CNI Sport Article

 ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁

စပိန်အသင်းနဲ့ ဘာစီလိုနာအသင်းဂန္ထဝင် အင်နီယေစတာဟာ အသက် ၄၀ နှစ်အရွယ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ 

ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အဓိက ဆုဖလား အများအပြားကို ရယူနိုင်ခဲ့တဲ့ အင်နီယေစတာဟာ ဘောလွန်းဒီအောဆုရရှိဖို့ ထိုက်တန်တဲ့သူတွေထဲက တစ်ဦးဖြစ်ခဲ့တာပါ။ 

ဒါပေမယ့် အင်နီယေစတာဟာ ဒီဆုကို ရခဲ့ခြင်းမရှိဘဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ 

လာမာစီယာအကယ်ဒမီထွက် အင်နီယေစတာဟာ သူ့ရဲ့ကစားသမားဘဝမှာ ဒီဆုကို ရယူနိုင်ခဲ့ခြင်းမရှိလို့ နောင်တမရဘူးလို့ ပြောခဲ့ပါတယ်။ 

အင်နီယေစတာဟာ ၂၀၁၀ နဲ့ ၂၀၁၂ ဘောလွန်းဒီအော ဆုပေးပွဲတွေမှာ ဒုတိယနဲ့ တတိယ ရရှိခဲ့တာတွေက သူ့အတွက် အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။ 

အင်နီယေစတာကတော့ ဘောလွန်းဒီအော စင်မြင့်ထက်မှာ လာမာစီယာအကယ်ဒမီထွက် ကစားသမား ၃ ဦး စလုံးရှိတာက သူ့အတွက် အနိုင်ရတာထက် ပိုပြီးကြီးမားတယ်လို့ ပြောခဲ့တာပါ။ 

အင်နီယေစတာက "စင်မြင့်ပေါ်မှာ မက်ဆီ၊ ဇာဗီနဲ့ ကျနော်တို့ အတူရှိနေတဲ့ပုံက ကျနော့်အတွက်တော့ ဆုရတာ ထက် ပိုပြီးကြီးမားပါတယ်။ လာမာစီယာက ၃ ဦး စင်မြင့်ပေါ်မှာ ရှိနေတာက အကြီးမားဆုံးဆုပါပဲ။ ဆုရတဲ့ အရာထက်တောင် ပိုပါတယ်"လို့ ပြောခဲ့တာပါ။ 

ဘောလွန်းဒီအောဆုပေးပွဲမှာ ဇာဗီ၊ မက်ဆီနဲ့အတူ အင်နီယေစတာကိုတွေ့ရစဉ်

အင်နီယေစတာဟာ စပိန်အသင်းက နယ်သာလန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ဗိုလ်လု ပွဲရဲ့အချိန်ပို ၁၁၆ မိနစ်မှာ စပိန်အသင်း ချန်ပီယံဖြစ်စေမယ့် သွင်းဂိုးကို သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

အဲဒါကြောင့် ၂၀၁၀ ဘောလွန်းဒီအောဆုကို အင်နီယေစတာ ရရှိသင့်တယ်လို့ ပြောခဲ့ကြပေမယ့် ဒီဆုကို မက်ဆီက မဲအသာနဲ့ ရရှိခဲ့တာပါ။ 

အင်နီယေစတာက သူဟာ ဒီဆုကို ရရှိချင်ပေမယ့် မရခဲ့တဲ့အပေါ် စိတ်မကောင်း မဖြစ်မိသလို ကစားသမားဘဝမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် အလွန်ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။ 

အင်နီယေစတာဟာ သူ့ရဲ့ဘောလုံးအပေါ် ကျွမ်းကျင်မှုတွေကြောင့် ချီးကျူးမှုတွေ အများကြီး ရခဲ့တဲ့သူဖြစ်ပြီး စပိန်နဲ့ ဘာစီလိုနာအသင်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာမှာ သူဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့သူပါ။ 

အင်နီယေစတာဟာ ၂၀၀၂ ခုနှစ်မှာ ဘာစီလိုနာအသင်းကြီးအတွက် စတင်ပွဲဦးထွက်ခွင့်ရခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်အထိ ကစားခဲ့တာပါ။ 

အင်နီယေစတာဟာ တစ်ရာသီအတွင်း ဆုလား ၃ လုံး နှစ်ကြိမ် ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ပါတယ်။ အင်နီယေစတာဟာ ဘာစီလိုနာအသင်းနဲ့ လာလီဂါဖလား ၉ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၃၅ ခုအထိ ရယူနိုင်ခဲ့တာပါ။

ဘာစီလိုနာအသင်းနဲ့နောက်ဆုံးပွဲ ကစားအပြီး အင်နီယေစတာတစ်ယောက်တည်း ကွင်းထဲကျန်ခဲ့စဉ်

အင်နီယေစတာဟာ ဘာစီလိုနာအသင်းအတွက် နောက်ဆုံးပွဲကစားပြီးအချိန် နူးကမ့်ပ်ကွင်းကြီးထဲမှာ တစ်ဦးတည်း ထိုင်နေခဲ့တဲ့ ပုံရိပ်ဟာ ဝမ်းနည်းစရာကောင်းခဲ့တာ ဖြစ်ပါတယ်။ 

အင်နီယေစတာဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီးနောက် ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘီအသင်းနဲ့ စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၃ ခုနှစ်အထိ ကစားခဲ့တာပါ။ အင်နီယေစတာဟာ ဗစ်ဆဲလ်ကိုဘီအသင်းနဲ့ ဂျေလိဂ်ဖလား အပါအဝင် ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

အင်နီယေစတာဟာ ဂျပန်ကလပ်ကနေ ထွက်ခွာအပြီးမှာ ယူအေအီးကလပ် အီးမရိတ်စ်အသင်းမှာ တစ်ရာသီကြာ သာကစားကာ ထွက်ခွာခဲ့တာပါ။ 

ဘာစီလိုနာကွင်းလယ် ကစားသမားဟောင်းဟာ စပိန်လက်ရွေးစင်အသင်းအတွက် ၂၀၀၆ ခုနှစ်မှာ စတင်ပွဲ ထွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်အထိ ပွဲပေါင်း ၁၃၁ ပွဲ ပါဝင်ကစားခဲ့ပါတယ်။ 

အင်နီယေစတာဟာ စပိန်အသင်းနဲ့ ၂၀၁၀ ကမ္ဘာ့ဖလား၊၂၀၀၈ နဲ့ ၂၀၁၂ ယူရိုချန်ပီယံဆုတို့ကို ကိုင်မြှောက်နိုင်ခဲ့ တာပါ။ အဲဒါကြောင့် အင်နီယေစတာဟာ သူ့ရဲ့ကစားသမားဘဝမှာ ဘောလွန်းဒီအောကလွဲပြီး အရာအားလုံးကို အောင်မြင်မှုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အင်နီယေစတာ ဂျပန်ကလပ်မှာ ကစားနေစဉ်

အင်နီယေစတာဟာ သူ့ရဲ့ကစားသမားဘဝမှာ အလွန်ကောင်းမွန်တဲ့ မှတ်တမ်းကောင်းတစ်ခုရှိခဲ့ပြီး ဒါကတော့ ကစားခဲ့တဲ့ပွဲပေါင်း ၁,၀၀၀ ကျော်မှာ အနီကတ်တစ်ကြိမ်မှ ပြသခံရခြင်း မရှိဘူးဆိုတဲ့ အချက်ပါပဲ။ 

ဒီလိုမျိုးလုပ်နိုင်တဲ့ ကစားသမားဟာ အရေအတွက် အနည်းငယ်သာရှိပေမယ့် ဒီအထဲမှာ အင်နီယေစတာဟာ တစ်ဦးအနေနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

အင်နီယေစတာဟာ ကစားသမားဘဝကနေ အနားယူခဲ့ပြီးဖြစ်တာကြောင့် နည်းပြ လောကထဲကို ဝင်ရောက်ဖို့ ခြေလှမ်းတွေ ပြင်ဆင်နေပြီဖြစ်တာပါ။ 

အင်နီယေစတာဟာ သူ့ရဲ့နည်းပြဘဝအစကို ဘာစီလိုနာ လူငယ်အသင်းတွေမှာ စတင်ဖို့ရှိနေပြီး ကစားသမား ဘဝမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို နည်းပြဘဝမှာရော အောင်မြင်မှုတွေ ရယူနိုင်မလားဆိုတာ စောင့်ကြည့် ရမှာဖြစ်ပါတယ်။