
- By CNI
- Category: Travel
- Hits: 1728
CNI International News
တိုကျို၊ ဇူလိုင် ၃၀
ဂျပန်အာဏာပိုင်များသည် နိုင်ငံအတွင်းရှိ လမ်းများပေါ်တွင် လူတစ်ဦး လိုက်ပါစီးနင်းနိုင်သည့် လျှပ်စစ်ခရီး ဆောင်လက်ဆွဲသေတ္တာ(အိတ်)များ အသုံးပြုမှုကို ထိန်းချုပ်ကန့်သတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ပြည်ပခရီးသွားများသည် လမ်းများပေါ်တွင် အဆိုပါ လျှပ်စစ်ခရီးဆောင် လက်ဆွဲသေတ္တာများကို စီးနင်းရာမှ မတော်တဆမှုများ မြင့်တက်လာခဲ့ပြီးနောက် ဂျပန်အာဏာပိုင်များက စည်းကမ်းတင်းကျပ်မှုများ ပြုလုပ်လာခြင်း ဖြစ်သည်။
မကြာသေးမီက တရုတ်အမျိုးသမီး တစ်ဦးသည် အိုဆာကာ (Osaka) မြို့ရှိ လူသွားစင်္ကြံများပေါ်တွင် ဘီးသုံးဘီး ပါသည့် လျှပ်စစ်ခရီးဆောင် လက်ဆွဲသေတ္တာကို စီနင်းခဲ့သည်ကို တွေ့ရှိခဲ့သည်။
ထို့နောက် ထိုလျှပ်စစ်ခရီးဆောင် လက်ဆွဲသေတ္တာကို တရားမဝင် အသုံးပြုမှုဖြင့် တရားစွဲဆိုခံရသည့် ပထမဆုံး အမှု ဖြစ်လာခဲ့သည်။
လျှပ်စစ်ခရီးဆောင်အိတ်ကို Black pink အဖွဲ့၀င်က စီးနေစဉ်
ဘက်ထရီအားဖြင့် စွမ်းအင်ပေးထားသည့် ထိုလက်ဆွဲသေတ္တာများသည် ပုံမှန်လက်ဆွဲ သေတ္တာများကဲ့သို့ ဖြစ်သော်လည်း လက်ကိုင်များ ဆွဲထုတ်နိုင်ပြီး လိုရာကို သွားလာနိုင်သဖြင့် ခရီးသွားများသည် ၎င်းတို့၏ ခရီးဆောင် သေတ္တာပေါ်တွင်ထိုင်ပြီး စီးနင်းနိုင်သည်။
ထိုလျှပ်စစ် လက်ဆွဲသေတ္တာများကို Black pink အဖွဲ့ဝင်များ အပါအဝင် K-pop ကြယ်ပွင့်များက စီးနင်းခဲ့ကြ သဖြင့် အာရှနိုင်ငံ အများအပြားတွင် ထိုလျှပ်စစ် လက်ဆွဲသေတ္တာများ အသုံးပြုမှုသည် လျင်မြန်စွာ မြင့်တက်လာ ခဲ့သည်။
ယခုလ အစောပိုင်းကလည်း အင်ဒိုနီးရှားနိုင်ငံမှ ယောကျ်ားလေးတစ်ဦးသည် ဂျပန်၏ လူအစည်းကားဆုံး စျေးဝယ် နေရာများထဲတွင် တစ်ခု အပါအဝင် ဖြစ်သည့် အိုဆာကာမြို့ရှိ ဒိုတွန်ဘိုရီ (Dotonbori) ရပ်ကွက်၏ လူသွားစင်္ကြံ လမ်းများပေါ်တွင် လျှပ်စစ်လက်ဆွဲသေတ္တာကို စီးနင်းခဲ့သဖြင့် တာဝန်ရှိသူများက ဟန့်တားခဲ့ရသည်။
လျှပ်စစ်ခရီးဆောင်အိတ်ကိုတွေ့ရစဉ်
ဂျပန်တွင် ပြည်ပခရီးသွား ဝင်ရောက်မှု ကျဆင်းနေချိန်၌ ထိုကဲ့သို့ လျှပ်စစ် လက်ဆွဲသေတ္တာများကို စီးနင်းမှု ကြောင့် မတော်တဆမှုများ မြင့်တက်လာသဖြင့် အာဏာပိုင်များက စည်းမျဉ်းစည်းကမ်းများအား ပြောင်းလဲ ထုတ်ပြန်ခဲ့ရသည်။
လက်ရှိ ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းစည်းကမ်းများအရ ထိုလျှပ်စစ် ခရီးဆောင်လက်ဆွဲသေတ္တာကို မော်တော်ယာဉ် အမျိုးအစားထဲတွင် ထည့်သွင်းသတ်မှတ်လိုက်ပြီး ဘေးကင်းလုံခြုံစွာနှင့် မှန်မှန်ကန်ကန် အသုံးပြုရမည်ဖြစ်ကာ စီးနင်းသူသည် ယာဉ်မောင်းလိုင်စင် ရှိရမည်ဖြစ်ကြောင်း စည်းကမ်းထုတ်ပြန်ခဲ့သည်။
လျှပ်စစ်ခရီးဆောင် လက်ဆွဲသေတ္တာများသည် ဘက်ထရီအားအပြည့် သွင်းထားပါက အလေးချိန် ပေါင် ၂၆၀ ကို တင်ဆောင်ကာ တစ်နာရီ ၈ မိုင်နှုန်းအရှိန်ဖြင့် ၆ မိုင် အကွာအဝေးထိ စီနင်းအသုံးပြုနိုင်သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: Travel
- Hits: 2841
CNI International News
တိုကျို၊ ဇွန်လ ၂၁
ဂျပန်နိုင်ငံတွင် ပြည်ပခရီးသွားများ အများအပြား ဝင်ရောက်နေသဖြင့် လူများ ပြည့်ကျပ်ကာ ခရီးသွားများ၏ မကောင်းသည့် အပြုအမူများကြောင့် ဝေဖန်မှုများ ထွက်ပေါ်နေ၍ ထိုအရေးကိစ္စကို အာဏာပိုင်များက ဖြေရှင်းရန် စီစဉ်နေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုသို့ ဖြေရှင်းမည့် အစီအစဉ်များတွင် ပြည်ပခရီးသွားများအတွက် အခကြေးငွေ ပိုမိုကောက်ခံမှု အပါအဝင် ခရီးသွားကဏ္ဍမှ ရရှိသည့်ဝင်ငွေကို မထိခိုက်စေရန် လုပ်ဆောင်ရမည့် နည်းလမ်းများကို ရှာဖွေလျက်ရှိသည်။
ယခုနှစ် မေလက ဂျပန်သို့ ပြည်ပခရီးသွားဝင်ရောက်မှု ၃ ဒသမ ၀၄ သန်းရှိခဲ့သည်။ ထိုပမာဏသည် ၂၀၁၉ ခုနှစ်၊ မေလကထက် ပြည်ပခရီးသွားဝင်ရောက်မှု ၉ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ဂျပန်အမျိုးသား ခရီးသွား လုပ်ငန်းအဖွဲ့က ဇွန်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ဂျပန်၏ ယန်းငွေတန်ဖိုး ကျဆင်းနေမှုက ခရီသွားများ ပိုမိုဝင်ရောက်လာစေသည့် အကြောင်းရင်းတစ်ခု ဖြစ်နေသည်ဟု တာဝန်ရှိသူများက ပြောသည်။
သက်ကြီးပိုင်း လူဦးရေ များပြားလာပြီး နိုင်ငံ့လူဦးရေ လျော့နည်းလာသည့် ဂျပန်တွင် ခရီးသွားများ၏ ငွေကြေး သုံးစွဲမှုများက စီးပွားရေးလုပ်ငန်း အများအပြားကို အကျိုးအမြတ်များ ရရှိစေခဲ့သော်လည်း ဒေသခံများကမူ ဂျပန်၏ လှပသည့်နေရာများတွင် ခရီးသွားများ ပြည့်နှက်နေမှုနှင့် ဘတ်စ်ကားများပေါ်တွင်လည်း ခရီးသွားများ ပြည့်နှက်နေသဖြင့် အလုပ်သွားရန်ပင် အခက်တွေ့နေမှုတို့ကြောင့် စောဒကတက်မှုများလည်း ရှိလာခဲ့သည်။
ဂျပန်ခရီးသွားများကို တွေ့ရစဉ်
ထို့ကြောင့် ဂျပန်သည် ပြည်ပခရီးသွားများအတွက် အထင်ကရ နေရာများတွင် ဝင်ကြေးကောက်ခံမှုများကို တိုးမြှင့်ရန် စီစဉ်ပြီး ခရီးသွားအရေအတွက်အား လျှော့ချကာ အခကြေးငွေ ပိုမိုကောက်ခံခြင်းဖြင့် ဝင်ငွေလျော့ကျ မသွားစေရန် စီစဉ်လျက်ရှိသည်။
ဂျပန်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သည့် နှစ်သက်တမ်း ၄၀၀ ကျော်ရှိပြီဖြစ်သည့် Himeji ရဲတိုက်တွင် ဒေသခံများကို ဝင်ကြေး ၅ ဒေါ်လာ သတ်မှတ်ထားပြီး ပြည်ပခရီးသွားများကို ဒေါ်လာ ၃၀ သတ်မှတ်ထားသည်။
သို့သော် အိန္ဒိယတွင် တာ့ဂျ် မဟာ (Taj Mahal) အဆောက်အအုံ ဝင်ကြေးသည် ပြည်ပခရီးသွားများက ဒေသခံ များထက် အဆ ၂၀ ပိုမို ပေးဆောင်နေရသဖြင့် ထိုအစီအစဉ်အတိုင်း ဝင်ကြေးများကို ပိုမိုကောက်ခံရန် ဂျပန် တာဝန်ရှိသူများက ပြင်ဆင်လျက်ရှိသည်။
ဂျပန်တွင် ၁၆၉၀ ပြည့်နှစ်က တည်ဆောက်ပြီးစီးခဲ့သည့် Himeji ရဲတိုက်သို့ လာရောက်သည့် ပြည်ပခရီးသွား အရေအတွက်သည် ပြီးခဲ့သည့်နှစ်က ၄၀၀,၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ထိုရဲတိုက်သို့ လာရောက်သူ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းရှိခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: Travel
- Hits: 2077
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃
ယခု မိုးရာသီကာလတွင် ပုဂံနှင့် မန္တလေးဒေသသို့ ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာစေရန်အတွက် မိုးရွာသွန်းမှုနည်းသည့် နေရာများကို ပုံမှန်စျေးနှုန်းထက်၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း သက်သာသည့် Green Season Promotion များ ဆောင်ရွက်နေကြောင်း သိရသည်။
မိုးတွင်းကာလဖြစ်သည့် ဇူလိုင်နှင့် ဩဂုတ်လများသည် ဥရောပနိုင်ငံများ၏ နွေရာသီ ကျောင်းပိတ်ရက်ဖြစ်၍ မိသားစုလိုက် ခရီးထွက်လေ့ရှိသည့် ရာသီချိန်ဖြစ်သည်။
မြန်မာနိုင်ငံသို့ မိုးတွင်းကာလတွင် ပြည်ပနိုင်ငံသားများ ဝင်ရောက်လေ့ရှိသော်လည်း လက်ရှိတွင် ဝင်ရောက်နိုင်မှု သည် နည်းပါးနေကြောင်း၊ Promotion များ လုပ်ဆောင်နေသော်လည်း လက်ရှိ ဟိုတယ်များအတွက် အခက်အခဲ ရှိသည်ဟု Myanmar Voyages International Tourism ၏ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။
ပုဂံဒေသ ဘုရားဖူးများကိုတွေ့ရစဉ်
၎င်းက "Green Tourism လို့ ခေါ်တာပေါ့။ ဒါပေမယ့် ဘယ် Target market ကို ထားမှာလဲ။ ဈေးလျှော့တယ်ဆို တာက ဒီကနေ့ခေတ်မှာ လျှော့ကြတယ်ဆိုပေမယ့် ဆီတွေ ဝယ်သုံးရတယ်။ မီးစက်တွေ ဆောင်ရတယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေကြပါဘူး ဟိုတယ်တွေက။ အခုဆို ပိုဆိုးတာပေါ့ ဒေါ်လာဈေးတွေက။ သူတို့ရတဲ့ပိုက်ဆံက ကျပ်ငွေလည်း ဖောင်းပွတော့ တော်တော်တော့ အခက်အခဲ ရှိပါတယ်။ ဖွင့်ထားတဲ့ ဟိုတယ်တွေ ဘယ်လောက် ရှိလဲ ဒါတွေလည်း သူတို့ သုံးသပ်ပြီးတော့မှ Promotion လုပ်ရမှာ။ သုံးသပ်ရမယ်ဆိုရင်တော့ ဒီနှစ်ဆိုရင် အခြေအနေ မကောင်းသေးဘူး။ ပြည်ဝင်ခရီးစဉ်တွေလည်း ခါတိုင်း ဒီအချိန်မှာ အုံးအုံးကျက်ကျက် လာရမယ့် အချိန်မှာ မနှစ်ကနဲ့ယှဉ်ရင်တောင် သိပ်ပြီးတော့ မတည့်သေးဘူး" ဟု ပြောသည်။
မိုးရာသီကာလများအတွင်း မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု နည်းသည့်ကာလဖြစ်ပြီး မိုးရွာသွန်းမှုနည်းသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မန္တလေး၊ ပုဂံ စသည့် ဒေသများသို့ ခရီးသွား ပိုမိုဝင်ရောက် လာစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ယခုကာလသည် ပုဂံဒေသသို့ လေကြောင်းခရီးစဉ် ပျံသန်းပြေးဆွဲမှုသည် တစ်ပတ်လျှင် ၂ ကြိမ်ခန့်သာ ရှိပြီး လေကြောင်းခရီးစဉ်များ ထပ်တိုး ပျံသန်းပြေးဆွဲပေးနိုင်ရန် လိုအပ်သည်ဟု ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများက ပြောသည်။
ပုဂံဒေသ လမ်းညွန်ဆိုင်းဘုတ်ကိုတွေ့ရစဉ်
ကိုဗစ် ၁၉ ဖြစ်ပွားမှုနှင့် နိုင်ငံရေး အပြောင်းအလဲများကြောင့် ခရီးသွားဝင်ရောက်မှု နည်းပါးသွားသည့်အတွက် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကတည်းက ပိတ်ထားသည့် နိုင်ငံခြားသားခရီးသွားကို အဓိကထားသော ဟိုတယ်များသည် လက်ရှိအချိန်ထိ ပိတ်ထားလျက်ရှိသည်ဟု ပုဂံ - ညောင်ဦး ဟိုတယ်နှင့်ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ ကိုကျော်စွာလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "ဟိုတယ်တွေကတော့ လောလောဆယ် ဟိုတယ်အကြီးတွေပေါ့လေ။ နိုင်ငံခြားသား ဟိုးအရင်တုန်းက ကိုဗစ်မတိုင်ခင်က ဟိုတယ်တွေက အကြီးတွေပေါ့လေ ဈေးနှုန်းများတဲ့ ဟိုတယ်တွေက လောလောဆယ် ပိတ်ထားဆဲပဲ။ သူတို့က ဖွင့်ဖို့ အဆင်မပြေဘူး။ အဲဒီဟိုတယ်အကြီးတွေက နိုင်ငံခြားသားတွေကို အဓိကထားပြီး ဖွင့်တဲ့ ဟိုတယ်တွေ ဖြစ်တဲ့အတွက် အဲဒီဟိုတယ်တွေကတော့ ပိတ်ထားတာ။ အခုချိန်ထိတော့ ဖွင့်တော့ မဖွင့် သေးဘူး။ လောလောဆယ် ဖွင့်နေတာက ဈေးနှုန်း အသင့်တင့် ရှိတဲ့ဟိုတယ်တွေ၊ ဈေးနှုန်း အနည်းဆုံး ဟိုတယ် တွေရယ် အဲဒီဟိုတယ်တွေကတော့ ပုံမှန်တော့ အဆင်ပြေတယ်" ဟု ပြောသည်။
လက်ရှိအချိန်သည် ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှု နည်းပါးချိန်ဖြစ်သည့်အတွက် ခရီးသွားဝန်ဆောင်မှု လုပ်ဆောင်ပေးနေသည့် ကားများ၊ ဆိုင်ကယ်များ၊ မြင်းလှည်းများသည် ပုံမှန်ကောက်ခံသော နှုန်းထားထက် လျှော့ချ၍ ကောက်ခံနေကြကြောင်း သိရသည်။
- By CNI
- Category: Travel
- Hits: 1694
CNI International News
ဟောင်ကောင်၊ ဇွန်လ ၁၂
တရုတ်နိုင်ငံ၊ ရှန်ကျန်း (Shengzhen) မြို့မှ ခရီးသွားတစ်ဦးက ဟောင်ကောင် အငှားယာဉ်မောင်းတစ်ဦးကို ပုံမှန်ကားခထက် သုံးဆနီးပါးဖြစ်သည့် ဟောင်ကောင်ဒေါ်လာ ၆၀၀ (ဘတ် ၂၈၀၀) တောင်းယူခဲ့ကြောင်း စောဒကတက်ခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သူသည် နဂါးလှေလှော်ပြိုင်ပွဲ ပွဲတော်အတွက် ဟောင်ကောင်သို့ ရောက်ရှိလာသည့် ပထမဆုံးနေ့တွင် အငှားယာဉ် မောင်းကားခ ပိုမိုတောင်းယူခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
ဟောင်ကောင်အစိုးရက အငှားယာဉ်မောင်းများ၏ ဆိုးရွားသည့် အပြုအမူများကို အရေးယူသော အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေချိန်တွင် ထိုတရုတ်ခရီးသွားက ဇွန်လ ၇ ရက်တွင် စောဒကတက်ခဲ့ခြင်း ဖြစ်သည်။
သူသည် တရုတ်လူမှုမီဒီယာဖြစ်သည့် XiaoHongShu တွင် တူအန်မန် (Tuen Mun) မြို့ရှိ Shenzhen Bay လူဝင်မှုထိန်းချုပ်ရေးနေရာမှ ဟောင်ကောင်နိုင်ငံတကာလေဆိပ်သို့ သွားရောက်ချိန်၌ ကားခ ဟောင်ကောင် ဒေါ်လာ ၆၀၀ ပေးဆောင်ခဲ့ရမှုအပေါ် မကျေနပ်ကြောင်း ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။
ငွေပိုတောင်းလို့ တရုတ်ခရီးသွားက Taxi နံပါတ်ကို ရိုက်ထားစဉ်
အငှားယာဉ်မောင်းများကို ခေါ်ယူနိုင်သည့် လူမှုမီဒီယာ ပလက်ဖောင်းများဖြစ်သည့် Uber ၊ HK Taxi နှင့် Fly Taxi အက်ပလက်ကေးရှင်းများတွင် ရှာဖွေမှုများအရ ၂၈ ကီလိုမီတာရှိသည့် ထိုခရီးစဉ် အကွာအဝေးကို ကားခ ဟောင်ကောင်ဒေါ်လာ ၂၂၈ မှ ၂၇၈ ဒေါ်လာသာ ကျသင့်ကြောင်း ဖော်ပြထားသည်။
"ဟောင်ကောင်ရဲ့ ဝန်ဆောင်မှုကဏ္ဍဟာ စင်္ကာပူထက် ဆိုးရုံသာမကဘဲ တရုတ်ပြည်မကြီးရဲ့ ဒုတိယအဆင့်နဲ့ တတိယ အဆင့်မြို့တွေရဲ့နောက်မှာ နောက်ကျ ကျန်နေခဲ့ပါတယ်" ဟု ထိုတရုတ်ခရီးသွားက လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ထိုတရုတ်ခရီးသွားက သူစီးနင်းခဲ့သည့် အငှားယာဉ်၏ နံပါတ်ပြားနှင့် ငွေတောင်းယူသည့် လက်ခံဖြတ်ပိုင်းကို ဓာတ်ပုံရိုက်ကာ ဟောင်ကောင်လေဆိပ်ရဲတပ်ဖွဲ့ကို တိုင်ကြားထားသည်ဟု ပြောကြားခဲ့သော်လည်း ဟောင်ကောင်လေဆိပ်ရဲတပ်ဖွဲ့က မှတ်ချက်ပေးခြင်း မရှိသေးပေ။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: Travel
- Hits: 2242
CNI International News
ကက်ရှ်မီးယား၊ မေလ ၃၁
အိန္ဒိယထိန်းချုပ်ဒေသမှ ဂျမူးနှင့် ကက်ရှ်မီးယား ဒေသအုပ်ချုပ်ရေးအဖွဲ့သည် ယခုနှစ်အတွင်း ခရီးသွားများ စံချိန်တင် လာရောက်လည်ပတ်မည့် အခြေအနေအတွက် အသင့်ပြင်ထားမှုနှင့်အတူ မေလလယ်ပိုင်းအထိ ခရီးသွား ၁ သန်းကျော် လာရောက်လည်ပတ်ခဲ့သည်ဟု Daily Good Morning Kashmir သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ကက်ရှ်မီးယားဒေသသည် ယခုနှစ်အတွင်း ခရီးသွားကဏ္ဍ မြင့်တက်လာပြီး ပြည်ပခရီးသွားများ ရောက်ရှိလာမှုကို မြင်တွေ့နေရသည်။
ယခုနှစ် ခရီးသွားရာသီအတွင်း ဟိုတယ်များ၊ လှေပေါ်အိမ်များနှင့် ဒေသခံမိသားစုများ၏ အိမ်များတွင် ငှားရမ်း နေထိုင်မှုများ နေရာလွတ်မကျန် ဖြစ်ခဲ့သည်။
“မေလလယ်ပိုင်းအထိ ခရီးသွား ၁ သန်းကျော်လောက် လာရောက်ခဲ့ကြပါတယ်။ ပြည်ပခရီးသွားတွေ ရောက်ရှိလာ မယ့် အလားအလာနဲ့အတူ ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်ရင် ကောင်းမွန်တဲ့ ခရီးသွားရာသီ ဖြစ်ခဲ့ပါတယ်” ဟု ကက်ရှ်မီးယား ခရီးသွားလုပ်ငန်း ညွှန်ကြားရေးမှူး ရာဂျာယာကွတ်ဘ် (Raja Yaqoob) က ပြောကြားခဲ့သည်။
ကက်ရှ်မီးယားဒေသ ခရီးသွားများ လှေစီးနေကြစဉ်
ဆေးရာသီ၊ နွေဦးရာသီနှင့် နွေရာသီများတွင် ခရီးသွားများ လာရောက်မှုသည် ယခင်စံချိန်များကို ကျော်ဖြတ် သွားလိမ့်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆိုသည်။
“ခရီးသွားတွေ ရောက်ရှိလာတဲ့ အရင်နှစ်စံချိန်က ဒီနှစ်ထဲမှာ ကျိုးသွားခဲ့ပါပြီ။ ဒီနှစ်ထဲမှာလည်း ခရီးသွားတွေ ရောက်ရှိမှု စံချိန်သစ်ကို တင်ဖို့ အသင့်ပါပဲ”ဟု ယာကွတ်ဘ်က ပြောသည်။
ခရီးသွားများ အဓိက သွားရောက်လေ့ရှိသည့် နေရာများမှာ ဒက်ဆန် (Daksun) နှင့် ဒွတ်ဟပါသရီ (Doodhpathri) ကဲ့သို့ တမူထူးခြားသည့် အရပ်ဒေသများဖြစ်ပြီး ယခုနှစ်အတွင်း ထိုနေရာများသို့ သွားရောက်ကြသော ခရီးသွား အရေအတွက်သည် မတိမ်းမယိမ်း ရှိခဲ့သည်ဟု ဆိုသည်။
ကက်ရှ်မီးယားဒေသ ခရီးသွားများကိုတွေ့ရစဉ်
ကက်ရှ်မီးယား ခရီးသွားအေးဂျင့်များအသင်း (TAAK) ၏ လက်အောက်ခံဖြစ်သည့် အဆိုပါ ခရီးသွားလုပ်ငန်းအဖွဲ့ က ယခုနွေရာသီတွင် အိန္ဒိယနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းမှ ခရီးသွားများ၏ ဘွတ်ကင် တင်မှုများ ပြည့်နေသည်ဟု ဆိုသည်။
“လက်ရှိမှာ ခရီးသွားတွေ အဆက်မပြတ် ဝင်လာတာကို တွေ့နေရပါတယ်။ ကျန်တဲ့လတွေမှာလည်း အခုလိုပဲ ခရီးသွားတွေ ဆက်တိုက် ဝင်ရောက်ပြီး ခရီးသွားလုပ်ငန်းမှာ အရင်က စံချိန်တွေကို ချိုးဖျက်နိုင်ဖို့ မျှော်မှန်းထား ပါတယ်” ဟု ယာကွတ်ဘ်က ပြောသည်။
ယခုနှစ်ခရီးသွား ရာသီအတွင်း ဂူဂျာရတ် (Gujarat) ၊ မဟာရက်ရှ်ထရာ (Maharashtra) ၊ အနောက်ဘန်ဂေါ (West Bengal) နှင့် တမီလ်နာဒူး (Tamil Nadu) ပြည်နယ်တို့မှ ခရီးသွား အများအပြားသည် ကက်ရှ်မီးယားသို့ သွားရောက်လည်ပတ် လျက်ရှိကြောင်း သိရသည်။
Source: Daily Good Morning Kashmir

- By CNI
- Category: Travel
- Hits: 1610
CNI International News
ဟောင်ကောင်၊ မေလ ၇
ကုန်ကျစရိတ် ချွေတာလိုသည့် တရုတ်ခရီးသွားများသည် ဟောင်ကောင်သို့ လာရောက်လည်ပတ်မှုပုံစံကို ပြောင်းလဲလာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
တစ်ချိန်က ငွေကြေးချမ်းသာကြွယ်ဝသည့် တရုတ်ခရီးသွားများသည် ဟောင်ကောင်တွင် ငွေကြေး ဖောဖောသီသီ သုံးစွဲခဲ့သော်လည်း လက်ရှိအချိန်မှာတော့ ငွေကြေးကို ချွေတာလာခဲ့ခြင်းဖြစ်သည်။
အချို့က ခရီးသွားလုပ်ငန်းများ၊ အေဂျင်စီများဖြင့် ချိတ်ဆက်ပြီး ထိုခရီးသွားလုပ်ငန်းများ၊ အေဂျင်စီများ၏ ဝန်ဆောင်မှု အစီအစဉ်များဖြင့် ဟောင်ကောင်သို့ သွားရောက် လည်ပတ်သည့်ပုံစံကို မရွေးချယ်ကြတော့ဘဲ ကိုယ့်အစီအစဉ်နှင့်ကိုယ် ဟောင်ကောင်သို့ ခြေလျင်လမ်းလျှောက်ဝင်ရောက်ကာ ရှန်ကျန်း (Shenzhen) နယ်စပ်မြို့တွင် ညအိပ်တည်းခိုရင်း ကုန်ကျစရိတ်ကို ချွေတာလာကြသည်။
လော်ရာလီနဲ့ ဝမ်းကွဲမောင်ဖြစ်သူ ဒီယေဂိုတန်ကို တွေ့ရစဉ်
ပြီးခဲ့သည့်သီတင်းပတ်က တရုတ်၏ အလုပ်သမားနေ့ အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင် (Liaoning) ပြည်နယ်တွင် နေထိုင်သည့် အသက် ၂၈ နှစ်ရွယ် လော်ရာလီ (Laura Li) သည် သူမ၏ ဝမ်းကွဲမောင်ဖြစ်သူ အသက် ၂၀ အရွယ် ဒီယေဂို တန် (Diego Deng) နှင့်အတူ ဟောင်ကောင်သို့ ကိုယ့်အစီအစဉ် နှင့်ကိုယ် သွားရောက်ခဲ့ကြသည်။
သူတို့နှစ်ဦးကဲ့သို့ပင် တရုတ်လူငယ် အများစုသည် ခရီးသွားလုပ်ငန်းများ၊ အေဂျင်စီများနှင့် ချိတ်ဆက်ခြင်းမပြုဘဲ လူမှုမီဒီယာများတွင် ဖော်ပြထားသည့် ဟောင်ကောင်သို့ ခြေလျင် ဝင်ရောက်ပြီး လည်ပတ်သည့် အစီအစဉ်များ အတိုင်း သွားရောက်ခဲ့ကြခြင်းဖြစ်သည်။
Little Red Book ဟု လူသိများသည့် တရုတ်၏ လူမှုမီဒီယာ ပလက်ဖောင်းဖြစ်သည့် Xiaohongshu သည် ၁၉၉၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း မွေးဖွားသော တရုတ်၏ Generation Z မျိုးဆက် သန်း ၂၈၀ အတွက် မရှိမဖြစ် အက်ပလီကေးရှင်းတစ်ခု ဖြစ်လာခဲ့သည်။
တရုတ်၏ လူမှုမီဒီယာ ပလက်ဖောင်းကို တွေ့ရစဉ်
ထိုအက်ပလီကေးရှင်းတွင် ဟောင်ကောင်သို့ သွားရောက် လည်ပတ်မည့် တရုတ်ခရီးသွားများအတွက် သိသင့်သိထိုက်သည့် အချက်များကို ဖော်ပြထားသည်။
"ပုဂ္ဂိုလ်ရေးအရ ပြောရမယ်ဆိုရင် ကျမက ခရီးသွားအဖွဲ့တွေနဲ့ သွားရတာ မကြိုက်ပါဘူး။ ဘာလို့လဲဆိုတော့ မလွတ်လပ်ဘူးလေ။ ဒီအတိုင်း ခြေဦးတည့်ရာ လျှောက်ရတာကို ပိုသဘောကျပါတယ်" ဟု လီက ရုပ်သံဒရာမာ များနှင့် ရုပ်ရှင်များထဲတွင် မကြာခဏ ပါလေ့ရှိသည့် ဟောင်ကောင်၏ Yau Ma Tei ရဲစခန်းအပြင်ဘက်တွင် ပြောကြားခဲ့သည်။
တရုတ်ပြည်မကြီးတွင် စီးပွားရေး နာလန်ထူမှု နှေးကွေးနေသဖြင့် ထိုကဲ့သို့ တရုတ်ခရီးသွားများ၏ သွားလာ လှုပ်ရှားမှုနှင့် ငွေကြေးသုံးစွဲသည့် အလေ့အကျင့်များ ပြောင်းလဲလာခြင်းဖြစ်သည်ဟု ဟောင်ကောင် ပိုလီတက္ကနစ် တက္ကသိုလ်မှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ လက်ထောက်ပါမောက္ခ ဒန်နီယယ် လီအန် (Deniel Leung) က ပြောကြားခဲ့သည်။
"တရုတ်ရဲ့ စီးပွားရေး နာလန်ထူမှု အရှိန်အဟုန်က ကျနော်တို့ထင်ထားသလို မကောင်းခဲ့ပါဘူး။ လူတွေက ဝင်ငွေ နည်းပါးလာတဲ့ အချိန်မှာ အသုံးစရိတ်ကို စိစစ်လာကြတာ ဖြစ်ပါတယ်" ဟု လီအန်က ပြောကြားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: Travel
- Hits: 1651
CNI International News
တိုကျို၊ ဧပြီ ၂၅
ဂျပန်နိုင်ငံသည် နိုင်ငံအတွင်းသို့ လာရောက်မည့် ခရီးသွားများအတွက် ငွေသားမဟုတ်သည့် အခွန်ပြန်အမ်းငွေ (cashless tax refunds) အစီအစဉ်ကို အကောင်အထည်ဖော်ရန် စဉ်းစားနေသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြ ခဲ့သည်။
ခရီးသွားများသည် နိုင်ငံအတွင်း လာရောက်၍ လေဆိပ်မှ ပြန်လည်မထွက်ခွာမီ အကောက်ခွန် ကင်းလွတ်သည့် ပစ္စည်းများကို ဝယ်ယူပြီးနောက် ထိုပစ္စည်းများကို ပြန်လည်ရောင်းချခြင်းမှ တရားမဝင်သည့် နည်းလမ်းဖြင့် ငွေကြေးများရရှိမှုကို ကာကွယ်တားဆီးရန် အားထုတ်ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ထိုအစီအစဥ် ကို စဉ်းစားနေခြင်းဖြစ်သည်။
ထိုစနစ်အရ ဂျပန်တွင် ပြည်ပခရီးသွားများသည် ထုတ်ကုန်များကို ဝယ်ယူရာ၌ စားသုံးခွန်ကိုပါ ထည့်သွင်း ပေးချေရမည်ဖြစ်သည်။
ထို့နောက် အစိုးရက အဆိုပါ စားသုံးခွန်ကို အကြွေးဝယ်ကဒ် (credit card) သို့မဟုတ် အခြား ငွေသားမဟုတ် သည့် အီလက်ထရောနစ်အခြေပြု ငွေပေးချေမှု စနစ်များဖြင့် ခရီးသွားများကို ပြန်ထည့် ပေးသွားမည်ဟု ဖော်ပြ ခဲ့သည်။
ငွေသားများဖြင့် အခွန်ပြန်အမ်းငွေ (Cash refunds) ထုတ်ပေးသည့် အစီအစဉ်ကို လေဆိပ်များတွင် ဆက်လက် လုပ်ဆောင်မည် ဖြစ်သော်လည်း အစိုးရက ခရီးသွားများအား လေဆိပ်များ၌ ပိတ်ဆို့မှုများ၊ နှောင့်နှေးကြန့်ကြာ မှုများ မဖြစ်စေရန် ငွေသားမဟုတ်သော အခွန်ပြန်အမ်းငွေစနစ် (Cashless refunds) ကို အသုံးပြုရန် တိုက်တွန်း သွားမည်ဟု သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။
ထိုစနစ်နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်အအတွက် အခွန်ပြုပြင် ပြောင်းလဲရေး အစီအစဉ်များတွင် ထည့်သွင်းရန် မျှော်မှန်းထားသည်ဟုလည်း ဆိုသည်။
ဂျပန်တွင် ပြည်ပခရီးသွားများသည် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများ၌ အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ယန်း ၅၀၀ ( ၃၂ ဒေါ်လာ) နှင့်အထက် တန်ဖိုးရှိသည့် ပစ္စည်းများကို ဝယ်ယူပါက အခွန်ကင်းလွတ်ခွင့် ရရှိထားသည်။
အကောက်ခွန် ကင်းလွတ်သည့် ထိုပစ္စည်းများကို ဝယ်ယူပြီးနောက် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံသို့ ယူဆောင်ခြင်း မပြုဘဲ ဂျပန်တွင် အသုံးပြုခြင်း သို့မဟုတ် ပြန်လည်ရောင်းချခြင်းမှ ကာကွယ်တားဆီးရန်အတွက် ထိုပစ္စည်းများ ကို သတ်မှတ်ထားသည့် ထုတ်ပိုးမှုပုံစံများ သို့မဟုတ် ဘူးများဖြင့် ချိတ်ပိတ်ရောင်းချနေခြင်း ဖြစ်သည်။
ဂျပန်က ခရီးသွားများ အခွန်ကင်းလွတ်ခွင့်ကို ညွန်းပြထားစဉ်
အကယ်၍ ခရီးသွားများသည် လေဆိပ်မှ မထွက်ခွာမီ ၎င်းတို့ ဝယ်ယူခဲ့သည့် အကောက်ခွန်မဲ့ ပစ္စည်းများကို အကောက်ခွန် အရာရှိများက စစ်ဆေးတွေ့ရှိခြင်း မရှိပါက စားသုံးခွန် ပေးဆောင်ရမည်ဖြစ်သည်။
သို့သော် ဂျပန်တွင် ခရီးသွားများသည် အကောက်ခွန်မဲ့ ပစ္စည်းအများအပြားကို ဝယ်ယူပြီးနောက် နိုင်ငံအတွင်းမှ ပြန်လည် မထွက်ခွာမီ အခွန်ပါရှိသည့် စျေးနှုန်းများအတိုင်း ဂျပန်၌ ပြန်လည်ရောင်းချနေပြီး အကျိုးအမြတ်များ ရရှိသော ဖြစ်စဉ်များ ရှိခဲ့သည်ဟုလည်း သိရသည်။
ယခုစီစဉ်နေသည့် စနစ်တွင် ခရီးသွားများ၏ ပစ္စည်းဝယ်ယူမှု မှတ်တမ်းကို စစ်ဆေးနိုင်ရန် လေဆိပ်များတွင် အကောက်ခွန် အရာရှိများသည် ပတ်စ်ပို့များကို စကန်ဖတ်မည် ဖြစ်သည်။
ထို့နောက် အကောက်ခွန်မဲ့ ပစ္စည်းများရောင်းချသည့် Duty-free ဆိုင်များကို ခရီးသွားများ၏ ပစ္စည်းဝယ်ယူမှု မှတ်တမ်းကို ပေးပို့မည်ဖြစ်သည်။
နောက်ဆုံးအဆင့် အနေဖြင့် Dute-free ဆိုင်များသည် ခရီးသွားများအား ၎င်းတို့ ဝယ်ယူခဲ့သည့် ပစ္စည်းများကို စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး ပြန်အမ်းငွေ ထုတ်ပေးသွားလိမ့်မည်ဟု သတင်းရင်းမြစ်များတွင် ဖော်ပြထား သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: Travel
- Hits: 1114
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၈
သင်္ကြန်ပိတ်ရက်ကာလတွင် ခရီးသွားလာရေး ပြင်ဆင်ရာ၌ ပြည်တွင်းခရီးသွားလာမှုထက် ပြည်ပခရီးစဉ်များသို့ သွားရောက်လည်ပတ်မည့်သူ များပြားနေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။
သင်္ကြန်ပိတ်ရက် ပြည်တွင်း ခရီးသွားလာမှုသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက နည်းပါးနိုင်ကြောင်း၊ သို့သော် ပြည်ပခရီးစဉ်သို့ သွားရောက် လည်ပတ်မည့်သူများမှာ ပြီးခဲ့သည့် နှစ်ထက် ပို၍ များပြားလာကြောင်း ၎င်းက ပြောသည်။
ဦးနောင်းနောင်းဟန်က “မူလက ကျနော်တို့ မှန်းတာက အများကြီး တိုးတက်လာမယ်လို့ မှန်းထားတယ်။ ဒါပေမယ့် လက်ရှိ ခရီးသွားအခြေအနေ ကြည့်ရတဲ့အခါမှာ ဘိုကင်တွေက ရှိတော့ရှိတယ်။ ဒါပေမယ့် အခန်းတွေ ဟိုတယ်တွေမှာ အခန်း ပြည့်ရတဲ့ဟာမျိုး မရှိပါဘူး။ ပြည်တွင်း အနေနဲ့ကြည့်မယ်ဆိုရင် ပုံမှန်ထက် ရှိသင့်ရှိထိုက် တာထက်တော့ နည်းနည်း နည်းမယ့် သဘောရှိပါတယ်။ ပြည်ပခရီးတွေက ပြီးခဲ့တဲ့လပိုင်းတွေကတော့ ရက်တို ခရီးစဉ်တွေများတယ်။ အခုသင်္ကြန်ရက်မှာတော့ ရက်ရှည်ခရီးစဉ်တွေ များပါတယ်။ ဗုဒ္ဓဂါယာခရီးစဉ်တွေ၊ တစ်ပတ် ၁၀ ရက် ခရီးစဉ်တွေပေါ့။ သင်္ကြန်ပိတ်ရက် ကာလကလည်း ရှည်သွားတဲ့အတွက် ဒီခရီးစဉ်တွေပါတယ်။ နောက် ဥရောပခရီးစဉ်တွေမှာလည်း တော်တော်များများက ခရီးစဉ် ရောင်းချပြီးသလောက် ဖြစ်ကုန်ပြီပေါ့။ အခြား ခရီးစဉ်တွေကတော့ ဗီယက်နမ်တို့ ဘာတို့ဆိုရင် တော်တော်များများလေး သင်္ကြန်ပိတ်ရက်မှာ သွားကြတာ ရှိပါတယ်။ မြန်မာအဖွဲ့တွေ တော်တော်များများလောက်က ဗီယက်နမ်ခရီးစဉ် သွားကြဖို့ရှိပါတယ်။ ပြည်ပခရီး သွားကတော့ ဒီနှစ်နည်းနည်း ပိုပြီးများလိမ့်မယ်ထင်ပါတယ် နည်းနည်းလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လေဆိပ်တွင် မြန်မာနိုင်ငံသားများကိုတွေ့ရစဉ်
ပြည်တွင်းရှိ ခရီးသွားဒေသအချို့၌ နယ်မြေအေးချမ်းမှုများ မရှိသည့်အတွက် ပြည်တွင်းခရီးသွား ဧည့်သည် အများစုသည် ပြည်ပခရီးစဉ်သို့ သွားရောက်ရန် ပြင်ဆင်လာကြမှု များပြားလာခြင်း ဖြစ်ကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်သည်။
ပြီးခဲ့သည့်နှစ် သင်္ကြန်ရုံးပိတ်ရက် ကာလတွင် ပြည်တွင်းခရီးသွား အများစုသည် ငပလီ၊ ချောင်းသာ၊ ငွေဆောင်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပုဂံ၊ မန္တလေးနှင့် ကချင်ပြည်နယ်သို့ သွားရောက် လည်ပတ်ခဲ့ကြခြင်းဖြစ်သည်။
သို့သော် ထိုခရီးစဉ် ဒေသများထဲမှ အချို့ဒေသများသည် လက်ရှိတွင် နယ်မြေမတည်ငြိမ်ကာ အေးချမ်းမှုမရှိသည့် အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ချောင်းသာ၊ ငွေဆောင် တို့ကိုသာ ပြည်တွင်းခရီးသွား အဓိကအများဆုံး သွားရောက်ကြနိုင်ဖွယ်ရှိကြောင်းလည်း Myanmar Voyages International Tourism ၏ မန်နေဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။
ကမ်းခြေကိုတွေ့ရစဉ်
၎င်းက “အထူးသဖြင့်တော့ ငွေဆောင်၊ ချောင်းသာသွားကြမယ်။ ငပလီတောင် အခြေအနေက ပြောလို့မရဘူး။ ဈေးတွေက အရမ်းမြင့်တာကို။ အခုဟာက ဟဲဟိုးဘက်သွားရင်တောင် လေယာဉ်ခက ၂ သိန်းကျော်၊ ပုဂံလည်း အလားတူ ၂ သိန်းလောက်။ လေယာဉ်ကလည်း နေ့တိုင်းမရှိတော့ ကားနဲ့ပဲ သွားကြတာများပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေ ထိုင်းတို့၊ စင်္ကာပူတို့ သွားကြတာတွေရှိပါတယ်။ ထိုင်းကတော့ တော်တော် ပြည့်နေတယ်ပေါ့။ ဧပြီလောက်အထိကို ပြည့်နေတယ်ဆိုတာက ဗီဇာလူငယ်တွေ၊ လူလတ်တွေပေါ့ သူတို့ကတော့ သိတဲ့အတိုင်း အခြေအနေအရ ထွက်ခွာဖို့အတွက် ပြင်ဆင်နေကြတော့ အဲဒါတွေနဲ့တင် လေယာဉ်တော့ ပြည့်နေပါတယ်။ ပြည်ပ ကတော့ ပိုသက်သာတာပေါ့နော်။ ဒါပေမယ့် လေယာဉ် လက်မှတ်တွေကလည်း ဈေးကြီးလာတယ်။ နောက် နေရာ မရတဲ့ပြဿနာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သင်္ကြန်ပိတ်ရက်ကာလတွင် ချောင်းသာ၊ ငွေဆောင် အပါအဝင် ရှမ်းပြည်နယ် တောင်ပိုင်း နှင့် ရခိုင်ပြည်နယ် ငပလီကမ်းခြေဒေသသို့ ပြည်တွင်းခရီးသွား အများအပြား ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် လက်ရှိအနေထားများအရ ချောင်းသာ၊ ငွေဆောင်အပြင် နယ်မြေတည်ငြိမ်မှုရှိနေသည့် ပုဂံ၊ မန္တလေးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ခရီးစဉ်များကိုလည်း စီစဉ်မှုများရှိနေကြောင်း သိရသည်။
ထိုသို့ သွားကြရာတွင် ခရီးသွားလုပ်ငန်းများနှင့် သွားလာခြင်းထက် မိမိအစီအစဉ်ဖြင့် မိမိ သွားလာကြခြင်းမှာ ပိုများကြောင်း၊ ထို့အပြင် ဘုရားဖူးခရီးစဉ်၌ ယခင်က သွားလာမှုများပြားခဲ့သော်လည်း ယခုအခါတွင် အနည်း အကျဉ်းသာရှိနေကြောင်း ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။