝင်ခွင့် ရနေတာကြောင့် ဘယ်ပြိုင်ပွဲကို ဦးစားပေးမလဲဆိုတာတော့ သူတို့အပေါ်မှာ မူတည်နေတာပါ။
ပြိုင်ပွဲ ၃ ခုစလုံးမှာ ချန်ပီယံဆုရယူဖို့ ပစ်မှတ်ထားမယ်ဆိုရင်တော့ ကစားသမားတွေ ပွဲပန်းတာနဲ့ ဒဏ်ရာကြောင့် အနားမယူဖို့တော့ လိုအပ်နေတာ ဖြစ်ပါတယ်။
အလွန်ဆိုကတော့ သူ့ရဲ့နည်းပြဘဝ ပထမဆုံးဆုဖလားကို ဒီရာသီမှာ လေဗာကူဆင်အသင်းနဲ့ ရယူဖို့ ပစ်မှတ်ထား နေတာကြောင့် ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 832
CNI International Article
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂
အောက်တိုဘာလကုန်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ဖြစ်သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့သည် မြန်မာ နိုင်ငံမြောက်ပိုင်းတွင် တပ်မတော်ကို အကြီးစား ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
မကြာမီ အချိန်အတွင်းမှာပင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် PDF များသည် တပ်မတော်၏ အခက်တွေ့နေသည့် အခြေအနေကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံ အနောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် စစ်မျက်နှာ အသစ်များဖွင့်ပြီး တိုက်ခိုက်ခဲ့သည်။
ထိုကဲ့သို့ အံ့အားသင့်ဖွယ် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် တပ်မတော်သည် အရေးနိမ့်မှုများနှင့် ဆက်တိုက် ကြုံတွေ့ခဲ့ရသည်။ အတည်မပြုနိုင်သေးသည့် သတင်းရင်းမြစ်များ၏ ဖော်ပြချက်များအရ တပ်မတော်၏ စစ်စခန်း လေးခု၊ သေးငယ်သည့် လုံခြုံရေးစခန်း ၃၀၀ နှင့် အဓိကမြို့ကြီးအချို့သည် လက်နက်ကိုင်များ၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။
TNLA လက်နက်ကိုင်တပ်ဖွဲ့ကိုတွေ့ရစဉ်
ထိုအခြေအနေသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာရယူခဲ့ပြီးနောက် တပ်မတော်အတွက် အကြီးမားဆုံး စစ်မြေပြင်ခြိမ်းခြောက်မှု တစ်ခုအဖြစ် ယူဆနိုင်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးဖြစ်သူ ရစ်ချက် ဟော်ဆေး (Richard Horsey) က ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက ဗဟိုအစိုးရအတွက် အသိသာဆုံးနှင့် အထင်ရှားဆုံး ထိုးနှက်ချက်များ ဖြစ်လာနိုင်သည်ဟု ၎င်းကဆိုသည်။
ရလဒ်အနေနှင့် ပြည်တွင်းစစ်အတွင်း မဟာဗျူဟာမြောက် အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့ပြီး အာဏာချိန်ခွင်လျှာ ညှိမှုတစ်ခု ဖြစ်ခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ အခြေအနေသည် ကြီးမားသည့် အပြောင်းအလဲ တစ်ခုဖြစ်လာနိုင်သည့် အခြေအနေ ဖြစ်ပြီး တပ်မတော်သည် စိတ်ဓာတ်ရေးရာ ထိခိုက်နေသည်ဟု ကျွမ်းကျင်သူများ၊ ဂျာနယ်လစ်များနှင့် တက်ကြွ လှုပ်ရှားသူများက ပြောကြားခဲ့သည်။
ထို့ပြင် တပ်မတော်သည် နိုင်ငံကို ထိန်းချုပ်နိုင်စွမ်း လျော့နည်းနေပြီဆိုသည့် ယူဆချက်များလည်း ထွက်ပေါ်နေ သည်။
အမေရိကန်၏ ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်သည့် နိုင်ငံခြား ဆက်ဆံရေး ကောင်စီ (Council on Foreign Relations) ကမူ အမေရိကန်အစိုးရအနေနှင့် မြန်မာနိုင်ငံ၏ နောက်ဆုံး အခြေအနေအတွက် ပြင်ဆင်ထားရန် တိုက်တွန်းခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF နှင့် အခြား ပြည်သူ့စစ်များသည် ၎င်းတို့၏ အောင်မြင်မှုများအတွက် စိတ်ဓာတ်တက်ကြွနေပုံပေါ်သည်။
မြန်မာ့တပ်မတော်က လေကြောင်းနဲ့တိုက်ခိုက်နေစဉ်
ထိုလက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံရေး ခံယူချက်များ ကွဲလွဲနေဆဲဖြစ်သော်လည်း နိုင်ငံတစ်နိုင်ငံ၏ စစ်တပ် တစ်ခုအဖြစ် ပူးပေါင်းဖွဲ့စည်းရေးသည် အောင်မြင်မှု ရရှိနိုင်ခြေရှိသည်။
သို့သော်လည်း အထက်ဖော်ပြပါ အချက်အလက်အများစုသည် အတည်မပြုနိုင်သေးသည့် သတင်းရင်းမြစ်များ အပေါ် အခြေခံထားသဖြင့် တပ်မတော်သည် ပျောက်ကွယ်သွားဖွယ်ရှိသည်ဆိုသည့် ထင်မြင်ယူဆချက်များကို အတည်ယူရန် အချိန်စောလွန်းနေသေးသည်။
Asia Times သတင်းဝက်ဘ်ဆိုက်တွင် အန်သိုနီ ဒေးဗစ် (Anthony Davis) ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ တပ်မတော်အတွက် အခက်တွေ့နေသည့်ပုံ ပေါ်သော်လည်း ထိုအခြေ အနေသည် တပ်မတော်၏ အင်အား ပြန်လည်ဖွဲ့စည်းနိုင်စွမ်းနှင့် တုန့်ပြန်ဆောင်ရွက်နိုင်စွမ်း အားနည်းသည့် အဓိပ္ပာယ်မျိုး မဟုတ်ကြောင်း ရေးသားခဲ့သည်။
အတိတ်ကာလကလည်း တပ်မတော် ခေါင်းဆောင်များသည် အခက်ခဲဆုံး အခြေအနေများ၌ပင် အံအားသင့်ဖွယ် ရှင်သန်နိုင်စွမ်းကို ပြသခဲ့ဖူးသည်။ ထို့ကြောင့် တပ်မတော်၏ ဒူပေနာပေ ခံနိုင်ရည်ရှိမှုကို လျှော့မတွက်သင့်် ကြောင်း အန်သိုနီ ဒေးဗစ်က ရေးသားခဲ့သည်။
လက်ရှိတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသော်လည်း တပ်မတော်သည် ခိုင်မာကျစ်လစ်စွာ ဖွဲ့စည်းထားပြီး၊ ကောင်းမွန်စွာ လေ့ကျင့်ထားသလို ကောင်းမွန်သည့် လက်နက်များ တပ်ဆင်ထားသည့် တပ်ဖွဲ့အင်အားကို ပိုင်ဆိုင်ထားသဖြင့် အတိုက်အခံ အင်အားစုများ၏ ရည်မှန်းချက်များ ပြည့်မြောက်ရန် လွယ်ကူလိမ့်မည် မဟုတ် ပေ။
မြန်မာ့တပ်မတော် စစ်ရေးလေ့ကျင့်နေစဉ်
ဥပမာပြရမည်ဆိုလျှင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း လက်နက်ကိုင်အဖွဲ့များသည် လက်နက် အင်အား၊ လူအင်အား နည်းပါးသည့် သေးငယ်သော တပ်စခန်းများကိုသာ သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
တပ်မတော်၏ တပ်ဖွဲ့အားလုံးကိုမူ လွယ်ကူစွာ အနိုင်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ တပ်တော်၏ တပ်ဖွဲ့များသည် တပ်မတော်အပေါ် အလွန်သစ္စာရှိပြီး စည်းလုံးညီညွတ်နေဆဲ ဖြစ်သည်။
မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလ် လစ်တနာ (Bertil Lintner) ကလည်း တပ်မတော်အတွင်း သဘောထား မတိုက်ဆိုင်မှုများ ရှိနိုင်သော်လည်း စည်းကမ်းပိုင်းတွင် ကြီးကြီးမားမား ယိုယွင်းပျက်စီးနေသည့် အရိပ်အယောင် မရှိကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် အရှိန်အဟုန်သည် အတိုက်အခံ အင်အားစုဘက်တွင် ရှိနေသော်လည်း အချိန်သည် တပ်မတော် ဘက်တွင် ရှိနေဆဲ ဖြစ်သည်။
တပ်မတော်တွင် EAO များနှင့် PDF တို့တွင် မရှိသည့် စီးပွားရေး အရင်းအမြစ်များလည်း ရှိနေသည်။ ထို့ပြင် တပ်မတော်တွင် ၎င်းအား အကာအကွယ်ပေးနိုင်သည့် ပြည်ပမဟာမိတ်များနှင့် ကုန်ဆုံးသွားသော လက်နက် ခဲယမ်းများကို ပြန်လည်ဖြည့်တင်းနိုင်သည့် အခြေအနေလည်း ရှိနေသည်။
ထို့ကြောင့် မကြာသေးမီက လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှု အရှိန်အဟုန်များ မြင့်တက်ခဲ့သည့်တိုင် အခြေအနေ အရပ်ရပ်အရ တပ်မတော်ဘက်တွင် အချိန်၊ စီးပွားရေး၊ ပြည်ပမဟာမိတ်များနှင့် လက်နက်ခဲယမ်း အင်အားများ သာလွန်နေဆဲဖြစ်သဖြင့် တပ်မတော်နှင့်ပတ်သက်ပြီး ပြည်တွင်း/ပြည်ပမှ ထင်ကြေးပေး ခန့်မှန်းမှု များကို ချက်ချင်းကောက်ချက်ချရန် အချိန်စောလွန်းနေဆဲ ဖြစ်သည်။
Source: Asia Times