- By CNI
- Category: Travel
- Hits: 1678
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၇
ကိုဗစ်ကာလမှစတင်၍ မကျင်းပနိုင်ခဲ့သည့် အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီအပူဇော်ခံခြင်းနှင့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ယခုနှစ်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနထံမှ သိရသည်။
အင်းလေးဖောင်တော်ဦးဘုရားပွဲနှင့် တောင်ကြီးတန်ဆောင်တိုင်ပွဲကို ကိုဗစ်-၁၉ ကူးစက်ရောဂါပျံ့နှံ့မှုကြောင့် စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်ခဲ့သည်မှာ ၃ နှစ် ရှိသွားခဲ့ပြီ ဖြစ်သည်။
ယခုနှစ်တွင် ရှမ်းပြည်နယ်အတွင်းသို့ ပြည်တွင်းခရီးသွားဧည့်သည်များ ပြန်လည်ဝင်ရောက်လာစေရန်အတွက် ယခင်က မကျင်းပနိုင်ခဲ့သည့် ပွဲတော်များကို ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။
“ဒီနှစ်ဆိုရင် ဆရာတို့ အင်းလေးဖောင်တော်ဦးပွဲဆိုရင် ကိုဗစ်မတိုင်ခင်ကတည်းက မကျင်းပဖြစ်ခဲ့ဘူး။ ကိုဗစ် ကာလအတွင်း မကျင်းပဖြစ်ကြဘူး။ အင်းလေးဖောင်တော်ဦးပွဲလည်း ဒီနှစ် ပြန်ကျင်းပမယ်။ နောက် အလားတူပဲ တောင်ကြီးတန်ဆောင်တိုင်ပွဲလိုဟာမျိုး ပြန်ကျင်းပမယ်။ မနှစ်က ကျင်းပတယ်သာပြောတာ မနှစ်က ဒီအတိုင်း ပြောရရင်အဖြစ်ပဲ ကျင်းပတာ။ တစ်ရက်ပဲ မီးပုံးလည်း အများကြီး မလွှင့်နိုင်ဘူး။ မီးအလှပုံးပဲ လွှင့်တယ်။ မီးရှူး မီးပန်းတွေ မပါဘူး။ ဒီနှစ်က ၅ ရက်ကျင်းပမှာ အရင်လိုပဲ မီးရှူးမီးပန်းတွေလည်း ပါမယ်။ အဓိကကျတော့ ပြည်တွင်းဧည့်သည်တွေကို ရှမ်းပြည်နယ်ထဲကို များများလာဖို့ပေါ့နော်။ ဒီပွဲတော်တွေ၊ စားသောက်ဖို့တွေ၊ လည် စရာ ပတ်စရာတွေ၊ သာမန်လည်တာပတ်တာထက်စာရင် ပိုပြီးတော့မှ နဂိုတုန်းက မကျင်းပနိုင်ခဲ့တဲ့ပွဲတွေ ကျပ်းပ ပြီးတော့မှ ဆွဲဆောင်ပြီးတော့မှ ဆောင်ရွက်တာတွေ ရှိပါတယ်” ဟု ပြောသည်။
အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကိုတွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ကိုဗစ် - ၁၉ ကူးစက်မှုရောဂါ ဖြစ်ပွားချိန်မှစပြီး ၃ နှစ်ကြာ ရပ်နားခဲ့ရသည့် အင်းလေး ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီအပူဇော်ခံခြင်း အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့မှစတင်၍ နိုဝင်ဘာလ ၁ ရက်နေ့အထိ ၁၇ ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။
ထို့နောက် တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက် နေ့အထိ ပြန်လည် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ခေတ်ကာလ အခြေအနေအရ နယ်မြေတည်ငြိမ်မှု မရှိသေးသည့်အတွက် ဒေသတည်ငြိမ်အေးချမ်းရန် လိုအပ်ကြောင်း၊ ထို့နောက် ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်လုပ်ငန်း အများစုသည် ရပ်နားထားရပြီး ဝန်ထမ်းများ မှာလည်း လိုအပ်ချက် ရှိနေခြင်းကြောင့် ခရီးသည်ဝင်ရောက်မှု များပြားလာမည်ဆိုပါက ဝန်ဆောင်မှုအပိုင်းတွင် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်ဟု Myanmar Voyages International Tourism ရဲ့ မန်းနေးဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။
အင်းလေးအတွင်းရှိ ဟိုတယ်ကိုတွေ့ရစဉ်
၎င်းက “၃ နှစ်ကျော် ၄ နှစ်မြောက်မှသာ ပြန်လုပ်ဖြစ်တာဆိုတော့လည်း မြန်မာ Tourism တွေကတော့ သွားကြ မှာပေါ့နော်။ ဒါပေမယ့် ဒေသငြိမ်းချမ်းဖို့ကတော့ အရေးကြီးတာပေါ့။ အဲဒါမှလည်း အင်းလေးမှာရှိတဲ့ ပိတ်ထားတဲ့ ဟိုတယ်တွေ အများကြီးရှိတယ်။ ကျနော်ထင်တယ် ၈၀ ရာခိုင်နှုန်းလောက် ပိတ်ထားရတဲ့သဘော ရှိသေးတယ် ပြီးခဲ့တဲ့ ကာလအထိ။ အဲတော့ ဒီပွင့်လင်းရာသီမှာ အားလုံးပြန်ဖွင့်နိုင်ရင်တော့ ဖွင့်ပြီး စည်ကားပါစေလို့ပဲ ကျနော် တို့တော့ ဆုတောင်းရတာပေါ့။ အဲဒီလိုဖြစ်အောင်လည်း ဧည့်သည်တွေ လာဖို့လိုတာပေါ့။ ဧည့်သည်တွေ လာပြန် တော့လည်း အဲဒီမှာရှိတဲ့ ဝန်ထမ်းတွေက အပြည့်အဝ ဝန်ဆောင်မှု ပေးနိုင်ဖို့ လိုတယ်။ ကျနော်သိသလောက် ကတော့ တော်တော်များများ ဝန်ထမ်းတွေက ထွက်သွားကြပြီ။ ဆက်မနေနိုင်ကြတော့ တခြားလုပ်ငန်းပြောင်းပြီး နိုင်ငံခြားသွားတဲ့သူတွေ၊ တချို့လည်း ကယ်ရီယာ ပြောင်းသွားကြတာပေါ့နော်။ အဲဒီအခါကျတော့ ရှိတဲ့ဝန်ထမ်း တွေ လုံလောက်ပါ့မလား တကယ်လာပြီဟေ့ဆိုရင်။ နောက် service ပေးနိုင်တဲ့ ကွာလတီ ရှိဖို့လည်း လိုတယ်။ ဒါပေမယ့် ချက်ချင်းဖြည့်ဆည်းလို့ မရနိုင်ဘူးပေါ့နော်။ အဲဒါတွေကလည်း ကျနော်တို့ Tourism လောကအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်တာပေါ့နော်” ဟု ပြောသည်။
ပြီးခဲ့သည့်နှစ်တွင် တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို နစကမှ ဦးစီးပြီး နိုဝင်ဘာလ ၇ ရက်နေ့ ၁ ရက်တည်းသာ ကျင်းပခဲ့ကြောင်း၊ ယခုနှစ် တန်ဆောင်တိုင်ပွဲတော်အတွင်း ညမီးကြီး မီးပုံးပျံ၊ စိန်နားပန် မီးပုံးပျံနှင့် နေ့လွှတ်အရုပ် ခြေ (၂) ချောင်း၊ ခြေ (၄) ချောင်း အရုပ်များကို လွတ်တင်သွားမည်ဖြစ်ကြောင်း၊ ပွဲတော်၏ အစီ အစဉ် အသေးစိတ်ကိုလည်း ပွဲတော်ရက်ကာလ အနီးရောက်လျှင် တဖန် ကြေညာသွားမည်ဟု သိရသည်။
ယခုနှစ်တွင် ရှမ်းပြည်နယ်အတွင်းသို့ ခရီးသွားဝင်ရောက်မှုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ ကာလတူ နှိုင်းယှဉ်မည်ဆိုပါက ခရီးသွားဝင်ရောက်မှုသည် ၈၀,၀၀၀ ကျော် တိုးတက်လာသည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနထံမှ သိရသည်။
- By CNI
- Category: Travel
- Hits: 1321
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၆
တရုတ်နိုင်ငံသားများကို ပြည်ပသို့ အဖွဲ့လိုက် ခရီးသွားလာမှု ခွင့်ပြုသည့်နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်လာ သည်ဟု တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်ခရီးသွားများ ပိုမိုဝင်ရောက်ရန်အတွက် ယခင်ကပေးခဲ့သည့် ဆိုက်ရောက်ဗီဇာကို ပြန်လည်ခွင့်ပြုပေးရန် လိုအပ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
တရုတ်နိုင်ငံတွင် မြန်မာသံရုံး ၃ ခုသာ ရှိသည့်အတွက် တရုတ်ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်ရာတွင် ဗီဇာအတွက် အဆင်မပြေမှုများ ရှိနေခြင်းကြောင့် ဆိုက်ရောက်ဗီဇာဖြင့် ခွင့်ပြုပေးသင့်ကြောင်း၊ ထို့နောက် ပြည်တွင်းရှိ ခရီးသွားဧည့်လမ်းညွှန်များနှင့် ချိတ်ဆက်၍ သွားလာရမည့် မူကို သတ်မှတ်ပေးစေလိုကြောင်း Myanmar Voyages International Tourism ရဲ့ မန်းနေးဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လာတဲ့ဧည့်သည်တွေကလည်း လေယာဉ်တွေနဲ့ လာတယ်။ ဒါကိုလည်း ခွင့်ပြုမယ်။ နောက် ဟိုတုန်းကလို Visa on arrival ပေးမယ်ပေါ့။ အခုလည်း ပေးဖို့အတွက် ဆွေးနွေးထားတာ ရှိပါတယ်။ အဲဒါမျိုးဆိုရင်တော့ ဧည့် သည် တွေအတွက် အဆင်ပြေတယ်။ နောက် ဧည့်သည်လာရောက်မှုကိုလည်း Free တော့ မပေးသင့်သေးဘူး။ Visa on arrival တော့ ပြန်ပေးသင့်တယ်ဆိုပြီးတော့ အိန္ဒိယနဲ့ တရုတ်ကို ဟိုတုန်းကပေးခဲ့သလို ပေးဖို့တော့ ပြော ထားပါတယ်။ ဘာလို့ဆို တရုတ်နိုင်ငံက အကျယ်ကြီးကို။ မြန်မာသံရုံးရှိတာကလည်း နန်နင်း၊ ကူမင်းနဲ့ ဒီဘက်က ပီကင်း ၃ နေရာလောက်ပဲ ရှိတော့ အဲဒီမှာ ဗီဇာ သွားယူဖို့ဆိုတာလည်း သိပ်မလွယ်ဘူးပေါ့နော်။ on arrival ပေး နိုင်ရင်တော့ ကောင်းပါတယ်။ နောက် လေကြောင်းလိုင်းတွေကလည်း အခု ချဲ့လာတာပေါ့နော်။ တရုတ်ကလည်း ပျံတာ ၃ လိုင်းမကဘူးထင်တယ်။ ဒါတွေကလည်း သူ့အတွက် အထောက်အပံ့တွေ ဖြစ်တာပေါ့။ ဒါပေမယ့် ရိုးရိုး ဒေါ်လာတွေ မပါဖို့အတွက်ဆိုရင်တော့ လာတဲ့ဧည့်သည်တွေကို Tour အေးဂျင့်တွေနဲ့ ချိတ်ဆက်မယ်။ Guide နဲ့ Tour တွေနဲ့ သွားမယ်။ သူ့ဆီက Guide နဲ့ Tour တွေသာမကဘဲနဲ့ ကိုယ့်ဆီကပါ ပါရမယ့်မူတွေ ရှိရင်တော့ ကောင်းတာပေါ့နော်” ဟု ပြောသည်။
ပုဂံဘုရားဖူးများကိုတွေ့ရစဉ်
ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ တရုတ်နိုင်ငံက ပြည်ပသို့ အဖွဲ့လိုက် ခရီးသွားလာမှုများကို ဆိုင်းငံ့ထားခဲ့ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံက ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်သည်။
တရုတ်ခရီးသွားများသည် မြန်မာနိုင်ငံသို့ လာရောက်ရာတွင် မန္တလေးမြို့သို့ အများဆုံး သွားရောက်လေ့ရှိပြီး ထိုမှတဆင့် ပုဂံ၊ ရှမ်းပြည်နယ်နှင့် ကမ်းခြေဒေသများသို့ သွားရောက်ကြကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံ၏ နယ်မြေတည်ငြိမ်မှု အားနည်းခြင်းကြောင့် မန္တလေးမှတဆင့် ပုဂံသို့ သွားရောက်ရန် အဆင် မပြေသေးကြောင်း၊ မန္တလေးနှင့် ပုဂံကို ပြည်တွင်းလေကြောင်းလိုင်း ပြေးဆွဲပေးမှသာ အဆင်ပြေနိုင်မည်ဖြစ် ကြောင်း ဟိုတယ်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ခက်တာက ပုဂံကို လေယာဉ်က မလာဘူးဖြစ်နေတာ။ မန္တလေးပဲ လာလိမ့်မယ်။ အဲဒီတော့ မန္တလေး - ပုဂံ ကျတော့ ကားနဲ့ပဲ လာရတော့မှာ။ ကားလမ်းတွေကလည်း အဆင်ကမပြေဘူး။ လမ်းက မြင်းခြံ၊ နွားထိုးကြီး ဖြတ်ရတာ။ နွားထိုးကလည်း ခဏခဏ ဖြစ်နေတာ။ လာရင် ကားလမ်းခရီးကတော့ မကောင်းဘူး။
အကယ်၍များ အန်ကယ်တို့က မန္တလေး - ပုဂံ၊ ပုဂံ - မန္တလေးကို လေယာဉ်အသေးလေးတွေ ဆွဲပေးရင်တော့ ကိုက်တာပေါ့။ ဧရိယာ ၇၂ လေးတွေပေါ့။ ဒါပေမယ့် အဲဒီလောက်ထိအောင်လည်း လုပ်ပေးမယ် မထင်ပါဘူး။ ဒီအပေါ်မှာ ဒီလောက်ထိ သူတို့ မလုပ်ဘူး။ ဘာလို့ဆို သူတို့က ဒီ Field ထဲကလူတွေလည်း မဟုတ်ဘူး။ နောက် ဝန်ကြီးက လည်းပဲ အခုမှ ဒီ Field အကြောင်းကို ဘာမှမသိတဲ့သူ။ ကိုယ်ပိုင်တည်းခိုခန်းတောင် မရှိတဲ့သူဆိုတော့ ဟိုတယ် အကြောင်းလည်းမသိ၊ ခရီးသွားလုပ်ငန်းအကြောင်းလည်း မသိဘူးလေ။ ဝန်ကြီးကလည်း အစိမ်းကြီးတွေ အခုမှ စရောက်တာဆိုတော့ သူက ဒါမျိုးကို Plan တွေ ဆွဲတော့မယ်ဆိုလို့ရှိရင်လည်း Plan ဆွဲမယ့် ပြည်ထောင်စုဝန်ကြီး က တော်တော်ဩဇာအာဏာ သက်ရောက်တဲ့သူမျိုးမှ ရမယ်။ ပို့ဆောင်ရေးအပေါ်မှာလည်း ဩဇာသက်ရောက်ရ မယ်။ အဲဒီလိုမျိုးမှ ဖြစ်မှာလေ။ မဟုတ်ရင် မလွယ်လောက်ဘူး။ လာရင်လည်းပဲ မန္တလေးလောက်တော့ ရောက်မှာ ပေါ့။ ဒါပေမယ့် အန်ကယ် သိတာကတော့ ဧည့်သည်က ပုဂံလာချင်တာ သူတို့က။ မန္တလေး - ပုဂံတို့၊ ပုဂံ - ကလော တို့ ကားနဲ့ သွားဖို့ဆိုတာ ဘယ်လိုမှ Infortable မဖြစ်နိုင်ပါဘူး။ အကယ်၍များ ပုဂံကို ၄ ကြိမ်လောက် ပျံရင် ရတယ် ပြည်တွင်းလေကြောင်းလိုင်းက။ တစ်ပတ်ကို ၄ ကြိမ်လောက် ပျံရင်တော်ပြီ။ နေတိုင်း ပျံစရာမလိုဘူး ၇ ရက်ကို။ ၄ ရက်လောက် ပျံရင် နည်းသွားပြီလေ။ ၁ ညအိပ်တို့၊ ၂ ညအိပ်တို့ ပုဂံမှာ နေလို့ရသွားပြီ။ ကားလမ်းက အန်ကယ်တို့လည်း မလုပ်ရဲဘူး။ မတော်တဆ တစ်ခုခုဖြစ်လိုက်ရင် အားလုံး ဒုက္ခများပြီ” ဟု ပြောသည်။
နေပြည်တော်ရှိ ဟိုတယ်တစ်ခုရှေ့မှာ လုံခြုံရေးယူထားစဉ်
မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ ဝင်ရောက်မှုသည် လတ်တလောတွင် နည်းပါးနေခြင်းကြောင့် တရုတ်ခရီးသွား များ အဖွဲ့လိုက် ဝင်ရောက်လာမည်ဆိုပါက ဒေသအတွက် အကျိုးရှိနိုင်သည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီး သွားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုကတော့ ဘယ်အပေါက်က ဝင်မယ်တော့ မသိဘူးပေါ့နော်။ ရှမ်းပြည်နယ်နဲ့ အခုလက်ရှိ ကုန်သွယ်ရေး တရားဝင်ပေါက်တော့ ၂ ပေါက်ရှိတာပေါ့။ မူဆယ်နဲ့ ဒီဘက်က ချင်းရွှေဟော်ပေါက်ပေါ့။ ခွင့်ပြုတယ်ဆိုတော့ ဘယ် အပေါက်က ခွင့်ပြုတယ် မသိသေးဘူးပေါ့။ ခွင့်ပြုခဲ့ရင်တော့ ဘာပဲဖြစ်ဖြစ်ပါ ရှမ်းပြည်နယ်က ဥပမာ package Tour တွေဆိုရင်တော့ package Tour နဲ့ ဝင်လာမယ်။ လားရှိုးလာမယ်။ မူဆယ်ဘက်ကနေဆိုရင်တော့ လာရှိုးမှာ တစ်ညအိပ်သင့်တယ်လေ။ ပြီးရင် ရှမ်းပြည်နယ် တောင်ပိုင်းဆိုရင် အင်းလေးဒေသလာမယ်။ ဒါမျိုးတွေဆိုရင်တော့ အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ပြည်ပခရီးသွား နည်းနေတဲ့ကာလမှာ ပြည်ပခရီးသွားတွေ ဝင်လာမယ်ဆိုရင် တော့ ဒေသအတွက် နောက်ခရီးစဉ်ဒေသတွေအတွက် အကျိုးရှိနိုင်တာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများသို့ နိုင်ငံခြားသားခရီးသွားများကို လေယာဉ်ဖြင့် လာရောက် လည်ပတ်ခွင့်ကို မြန်မာမှ တားမြစ်ထားခြင်းကြောင့် နယ်စပ်ဂိတ်ပေါက်များ၊ ရန်ကုန်နှင့် မန္တလေး လေဆိပ်မှတင့် သာ လာရောက်မှုများ ရှိနိုင်သည်ဟု ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
- By CNI
- Category: Travel
- Hits: 1035
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၄
မြန်မာ-ရုရှား လေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲမှု ခရီးစဉ်အနေဖြင့် ရန်ကုန်လေဆိပ်-မန္တလေးတံတားဦး လေဆိပ်မှတဆင့် ရုရှားနိုင်ငံ၊ နိုဗိုဆီဘီရက်စ်ခ် ခရီးစဉ်အား စက်တင်ဘာ ၅ ရက်နေ့တွင် MAI လေကြောင်းလိုင်းမှ စတင်ပြေးဆွဲမည် ဖြစ်သည်။
မြန်မာ-ရုရှား လေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲမှုအား ယခုကဲ့သို့ စက်တင်ဘာလတွင် စတင် အကောင်အထည် ဖော် ပြေးဆွဲနိုင်ခြင်းသည် ကောင်းမွန်သော်လည်း လေကြောင်းလိုင်းတစ်ခုသည် သတ်မှတ်ပမာဏ ခရီးသည် ဦးရေပြည့်မှသာ ရေရှည်ရပ်တည်နိုင်မည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရုရှားလေယာဉ်တွေ လေကြောင်းလိုင်း လောကမှာလည်း စီးပွားရေးမှာလည်း တော်တော်ထိခိုက်သွား တယ်။ အဲဒီအချိန်မှာ ဘယ်လိုပဲပြောပြော ဗမာပြည်ဘက်က အရဲစွန့် ပျံတယ်ပေါ့။ ရုရှားဘက်ကလည်း ပျံဖို့တော့ လုပ်နေတာပေါ့နော်။ ဒါပေမယ့် မအောင်မြင်သေးပါဘူး။ ညှိနှိုင်းမှုတွေပဲရှိတယ်။ အဲဒီတော့ မြန်မာပြည်ဘက်က ပျံတယ်ဆိုတာ ဒီဟာကိုဘယ်လောက် sustain လုပ်နိုင်မလဲဆိုတာ ကြည့်ရမှာပါ။ အဓိကက Third country တွေ လည်း အရေးကြီးပါတယ်။ မြန်မာချည်းပဲ အားကိုးလို့ မရပါဘူး။ အခုကတော့ သူတို့ စပြေးကြည့်မှာပေါ့။ ပြေး ကြည့်လို့ ရေရှည်ခံနိုင်မယ်ဆိုတာ လူပြည့်ဖို့လည်း ဆိုင်တယ်။ ၇၀ ရာခိုင်နှုန်းပြည့်မှပဲ ရမှာ။ ဒါကတော့ MAI အနေ နဲ့တော့ ပထမဆုံး ရုရှားခရီးစဉ် ချဲ့ကြည့်တာကတော့ ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ရေရှည်ခံနိုင်ဖို့အတွက် ကတော့ အများကြီး ပြင်ဆင်ရမှာတွေ ရှိတယ်။ ဒါကတော့ မှန်းဆလို့ မရဘူးပေါ့။ နှစ်နိုင်ငံလုံးမှာလည်း သူ့ဟာနဲ့ သူ အခက်အခဲတွေရှိတဲ့ အချိန်ဖြစ်လို့ပါ” ဟု ပြောသည်။
နိုင်ငံခြားခရီးသွားများကိုတွေ့ရစဉ်
လက်ရှိတွင် မြန်မာနိုင်ငံမှ Visa Free ပေးထားသည့် နိုင်ငံများထဲတွင် ရုရှားနိုင်ငံလည်း ပါဝင်နေသည့်အတွက် ယခုကဲ့သို့ လေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲနိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် တိုးတက် ကောင်းမွန်လာနိုင်ကြောင်းလည်း သုံးသပ်မှုများရှိသည်။
လက်ရှိ မြန်မာ-ရုရှား ခရီးစဉ်ကို MAI လေကြောင်းလိုင်းမှ အပတ်စဉ် အင်္ဂါနှင့် စနေနေ့တိုင်း ပျံသန်းပြေးဆွဲ သွားမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားအနေဖြင့် အမေရိကန်ဒေါ်လာ ၄၀၉ ဒေါ်လာ သတ်မှတ်ထားသည်။
မြန်မာ-ရုရှား တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲမှုတွင် ခရီးစဉ်လမ်းကြောင်းသစ်ကို မြန်မာနိုင်ငံရှိ နာမည်ကြီး ပြည်တွင်းခရီးစဉ်များဖြစ်သည့် ငပလီ ၊ ဟဲဟိုး၊ ပုဂံ၊ ညောင်ဦး ခရီးစဉ်တို့နှင့်လည်း ချိတ်ဆက် ဆောင်ရွက်ပေး သွားရန်ရှိကြောင်း သိရသည်။
ထိုခရီးစဉ်လမ်းကြောင်းမှတဆင့် ရုရှားနိုင်ငံမှ ခရီးသည်များအနေဖြင့် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိနှင့် ဒွန်မောင်းလေ ဆိပ် ၊စင်ကာပူ၊ ကွာလာလမ်ပူ၊ ဟနွိုင်း၊ ဖနွမ်းပင်နှင့် ကာလကတ္တား တို့အထိ အဆင်ပြေစွာ ချိတ်ဆက်၍ ခရီး သွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
နိုင်ငံခြားခရီးသွားများကိုတွေ့ရစဉ်
ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က “အဓိကကတော့ မိုးတွင်းကာလဆိုတော့ ဟိုတယ်အကုန်လုံးတောင် မဖွင့်ထားဘူး။ တချို့ဟိုတယ်တွေကလည်း ထုံးစံအတိုင်းပဲ လာမယ့် ပွင့်လင်းရာသီအတွက် ရပ်နားပြီးတော့ ပြင်နေကြတာပေါ့။ ဒါပေမယ့် ပွင့်လင်းရာသီမှာ တော့ အကုန်လုံး ready ဖြစ်မှာပါ။ နောက်တစ်ခုက သူတို့ FAM-Trip တစ်ခုလည်း လုပ်ဖို့လည်းရှိတယ်။ ရုရှား tourism အဖွဲ့တွေနဲ့လေ။ အဲဒီ FAM-Trip လည်း သူတို့လာဖို့ရှိပါတယ်။ ကာလကတော့ အသေအချာမပြောနိုင် သေးဘူး။ သူတို့ စီစဉ်နေတုန်းပဲရှိသေးတယ်။ သက်ဆိုင်ရာ ခရီးစဉ် ဒေသတွေကို FAM-Trip လာလိုက်လို့ရှိရင် အဲဒီအတွက်တော့ ပြင်ဆင်ပြီးသာဖြစ်သွားမှာပေါ့” ဟု ပြောသည်။
ထို့အပြင် ကိုဗစ်မတိုင်ခင်ကာလ ၂၀၁၉ ၌ မြန်မာနိုင်ငံမှ ရုရုားသို့ သွားရောက်သည့် နှုန်းထားမှာ ၄၀၀ ဦးရေ ခန့်သာရှိပြီး မြန်မာနိုင်ငံသို့ လာရောက်သည့် ရုရှားခရီးသွားမှာ ၄၀၀၀ ကျော် ရှိခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် ရုရှားနိုင်ငံမှ စီးပွားရေးနှင့် အခြားအကြောင်းများကြောင့် လာရောက်မည့်သူများမှအပ အမှန်တကယ် ခရီးသွား များ လာရောက် နိုင်ပါ့မလားဟု မေးခွန်းထုတ်စရာရှိကြောင်း ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
- By CNI
- Category: Travel
- Hits: 1240
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆
မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ပြည်ပခရီးသွားဝင်ရောက်မှုသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ၃ သိန်း ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ ပြည်ပခရီးသွား ၃ သိန်းကျော်သည် လေကြောင်းလိုင်းများအပြင် နယ်စပ်ဂိတ်များမှ ဝင်ရောက် လာကြသည့် စာရင်းများဖြစ်ပြီး အများဆုံးဝင်ရောက်သည့်နိုင်ငံများမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် တရုတ်တို့ဖြစ်ကြောင်းလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က “၃၁၉၂၄၈ ဒါကစုစုပေါင်း ဝင်ရောက်လာတဲ့ ဧည့်သည်ပေါ့။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီလိုအချိန်မှာဆိုရင်တော့ ခြောက်သောင်းကျော်ပဲရှိတာဆိုတော့ ၄ ဆ လောက်၊ ရာခိုင်နှုန်း အားဖြင့်ဆိုရင် ၄၀၀ ကျော်၊ အဆအားဖြင့်ဆိုရင်တော့ ၄ ဆလောက် ၄ ဆကျော်လောက် တိုးတက်လာတဲ့ အနေ အထားရှိပါတယ်။ ၂၀၂၂ ခုနှစ်အထိက ကိုဗစ်က အားလုံးက ဒီအပေါ်မှာ စိုးရိမ်မှုတွေ ပိုများတာပေါ့၊ လက်ခံရမယ့် အိမ်ရှင်ရော၊ လာလည်မယ့် ဧည့်သည်ရော နှစ်ဖက်လုံးမှာ စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ မြင်ပါတယ်။ အခုကြတော့ ကိုဗစ်က သာမန်ရောဂါ တစ်ခုနီးပါးလောက်အထိကို ဖြစ်သွားပြီလို့ ယူဆရမှာပေါ့။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ချုပ် တို့ဘာတို့ ကြေညာချက်တော့ မဟုတ်ဘူးပေါ့။ သို့သော်လည်းပဲ ကျနော်တို့အမြင်အရဆိုတော့ ကပ်ရောဂါ အနေအထားမျိုး မဟုတ်တော့ဘူးလို့ ယူဆတဲ့အချိန်မှာ အိမ်ရှင်နိုင်ငံတွေကလည်း ဖြေလျှော့မှုတွေ လုပ်လာတယ်။ ဧည့်သည်တွေရဲ့ စိုးရိမ်မှုတွေကလည်း လျော့နည်းလာတဲ့အတွက်ကြောင့် ခရီးသွားပြန်လည် မြင့်တက်လာတယ် လို့ မြင်ပါတယ်” ဟု ပြောသည်။
ဦးပိန်းတံတားပေါ်မှာ ခရီးသွားများကိုတွေ့ရစဉ်
သို့သော် ရှမ်းပြည်နယ် မြောက်ပိုင်းဘက်တွင်မူ မေလလောက်မှစတင်ကာ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု သည် သုညရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ထိုသို့ ကျဆင်းရခြင်းသည် မေလ ၇ ရက်နေ့လောက်မှစတင်ကာ လက်ရှိအချိန်အထိ နိုင်ငံခြားသား ခရီးသွား များအား လေကြောင်းလိုင်းဖြင့် ဝင်ရောက်ခွင့်မပြုတော့သည့်အတွက် ဖြစ်ကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံခြားသားခရီးသွားများအား လေကြောင်းလိုင်းဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းဘက်သို့ သွားရောက်ခွင့် မပြုခြင်းသည် ၎င်းတို့အနေဖြင့် တားမြစ်ဧရိယာများအား ကျော်လွန်၍ သွား၊လာခြင်းများ ရှိခဲ့သည့်အတွက် ထိုအချက်များလည်း ပါဝင်နိုင်ဖွယ်ရှိကြောင်းလည်း ၎င်းကပြောသည်။
“ပြီးခဲ့တဲ့ နိုင်ငံခြားသားမပိတ်ပင်ခင်အထိတော့ တစ်နှစ်ကျော်ပြီ ခရီးသွားလုပ်ငန်းက လုံးဝ ၁၀၀ ရာခိုင်နှုန်းအထိ မြင့်တက်နေတယ်ပေါ့။ ဟိုတယ်တွေဆိုရင် ကြိုတင်ဘိုကင်လုပ်မှ အဆင်ပြေမယ်။ ဒီနေ့လာ ဒီနေ့ဆိုရင် ဟိုတယ် တွေ ဘယ်လိုမှ အခန်းမရနိုင်ဘူးပေါ့ လာရှိုးမှာရော မူဆယ်မှာရော။ အဲဒီလိုအနေအထားတွေရှိခဲ့တယ်။ အခုတော့ အဲဒီလိုမဟုတ်တော့ဘဲ နိုင်ငံခြားသားတွေ မလာတော့တဲ့နောက်ပိုင်းမှာတော့ အခန်းတွေလည်း လွတ်ကုန်တယ်။ ဟိုတယ် စီးပွားရေးလုပ်ငန်းတွေလည်း တော်တော်လေး ထိခိုက်တယ်။ ကျဆင်းသွားတယ်ပေါ့။ အထူးသဖြင့် ကျနော်တို့က ဟိုတယ်အသေးလေးတွေဆိုရင် ရပ်တည်ဖို့တောင်နည်းနည်းခက်လာတဲ့ အနေအထား ဖြစ်လာ တယ်။ ဘာလို့လဲဆိုတော့ ဟိုတယ်အသေးလေးတွေဆိုတော့ အခန်းကမရှိရတဲ့အထဲကနေ မီးစက်တွေ သုံးရတဲ့ အတွက် ဆီဖိုးတွေကုန်တယ်၊ တခြား expend တွေလည်း ကြီးမြင့်လာတာဖြစ်တဲ့အတွက် တခြား expend တွေ ကုန်တာတွေနဲ့တွက်လိုက်ရင် ဟိုတယ်အသေးလေးတွေက တော်တော်ရပ်တည်ဖို့ ခက်လာတဲ့ အနေအထား ဘက်ကို ရောက်လာတယ် အခုလက်ရှိအခြေအနေပါ့” ဟု ပြောသည်။လက်ရှိ မိုးရာသီကာလသည် နှစ်စဉ် ပြည်ပခရီးသွားဝင်ရောက်မှုသာမက ပြည်တွင်းခရီးသွားများသည်လည်း ကျောင်းဖွင့်ရာသီဖြစ်သောကြောင့် နည်းပါးလေ့ရှိသည့်အတွက် ယခုနှစ်တွင်လည်း နည်းပါးမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းရှင်များထံက သိရသည်။
ရွှေတိဂုံဘုရားကို မြင်တွေ့ရစဉ်
ထို့ကြောင့် ပွင့်လင်းရာသီကာလရောက်သည့်အခါတွင် နိုင်ငံခြားသား ပြည်ပခရီးသွားများ ပိုမို ဝင်ရောက် လာစေရန် တခြားခရီးသွားကဏ္ဍများအပြင် ဗီဇာပိုင်းနှင့်ပတ်သက်၍ ဆွေးနွေးနေမှုများ ရှိကြောင်းလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က CNI သတင်းဌာနသို့ ပြောသည်။
“ယခင်တုန်းက ကျနော်တို့ ပေးခဲ့ဖူးတဲ့ ဗီဇာကင်းလွတ်ခွင့်တို့၊ ဆိုက်ရောက်ဗီဇာတို့ ဒါတွေနဲ့ ပတ်သက်ပြီးတော့မှ ဘယ်လိုမျိုး ပေးနိုင်မလဲဆိုတဲ့ ဥစ္စာအပေါ်မှာ သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ဆောင်ရွက် နေပါတယ်။ လာမယ့် ပွင့်လင်းရာသီမှာတော့ ခရီးသွားလုပ်ငန်းက ပြီးခဲ့တဲ့နှစ်တွေနဲ့ နှိုင်းယှဉ်ရင် သေချာပေါက် ပြန်လည်တိုးတက်လာပါမယ်။ ပြည်တွင်းခရီးသွားလုပ်ငန်းတွေရော၊ နယ်စပ်ဒေသခရီးသွားလုပ်ငန်းတွေရော၊ ပြည်ပက ဝင်ရောက်လာမယ့် impound ခရီးသွားလုပ်ငန်းတွေရော ဒါတွေ အားလုံးက အနည်းနဲ့အများ ပြီးခဲ့တဲ့ ကာလတွေနဲ့ယှဉ်ရင် လုံးဝသိသိသာသာလေး တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။
ယခု ၅ လအတွင်း ဝင်ရောက်ကြသည့် နိုင်ငံခြားသား ပြည်ပခရီးသွားများထဲမှ အများစုသည် မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံ အထင်ကရ အဓိကနေရာများကိုသာ သွားလာမှုများပြားပြီး ရက်တိုခရီး လာသူများအနေဖြင့် ရန်ကုန်၊ ပဲခူး အနီးတဝိုက်ကိုသာ လည်ပတ်ကြသူများသာ ရှိကြောင်းသိရသည်။
- By CNI
- Category: Travel
- Hits: 1231
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁
ခရီးသွားလုပ်ငန်း လည်ပတ်မှု အားနည်းသွား၍ ဧည့်လမ်းညွှန်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူ ၃၅၀၀ ဦးခန့်သည် အခြားသော ဝင်ငွေရသည့် လုပ်ငန်းများကို ပြောင်းလဲ လုပ်ကိုင်နေကြရကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူနှင့် ဧည့်လမ်းညွှန် အသိုင်းအဝိုင်းမှ CNI သတင်းဌာနသို့ ပြောသည်။
ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ ဦးဖြိုးဝေရာဇာက “ဧည့်လမ်းညွှန်တွေဆို တော်တော်များများက အလုပ်မရှိတဲ့အခါ ကျတော့ ဒီ့ပြင် အလုပ်တွေပြောင်းပြီး လုပ်ကြ ရတာပေါ့။ အင်္ဂလိပ်စာသင်တဲ့ ဆရာတို့၊ ဂျာမန်စာသင်တဲ့ ဆရာတို့ အဲလိုမျိုး ပြောင်းပြီးလုပ်တာ။ ဒါပေမယ့် အဲဒီ ဥစ္စာကလည်း ဘဝရပ်တည်ဖို့အတွက် မလုံလောက်ဘူး။ အချို့ တော်တော်များများကတော့ နိုင်ငံခြားတို့၊ ဘာတို့ ထွက်သွားရတာတွေပါရှိတယ် “ ဟု ပြောသည်။
မြန်မာအမျိုးသမီးဧည့်လမ်းညွှန်တစ်ဦးမှ နိုင်ငံခြားသူတစ်ဦးအား ရှေးဟောင်းပစ္စည်းဆိုင်တစ်ခု၌ ရှင်းပြနေစဉ်(ဓါတ်ပုံ-Getty Images)
မြန်မာနိုင်ငံတွင် လိုင်စင်ရ ဧည့်လမ်းညွှန်ပေါင်း ၅၀၀၀ ခန့်ရှိပြီး၊ ဧည့်လမ်းညွှန်လုပ်ငန်းဖြင့် အသက်မွေး၀မ်း ကြောင်းပြုသူ ၄၀၀၀ ကျော်ခန့် ရှိကာ၊ ကိုဗစ်ကာလနှင့် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်လာပြီးနောက်ပိုင်း ခရီးသွားကဏ္ဍ အရှိန်လျော့ကျလာသဖြင့် ဧည့်လမ်းညွှန် ၃၅၀၀ ခန့်မှာ အခြားလုပ်ငန်းများကို ပြောင်းလဲလုပ် ကိုင်လာကြခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဧည့်လမ်းညွှန်လုပ်ငန်းလုပ်လိုသူများအတွက် ဝင်ခွင့်စာမေးပွဲကို တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပပေးလေ့ရှိပြီး ဖြေ ဆိုသူ ၁၀၀၀ ၀န်းကျင်အနက်မှ အရည်အချင်း ပြည့်မီသူ ၂၀၀ ခန့်သာ အောင်မြင်ခြင်းဖြစ်ကြောင်း၊ ယင်းစာရင်း အနက်မှ နှစ်တစ်နှစ်အတွက် ထပ်တိုးဝင်ရောက်လုပ်ကိုင်သူမှာ ရာဂဏန်း မပြည့်ကြောင်း ဧည့်လမ်းညွှန် လုပ် ငန်းမှ အခြားလုပ်ငန်း ပြောင်းလဲလုပ်ကိုင်သူများထံမှ သိရသည်။
ပုဂံဒေသခံ ဧည့်လမ်းညွှန်တစ်ဦးမှ နိုင်ငံခြားသားဧည့်သည်အမျိုးသမီးတစ်ဦးအား ရှင်းလင်းပြောဆို နေစဉ်(ဓါတ်ပုံ-RFA)
ဧည့်လမ်းညွှန်ဘ၀မှ စားသောက်ဆိုင်လုပ်ငန်းနှင့် ဘာသာစကားသင်တန်းဖွင့်လှစ်လုပ်ကိုင်လာသူ မသိမ့်က “ကျွန်မတို့ tourism ဆိုတာက နိုင်ငံရေးမှာအများကြီး မူတည်နေတယ်လေ။ နိုင်ငံရေးရော ၊ စီးပွားရေးရောပေါ့။ တကမ္ဘာလုံးရဲ့ စီးပွားရေး၊ နိုင်ငံရေးပေါ်မှာ မူတည်တာပေါ့။ ကျမတို့ သိလိုက်တာတော့ ဒီခရီးသွားလုပ်ငန်း တစ် ခုတည်းမှာပဲ မှီလို့ မရတော့ဘူး။ နောက်ထပ် income တစ်ခုတော့၊ carrier တစ်ခုတော့လိုပြီဆိုတာ guide တိုင်း လိုလို သိလိုက်တယ်ရှင့်။ အဲဒါကြောင့်မို့လို့ ကိုဗစ်စဖြစ်ပြီးတဲ့နောက်ပိုင်းမှာပဲ မျိုးစုံလုပ်တယ်။ စားသောက်ဆိုင် လေးတွေ ဖွင့်တယ်။ language class လေးတွေ ဖွင့်တယ် “ ဟု ပြောသည်။
ဧည့်လမ်းညွှန်လုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုသူများအနေဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်လာသည့် အခြားတစ်ဖက်တွင် လိုင်စင်သက်တမ်းတိုးရန် အခက်အခဲများ ကြုံတွေ့နေရသည် မှာလည်း ခရီးသွားကဏ္ဍ ပြန်လည်ဖွံ့ဖြိုးလာချိန်တွင် ဧည့်လမ်းညွှန် လုံလောက်မှုကို အခက်အခဲ ဖြစ်နိုင်စေသည် ဟု ဧည့်လမ်းညွှန်အသိုင်းအဝိုင်းက သုံးသပ်ကြသည်။
- By CNI
- Category: Travel
- Hits: 1266
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၃
မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသား ခရီးသွားများကို တာချီလိတ်၊ ကျိုင်းတုံနှင့် လားရှိုးမြို့များသို့ လေကြောင်းလိုင်းဖြင့် ဝင်ရောက်ခွင့်ကို မေလ ၇ ရက်နေ့မှစ၍ သွားရောက်ခွင့် မပြုတော့ကြောင်း ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ထိုသို့ ကန့်သတ်ရခြင်းသည် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှုတို့တွင် ပါဝင်ကျူးလွန် နေကြ၍ ထိန်းချုပ်သည့် အနေဖြင့် လုပ် ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် သံရုံးဝန်ထမ်းများကို သွားရောက်ခွင့် ပြုထားသလို ခရီးသွား ဧည့်လမ်းညွှန်များဖြင့် သွားရောက်မည် ဆိုပါကလည်း သွားရောက်ခွင့် ပြုထားသည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကကတော့ မြန်မာ - ထိုင်း - တရုတ် ၃ နိုင်ငံ အွန်လိုင်းလိမ်လည်မှုနဲ့ ပတ်သက်ပြီးတော့မှ ထိန်းချုပ်မှု အစီအစဉ်အရ အဲဒါကြောင့်မို့လို့ ကျနော်တို့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ၊ သံတမန်တွေကလွဲလို့ တာချီလိတ်မှ မဟုတ်ပါဘူး။ လားရှိုးလေဆိပ်၊ ကျိုင်းတုံလေဆိပ်၊ တာချီလိတ်လေဆိပ် နိုင်ငံခြားသားတွေ လိုက်ပါခွင့်နဲ့ ပတ် သက်လို့ စိစစ်ရမယ်ဆိုပြီးတော့ ညွှန်ကြားချက် ရှိပါတယ်ခင်ဗျ။ ခရီးသွားကုမ္ပဏီနဲ့ ချိတ်ရမှာပေါ့ နိုင်ငံခြားသား ခရီးသွားဆိုရင်တော့ လမ်းမှာဆိုရင်လည်း တောင်ကြီးနဲ့ ကျိုင်းတုံကြားဆိုရင် ကျနော်တို့က မသွားရ ကန့်သတ် နယ်မြေ ကန့်သတ်ထားတာ ရှိတယ်ပေါ့။ အဲဒါတွေက ခရီးသွားကုမ္ပဏီတွေနဲ့ ချိတ်ပြီးတော့ ဧည့်လမ်းညွှန်ပါမှ သူတို့ဟာသူတို့ဆိုရင် ဟိုနားဆင်း ကျန်ခဲ့တာတို့၊ ဒီနားဆင်း ကျန်ခဲ့တာတို့၊ ကျန်ခဲ့ပြီးတော့မှ သွားလည်တာမျိုးတို့ ဖြစ်မှာစိုးလို့။ Guide တွေနဲ့ဆိုရင် သူတို့ ဒီလမ်းကြောင်းအတိုင်းသွား၊ ဘယ်မှာအိပ်မလဲ၊ ဘယ်မှာစားမလဲ၊ ဘယ်မှာ လည်မလဲဆိုတာကို ကျနော်တို့က ကြိုတင်ခွင့်ပြုချက်ယူပြီးတော့ သွားရင် ဒါတွေက အကုန်လုံးက အခုလောလော ဆယ် ခွင့်ပြုနေတာပါပဲ” ဟု ပြောသည်။
ကျိုင်းတုံ၊ တာချီလိတ်နှင့် လားရှိုးမြို့သို့ သွားရောက်လိုသည့် နိုင်ငံခြားသား ခရီးသွားများအနေဖြင့် ခရီးသွား ဧည့် လမ်းညွှန်များနှင့်အတူ ခရီးသွား အစီအစဉ်များ(ဥပမာ တည်းခိုမည့်နေရာ၊ သွားရောက်မည့် နေရာနှင့် အချိန်များ) ကို အတိအကျရေးသားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြ၍ ခွင့်ပြုချက် ရရှိမှသာ သွားရောက်၍ ရရှိမည် ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံ လေဆိပ် အဆင့်မြင့်ရေး လုပ်ငန်းစဉ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက် ကြည့်ရှုစဉ်
ထိုသို့ လေကြောင်းလိုင်း ခရီးစဉ်များကို ကန့်သတ်လိုက်သော်လည်း ကျိုင်းတုံ၊ တာချီလိတ်နှင့် လားရှိုးမြို့များသို့ လေကြောင်းလိုင်းဖြင့် သွားရောက်သည့် နိုင်ငံခြားသား ခရီးသွားသည် ယခုကာလတွင် မရှိသလောက် နည်းပါး ကြောင်း သိရသည်။
ထို့အတူ နယ်မြေ မတည်ငြိမ်မှုကြောင့် ယင်းဒေသများသို့ ဦးတည်သည့် ခရီးသွား လမ်းညွှန်များလည်း မရှိကြောင်း၊ နယ်စပ်လမ်းကြောင်းများမှ တဆင့်သာ အများအပြား ဝင်ရောက်ကြသည်ဟု Myanmar voyages international tourism မှ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လားရှိုးတို့ ဘာတို့ကျတော့ နဂိုကတည်းက ကျနော်တို့ရဲ့ destination မဟုတ်ဘူးလေ။ အဓိကတော့ ယိုးဒယားတွေ၊ တရုတ်တွေ သူတို့ နယ်စပ်တွေ သွားတဲ့ ကုန်သည်တွေပဲ သွားကြတာ။ နိုင်ငံခြားသားတွေကျတော့ သွားတော့ သွားတယ် FID လောက်ပဲ အရင်တုန်းက ဂုတ်ထိပ်တံတား ကနေပြီးတော့ လားရှိုးအထိ ရထားစီးတာ တွေ ဘာတွေတော့ ကြုံခဲ့ဖူးတယ်ပေါ့နော်၊ ခေတ်ကောင်းတဲ့ အချိန်တုန်းက။ အခုချိန်ကတော့ ကျနော်တို့လည်း အဲဒီ ခရီးစဉ်တွေကို ရောင်းကို မရောင်းဘူး။ သွားတဲ့သူရှိလည်း ကျနော်တို့က သတိထားရတာပေါ့နော်။ ဘာလို့ဆို နယ်မြေ အခြေအနေအရရော နောက် အဲဒီမှာလည်း ဘယ်လိုပဲပြောပြော အခုချိန်မှာ safe မဖြစ်သလို effection လည်း အဲဒီလောက် မရှိဘူးလေ။ အရင်တုန်းကတော့ မိုင်းလားကို သွားတယ်။ မူဆယ်တို့ ဘာတို့ပေါ့နော် အဲဒီ ဘက်ခြမ်း ကနေပြီးတော့ ကျနော်တို့ border ဖြတ်ကျော်တာတွေ တချိန်တုန်းကတော့ စဉ်းစားခဲ့တာပေါ့ဗျာ။ အခုတော့လည်း ဒါတွေက အိပ်မက် ဖြစ်သွားပါပြီ” ဟု ပြောသည်။
တာချီလိတ်မြို့ကိုတွေ့ရစဉ်
လေကြောင်းခရီးစဉ်ဖြင့် သွားရောက်မည့် နိုင်ငံခြားသား ခရီးသွားများအား မေလ ၇ ရက်နေ့မှစ၍ နောက်ထပ် အသိပေးချက် မထုတ်ပြန်မီ အချိန်အထိ သွားရောက်ခွင့် မပြုထားကြောင်း သိရသည်။
လက်ရှိတွင် ပုဂံနှင့် ကျိုက်ထီးရိုး ဘုရားဖူးရာတွင် နိုင်ငံခြားသား ခရီးသွားများပါသည့် ခရီးစဉ်များ အနေဖြင့် သွားရောက်မည့် အချိန်ကာလနှင့် တည်းခိုမည့် အချက်အလက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများထံသို့ တင်ပြပြီး ခွင့်ပြုချက် ရရှိမှသာ သွားခွင့်ရှိသည်။
ထို့နောက် နယ်မြေတည်ငြိမ်မှု မရှိသည့် ကျိုင်းတုံ၊ တာချီလိတ်ကဲ့သို့ နေရာမျိုးတွင် ခရီးသွားမည်ဆိုပါက ခွင့်ပြုချက် ရရှိနိုင်မည် မဟုတ်ကြောင်း၊ ခွင့်ပြုချက် ရရှိသည့်တိုင် အချိန်ကာလအားဖြင့် ကြာမြင့်သွားမည် ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
- By CNI
- Category: Travel
- Hits: 1275
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၁၉
ရခိုင်ပြည်နယ်သို့ သင်္ကြန်ပိတ်ရက် ကာလဖြစ်သည့် ဧပြီလ ၈ ရက်မှ ၁၇ ရက်နေ့အထိ ခရီးသွားဝင်ရောက်မှု သုံးသောင်းကျော်ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
ယခုနှစ်တွင် ရခိုင်ပြည်နယ်သို့ ခရီးသွား ဝင်ရောက်မှုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သင်္ကြန်ပိတ်ရက်ကာလ၌ ဝင် ရောက်ခဲ့သည့် ခရီးသွားဦးရေထက် များပြားသည့်အပြင် ယခုနှစ် ရခိုင်ပြည်နယ်မှာ ကျင်းပသည့် သင်္ကြန်သည် ပို၍ စည်ကားကြောင်းလည်း ၎င်းက ပြောသည်။
ဦးတင်ထွန်းအောင်က “သင်္ကြန် ၁၀ ရက်အတွင်းမှာ သံတွဲကို ပြောတာပေါ့နော်၊ ငပလီပေါ့ လာတဲ့ဧည့်သည်က ၂၈၈၀၅ ယောက်ရှိတယ်။ ဒါက ဟိုတယ်မှာတည်းတဲ့ ဧည့်သည်ပေါ့နော်။ မြောက်ဦးက မနှစ်က ဧည့်သည်လောက် တော့ မရသေးဘူး။ ဒါပေမယ့် မြောက်ဦးလည်း တော်တော်လေး လာပါတယ်။ ၂၀၀၀ ကျော်ကျော်လေး လာတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ မြောက်ဦးက ၃၀၀၀ ကျော်ကျော် လာတယ်။ စစ်တွေကတော့ မြောက်ဦးအပေါ်မှာ တချို့ လမ်းကြောင်းတွေက မှီနေတာပေါ့။ တချို့ကျတော့လည်း လေကြောင်းနဲ့လာတယ်။ မြောက်ဦးကို မော်တော်ယာဉ် နဲ့ သွားကြတာပေါ့။ စစ်တွေက ဖြတ်သွား ဖြတ်လာပေါ့။ သို့သော်လည်းပဲ စစ်တွေကိုလာတဲ့ ဧည့်သည်က စစ်တွေ ကတော့ ရုံးဆိုက်ရာ မြို့ဖြစ်တဲ့အတွက် ရုံးလုပ်ငန်းနဲ့ လာတာပဲ များပါတယ်။ ဧည့်သည်ကတော့ နည်းတယ်။ နည်း တယ် ဆိုသော်လည်းပဲ စစ်တွေမှာလည်း ၂၂၀၀ ကျော်ကျော်လောက်တော့ သင်္ကြန်အတွင်းမှာ လာလိုက်တာပေါ့။ ၈ ရက်ကနေ ၁၇ ရက်နေ့အထိ လေယာဉ်အဆင်း ၁၀၅ ခေါက်ဆင်းတယ်။ ၁၃ ရက်နေ့မှာဆိုရင် ၁၇ ခေါက်တောင် ဆင်းတယ်။ သံတွဲလေဆိပ်။ စစ်တွေကတော့ ပုံမှန်ပါပဲ။ အနည်းဆုံးတော့ မနှစ်ကလောက် စည်ရမယ်လို့ မှန်းထား တာပေါ့။ ဒီနှစ်ကတော့ အေးအေးချမ်းချမ်းလည်း ရှိတဲ့အခါကျတော့ ပိုပြီးတော့ စည်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ တစ်လလုံးတွင် ဝင်ရောက်သည့် ခရီးသွားဦးရေ ပမာဏသည် ၂၇၀၀၀ ကျော်သာ ရှိခဲ့သည်။
ရခိုင်ပြည်နယ်ရှိ ကမ်းခြေတစ်ခုမှာ ခရီးသွားများကိုတွေ့ရစဉ် (ဦးသောင်းထွန်း)
ထို့ကြောင့် သင်္ကြန်ပိတ်ရက် ကာလအတွင်း ခရီးသွား ဝင်ရောက်မှုသည် မတ်လ တစ်လလုံး၏ ခရီးသွား ဝင်ရောက် မှုထက် များပြားကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ထို့အပြင် ယခု သင်္ကြန်ပိတ်ရက် ကာလ၌ ခရီးသွား သုံးသောင်းကျော် ဝင်ရောက်ခြင်းသည် ဟိုတယ်နှင့် တည်းခို ရိပ်သာများတွင် တည်းခိုကြသည့် ခရီးသွားများ၏ စာရင်းများသာဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွား လာရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။
ဘုန်းကြီးကျောင်းများတွင် တည်းခိုသူများ၊ ကျေးရွာများမှ လူနေအိမ်များတွင် တည်းခိုသူများ အစရှိသည်တို့ကိုပါ ထည့်တွက်မည်ဆိုပါက ငပလီကမ်းခြေဒေသသို့ ခရီးသွား ဝင်ရောက်မှုသည် ခန့်မှန်းချေ ငါးသောင်း ဝန်းကျင်ရှိ ကြောင်း မြို့မိမြို့ဖ တစ်ဦးဖြစ်သည့် ဦးထွန်းသန့်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ဦးထွန်းသန့်ကျော်က “၃၊ ၄၊ ၅ သောင်းလောက်ရှိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဒီ Express တွေဆိုရင် လည်း အစီး ၅၀-၁၀၀ ကြားရှိတယ်။ ကားလေးတွေဆို အစီး ၅၀၀ ကျော် နေ့စဉ်လောက် ဆင်းနေတာလေ။ ဆင်း တော့ ကမ်းခြေမှာ Guest House တွေရော၊ ဟိုတယ်တွေရော၊ နောက်ပြီး ရွာတွေထဲက အိမ်တွေပါ အကုန်အပြည့် ပဲ။ ငပလီ ကမ်းခြေမှာဆိုရင် ရေသူမ အနားမှာဆိုရင် ရေကူးဖို့ ဘောကွင်းချဖို့ နေရာတောင် မရှိဘူး အဲဒီလောက် စည်တယ်။ ဒါပေမယ့် ကျနော်တို့ဆီ လာတာက ပြည်တွင်း ခရီးသွားများတယ်။ ပြည်ပခရီးသွားက မရှိသလောက်ပဲ နည်းတယ်။ ဒေသခံတွေက ပွင့်ပွင့်လင်းလင်းပြောရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ကောင်းတာပေါ့။ ဟိုတယ် တွေ အကုန်ဖွင့်တဲ့ အတွက်လည်း ဝန်ထမ်းပေါင်း ၄၀၀၀ လောက်က အလုပ်ရ သွားတယ်လေ။ နောက်တစ်ချက် က စားသောက်ဆိုင်တွေပေါ့ အကုန်လုံးက ရောင်းရတယ်။ လမ်းဘေးဆိုင်၊ ကြက်ဥပြုတ် ရောင်းတဲ့ဆိုင်၊ အုန်းသီး အရည်သောက် ရောင်းတဲ့ဆိုင်ကအစ အကုန်လုံး ဖြစ်ထွန်းကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် မိုးတွင်းအတွက် သူတို့ရဲ့ ဝမ်းစာလေးတွေက ဖူလုံသွားကြတယ်ပေါ့။ စားသောက်ဆိုင်ကြီးတွေဆိုလည်း အကုန်အပြည့်ပဲ။ ဘိုကင် တောင်မရကြလို့ ပြန်သွားရတဲ့လူတွေဆို အများကြီးပဲ” ဟု ပြောသည်။
ရခိုင်ပြည်နယ်ရှိ ကမ်းခြေတစ်ခုမှာ ခရီးသွားများကိုတွေ့ရစဉ် (ဦးသောင်းထွန်း)
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သင်္ကြန်ပိတ်ရက် ကာလတွင် ရခိုင်ပြည်နယ်သို့ ခရီးသွား ဝင်ရောက်မှုသည် ၁၅၀၀၀ ကျော် သာ ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ထို့အပြင် ယခုနှစ် သင်္ကြန်ပိတ်ရက်ကာလတွင် ရခိုင်ပြည်နယ်သို့ ခရီးသွား ဝင်ရောက်မှုသည် ပြည်တွင်းခရီးသွား အများဆုံး ဖြစ်ကာ ပြည်ပခရီးသွား အနည်းငယ်သာရှိပြီး ထိုထဲတွင် Tourist visa ဖြင့်လာသူများထက် သံရုံးများ၊ အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များသာ ဖြစ်ကြောင်းလည်း သိရသည်။
သို့သော် မကြာခင်တွင် မိုးတွင်းကာလ ရောက်ရှိတော့မည် ဖြစ်သောကြောင့် ခရီးသွား ဝင်ရောက်မှုသည် မေလ အလယ်ခန့်အထိသာ လာရောက်ကြမည်ဖြစ်ပြီး မိုးတွင်းကာလများ၌ ခရီးသွားဝင်ရောက်မှု အနည်းငယ်သာ ရှိနိုင် ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
- By CNI
- Category: Travel
- Hits: 1319
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၁၈
ရှမ်းပြည်နယ်သို့ သင်္ကြန်ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွား ဝင်ရောက်မှုသည် ကိုဗစ် - ၁၉ ကပ်ရောဂါ မဖြစ်ပွားခင်ကာလ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းခန့် များပြားသည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနထံမှ သိရသည်။
ရှမ်းပြည်နယ်အတွင်းသို့ ခရီးသွား ၇၅၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး၊ ပြည်တွင်းခရီးသွား ၇၂၀၀၀ ကျော်နှင့် နိုင်ငံခြား သား ခရီးသွား ၄၃၀၀ ကျော် ဝင်ရောက်ခဲ့သည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တောင်ကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်းမှာ အဆိုတော် ဝိုင်းစုခိုင်သိန်း သင်္ကြန်တွင်း ဖျော်ဖြေနေစဉ်
ကိုထင်အောင်နိုင်က “ကျနော်တို့ ၂၀၁၉ မှာလည်း ရေပေါ်သင်္ကြန် တစ်ခါ လုပ်ခဲ့ဖူးပါတယ်။ အခုကတော့ ဒုတိယ အကြိမ် လုပ်တာပေါ့နော်။ အဲဒီတုန်းကတော့ လာတော့ လာကြပါတယ်။ အဲဒီတုန်းကလည်း နိုင်ငံခြားသားက လည်း ကိုဗစ် မတိုင်ခင်ဆိုတော့ ပိုများတယ်။ local ကတော့ လာတော့ လာကြတယ်။ ဒါပေမယ့် အခု တစ်ခါက ပိုများတယ် ၂၀ ရာခိုင်နှုန်းလောက် ပိုများတယ်။ ဒီမှာတော့ အဓိကတော့ ရှမ်းပြည်နယ် ၈ ရက်နေ့ သင်္ကြန် ရုံးပိတ် ရက်ကို ၈ ရက်ကနေ မနေ့ကအထိကို ကျနော်တို့ ဟိုတယ်ခရီးကို တည်းခိုခဲ့တဲ့ ဧည့်သည်ကတော့ ၇၅၀၀၀ ကျော် ရှိပါတယ်ဗျ။ အတိအကျဆိုရင် အားလုံးပေါင်း ၇၆၅၁၇ ယောက်၊ နိုင်ငံခြားသားက ၄၃၂၀ ယောက်ပါပါတယ်။ local က ၇၂၁၉၇ ယောက်” ဟု ပြောသည်။
၂၀၁၉ သင်္ကြန်ကာလတုန်းက ရှမ်းပြည်နယ်သို့ ခရီးသွား ၂၇၀၆၂ ဦးသာ ဝင်ရောက်ခဲ့သည်။ ထို့နောက် တခြားသော နှစ်များတွင် ကိုဗစ်ကာလဖြစ်၍ သင်္ကြန်ပွဲတော် ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။
ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၏ စာရင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ခရီးသွားဝင်ရောက်မှုသည် ၅ သောင်း ကျော်ရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းပါ ပေါင်းလိုက်ပါက ၇၆၅၁၇ ဦး ဝင်ရောက်ခဲ့သည်။
သို့သော် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန အပြင် စည်ပင်သာယာရေးမှ ခွင့်ပြုပေးထားသည့် ဟိုတယ်နှင့် တည်းခို ရိပ်သာများတွင် အခန်းများ ပြည့်သွား၍ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များတွင် တည်းခိုကြသည့် ခရီးသွား မှာ ၂ သိန်းကျော်ရှိကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်းမှာ L ဆိုင်းဇီးဖျော်ဖြေနေစဉ်
ဦးထင်အောင်နိုင်က “ရှမ်းပြည်နယ် တောင်ပိုင်းကတော့ အများဆုံးပဲ။ ကျနော်တို့ ဒီဘက်မှာ ကလော၊ အင်းလေး၊ တောင်ကြီး ဒီဧရိယာ လာတဲ့လူတွေက များတယ်လေ။ နောက် ဒီဘက်က လာရင်လည်း လွယ်ကူတာကိုး။ လွယ်ကူတဲ့အတွက် ရှမ်းပြည်နယ် တောင်ပိုင်းဆိုရင် local က ၄၈၆၂၁ ယောက် ဝင်တယ်။ foreigner ၇၄၅ ယောက် ဝင်တယ်ပေါ့လေ။ စုစုပေါင်း ၄၉၀၀၀ ပေါ့ ၅ သောင်းလောက် ဝင်တယ်ပေါ့နော်။ ရှမ်းပြည်နယ် အရှေ့ပိုင်း ဆိုရင် ၁၁၃၈၉ ယောက် ဝင်တယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းဆိုရင် ၁၅၇၅၃ ယောက်ဝင်တယ်။ ရှမ်း ပြည်နယ် တောင်ပိုင်းကတော့ ပိုများတာပေါ့။ ဘယ်လိုဖြစ်သွားလဲဆိုတော့ ပြောရရင် ကျနော်တို့ရဲ့ ဟိုတယ်ခရီးရဲ့ ဟိုတယ်၊ တည်းခိုခန်းတွေလည်း ပြည့်တယ်။ စည်ပင်ရဲ့ တည်းခိုခန်းတွေလည်း ပြည့်တဲ့အပြင်ကို နောက်ဆုံး သက်ဆိုင်ရာ မိတ်ဆွေအိမ်တွေ၊ သက်ဆိုင်ရာ ဘုန်းကြီးကျောင်းတွေ၊ ဒီစာရင်းဇယားတွေ ကျနော်တို့ မကောက် နိုင်ပါဘူး တကယ်တမ်းပြောရရင်။ တကယ်တမ်း ပြောရရင်တော့ ကျနော်တို့ ရှမ်းပြည်နယ် တောင်ပိုင်းကို ဝင်တဲ့ ဧည့်သည်က သိန်းဂဏန်း ရှိပါတယ်ဗျ။ ကျနော် ထင်ပါတယ်ဗျ။ ရှမ်းပြည်နယ် တောင်ပိုင်းကို ဝင်တဲ့ဧည့်သည်က အနည်းဆုံး ၂ သိန်းနဲ့ ၃ သိန်းကြားတော့ ရှိပါမယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု အနေဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်းသို့ ပိုမိုဝင်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အများဆုံးဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ ခွင့်ပြုပေးထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၄၂၈ လုံး၊ အခန်းပေါင်း ၁၆၀၀၀ ကျော်နှင့်၊ စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုပေးထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံး ၅၀၀ ရှိကြောင်း သိရသည်။