- By CNI
- Category: ဆောင်းပါး
- Hits: 536
CNI Soprt Article
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆
VAR နည်းပညာဟာ ဘောလုံးကွင်းထဲမှာ ဖြစ်ပျက်နေတဲ့ အရာတွေကို ပြေလည်အောင် ဖြေရှင်းဖို့ လုပ်ဆောင်ခဲ့ တာ ဖြစ်ပေမယ့် ဒီနည်းပညာကို အသုံးပြုပြီး ကတည်းက ပြဿနာဖြစ်နေတဲ့ အရာတွေဟာ ပိုပြီးများနေခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံးလိဂ်လို့ သတ်မှတ်ခြင်း ခံထားရတဲ့ ပရီးမီးယားလိဂ်ဟာ VAR ကို စတင်ပြီး အသုံးပြုတဲ့ နေ့ကတည်းက အသင်းတွေနဲ့ ပရိသတ်တွေအတွက် စိတ်ပျက်စရာတွေကို ကြုံတွေ့ခဲ့ရတာပါ။
ဒိုင်လူကြီးတွေရဲ့ အရည်အသွေးတွေဟာလည်း VAR အသုံးပြုပြီးကတည်းက မေးခွန်း ထုတ်စရာတွေဖြစ်ခဲ့ပြီး ဒိုင်လူကြီးတွေဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်ထက် VAR ကို ပိုပြီးအားကိုး လာတာကို မြင်တွေ့နေခဲ့ရတာ ဖြစ်ပါတယ်။
လီဗာပူးလ်နဲ့ စပါး ယှဉ်ပြိုင်နေစဉ်
အဲ့ဒါကြောင့် ဒိုင်လူကြီးတွေဟာ သူတို့မှန်နေရင်တောင် ဆုံးဖြတ်ချက်တွေကို ရဲရဲတင်းတင်း ချမှတ်နိုင်ခြင်း မရှိခဲ့ပါ ဘူး။
VAR ရဲ့ ဆုံးဖြတ်ချက်တွေ မှားယွင်းနေတာဟာ ပရီးမီးယားလိဂ်မှာ သာမက တခြားလိဂ်တွေမှာလည်း ဖြစ်နေခဲ့ပေမယ့် ပရီးမီးယားလိဂ်ဟာ လူအများ စောင့်ကြည့်တဲ့ လိဂ်ဖြစ်လို့ ဒီအမှားအယွင်းတွေကို အပတ်တိုင်းလိုလို ကြုံတွေ့နေရတာပါ။
အခုနှစ် ပရီးမီးယားလိဂ် ရာသီစတင် ကတည်းက VAR ဟာ အမှားအယွင်းတွေ လုပ်ခဲ့ပြီး ပြန်လည် တောင်းပန် မှုတွေ ပြုလုပ်ခဲ့ပေမယ့် စပါးအသင်းနဲ့ လီဗာပူးလ် အသင်းပွဲစဉ်က အဖြစ်အပျက်ဟာ ခေါင်းကြီးပိုင်း သတင်းအဖြစ် နေ့တိုင်းလိုလို ပါဝင်နေခဲ့ပါတယ်။
စပါးအသင်းက ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲစဉ်မှာ လီဗာပူးလ်အသင်း တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ရဲ့ သွင်းဂိုးကို VAR က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာပါ။
VAR စနစ်ကြောင့် လီဗာပူးလ် သွင်းဂိုးတစ်ဂိုး နစ်နာခဲ့စဉ်
ဒီဖြစ်ရပ်ဟာ ဒိုင်လူကြီးတွေ မဟုတ်တဲ့ သာမန်သူတွေတောင် လူမကျွံဘူးဆိုတာကို သိနေတဲ့ အချိန်မှာ VAR ရဲ့ ဆုံးဖြတ်ချက်ဟာ မေးခွန်းထုတ်ချင်စရာတွေ ဖြစ်ခဲ့ပါတယ်။
ဒီပွဲအပြီးမှာ အင်္ဂလန်ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးများအဖွဲ့ချုပ်(PGMOL)က VAR ဟာ လူးဝစ်ဒီယက်ဇ်ရဲ့ သွင်းဂိုး ကို လူကျွံဘောအဖြစ် မှားယွင်း သတ်မှတ်ခဲ့ပြီး သိသာထင်ရှားတဲ့ လူသားအမှား ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ် အသင်းအတွက်တော့ PGMOL ရဲ့ ပြောဆိုမှုဟာ ဒေါသထွက်ချင်စရာ ဖြစ်ခဲ့ပြီး လူးဝစ်ဒီယက်ဇ်ရဲ့ သွင်းဂိုးကိုသာ ခွင့်ပြုခဲ့မယ်ဆိုရင် ကစားသမား လျော့နေတဲ့ လီဗာပူးလ် အသင်းအတွက် ရလဒ်တွေဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းက PGMOL ရဲ့ ထုတ်ပြန်ချက်ဟာ လက်ခံနိုင်စရာမရှိဘဲ နောက်ထပ် ဖြေရှင်းချက်ပေးဖို့ တောင်းဆိုခဲ့သလို နောက်ပိုင်းမှာ လူးဝစ်ဒီယက်ဇ်ရဲ့ သွင်းဂိုးနဲ့ ပတ်သက်ပြီး ကွင်းလယ်ဒိုင်လူကြီးနဲ့ VAR ဒိုင်လူကြီးတို့ အကြား ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့ အသံဖိုင်ကို တောင်းဆိုခဲ့ပါတယ်။
VAR နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲကိုတွေ့ရစဉ်
PGMOL ကလည်း ဒီအသံဖိုင်ကို လီဗာပူးလ်အသင်းထံ ပေးခဲ့သလို လူသိရှင်ကြားပါ ချပြပေးခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ကတော့ ဒီအသံဖိုင်ဟာ ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘဲ ဒီပွဲကို ပြန်ကစား စေချင်တယ်လို့ ပြောခဲ့အထိ ဖြစ်ခဲ့ပါတယ်။
VAR ရဲ့ အမှားအယွင်းကြောင့် ပွဲကို ပြန်ကစားစေဖို့ဟာ ဖြစ်နိုင်ဖွယ် အလွန်နည်းနေပေမယ့် VAR ရဲ့ ဆုံးဖြတ်ချက် တွေနဲ့ ပတ်သက်ပြီး လာမယ့် ပွဲစဉ်တွေကစပြီး အားလုံးရဲ့ သတိထားစောင့်ကြည့်ခြင်း ခံရဖို့ ရှိလာပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ VAR ရဲ့ ဆုံးဖြတ်ချက်တွေကို စိတ်ပျက်နေတာ ကြာပြီဖြစ်ပြီး အသင်းတွေ ဘက်က စောဒကတတ်ရင် ဒဏ်ကြေးငွေ ချမှတ်ပြီး အရေးယူတာတွေ ရှိပေမယ့် ကွင်းလယ်ဒိုင်လူကြီးနဲ့ VAR တို့ အမှားအယွင်း ပြုလုပ်ခဲ့ရင် တောင်းပန်ကြောင်း ကြေညာချက်ထုတ်တာနဲ့ အနီးစပ်ဆုံးပွဲကို မကိုင်တွယ်ဖို့ အရေး ယူတာတွေ လောက်သာ ရှိပါတယ်။
ဒါပေမယ့် လီဗာပူးလ်အသင်းရဲ့ မီးမောင်းထိုးပြမှုတွေကြောင့် VAR အနေနဲ့ သူတို့ ဆုံးဖြတ်ချက်ကို အမှားအယွင်း မဖြစ်အောင် သေသေချာချာ ပြင်ဆင်လာဖို့ ရှိနေပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပရီးမီးယားလိဂ်နဲ့ VAR ရဲ့ အငြင်းပွားမှု အဖြစ်အပျက်တွေဟာ ဒီထက်ပိုပြီး ကြီးထွားလာဖို့ ရှိနေတာကြောင့် စောင့်ကြည့်ရဖို့ ရှိနေပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 674
CNI Sport Article
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၉
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှား ယူ-၁၇ အသင်းတွေကို ဥရောပပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ခွင့်ပြုကြောင်း အတည်ပြု ကြေညာခဲ့လို့ အားလုံးက အံ့အားသင့်ခဲ့ကြပါတယ်။
UEFA ဟာ ယူကရိန်းကို ဝင်ရောက် ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ပြီး ရုရှားနဲ့ ပတ်သက်တဲ့ ကလပ်အသင်း၊ နိုင်ငံအသင်းတွေကို သူတို့လက်အောက်မှာ ကျင်းပမယ့် ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ဆိုင်းငံ့ခဲ့တာပါ။
ဒါပေမယ့် အရွယ်ရောက်ပြီးသား လူတွေရဲ့ လုပ်ရပ်ကြောင့် ကလေးတွေကို အပြစ်မပေးသင့်ဘူးဆိုပြီး ဥရောပ ယူ-၁၇ ပြိုင်ပွဲတွေမှာ ရုရှား ယူ-၁၇ အသင်းတွေကို ယှဉ်ပြိုင်ခွင့်ပေးဖို့ UEFA က ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်က ကလေးတွေရဲ့ အနာဂတ် တောက်ပဖို့အတွက် သူတို့ဘက်က ပြိုင်ပွဲ ပြန်လည် ယှဉ်ပြိုင်ခွင့် ပေးခဲ့တာလို့ ပြောခဲ့တာမှာ ယူကရိန်းနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ ဖြစ်လာခဲ့တာပါ။
ယူကရိန်းအသင်း ပရိသတ်တွေက စစ်ပွဲရပ်ဖို့ တောင်းဆိုနေကြစဉ်
ယူကရိန်းဘောလုံးအဖွဲ့ချုပ်ကတော့ UEFA အနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်ဖို့နဲ့ ဒီလိုမှ မဟုတ် ရင် ရုရှားအသင်းတွေ ပါဝင်တဲ့ ပြိုင်ပွဲတွေမှာ သူတို့ဘက်က ပါဝင်သွားမှာ မဟုတ်ဘဲ သပိတ်မှောက်သွားမယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။
ဒါ့အပြင် အခြားနိုင်ငံတွေကိုလည်း ရုရှားအသင်းတွေနဲ့ မကစားဖို့ တိုက်တွန်းမှုတွေ ပြုလုပ်သွားမယ်လို့ ပြောခဲ့ပြီး UEFA ရဲ့ ဆုံးဖြတ်ချက်တွေကို ယူကရိန်းဘောလုံးအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။
UEFA ဟာ ဒီဆုံးဖြတ်ချက် မချခင်က ရုရှားနဲ့ ပတ်သက်ပြီး ချန်ပီယံလိဂ်အိမ်ရှင်အဖြစ် ကျင်းပခွင့်နဲ့ ဥရောပ စူပါဖလား အိမ်ရှင်အဖြစ် ကျင်းပခွင့်တွေကို ရုပ်သိမ်းကာ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ပြသခဲ့ပြီး ယူကရိန်းဘက်မှာ ရှိနေကြောင်း ပြသခဲ့တာပါ။
ဒါပေမယ့် ရုရှား ယူ-၁၇ အသင်းတွေကို ပြိုင်ပွဲပြန်လည် ယှဉ်ပြိုင်ခွင့် ပေးခဲ့တာမှာတော့ ယူကရိန်းနဲ့ UEFA ကြား သဘောထား တင်းမာမှုတွေ ဖြစ်လာနိုင်စရာရှိနေပြီး ထိပ်တိုက်တွေ့ဆုံမှုတွေတောင် ဖြစ်လာနိုင်ပါတယ်။
UEFA ကို တွေ့ရစဉ်
ယူကရိန်းဘောလုံးအဖွဲ့ချုပ်ဟာ အခြား ဥရောပ ဘောလုံးအဖွဲ့ချုပ်တွေ အားလုံးကို ရုရှားအသင်းနဲ့ မကစားဖို့ စာရေးသားပေးပို့ပြီး တောင်းဆိုမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နဲ့ ပိုလန်ဘောလုံးအဖွဲ့ချုပ်တွေကလည်း UEFA ရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး ယူကရိန်းနဲ့ တစ်သားတည်းရှိကြောင်း ပြသခဲ့တာပါ။
အင်္ဂလန်နဲ့ ပိုလန်ဘောလုံးအဖွဲ့ချုပ်တို့ဟာ ရုရှားအသင်းနဲ့ သူတို့ ကစားသွားမှာ မဟုတ်ဘူးလို့ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်နဲ့ ပိုလန် ဘောလုံးအဖွဲ့ချုပ်တို့အပြင် နောက်ထပ် ဘောလုံးအဖွဲ့ချုပ်တွေကလည်း ရုရှားနဲ့ ပတ်သက်တဲ့ UEFA ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်သွားဖို့ ရှိနေတာပါ။
ဒီလိုကန့်ကွက်တဲ့ နိုင်ငံတွေများလာရင် UEFA အနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းဖို့ သုံးသပ်မှုတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲကို တွေ့ရစဉ်
ယူကရိန်းဟာ ရုရှားနိုင်ငံက အားကစားအသင်းအဖွဲ့တွေကို နိုင်ငံတကာ အားကစားပြိုင်ပွဲတွေကနေ ပိတ်ပင်ဖို့ အကြိမ်ကြိမ် တောင်းဆိုထားသလို ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံက အားကစားသမားတွေ ပါဝင်ရင် ၂၀၂၄ ပဲရစ် အိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ထားတာပါ။
လက်ရှိအချိန်မှာ တင်းနစ် အပါအဝင် အချို့ အားကစားနည်းတွေဟာ ရုရှားအားကစားသမားတွေကို နိုင်ငံ ကိုယ်စားပြု မဟုတ်ဘဲ ကြားနေအဖြစ် ပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်ခွင့် ပြုထားတာ ဖြစ်ပါတယ်။
ရုရှားနဲ့ ယူကရိန်း အားကစားသမားတွေ ပြိုင်ဘက်အဖြစ် တွေ့ဆုံခဲ့တဲ့ ဒီလို အားကစားနည်းတွေမှာ တစ်ဦးနဲ့ တစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်း မရှိကြသလို ပြိုင်ဆိုင်မှုကလည်း ပြင်းထန်ခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။
အခုအချိန်မှာတော့ UEFA အနေနဲ့ ယူကရိန်းရဲ့ ပြန်လည်သုံးသပ်မှုကို လက်ခံပြီး ရုရှား ယူ-၁၇ အသင်းတွေကို ပြိုင်ပွဲဝင်ခွင့် ပြန်ပိတ်ပင်မလား ယူကရိန်းကို ဆန့်ကျင်ပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်း သွားမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာ ဖြစ်လို့ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရပါ တော့မယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 588
CNI Article
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၉
နှစ်ပေါင်း ၃၀ အတွင်း တတိယအကြိမ်မြောက်အဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းသည် အဇာဘိုင်ဂျန်နှင့် နာဂေါ်နို-ကာရာဘက်ဒေသတွင် နေထိုင်သည့် အာမေးနီးယား လူမျိုးစုများအကြား ဖြစ်ပွားခဲ့သည့်် ပဋိပက္ခကို တားဆီးရန် ပျက်ကွက်ခဲ့သည်။
စက်တင်ဘာ ၁၉ ရက်က အဇာဘိုင်ဂျန် တပ်ဖွဲ့များသည် ကာရာဘက်ဒေသရှိ ခွဲထွက်ရေးဝါဒီ အာမေးနီးယား လက်နက်ကိုင်များကို အကြီးစား စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး ထိုဒေသကို ပြန်လည်ထိန်းချုပ်ခဲ့သည်။
၂၄ နာရီကြာမြင့်ခဲ့သည့် ထိုစစ်ဆင်ရေးအတွင်း နာဂေါ်နို-ကာရာဘက် သမ္မတနိုင်ငံ (NKR) ဟု တစ်ဖက်သတ် ကြေညာထားသည့် ဒေသခံခေါင်းဆောင်များသည် လက်နက်ချရန် သဘောတူခဲ့ပြီး အဇာဘိုင်ဂျန်က အောင်ပွဲ ကြေညာခဲ့သည်။
သုံးရက်အကြာတွင် အဇာဘိုင်ဂျန် တပ်ဖွဲ့များက နာဂေါ်နို-ကာရာဘက်ဒေသအနှံ့ရှိ မဟာဗျူဟာမြောက် ကုန်းပြင် မြင့်များ၊ သတ္တုတွင်းများ၊ ကျေးရွာများကို ထိန်းချုပ်ခဲ့ပြီး အာမေးနီးယားလူမျိုးများ နေထိုင်သည့် နေရာများ၏ အပြင်ဘက်တွင် စခန်းချခဲ့ကာ NKR က ၎င်း၏ တပ်ဖွဲ့ကို ဖျက်သိမ်းမည်ဟု သဘောတူခဲ့သည်။
အဇာဘိုင်ဂျန်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်း ပျက်စီးသွားစဉ်
လက်နက်ဖြုတ်သိမ်းရေး လုပ်ငန်းစဉ်သည် ရက်အနည်းငယ်သာ ကြာမြင့်နိုင်ဖွယ်ရှိသော်လည်း တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများ၊ အိမ်မဲ့ရာမဲ့ဖြစ်မှုများနှင့် ဝရုန်းသုန်းကား အခြေအနေများသည် ဒေသတစ်ခုလုံးကို ရိုက်ခတ် ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ခု ထပ်မံပေါ်ပေါက်လာဖွယ်ရှိသည်။
နာဂေါ်နို-ကာရာဘက်ဒေသတွင် အာမေးနီးယားလူမျိုး ၁၂၀,၀၀၀ ခန့်နေထိုင်သည်။ ထိုဒေသကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း ကြေညာခဲ့သည့် အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယက်ဗ် (Ilham Aliyev) က သူသည် အာမေးနီးယားလူမျိုးများကို အဇာဘိုင်ဂျန် လူ့အသိုင်းအဝိုင်းအတွင်း ပေါင်းစည်းရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ သည်။
သို့သော် အာမေးနီးယားလူမျိုးများနှင့် အဇာဘိုင်ဂျန်အကြား ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ကြောင့် တစ်ဖက်နှင့် တစ်ဖက် ယုံကြည်စိတ်ချခြင်းမရှိခဲ့ပေ။
ထို့ကြောင့် နာဂေါ်နို-ကာရာဘက်ဒေသတွင် နေထိုင်ခဲ့သည့် အာမေးနီးယားလူမျိုးများသည် အာမေးနီးယားနိုင်ငံသို့ အစုလိုက် အပြုံလိုက် ထွက်ခွာလျက်ရှိသည်။ NKR ခေါင်းဆောင်များက နာဂေါ်နို-ကာရာဘက်တွင် နေထိုင်သည့် အာမေးနီးယား ဒေသခံအားလုံးနီးပါးသည် ထိုဒေသကို စွန့်ခွာကာ အာမေးနီးယားသို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
ထိုသို့ လူအစုလိုက်အပြုံလိုက် ထွက်ခွာမှုသည် ဒေသတွင်း မတည်ငြိမ်မှုများနှင့် ပဋိပက္ခများကို ပိုမိုဖြစ်ပွားစေ သည့် အခြေအနေကို ဖြစ်စေနိုင်သည်ဟု ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့သည်။
နိုင်ငံတကာအသိုင်းအဝိုင်း၏ လျစ်လျူရှုထားမှုကလည်း ထိုအခြေအနေကို ပိုမိုဆိုးရွားစေရန် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်နေသည်။
အဇာဘိုင်ဂျန်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးနေသော အာမေးနီးယား လူမျိုးများ နေထိုင်တဲ့ အဆောက်အအုံများကိုတွေ့ရစဉ်
ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့သည့် စုပေါင်း လုံခြုံရေးစာချုပ်အဖွဲ့ (Collective Security Treaty Organisation- CSTO) အရ ရုရှားသည် အာမေးနီးယား၏ လုံခြုံရေးကို အာမခံပေးထားသည့် နိုင်ငံဖြစ်သည်။
ထို့ကြောင့် ရုရှားသည် နာဂေါ်နို-ကာရာဘက်ဒေသရှိ အာမေးနီးယားလူမျိုးများ၏ အကျိုးစီးပွားများကို ပိုမို ကာကွယ်ပေးသင့်ပြီး အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစွာ ကြားဝင်ဆောင်ရွက်ပေးရမည်ဖြစ်သည်။
သို့သော် ရုရှားသည် အဇာဘိုင်ဂျန်နှင့်လည်း ရန်ဘက်ဖြစ်လိုသည့် ဆန္ဒမရှိခဲ့ဘဲ အာမေးနီးယားနှင့် အဇာဘိုင်ဂျန် အကြား တင်းမာမှုများကို ကြားဝင်ဖြေရှင်းပေးခဲ့ခြင်း မရှိပေ။
အဇာဘိုင်ဂျန်-အာမေးနီးယား ပဋိပက္ခကို မျက်ကွယ်ပြုပြီး ကျောခိုင်းခဲ့သည်မှာ ရုရှား တစ်နိုင်ငံတည်းသာ မဟုတ် ဘဲ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့လည်း ပါဝင်နေသည်။
ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ဆိုဗီယက်အဖွဲ့ဝင်ဟောင်း နိုင်ငံများကို ဒီမိုကရေစီစနစ် ပိုမိုခိုင်မာစေရန် လုပ်ဆောင်ပေးမည်ဟု ကတိပြုခဲ့သည့် အနောက်နိုင်ငံများသည် ပြီးခဲ့သည့် ဆယ်စုနှစ် သုံးစုအတွင်းက ဖြစ်ပွားခဲ့ သော အဇာဘိုင်ဂျန်-အာမေးနီးယား ပဋိပက္ခကို အနည်းငယ်သာ စိတ်ဝင်စားကြောင်း ပြသခဲ့သည်။
၁၉၉၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပထမအကြိမ် နာဂေါ်နို-ကာရာဘက် စစ်ပွဲတွင် အာမေးနီးယား တပ်ဖွဲ့များ အနိုင်ရခဲ့ ပြီးနောက် ထိုဒေသ၌ နေထိုင်သည့် အဇာဘိုင်ဂျန်လူမျိုးများ ဒုက္ခရောက်ခဲ့ရချိန်ကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းသည် မသိကျိုးကျွန်ပြုခဲ့သည်။
အကူအညီပေးရမည့်အစား ဥရောပသမဂ္ဂနှင့် အမေရိကန်တို့သည် ပဋိပက္ခကို မျက်ကွယ်ပြုခဲ့ရုံသာမက နောက်ထပ် ဖြစ်ပွားမည့် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် အဇာဘိုင်ဂျန်ကို လက်နက်များ ရောင်းချခြင်းဖြင့် အမြတ်ထုတ်ခဲ့ကြသည်။
အာမေးနီးယားလူမျိုးစု တပ်ဖွဲ့က လက်နက်ချစဉ်
အစ္စရေးနှင့် တူရကီတို့သည်လည်း အဇာဘိုင်ဂျန်၏ စစ်အသုံးစရိတ် တိုးမြှင့်မှုကို အခွင့်ကောင်းယူကာ လက်နက် များ ရောင်းချခဲ့ပြီး အမြတ်ထုတ်ခဲ့သည်။
ရုရှားကလည်း အဇာဘိုင်ဂျန်နှင့် အာမေးနီးယား နှစ်နိုင်ငံစလုံးကို လက်နက်များ ရောင်းချခဲ့သည်။
အနောက်နိုင်ငံများထံမှ လက်နက် ဝယ်ယူမှုများနှင့် နည်းပညာ အသာစီးရမှုတို့ကြောင့် ၂၀၂၀ ပြည့်နှစ်က ဖြစ်ပွားခဲ့ သည့် စစ်ပွဲတွင် အဇာဘိုင်ဂျန်က အနိုင်ရခဲ့ချိန်တွင်လည်း အင်အားကြီးနိုင်ငံများသည့် အဇာဘိုင်ဂျန်-အာမေးနီး ယား ငြိမ်းချမ်းရေးကို တွန်းအားပေး လုပ်ဆောင်ရန် စိတ်မဝင်စားခဲ့ပေ။
၂၀၂၂ ခုနှစ်က အဇာဘိုင်ဂျန်သည် နာဂေါ်နို-ကာရာဘက်ဒေသနှင့် အာမေးနီးယားဒေသကို ဆက်သွယ်ထားသည့် လာချင် စင်္ကြန်ကို ပိတ်ဆို့ခဲ့ချိန်ကလည်း နိုင်ငံတကာ၏ ကြားဝင်စေ့စပ်မှုများသည် ထိရောက်ခဲ့ခြင်းမရှိပေ။
ထိုပိတ်ဆို့မှုသည် ရက်ပေါင်း ၂၅၀ ကျော် ကြာမြင့်ခဲ့ပြီး နာဂေါ်နို-ကာရာဘက် ဒေသအတွင်းသို့ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ (ICRC) ပင်လျင် ဝင်ခွင့် မရခဲ့ပေ။
ထို့ကြောင့် နာဂေါ်နို-ကာရာဘက်ဒေသတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှတ်တမ်းများကို ပြန်လည်သုံးသပ် မည်ဆို ပါက နိုင်ငံတကာ အသိုင်းအဝိုင်း၏ မသိကျိုးကျွန်ပြုမှုသည် ရှက်ဖွယ်လိလိဖြစ်သည်။
နိုင်ငံတကာအသိုင်းအဝိုင်းသည် နာဂေါ်နို-ကာရာဘက် ဒေသနှင့်ပတ်သက်ပြီး အဇာဘိုင်ဂျန်နှင့် အာမေးနီးယား အကြား ဖြစ်ပွားခဲ့သည့် စစ်ပွဲသုံးခုကို အချိန်မီ ဟန့်တားရန်နှင့် အဓိပ္ပာယ်ပြည့်ဝသည့် ကြားဝင် ဖြေရှင်းမှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့သဖြင့် သွေးစွန်းမှုများစွာ ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲသည် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားအကြား နောက်ဆုံးစစ်ပွဲ ဖြစ်စေရန် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပြည့်စုံကျယ်ပြန့်သည့် ကမ္ဘာ့အခင်းအကျင်း တစ်ခုကို ဆောင်ကျဉ်း ပေးရန် တာဝန်ရှိနေသည်ဟု ယူဆပါက မှားမည်မထင်ချေ။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: ဆောင်းပါး
- Hits: 601
CNI Sport Article
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂
ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အင်တာမီလန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမား အိုနာနာကတော့ ယူနိုက်တက် ကစားသမားဘဝ အစစ်အမှန်ဖြစ်တဲ့ ဝေဖန်မှု၊ ဖိအားတွေကို စတင်ရင်ဆိုင် နေရပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီက အင်တာမီလန်အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ စွမ်းဆောင်မှုတွေကြောင့်လည်း အိုနာနာရဲ့ ယူနိုက်တက် ကစားသမားဘဝ အစကို စောင့်ကြည့်တဲ့သူတွေ များနေခဲ့တာပါ။
ယူနိုက်တက်အသင်းမှာ နှစ်ပေါင်းများစွာကြာကစားပြီး ထွက်ခွာခဲ့တဲ့ ဂိုးသမား ဒီဂီယာနေရာမှာ အစားထိုး ဝင်ရောက်ခဲ့တဲ့ အိုနာနာအတွက်တော့ မန်ချက်စတာကလပ် ကစားသမားဘဝဟာ မချောမွေ့ခဲ့ဘဲ အဆင်မပြေ မှုတွေနဲ့သာ စတင်ခဲ့တာပါ။
အိုနာနာဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပွဲမှာ ဆာနေးရဲ့ ကန်ချက်ကို ဖမ်းတာမှာ သေသပ်မှု မရှိခဲ့တာကြောင့် ဂိုးပေးခဲ့ရပြီးနောက် မနှစ်ကရာသီက ဘရန်ဖို့ဒ်၊ ဝက်စ်ဟမ်းနဲ့ ပွဲမှာ အမှားပြုလုပ်ခဲ့တဲ့ ဒီဂီယာနဲ့ ပုံစံချင်းသွားတူနေတယ်ဆိုပြီး ဝေဖန်မှုတွေခံခဲ့ရပါတယ်။
ဂိုးပေးလိုက်ရတဲ့ အိုနာနာ
ယူနိုက်တက်အသင်းဟာ ဒီဂီယာရဲ့ အမှားအယွင်းတွေကြောင့် အိုနာနာကို ပေါင် ၄၇ သန်း အသုံးပြုပြီး အင်တာမီလန် အသင်းကနေ ခေါ်ယူခဲ့တာပါ။
အိုနာနာရဲ့ အရည်အချင်း အများအပြားဟာ ဒီဂီယာထက် သာနေတာကြောင့် ယူနိုက်တက်အသင်း ခေါ်ယူချိန်မှာ အများကြီး မျှော်လင့်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ ဒီအကြောင်းကို ဘယ်သူကမှ မပြောတော့ပါဘူး။
အိုနာနာရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမဆုံး ၆ ပွဲမှာ ပေးဂိုး ၁၄ ဂိုး ပေးခဲ့ရပြီးနောက် အားလုံးက ဒီလို ပေးဂိုး အများအပြား ခွင့်ပြုခဲ့ရတာကို မီးမောင်းထိုးပြ ခဲ့ကြတာပါ။
ယူနိုက်တက်အသင်းရဲ့အဓိက ကစားသမား အများအပြားဟာ ဒဏ်ရာတွေ ရနေတာကြောင့်လည်း အိုနာနာ အတွက် စိတ်ပျက်စရာတွေကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
အိုနာနာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ပွဲမှာ သူ့ရဲ့အမှားယွင်းကြောင့် သွင်းဂိုးခွင့်ပြုခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ဂျာမန်ကလပ်ရဲ့ အပိုင်အခွင့်အရေး အများအပြားကို ကာကွယ်နိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်းကိုတွေ့ရစဉ်
ကင်မရွန်းဂိုးသမားဟာ ယူနိုက်တက်အသင်းအတွက် ပထမပွဲ ၆ ပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေး ၂၅ ကြိမ်ကို ကာကွယ်ထားတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ရာသီက ဒီဂီယာရဲ့ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ရရင် စပိန်ဂိုးသမားဟောင်းဟာ ရာသီရဲ့ပထမ ၆ ပွဲမှာ ကာကွယ်မှု ၁၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး နောက်ဆုံး ၆ ပွဲမှာ ကာကွယ်မှု ၁၆ ကြိမ် ပြုလုပ်ထားနိုင်တာဖြစ်လို့ အိုနာနာ ရဲ့ စွမ်းဆောင်ရည်က ပိုပြီးကောင်းမွန်နေတာကို မြင်တွေခဲ့ရပါတယ်။
အိုနာနာဟာ သွင်းဂိုးတွေ အများအပြားကို ခွင့်ပြုထားရပေမယ့် သူဟာ ပိုကောင်းအောင် လုပ်နိုင်တဲ့ အခိုက်အတန့် အချို့လည်း ရှိနေတာပါ။
လက်ရှိအချိန်မှာ ပွဲစဉ်တွေဟာ နည်းပါးနေသေးတာကြောင့် အိုနာနာရဲ့ စွမ်းဆောင်ရည်တွေအပေါ် အကဲဖြတ်ဖို့ စောသေးတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေကြပါတယ်။
ဒီဂီယာရဲ့ ယူနိုက်တက် ကစားသမားဘဝ အစောပိုင်းမှာလည်း လက်စွမ်း မတည်ငြိမ်မှုတွေကြောင့် ဝေဖန်မှုတွေ အများအပြား ခံခဲ့ရပေမယ့် နှစ်တွေ ကြာလာပြီးတဲ့အချိန်မှာ သူဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရတာပါ။
ဒီဂီယာဟာ ယူနိုက်တက်အသင်းရဲ့ တစ်ရာသီ အကောင်းဆုံး ကစားသမားအဖြစ် အကြိမ်ကြိမ် ရွေးချယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
အိုနာနာ အဝေးဘော ကန်နေစဉ်
အိုနာနာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပွဲစဉ်မှာဆိုရင် သူ့ရဲ့အမှားကို သိတဲ့အတွက် ပွဲအပြီး အင်တာဗျူးမှာ ဒီရှုံးပွဲ အတွက် သူ့မှာ တာဝန်အပြည့်အဝ ရှိတယ်လို့ ပြောခဲ့တာပါ။
အိုနာနာကတော့ သူ့ရဲ့ ယူနိုက်တက်ကစားသမား ဘဝအစဟာ သူလိုချင်သလို မဖြစ်ခဲ့တဲ့အတွက် လေ့လာ သင်ယူမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး သူ့မှာ သက်သေပြသစရာတွေ အများကြီး ကျန်သေးတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အိုနာနာဟာ ယူနိုက်တက်အသင်းမှာ သွင်းဂိုးခွင့်ပြုတာတွေ များနေပေမယ့် သူဟာ ပထမ ၆ ပွဲမှာ ဘောလုံးပေးပို့မှု အကြိမ် ၂၀၀ ကျော် ပြုလုပ်ခဲ့တာမှာ ၇၆ ကြိမ် တိကျခဲ့ပြီး ၃၁.၅ ရာခိုင်နှုန်းကိုသာ အဝေးကိုကန်ခဲ့တာပါ။
ဒီအချက်အလက်တွေဟာ ယူနိုက်တက်အသင်းမှာ နည်းပြ အဲရစ်တန်ဟတ် လိုချင်နေတဲ့ အရာတွေဖြစ်ပြီး အဲ့ဒါကြောင့်လည်း အိုနာနာကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဘောလုံးကို အချိန်အကြာကြီး ကိုင်ထားနိုင်ပြီး ပြိုင်ဘက် ကစားသမားတွေကို ကြောက်ရွံ့ခြင်းမရှိတဲ့ အိုနာနာ အနေနဲ့ ယူနိုက်တက် အသင်းဖော်တွေနဲ့ အသားကျဖို့ အချိန်အနည်းငယ်ယူရဖို့ လိုအပ်နေတာကြောင့် သွင်းဂိုးတွေ ကတော့ ထပ်ပြီးပေးနေရဦးမှာပါ။
အိုနာနာဟာ လာမယ့်ပွဲတွေမှာ သူ့အပေါ် ဝေဖန်နေတာတွေကို အသံတိတ်အောင် စွမ်းဆောင်ပြီး ယူနိုက်တက် အသင်းရဲ့ ရလဒ်ဆိုးတွေကို အဆုံးသတ် ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: ဆောင်းပါး
- Hits: 838
CNI International Article
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂
ကိုလံဘီယာနှင့် မက္ကဆီကို နိုင်ငံများရှိ မူးယစ်ဆေးဝါးဂိုဏ်းများ၏ အနိမ့်အမြင့်၊ အတက်အကျ အခြေအနေများကို ရိုက်ကူးထားသည့် Narcos ရုပ်ရှင်စီးရီးကဲ့သို့ မူးယစ်ဆေးဝါး လုပ်ငန်းများ၏ ကြောက်မက်ဖွယ် ဖြစ်ရပ်များ၊ ဘဝ ပျက်ရသည့် အခြေအနေများနှင့် သေဆုံးရသည့် အခြေအနေများကို အကောင်းဆုံး ပုံဖော်ရိုက်ကူးထားသည့် ရုပ်ရှင်စီးရီးမျိုး မရှိသေးပေ။
Narcos ရုပ်ရှင် ပရိုဂျူဆာများအနေဖြင့် မြန်မာနှင့် အိန္ဒိယ အရှေ့မြောက်ပိုင်းပြည်နယ်များ အထူးသဖြင့် မဏိပူရ ပြည်နယ်ရှိ မူးယစ်ဆေးဝါး လုပ်ငန်းများကို အာရုံစိုက်လေ့လာပြီး အောင်မြင်မှုများစွာဖြင့် အပြီးသတ် ရိုက်ကူး နိုင်ခဲ့သည့် ရုပ်ရှင်ဇာတ်လမ်းတွဲကို ဆက်လက် ရိုက်ကူးနိုင်မည်ဖြစ်သည်။
Narcos ရုပ်ရှင်ဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းရေး ဆရာများသည်လည်း Narcos Manipur ဟူသည့် အမည်ဖြင့် ရုပ်ရှင် ဇာတ်လမ်းတွဲတစ်ခုကို ရေးသားနိုင်ပြီး မူးယစ်ဆေးဝါး လုပ်ငန်းများမှ ရရှိသည့် ငွေကြေးများကြောင့် အကြမ်းဖက်မှုများ မြင့်တက်လာသည့် အခြေအနေကို ရှာဖွေ၍ ဇာတ်လမ်းတစ်ခု ဖန်တီးနိုင်မည်ဖြစ်သည်။
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က မူးယစ်ဆေးများကို ဖမ်းမိစဉ်
မူးယစ်ရာဇာများ၏ အခန်းကဏ္ဍ၊ ဒေသခံတွင်း မူးယစ်ရာဇာများ၊ နိုင်ငံတကာ မူးယစ်ရာဇာများနှင့် နိုင်ငံရေးသမား များအကြား ဆက်နွှယ်မှု၊ တရားဥပဒေစိုးမိုးရေး အေဂျင်စီများ၏ လစာ စာရင်း၊ အခြေခံ လူတန်းစားများ မသိရ သည့် ဖုံးကွယ်ခံထားရသော မူးယစ်ဆေးဝါး လုပ်ငန်းများ၏ ပကတိ အခြေအနေကို ဖော်ထုတ်နေသည့် မီဒီယာ များအကြောင်းကို ရုပ်ရှင်တစ်ကားအဖြစ် ပုံဖော်ရိုက်ကူးနိုင်မည်ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က အိန္ဒိယနိုင်ငံ ခက်ချင်း (Kakching) ခရိုင်မှ ရဲကွန်မန်ဒိုတပ်ဖွဲ့သည် အဆိုပါ ခရိုင် အတွင်းရှိ ရဲကွန်မန်ဒို ငါးဦးကို ဖမ်းဆီးခဲ့ပြီး ၁ ဒသမ ၁၄ ကီလိုဂရမ် အလေးချိန်ရှိ ဘိန်းဖြူများနှင့် ထောင်နှင့်ချီ သည့် ရာမဆေးပြားများကို သိမ်းဆည်းရမိခဲ့သည်။ (ရာမကို မူးယစ်ဆေးဝါးလောကတွင် "ကမ္ဘာကြီးက မင်းအပိုင်" (World is Yours) - အတိုကောက်စကားလုံးအဖြစ် WY ဟုလည်း လူသိများသည်။)
ဖမ်းဆီးခံခဲ့ရသည့် ရဲကွန်မန်ဒိုများသည် ရဲယူနီဖောင်း ဝတ်ဆင်ထားပြီး သေနတ်များကို ကိုင်ဆောင်ထားကြကာ ရဲကားကို အသုံးပြုပြီး မူးယစ်ဆေးဝါးများအား သယ်ယူပို့ဆောင် ခဲ့ကြခြင်းဖြစ်သည်။
မဏိပူရ ပြည်နယ်အစိုးရနှင့် အိန္ဒိယဗဟိုအစိုးရက စတင်ပြုလုပ်ခဲ့သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲစတင် ခဲ့ချိန်ကတည်းက ရာနှင့်ချီသည့် ဘိန်းခင်းများ ဖျက်ဆီးခံခဲ့ရသည်။
အူခရူ (Ukhrul)၊ စီနာပါတီ/သေနာပတိ (Senepati)၊ ကန်ပေါ့ပီ (Kangpokpi)၊ ကမ်ဂျွန် (Kamjong)၊ ချူရာချန်ပူရ (Churachandpur) နှင့် တန်နျူပယ် (Tengnoupal) ခရိုင်များရှိ တောင်ကုန်းဒေသများမှ ဘိန်းခင်းများသည် အဓိက ပစ်မှတ်ထားပြီး ဖျက်ဆီးခံခဲ့ရသည်။
ဘိန်းဖြူကိုတွေ့ရစဉ်
အစိုးရ၏ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အကြား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ် သော ဆေးဝါးများ (NDPS) အက်ဥပဒေအောက်တွင် လူပေါင်း ၂၅၁၈ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဖော်ပြခဲ့သည်။
အဆိုပါ ဖမ်းဆီးခံရသူများအနက် ကူကီး-ချင်း (Kuki-Chin) လူမျိုးစု ၈၇၃ ဦးသာ ပါဝင်ခဲ့ပြီး ၁၀၈၃ ဦးသည် မွတ်ဆလင်များဖြစ်ကာ ၃၈၁ ဦးသည် ကသည်း (Meiteis) နှင့် ကျန် ၁၈၁ ဦးသည် အခြား လူမျိုးစုများ ဖြစ်သည် ဟု သိရသည်။
ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး ကုန်ကူးမှုကို ခြေရာခံလိုက်နေသည့် ထောက်လှမ်းရေး အရာရှိများက ၎င်းတို့၏ တွေ့ရှိချက် သတင်းများအား အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဝန်ကြီးချုပ်ရုံးသို့ တင်ပြရာတွင် မဏိပူရ ပြည်နယ်တွင် မူးယစ်ဆေးဝါး လုပ်ငန်းသည် ရူပီး ကုဋေ ၇၀၀၀၀ ခန့်ရှိကြောင်း ခန့်မှန်းဖော်ပြခဲ့သည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်ကလည်း မဏိပူရ ပြည်နယ်ရှိ သကြားထုတ်လုပ်ရေး ဓာတ်ခွဲခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ရာတွင် မူးယစ်ဆေးဝါး ၄၃၅ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့သည်။
မြန်မာနိုင်ငံတွင် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေချိန်၌ မူးယစ်ဆေးဝါး ဂိုဏ်းများသည် အခြားနိုင်ငံများသို့ ဝင်ရောက်ရန် လမ်းကြောင်းအသစ်များ ရှာဖွေနေပြီး မဏိပူရနှင့် အခြား အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်များ သည် ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေး မှောင်ခိုကူးမှုအတွက် ခရီးတစ်ထောက်နားသည့် လမ်းကြောင်းများ ဖြစ်လာခဲ့ သည်။
မဏိပူရသည် မြန်မာနှင့် နယ်စပ်ချင်း ၃၈၉ ကီလိုမီတာ ထိစပ်နေမှုနှင့်အတူ အိန္ဒိယ၏ အရေးကြီးသည့် နယ်စပ် ပြည်နယ်တစ်ခု ဖြစ်သည်။
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို ထိန်းခဲ့ပြီးကတည်းက အိန္ဒိယနှင့် မြန်မာတွင် မူးယစ်ဆေးဝါး ထုတ်လုပ်များ အဆမတန် မြင့်တက်ခဲ့သည်။
ပြင်ဆင်မှုများ၊ သယ်ယူပို့ဆောင်မှုများတွင် လွယ်ကူအဆင်ပြေမှု၊ အခြေခံ အဆောက်အအုံ မလိုအပ်မှု၊ ပိုမိုများပြား သည့် ဈေးကွက်များကို ဆွဲဆောင်နေသည့် ကုန်ကျစရိတ် သက်သာမှုများကြောင့် ဓာတုမူးယစ်ဆေးဝါးများသည် ဘိန်းခင်းများမှ ထွက်ရှိသည့် ဘိန်းဖြူများနှင့်အတူ မြန်မာနှင့် မဏိပူရတွင် တစ်စထက်တစ်စ ပိုမိုကျယ်ပြန့် လာခဲ့ သည်။
ဘိန်းနှင့် ဓာတု မူးယစ်ဆေးဝါးများအတွက် အကြီးဆုံး ဈေးကွက်များထဲမှ တစ်ခုမှာ အိန္ဒိယဖြစ်သည်။ အိန္ဒိယနှင့် မြန်မာအကြား ထိစပ်နေသည့် နယ်စပ်များမှတစ်ဆင့် မူးယစ်ဆေးဝါးများ အလွယ်တကူ မှောင်ခိုတင်သွင်း နိုင် သည်။
အိန္ဒိယ-မြန်မာနယ်စပ်မှ မူးယစ်ဆေးဝါးများ မှောင်ခိုသွင်းသည့် အဓိကလမ်းကြောင်းများမှာ မဏိပူရပြည်နယ်၏ မိုရေး (Moreh)မြို့၊ နယူး ဆွမ်တယ် (New Somtal) မှ ဆူဂနူ (Sugnu) မြို့၊ ခိုင်မန် (Kheiman) မြို့မှ ဘဟီအန် (Behiang) မြို့နှင့် နောက်ဆုံးတွင် ဆွမ်ရာ (Somreh) မြို့သို့ ရောက်ရှိခြင်းဖြစ်သည်။
ရေကြောင်းမှ တစ်ဆင့် မူးယစ်ဆေးဝါးများ တင်ပို့သည့် လမ်းကြောင်းများအတွင်း ဘင်္ဂလားဒေ့ရှ်၏ ကော့ဘဇား (Cox Bazar) မှ မြန်မာ၊ မြန်မာမှ တစ်ဆင့် အိန္ဒိယသို့ တင်ပို့ခြင်း ဖြစ်သည်။
မူးယစ်ဆေးဝါးဂိုဏ်းများကို ခြေရာခံစုံစမ်းနေသည့် ထောက်လှမ်းရေး အရာရှိများကမူ မြန်မာနိုင်ငံမှ မူးယစ် ဆေးဝါးများ အိန္ဒိယသို့ တင်သွင်းမှုသည် လွယ်ကူလွန်းနေသည်ဟု ပြောကြသည်။
မြန်မာ (တမူး)- အိန္ဒိယ(မိုရေး) နယ်စပ်ကို တွေ့ရစဉ်
အိန္ဒိယသို့ မှောင်ခိုတင်သွင်းသည့် မူးယစ်ဆေးဝါး စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှဖြစ်ပြီး ဘိန်းနှင့် ဘိန်းဖြူမှအစ စိတ်ကိုပြောင်းလဲစေတတ်သည့် အမ်ဖက်သမင်း (amphetamine) အမျိုးအစား စိတ်ကြွဆေးများ လည်း ပါဝင်နေသည်ဟု ထောက်လှမ်းရေး အရာရှိများက ခန့်မှန်းခဲ့သည်။
မိုရေးမြို့သည် အရှေ့အာရှနှင့် အိန္ဒိယ၏ နယ်မြေချင်း ချိတ်ဆက်မှုရှိနေသည့် မဏိပူရပြည်နယ်၏ နယ်စပ်မြို့ငယ် လေး ဖြစ်သည်။
သို့သော် မကြာသေးမီ နှစ်များအတွင်း မိုရေးမြို့သည် တောင်အာရှ၏ မူးယစ်ဆေးဝါးများ မှောင်ခိုကူးသည့် လမ်းကြောင်းအများဆုံး နေရာများထဲတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက မိုရေးမြို့တွင် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါး မှောင်ခိုကူးသူတစ်ဦး ပိုင်ဆိုင်သည့် နေအိမ် တစ်လုံးအတွင်းမှ ရူပီး ကုဋေ ၅၀၀ တန်ကြေးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့သည်။
မည်သို့ပင်ဆိုစေ ထိုဖြစ်စဉ် မတိုင်မီကတည်းက မူးယစ်းဆေးဝါး ဂိုဏ်းများသည် မဏိပူရနှင့် နာဂလန်း (NagalandI) ပြည်နယ်တို့ရှိ တောင်ကုန်းဒေသများတွင် ဘိန်းခင်းများကို စိုက်ပျိုးခဲ့သည်။
ဘိန်းစိုက်ပျိုးမှုသည် အခြားကောက်ပဲ သီးနှံများထက် ပိုမိုအကျိုးအမြတ်ရသဖြင့် ဘိန်းခင်းများသည် လယ်သမား များကို ပိုမိုဆွဲဆောင်နိုင်ခဲ့သည်။
မဏိပူရပြည်နယ်၏ မူးယစ်ဆေးဝါး လုပ်ငန်းများသည် ဓာတုမူးယစ်ဆေးဝါးများ အများဆုံး ပါဝင်နေသည်။
ထိုပြည်နယ်၏ မူးယစ်ဆေးဝါး လုပ်ငန်းစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းမှာ ဓာတုမူးယစ်ဆေးဝါးများဖြစ်ကာ ဘိန်းနှင့် ဆက်စပ်သည့် မူးယစ်ဆေးဝါးများက ၃၀ ရာခိုင်နှုန်းနှင့် ဆေးခြောက် ၁၀ ရာခိုင်နှုန်း ပါဝင်သည်။
မဏိပူရပြည်နယ်နှင့် မီဇိုရမ် (Mizoram) ပြည်နယ်များတွင် တရားမဝင်နေထိုင်သည့် ချင်းလူမျိုးများသည် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု ပိုမိုလွယ်ကူစေသည့် မူးယစ်ဆေးဝါး ကွန်ရက်နှင့် ဆက်နွှယ်မှု ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ချင်းပြည်နယ်၏ ဘိန်းထုတ်လုပ်မှု ၁၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းသည် အိန္ဒိယအတွက် အန္တရာယ်ကြီးမား နိုင်သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ၂၀၂၃ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မဏိပူရ၏ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းရန် ထိုပြည်နယ်အတွင်းရှိ တောင်ကုန်များပေါ်မှ မြေနေရာများကို ထိန်းချုပ်ရန်ဖြစ်သည်။
ထိုပြဿနာသည် ဟိန္ဒူနှင့် ခရစ်ယာန်များအကြား ဘာသာရေး စိတ်ဝမ်းကွဲစေသည့် ပြဿနာမဟုတ်ပေ။ မဏိပူရ ၏ တောင်ကြားများနှင့် တောင်ကုန်းဒေသများပေါ်ရှိ ရူပီး ကုဋေ ၇၀၀၀၀ တန်ကြေးရှိသည့် မူးယစ်ဆေးဝါး လုပ်ငန်းများကို ထိန်းချုပ်ရမည့် ပြဿနာဖြစ်သည်။
လူတိုင်းသည် အပြစ်ကင်းစင်သည့် သူတော်စင်များ မဟုတ်ပေ။ ထို့ကြောင့် မဏိပူရတွင် နေထိုင်သည့် ကသည်း၊ ကူကီး-ချင်းနှင့် နာဂလူမျိုးများသည်လည်း အကျိုးအမြတ်များစွာ ရရှိသည့် မူးယစ်ဆေးဝါး လုပ်ငန်းများတွင် ပါဝင် ပတ်သက်ခဲ့ကြခြင်း ဖြစ်ပေသည်။
Source: goachronicle.com
- By CNI
- Category: ဆောင်းပါး
- Hits: 632
CNI International Article
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅
ထိုင်းတွင် ဆရီသာ (Srettha) အစိုးရအဖွဲ့သည် လွှတ်တော်တွင် ၎င်းတို့အစိုးရအဖွဲ့၏ မူဝါဒများကို စတင်ချပြခဲ့ပြီး ဖြစ်သည်။ အစိုးရအဖွဲ့သစ်၏ မူကြမ်း ကြေညာချက်ထဲတွင်ပါရှိသည့် သံတမန်ရေးရာနှင့် ပြည်တွင်း မူဝါဒများနှင့် စပ်လျဉ်းပြီး ပြောရမည်ဆိုပါက ထိုင်း၏ သံတမန်ရေးရာ အလားအလာ လမ်းညွှန်ချက်အသစ်၏ မူဝါဒကို အတိုဆုံးနှင့်အရှင်းဆုံး ဖော်ပြခဲ့ခြင်းဖြစ်သည်။
မူဝါဒကြေညာချက်၏ ပထမအပိုဒ်တွင် ဝန်ကြီးချုပ် ဆရီသာက ထိုင်း၏ နိုင်ငံခြားရေးမူဝါဒ ဦးတည်ချက်ကို ယေဘုယျနည်းဖြင့် အလေးထားဖော်ပြခဲ့သည်။
ထို့နောက် အစိုးရအနေနှင့် အမျိုးသားအကျိုးစီးပွားများအား ဟန်ချက်ညီမှု ရှိစေရန်၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကို တိုးမြှင့်ရန် ဦးစားပေး လုပ်ဆောင်မည်ဟု ပြောကြားခဲ့မှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ကဏ္ဍတွင် ထိုင်း၏ အခန်းကဏ္ဍကို မြှင့်တင်မည်ဟု ကတိပြုခဲ့သည်။
ဖြူးထိုင်းပါတီ ဦးဆောင်သည့် အစိုးရလက်ထက် နိုင်ငံခြားရေး မူဝါဒအောက်တွင် ထိုင်းသည် ဒေသတွင်း အဖွဲ့အစည်းများ၊ စီးပွားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း လုပ်ဆောင် မှု၌ ဆုံမှတ်တစ်ခုအဖြစ် ဆက်ရှိနေစေရန် ဖြစ်သည်။
ထိုအခန်းကဏ္ဍသည် ထိုင်းနိုင်ငံ၏ ယုံကြည်ချက်နှင့် လုံခြုံရေး အခြေအနေကို မြင့်တက်စေလိမ့်မည်ဟု အစိုးရ အဖွဲ့က မျှော်လင့်ထားသည်။
အစိုးရအဖွဲ့၏ မူဝါဒကြေညာချက် ဒုတိယမြောက် အပိုဒ်သည် ပိုမိုရှင်းလင်း တိကျသည်။
ထိုင်းအစိုးရသစ်သည် လူတန်းစားကွာဟမှုကို လျှော့ချရေး၊ လူနေမှု အဆင့်အတန်း မြှင့်တင်ရေး၊ ယာဉ်လမ်း ကြောင်း စနစ်များ ပိုမိုတိုးတက်စေသည့် အစီအစဉ်များကို အရှိန်မြှင့် လုပ်ဆောင်ရေး၊ လမစေ့ဘဲ မွေးဖွားသည့် ကလေးငယ်များ သေဆုံးမှုကို လျှော့ချရေးတို့ကို ရည်ရွယ်သော ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (SDGs)အား ဖြည့်ဆည်းသွားမည်ဟု ကတိပြုခဲ့သည်။
ဖြူးထိုင်းအစိုးရအနေနှင့် ယခင် ပရာယွတ် (Prayut) အစိုးရအဖွဲ့က ချမှတ်လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များကို မဖျက်ဆီးရန်လည်း လိုအပ်သည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း ပရာယွတ်ကို တွေ့ရစဉ်
ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးတွင် အာရှ၌ ထိုင်းက ဦးဆောင်သူ ဖြစ်လာစေရန် ပရာယွတ် အစိုးရ အဖွဲ့က ချမှတ်လုပ်ဆောင်ခဲ့သည့် ကာဗွန်ကင်းစင်ရေး မူဝါဒကို ဆရီသာ အစိုးရအဖွဲ့သစ်က ဆက်လက် လုပ် ဆောင်ခဲ့သည်။
၂၀၂၁ ခုနှစ်က ဗြိတိန်တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ညီလာခံ၌ ထိုင်းသည် ၂၀၅၀ ပြည့်နှစ်မှာ ကာဗွန် ဓာတ်ငွေ့ ထုတ်လွှတ်မှု အဆုံးသတ်ရေးကို လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ၂၀၆၅ ခုနှစ်တွင် ကာဗွန် ထုတ်လွှင့်မှု လုံးဝ အဆုံးသတ်မည်ဟု ကတိပြုခဲ့သည်။
ဖြူးထိုင်းဦးဆောင်သည့် အစိုးရအဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို တံခါးဖွင့် ပေးထားခြင်းဖြင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှု ကဏ္ဍများတွင် ထိုင်း၏ ယှဉ်ပြိုင်မှုများအား ပိုမို တိုးတက်စေလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားသည်။
လက်ရှိ အနေအထားတွင် ထိုင်း၏ နိုင်ငံခြားရေးမူဝါဒသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရှုထောင့်မှ ကြည့်ရန် လိုအပ်သည်။
ဒုတိယဝန်ကြီးချုပ်ဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒွန်ပရာမွတ်ဝီနိုင် (Don Pramudwinai) လက်ထက် တွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနသည် ပြည်တွင်း/ပြည်ပ စီးပွားရေးပညာရှင်များနှင့် လက်တွဲ လုပ်ဆောင်ခဲ့ သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒွန်ပရာမွတ်ဝီနိုင်ကို တွေ့ရစဉ်
ထို့ကြောင့် ၂၀၁၆ ခုနှစ်တွင် ထိုင်းသည် အာဆီယံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် ကြားဝင် လုပ်ဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုင်း၏ အားထုတ်ကြိုးပမ်းမှုများသည်လည်း အာဆီယံ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂတွင် ချီးကျူးဂုဏ်ပြု ခံခဲ့ရ သည်။
COVID-19 ကပ်ရောဂါ ကာလအလွန်တွင် ဆရီသာ အစိုးရသည် ထိုင်းနှင့် ဥရောပသမဂ္ဂ (EU)အကြား မိတ်ဖက် ဆက်ဆံရေးများကို မြှင့်တင်နိုင်မည့် အနေအထားတွင် ရှိနေသည်။
ဆယ်စုနှစ် တစ်စုနီးပါးအထိ ထိုင်း၏ နိုင်ငံခြားရေးမူဝါဒသည် စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအသိုင်း အဝိုင်း နယ်ပယ်များတွင် တိုးတက်မှုများကို ဟန်ချက်ညီစေရန် အာရုံစိုက် လုပ်ဆောင်ခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံသည် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံ၏ပုံရိပ်ကို ပြန်လည်မြှင့်တင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
ကိုဗစ် ကပ်ရောဂါ ကာလအတွင်းတွင်လည်း ထိုင်း၏ နိုင်ငံခြားရေးမူဝါဒသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို မြှင့်တင်နိုင်ခဲ့သည်။
သို့သော် ရုရှား-ယူကရိန်း စစ်ပွဲတွင်မူ ထိုင်းနိုင်ငံ၏ ရပ်တည်ချက်အပေါ် နိုင်ငံအများစုက ဝေဖန်ခဲ့ကြသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် ပန်ပရီ ဘာဟီဒါ နျူကာရာကို တွေ့ရစဉ်
မည်သို့ပင်ဆိုစေ ထိုဝေဖန်မှုများသည် ထိုင်း၏ အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံသည့် လုပ်ဆောင်မှုများ ကြောင့် တိတ်ဆိတ်သွားခဲ့သည်။
လက်ရှိ ထိုင်းဝန်ကြီးချုပ်သစ် ဆရီသာသည် စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ ပထမဆုံးအကြိမ်အဖြစ် မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
ဆရီသာသည် ထိုမိန့်ခွန်း ပြောကြားမှုအတွင်း နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးနှင့် စံချိန်စံညွှန်းများတွင် ထိုင်းနိုင်ငံ၏ ရပ်တည်ချက်ကို အလေးပေး ဖော်ပြသွားဖွယ်ရှိသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် ပန်ပရီ ဘာဟီဒါ နျူကာရာ (Parnpree Bahiddha-Nukara) သည်လည်း လာမည့် ရက်ပိုင်းအတွင်း နိုင်ငံခြားရေးမူဝါဒ အသေးစိတ်ကို ထုတ်ပြန်ဖွယ် ရှိနေသည်။
ခြုံငုံသုံးသပ်ရမည်ဆိုပါက ထိုင်း၏ သံတမန်ရေးရာ လှုပ်ရှားမှုများသည် အပြောင်းအလဲမရှိဘဲ လက်ရှိ အနေအထားအတိုင်း ဆက်လက် လုပ်ဆောင်ဖွယ် ရှိနေသည်။
အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်သည့် ဆက်ဆံရေး၊ အာဆီယံအသိုင်းအဝိုင်းနှင့် အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှု၊ နိုင်ငံပေါင်းစုံ ပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်ဖွယ် ရှိသည်။
သို့သော်လည်း ထိုင်းအစိုးရအဖွဲ့သစ် အနေနှင့် ပြည်တွင်း/ပြည်ပတွင် ဖြစ်ပျက်နေသည့် အခြေအနေများနှင့် အံဝင် ခွင်ကျ ဖြစ်စေနိုင်သော တိကျသေချာသည့် မူဝါဒများကို ချမှတ်လုပ်ဆောင်ရန် လိုအပ်နေပေသည်။
Source: ဘန်ကောက်ပို့စ်