CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

တန်ဟတ်နဲ့ ယူနိုက်တက်ဥရောပ မှတ်တမ်းဆိုး

By CNI
CNI
Category: ဆောင်းပါး
Hits: 2149

CNI Sport Article

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇

ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ် ကိုင်တွယ်နေတဲ့ ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် အဖွင့်ပွဲစဉ်မှာ တွမ်တီး အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ဥရောပပြိုင်ပွဲ ၉ ပွဲမှာ ၁ ပွဲသာ အနိုင်ရတဲ့အထိ ရလဒ်ဆိုးတွေကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ 

အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို သူကိုင်တွယ်ခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်ရာသီမှာ ကာရာဘောင်းဖလားနဲ့ FA ဖလားတို့ကို ရယူပေးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်လိုပဲ ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှုရယူနိုင်ဖို့ ရုန်းကန် နေရတာပါ။ 

အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို သူစတင် တာဝန်ယူခဲ့တဲ့ ၂၀၂၂-၂၃ ရာသီကတည်းကနေ အခုအချိန်ထိ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တွေမှာ ပွဲပေါင်း ၁၉ ပွဲ ကိုင်တွယ်ထားတာ ဖြစ်ပါတယ်။

ဒီပွဲတွေမှာ ယူနိုက်တက်အသင်းဟာ ၉ ပွဲနိုင်၊ ၄ ပွဲသရေနဲ့ ၆ ပွဲရှုံးနိမ့်ခဲ့တာပါ။ အဲရစ်တန်ဟတ်ဟာ ဒီနိုင်ပွဲ ၉ ပွဲထဲ မှာ ပထမရာသီက ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲ ၈ ပွဲအထိ ရယူနိုင်ခဲ့တာဖြစ်ပြီး အသင်းဟာ ကွာတား ဖိုင်နယ်အထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ကစားသမားတွေကို တွေ့ရစဉ်

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ယူနိုက်တက်အသင်းဟာ ကိုပင်ဟေဂင်အသင်းကိုသာ အနိုင်ရခဲ့တာပါ။ မန်ချက်စတာကလပ်ဟာ ကျန်အုပ်စုပွဲစဉ် ၅ ပွဲမှာ ၁ ပွဲသာ သရေကျခဲ့ပြီး ၄ ပွဲအထိ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုနောက်ဆုံးသာ ရရှိခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်းပြီးယှဉ်ပြိုင်ခွင့်လည်း ဆုံးရှုံးခဲ့ရတာပါ။ 

ဥရောပပြိုင်ပွဲတွေမှာ ယူနိုက်တက်အသင်း ရလဒ်တွေဆိုးနေတာကို ဒီရာသီအစပွဲမှာလည်း မရပ်တန့်နိုင်ခဲ့ဘဲ တွမ်တီးအသင်းကို အိမ်ကွင်းမှာ သရေကျခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ် ပုံစံသစ်ကြောင့် လက်ကျန်ပွဲတွေအဖြစ် ပေါ်တို၊ ဖီနာဘာချီ၊ PAOK၊ ဘိုဒိုဂီလင့်မ်၊ ဗစ်တိုရီးယားပလာဇန်၊ ရိန်းဂျားစ်၊ စတူအာဘူခါရက်အသင်းတို့နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။ 

အဲဒါကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ဥရောပပြိုင်ပွဲမှာ ရလဒ်ဆိုးနေတာကို အဆုံးသတ်ချင်တယ်ဆိုရင် ဒီပွဲတွေမှာ ရလဒ်ကောင်းတွေရယူပြီး နောက်တစ်ဆင့်တက်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ 

အဲရစ်တန်ဟတ်ဟာ တွမ်တီးအသင်းနဲ့ သရေကျခဲ့တဲ့ပွဲအပြီးမှာ အသင်းကိုရော သူ့ကိုယ်သူပါ ဝေဖန်မှု ပြုလုပ် သွားခဲ့တာပါ။

အဲရစ်တန်ဟတ်နဲ့ ယူနိုက်တက်ကစားသမားကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ တွမ်တီးအသင်းနဲ့ပွဲစဉ် အပါအဝင် ၂ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာကြောင့် သူ့အပေါ် ဖိအားအနည်းငယ် ကျရောက်လာခဲ့တာ ဖြစ်ပါတယ်။ 

အချက်အလက်တွေအရ အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို ဥရောပပြိုင်ပွဲတွေမှာ အနိုင် ၄၇ ရာခိုင်နှုန်းရအောင် ကိုင်တွယ်ထားတယ်လို့ သိရပါတယ်။ 

အဲရစ်တန်ဟတ် အတွက်တော့ ဒီအနိုင် ရာခိုင်နှုန်းဟာ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် နောက်ပိုင်း ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲမှာ အဆိုးရွားဆုံး မဟုတ်ခဲ့ပါဘူး။ 

ဆာအဲလက်စ်ဖာဂူဆန် ထွက်ခွာပြီးနောက်ပိုင်းမှာ ယူနိုက်တက်အသင်းကို နည်းပြ ၇ ဦး ကိုင်တွယ်ထားခဲ့ပြီး ကွင်းလယ်လူဟောင်း ကာရစ်ဟာ ယာယီနည်းပြအဖြစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၁ ပွဲကိုင်တွယ်ခဲ့တာမှာ ၁ ပွဲ အနိုင် ရခဲ့တာ ဖြစ်ပါတယ်။ 

မော်ရင်ဟိုက ယူနိုက်တက်အသင်းကို ဥရောပပြိုင်ပွဲတွေမှာ ၂၉ ပွဲ ကိုင်တွယ်ခဲ့ရာ ၁၈ ပွဲအနိုင်၊ ၅ ပွဲသရေ၊ ၆ ပွဲရှုံးနဲ့ အနိုင် ၆၂ ရာခိုင်နှုန်းအထိ ရှိခဲ့တာပါ။ မော်ရင်ဟိုဟာ ၂၀၁၇ ခုနှစ်မှာ ယူနိုက်တက်အသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အဲရစ်တန်ဟတ်နဲ့ ယူနိုက်တက်ကစားသမားကိုတွေ့ရစဉ်

ဆိုးလ်ရှားကတော့ ဥရောပပြိုင်ပွဲတွေမှာ ယူနိုက်တက်အသင်းကို ၃၅ ပွဲ ကိုင်တွယ်ခဲ့ပြီး ၁၉ ပွဲနိုင်၊ ၆ ပွဲသရေနဲ့ ၁၀ ပွဲရှုံးနိမ့်ကာ အနိုင် ၅၄ ရာခိုင်နှုန်း ရှိခဲ့တာပါ။

ဒေးဗစ်မိုယက်စ်က အနိုင် ၅၀ ရာခိုင်နှုန်းရှိခဲ့ပြီး ဗန်ဟားလ်က အနိုင် ၃၀ ရာခိုင်နှုန်းနဲ့ ရက်ဂ်နစ်က အနိုင်ရာခိုင်နှုန်း မရှိခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ် အနေနဲ့ ဒီရာသီ ယူရိုပါလိဂ် လက်ကျန်ပွဲတွေမှာ ယူနိုက်တက်အသင်းကို အနိုင်ရလဒ်တွေ ရအောင်လုပ်ပေးနိုင်ရင် သူလည်း အနိုင်ရာခိုင်နှုန်းတွေ တိုးလာမှာပါ။ 

အဲရစ်တန်ဟတ်အတွက်တော့ ယူနိုက်တက်အသင်း နည်းပြဘဝ  သူ့ရဲ့တတိယမြောက်ရာသီဟာ အလွန်အရေး ကြီးတဲ့အတွက် ဥရောပြိုင်ပွဲတင် မဟုတ်ဘဲ ပြိုင်ပွဲစုံမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ကြိုးပမ်းနေကြတာပါ။ 

ယူနိုက်တက်အသင်းဟာ လာမယ့်ပွဲတွေအဖြစ် စပါး၊ အက်စတွန်ဗီလာ၊ ပေါ်တိုအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေဟာ အဲရစ်တန်ဟတ်အတွက် အရေးပါနေပြီး ရလဒ်မကောင်းရင် Out ဆိုတဲ့ ဆူညံသံတွေက ထပ်ပြီး ထွက်ပေါ်လာနိုင်တာပါ။

အဲဒါကြောင့် အဲရစ်တန်ဟတ်အနေနဲ့ ဒီပွဲတွေမှာ ယူနိုက်တက်အသင်းကို ရလဒ်ကောင်း ရယူပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

Source: Thesun

 

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘောလုံးသမားတွေကိုတွေ့ရစဉ်

ဘောလုံးပွဲများနဲ့ သပိတ်မှောက်မှု

By CNI
CNI
Category: ဆောင်းပါး
Hits: 1393

CNI Sport Article

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၀

ဒီရက်ပိုင်းထဲမှာ ကစားသမား အများအပြားဟာ ပွဲစဉ်အရေအတွက် တိုးလာမှုအပေါ် ဆန့်ကျင်တဲ့ စကားတွေကို လူသိရှင်ကြား ထုတ်ပြောခဲ့ကြပြီး သပိတ်မှောက်ဖို့အထိပါ ပြောလာခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီရာသီမှာဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပနေပြီး နွေရာသီမှာ အသင်းအရေအတွက် တိုးချဲ့ပြီး ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲလည်း ရှိနေတာပါ။

အဲဒါကြောင့် ဒီပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အသင်းတွေဟာ ပွဲအရေအတွက်  အများကြီး ယှဉ်ပြိုင်ရ တော့မှာ ဖြစ်ပါတယ်။ 

ချန်ပီယံလိဂ်ပြိုင်ပွဲ ပုံစံသစ်ကြောင့် အရင်က အုပ်စုအဆင့်မှာ ၆ ပွဲသာ ကစားခဲ့ရတာကနေ ၈ ပွဲအထိ ကစားရ တော့မှာပါ။ 

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့ အသင်းတွေဟာ အရင်ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂ ပွဲသာ ကစားရပေမယ့် နွေရာသီမှာ အသင်းပေါင်း ၃၂ သင်းနဲ့ ပြောင်းလဲကျင်းပမယ့် ဒီပြိုင်ပွဲမှာ အနည်းဆုံးအုပ်စုအဆင့် ၃ ပွဲကစားရမှာပါ။ 

အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တဲ့အသင်းဟာ ၇ ပွဲအထိ ကစားရမှာ ဖြစ်ပါတယ်။

ပြီးတော့ နေးရှင်းလိဂ်ပြိုင်ပွဲတွေ၊ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကလည်း နိုင်ငံတကာ ရက်သတ္တပတ်တွေမှာ ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။ 

မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်

ပွဲအရေအတွက် အများအပြား ယှဉ်ပြိုင်ရင် ကစားသမားတွေဟာ ပွဲပန်းပြီး သူတို့ရဲ့ အကောင်းဆုံးပုံစံတွေကို ရရှိဖို့ လွယ်ကူမှာ မဟုတ်တော့သလို မကြာခဏဆိုသလို ဒဏ်ရာတွေနဲ့ ရင်ဆိုင်လာရဖွယ် ရှိနေပါတယ်။ 

ဒီအချက်တွေကြောင့်လည်း ကစားသမားတွေဟာ ပွဲစဉ် အရေအတွက်တွေတိုးပြီး ထည့်သွင်းခဲ့တဲ့ UEFA (ဥရောပ ဘောလုံးအဖွဲ့ချုပ်) နဲ့ FIFA (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) တို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြီး ဒီပွဲတွေကို သပိတ်မှောက်ဖို့အထိပါ စီစဉ်နေကြတာဖြစ်ပါတယ်။

ရီးရယ်လ်နဲ့ မန်စီးတီးအသင်းတို့လို ချန်ပီယံလိဂ်နဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ခုစလုံးမှာ ပါဝင်ကစားရမယ့် အသင်းတွေဟာ ပြည်တွင်းပြိုင်ပွဲတွေပါ ပါဝင်မယ်ဆိုရင် တစ်ရာသီကို ပွဲပေါင်း ၇၀ ကျော်အထိ ကစားရနိုင်တာပါ။ 

မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီဟာ ပြီးခဲ့တဲ့ရာသီက နိုင်ငံနဲ့ ကလပ်အသင်းအတွက် ပွဲပေါင်း ၆၃ ပွဲကျော် အထိ ပါဝင်ကာ မိနစ်ပေါင်း ၆,၁၀၇ မိနစ်အထိ ကစားခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

 ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်ဆွဲသွားစဉ်

ရိုဒရီက "ကျနော်တို့ သပိတ်မှောက်ဖို့ နီးစပ်နေပြီလို့ ထင်ပါတယ်။ ဒီပုံစံအတိုင်းသာ ဆက်သွားမယ်ဆိုရင် ကျနော် တို့မှာ တခြားရွေးချယ်စရာ မရှိတော့ပါဘူး။ ဆက်ကြည့်ကြတာပေါ့"လို့ ပြောခဲ့တာပါ။ 

ရိုဒရီမတိုင်ခင်မှာ လီဗာပူးလ်အသင်း ဂိုးသမား အလီဆန်က ပွဲအရေအတွက်တွေတိုးမှာနဲ့ ပတ်သက်ပြီး ဘယ်သူ တွေက ကစားသမားတွေကို ပြောခဲ့လဲလို့ ဝေဖန်ခဲ့သလို သူတို့ပင်ပန်းနေပြီလို့လည်း ပြောလိုက်ပါတယ်။ 

ပွဲအရေအတွက် တိုးတဲ့အပေါ်မှာ အရင်ကတည်းက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အခုအချိန်မှာ ဝေဖန်မှုတွေက ပိုပြီးတိုးလာခဲ့တာပါ။ 

မန်စီးတီးအသင်း ကွင်းလယ်လူ ဒီဘရိုင်းဆိုရင် ငွေကြေးက ကစားသမားတွေရဲ့ အသံထက် ပိုပြီးကျယ်လောင် တယ်လို့ FIFA နဲ့ UEFA ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဂိုးသမား ကော့တွိုက်စ်က သူတို့ဟာ ငွေကြေး အများကြီး ရတာကြောင့် ညည်းညူလို့ မရဘူး ဆိုပြီး ပြောနေကြတာတွေက မှန်ပေမယ့် ကစားသမားတွေက အကောင်းဆုံးပုံစံနဲ့ အမြဲတမ်း ကစားနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းနည်းပြ မာတင်က ပွဲအရေအတွက် များပြားလာရင် ထိပ်တန်းအဆင့်တွေရဲ့ အရည်အသွေးတွေဟာ လျော့ကျသွားမှာဖြစ်ပြီး ပွဲစဉ် အချိန်ဇယားတွေနဲ့ ပတ်သက်ပြီး အလွန်သတိထားဖို့ လိုတယ်လို့ ထောက်ပြခဲ့ပါတယ်။

FIFA ကိုတွေ့ရစဉ်

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့အစည်း (FIFPRO)က FIFA ကို ဘောလုံးလောကအပေါ် ကြီးစိုးမှုကို အလွဲသုံးစား ပြုလုပ်နေတယ်ဆိုပြီး တရားဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

FIFA ၊ UEFA တို့အနေနဲ့ ကစားသမားတွေ ပြောခဲ့တဲ့အသံတွေကို မသိကျိုးကျွန် ဆက်လုပ်မနေဘဲ အဖွဲ့အစည်း အချို့နဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီး အဖြေရှာမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ 

ဒီလိုမှ မဟုတ်ရင်တော့ ကစားသမားတွေရဲ့ သပိတ်မှောက်မှုတွေကို မကြာခင်မှာ မြင်တွေ့လာရဖို့ရှိနေတာ ဖြစ်ပါတယ်။ 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘရာဇီးလ်အသင်းသားတွေကို တွေ့ရစဉ်

ရလဒ်ဆိုးတွေကနေ ဘရာဇီးလ် ရုန်းထွက်နိုင်မလား 

By CNI
CNI
Category: ဆောင်းပါး
Hits: 1755

CNI Sport Article

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃

ကမ္ဘာ့ဖလား ချန်ပီယံဆုကို စံချိန်တင် ၅ ကြိမ်အထိ ပိုင်ဆိုင်ထားပြီး ကမ္ဘာကျော်ကစားသမား အများအပြား ထွက်ပေါ်တဲ့ ဘရာဇီးလ်အသင်းဟာ နောက်ဆုံးပွဲတွေမှာ အံ့အားသင့်ဖွယ်ရလဒ်တွေ ဆိုးနေခဲ့တာ ဖြစ်ပါတယ်။ 

ဘရာဇီးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား(တောင်အမေရိကဇုန်)ခြေစစ်ပွဲမှာ ပါရာဂွေး အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ကစားထားတဲ့ ခြေစစ်ပွဲ ၈ ပွဲမှာ ၄ ပွဲအထိ ရှုံးပွဲကြုံတွေ့ထားတာပါ။ 

ဘရာဇီးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၄ ပွဲမှာဆိုရင် ၄ ပွဲသာ အနိုင်ရခဲ့တာဖြစ်ပြီး ဒါကိုကြည့်ရရင် ရလဒ်တွေ အလွန်ဆိုးနေတာကို မြင်တွေ့ရတာ ဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်) အမှတ်ပေးဇယားမှာ ဘရာဇီးလ်အသင်းဟာ အဆင့် ၅ နေရာ ရပ်တည်နေပေမယ့် သူ့ရဲ့အနောက်မှာ ရှိနေတဲ့ အသင်းတွေနဲ့ အမှတ်မကွာဟတာကြောင့် စိုးရိမ်စရာ အခြေအနေ ကို ရောက်ရှိနေတာပါ။ 

ဘရာဇီးလ်အသင်းနည်းပြ ဒိုရီဗယ်လ်ဂျူနီယာက ပါရာဂွေးအသင်းနဲ့ ပွဲမတိုင်ခင်မှာ သူတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တက်နိုင်မယ်လို့ ပြောထားတာ ဖြစ်ပါတယ်။ 

ဘရာဇီးလ်အသင်း ယှဉ်ပြိုင်နေစဉ်

ဒီပြောစကားဟာ ဘရာဇီးလ်အသင်းရဲ့ လက်ရှိအနေအထားနဲ့ဆိုရင် လှောင်ပြောင်ချင်စရာ ကောင်းနေတာပါ။ 

လက်ရှိ ဘရာဇီးလ်အသင်း အစုအဖွဲ့ဟာ အရင် ဂန္ထဝင်ကစားသမား အစုအဖွဲ့တွေနဲ့ ပြန်ပြီးနှိုင်းယှဉ်မယ်ဆိုရင် ဆီနဲ့ရေလို ကွာခြားနေတာ ဖြစ်ပါတယ်။ 

နေမာ မပါဝင်တာကြောင့် ဘရာဇီးလ်အသင်းဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုပြီးလျော့နည်း စေတယ်ဆို တာ အမှန်ပါပဲ။ 

ဘရာဇီးလ်အသင်း ဂန္ထဝင်တွေအပြင် အခုအသင်းတွေမှာ ပါဝင်နေတဲ့သူကလည်း နေမာ အမြန်ဆုံးပါဝင်နိုင်ဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

အချက်အလက်တွေအရဆိုရင် ဘရာဇီးလ်အသင်းဟာ နေမာ ပါဝင်ချိန်မှာ ရလဒ်တွေ ကောင်းမွန်ပြီး သူမပါဝင်နိုင် ချိန်မှာ ရလဒ်တွေ မကောင်းဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ 

ဘရာဇီးလ်အသင်းဟာ နေမာ ပါဝင်တဲ့အချိန် ကစားခဲ့တဲ့ ၁၂၈ ပွဲမှာ ၉၂ ပွဲ အနိုင်ရခဲ့ပြီး ၂၄ ပွဲသရေကျကာ ၁၂ ပွဲ ရှုံးနိမ့်ခဲ့တာပါ။ 

နေမာကို တွေ့ရစဉ်

နေမာ မပါဝင်တဲ့အချိန် ပွဲပေါင်း ၆၀ ကစားခဲ့တာမှာ ဘရာဇီးလ်အသင်းဟာ ၃၃ ပွဲ အနိုင်ရပြီး ၁၄ ပွဲသရေနဲ့ ၁၃ ပွဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဘရာဇီးလ်အသင်းဟာ နေမာ ကြံ့ခိုင်မှုအပြည့်နဲ့ အမြန်ဆုံးပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။ 

ဘရာဇီးလ်အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်တွေ ဆိုးနေသလို အောင်မြင်မှုတွေနဲ့လည်း ဝေးကွာနေတာ ကြာနေပြီ ဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၅ ကြိမ် ရယူထားပေမယ့် နောက်ဆုံး ရယူနိုင်ခဲ့တာက ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ။ 

အဲဒါကြောင့် ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုနဲ့ ဝေးကွာနေတာ ၂၄ နှစ်ရှိပြီဖြစ်ပြီး ဒီနောက်ပိုင်းမှာ အအောင်မြင်ဆုံးအဖြစ် အိမ်ကွင်းမှာ ကျင်းပခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒါအပြင် ကိုပါအမေရိက ချန်ပီယံဆုကို ၉ ကြိမ် ရရှိထားတဲ့ ဘရာဇီးလ်အသင်းဟာ ဒီပြိုင်ပွဲမှာ နောက်ဆုံး ချန်ပီယံ ဆု ရယူနိုင်ခဲ့တာကတော့ ၂၀၁၉ ခုနှစ်ကဖြစ်ပြီး နောက်ဆုံး ၂ ကြိမ်ဖြစ်တဲ့ ၂၀၂၁ မှာ ဒုတိယနဲ့ ၂၀၂၄ ပြိင်ပွဲမှာ ကွာတားဖိုင်နယ်အထိသာ ရောက်ရှိခဲ့တာပါ။

 ဘရာဇီးလ်အသင်းသားတွေကို တွေ့ရစဉ်

အဲဒါကြောင့် ဘရာဇီးလ်အသင်းဟာ အောင်မြင်မှုတွေ ပြန်ရနိုင်ဖို့ မျှော်လင့်နေပေမယ့် လက်ရှိအချိန်မှာတော့ ရလဒ်ကောင်းတွေရဖို့နဲ့ အသင်းကို တိုးတက်အောင်လုပ်ဖို့ကို ဦးစားပေးရဖို့ရှိနေတာ ဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အမေရိကဇုန်ရဲ့ ထိပ်ဆုံး ၆ သင်းဟာ တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ အသင်းက ပလေးအော့ဖ်ကနေ ဝင်ခွင့်ရဖို့ ကြိုးစားရမှာပါ။

အဲဒါကြောင့် ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်ရနိုင်ပေမယ့် ပေါ့ဆမယ်ဆိုရင် ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ ကြုံတွေ့သွားရနိုင်ပါတယ်။ 

ဘရာဇီးလ်အသင်းဟာ လာမယ့် အောက်တိုဘာလထဲမှာ ချီလီ၊ ပီရူးအသင်းတို့နဲ့ ခြေစစ်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေမှာ ခြေစွမ်းကောင်း၊ ရလဒ်ကောင်းတွေ ရယူပြီး ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုနဲ့ မက်ဆီကိုတွေ့ရစဉ်

ဂန္ထဝင်နှစ်ဦးရဲ့ ခေတ်တစ်ခု အဆုံးသတ်ခြင်း 

By CNI
CNI
Category: ဆောင်းပါး
Hits: 1446

CNI Sport Article

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆

ဘောလုံးလောကရဲ့ခေတ်ပြိုင် ဂန္ထဝင်နှစ်ဦးဖြစ်တဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုနဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီတို့ရဲ့ခေတ်တစ်ခုဟာ အဆုံးသတ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုအတွက် ဆန်ခါတင် ကစားသမားစာရင်းတွေကို ထုတ်ပြန် ခဲ့တာမှာ ရော်နယ်ဒိုနဲ့ မက်ဆီတို့နှစ်ဦးစလုံး ပါဝင်ခဲ့ခြင်းမရှိတာပါ။ 

ဒါဟာ ၂၀၀၃ ခုနှစ် နောက်ပိုင်း ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ် သူတို့နှစ်ဦးစလုံး မပါဝင်တဲ့ ဘောလွန်းဒီအောဆု ဆန်ခါတင်စာရင်း ဖြစ်လာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ဆယ်စုနှစ် ၂ ခုအတွင်းမှာ ဘောလုံးလောကကို ကြီးစိုးထားပြီး ဘောလွန်းဒီအောဆုကို နှစ်ဦးပေါင်း ၁၃ ခု (မက်ဆီ ၈ ခု၊ရော်နယ်ဒို ၅ ခု)အထိ ရယူထားတဲ့ သူတို့နှစ်ဦး ဒီစာရင်းထဲမှာ မပါဝင်တော့တာဟာ ဘောလုံး ပရိသတ်တွေအတွက် ဝမ်းနည်းစရာကောင်းခဲ့တာ အမှန်ပါပဲ။ 

 ရော်နယ်ဒိုနဲ့ မက်ဆီကိုတွေ့ရစဉ်

သူတို့နှစ်ဦးစလုံးဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ အောင်မြင်မှုတွေ အများကြီး ရယူပြီးနောက် ဥရောပကနေ ထွက်ခွာကာ အာရှနဲ့ အမေရိကမှာ သွားရောက်ပြီး ကစားသမားဘဝကို ဆက်ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီတို့ နှစ်ဦးစလုံးဟာ အခုအချိန်ထိလည်း အောင်မြင်မှုတွေရရှိဖို့ ဆာလောင်နေပေမယ့် သူတို့ရဲ့ ကစားသမားဘဝဟာ မဝေးတော့တဲ့ အနာဂတ်မှာ အဆုံးသတ်ဖို့ ရှိလာပြီဖြစ်တာပါ။ 

ပရိသတ်တွေကတော့ သူတို့ရဲ့ပြိုင်ဆိုင်မှု အဆုံးသတ်သွားခဲ့ပြီဖြစ်သလို ခေတ်တစ်ခုကိုပါ အဆုံးသတ်သွားခဲ့ပြီလို့ မှတ်ချက်တွေ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ ရော်နယ်ဒိုက အသက် ၃၉ နှစ်၊ မက်ဆီက အသက် ၃၇ နှစ် ရောက်ရှိနေပြီ ဖြစ်တာကြောင့် သူတို့ နှစ်ဦးကစားတဲ့ ပွဲတွေကို အများကြီးကြည့်ရဖို့ မရှိတော့တာပါ။ 

 ရော်နယ်ဒိုနဲ့ မက်ဆီကိုတွေ့ရစဉ်

နှစ်ဦးစလုံးကတော့ အခုအချိန်ထိ ပရိသတ်တွေကို ဖျော်ဖြေပေးနိုင်ဖို့ စိတ်အားထက်သန်နေဆဲဖြစ်ပြီး သူတို့ အကောင်းဆုံး မလုပ်နိုင်တော့ဘူးလို့ ခံစားရရင် အနားယူမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ 

ဒီလိုတွေ ပြောနေပေမယ့် သူတို့နှစ်ဦးရဲ့ ခေတ်တစ်ခုဟာ အဆုံးသတ်လာခဲ့ပြီဆိုတာ လက်ခံရတော့မှာပါ။ 

ရော်နယ်ဒိုနဲ့ မက်ဆီရဲ့ အားပြိုင်မှုတွေ၊ သူတို့ရဲ့အောင်မြင်မှုတွေကို မျက်ဝါးထင်ထင် ကြည့်ခဲ့ရပြီး ဝေဖန်မှုတွေ၊ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တဲ့ သူတွေအတွက်တော့ သူတို့နှစ်ဦးရဲ့ ခေတ်တစ်ခု အဆုံးသတ်ပြီး မကြာခင်မှာ ကစားသမားဘဝက အနားယူလာမယ့်အပေါ် ဝမ်းနည်းနေကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။

သူတို့နှစ်ဦးဆိုရင် ဒီဘက်ခေတ်မှာရှိနေတဲ့ အသက်အရွယ်ကြီးတဲ့ သူတွေ၊ လူလတ်ပိုင်းနဲ့ လူငယ်တွေ အားလုံး သိရှိကြတာဟာ သူတို့နှစ်ဦးရဲ့ ဖျောက်ဖျက်လို့မရတဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။ 

 ရော်နယ်ဒိုနဲ့ မက်ဆီကိုတွေ့ရစဉ်

မက်ဆီ ပရိသတ်ပဲဖြစ်ဖြစ်၊ ရော်နယ်ဒို ပရိသတ်ပဲဖြစ်ဖြစ် ဘောလုံးကို ချစ်တဲ့လူတိုင်းက သူတို့နှစ်ဦး ပါဝင်တဲ့ ပွဲတွေကို အနည်းနဲ့ အများတော့ ကြည့်ဖူးကြမှာပါ။ 

ဘောလုံးလောကကြီးရဲ့ စင်မြင့်ထက်ကို နှစ်ပေါင်း ၂၀ ကြာ မျှဝေသုံးစွဲခဲ့ရတဲ့ သူတို့နှစ်ဦးဟာ အခုအချိန်မှာတော့ နောက်မျိုးဆက်သစ်တွေကို နေရာပေးဖို့ အချိန်တန်လာခဲ့ပြီ ဖြစ်ပါတယ်။ 

သူတို့နှစ်ဦးနောက်ပိုင်း ဘယ်ကစားသမားတွေက သူတို့တွေလို ဘောလုံးလောကကြီးကို နှစ်ပေါင်းများစွာကြာ ကြီးစိုးထားပြီး အောင်မြင်မှု အများအပြား ရယူနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကို တွေ့ရစဉ်

ရော်နယ်ဒိုနဲ့သွင်းဂိုး ၁,၀၀၀ ရည်မှန်းချက် 

By CNI
CNI
Category: ဆောင်းပါး
Hits: 2134

CNI Sport Article

၂၀၂၄ ခုနှစ်၊ သြဂုတ် ၃၀

ပေါ်တူဂီနဲ့ အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်ဒိုဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ သွင်း ဂိုး ၉၀၀ ပြည့်တဲ့ မှတ်တိုင်ရောက်ဖို့အတွက် သွင်းဂိုး ၁ ဂိုးသာ လိုတော့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ကစားသမားဘဝ သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ ရည်မှန်းထား တယ်လို့ ယူနိုက်တက်အသင်းဖော်ဟောင်း ရီယိုဖာဒီနန်နဲ့ သူ့ရဲ့ YouTube Channel မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်မှာ ပြောခဲ့တာပါ။ 

ရော်နယ်ဒိုရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝဟာ အဆုံးသတ်ဖို့ နီးကပ်လာပြီဖြစ်ပေမယ့် သူကတော့ ရည်မှန်း ချက်ကို အမြင့်ဆုံးထားခဲ့တာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ ဂိုးပေါင်း ၁,၀၀၀ သွင်းယူနိုင်တဲ့ ကစားသမားဆိုတဲ့ သူ့ရဲ့အမှတ်အသားကို ချန်ထားပြီး အနားယူချင်နေပါတယ်။ ရော်နယ်ဒိုက ဒီလိုစံချိန်တင် သွင်းဂိုး အရေအတွက်ဟာ သူ့အသက် ၄၁ နှစ် ဝန်းကျင်မှာ ဖြစ်လာနိုင်တယ်လို့ ခန့်မှန့်ထားတာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုကို တွေ့ရစဉ်

ရော်နယ်ဒိုက "ကျနော် သွင်းဂိုး ၁,၀၀၀ ပြည့်ချင်ပါတယ်။ ကျနော့်မှာ ဘာဒဏ်ရာမှ မရှိဘူးဆိုရင် ဒါက ကျနော့် အတွက် အရေးအကြီးဆုံးဖြစ်ပြီး ဒါကို ကျနော်လိုချင်ပါတယ်။ ကျနော့်အတွက် ပထမဆုံးက သွင်းဂိုး ၉၀၀ ပြည့် ဖို့ပါ။ ပြီးရင် ကျနော့်ရဲ့စိန်ခေါ်မှုက သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ပါ"လို့ ပြောခဲ့တာပါ။ 

ရော်နယ်ဒိုဟာ လက်ရှိအချိန်အထိ ဘယ်အချိန်မှာ အနားယူမလဲဆိုတာ မပြောသေးပေမယ့် ခန့်မှန်းမှုတွေ အရတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားပေးပြီးနောက် အနားယူနိုင်တာ ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း ရော်နယ်ဒိုဟာ အသက် ၄၁ နှစ်အထိ ဒဏ်ရာကင်းကင်း၊ ကြံ့ခိုင်မှု အပြည့်အဝ ရှိနေမယ်ဆိုရင် သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ သွင်းဂိုး ၁,၀၀၀ ရောက်ရှိနိုင်မယ်လို့လည်း ယုံကြည်မှုရှိနေတာပါ။ 

ရော်နယ်ဒို အနေနဲ့ သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ဆိုရင် ပြီးခဲ့တဲ့ရာသီက အယ်လ်နာဆာအသင်းမှာ သွင်းယူခဲ့တဲ့ ပြိုင်ပွဲစုံ သွင်းဂိုး ၅၀ မျိုးကို ထပ်ပြီး လုပ်ပြရမှာပါ။

ရော်နယ်ဒိုကို တွေ့ရစဉ်

ပေါ်တူဂီအသင်းမှာ ကစားရမယ့် ပွဲအရေအတွက်ထက် အယ်လ်နာဆာအသင်းမှာ ကစားရမယ့် ပွဲအရေအတွက်က အဆအများကြီး ပိုများတာကြောင့် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီကထက် ပိုပြီးလုပ်ပြရဦးမှာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ဒီရာသီ အယ်လ်နာဆာအသင်းအတွက် ကစားထားတဲ့ ၄ ပွဲမှာ ၄ ဂိုးသွင်းပြီး ရာသီအစကိုလည်း ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခဲ့တာပါ။ 

ရော်နယ်ဒိုအတွက် သွင်းဂိုး ၁,၀၀၀ ဆိုတဲ့ စံချိန်မှတ်တမ်းဟာ သူ့ရဲ့အသက်အရွယ်အရ လက်တွေ့မှာ မလွယ်ကူ နိုင်ပေမယ့် သူကိုယ်တိုင် ထုတ်ပြောထားတဲ့ အရာဖြစ်တာကြောင့် စောင့်ကြည့်နေကြတဲ့ သူတွေကလည်း များပြား ပါတယ်။

ဒီလိုမှတ်တမ်းမျိုးကို ရော်နယ်ဒို လုပ်နိုင်မယ်လို့ ယုံကြည်နေတဲ့ သူတွေရှိသလို မယုံကြည်ကြတဲ့ သူတွေကလည်း အများကြီးရှိနေတာပါ။ 

ရော်နယ်ဒိုဟာ အရင်ကတည်းက သူ့အပေါ် မယုံကြည်တဲ့သူတွေကို အလုပ်နဲ့ သက်သေပြပြီး စံချိန်အသစ်တွေ အများကြီးကို တင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုကို တွေ့ရစဉ်

ရော်နယ်ဒိုဟာ ဘောလုံးအပေါ်မှာ ထားရှိတဲ့ သူ့ရဲ့ခံယူချက်တွေဟာ အခုအချိန်ထိ လျော့ကျသွားခြင်း မရှိဘဲ အောင်မြင်မှု၊ ဆာလောင်မှုတွေဟာ အမြဲတမ်း ပြည့်နှက်နေတာပါ။

အဲဒါကြောင့်လည်း ရော်နယ်ဒိုဟာ သွင်းဂိုး ၁,၀၀၀ ဆိုတဲ့ ရည်မှန်းချက်ကိုထားပြီး သူ့ကိုယ်သူ ပိုပြီးကြိုးစားအောင် တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။

ဒီစံချိန်မှတ်တမ်းဟာ ရော်နယ်ဒိုရဲ့ ကစားသမားဘဝမှာ နောက်ဆုံး မှတ်တမ်းတင်နိုင်မယ့် အရာလည်း ဖြစ်နိုင် တာပါ။

အဲဒါကြောင့် ရော်နယ်ဒို အနေနဲ့ ဒီစံချိန်မှတ်တမ်းကို တင်နိုင်ခြင်း ရှိ/မရှိဆိုတာ သူ့ရဲ့ သွင်းဂိုးအရေအတွက်ကို ရေတွက်ပြီး စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ချယ်လ်ဆီးအသင်း ကစားသမားတွေကို တွေ့ရစဉ်

ချယ်လ်ဆီးနဲ့ ကစားသမားများပြားတဲ့ ပြဿနာ

By CNI
CNI
Category: ဆောင်းပါး
Hits: 2382

CNI Sport Article

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၃

ချယ်လ်ဆီးအသင်းဟာ တော့ဒ်ဘိုလီ ဦးဆောင်တဲ့ ပိုင်ရှင်အစုအဖွဲ့က အသင်းကို ဝယ်ယူပြီးကတည်းက ခေါ်ယူ ခဲ့တဲ့ ကစားသမား အများအပြားကြောင့် အခုဆိုရင် အသင်းကြီးလူစာရင်းမှာ ကစားသမားတွေဟာ အလွန်များပြား နေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီမှာလည်း ကစားသမားသစ်တွေ ခေါ်ယူမှုကို မရပ်တန့်ခဲ့တဲ့အတွက် အခုဆိုရင် အသင်းကြီးမှာ ကစားသမားဦးရေ ၄၀ ကျော် အထိရှိနေတာပါ။ 

အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ပိတ်မယ့် သြဂုတ်လ မကုန်ခင်မှာ အသင်းမှာရှိတဲ့ ကစားသမားအချို့ကို ရောင်းချ၊ အငှားချနဲ့ ထွက်ခွာခွင့်ပြုတာတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ကစားသမားတွေကို ခေါ်ယူရာမှာ လူငယ်ကစားသမား အများအပြားကို ခေါ်ယူပြီး နှစ်ရှည် စာချုပ်တွေ ချုပ်တာကြောင့် အသင်းအနာဂတ်ဟာ တောက်ပနိုင်မှာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ကစား သမား များပြားတဲ့ ပြဿနာတွေကို ကြုံနေရတာပါ။

 ချယ်လ်ဆီးအသင်းက ရောင်းချမယ့် ကစားသမားတွေကို တွေ့ရစဉ်

အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ စတာလင်၊ လူကာကူ၊ ဘန်ချီဝယ်လ်၊ ကီပါ၊ ချာလိုဘတ်တို့ကို အသင်းနဲ့ သီးခြားစီ လေ့ကျင့်မှုတွေ ပြုလုပ်စေခဲ့ပြီး ရောင်းချမယ့် စာရင်းထဲကို ထည့်သွင်း ခဲ့တာဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာ ကိုယ်တိုင်က သူဟာ ကစားသမား အယောက် ၄၀ ကျော်နဲ့ အလုပ်လုပ်မှာ မဟုတ်ဘဲ ၂၁ ဦးနဲ့သာ အလုပ်လုပ်မယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့တာပါ။

စတာလင်နဲ့ ဘန်ချီဝဲလ်တို့ဟာ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့အဓိက ကစားသမားတွေဖြစ်ပေမယ့် ဒီရာသီမှာတော့ ရောင်းချခံရမယ့် ကစားသမား စာရင်းထဲကို ရောက်ရှိသွားခဲ့ပြီး ချယ်လ်ဆီးအသင်းဟာ စတာလင်နဲ့ ချာလိုဘတ် တို့ရဲ့ ကျောနံပါတ် ၇ နဲ့ ၁၄ ကို ကစားသမားသစ်တွေဖြစ်တဲ့ ပက်ဒရိုနက်တိုနဲ့ ဂျာအိုဖီးလစ်တို့ကို ပေးခဲ့တဲ့အထိ ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ကစားသမားများပြားတဲ့ ပြဿနာတွေကြောင့် အကယ်ဒမီ ကစားသမား အများအပြားကို ရောင်းချခဲ့ရပြီး ဒီနွေရာသီမှာဆိုရင် ဂယ်လာဂါ၊ မတ်ဆန်၊ ဟတ်ချင်ဆန်နဲ့ လူးဝစ်ဟောလ်တို့ကို ရောင်းချခဲ့ရ တာပါ။ 

ချယ်လ်ဆီးအသင်း ပိုင်ရှင် တော့ဒ်ဘိုလီကို တွေ့ရစဉ်

ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ကာရေဂါက ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ မူဝါဒကို ဝေဖန်ခဲ့သလို ကစားသမားတွေကို ချယ်လ်ဆီးအသင်းထံ လာရောက်တာကို ရပ်တန့်ဖို့နဲ့ ချယ်လ်ဆီးအသင်းကိုလည်း ကစားသမားခေါ်တာ ရပ်တန့်ဖို့အထိ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းရဲ့ ကစားသမား စာရင်းမှာဆိုရင် ဂိုးသမား ၅ ဦး၊ နောက်တန်းမှာ ၁၁ ဦး၊ ကွင်းလယ်မှာ ၇ ဦး၊ ရှေ့တန်းမှာ ၁၀ ဦးအထိရှိပြီး လူကာကူ၊ ကီပါ၊ ဖိုဖာနာ၊ ဘရိုဂျာတို့ အပါအဝင် ကစားသမားအချို့ဟာ ဒီစာရင်း ထဲမှာ မပါဝင်ခဲ့တာပါ။

အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ လူစာရင်းကို လျှော့ချဖို့အတွက် အသင်းကြီးနဲ့ သီးခြားလေ့ကျင့်မှုတွေ ပြုလုပ် နေတဲ့ ကစားသမား ၁၃ ဦးကို ရောင်းချချင်နေတာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ လူကာကူ၊ ကီပါ၊ စတာလင်နဲ့ ဘန်ချီဝဲလ်တို့ အပါအဝင် ဒီကစားသမားတွေကို ပြောင်းရွှေ့ ကြေး ပေါင်သန်း ၃၀၀ ကျော်အထိ သုံးစွဲပြီး ခေါ်ယူခဲ့ပေမယ့် ရောင်းချခဲ့ရင် တစ်ဝက်တောင်ပြန်ရဖို့ မလွယ်ကူ ပါဘူး။

တော့ဒ်ဘိုလီ လက်ထက်မှာ ချယ်လ်ဆီးအသင်းဟာ ကစားသမားတွေ ဝယ်ယူသလောက် ကစားသမားတွေကို ရောင်းချတာမှာ အကျိုးအမြတ်တွေ ရခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အရှုံးပေါ်နိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။

ချယ်လ်ဆီးအသင်း ကစားသမားတွေကို တွေ့ရစဉ်

ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ လူစာရင်းများပြားတဲ့ ပြဿနာကို ဖြေရှင်းဖို့ဆိုရင် အရှုံးအမြတ်တွေကို ကြည့်လို့ မရတော့ဘဲ ရောင်းချမှုတွေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။ 

တော့ဒ်ဘိုလီ ဦးဆောင်တဲ့ ချယ်လ်ဆီးအသင်း ပိုင်ရှင်အစုအဖွဲ့ဟာ အသင်းအောင်မြင်မှုတွေ ရဖို့အတွက် ပြောင်းရွှေ့ကြေးတွေ ထုတ်ပေးနေပေမယ့် အသင်းကတော့ သူ့လက်ထက်မှာ အောင်မြင်မှုရခြင်း မရှိသေးပါဘူး။ 

ချယ်လ်ဆီးအသင်းဟာ လူငယ်ကစားသမားအချို့ကို အငှားချထားတာတွေရှိသလို ကစားသမားတွေကို နှစ်ရှည် စာချုပ်ချုပ်ထားတာကြောင့် ဒီရာသီမှာ အောင်မြင်မှု မရယူနိုင်ဘူးဆိုရင် ချယ်လ်ဆီးအသင်းပိုင်ရှင် အနေနဲ့ လူစာရင်း များပြားတဲ့ ပြဿနာတွေမဖြစ်အောင် လာမယ့်ရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ကို စဉ်းစား သွားနိုင်တာပါ။

အဲဒါကြောင့် နည်းပြ မာရက်စ်ကာအနေနဲ့ ချယ်လ်ဆီးအသင်းကို ဒီရာသီမှာ အောင်မြင်မှုတွေ ရရှိအောင် လုပ်ဆောင်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘတ်ပီကို တွေ့ရစဉ်

ပွဲဦးထွက် သွင်းဂိုး/ဆုဖလားနဲ့ ရီးရယ်လ်မှာ ဘတ်ပီရဲ့ခေတ်စတင်

By CNI
CNI
Category: ဆောင်းပါး
Hits: 4344

CNI Sport Article 

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၆

ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီဟာ ရီးရယ်လ်အသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် အတ္တလန်တာ အသင်းကို အနိုင်ရခဲ့တဲ့ ဥရောပစူပါဖလားပွဲစဉ်မှာ စတင်ပါဝင်ခဲ့ပါတယ်။ 

ဘတ်ပီရဲ့ ရီးရယ်လ်အသင်း ကစားသမားဘဝ ပွဲဦးထွက်ဟာ ကောင်းမွန်ခဲ့ပြီး ဂိုးလည်း သွင်းယူနိုင်ခဲ့သလို ဆုဖလားကိုလည်း ကိုင်မြှောက်နိုင်ခဲ့တာပါ။ 

အဲဒါကြောင့် ဘတ်ပီဟာ ရီးရယ်လ်အသင်းမှာ သူ့ရဲ့ခေတ်ကို ဆုဖလား၊သွင်းဂိုးတွေနဲ့ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘတ်ပီဟာ ဥရောပစူပါဖလားပွဲစဉ်မှာ ပါဝင်ကစားပေးပြီးနောက် ရီးရယ်လ်အသင်းမှာ ကစားဖို့ နှစ်ပေါင်းများ စွာကြာ စောင့်ဆိုင်းခဲ့ရတဲ့ အရာကိုလည်း လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့တာပါ။ 

ဘတ်ပီဟာ ရီးရယ်လ်အသင်းဖော်တွေနဲ့ တစ်ပတ်ကျော်သာ လေ့ကျင့်မှုတွေ ပြုလုပ်ရသေးပေမယ့် တွဲဖက်ညီစွာ ကစားနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဘတ်ပီ၊ ဗီနီစီးယက်စ်၊ ဘယ်လင်ဂမ်၊ ရိုဒရီဂိုတို့ရဲ့ တိုက်စစ်အတွဲအဖက်ဟာ ပြိုင်ဘက် အသင်းတွေအတွက် အိပ်မက်ဆိုး ဖြစ်လာဖို့ရှိနေတာပါ။

ဘတ်ပီ ဂိုးသွင်း အောင်ပွဲခံနေစဉ် 

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့ချိန်အတွင်း ၂၅၆ ဂိုး သွင်းယူနိုင်ခဲ့ပြီး ကလပ်အသင်း သမိုင်းမှာ ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားအဖြစ် ထိပ်ဆုံးနေရာကနေ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ဘတ်ပီဟာ ဂိုးသွင်းစွမ်းရည် အပါအဝင် စွမ်းဆောင်ရည်ကောင်းတွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့သူ ဖြစ်တာ ကြောင့် ရီးရယ်လ်အသင်းမှာ ဒီလိုမျိုး လုပ်ပြနိုင်ဖို့ မျှော်လင့်နေကြတဲ့ သူတွေလည်း ရှိကြတာပါ။ 

ဘတ်ပီကတော့ အနိုင်ရဖို့နဲ့ အသင်းတိုးတက်ဖို့က အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ 

ဘတ်ပီက "ကျနော်တို့ဟာ ရီးရယ်လ်မက်ဒရစ်ဖြစ်ပြီး ကန့်သတ်ချက်တွေ မရှိပါဘူး။ ကျနော် ဂိုး ၅၀ သွင်းနိုင်ရင် ဂိုး ၅၀ ပါ။ ဒါပေမယ့် အရေးကြီးဆုံးအရာက အနိုင်ရဖို့နဲ့ အသင်းတိုးတက်ဖို့ပါ။ အဲဒါမှ အသင်းအနေနဲ့ ကျနော်တို့ အနိုင်ရယူနိုင်ပါလိမ့်မယ်"လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ 

ဘတ်ပီဟာ ရီးရယ်လ်အသင်းဖော်တွေနဲ့ လေ့ကျင့်မှုပြုလုပ်တာ ရက်ပိုင်းပဲ ရှိသေးပေမယ့် အရည်အသွေးရှိတဲ့သူ ဖြစ်တာကြောင့် အသင်းဖော် ဘယ်လင်ဂမ်၊ နည်းပြ အန်ဆယ်လော့တီတို့ရဲ့ ချီးကျူးမှုတွေကိုလည်း ရရှိခဲ့တာပါ။ 

ဘတ်ပီအနေနဲ့ ဒီချီးကျူးမှုတွေ အပေါ်မှာ သာယာခြင်းမရှိဘဲ ဆက်ပြီး ကြိုးစားအားထုတ်နေမှသာ သူလိုချင်တဲ့ ပစ်မှတ်တွေဆီ အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ 

ဘတ်ပီနဲ့ အသင်းဖော်တွေကို တွေ့ရစဉ်

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့ချိန်က ပြည်တွင်းဖလား အားလုံးကို ရယူနိုင်ခဲ့ပေမယ့် သူအလိုချင်ဆုံး အရာဖြစ်တဲ့ ချန်ပီယံလိဂ် ဆုဖလားကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။

အဲဒါကြောင့် ဘတ်ပီအတွက် ရီးရယ်လ်အသင်းမှာ သူ့ရဲ့ဦးစားပေး ပစ်မှတ်က ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ပါ။ 

ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘုရင်ဖြစ်သလို လက်ရှိချန်ပီယံလည်း ဖြစ်တာကြောင့် ပုံစံအသစ်နဲ့ ပြောင်းလဲကျင်းပမယ့် ဒီနှစ်ပြိုင်ပွဲမှာလည်း ချန်ပီယံဆုရယူနိုင်ဖို့ ရေပန်းစားတဲ့ အသင်းတွေထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘတ်ပီအတွက် နောက်ထပ် ပစ်မှတ်ကတော့ ရီးရယ်လ်အသင်းမှာ ကစားပြီး ဘောလွန်းဒီအောဆုကို ရယူနိုင်ဖို့ပါ။ 

ဘတ်ပီဟာ အနာဂတ်မှာ ဘောလွန်းဒီအောဆုကို ရယူနိုင်မယ့် သူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသူ ဖြစ်ပါတယ်။ 

ဘတ်ပီအနေနဲ့ ဒီဆုကို ရယူနိုင်ဖို့ဆိုရင် ရီးရယ်လ်အသင်းမှာ သူ့ရဲ့အကောင်းဆုံး ခြေစွမ်းတွေကို ပြသပြီး ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားတွေ ရယူနိုင်ဖို့လို အပ်နေတာပါ။ 

ဘတ်ပီကို တွေ့ရစဉ်

ရီးရယ်လ်အသင်းဟာ သြဂုတ် ၁၉ ရက်မှာ စပိန်လာလီဂါပွဲစဉ်အဖြစ် မာယော့ကာအသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါ တယ်။ 

ဒီပွဲဟာ ဘတ်ပီအတွက် ရီးရယ်လ်အသင်း ကစားသမားဘဝ ပထမဆုံး လာလီဂါပွဲစဉ်ဖြစ်ပြီး ဥရောပစူပါဖလား ပွဲတုန်းကလိုပဲ ဂိုးသွင်းပြီး မှတ်တမ်းကောင်းတစ်ခုကို ထပ်ပြီးရယူသွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေ တာပါ။

ဘတ်ပီကို ရီးရယ်လ်အသင်း ပရိသတ်တွေက အများကြီး မျှော်လင့်နေကြသလို သူ့ကိုစောင့်ကြည့်ပြီး ဝေဖန်မှုတွေ ပြုလုပ်မယ့်သူ တွေကလည်း အဆင်သင့်ရှိနေကြပါတယ်။ 

အဲဒါကြောင့် ဘတ်ပီအနေနဲ့ ပါဝင်ကစားခွင့်ရတဲ့ ပွဲတိုင်းကို ထူးရှယ်ခြေစွမ်းမျိုး ပြသနိုင်ဖို့ လိုအပ်နေတာပါ။ 

ဘတ်ပီအနေနဲ့ ရီးရယ်လ်အသင်း ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ သူမျှော်လင့်ထားသလို အောင်မြင်မှုတွေ ရယူသွားမလား ဒါမှမဟုတ် ရုန်းကန်ရနိုင်လားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အိုလံပစ်ရွှေတံဆိပ်ဆုနဲ့ ဂျိုကိုဗစ်ကိုတွေ့ရစဉ်

ဂျိုကိုဗစ် သို့မဟုတ် လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ခဲ့သူ

By CNI
CNI
Category: ဆောင်းပါး
Hits: 3770

CNI Sport Article 

၂၀၂၄ ခုနှစ်၊ သြဂုတ် ၉

တင်းနစ်လောကရဲ့GOAT တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ ၂၀၂၄ အိုလံပစ် ပြိုင်ပွဲမှာ စပိန်နိုင်ငံသား အယ်လ်ကာရက်ဇ်ကို အနိုင်ယူပြီး ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

အိုလံပစ်ရွှေတံဆိပ်ဟာ ဂျိုကိုဗစ်ရဲ့ တင်းနစ် ကစားသမားဘဝမှာ မရယူနိုင်သေးတဲ့ တစ်ခုတည်းသော ကြီးမားတဲ့ ဆုတံဆိပ်ဖြစ်ပြီး အခုတော့ ဂျိုကိုဗစ်ဟာ ဒီဆုကိုရယူကာ သူ့အတွက်လိုနေတဲ့ ကွက်လပ်ကို ဖြည့်နိုင်ခဲ့ပြီလို့ ပြောရမှာပါ။

ဂျိုကိုဗစ်ဟာ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်လို့ နောက်တစ်ကြိမ် အိုလံပစ်ပြိုင်ပွဲမှာ သူပါဝင်ယှဉ်ပြိုင်ဖို့ဆိုတာ မသေချာတော့ပါဘူး။ 

အဲဒါကြောင့် ဂျိုကိုဗစ်ဟာ ပြင်သစ်အိုလံပစ်ပြိုင်ပွဲမှာ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ပြီး အယ်လ်ကာရက်ဇ်ကို အနိုင်ရပြီးချိန်မှာ ငိုကြွေးကာ ဒူးထောက်ပြီး အားပါးတရ အောင်ပွဲခံခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဂျိုကိုဗစ်ကိုတွေ့ရစဉ်

ဂျိုကိုဗစ်ဟာ အိုလံပစ်ပြိုင်ပွဲကို ၂၀၀၈ ခုနှစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ကြေးတံဆိပ် ရယူ နိုင်ခဲ့ကာ၂၀၁၂၊ ၂၀၁၆၊ ၂၀၂၀ ပြိုင်ပွဲတွေမှာ အောင်မြင်မှု ရခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာတော့ ဂျိုကိုဗစ်ဟာ ၁၆ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့ပြီး သူ့ရဲ့ တင်းနစ် ကစားသမားဘဝကို ပြီးပြည့်စုံသွားစေခဲ့တာပါ။

ဂျိုကိုဗစ်ဟာ အိုလံပစ်ရွှေတံဆိပ်ဆုကို ရယူအပြီးမှာ သူ့ရဲ့ကစားသမားဘဝမှာ ရခဲ့ဖူးသမျှ အောင်မြင်မှုတွေထဲမှာ ဒါက အကြီးမားဆုံး အောင်မြင်မှု ဖြစ်နိုင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၃၇ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ အိုလံပစ်ရွှေတံဆိပ် ရယူနိုင်ခဲ့တာကြောင့် တင်းနစ်သမိုင်းမှာ ကစားသမား အနည်းစုပဲ ရယူနိုင်ခဲ့တဲ့ Golden Slam ရယူနိုင်တဲ့သူ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

ဂျိုကိုဗစ်ကိုတွေ့ရစဉ်

Golden Slam ဆိုတာက ဂရမ်းဆလမ်းဆုဖလား ၄ ခုစလုံးနဲ့ အိုလံပစ်ရွှေတံဆိပ် ရယူနိုင်တဲ့သူကို သတ်မှတ် ခေါ်ဆိုတာပါ။

ဂျိုကိုဗစ်နဲ့အတူ Golden Slam ကို ရယူနိုင်ခဲ့တဲ့ သူတွေကတော့ တင်းနစ်လောကရဲ့GOAT တွေဖြစ်တဲ့ စတီဖီ ဂရပ်ဖ်၊ အဂ္ဂါဆီ၊ နာဒယ်လ်နဲ့ ဆရီနာဝီလျံတို့ ဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ တင်းနစ်လောကမှာ စံချိန်ပေါင်းများစွာကို တင်ထားနိုင်ခဲ့သူဖြစ်ပြီး ကမ္ဘာ့နံပါတ် ၁ နေရာကို ရက်သတ္တပေါင်းများစွာ အချိန်အကြာကြီး ရပ်တည်နိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ ဂရမ်းဆလမ်း ဆုဖလားကို စံချိန်တင် ၂၄ ကြိမ်အထိ ရယူထားပြီး ATP Masters,ATP Tour ပြိုင်ပွဲ တွေမှာလည်း စံချိန်အများအပြားကို တင်ထားနိုင်ခဲ့တာပါ။

အိုလံပစ်ရွှေတံဆိပ်ဆုနဲ့ ဂျိုကိုဗစ်ကိုတွေ့ရစဉ်

ဂျိုကိုဗစ်ဟာ Career Super Slam လို့ ခေါ်တဲ့ ဂရမ်းဆလမ်းဆုဖလား ၄ ခုစလုံး၊ATP Finals ချန်ပီယံဆုနဲ့ အိုလံပစ် ရွှေတံဆိပ်ကို ရယူထားတာဖြစ်ပြီး နောက်ထပ် စံချိန်ကောင်းတွေကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ 

ဂျိုကိုဗစ်ဟာ အနာဂတ်နဲ့ ပတ်သက်ပြီး မဆုံးဖြတ်ရသေးပေမယ့် သိပ်မဝေးတော့တဲ့ အချိန်တွေမှာ တင်းနစ် လောကဟာ GOAT ကြီးတစ်ဦးကို ဆုံးရှုံးရဖို့ရှိနေတာပါ။

ဂျိုကိုဗစ်ဟာ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ အိုလံပစ်ရွှေတံဆိပ်ကို ရယူနိုင်ခဲ့ပြီးဖြစ်လို့ သူ့ရဲ့ကစားသမား ဘဝဟာ ပြီးပြည့်စုံသွားပြီဖြစ်ပေမယ့် နောက်ထပ် ဆုဖလားတွေ၊ စံချိန်အသစ်တွေ ထပ်မံရယူပြီး ကစားသမား ဘဝကို အဆုံးသတ်သွားမလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူနိုက်တက်အသင်းကို တွေ့ရစဉ်

ရာသီသစ်မစခင် ယူနိုက်တက်ကို ဆီးကြိုနေတဲ့ ဒဏ်ရာပြဿနာ

By CNI
CNI
Category: ဆောင်းပါး
Hits: 2811

CNI Sport Article

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂

ပြီးခဲ့တဲ့တစ်ရာသီလုံး ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ ရာသီသစ် မစတင်ခင်မှာ လည်း ဒဏ်ရာထိုးနှက်ချက်တွေကို စတင်ကြုံတွေ့ နေခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ အမေရိကန်ရာသီကြို ခရီးစဉ်မှာ ဒဏ်ရာရရှိခဲ့ကြတဲ့ အဓိက ကစားသမားအချို့ကို ရာသီသစ် ပြန်လည်စတင်ပြီး ကာလအတန်ကြာအထိ အနားပေးရတော့မှာဖြစ်ပါတယ်။

နောက်ခံလူသစ် ယိုရိုနဲ့ တိုက်စစ်မှူး ဟော့ဂျ်လန်းက အာဆင်နယ်အသင်းနဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ တောင်ပံကစားသမား အန်တိုနီတို့ဟာ ဘက်တစ်အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ဒဏ်ရာတွေ ရရှိခဲ့ကြတာပါ။

ယူနိုက်တက်အသင်းဟာ ရာသီသစ်မှာ အဓိကလိုအပ်နေတဲ့ ဗဟိုနောက်ခံလူ နေရာအတွက် ယိုရိုကို လိုင်လီ အသင်းကနေ ပေါင် ၅၉ သန်းပေးပြီး ခေါ်ယူခဲ့ပေမယ့် ၂ ပွဲသာ အသုံးပြုရသေးပြီး ၃ လကြာ အနားပေးရတော့မှာ ဖြစ်ပါတယ်။ 

တိုက်စစ်မှူး ဟော့ဂျ်လန်းက ၆ ပတ်ကြာအထိ အနားယူရမှာဖြစ်လို့ ရာသီသစ်အတွက် ပြင်ဆင်နေတဲ့ ယူနိုက်တက်အသင်းကို အများကြီး ထိခိုက်စေမှာပါ။ 

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်ရာသီကြို ခရီးစဉ်မှာပဲ ကွင်းလယ်လူ ကိုဘီမိုင်နူးနဲ့ တောင်ပံ ကစားသမား အာမတ်တို့ကို ဒဏ်ရာတွေကြောင့် ကာလရှည်ကြာ အနားပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒဏ်ရာရသွားတဲ့ ယိုရိုနဲ့ ဟော့ဂျ်လန်းကို တွေ့ရစဉ်

အမေရိကန်ခရီးစဉ်ဟာ ယူနိုက်တက်အသင်းအတွက် စီးပွားရေးအရ ကောင်းမွန်ပေမယ့် ကစားသမားတွေ ဒဏ်ရာ ရခဲ့တာကတော့ နစ်နာစရာတွေ ဖြစ်ခဲ့ရတာပါ။ 

ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့လည်း ဒဏ်ရာကြောင့် အနားယူရဖွယ်ရှိနေလို့ နည်းပြ အဲရစ်တန်ဟတ်အတွက် အဓိက ကစားသမား ၄ ဦး မပါဝင်ဘဲ ရာသီသစ်ကို စတင်ရတော့မှာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာလည်း စံချိန်တင် ဒဏ်ရာရခဲ့တာကြောင့် ဆေးအဖွဲ့ကို အပြစ်တင်ရ မလား၊ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်းကို ပြောရမလားဆိုတာ စဉ်းစားစရာတွေ ဖြစ်နေတာပါ။ 

ပြီးခဲ့တဲ့ရာသီက အချက်အလက်အချို့ကို ပြန်ကြည့်ရရင် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒဏ်ရာ အများဆုံးခံစားခဲ့ရတဲ့ အသင်းအဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ 

ရာသီတစ်လျှောက်လုံးမှာ ယူနိုက်တက်အသင်းဟာ ကစားသမား ၂၁ ဦးအထိ ဒဏ်ရာရရှိခဲ့ပြီး ကစားသမားတွေကို ရက်ပေါင်း ၁,၆၂၀ အထိဆုံး ရှုံးခဲ့ရတာပါ။ 

ဒီစာရင်းထဲမှာ မပါဝင်တဲ့ ဘယ်နောက်ခံလူ မာလာစီယာဆိုရင် ရာသီမစခင်ကတည်းက ရရှိခဲ့တဲ့ဒဏ်ရာဟာ ရာသီ အကုန်ထိ သက်သာခြင်းမရှိသလို ရာသီသစ်အတွက် ပြင်ဆင်မှု ပြုလုပ်တာမှာလည်း တစ်ဦးချင်း လေ့ကျင့်မှုတွေ သာ ပြုလုပ်နိုင်သေးတာ ဖြစ်ပါတယ်။ 

ရက်ဖို့ဒ် ဒဏ်ရာရသွားစဉ်

အဓိကနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကတော့ ဒဏ်ရာတွေကြောင့် ၂၁၄ ရက်အထိ ယူနိုက်တက်အသင်းရဲ့ ပွဲစဉ် အများအပြားကို လွဲချော်ခဲ့ရတာပါ။

နည်းပြ အဲရစ်တန်ဟတ်ဟာ ဗဟိုနောက်ခံလူ အများအပြားရဲ့ ဒဏ်ရာကြောင့် ကတ်စမဲရိုးကို နောက်ခံလူ နေရာမှာ ပွဲအချို့ကို အသုံးပြုခဲ့ရသေးတာ ဖြစ်ပါတယ်။ 

အဲရစ်တန်ဟတ်က သူ့ရဲ့နည်းပြဘဝမှာ ဒီလိုမျိုးဒဏ်ရာ အများကြီး ရရှိတာကို အခုမှ မြင်တွေ့ခဲ့ဖူးတယ်လို့ ပြောခဲ့တဲ့အထိ ယူနိုက်တက်အသင်းရဲ့ ဒဏ်ရာအခြေအနေဟာ ဆိုးရွားခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ရာသီသစ်မှာ ဒဏ်ရာတွေ အများကြီးမရဘဲ အောင်မြင်မှုတွေ ပြန်လည် ရယူနိုင်ဖို့ ပစ်မှတ်ထားနေပေမယ့် ခြေစမ်းပွဲတွေမှာတင် ဒဏ်ရာထိုးနှက်ချက်တွေကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ ကစားသမားအချို့ကို ရောင်းချပြီး ကစားသမားသစ်တွေကို ပြန်လည် ခေါ်ယူဖို့ လုပ်ဆောင်နေပေမယ့် ဒဏ်ရာရရှိတာကြောင့် သူတို့ရဲ့အစီအစဉ်ကို ထိခိုက်မှုတွေရှိနိုင်တာပါ။

ဒဏ်ရာတွေကြောင့် ရောင်းချဖို့ စီစဉ်ထားတဲ့ ကစားသမားတွေကို အသင်းမှာ ပြန်လည် ထိန်းသိမ်းသွားရနိုင် ဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။ 

အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

နည်းပြ အဲရစ်တန်ဟတ်အနေနဲ့ ကစားသမားတွေရဲ့ ဒဏ်ရာအခြေအနေကို ဘယ်လို ကိုင်တွယ်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ 

အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးထားပေမယ့် INEOS ရဲ့ လက်အောက် ပထမဆုံးရာသီအပြည့်မှာ ရလဒ်တွေ မကောင်းရင် သူ့ရဲ့ရာထူးအတွက်က စိုးရိမ်စရာတွေ ရှိနေပါတယ်။

ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့INEOS ဟာ ယူနိုက်တက်အသင်းရဲ့စီမံခန့်ခွဲမှု အပိုင်းတွေ အားလုံးကို ပြောင်းလဲထားပြီး အသင်းကို အရင်ကလို ပြန်ပြီးအောင်မြင်တာကို မြင်တွေ့ချင်နေတာပါ။

အဲဒါကြောင့် အဲရစ်တန်ဟတ်အနေနဲ့ ယူနိုက်တက်အသင်း အကြီးအကဲတွေလိုချင်တဲ့ အောင်မြင်မှုတွေ၊ သူ သွားချင်တဲ့ ကစားပုံစံတွေအတိုင်း လုပ်ဆောင်ဖို့ဆိုရင် ဒဏ်ရာပြဿနာတွေကို အများကြီး မဖြစ်အောင် ကစားသမားတွေ၊ ဆေးအဖွဲ့တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အာဂျင်တီးနားနဲ့ပြင်သစ် အသင်းသားတွေကို တွေ့ရစဉ်

မပြီးဆုံးသေးတဲ့ ပြင်သစ်နဲ့ အာဂျင်တီးနားတိုက်ပွဲ 

By CNI
CNI
Category: ဆောင်းပါး
Hits: 3307

CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆

၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲ အပြီးကနေ စတင်ခဲ့တဲ့ ပြင်သစ်နဲ့ အာဂျင်တီးနား အသင်းတို့ရဲ့တိုက်ပွဲဟာ အခု ကျင်းပနေတဲ့ အိုလံပစ်ပြိုင်ပွဲအထိ ကူးစက်လာခဲ့ပြီဖြစ်ပါတယ်။ 

အပျော်အောင်ပွဲခံမှုတွေကနေ စတင်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ အပျက်ဘက်ကို ဦးတည်ကာ မီးတောက်တစ်ခုလို တောက်လောင်လာခဲ့တာပါ။ 

မကြာသေးခင်က အာဂျင်တီးနားအသင်းနဲ့ မော်ရိုကိုအသင်းတို့ ကစားခဲ့တဲ့ အိုလံပစ်အမျိုးသား ဘောလုံးပြိုင်ပွဲ မစတင်ခင် အာဂျင်တီးနားအသင်းကို ပြင်သစ်အသင်း ပရိသတ်တွေက ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ 

အာဂျင်တီးနားအသင်း နိုင်ငံတော်သီချင်း သီဆိုချိန်မှာ ပြင်သစ်အသင်း ပရိသတ်တွေက ကျယ်လောင်စွာ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တာပါ။ 

ဒီအဖြစ်အပျက်တွေရဲ့ အစဟာ အာဂျင်တီးနားနဲ့ ပြင်သစ်အသင်းတို့ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်မှာ ဖြစ်ခဲ့တာလို့ ပြောရမှာ ဖြစ်ပါတယ်။ 

အီမီမာတီနက်ဇ်ရဲ့ အောင်ပွဲခံနေစဉ်

အာဂျင်တီးနားအသင်းက ပင်နယ်တီနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲစဉ်မှာ အာဂျင်တီးနားဂိုးသမား အီမီမာတီနက်ဇ်ရဲ့ လွန်လွန် ကျူးကျူး အောင်ပွဲခံဟန်တွေကို ပြင်သစ်အသင်းက စိတ်ပျက်ခဲ့တာပါ။ 

ဆုဖလားရယူအပြီး အာဂျင်တီးနားနိုင်ငံအတွင်း အောင်ပွဲခံချိန်မှာလည်း အီမီမာတီနက်ဇ်က ပြင်သစ်တိုက်စစ်မှူး ဘတ်ပီရဲ့ မျက်နှာပါဝင်တဲ့ အရုပ်ကိုကိုင်ပြီး အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားရခဲ့ချိန်မှာ အသင်းခေါင်းဆောင် မက်ဆီဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်း မှာ ကစားနေခဲ့တာပါ။ 

ပီအက်စ်ဂျီအသင်းဟာ မက်ဆီအတွက် ကမ္ဘာ့ဖလားအောင်ပွဲ မလုပ်ပေးခဲ့သလို ပရိသတ်တွေကလည်း မက်ဆီကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ ထွက်ခွာခဲ့တာပါ။ ဒီကြားထဲမှာ ပြင်သစ်နဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ တိုက်ပွဲဟာ အနည်းငယ် ငြိမ်သက်သွားခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြင်သစ်နဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ တိုက်ပွဲကို ပြန်လည် စတင်သလို ဖြစ်ခဲ့တာပါ။ 

ဒါကတော့ အာဂျင်တီးနားအသင်း ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ချိန်မှာ အန်ဇိုဖာနန် ဒက်ဇ် အပါအဝင် ကစားသမားအချို့ဟာ ပြင်သစ်လူမည်း ကစားသမားတွေကို လူမျိုးရေးခွဲခြား လှောင်ပြောင်တဲ့ သီချင်းသီဆိုခဲ့တာ ဖြစ်ပါတယ်။ 

အန်ဇိုဖာနန်ဒက်ဇ်ကို တွေ့ရစဉ်

အန်ဇိုဖာနန်ဒက်ဇ်ဟာ ဒီရုပ်သံဖိုင်ကို သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တာကြောင့် ပြဿနာတွေဟာ ပိုကြီး ထွားခဲ့ပြီး သူ့ရဲ့ ချယ်လ်ဆီးအသင်းဖော် ပြင်သစ်ကစားသမားတွေက သူ့ကို ဆိုရှယ်မီဒီယာကနေ Unfollow လုပ်ခဲ့ကြတာပါ။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကလည်း လူမျိုးရေးခွဲခြားမှု ပြုလုပ်တယ်ဆိုပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထံ တိုင်ကြားမှု ပြုလုပ်ခဲ့တာကြောင့် အခြေအနေတွေဟာ ပိုပြီးဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။ 

အန်ဇိုဖာနန်ဒက်ဇ်ဟာ ဒီအဖြစ်အပျက်ကြောင့် သူ့ရဲ့ဆိုရှယ်မီဒီယာကနေ ပြန်တောင်းပန်ခဲ့ပေမယ့် ဝေဖန်မှု  အများအပြားကို ခံခဲ့ရတာပါ။

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာကတော့ အန်ဇိုဖာနန်ဒက်ဇ်ကို ကာကွယ်မှု ပြုလုပ်ခဲ့ပေမယ့် သူဟာ ချယ်လ်ဆီးအသင်းနဲ့ ပြန်လည်ပူးပေါင်းရင် ပြင်သစ်ကစားသမားတွေနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ကိုပါအမေရိကဖလား အောင်ပွဲခံမှုကနေ ပြန်စတင်ခဲ့တဲ့ ပြင်သစ်နဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ မီးတောက်ဟာ ပြင်သစ်မှာ ကျင်းပနေတဲ့ အိုလံပစ်ပြိုင်ပွဲကိုပါ ဆက်ပြီး တောက်လောင်လာခဲ့တာပါ။

မက်ဆီကို တွေ့ရစဉ်

အိုလံပစ်ပြိုင်ပွဲကို အာဂျင်တီးနား အားကစားသမားတွေ လာရောက် ယှဉ်ပြိုင်နေကြလို့ အိမ်ရှင်ပြင်သစ် ပရိသတ်တွေရဲ့ပစ်မှတ်တွေ ဖြစ်လာနိုင်ပါတယ်။ 

အမျိုးသားဘောလုံးပြိုင်ပွဲနဲ့ ရပ်ဘီပြိုင်ပွဲတွေမှာ အာဂျင်တီးနားအသင်း နိုင်ငံတော်သီချင်း သီဆိုချိန်မှာ ပြင်သစ် ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။

အိုလံပစ်ပြိုင်ပွဲ တစ်လျှောက်လုံးမှာသာ ဒီလိုမျိုး ထပ်ပြီးဖြစ်ခဲ့ရင် ပြင်သစ်နဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ တိုက်ပွဲ ဟာ ပိုပြီးပြင်းထန်လာဖို့ပဲ ရှိနေတာပါ။

အဲဒါကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဒီအခြေအနေကို အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်နေပါတယ်။ 

ဒါမှလည်း အားကစားသမားတွေအနေနဲ့ လှောင်ပြောင်မှုတွေကို ရှောင်ပြီး ပြိုင်ပွဲကို အေးအေးဆေးဆေး ယှဉ်ပြိုင် လို့ ရမှာပါ။ 

ဒါကြောင့် ပြင်သစ်နဲ့ အာဂျင်တီးနား အသင်းတို့အကြား အမြန်ဆုံး အဆင်ပြေသွားမလားဆိုတာကို စောင့်ကြည့်ရ မှာပဲ ဖြစ်ပါတယ်။

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘတ်ပီနဲ့ ယာမဲလ်ကို တွေ့ရစဉ်

ဘတ်ပီ၊ ယာမဲလ်တို့နဲ့ အသက်ပြန်ဝင်လာမယ့် လာလီဂါ 

By CNI
CNI
Category: ဆောင်းပါး
Hits: 3152

CNI Sport Article

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈

ကမ္ဘာ့ထိပ်တန်း ကစားသမားအများစု လာရောက်ကစားတဲ့ စပိန်လာလီဂါပြိုင်ပွဲဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ပရိသတ် စိတ်ဝင်စားမှု အနည်းငယ် လျော့ကျခဲ့ပေမယ့် ရာသီသစ်မှာတော့ ဒီပြိုင်ပွဲဟာ ပရိသတ်တွေအကြားမှာ အသက်ပြန်ဝင်လာဖို့ရှိနေတာ ဖြစ်ပါတယ်။ 

ဒီလိုဖြစ်လာမယ့် အကြောင်းအရင်းကတော့ ရီးရယ်လ်အသင်းက ဘတ်ပီကို ခေါ်ယူနိုင်ခဲ့တာနဲ့ ယာမဲလ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်ချင်တာတွေကြောင့် ဖြစ်ပါတယ်။ 

ရော်နယ်ဒို၊ မက်ဆီတို့ရဲ့ အားပြိုင်မှုကနေ ကမ္ဘာကြီးကို ဖမ်းစားနိုင်ခဲ့တဲ့ စပိန်လာလီဂါဟာ ဘတ်ပီ၊ ယာမဲလ်တို့ရဲ့ အားပြိုင်မှုနဲ့ ကမ္ဘာကြီးကို နောက်တစ်ကြိမ် ထပ်ပြီးဖမ်းစားဖို့ ရှိနေတာပါ။

ဘောလွန်းဒီအောဆုရှင်တွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ ရှိချိန်က ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်ခဲ့တဲ့ လာလီဂါဟာ သူတို့ ၂ ဦး ထွက်ခွာချိန်မှာ စိတ်ဝင်စားမှုက အတော်လေး လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းဟာ မက်ဆီ ထွက်ခွာပြီးနောက်မှာ လီဝန်ဒေါစကီး အပါအဝင် ကစားသမားအချို့ကို ခေါ်ယူခဲ့ သလို ရီးရယ်လ်အသင်းကလည်း ရော်နယ်ဒို ထွက်ခွာပြီးနောက်မှာ ဟာဇက်၊ ဘယ်လင်ဂမ်တို့ အပါအဝင် နာမည်ကြီး တွေကို ခေါ်ယူခဲ့ကြတာပါ။

ဒါပေမယ့် ပရိသတ်တွေ အတွက်တော့ ဂန္ထဝင်ကစားသမား ၂ ဦးမရှိတဲ့ လိဂ်ပြိုင်ပွဲကို ကြည့်နေရတာဟာ ဆားမပါတဲ့ဟင်းလို ပေါ့နေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့မက်ဆီကိုတွေ့ရစဉ်

လာမယ့် ရာသီသစ်မှာတော့ ပရိသတ်တွေ မြင်တွေ့ချင်နေတဲ့ လာလီဂါပြိုင်ပွဲကြီးကို မြင်တွေ့ရဖို့ရှိနေတာပါ။ 

ရီးရယ်လ်အသင်းဟာ သူတို့ကာလရှည်ကြာ ခေါ်ယူချင်ခဲ့တဲ့ ဘတ်ပီကို ခေါ်ယူခဲ့ပြီး ဘာနေဗျူးကွင်းထဲရှိ ပရိသတ် ပေါင်း ၈ သောင်းကျော်အရှေ့မှာ ကစားသမားသစ်အဖြစ် မိတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။ 

ဘတ်ပီဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အနာဂတ် ဘောလွန်းဒီအောဆု ပိုင်ရှင်အဖြစ်လည်း သတ်မှတ်ခြင်း ခံနေရတာပါ။ 

ဘတ်ပီလို ကစားသမားမျိုးကို ရီးရယ်လ်အသင်း ခေါ်ယူနိုင်ခဲ့တာကြောင့် စပိန်လာလီဂါဟာ ကမ္ဘာကြီးရဲ့ စိတ်ဝင် စားမှုကို ထပ်မံရခဲ့တာ ဖြစ်ပါတယ်။

ရီးရယ်လ်ကို ပြောင်းလာတဲ့ ဘတ်ပီကိုတွေ့ရစဉ်

ဒီလိုပါပဲ ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီထွက် ယာမဲလ်ဟာ မကြာသေးခင်က ကျင်းပခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ရာသီသစ်မှာ ယာမဲလ်ဘာတွေထပ်ပြီး လုပ်ပြမလဲဆိုတာ စောင့်ကြည့်ချင်နေတဲ့ ပရိသတ်တွေက အများကြီးရှိနေတာပါ။

ဗိုလ်လုပွဲ မတိုင်ခင်ကမှ အသက် ၁၇ နှစ်ပြည့်ခဲ့တဲ့ ယာမဲလ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အားလုံးအံ့အားသင့်အောင် ခြေစွမ်းပြသနိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ယာမဲလ်ဟာ ပြီးခဲ့တဲ့ရာသီ လာလီဂါပြိုင်ပွဲမှာကတည်းက ဘာစီလိုနာအသင်းမှာ သူ့ရဲ့ခြေစွမ်းကို သက်သေပြပြီး ဖြစ်ပေမယ့် ရာသီသစ်မှာတော့ ဘတ်ပီနဲ့ အားပြိုင်ရမှာဖြစ်လို့ ပိုပြီးကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသရမှာပါ။ 

ဘတ်ပီနဲ့ ယာမဲလ်ရဲ့ အားပြိုင်မှုဟာ ရော်နယ်ဒိုနဲ့ မက်ဆီရဲ့ ပြိုင်ဆိုင်မှုလိုမျိုး ပြင်းထန်မှုမျိုးကို မြင်တွေ့ရဖို့ ရှိနေတာ ဖြစ်ပါတယ်။

ယာမဲလ်ကိုတွေ့ရစဉ်

ပြီးတော့ ဘတ်ပီဟာ ရီးရယ်လ်အသင်းမှာ ရော်နယ်ဒို ရောက်ရောက်ချင်း ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၉ ကို ဝတ်ဆင်မှာဖြစ်သလို ယာမဲလ်ကလည်း ရာသီသစ်မှာ မက်ဆီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၉ ကို ဝတ်ဆင်မှာပါ။

ဒီလိုလုပ်ဆောင်မှုတွေဟာ လာလီဂါအပေါ် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုပြီးမြင့်တက်အောင် လုပ်ဆောင်နေ တာလို့တောင် ထင်ရတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားကို ရီးရယ်လ်အသင်း ရခဲ့သလို ယူရို ၂၀၂၄ ချန်ပီယံဆုကို စပိန်အသင်း ရခဲ့တာ ကြောင့်လည်း လာလီဂါဟာ မနှစ်ကနဲ့မတူတော့ဘဲ ပရိသတ်တွေကို စောင့်ကြည့်ဖို့ ဆွဲဆောင်နေတာပါ။   

ရီးရယ်လ်၊ ဘာစီလိုနာအသင်းတို့လိုပဲ အခြားအသင်းတွေကလည်း ရာသီသစ်မတိုင်ခင် ကောင်းမွန်စွာ ပြင်ဆင်မယ် ဆိုရင် စပိန်လာလီဂါပြိုင်ပွဲအပေါ် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုဟာ အခြားလိဂ်တွေထက် ပိုပြီမြင့်လာနိုင်တာ ဖြစ်ပါတယ်။

၂၀၂၄-၂၅ ရာသီ လာလီဂါပြိုင်ပွဲကို ဩဂုတ် ၁၅ ရက်မှာ စတင် ကျင်းပတော့မှာဖြစ်ပြီး ဘတ်ပီ၊ ယာမဲလ်တို့ရဲ့ အားပြိုင်မှုကနေ အသက်ပြန်ဝင်လာမယ့် လာလီဂါပြိုင်ပွဲကို စောင့်ကြည့်ဖို့ ပရိသတ်တွေ ဘယ်လောက်အထိ စိတ်လှုပ်ရှားနေလဲဆိုတာကို မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူနိုက်တက်အသင်းကိုတွေ့ရစဉ်

ယူနိုက်တက်ရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အပြောင်းအရွှေ့

By CNI
CNI
Category: ဆောင်းပါး
Hits: 3741

CNI Sport Article 

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၇

ယူရို ၂၀၂၄ ပြိုင်ပွဲ၊ ကိုပါအမေရိကဖလား ပြိုင်ပွဲတွေရဲ့ ဇာတ်ရှိန်အမြင့်ဆုံး အချိန်ကို ရောက်ရှိနေချိန်မှာ ကလပ် အသင်းတွေကလည်း ရာသီသစ်အတွက် ပြင်ဆင်မှုတွေကို စတင် လုပ်ဆောင်လာကြပြီ ဖြစ်ပါတယ်။ 

ကလပ်အသင်းတွေဟာ ရာသီသစ် မတိုင်ခင် ကစားသမားအသစ်တွေ ဝယ်ယူဖို့ ပြင်ဆင်နေကြသလို အသင်းမှာ ရှိတဲ့ ကစားသမားတွေကို ရောင်းချဖို့လည်း စီစဉ်လာခဲ့ပါတယ်။ 

ရာသီသစ်မတိုင်ခင် အပြောင်းအရွှေ့တွေ လုပ်ဆောင်တိုင်း ကစားသမား အများအပြားနဲ့ သတင်းတွေ ထွက်လေ့ရှိ တဲ့ ယူနိုက်တက်အသင်းဟာ အခုအချိန်မှာလည်း ကစားသမားအချို့နဲ့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၈ ရခဲ့ပြီး FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ယူနိုက်တက် အသင်းဟာ အပြောင်းအရွှေ့တွေ စတင်မလုပ်ဆောင်ခင် အသင်းရဲ့ စီမံခန့်ခွဲမှုအပိုင်းကို စပြီးပြင်ဆင်ခဲ့တာပါ။ 

ယူနိုက်တက် နည်းပြနဲ့ ကစားသမားတွေကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS ဟာ အသင်းအတွက် လိုအပ်နေတဲ့ စီမံခန့်ခွဲမှု အပိုင်းတွေအတွက် အမှုဆောင်အရာရှိချုပ်အဖြစ် မန်စီးတီးအသင်းက ဘာရာဒါ၊ အားကစားဒါရိုက်တာ အဖြစ် နယူးကာဆယ်အသင်းက ဒန်အက်ရှ်ဝေ့ါနဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် ဆောက်သမ်တန်အသင်းက ဝီလ်ကော့စ်တို့ အပါအဝင် အခြားရာထူးတွေ အတွက်လည်း ခန့်အပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ထုတ်ပယ်မယ်လို့ သတင်းတွေ ထွက်ခဲ့တဲ့ နည်းပြ အဲရစ်တန် ဟတ်ကိုလည်း ၂၀၂၆ ခုနှစ်အထိ အသင်းမှာ ဆက်ရှိမယ့် စာချုပ်သက်တမ်း တိုးသွားခဲ့တာပါ။ 

INEOS ဟာ အသင်းအတွက် လိုအပ်နေတဲ့ စီမံခန့်ခွဲမှုအပိုင်းတွေကို အားဖြည့်ခဲ့သလို အသင်းအတွက် လိုအပ်တဲ့ ကစားသမားသစ်တွေကို ခေါ်ယူပေးနိုင်ဖို့လည်း စီစဉ်နေပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုနဲ့ ငြိနိုင်တဲ့ အချက်တွေလည်း ရှိတဲ့အတွက် ပြီးခဲ့တဲ့ ရာသီကလို ကစားသမား အများအပြားကို ပြောင်းရွှေ့ကြေး အများအပြားနဲ့ ခေါ်ယူနိုင်ဖို့တော့ မရှိပါဘူး။

ဒါပေမယ့် အသင်းအောင်မြင်မှု ရဖို့အတွက် နည်းပြ အဲရစ်တန်ဟတ်လိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူပေးနိုင် ဖို့ဆိုရင် အသင်းမှာရှိနေတဲ့ ကစားသမားအချို့ကိုလည်း ရောင်းချရမှာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းရဲ့ အားကစားဒါရိုက်တာအသစ် ဒန်အက်ရှ်ဝေါ့ဟာ အသင်းမှာရှိနေတဲ့ ကစားသမားအချို့ကို ရောင်းချပြီး အသင်းအတွက်လိုအပ်တဲ့ ပြောင်းရွှေ့ကြေး အသုံးစရိတ် ထုတ်ပေးနိုင်ဖို့ ရည်မှန်းထားတာပါ။ 

ဒန်အက်ရှ်ဝေါ့ ရောင်းချဖို့ စာရင်းပြုစုထားတဲ့ ကစားသမား ၇ ဦးကို ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

သူတို့တွေကတော့ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ဆန်ချို၊ ဂီတာဖေးအသင်း မှာ အငှားကစားခဲ့တဲ့ ဂရင်းဝုဒ်၊ အန်တိုနီ၊ လင်ဒီလောဖ့်၊ ကတ်စမဲရိုး၊ အဲရစ်ဆင်နဲ့ မက်ဂွဲယားတို့ ဖြစ်ပါတယ်။ 

ယူနိုက်တက် ရောင်းချမယ့် ကစားသမားစာရင်းကိုတွေ့ရစဉ်

ဒန်အက်ရှ်ဝေါ့ဟာ ဒီကစားသမားတွေကို ရောင်းချမှုကနေ ပေါင်သန်း ၂၀၀ အထိ ရရှိနိုင်မယ်လို့ မျှော်လင့်ထားပြီး ဒီပမာဏသာရခဲ့ရင် ယူနိုက်တက်အသင်းရဲ့ ကစားသမား ဝယ်ယူမှုအပိုင်းမှာ အများကြီး သက်ရောက်မှုတွေ ရှိနိုင် တာပါ။ 

ဒါအပြင် နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေမှုတွေရှိခဲ့တဲ့ အကယ်ဒမီထွက် ရက်ရှ်ဖို့ဒ်ကိုလည်း ရောင်းချဖို့ လမ်းဖွင့်ထားပြီး ပေါင်သန်း ၆၀ လောက်ရရှိရင် ကမ်းလှမ်းမှုတွေကို လက်ခံသွားဖို့ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် အဓိကဖြည့်တင်းမှုတွေအဖြစ် ဗဟိုခံစစ်၊ ကွင်းလယ်ခံစစ် ကစားသမားနဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ စီစဉ်ထားတာပါ။ 

မန်ချက်စတာကလပ်ဟာ ခံစစ်ပိုင်းအတွက် အဲဗာတန်အသင်းက ဘရန်ဝိတ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းက ဒီလစ် တို့ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပေမယ့် ဘရန်ဝိတ်ရဲ့ ပြောင်းရွှေ့ကြေးက များပြားတဲ့အတွက် ဒီအပြောင်းအရွှေ့ကို စဉ်းစားနေတာ ဖြစ်ပါတယ်။ 

ကတ်စမဲရိုး ထွက်ခွာမယ့် ကွင်းလယ်ခံစစ်ပိုင်းအတွက် ပီအက်စ်ဂျီအသင်းက အူဂါတီကို ခေါ်ယူဖို့ ပစ်မှတ်ထား နေတာပါ။ 

ဟော့ဂျ်လန်း တစ်ဦးတည်းနဲ့ မလုံလောက်တဲ့ တိုက်စစ်ပိုင်းအတွက် ယူနိုက်တက်အသင်းဟာ ဘိုလော့ဂ်နာအသင်း တိုက်စစ်မှူး ဇာခ့်ဇီကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒီကစားသမားတွေဟာ နိုင်ငံအသင်းတွေနဲ့ ပြိုင်ပွဲတွေ ယှဉ်ပြိုင်နေတာကြောင့် ယူနိုက်တက်အသင်းဟာ ဒီပြိုင်ပွဲ တွေအပြီးမှ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ လုပ်ဆောင်ရမှာပါ။ 

ယူနိုက်တက်အသင်းဟာ နောက်ထပ် ကစားသမားအချို့ကိုလည်း ပစ်မှတ်ထားနေပေမယ့် လက်ရှိအချိန်မှာတော့ ဒီလစ်၊ ဘရန်ဝိတ်၊ အူဂါတီနဲ့ ဇာ့ခ်ဇီတို့ဟာ အဓိကပစ်မှတ်အဖြ စ်ရှိနေပါတယ်။ 

 ယူနိုက်တက် ရောင်းချဖို့စဉ်းစားထားတဲ့ ကစားသမားတွေကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းရဲ့ စီမံခန့်ခွဲမှုအဖွဲ့ကတော့ ဒီကစားသမားတွေကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေသလို အရောင်း စာရင်းမှာ ပါဝင်နေတဲ့ ကစားသမားအချို့ကိုလည်း အမြန်ဆုံး ရောင်းချနိုင်ဖို့ လုပ်ဆောင်နေတာပါ။

ဒါမှလည်း ကစားသမားသစ်တွေ ခေါ်ယူတဲ့အချိန်မှာ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုနဲ့ မကြုံတွေ့ရမှာ ဖြစ်ပါ တယ်။

ဆာဂျင်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာကို ဝယ်ယူပြီးကတည်းက အရင်လို အောင်မြင်မှု တွေပြန်ပြီး ရရှိနိုင်အောင် အသင်းကို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပြီး တည်ဆောက်ချင်နေတာပါ။ 

နည်းပြ အဲရစ်တန်ဟတ်ကလည်း ကိုင်တွယ်ပြီးတဲ့ ၂ ရာသီမှာ ယူနိုက်တက်အသင်းကို ဆုဖလား ၂ လုံး ရယူပေး ထားနိုင်ပေမယ့် လာမယ့်ရာသီမှာ အောင်မြင်မှုတွေပိုပြီး ရယူချင်နေတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့်လည်း အဲရစ်တန်ဟတ်ဟာ လာမယ့် ရာသီမတိုင်ခင် သူ့ရဲ့နည်းပြအဖွဲ့ဝင်အချို့ကို အပြောင်းအလဲတွေ ပြုလုပ်ခဲ့တာပါ။ 

ရာသီသစ်မတိုင်ခင် ယူနိုက်တက်အသင်းရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေဟာ အသင်း အောင်မြင်မှုတွေပြန်ပြီး ရရှိဖို့ ဘယ်လောက်အထိ အထောက်အကူ ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အင်္ဂလန်အသင်းကို တွေ့ရစဉ်

အသင်းကြီးတွေကို ရှောင်နိုင်ခဲ့တဲ့ အင်္ဂလန် ဗိုလ်လုပွဲ တက်နိုင်မှာလား

By CNI
CNI
Category: ဆောင်းပါး
Hits: 1560

CNI Sport Article

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈

ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စုအဆင့် ပွဲစဉ်တွေအားလုံး ပြီးသွားခဲ့ပြီဖြစ်တာကြောင့် အခုဆိုရင် ရှုံးထွက် ၁၆ သင်းအဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပြီးကတည်းက ဗိုလ်လုပွဲအတွက် လမ်းကြောင်းကိုပါ တစ်ခါတည်း ရေးဆွဲခဲ့ တာပါ။ 

ပြိုင်ပွဲမတိုင်ခင်မှာရော လက်ရှိအချိန်ထိပါ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းဖြစ်နေတဲ့ အင်္ဂလန်အသင်း ဟာ ဗိုလ်လုပွဲသာ တက်နိုင်ခဲ့မယ်ဆိုရင် သူတို့ဟာ ဗိုလ်လုပွဲရောက်မှ အသင်းကြီးနဲ့ တွေ့ဆုံနိုင်မယ့် လမ်းကြောင်း ပေါ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စုတွင်း ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်းဟာ ဆိုးရွားခဲ့ပေမယ့် အုပ်စုထိပ်ဆုံးနဲ့ နောက်တစ်ဆင့် ကို တက်နိုင်ခဲ့တာပါ။ 

ယူရိုပြိုင်ပွဲ ၁၆ သင်းအဆင့် ပွဲစဉ်များကိုတွေ့ရစဉ်

နာမည်ကြီး ကစားသမားတွေ၊ လူငယ်ကစားသမားတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အင်္ဂလန် အသင်းကို ပရိသတ်တွေက အများကြီး မျှော်လင့်ခဲ့ပေမယ့် ခြေစွမ်းပိုင်းက အားရစရာမရှိခဲ့သလို သွင်းဂိုးကလည်း ၃ ပွဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကလပ်အသင်းတွေမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဟာရီကိန်း၊ ဘယ်လင်ဂမ်၊ ဖိုဒန်၊ ဆာကာတို့လို ကစားသမားတွေဟာ နည်းပြ ဆောက်ဂိတ်ရဲ့ အသုံးမပြုတက်မှုတွေကြောင့် အင်္ဂလန်အသင်းမှာ သူတို့ရဲ့ခြေစွမ်းဟာ အောက်ဆုံးကို ရောက်ရှိနေခဲ့တာပါ။

အင်္ဂလန်အသင်း ပရိသတ်တွေဟာ အသင်းရဲ့ ခြေစွမ်းအပေါ် အားမရတာကြောင့် ပွဲချိန်အတွင်းမှာ လှောင်ပြောင်ခဲ့ သလို ဆလိုဗေးနီးယား အသင်းနဲ့ပွဲမှာဆိုရင် အင်္ဂလန်အသင်း ပရိသတ်တစ်ဦး ပွဲကြည့်စင်ပေါ်မှာ အိပ်ပျော်နေတဲ့ ပုံဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ဆောက်ဂိတ်ဟာ ပွဲအပြီး ပရိသတ်တွေရှေ့မှာ သွားရောက် လက်ခုပ်တီးတဲ့အချိန် ဘီယာခွက်နဲ့ ပစ်ပေါက် ခြင်းကိုပါ ခံရတဲ့အထိ ပရိသတ်တွေဟာ အသင်းရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်ခဲ့ကြတာပါ။

အင်္ဂလန်အသင်းဟာ ခြေစွမ်းပိုင်း မကောင်းပေမယ့် ရှုံးထွက် အဆင့်တွေအတွက် ပြုလုပ်ထားပြီးဖြစ်တဲ့ လမ်းကြောင်းမှာတော့ အသင်းကြီးတွေကို ရှောင်ပြီး ဗိုလ်လုပွဲအထိ တက်နိုင်မယ့် အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းနည်းပြကို တွေ့ရစဉ်

ရှုံးထွက်အဆင့်တွေအတွက် ပြုလုပ်ထားတဲ့ လမ်းကြောင်းအရ ဂျာမနီ၊ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံ အသင်းတို့ဟာ လမ်းကြောင်း တစ်ခုတည်းမှာရှိတဲ့အတွက် ဗိုလ်လုပွဲအထိ တက်နိုင်ဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ရ တော့မှာပါ။

အင်္ဂလန်အသင်းရဲ့ လမ်းကြောင်းမှာတော့ လက်ရှိချန်ပီယံ အီတလီ၊ နယ်သာလန်၊ သြစတြီးယား၊ တူရကီ၊ ဆွစ်ဇာလန်၊ ရိုမေးနီးယားနဲ့ ဆလိုဗက်ကီးယားတို့ ပါဝင်နေတာ ဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းဟာ ၁၆ သင်းအဆင့်မှာ ဆလိုဗက်ကီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့ရင် ကွာတား ဖိုင်နယ်မှာ အီတလီနဲ့ ဆွစ်ဇာလန်အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

တကယ်လို့ ဆီမီးဖိုင်နယ်ပါ တက်နိုင်မယ်ဆိုရင် ရိုမေးနီးယား၊ နယ်သာလန်၊ သြစတြီးယား၊ တူရကီအသင်းတို့ထဲ က တစ်သင်းနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် အင်္ဂလန်အသင်းဟာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ရင် ဗိုလ်လုပွဲအထိ တက်နိုင်မယ့် အခြေအနေမှာ ရှိနေတာပါ။

ဒါပေမယ့် အခုအခြေအနေက မဲခွဲမှုအရဖြစ်ခဲ့တဲ့ လမ်းကြောင်း အနေအထားကို ပြောခဲ့တာဖြစ်ပြီး လက်တွေ့မှာ အင်္ဂလန်အသင်းအတွက် လွယ်ကူမယ့် အနေအထား ရှိမနေပါဘူး။

အင်္ဂလန်အသင်းယှဉ်ပြိုင်နေစဉ်

အင်္ဂလန်အသင်းရဲ့ လမ်းကြောင်းထဲမှာ ပါဝင်တဲ့ ရိုမေးနီးယားအသင်းဆိုရင် ဘယ်လ်ဂျီယံ၊ ယူကရိန်းအသင်းတို့ ပါဝင်တဲ့အုပ်စုမှာ ထိပ်ဆုံးနေရာ ရယူနိုင်ခဲ့တာဖြစ်ပြီး သြစတြီးယားအသင်းကလည်း ပြင်သစ်နဲ့ နယ်သာလန် အသင်းတို့ ပါဝင်တဲ့ အုပ်စုမှာ ထိပ်ဆုံးနေရာ ယူနိုင်ခဲ့တာပါ။ 

အဲဒါကြောင့် အင်္ဂလန်အသင်း အနေနဲ့ ရှုံးထွက်အဆင့်ပွဲတွေကို ပေါ့ပေါ့လျော့လျော့ ကစားရင် ပြိုင်ပွဲက လှည့်ပြန် ရနိုင်တာ ဖြစ်ပါတယ်။

ရှုံးရင်ထွက်ရမယ့် ရှုံးထွက်အဆင့်တွေကို ရောက်ရှိလာပြီ ဖြစ်တာကြောင့် အင်္ဂလန်အသင်းအနေနဲ့ အုပ်စုတွင်းက ရလဒ်တွေ၊ စွမ်းဆောင်ရည်တွေနဲ့ ပြောင်းပြန်လုပ်နိုင်မှ သူတို့မျှော်လင့်နေတဲ့ ယူရိုချန်ပီယံဆုအတွက် အနီးစပ်ဆုံး ဖြစ်တဲ့ ဗိုလ်လုပွဲ တက်နိုင်မှာပါ။

အဲဒါကြောင့် အင်္ဂလန်အသင်းဟာ အနီးစပ်ဆုံး ပွဲစဉ်ဖြစ်တဲ့ ဆလိုဗက်ကီးယားအသင်းနဲ့ ၁၆ သင်းအဆင့်ပွဲစဉ်မှာ ပရိသတ်တွေ ကျေနပ်နိုင်မယ့် ချန်ပီယံခြေစွမ်းမျိုး ပြသနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရှမ်းယူနိုက်တက်အသင်းကို တွေ့ရစဉ်

မြန်မာပြည်တွင်းဘုရင် သို့မဟုတ် ရှမ်းယူနိုက်တက် 

By CNI
CNI
Category: ဆောင်းပါး
Hits: 6117

CNI Sport Article

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁

ရှမ်းယူနိုက်တက်အသင်းဟာ မကြာသေးခင်က ကျင်းပခဲ့တဲ့ MNL League Cup ပြိုင်ပွဲမှာ ရန်ကုန်ယူနိုက်တက် အသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ရှမ်းယူနိုက်တက်(အရင် ကမ္ဘောဇ)အသင်းဟာ မြန်မာနေရှင်လိဂ်ပြိုင်ပွဲ စတင်ကျင်းပချိန်မှာ ရတနာပုံနဲ ရန်ကုန် ယူနိုက်တက်အသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံဆုကို ရယူနိုင်ဖို့ ခက်ခဲခဲ့ပေမယ့် အခုအချိန်မှာတော့ ပြည်တွင်း လိဂ်နဲ့ ဖလားပြိုင်ပွဲတွေကို ကြီးစိုးထားနိုင်တဲ့ အသင်းအဖြစ် ရှိနေတာပါ။

လက်ရှိအချိန်မှာ ရှမ်းယူနိုက်တက်အသင်းနဲ့ အပြိုင်ဖြစ်နေတဲ့ ရန်ကုန်ယူနိုက်တက်အသင်းဆိုရင် ရှမ်းယူနိုက်တက် အသင်းကို ကျော်ဖြတ်ပြီး ဆုဖလားရယူနိုင်ဖို့ အလွန်ခက်ခဲနေတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ အမှတ်ပေးလိဂ်တွေနဲ့ နောက်ဆုံးကစားခဲ့တဲ့ MNL League Cup ပြိုင်ပွဲမှာ ရန်ကုန်ယူနိုက်တက်အသင်း ဟာ ရှမ်းယူနိုက်တက်အသင်းကို အနိုင်ရပြီး ဆုဖလားရယူနိုင်ဖို့ မလွယ်ကူခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။ 

ရှမ်းယူနိုက်အသင်း ဆုဖလားရရှိစဉ်

ရှမ်းယူနိုက်တက်အသင်းဟာ ပြည်တွင်း အကောင်းဆုံး ကစားသမားတွေ၊ အရည်အသွးမြင့် လူငယ်တွေနဲ့ နိုင်ငံခြား ကစားသမားတွေကို ပေါင်းစပ်ပြီး အသင်းကို အကောင်းဆုံး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ အလွန်အားကောင်းတဲ့ အသင်းအဖြစ် ရပ်တည်နေတာပါ။ 

ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ်ဖလားကို စတင်ရယူနိုင်ခဲ့တဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ဆုဖလား တွေကို ဆက်တိုက်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး ကျင်းပပြီးတဲ့ မြန်မာနေရှင်နယ်လိဂ် ၆ ကြိမ်မှာဆိုရင် ရှမ်းယူနိုက်တက်အသင်းက ချန်ပီယံဆုကို ၅ ကြိမ်အထိ ရယူနိုင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းက ၁ ကြိမ်သာ ရယူနိုင်ခဲ့တာပါ။

ဒါကို ကြည့်ရရင် မြန်မာနေရှင်နယ်လိဂ်မှာ ရှမ်းယူနိုက်တက်အသင်းကို ကျော်ဖြတ်ပြီး ဆုဖလားရယူနိုင်ဖို့ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

ပြီးတော့ ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ နောက်ဆုံး ၂ ရာသီ ဆက်တိုက် ရှုံးပွဲမရှိ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

ရှမ်းယူနိုက်တက်အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်

ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ်ဖလား ရရှိထားတဲ့ ၅ ကြိမ်မှာ ၃ ကြိမ်ကို ရှုံးပွဲမရှိ ချန်ပီယံဆု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ MNL League Cup ပြိုင်ပွဲမှာ ရခိုင်ယူနိုက်တက်အသင်းကို အုပ်စုတွင်းမှာ အရေးနိမ့်ခဲ့ပေမယ့် သူတို့ဟာ ချန်ပီယံအသင်းပီသစွာ နောက်ဆုံးမှာ ဆုဖလားရယူနိုင်ခဲ့တာပါ။

အဲဒါကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ ပြည်တွင်းမှာ ဘုရင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

ရှမ်းယူနိုက်တက်အသင်းဟာ ပြည်တွင်းမှာ ရှုံးပွဲမရှိ ချန်ပီယံဆုနဲ့ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပေမယ့် ပြည်ပ ပြိုင်ပွဲတွေမှာတော့ ရလဒ်တွေက အလွန်ဆိုးရွားနေခဲ့တာပါ။

ရှမ်းယူနိုက်တက်အသင်းဟာ ပြည်တွင်းမှာ ချန်ပီယံဖြစ်တဲ့အတွက် နှစ်စဉ်နှစ်တိုင်းလိုလို AFC Cup ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ရပေမယ့် နိုင်ပွဲ ၁ ပွဲရယူနိုင်ဖို့ ခက်ခဲခဲ့ပြီး အုပ်စုအဆင့်တွေနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

 ရှမ်းယူနိုက်တက်အသင်း နည်းပြအဖွဲ့ကိုတွေ့ရစဉ်

ရှမ်းယူနိုက်တက်အသင်းဟာ ဒီလိုရလဒ်တွေကြောင့်လည်း ဝေဖန်မှုတွေကို အမြဲတမ်းခံခဲ့ရတာပါ။ အဲဒါကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ပြည်ပပြိုင်ပွဲ ၂ ပွဲအထိ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အသင်းလူစာရင်းကို အကောင်းဆုံး အားဖြည့်မှုတွေကို ပြုလုပ်ထားတာပါ။ 

ရှမ်းယူနိုက်တက်အသင်းဟာ ပြည်တွင်းမှာ စံချိန်တင် အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် ဒီရာသီ ကျင်းပမယ့် AFC ပြိုင်ပွဲတွေမှာ အနိမ့်ဆုံးအုပ်စုအဆင့် ကျော်ဖြတ်နိုင်အောင် စွမ်းဆောင်နိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ရာသီသစ်မှာ ရှမ်းယူနိုက်တက်အသင်းအတွက် စိန်ခေါ်မှုတွေကတော့ မြန်မာနေရှင်နယ်လိဂ်ဖလားကို ဆက်ထိန်း နိုင်ဖို့နဲ့ AFC Cup ပြိုင်ပွဲတွေမှာ အောင်မြင်မှု ရယူနိုင်ဖို့ပါ။ 

ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ဒီစိန်ခေါ်မှုတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့် ရတော့မှာပဲ ဖြစ်ပါတယ်။

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ်

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဘယ်စံချိန်တွေကို ရော်နယ်ဒို ချိုးဖျက်နိုင်မလဲ 

By CNI
CNI
Category: ဆောင်းပါး
Hits: 1727

CNI Sport Article 

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄

ပေါ်တူဂီအသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ရော်နယ်ဒို အတွက်တော့ ဒီပြိုင်ပွဲဟာ သူ့ရဲ့ ကစားသမားဘဝမှာ နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။ 

အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းကို ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် အကူအညီ ပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီအသင်း ၁၀ ပွဲစလုံး နိုင်ပွဲရယူနိုင်ခဲ့တာမှာ အဓိကအခန်း ကဏ္ဍကနေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲမှာ စံချိန်တွေအများကြီး တင်ထားနိုင်ခဲ့ပြီး ချိုးဖျက်ရမယ့် စံချိန်တွေကလည်း ရှိနေတာ ပါ။

ရော်နယ်ဒိုဟာ အသက် ၁၉ နှစ်အရွယ်မှာကတည်းက ယူရို ၂၀၀၄ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် စတင်ပါဝင် နိုင်ခဲ့တာဖြစ်ပြီး ယူရိုပြိုင်ပွဲမှာ ၅ ကြိမ်အထိ ပါဝင်ကစားပေးခဲ့ပြီး ဖြစ်ပါတယ်။ 

 ရော်နယ်ဒိုကိုတွေ့ရစဉ်

အယ်လ်နာဆာအသင်း ခေါင်းဆောင်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာလည်း ပေါ်တူဂီအသင်းအတွက် ပါဝင်မှာဖြစ်လို့ ယူရိုပြိုင်ပွဲကို ၆ ကြိမ်ကစားတဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်တော့မှာပါ။ 

ရော်နယ်ဒိုဟာ ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပြိုင်ပွဲတိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲ မတိုင်ခင်ထိ သူ့ရဲ့ ယူရို သွင်းဂိုးဟာ ၁၄ ဂိုးအထိရှိတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲသမိုင်းမှာ ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားအဖြစ် ရပ်တည်နေပြီး သူ့ရဲ့အနောက်မှာရှိတဲ့ ပြင်သစ်ဂန္ထဝင် ပလာတီနီကို ၅ ဂိုးအသာရထားတာပါ။ 

ပြီးတော့ ရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲသမိုင်းမှာ ပွဲအရေအတွက် အများဆုံး ကစားသမားအဖြစ် ၂၅ ပွဲနဲ့ ထိပ်ဆုံး နေရာက ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ယူရိုပြိုင်ပွဲမှာ ရော်နယ်ဒို နောက်ထပ် တင်ရှိထားတဲ့ စံချိန်တစ်ခုကတော့ ဂိုးကန်သွင်းမှု အများဆုံး ပြုလုပ်ထား တာပါ။ ရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲမှာ ဂိုးကန်သွင်းမှု ၁၃၇ ကြိမ် ပြုလုပ်ထားတာဖြစ်ပြီး သူ့ရဲ့အနောက်မှာရှိတဲ့ အွန်နရီက ၅၂ ကြိမ် ပြုလုပ်ထားလို့ အများကြီး ကွာဟနေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီစံချိန်တွေအပြင် စံချိန်အများကြီးကို တင်ထားသလို ယူရိုပြိုင်ပွဲမှာ နောက်ထပ် စံချိန်ချိုးဖျက်ပြီး စံချိန်သစ်တင်ဖို့တွေလည်း ကျန်ရှိနေသေးတာပါ။ 

ယူရိုပြိုင်ပွဲမှာ ဂိုးအခွင့်အရေး အများဆုံး ဖန်တီးမှုစံချိန်ကို တင်ထားတာက ပေါ်တူဂီအသင်းဂန္ထဝင် ဖီဂို ဖြစ်ပါ တယ်။ 

ဖီဂိုဟာ ဂိုးအခွင့်အရေး ဖန်တီးမှု ၄၂ ကြိမ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ရော်နယ်ဒိုက ၄၁ ကြိမ်နဲ့ ဒုတိယ နေရာမှာ ရပ်တည်နေတာပါ။ 

 ရော်နယ်ဒိုကိုတွေ့ရစဉ်

အဲဒါကြောင့် ရော်နယ်ဒို အနေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဂိုးအခွင့်အရေး ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ရင် နိုင်ငံအသင်းဖော်ဟောင်း ဖီဂိုရဲ့စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်မှာဖြစ်ပါတယ်။

ရော်နယ်ဒိုအတွက် ယူရိုပြိုင်ပွဲမှာ နောက်ထပ် ချိုးဖျက်ရမယ့် အရာကတော့ ဂိုးဖန်တီးမှု အများဆုံးစံချိန်ပါ။ 

ရော်နယ်ဒိုဟာ ချက်ကစားသမားဟောင်း ပိုဘောစကီးနဲ့အတူ ယူရိုပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၆ ကြိမ်စီ ပြုလုပ်ထားပြီး ထိပ်ဆုံးနေရာမှာ ပူးတွဲရပ်တည်နေတာပါ။ 

ရော်နယ်ဒို အနေနဲ့ ထိပ်ဆုံးနေရာမှာ လွတ်လွတ်ကျွတ်ကျွတ် ရပ်တည်ချင်ရင် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု လုပ်ဖို့ လိုနေပြီး ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားတဲ့ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းရဲ့ ကျော်ဖြတ်ခြင်း မခံရဖို့လည်း လိုနေတာ ဖြစ်ပါတယ်။ 

ရော်နယ်ဒို အနေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အသက် ၄၁ နှစ်အရွယ်ရှိ အသင်းဖော် ပီပီသာ ဂိုးမသွင်းယူနိုင်ရင် ဒီပြိုင်ပွဲ သမိုင်းမှာ အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် စံချိန်တင်နိုင်မယ့် အခွင့်အရေးလည်း ရှိနေတာပါ။ 

ယူရိုပြိင်ပွဲမှာ အသက်အကြီးဆုံး ဂိုးသွင်းထားတဲ့ သူကတော့ သြစတြီးယားအသင်းက ဗာစတစ်ဖြစ်ပြီး ၂၀၀၈ ခုနှစ်က ပိုလန်အသင်းနဲ့ ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ဒီဂိုးသွင်းယူတဲ့အချိန်မှာ သူ့ရဲ့အသက်ဟာ ၃၈ နှစ် ၂၅၇ ရက်ဖြစ်ပါတယ်။

ဒါအပြင် ရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲဗိုလ်လုပွဲမှာ အသက်အကြီးဆုံး ဂိုးသွင်းနိုင်တဲ့သူအဖြစ် စံချိန်တင်ဖို့လည်း မျှော်လင့်လို့ ရသေးတာပါ။

 ရော်နယ်ဒိုကိုတွေ့ရစဉ်

ယူရိုပြိုင်ပွဲဗိုလ်လုပွဲမှာ အသက်အကြီးဆုံး ဂိုးသွင်းထားသူကတော့ ပြီးခဲ့တဲ့ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်း ဘက်ကို ဂိုးသွင်းခဲ့တဲ့ အီတလီနောက်ခံလူဟောင်း ဘိုနူချီဖြစ်ပြီး ဒီအချိန်က သူ့ရဲ့အသက်ဟာ ၃၄ နှစ်ဖြစ်ပါတယ်။ 

ရော်နယ်ဒို အနေနဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲမှာလို ဒီတစ်ကြိမ်ပြိုင်ပွဲမှာလည်း ပေါ်တူဂီအသင်းကို ချန်ပီယံဆုရရှိအောင် ထပ်ပြီး ဦးဆောင်နိုင်ခဲ့ရင် ၂၀၀၈ နဲ့ ၂၀၁၂ ပြိုင်ပွဲတွေမှာ စပိန်အသင်းကို ချန်ပီယံဆုရရှိအောင် ဦးဆောင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ကာဆီးလက်စ်နောက်ပိုင်း ယူရိုချန်ပီယံဆု ၂ ကြိမ်ရရှိအောင် ဦးဆောင်နိုင်မယ့် ဒုတိယ မြောက် အသင်းခေါင်းဆောင် ဖြစ်လာမှာပါ။

ရော်နယ်ဒိုဟာ ပေါ်တူဂီ ကစားသမားဘဝမှာ နိုင်ငံပေါင်း ၄၇ နိုင်ငံကို ဂိုးသွင်းယူထားပြီး ယူရို ၂၀၂၄ အုပ်စုတွင်းမှာ တွေ့ဆုံရမယ့် တူရကီနဲ့ ဂျော်ဂျီယာအသင်းတို့ကို ဂိုးမသွင်းရသေးပါဘူး။ 

အဲဒါကြောင့် ရော်နယ်ဒိုဟာ ဒီ ၂ သင်းကို ဂိုးသွင်းနိုင်ခဲ့ရင် စံချိန်ထပ်ပြီး တင်ဦးမှာဖြစ်သလို ပေါ်တူဂီအသင်းသာ ရှုံးထွက်အဆင့်ကို ရောက်ရင် ရော်နယ်ဒိုဟာ နိုင်ငံပေါင်း ၅၀ ကိုဂိုးသွင်းနိုင်တဲ့ မှတ်တမ်းတစ်ခုကို ရယူနိုင်ဖို့ ရှိနေပါတယ်။

ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲ မဟုတ်ရင်တောင် နောက်ဆုံး ယူရိုပြိုင်ပွဲဖြစ်မယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စံချိန်သစ်တွေတင်ပြီး ပေါ်တူဂီအသင်းနဲ့ ဆုဖလားကိုင်မြှောက် နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ 

Source: BBC

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အင်္ဂလန်အသင်းကို တွေ့ရစဉ်

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်ဗိုလ်စွဲနိုင်လား

By CNI
CNI
Category: ဆောင်းပါး
Hits: 1756

CNI Sport Article

၂၀၂၄ ခုနှစ်၊ ဇွန်လ ၇

ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန်မှာ ဒီပြိုင်ပွဲမှာ ဘယ်အသင်း ချန်ပီယံဖြစ်နိုင်မလဲဆိုတဲ့ ခန့်မှန်းမှုတွေကလည်း ထွက်ပေါ်နေခဲ့ပြီဖြစ်ပါတယ်။ 

အချက်အလက်တွေကို ပြုစုတဲ့ Opat စူပါကွန်ပျူတာရဲ့ တွက်ချက်မှုမှာတော့ အင်္ဂလန်အသင်းက ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတာကို တွေ့ခဲ့ရတာပါ။ အင်္ဂလန်အသင်းဟာ ဘယ်ပြိုင်ပွဲမဆို မကျင်းပခင်မှာ ဗိုလ်စွဲဖို့ ရေပန်းစားတာက ထုံးစံလို ဖြစ်နေပါတယ်။

ဒါပေမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာတော့ အင်္ဂလန်အသင်းဟာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ဦးဆောင်နေ တာပါ။ ဒါကလည်း အင်္ဂလန်အသင်းရဲ့ ကစားသမား အစုအဖွဲ့နဲ့ ရလဒ်ကောင်းမွန်မှုတွေကြောင့်လည်း ဖြစ်နိုင် ပါတယ်။ 

အင်္ဂလန်အသင်းရဲ့ ရလဒ်တွေကို ကြည့်ရရင် ဘရာဇီးလ်အသင်းကို ခြေစမ်းပွဲမှာ အရေးနိမ့်တာကလွဲပြီး ရလဒ်တွေ ကောင်းမွန်ခဲ့တာပါ။ 

ယူရိုပြိုင်ပွဲဖလားကိုတွေ့ရစဉ်

သူတို့ရဲ့ လူစာရင်းမှာဆိုရင် ဂိုးသွင်းကောင်းတဲ့ အသင်းခေါင်းဆောင် ဟာရီကိန်း၊ အာဆင်နယ် အသင်းက ဆာကာနဲ့ ဒီကလန်ရိုက်စ်၊ မန်စီးတီးအသင်းက ဖိုဒန်၊ ရီးရယ်လ်အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင် ခဲ့တဲ့ ဘယ်လင်ဂမ်နဲ့ ချယ်လ်ဆီး ကြယ်ပွင့် ကိုးလ်ပါလ်မာတို့ ပါဝင်နေတာ ဖြစ်ပါတယ်။

ပြီးတော့ ကိုဘီမိုင်နူး၊ အီဇီ၊ ဝါတန်၊ ဂေါ်ဒွန်တို့လို လူငယ် ကစားသမားတွေအပြင် အာနိုးလ်၊ ဝေါလ်ကာ၊ ထရစ်ပီယာ၊ ဝက်ကင်စ်တို့လို ကစားသမားတွေလည်း ရှိနေတာပါ။ 

အင်္ဂလန်အသင်းဟာ နေရာစုံမှာ တောင့်တင်းတဲ့ လူစာရင်းရှိနေပေမယ့် နောက်ခံလူ မက်ဂွဲယား ဒဏ်ရာကြောင့် မပါဝင်နိုင်တော့တဲ့အတွက် ဗဟိုခံစစ်ပိုင်းက အားနည်းနိုင်တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ပွဲထွက်လူစာရင်းမှာ ပါဝင်မယ့် ကစားသမားတွေက ဒီနေရာကို ဖြည့်ပြီးကစားနိုင်ရင် အင်္ဂလန် အသင်းဟာ ချန်ပီယံဆု ရယူနိုင်မယ့် အနေအထားမှာ ရှိနေတာပါ။ 

ဒီလိုတွေကြောင့်လည်း အင်္ဂလန်အသင်းကို ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် Opta က သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဟာရီကိန်းကိုတွေ့ရစဉ်

အင်္ဂလန်အသင်းဟာ နည်းပြ ဆောက်ဂိတ် လက်ထက် ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ရလဒ် ကောင်းတွေ ရယူနိုင်ခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ 

ယူရို ၂၀၂၀ ပြိုင်ပွဲမှာတော့ အင်္ဂလန်အသင်းဟာ ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပြီး ချန်ပီယံဖြစ်ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပေမယ့် အီတလီအသင်းကို ပင်နယ်တီနဲ့ အရေးနိမ့်ကာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။ အဲဒါကြောင့် အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုမှာ အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ၂၀ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားတာပါ။ 

ယူရိုပြိုင်ပွဲ၀င် အသင်းတွေကိုတွေ့ရစဉ်

အင်္ဂလန်အသင်းရဲ့ အနောက်မှာတော့ ပြင်သစ်အသင်းက ၁၉ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ အိမ်ရှင်ဂျာမနီအသင်းက ၁၂ ရာခိုင်နှုန်းနဲ့ တတိယ၊ စပိန်အသင်းက ၁၀ ရာခိုင်နှုန်းနဲ့ စတုတ္ထ၊ ပေါ်တူဂီအသင်းက ၉ ရာခိုင်နှုန်းနဲ့ပဉ္စမနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

နယ်သာလန်၊ လက်ရှိချန်ပီယံ အီတလီနဲ့ ဘယ်လ်ဂျီယံအသင်းတို့ဟာ ဒီအသင်းတွေရဲ့ အနောက်မှာ ချန်ပီယံ ဖြစ်နိုင်မယ့် အသင်းတွေအဖြစ် ရပ်တည်နေတာပါ။

ဒီရာခိုင်နှုန်းတွေက စူပါကွန်ပျူတာရဲ့ တွက်ချက်မှုတွေ ဖြစ်တာကြောင့် လက်တွေ့မှာတော့ ကွာခြားမှုတွေ ရှိနိုင်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ ချန်ပီယံဆုကို ရရှိချင်တယ်ဆိုရင် ပွဲစဉ်တိုင်းကို အကောင်းဆုံးလုပ်ပြနိုင်ဖို့ လိုအပ်တာပါ။

အင်္ဂလန်အသင်းဟာ အုပ်စုတွင်းမှာ ဆားဘီးယား၊ ဒိန်းမတ်၊ ဆလိုဗေးနီးယားအသင်းတို့နဲ့ ကျရောက်နေတာ ကြောင့် နောက်တစ်ဆင့်တက်နိုင်ဖို့ အခြေအနေ ကောင်းတဲ့အတွက် ရှုံးထွက်အဆင့်တွေမှာ ချန်ပီယံခြေစွမ်းတွေ ကို ပြသရတော့မှာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁ ကြိမ်မှ မရယူနိုင်သေးတာကို ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အဆုံးသတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ယူရို ၂၀၂၄ ပြိုင်ပွဲကို ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ တစ်လကြာ ကျင်းပသွားမှာဖြစ်ပြီး  ခန့်မှန်းမှုတွေ အတိုင်းပဲ အင်္ဂလန်အသင်းက ချန်ပီယံဖြစ်သွားမလား၊ ဘယ်အသင်းက ချန်ပီယံဆုကို ကိုင်မြှောက်နိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေတာ ဖြစ်ပါတယ်။

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10

Page 3 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar