- By CNI
- Category: ဆောင်းပါး
- Hits: 747
CNI Article
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးအကျပ်အတည်းနှင့် ပြည်တွင်းစစ်သည် အိန္ဒိယ၊ အထူးသဖြင့် အိန္ဒိယ အရှေ့မြောက်ဒေသ အပါအဝင် အိမ်နီးချင်းနိုင်ငံများကို သိသာစွာ ရိုက်ခတ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၌ တပ်မတော်က အာဏာကိုရယူခဲ့ပြီးနောက် မြန်မာနိုင်ငံသား ပေါင်း ၆၀,၀၀၀ ကျော်သည် အိန္ဒိယနိုင်ငံအတွင်း၊ အထူးသဖြင့် မီဇိုရမ် (Mizoram)၊ မဏိပူရ (Manipur) နှင့် နာဂလန်း (Nagaland) ပြည်နယ်များအတွင်းသို့ ထွက်ပြေးဝင်ရောက်ခဲ့သည်။
မူးယစ်ဆေးဝါးများ၊ လက်နက်များနှင့် အခြား တရားမဝင် လှုပ်ရှားမှုများသည် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ပေါခြင်းသောခြင်း များပြားလာခဲ့သည်။
ပိုမိုအရေးကြီးသည့် အချက်မှာ အိန္ဒိယ၏ ပြည်မကြီးနှင့် အရှေ့မြောက်ပိုင်းအကြား၊ အရှေ့မြောက်ပိုင်းနှင့် အရှေ့ အာရှအကြား စီးပွားရေးကို ပေါင်းစပ်နိုင်ရန်အတွက် အိန္ဒိယ၏ အရှေ့မြောက်ပိုင်းဒေသများမှ အရှေ့အာရှ၊ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ကုလားတန် မာလ်တီမိုဒယ် စီမံကိန်း ( Kaladan Multimodal Project) ကို ချိတ်ဆက်ရန် ရည်မှန်းထားသည့် အိန္ဒိယ၏ Act East မူဝါဒသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိခိုက်ခဲ့ရခြင်းဖြစ်သည်။
အိန္ဒိယ၏ မူဝါဒမှာ မြန်မာနိုင်ငံတွင် ဆက်လက် ဖြစ်ပွားနေသည့် ပဋိပက္ခအပေါ် ရှေးရှုသည့် ၎င်း၏ ချဉ်းကပ်မှုနှင့် ပတ်သက်ပြီး လစ်ဟာမှုများ ရှိနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ရှုပ်ထွေးလှသည့် ပြဿနာများနှင့် လျင်မြန်စွာ ပြောင်းလဲနေသည့် စစ်ပွဲအခြေအနေသည် အိန္ဒိယ အစိုးရအဖွဲ့၏ မူဝါဒချမည့် သူများအတွက် စိန်ခေါ်မှုဖြစ်နေသည်။
လက်ရှိအချိန်အထိ အိန္ဒိယ၏ မူဝါဒနှင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ပုံသည် မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို မရယူမီအချိန်က ကျင့်သုံးခဲ့သည့် မူဝါဒအဟောင်းနှင့် တူညီနေဆဲဖြစ်သည်။
ထိုမူဝါဒမှာ "wait and watch policy" ဖြစ်သည့် အခြေအနေကို စောင့်ကြည့်သော မူဝါဒဖြစ်သည်။
ဥပမာအားဖြင့် အိန္ဒိယသည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်ကို ထိန်းချုပ်ထားသော အစိုးရနှင့် ထိတွေ့ ဆက်ဆံမည်ဖြစ်သည်။
ထိုအယူဝါဒအရ အိန္ဒိယသည် NUG နှင့် အခြား အတိုက်အခံ အုပ်စုများထက် ပိုမိုအင်အားကောင်းပြီး ခိုင်မာသည်ဟု ယူဆထားသည့် မြန်မာ့တပ်မတော်နှင့် ပွင့်လင်းစွာ ထိတွေ့ဆက်ဆံမှုများကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အိန္ဒိယပြည်ထဲရေးဝန်ကြီးက အောက်လွှတ်တော်၌ မိန့်ခွန်းပြောကြားခဲ့ရာမှာ အိန္ဒိယ အစိုးရ အနေဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကဲ့သို့ မြန်မာဒုက္ခသည်များ အိန္ဒိယနိုင်ငံအတွင်းသို့ အစုလိုက် အပြုံလိုက် ဝင်ရောက်လာမှုကို တားဆီးရန်၊ နယ်စပ်တွင် ဆလိုက်မီးများ တပ်ဆင်ရန်၊ နယ်စပ်စစ်ဆေးရေး စခန်းများ တည်ဆောက်ရန်၊ ကင်းထောက်လှမ်းမှုများ ပြုလုပ်ရန်နှင့် တရားမဝင် မြန်မာရွှေ့ပြောင်း နေထိုင်သူ များကို တားဆီးရန် အကောင်းဆုံး လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရက မြန်မာဒုက္ခသည်များ ဝင်ရောက်မှုကို တားဆီးရန်နှင့် ထိုဒုက္ခည်များကို ပြန်ပို့ရန် စီစဉ်နေသော် လည်း မြန်မာ- မီဇို (ချင်း) လူမျိုးများနှင့် အိန္ဒိယ- မီဇို လူမျိုးများအကြား နီးစပ်သည့် ယဉ်ကျေးမှုနှင့် လူမျိုးရေး ဆက်နွှယ်မှုများ ရှိနေသော မီဇိုရမ် (Mizoram) ပြည်နယ် အစိုးရကမူ ဗဟိုအစိုးရ၏ အစီအစဉ်များကို ငြင်းဆိုခဲ့သည်။
ထိုအဖြစ်အပျက်သည် လူအချို့အတွက် ဖက်ဒရယ်ဒီမိုကရေစီ၏ အားနည်းချက် တစ်ခုဖြစ်ပြီး တစ်ဖက်မှ ကြည့်ပါကလည်း လူအချို့အတွက် အားသာချက်တစ်ခု ဖြစ်သည်ဟု မြင်တွေ့ရမည်ဖြစ်သည်။
ထိုအခြေအနေမျိုး၌ မိမိတို့အနေဖြင့် နိုင်ငံခြားရေးမူဝါဒများနှင့် နိုင်ငံတကာ ဆက်ဆံရေးများတွင် ပြည်နယ်အစိုးရ ၏ အရေးကြီးသည့် အခန်းကဏ္ဍကို မြင်တွေ့ရမည်ဖြစ်သည်။
အထူးသဖြင့် အခြားနိုင်ငံများနှင့် နယ်စပ်ချင်း ထိစပ်နေသည့် မီဇိုရမ်ပြည်နယ်၏ အခန်းကဏ္ဍသည် အရေးကြီး သည်ကို တွေ့ရမည်ဖြစ်သည်။
မီဇိုရမ်ပြည်နယ်အစိုးရနှင့် မီဇိုလူမျိုးများသည် ကျင့်ဝတ်သိက္ခာပိုင်းနှင့် လူမှုရေးအပိုင်းတွင် မှန်ကန်သည့် အရာများ ကို လုပ်ဆောင်ခဲ့ကြသည်။
အခက်ခဲဆုံး အချိန်ကာလများနှင့် ရင်ဆိုင်ခဲ့ရချိန်ကတည်းက ၎င်းတို့လူမျိုးစု၏ ညီအစ်ကို မောင်နှမများကို လက်ခံ ထားရှိခဲ့ပြီး ၎င်းတို့၏ ကျင့်ဝတ်သိက္ခာကို လက်တွေ့ပြသခဲ့ကြသည်။
မည်သို့ပင်ဆိုစေ မြန်မာ- မီဇို (ချင်း)လူမျိုး ညီအစ်ကိုမောင်နှမများ သို့မဟုတ် မြန်မာဒုက္ခသည်များကို ၎င်းတို့ ပြည်နယ်အတွင်း လက်ခံထားရှိမှုနှင့်အတူ မလိုလားအပ်သည့် လူမှုရေးပြဿနာများလည်း တွဲပါလာခဲ့သည်။
ဥပမာအားဖြင့် မကြာသေးမီ ရက်ပိုင်းအတွင်း ဒုက္ခသည် မဟုတ်သည့် မြန်မာနိုင်ငံသားများသည် မီဇိုရမ်ပြည်နယ် စီယာဟ (Siaha) ခရိုင်တွင် အိန္ဒိယနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ခဲ့သော ရာဇဝတ်မှုကို မြင်တွေ့ခဲ့ရသည်။
ထို့ကြောင့် အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံအပေါ် ရှေးရှုသည့် မှန်ကန်သော မူဝါဒများ ချမှတ်ရန်အတွက် စိန်ခေါ်မှု များ ရှိနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒကို ပြန်လည် စိစစ်သင့်ကြောင်း ပြီးခဲ့သည့် ၃ နှစ် ကတည်းက ကျွမ်းကျင်သူများက တိုက်တွန်းခဲ့သော်လည်း အိန္ဒိယအစိုးရကမူ မူဝါဒအဟောင်းကိုပင် မပြောင်းလဲဘဲ ဆက်လက် ကျင့်သုံးခဲ့သည်။
သို့သော် မမျှော်လင့်ရသည့် အချိန်မျိုးတွင် မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာသောအခါ အိန္ဒိယ၏ မူဝါဒအဟောင်းသည် အလုပ်မဖြစ်တော့သည်ကို တွေ့ရမည်ဖြစ်သည်။
အထူးသဖြင့် အိန္ဒိယ၏ အရှေ့မြောက်ပိုင်းဒေသများသည် မြန်မာနိုင်ငံ၏ ပဋိပက္ခကို သက်ရောက်မှု အရှိဆုံးဖြစ် သည်။
ထို့ကြောင့် မကြာသေးမီ ရက်ပိုင်းများအတွင်း အိန္ဒိယ-မြန်မာနယ်စပ်တွင် ခြံစည်းရိုးကာမည့် ဗဟိုအစိုးရ အစီအစဉ် ကို မဏိပူရပြည်နယ်အစိုးရက ငြင်းဆိုခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယအနေဖြင့် တရုတ်ကဲ့သို့ အသွားနှစ်ဖက်ပါသည့် ဓား သံတမန် မူဝါဒ (two-edged sword diplomatic policy) မျိုးကို ကျင့်သုံးနိုင်သည်။
တရုတ်၏ ထိုမူဝါဒမှာ တပ်မတော်နှင့်ရော တရုတ်-မြန်မာနယ်စပ်ဒေသ တစ်လျောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့်ပါ ချိတ်ဆက်ဆောင်ရွက်သည့် မူဝါဒမျိုးဖြစ်သည်။
ထို့ကြောင့် အိန္ဒိယအနေဖြင့် ဖြစ်လာသည့် အချိန်ကျမှ တုန့်ပြန်ဆောင်ရွက်ခြင်းထက် မဖြစ်ဖြစ်အောင် အခြေအနေ ကို ဖန်တီးယူသည့် မူဝါဒ (Proactive Policy) ကို ကျင့်သုံးပြီး မီဇိုရမ်ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရက မြန်မာ့ အရေးကို လိုက်လျောညီထွေ ကိုင်တွယ်ဆောင်ရွက်သွားရန် အရေးကြီးလှပေသည်။
Source: Northeast Now

- By CNI
- Category: ဆောင်းပါး
- Hits: 1072
CNI Sport Article
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆
ဘောလုံးလောကမှာ ကျိန်စာသင့်နေတယ်လို့ ပြောလို့ရတဲ့ အရာတွေ အများကြီးရှိတဲ့ အထဲမှာ ဟာရီကိန်းရဲ့ ဆုဖလား ကျိန်စာကလည်း မဖြစ်မနေ ထည့်ပြောရမယ့်အရာဖြစ်ပါတယ်။
အင်္ဂလန်နဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟာရီကိန်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တယ်ဆိုတာ ခြွင်းချက်မရှိ လက်ခံရမှာပါ။
ဟာရီကိန်းဟာ ဂိုးသွင်း စွမ်းဆောင်ရည် ကောင်းမွန်ရုံတင် မဟုတ်ဘဲ အသင်းဖော်တွေ ဂိုးသွင်းယူနိုင်အောင် ဂိုးဖန်တီးမှုလည်း ပြုလုပ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟာရီကိန်းဟာ သူ့ရဲ့ကစားသမားဘဝမှာ ဆုဖလား ရယူနိုင်ခြင်း မရှိသေးတဲ့ မှတ်တမ်းဆိုးကြီးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ဟာရီကိန်းဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် သွင်းဂိုးပေါင်း ၃၉၀ နီးပါး သွင်းယူထားသလို တစ်ဦးချင်း ဆုတံဆိပ်တွေလည်း အများကြီး ရထားပေမယ့် ကစားသမားဘဝအတွက် ဂုဏ်ယူစရာလို့ ပြောလို့ရမယ့် ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ဖူးခြင်း မရှိပါဘူး။
ဟာရီကိန်းနဲ့ ဆုဖလားကို တွေ့ရစဉ်
ဟာရီကိန်းဟာ စပါးအသင်းမှာ ကစားခဲ့ချိန်က ဆုဖလား ရယူနိုင်မယ့် အနီးစပ်ဆုံး အနေအထားဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။
ဟာရီကိန်းဟာ အင်္ဂလန်အသင်းနဲ့လည်း ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပေမယ့် ဆုဖလား ရယူနိုင်မယ့် ကံမပါခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း ဟာရီကိန်းဟာ ကစားသမားဘဝ အနားယူသွားတဲ့အချိန်မှာ ဆုဖလား မရယူနိုင်ခဲ့တဲ့ နောင်တ ကို မရရှိချင်တာကြောင့် ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က စပါးအသင်းကနေ ထွက်ခွာပြီး နှစ်စဉ်နှစ်တိုင်း ဆုဖလား ရယူနိုင်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်ဘီလူးကြီးလို့ ခေါ်ရတဲ့အထိ ဂျာမန်မှာ ကြီးစိုးနေတာဖြစ်ပြီး ရာသီတိုင်း ဆုဖလား တစ်လုံးကတော့ သူ့အတွက် ကျိန်းသေနေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရချင်တာကြောင့် ဟာရီကိန်းကို ယူရိုသန်း ၁၀၀ နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲဦးထွက်အဖြစ် ကစားခဲ့ရတဲ့ပွဲက ဂျာမန်စူပါဖလား ပွဲစဉ်ဖြစ်တဲ့ အတွက် ဆုဖလားလက်မဲ့ကျိန်စာကို ဟာရီကိန်း အဆုံးသတ်နိုင်တော့မယ်လို့ အားလုံးက ထင်မြင်ခဲ့ကြတာပါ။
ဒါပေမယ့် ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ လိုက်ပ်ဇစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ဆုဖလား လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ အဖွင့်မလှခဲ့ပေမယ့် ဘွန်ဒစ်လီဂါပြိုင်ပွဲမှာတော့ အကောင်းဆုံး ခြေစွမ်းတွေနဲ့ စံချိန်တင် သွင်းဂိုးတွေကို သွင်းယူနေခဲ့တာပါ။
ဘိုင်ယန်မြူးနစ်နဲ့ လာဇီယိုအသင်း ယှဉ်ပြိုင်စဉ်
ဟာရီကိန်းဟာ ဘွန်ဒစ်လီဂါပွဲစဉ် ၂၁ ပွဲ ကစားအပြီးမှာ ၂၄ ဂိုးအထိ သွင်းယူကာ ဘိုင်ယန်မြူးနစ်အသင်းမှာ လျင်မြန်စွာ အသားကျခဲ့ပေမယ့် သူဟာ ကလပ်အသင်းနဲ့အတူ ဆိုးရွားတဲ့ နေ့ရက်တွေကို စတင်ပြီး ဖြတ်သန်းလာခဲ့ရတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ၁၁ ရာသီဆက်တိုက် အမှတ်ပေးဖလား ချန်ပီယံဆုကို ရယူနိုင် ခဲ့ပေမယ့် ဒီရာသီပြိုင်ပွဲမှာတော့ လေဗာကူဆင်အသင်းရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရပြီး အဆင့် ၂ နေရာမှာ ရပ်တည် နေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ မကြာသေးခင်က လေဗာကူဆင်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့် ခဲ့ပြီး ဘွန်ဒစ်လီဂါမှာ သူတို့ရဲ့ ကြီးစိုးမှုကို အဆုံးသတ်ရမယ့် စိုးရိမ်မှုတွေရှိလာတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲအပြီး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာလည်း လာဇီယိုအသင်းကို ထပ်ပြီးအရေးနိမ်ခဲ့တာပါ။
ဒီရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အခြေအနေ မကောင်းသလို ပိုကယ်ဖလား ကနေလည်း ထွက်ခွာခဲ့ရပြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် မျှော်လင့်စရာဆုဖလား ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားပြိုင်ပွဲမှာလည်း ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ ဆုဖလား ကျိန်စာသင့်နေတဲ့ ဟာရီကိန်းကို ခေါ်ယူခဲ့တာကြောင့် သူပါ ဆုဖလား လက်မဲ့ရာသီကို ဖြတ်သန်းရတော့မယ်ဆိုပြီး ပြောဆိုမှုတွေရှိလာခဲ့တာပါ။
ပရိသတ်တွေကလည်း ဘိုင်ယန်မြူးနစ်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ဟာရီကိန်းရဲ့ ဆုဖလားကျိန်စာဟာ အစစ်အမှန် ဖြစ်နေတယ်လို့ ယုံကြည်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကို တွေ့ရစဉ်
ဒါပေမယ့် ရာသီပြီးဖို့ လိုသေးတာကြောင့် ဟာရီကိန်းအနေနဲ့ သူ့ရဲ့ ဆိုးရွားနေတဲ့ ကျိန်စာပြယ်အောင် ဘိုင်ယန်မြူးနစ်အသင်းကို အစွမ်းကုန် ကူညီပေးဖို့ လိုအပ်နေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒစ်လီဂါမှာတော့ အခွင့်အရေးက ကိုယ့်လက်ထဲမှာ မရှိပေမယ့် ရလဒ်ကောင်း တွေ ပြန်ရအောင်လုပ်ပြီး လေဗာကူဆင်အသင်း အမှားအယွင်းလုပ်မိတဲ့ အချိန်မှာ အမှတ်ပေးဇယား ထိပ်ဆုံး နေရာကို ပြန်တက်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ကတော့ အိမ်ကွင်းမှာ ဒုတိယအကျော့ ကစားရမှာဖြစ်လို့ အခွင့်အရေးက ကိုယ့်လက်ထဲမှာ အပြည့်အဝရှိနေပြီး လာဇီယိုအသင်းကို အနိုင်ယူကာ နောက်တစ်ဆင့်တက်ဖို့ လုပ်ဆောင်ရမှာပါ။
အဲဒါကြောင့် ဟာရီကိန်းရဲ့ ဆုဖလားကျိန်စာနဲ့အတူ ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ဆုဖလားလက်မဲ့ ရာသီကို ဖြတ်သန်းရမလား ဒါမှမဟုတ် ဟာရီကိန်းရဲ့ ကျိန်စာပြယ်ပြီး ဘိုင်ယန်မြူးနစ် အသင်း ဆုဖလားရယူနိုင်တဲ့ အစဉ်အလာကို ဆက်ပြီး ထိန်းသိမ်းမလားဆိုတာတော့ ရာသီအကုန်ထိ ဆက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 690
CNI Article
၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၁
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက တပ်မတော်မှ အာဏာကို ရယူခဲ့ပြီးနောက် နိုင်ငံတကာ အသိုင်းအဝိုင်းသည် ထုံးစံအတိုင်း စီးပွားရေးပိတ်ဆို့မှုများကို ချမှတ်ခဲ့သည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံများ အပါအဝင် အခြားနိုင်ငံများက မြန်မာ့တပ်မတော်ကို ပစ်မှတ်ထားသည့်် ကုန်သွယ်ရေးပိတ်ဆို့မှုများနှင့် အခြားဘဏ္ဍာရေးဆိုင်ရာ တားမြစ်ပိတ်ပင်မှုများကို အသစ် ချမှတ်ခြင်း သို့မဟုတ် ပြန်လည်ချမှတ်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
တပ်မတော်က အာဏာကို ရယူခဲ့သည့်် ၃ နှစ်ပြည့််ဖြစ်သော ဖေဖော်ဝါရီ ၁ ရက်တွင်လည်း အမေရိကန်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့ပြန်သည်။
မြန်မာနိုင်ငံတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ပြည်တွင်းစစ် ဆက်လက် ဖြစ်ပွားနေ ချိန်၌ အမေရိကန်၏ ပိတ်ဆို့မှုအသစ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို သိရှိထားသည့် အရှေ့အာရှနှင့် အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူများကမူ အဆိုပါ စီးပွားရေးပိတ်ဆို့မှုများသည် အချိန်ကာလတစ်ခုအထိ သက်ရောက်မှုမရှိနိုင် ကြောင်း ယူဆခဲ့ကြသည်။
လက်ရှိပိတ်ဆို့မှုများ
****************
လက်ရှိ ပိတ်ဆို့မှုများသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရကို ပြန်လည်တင်မြှောက်ရန် ကြိုးပမ်းခဲ့သည့် ၂၀၁၀ ပြည့်နှစ်မတိုင်မီ အချိန်များက ချမှတ်ခဲ့သော ပိတ်ဆို့မှုများနှင့် အလားတူ အခြေအနေမျိုး ဖြစ်သည်။
၂၀၂၁ ခုနှစ်ကတည်းက အမေရိကန်၊ အီးယူးနှင့် အခြားနိုင်ငံများ၏ ပိတ်ဆို့မှုများသည် တပ်မတော်၏ အင်အားကို လျော့နည်းလာစေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများသည် တပ်မတော်နှင့်် ၎င်း၏ လုပ်ငန်းများအပေါ် သက်ရောက်မှု ရှိစေရန် ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။
အတိတ်ကာလက ပိတ်ဆို့မှုများသည် မြန်မာနိုင်ငံ၏ စီးပွားရေးတစ်ခုလုံးအပေါ် သက်ရောက်မှုရှိစေသည့် ပိုမို ကျယ်ပြန့်သော ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှု အစီအစဉ်များဖြစ်သည်။
အမေရိကန်နဲ့ အီးယူ ပိတ်ဆို့မှု သရုပ်ဖော်ထားစဉ်
၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအပေါ် ချမှတ်သည့် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု Executive Order 14014 သည် မြန်မာလေတပ်နှင့် လောင်စာဆီ ထောက်ပံ့မှုတွင် ဆက်နွှယ်မှုရှိသည့် လူပုဂ္ဂိုလ်များနှင့် စီးပွားရေး လုပ်ငန်းများကို တားမြစ်ကန့်သတ်ချက်များ အပါအဝင် ပစ်မှတ်ထားပိတ်ဆို့မှု အစီအစဉ်များဖြစ်သည်။
ထို့ပြင် လူ့အခွင့်အရေးနေ့ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်ကလည်း အမေရိကန်သည် ဗြိတိန်၊ ကနေဒါ၊ အီးယူတို့နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
အတိတ်ကာလက ပိတ်ဆို့မှုများ
******************************
အတိတ်ကာလကလည်း အမေရိကန်သည် မြန်မာနိုင်ငံအပေါ် အလားတူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့် သမိုင်း ကြောင်း ရှိခဲ့ဖူးသည်။
မြန်မာ့အရေး လေ့လာစောင့်ကြည့်သူများအကြား အတိတ်ကာလက မြန်မာနိုင်ငံအပေါ် ချမျတ်ခဲ့သည့် ပိတ်ဆို့မှု များသည် ထိရောက်မှု ရှိ/မရှိဆိုသည့် အချက်အပေါ် ကာလကြာရှည် ငြင်းခုံခဲ့ကြသည်။
လေ့လာစောင့်ကြည်သူ အများစုကမူ ထိုပိတ်ဆို့မှုများသည် ဒီမိုကရေစီစနစ်ကို ပြန်လည်ထိန်းသိမ်းမှုနှင့် ပတ်သက် ပြီး တပ်မတော်၏ ဆုံးဖြတ်ချက်ချမှတ်မှုအပေါ် အနည်းငယ်သာ သက်ရောက်မှုရှိခဲ့ကြောင်း ကောက်ချက်ချခဲ့ကြ သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများသည် ပိတ်ဆို့မှုဖိအားများထက် တပ်မတော်၏ လမ်းပြမြေပုံထဲတွင် ပါဝင်သည့် အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ယူဆခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် အတိတ်ကာလက ပိတ်ဆို့မှုများထဲတွင် မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အဓိက အခန်းကဏ္ဍများထဲ၌ ပါဝင်သည့် အထည်ချုပ်နှင့် အထည်အလိပ် လုပ်ငန်းများလည်း ပါဝင်ခဲ့သည်။
ထိုလုပ်ငန်းများသည် တပ်မတော်နှင့် ဆက်နွှယ်မှုမရှိသဖြင့် မြန်မာနိုင်ငံ၏ ပုဂ္ဂိလိက စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေခဲ့သည်။
မြန်မာ့တပ်မတော်ကို ဆန့်ကျင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေကြစဉ်
ယခုနောက်ဆုံးချမှတ်ခဲ့သည့် ပိတ်ဆို့မှုများမှာမူ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ ၊ မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး လိမိတက် (MEC) ၊ မြန်မာ့
ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၊ မြန်မာ ကျွန်းသစ် ရောင်းဝယ်ရေးလုပ်ငန်း နှင့် မြန်မာ့ ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းများကဲ့သို့ တပ်မတော်က ပိုင်ဆိုင်သည့် သို့မဟုတ် ဆက်နွှယ်မှုရှိသော စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။
သို့သော် မြန်မာနိုင်ငံကို ပိတ်ဆို့မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့ခြင်းမရှိသည့် ကုလသမဂ္ဂ၏ ဖိအားကင်းမဲ့နေသဖြင့် နိုင်ငံတကာ စံနှုန်းများအရ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများသည် မြောက်ကိုရီးယားနှင့် အီရန်ကဲ့သို့ အခြား နိုင်ငံ များအပေါ် ချမှတ်သည့် ကုလသမဂ္ဂ၏ ပိတ်ဆို့မှုများနှင့် တူညီမှုမရှိခဲ့ပေ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် တရုတ်နှင့် ရုရှားသည် မြန်မာနိုင်ငံကို ရှုံ့ချခဲ့ခြင်းမရှိသဖြင့် လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံအား ပိတ်ဆို့မှုများ ချမှတ်နိုင်ခြေမရှိပေ။
ထို့ကြောင့် မြန်မာနိုင်ငံ အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ၏ တုန့်ပြန်မှုများအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း အကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပွားခဲ့သည်။
အနောက်နိုင်ငံများက ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးပိတ်ဆို့မှုများဖြင့် မြန်မာနိုင်ငံကို ဖယ်ကြဉ်ရန် ဆုံးဖြတ်ခဲ့ချိန် တွင် အရှေ့အာရှနှင့် အာဆီယံနိုင်ငံများက မြန်မာ့တပ်မတော်နှင့် သံတမန်ဆက်ဆံရေး၊ ကုန်သွယ်မှု ဆက်ဆံရေး များကို ထိန်းသိမ်းထားခဲ့သည်။
ထို့ပြင် အာဆီယံနိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုချသည့် နိုင်ငံများထဲတွင် ပါဝင်ခဲ့ခြင်းမရှိဘဲ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ဆက်ဆံရေးများ ခိုင်မာလာမည့် အလားအလာ၌ ရှိနေသည်။
မြန်မာနိုင်ငံအပေါ် ပထမဆုံးအကြိမ် ချမှတ်သည့် ပိတ်ဆို့မှုများ ချမှတ်ခဲ့သော ၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ် ကာလ အတွင်း မြန်မာနှင့် အနောက်နိုင်ငံများအကြား ကုန်သွယ်ရေးများ ကျဆင်းခဲ့ပြီး မြန်မာနှင့် အာဆီယံအကြား စီးပွားရေးဆက်ဆံရေးများ ပိုမိုခိုင်မာလာခဲ့သည်။
အရှေ့အာရှနှင့် အာဆီယံနိုင်ငံများအတွက် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးများကို ထိန်းသိမ်းခြင်းသည် စီးပွားရေး အခွင့်အလမ်းများကို အထောက်အကူ ရရှိစေရုံသာမက မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို အနီးကပ် စောင့်ကြည့် နိုင်မည့် မဟာဗျူဟာတစ်ခုကိုလည်း ရရှိခဲ့ခြင်းဖြစ်သည်။
ပိတ်ဆို့မှုများ အလုပ်ဖြစ်၊ မဖြစ်
*****************************
အမေရိကန်၏ ပိတ်ဆို့မှုများသည် တပ်မတော်ကို အထိနာစေနိုင်သည့် အလားအလာရှိသော်လည်း ထိုပိတ်ဆို့မှု များသည် တပ်မတော်ကို အညံ့ခံစေမည့် အခြေအနေသို့ ရောက်ရှိစေမည် မဟုတ်ပေ။
အနောက်နိုင်ငံများအတွက် ၎င်းတို့၏ ပိတ်ဆို့မှုများတွင် စိန်ခေါ်ခံနေရသည့် အခြေအနေတစ်ခုမှာ ဂျက်လေယာဉ် လောင်စာဆီများ ရောင်းဝယ်မှုဖြစ်သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ ၂၀၂၃ ခုနှစ်က Deadly Cargo အစီရင်ခံစာတွင် မြန်မာ့တပ်မတော် သည် အမေရိကန်၏ ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့်တိုင် ဂျက်လေယာဉ် လောင်စာဆီများကို မည်ကဲ့သို့ ရရှိနိုင်သည်ဆိုသော အချက်ကို အလေးထားဖော်ပြခဲ့သည်။
မြန်မာနိုင်ငံအလံကို လွှမ်းခြုံထားသူ တစ်ဦးကိုတွေ့ရစဉ်
အကြောင်းရင်းမှာ ဂျက်လေယာဉ် လောင်စာအတွက် လိုအပ်သည့် မြန်မာနိုင်ငံ၏ သန့်စင်ပြီး ရေနံဆီများ၏ ၉၅ ရာခိုင်နှုန်းကျော်သည် ဒေသတွင်း ကုန်သွယ်ဖက်နိုင်ငံများထံမှ ရရှိခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်ကတည်းက တရုတ်၊ ထိုင်း၊ စင်္ကာပူနှင့် ရုရှားတို့သည် မြန်မာ့တပ်မတော်အတွက် ဂျက်လေယာဉ် လောင်စာဆီများကို ထောက်ပံ့ပေးခဲ့သဖြင့် တပ်မတော်သည် နိုင်ငံတစ်ဝန်း လေကြောင်းစစ်ဆင်ရေးများကို ပြုလုပ်နိုင်ခဲ့သည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဂျက်လေယာဉ် လောင်စာဆီကဏ္ဍအား ပိတ်ဆို့မှုများကို ချဲ့ထွင်ခဲ့သည့် တိုင် ထိုပိတ်ဆို့မှု၏ အကျိုးသက်ရောက်မှုကို ရှင်းလင်းစွာ မသိရသေးပေ။
ထို့ကြောင့် ခြုံငုံသုံးသပ်ရမည်ဆိုပါက ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိသေးသည့် အနာဂတ်တစ်ခုတွင် အာဆီယံသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ချမှတ်နိုင်ခြေမရှိသဖြင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ဒီမိုကရေစီကို တိုးတက်စေမည်ဆိုသည့် အချက်အပေါ် သံသယများ မြင့််တက်စေလိမ့်မည်ဖြစ်သည်။
Source: Asia Times

- By CNI
- Category: ဆောင်းပါး
- Hits: 1676
CNI Article
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ဟု ပြောလိုက်သည်နှင့် ရှမ်းနီပြည်သူ့စစ်ဟု အများစုက ရောထွေးကာ နားလည်လေ့ရှိသည်။
ရှမ်းနီပြည်သူ့စစ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ကွဲပြား ခြားနားကြပြီး ရပ်တည်ချက်များလည်း မတူကြပေ။
လွယ်လွယ်ပြောရလျှင် ကားမိုင်း-တာလောကြီးဘက်မှာ လှုပ်ရှားနေတဲ့ ရှမ်းနီ လက်နက်ကိုင်များသည် ရှမ်းနီ ပြည်သူ့စစ်များဖြစ်သည်(သို့သော် ရှမ်းနီပြည်သူ့စစ်ဟု သီးသန့်နာမည်တပ် မှည့်ထားခြင်းမဟုတ်ဘဲ တာလောကြီး ပြည်သူ့စစ်- ဌာနေပြည်သူ့စစ်ဟုသာ အမည်တပ်ထားသည်)။
ပြည်သူ့စစ်ဆိုသည်မှာ သုံးမျိုးသုံးစားရှိသည်။ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ကနေ ငြိမ်းချမ်းရေးယူပြီး အသွင်ပြောင်း ဖွဲ့စည်းသည့် အဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် သူခိုး၊ ဓားပြရန် ကာကွယ်ရေးအတွက် ကိုယ့်သဘောဆန္ဒဖြင့် ဖွဲ့စည်းသည့်အဖွဲ့၊ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များနှင့် တခြားသော ရည်ရွယ်ချက် အမျိုးမျိုးဖြင့် တည်ငြိမ်မှုပျက်ပြားအောင်လုပ်သည့် အင်အားစုများကို တိုက်ခိုက်ရန် တပ်မတော်က ဖွဲ့စည်းပေး သည့်အဖွဲ့ ဟူ၍ ဖြစ်သည်။
အဆိုပါ သုံးမျိုးသုံးစားထဲမှာ မပါဘဲ တပ်မတော်ကို တော်လှန် တိုက်ခိုက်နေသည့် လက်နက်ကိုင်များကိုတော့ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့(EAO)ဟု ခေါ်ဝေါ်လေ့ရှိပါသည်။
ထိုအထဲတွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့ဖြစ်သည်ဟု ရပ် တည်လျက်ရှိပြီး မည်သည့် အဖွဲ့အစည်း၏ လက်အောက်ခံ- အသုံးချခံမှ မဟုတ်ဘဲ လွတ်လပ်သော တပ်ဖွဲ့ဖြစ် သည်ဟု ဆိုလေသည်။
ထို့ကြောင့် ရှမ်းနီ ဆိုသောနာမည်မျိုးပါသော လက်နက်ကိုင် အားလုံးသည် တူညီကြခြင်းမဟုတ်ဘဲ တချို့က ပြည်သူ့စစ်ဖြစ်ပြီး တချို့က EAO ဖြစ်သည်။
KIA- PDF ကို တွေ့ရစဉ်
အထက်ပါ အခြေအနေများကတော့ SNA ကို ရှမ်းနီပြည်သူ့စစ်များဟု ထင်နေခြင်းအပေါ် မိမိ သုတေသန လုပ် ကာ စုဆောင်းထားသည့် အချက်အလက်များကနေ တဆင့် အခြေခံပြီး ရှင်းလင်းပြခြင်းဖြစ်သည်။
ထို့နောက် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) စတင် ပေါ်ပေါက်လာခြင်းနှင့် မည်သည့် ဒေသများတွင် လှုပ်ရှား နေသလဲ၊ မည်သည့် ရည်ရွယ်ချက်ဖြင့် ရပ်တည်နေသလဲ၊ တည်ငြိမ်မှု အားနည်းနေသည့် စစ်ကိုင်းတိုင်းဒေသကြီး ထဲမှာ SNA က ဘယ်လောက်အထိ အရေးပါနေသလဲ ဆိုသည့် အခြေအနေများကို စုဆောင်းထားမိသော အချက် အလက်များအရ နားလည်မိသည့် အခြေအနေကို တင်ပြပါမည်။
SNA သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့သည်။ စတင် ဖွဲ့စည်းစဉ်က အားမကောင်းခဲ့သော် လည်း ယခုမျက်မှောက်ခေတ်မှာတော့ အင်အားကြီးလာသလို နယ်မြေတော်တော်များများလည်း လှုပ်ရှားလာနေ နိုင်သည်ကို တွေ့ရသည်။
လက်ရှိတွင် SNA သည် တပ်မဟာ (၄)ခုကို ဖွဲ့စည်းထားသည်။ တပ်မဟာ ၇၅၃ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ရွှေပြည်အေးမြို့နယ်၊ ချင်းတွင်းမြစ်တစ်လျှောက် မင်းကင်းအစပ်ထိ လှုပ်ရှားသည်။
တပ်မဟာ ၉၇၂ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်- နမ့်တောစံပြကျေးရွာမှ ဥရုချောင်းတစ် လျှောက်၊ ဆယ်ဇင်း-ဖားကန့်၊ အင်းတော်ကြီးတစ်လျှောက်၊ ကားမိုင်းဒေသ စသည့် နယ်မြေများတွင် လှုပ်ရှား သည်။
တပ်မဟာ ၈၉၁ သည် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်၊ သောင်သွတ်၊ ချင်းတွင်းတစ်ဖက်ကမ်း သနန့်မြို့ သစ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ အိန္ဒိယနယ်စပ်တို့တွင် လှုပ်ရှားသည်။
တပ်မဟာ ၆၁၄ သည် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်၊ အင်းတော်မြို့နယ်၊ ဝန်သိုအစပ်နှင့် အထက် ကချင်ပြည်နယ် သံလမ်းရိုးတစ်လျှောက် လှုပ်ရှားသည်။
ရှမ်းနီတိုင်းရင်းသားများကို တွေ့ရစဉ်
SNA ၏ လှုပ်ရှား နယ်မြေများတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)တို့ တိုက်ပွဲများဖြစ်ကာ ဒေသတည်ငြိမ်မှု ပျက်ပြားလျက်ရှိသည်။ ထို့ကြောင့် SNA သည် ရှမ်းနီနယ် မြေ တည်ငြိမ် အေးချမ်းရေးအတွက် ကာကွယ်ရန် တာဝန်ရှိလာသလို ဒေသတွင်းနေ တိုင်းရင်းသားလူမျိုးပေါင်း စုံကို စောင့်ရှောက်ရန်လည်း တာဝန်ရှိလာသည်။
SNA ၏ နိုင်ငံရေး ရည်မှန်းချက် ၅ ရပ်ဖြစ်သည့် (၁) ဒေသခံ ပြည်သူလူထုအပေါ် လက်နက်ကိုင် အနိုင်ကျင့် ဗိုလ် ကျစိုးမိုးနေမှုများကို ကာကွယ်သွားမည်၊ (၂) မူးယစ်ဆေးဝါး အန္တရာယ်များကို ကာကွယ်သွားမည်၊ (၃) ဒေသတွင်း ရှိ ပြည်သူလူထုများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ စိုက်ပျိုး မွေးမြူရေး၊ လူနေ မှု ဘဝမြှင့်တင်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပြုလုပ်ဆောင်ရွက်သွားမည်၊ (၄) ဒေသတွင်းရှိ သဘာဝ ပတ်ဝန်းကျင်များကို ကာကွယ်၊ တားဆီး၊ ထိန်းသိမ်း၊ စောင့်ရှောက်သွားမည်၊ (၅) တိုင်းရင်းသားများ၏ တန်းတူ ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အခြားသော တိုင်းရင်း သားများနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဟု ဆိုထားသည့်အတွက် ဒေသတည်ငြိမ်ရေးနှင့် ဒေသခံများကို ကာကွယ်စောင့်ရှောက်ရန် စဉ်းစားရမည်။
ထို့ကြောင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများတွင် မည်သည့် ဘက်ကနေ ပါဝင် တိုက်ခိုက်မလဲ၊ မည်သည့်ဘက်မှ မပါဝင်ဘဲ သီးသီးသန့်သန့် နေပြီးတော့ ကာကွယ်ရေး မဟာဗျူဟာကို ကျင့်သုံး မလား SNA အနေဖြင့် စဉ်းစားရမည့် အနေအထားမှာ ရှိနေနိုင်သည်။
အဆိုပါ အခင်းအကျင်း ၂ ရပ်အတွင်းမှာ အဆိုးအကောင်း တွဲဖက်နေမည် ဖြစ်သည့်အတွက် သေချာစဉ်းစားပြီးမှ မဟာဗျူဟာချ ဆောင်ရွက်ရမည့် အနေအထားလည်း ဖြစ်နေလိမ့်မည်။
မြန်မာ့တပ်မတော်ဘက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီးကို ထိန်းချုပ်ချင်နေသည့်အတွက် KIA-PDF လှုပ်ရှားမှု ကို ထိန်းချုပ်လိုသည့် အနေအထားရှိနေနိုင်သည်။ ထို့ကြောင့် မည်သူက ရန်သူ၊ မည်သူက မဟာမိတ်ဖြစ်နိုင်သလဲ၊ မည်သူက ယာယီလက်တွဲဖော်ဖြစ်မလဲ စဉ်းစားကာ ချဉ်းကပ်မှုများလည်း လုပ်လာနိုင်သည်။
အလားတူ KIA-PDF ဘက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီးကို ထိန်းချုပ်ချင်နေသည့်အတွက် မြန်မာ့တပ်မတော် ကို ပိုမို အားကောင်းသည့် တိုက်ခိုက်မှုကို လုပ်နိုင်ရေးအတွက် အဟန့်အတား ဖြစ်နေနိုင်သည်ဟုဆိုသော တခြား သော အင်အားစုများကို တိုက်ခိုက် ရှင်းထုတ်ရေး လမ်းကြောင်းကို ရွေးနိုင်သလို မဟာမိတ်ဖွဲ့ကာ ကိုယ့်ဘက်ပါ အောင် ဆွဲခေါ်မည်ဆိုသော လမ်းကြောင်းကိုလည်း ရွေးချယ်လာနိုင်သည်။
HPDF-124 ကို တွေ့ရစဉ်
ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်းကနေ အထက်ပိုင်းအထိ လှုပ်ရှားနေသော SNA သည် မြန်မာ့ တပ်မတော် အတွက်ရော၊ KIA-PDF အတွက်ရော အရေးပါနေသည့် အနေအထားမှာ ဖြစ်နေသည်။ ထို အနေ အထားမှာ SNA ကို ပါအောင် စည်းရုံးနိုင်သည့်ဘက်က ပိုမို အားသာသည့် အနေအထားကို ရနိုင်ခြေရှိသည်။
မည်သည့်ဘက်ကမှ SNA ကို မဟာမိတ်ဖြစ်အောင် မစည်းရုံးနိုင်ဘူး၊ SNA ကလည်း မည်သည့် အင်အားစုနှင့်မှ မပူးပေါင်းဘဲ လွတ်လပ်တဲ့ အင်အားစု အနေဖြင့်ပဲ ရပ်တည်ပြီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဒေသတွင်း တည်ငြိမ် ရေးအတွက် ကာကွယ်မည်ဆိုလျှင်လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မည်သည့်အင်အားစုမှ အသာစီးရ ဖို့ မဖြစ်နိုင်ပါ။
ထိုနေရာမှာ မေးစရာ တစ်ခုကတော့ SNA သည် မြန်မာ့တပ်မတော်နှင့် ပူးပေါင်းနေသည်ဟု စွပ်စွဲမှုများလည်း ရှိ နေသည့် အခြေအနေဖြစ်သည်။ တခြားတစ်ဖက်မှာတော့ SNA သည် မြန်မာ့တပ်မတော်နှင့် ခန္တီးနှင့် ဟုမ္မလင်း ဒေသအတွင်းမှာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် စွပ်စွဲမှုများက မှန်ကန်ရဲ့လား စဉ်းစားရပြန်သည်။
မည်သို့ပင်ဆိုစေကာမူ လက်ရှိတွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးမှာ အရေး ပါနေသည့် အခြေအနေမှာ ဖြစ်တည်နေသလို မဟာဗျူဟာနှင့်နည်းဗျူဟာ ချမှတ်မှု ချွတ်ချော်ခဲ့ပါကလည်း အန္တရာယ်များသည့် အနေအထားကို ရောက်သွားနိုင်သော အခြေအနေမှာလည်း ဖြစ်တည်နေသည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ SNA လှုပ်ရှားနယ်မြေများအတွင်း တည်ငြိမ်အေးချမ်းမှု အခြေအနေ မည်သို့ ဖြစ်တည်လာမလဲဆိုသည်ကိုတော့ စောင့်ကြည့်ရပေတော့မည်။

- By CNI
- Category: ဆောင်းပါး
- Hits: 1038
CNI Sport Article
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉
ပြီးခဲ့တဲ့ရက်ပိုင်းက မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းအတွက် ဟောင်ကောင်ခြေစမ်းပွဲမှာ မပါဝင်နိုင်ခဲ့တာ ကြောင့် ဟောင်ကောင်အစိုးရနဲ့ ပရိသတ်တွေရဲ့ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် ခံခဲ့ရတယ်ဆိုတာ အားလုံး လည်း သိရှိထားပြီးဖြစ်ပါတယ်။
မက်ဆီဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ အယ်လ်နာဆာအသင်းနဲ့ ခြေစမ်းပွဲမှာ မိနစ်အနည်းငယ် ပါဝင်ကစားခဲ့ပေမယ့် ဟောင်ကောင်ခြေစမ်းပွဲမှာ လူစားဝင် စာရင်းထဲတောင် မပါဝင်ခဲ့တာပါ။
ပရိသတ်တွေ အချို့ဆို မက်ဆီ ပါဝင်တဲ့ဒီပွဲကို ကြည့်ဖို့အတွက် အဝေးကြီးကနေ လာရောက်ပြီး လက်မှတ်ခတွေကို သတ်မှတ်ထားတဲ့စျေးနှုန်းထက် အများကြီးပေးပြီး ဝယ်ခဲ့ရပါတယ်။
မက်ဆီဟာ ဒီပွဲမှာ မိနစ်အနည်းငယ်လောက်သာ ပါဝင်ကစားခဲ့မယ်ဆိုရင် ပရိသတ်တွေအတွက် ကျေနပ်မှုရမှာ ဖြစ်ပေမယ့် သူကတော့ ဒဏ်ရာကြောင့် ဒီပွဲမှာ ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ဟောင်ကောင်အစိုးရဟာ မက်ဆီ ပါဝင်မယ့်ဒီပွဲအတွက် သူတို့ရဲ့ရန်ပုံငွေထဲက ငွေကြေးတွေ ထုတ်ယူသုံးစွဲပြီး အားကစားကွင်းနဲ့ ဒီပွဲအတွက် အသုံးပြုခဲ့ကြပေမယ့် မက်ဆီ ပါဝင် မကစားခဲ့တာကြောင့် အတော်လေးစိတ်ပျက်ခဲ့ ကြပါတယ်။
ပရိသတ်တွေဆိုရင် အင်တာမိုင်ယာမီအသင်း ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်း စကားပြောနေတဲ့အချိန်မှာ သူတို့ရဲ့ လက်မှတ်ခတွေကို ပြန်အမ်းပေးဖို့နဲ့ အင်တာမိုင်ယာမီအသင်းကို လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဟောင်ကောင် ပရိသတ်တွေ မက်ဆီကို ဒေါသထွက်နေကြစဉ်
မက်ဆီဟာ ဒီပွဲအပြီး တိုကျိုခြေစမ်းပွဲခရီးစဉ်ကို ရောက်ရှိချိန် မီဒီယာတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ သူဟာ ဟောင်ကောင်ခြေစမ်းပွဲကို ပါဝင်ကစားချင်ပေမယ့် ဒဏ်ရာကြောင့် မကစားနိုင်ခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။
ဒါအပြင် ဟောင်ကောင်မှာ ကစားမယ့် နောက်တစ်ပွဲမှာ သူပါဝင်ကစားနိုင်ဖို့ မျှော်လင့်တယ်လို့ ထုတ်ဖော်ပြောခဲ့ တာပါ။
မက်ဆီ ပါဝင် မကစားနိုင်ခဲ့လို့ စိတ်ပျက်နေတဲ့ ဟောင်ကောင်အစိုးရနဲ့ ပရိသတ်တွေအတွက် ဒေါသထွက်စရာက ပိုပြီးတိုးလာခဲ့ပါတယ်။
ဒါကတော့ မက်ဆီဟာ တိုကျိုခြေစမ်းပွဲဖြစ်တဲ့ ဗစ်ဆဲလ်ကိုဘီအသင်းနဲ့ ပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် ပါဝင်ကစားပေးသွားခဲ့တာပါ။
မက်ဆီဟာ ဒီပွဲမှာ ပွဲချိန်ပြည့် ကစားခဲ့တာ မဟုတ်ဘဲ မိနစ် ၆၀ မှ လူစားဝင်ပြီး မိနစ် ၃၀ သာ ကစားသွားခဲ့တာပါ။
ဒီအချိန်မှာ တရုတ်အစိုးရထုတ် Global Times သတင်းစာက မက်ဆီ မပါဝင်နိုင်ခဲ့တာက ဟောင်ကောင်အပေါ်မှာ ကွဲပြားခြားနားတဲ့ ဆက်ဆံမှုတွေအတွက် မေးခွန်းထုတ်စရာတွေ ရှိလာတယ်လို့ ဖော်ပြခဲ့ပါတယ်။
တိုကျိုခြေစမ်းပွဲမှာ မက်ဆီ ကစားနေစဉ်
တကယ်လည်း မက်ဆီဟာ အင်တာမိုင်ယာမီအသင်း ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲ ၆ ပွဲမှာ ဟောင်ကောင် ခြေစမ်းပွဲက လွဲပြီး ကျန်တဲ့ ၅ ပွဲစလုံး ပါဝင်ကစားသွားခဲ့တာ ဖြစ်ပါတယ်။
ဟောင်ကောင်အစိုးရက မက်ဆီအနေနဲ့ သူတို့ရဲ့ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ပေမယ့် နောက် ၃ ရက်အကြာမှာ ကစားတဲ့ ပွဲမှာ ပါဝင်နိုင်ခဲ့တဲ့အပေါ် ကျိုးကြောင်းဆီလျော်တဲ့ ဖြေရှင်းချက်ပေးဖို့ အင်တာမိုင်ယာမီအသင်းနဲ့ ပွဲစီစဉ်သူတွေကို ကြေညာချက် ထုတ်ပြန်ပြီး ပြောခဲ့တာပါ။
ဟောင်ကောင်အစိုးရရဲ့ အကြီးတန်းအကြံပေး ဖြစ်တဲ့သူကလည်း ဟောင်ကောင်ပြည်သူတွေဟာ မက်ဆီ၊ အင်တာမိုင်ယာမီနဲ့ သူတို့နောက်ကွယ်မှာရှိတဲ့ လက်မည်းတွေကို မုန်းတီးတယ်လို့ ဒေါသတကြီး တုန့်ပြန့်ထား ပါတယ်။
ဒါအပြင် မက်ဆီကိုလည်း ဟောင်ကောင်ထံ ဘယ်တော့မှ လာရောက်ဖို့ ခွင့်မပြုသင့်ဘူးလို့ ပြောခဲ့ပါတယ်။
မက်ဆီကတော့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် အခြေအနေတွေဟာ ပိုပြီးကြီးထွားလာနေပြီ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ဟောင်ကောင်ခြေစမ်းပွဲမှာ မက်ဆီ မပါဝင်နိုင်ခဲ့တဲ့အတွက် တောင်းပန်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မက်ဆီ မပါလို့ လက်မှတ်ခပြန်တောင်းနေကြစဉ်
ဒါပေမယ့် အင်တာမိုင်ယာမီ အသင်းအနေနဲ့ မက်ဆီရဲ့ပုံရိပ်ကို အသုံးချပြီး ပိုက်ဆံရှာဖွေနေတာလား ဒါမှမဟုတ် မက်ဆီဟာ ဒဏ်ရာကြောင့် အမှန်တကယ် မကစားနိုင်တာလား ဒါမှမဟုတ် နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေလဲ ဆိုတာတော့ ကာယကံရှင်တွေနဲ့ အသင်းကလွဲပြီး ဘယ်သူကမှ သိရှိနိုင်မှာ မဟုတ်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အင်တာမိုင်ယာမီနဲ့ မက်ဆီတို့ရဲ့ ၂၀၂၄ ခုနှစ် ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်ဟာ စိတ်ပျက်စရာ တွေနဲ့ အဆုံးသတ်ရဖို့ ရှိနေတာဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 1218
CNI Article
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက-SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲ ကျင်းပ သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်း ပေးအပ်သွား မည်ဖြစ်ကြောင်း မကြာခဏ ပြောကြားလျက်ရှိသည်။
သို့သော် နစကသည် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲမှာ အထွေထွေရွေးကောက်ပွဲလား သို့မဟုတ် ကြားဖြတ် ရွေးကောက်ပွဲလား ဆိုသည့် အခြေအနေကိုတော့ တိတိကျကျ ယတိပြတ် ပြောကြားခြင်း မရှိသေးပေ။
အလားတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း အငြင်းပွားမှုအား မစစ်ဆေးဘဲ နိုင်ငံတော်အာဏာကို ရအောင်ကြိုးပမ်းသည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရအား ဖြုတ်ချခဲ့သည့်တိုင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်သည် ပျက်ပြယ်သွားပြီးလား မပျက်ပြယ်သေးဘူးလားဆိုသည့် အပေါ်မှာလည်း တိတိကျကျ ယတိပြတ် ထုတ်ပြန် ကြေညာထားခြင်း မရှိသေးပေ။
ထို့ကြောင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောနေသည့် ရွေးကောက်ပွဲ အသစ်သည် အထွေထွေ ရွေးကောက်ပွဲလား၊ ကြားဖြတ်ရွေးကောက်ပွဲလား မည်ကဲ့သို့သော် ရွေးကောက်ပွဲမျိုးကို ကျင်းပမှာလဲ စဉ်းစား စရာ(မေးခွန်းထုတ်စရာ)ဖြစ်နေသည်။
လတ်တလောမှာတော့ ရွေးကောက်ပွဲကို မည်သည့် အချိန်ကာလမှာ ကျင်းပသွားမည်ဟု နစကဘက်က မပြော သေးဘဲ ၂၀၂၄ ခုနှစ်အတွင်းမှာ လူဦးရေသန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ကြောင်းနှင့် လူဦးရေ သန်းခေါင် စာရင်း ကောက်ယူပြီးမှ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပြောထားသည့်အတွက် နစက၏ ရွေးကောက်ပွဲ သည် ၂၀၂၅ သို့မဟုတ် ၂၀၂၆ လောက်မှ ကျင်းပလာနိုင်ခြေရှိသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က NLD အစိုးရကို ဖြုတ်ချပြီးနောက် တပ်မတော်က လုံခြုံရေးယူထားစဉ်
မည်သို့ပင်ဆိုစေကာမူ နစကသည် ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံရေး ထွက်ပေါက်ကို ရှာဖွေမည်ဖြစ်သည်။
သို့သော် တခြားတစ်ဖက်တွင် မြန်မာနိုင်ငံ အနှံ့အပြားမှာ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်စွာ ဖြစ်ပွားနေ သလို နစကသည် နယ်မြေလက်လွတ် ဆုံးရှုံးထားမှုများကလည်း ပိုမိုများပြားလာနေသည်။
ထို့ကြောင့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲများ ကျင်းပခဲ့ပြီးသည့် မဲဆန္ဒနယ်များထက် နစက လက်ထပ် ကျင်းပမည့် ရွေးကောက်ပွဲမဲဆန္ဒနယ်များက ပိုမို လျှော့နည်းလာနိုင်ပါသည်။
ထိုအခြေအနေမျိုးတွင် နစကသည် အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်လား သို့မဟုတ် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပမည်လား စဉ်းစားစရာရှိလာသည်။ အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဆိုလျှင် တော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်က အလိုလို ပျက်ပြယ်ပြီးသားဖြစ်မည်ဟု ယူဆ၍ ရနိုင်ပါသည်။
ထိုကဲ့သို့မဟုတ်ဘဲ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပလာမည်ဆိုပါက ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် ကို နစကသည် ဖျက်သိမ်းထားခြင်းမရှိဘဲ ခဏဆိုင်းငံ့ထားခြင်းဖြစ်သည်ဟု ယူဆနိုင်ပြီး ကြားဖြတ်ရွေးကောက် ပွဲမှာ အနိုင်ရသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် စုပေါင်း၍ လွှတ်တော်ကို ကျင်းပလာခြင်းနှင့် ရွေးကောက် ခံ နိုင်ငံရေးပါတီ အစိုးရတစ်ရပ် ဖွဲ့စည်းခြင်းများ ပြုလုပ်လာနိုင်ပါသည်။
နိုင်ငံရေးပါတီများနှင့် UEC တွေ့ဆုံပြီး မဲပေးစနစ်ကို ရှင်းပြနေစဉ်
ထိုအခြေအနေတွင် အငြင်းပွားစရာ တချို့ရှိလာနိုင်ပါသည်။ ထိုအငြင်းပွားစရာများက လူထုက လက်ခံခြင်း/ လက်မခံခြင်း အပါအဝင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် မဖျက်သိမ်းဘူးဆိုပါက အနိုင်ရထားသော NLD လွှတ်တော်အမတ်များကို ပြန်လည်အ သိအမှတ်ပြုရမည် မဟုတ်ဘူးလား ဆိုသော အချက်များဖြစ်ပါ သည်။
သို့သော် နစက-က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့တွင် အသစ်ပြဋ္ဌာန်းလိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေနှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့၌ ပြင်ဆင်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်သည့်ဥပဒေဖြင့် ပြန်လည် ချိန်ထိုးကြည့်ရမည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်က ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂ (ဆ) ကြား ဖြတ်ရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော်ပုံမှန်သက်တမ်း တစ်ရပ်အတွင်း မဲဆန္ဒနယ်တစ်ခုခု၌ ရွေးကောက်ပွဲ ရွှေ့ဆိုင်းထားရခြင်းကြောင့်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦး နုတ်ထွက်ခြင်း၊ ကွယ်လွန်ခြင်း၊ ဥပဒေ နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရခြင်း သို့မဟုတ် တာဝန်မှ ရုပ်သိမ်းခံရခြင်းကြောင့်ဖြစ်စေ လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်များအတွက် အခါအားလျော်စွာ ကော်မရှင်က သတ်မှတ်ကျင်းပသည့် ရွေး ကောက်ပွဲကိုဆိုသည်ဟု ပြဋ္ဌာန်းထားသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂ (ဆ) ကြားဖြတ်ရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦး နုတ်ထွက်ခြင်း၊ ကွယ်လွန်ခြင်း၊ ဥပဒေ နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရခြင်း သို့မဟုတ် တာဝန်မှ ရုပ်သိမ်းခံရခြင်းကြောင့် လစ်လပ် လျက်ရှိသော မဲဆန္ဒနယ်များအတွက် အခါအားလျော်စွာ ကော်မရှင်က သတ်မှတ် ကျင်းပသည့် ရွေးကောက်ပွဲ ကို ဆိုသည်ဟု ပြဋ္ဌာန်းခဲ့သည်။
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
ထူးခြားသည်မှာ လွှတ်တော်ပုံမှန်သက်တမ်း တစ်ရပ်အတွင်း မဲဆန္ဒနယ်တစ်ခုခု၌ ရွေးကောက်ပွဲ ရွှေ့ဆိုင်း ထားရခြင်းကြောင့်ဖြစ်စေ ဆိုသော အချက်ကို ဖြုတ်လိုက်ခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင် နစကသည် လာမည့် ရွေးကောက်ပွဲကို အထွေထွေရွေးကောက်ပွဲအဖြစ် မကျင်းပတော့ဘဲ ကြားဖြတ်ရွေးကောက်ပွဲအဖြစ်သာ ကျင်းပပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်က အနိုင်ရထားသူ များဖြင့် ပေါင်းစည်းကာ လွှတ်တော်၏ ထက်ဝက်ကျော်သော ကိုယ်စားလှယ်ဖြစ် လွှတ်တော်ကျင်းပနိုင်သည့် အချက်ကို ကျော်လွှားသွားနိုင်သလား။
ထိုအခင်းအကျင်း ပုံစံမျိုးဆိုပါက ၂၀၂၀ အထွေထွေရွေးကောက်ရလဒ်ကို နိုင်ငံတကာက အသိအမှတ်ပြုပေး ရမည်ဟု တောင်းဆိုထားသည့် အချက်ကိုလည်း လက်ခံ သဘောတူပြီးသားဖြစ်မည်။
အလားတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရထားသော စစ်တပ်ကို မကြိုက်၍ မပူးပေါင်းလိုသော နိုင်ငံရေးပါတီများအနေဖြင့်လည်း လွှတ်တော်ကို မဖြစ်မနေ တက်ရောက်ပြီး နိုင်ငံရေးကို ဆက်လျှောက်ရတော့ မည်ဖြစ်သည်။
NLD က အနိုင်ရထားသည့်အတွက် NLD အစိုးရဖွဲ့ရမှာလားဆိုသည့် အချက်ကတော့ နည်းနည်း ရှုပ်ထွေးနိုင်ပါ သည်။
အဘယ်ကြောင့်ဆိုသော လက်ရှိ မြန်မာ့နိုင်ငံရေး ပဋိပက္ခတွင် NLD အမတ်အများစုသည် လက်နက်ကိုင် နည်းလမ်းကို ရွေးချယ်ထားကြသလို NUG ထဲမှာလည်း ပါဝင်လျက်ရှိနေခြင်းကြောင့် ဥပဒေနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရခြင်း သို့မဟုတ် တာဝန်မှ ရုပ်သိမ်းခံရခြင်းများ ဖြစ်လာနိုင်သည်။
တချို့ကလည်း ကွယ်လွန်သွားကြသလို စစ်တပ်နှင့်မပူးပေါင်းလိုခြင်းကြောင့် မိမိသဘောဆန္ဒအလျောက် နုတ် ထွက်ကြမည်ဖြစ်၍ NLD ကိုယ်စားလှယ် အနိုင်ရထားသော မဲဆန္ဒနယ်မှာ ဒုတိယမဲအများဆုံးဖြစ် ရပ်တည်နေ သူကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က အနိုင်ရကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုပေးလာ နိုင်သည်။
အဆိုပါ အခင်းအကျင်း အတိုင်းဆိုလျှင် နစက၏ လာမည့် ရွေးကောက်ပွဲသည် အထွေထွေထက် ကြားဖြတ်ရွေး ကောက်ပွဲလောက်သာ ကျင်းပလာနိုင်သည်။
ရွေးကောက်ပွဲ မဲရလဒ်ကို ကြေညာနေစဉ်
ထို့နောက် ရွေးကောက်ခံ အစိုးရတစ်ရပ်နှင့် လွှတ်တော် အခင်းအကျင်းပေါ်လာပြီး အတိုက်အခံ တချို့လည်း လွှတ်တော်အတွင်းသို့ ရောက်ရှိလာမည် ဖြစ်သည်။
ထိုအခြေအနေအတိုင်း ဖြစ်တည်လာပါက ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ စသည့် အာဏာ ၃ ရပ်ကို လူတစ်ဦးတည်းက ကိုင်တွယ်ထားသော အခြေအနေကို ကျော်လွှားနိုင်ပြီး အာဏာ ၃ ရပ်ကို ဖြန့်ခွဲလိုက်နိုင်မည် ဖြစ်သည်။
ထိုသို့ အာဏာ ၃ ရပ်ကို အခန်းကဏ္ဍ တစ်ခုစီ ခွဲခြားထားနိုင်သည့်အခါမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် တပ်မတော်မှာဘဲ ဆက်နေမလား သို့မဟုတ် အစိုးရတာဝန်ကိုပဲ ယူမလား ကိုယ်တိုင်ရွေးချယ်ရတော့ မည်။
မည်သို့ပင်ဆိုစေကာမူ လွှတ်တော်၊ အစိုးရနှင့် တပ်မတော်ဆိုသော အင်စတီးကျူးရှင်းများ သီးခြားစီဖြစ်တည် နေရန်လိုအပ်သည်။ သို့မဟုတ်ဘဲ လူတစ်ဦးတည်း၏ လက်ထဲမှာပဲ အာဏာ ၃ ရပ်ကို ထားထားရမည်ဆိုပါက တိုင်းပြည်သည် တိုးတက်လာနိုင်ခြေထက် ပိုမိုဆုတ်ယုတ်လာနိုင်ခြေက များသည်။
ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြင်ဆင်သည့်ဥပဒေသည် နစက၏ နိုင်ငံရေး မဟာဗျူဟာ တစ်ရပ်လား၊ တိုင်းပြည်နှင့်ပြည်သူလူထုအတွက် ထွက်ပေါက်တစ်ခုလား ဆိုသည်ကိုတော့ စောင့်ကြည့်ရပေ တော့မည်။