- By CNI
 - Category: အားကစား
 - Hits: 2159
 
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁
ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့တဲ့ တိုက်စစ်မှူး မာရှယ်ကို ခေါ်ယူဖို့ ကလပ်အသင်း ၃ သင်းက စိတ်ဝင် စားနေတယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။
ပြင်သစ်တိုက်စစ်မှူး မာရှယ်ဟာ ယူနိုက်တက်အသင်းက သူ့ကို စာချုပ်သက်တမ်း မတိုးတော့တာကြောင့် စာချုပ် ကုန်ဆုံးမယ့် ဇွန်လအကုန်မှာ အသင်းက ထွက်ခွာတော့မှာပါ။
Sky Sports က ပြင်သစ်ကလပ်တွေဖြစ်တဲ့ လိုင်ယွန်၊ မာဆေးလ်နဲ့ တူရကီကလပ် ဘက်ဆီးတက်အသင်းတို့က မာရှယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။
မာရှယ်ဟာ ပြီးခဲ့တဲ့အပတ်ကမှ ၉ နှစ်ကြာကစားခဲ့တဲ့ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီလို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ အတည်ပြုခဲ့တာပါ။
မာရှယ်ဟာ ပြီးခဲ့တဲ့ ရာသီတွေအတွင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် သူ့ကို ခေါ်ယူဖို့ ကလပ်အသင်း အချို့က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

မာရှယ်ကိုတွေ့ရစဉ်
မက္ကဆီကို၊ မေဂျာလိဂ်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေဟာ မာရှယ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပေမယ့် ကစားသမားကတော့ ဥရောပမှာပဲ ဆက်ရှိချင်နေတာပါ။
အသက် ၂၈ နှစ်အရွယ်ရှိ မာရှယ်ဟာ ယူနိုက်တက်အသင်းအတွက် ၃၁၇ ပွဲကစားပြီး ဂိုး ၉၀ သွင်းယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၃ ရာသီစလုံး ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၁၉ ပွဲသာ ကစားနိုင်ခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့တာ ပါ။
မာရှယ်ဟာ ဒီရာသီ ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း နောက်ဆုံးပွဲစဉ်မှာ အသင်းပရိသတ်တွေကို နှုတ်ဆက် သွားခဲ့ပြီး မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။
မာရှယ်ဟာ မကြာခင်မှာ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ကာ ရာသီသစ်အတွက် လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Source: Goal
				- By CNI
 - Category: ဆောင်းပါး
 - Hits: 2005
 
CNI Sport Article
၂၀၂၄ ခုနှစ်၊ မေလ ၃၁
ပြီးခဲ့တဲ့ရက်ပိုင်းက အားလုံးကို အံ့အားသင့်စရာ ဖြစ်ခဲ့တာကတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တယ်ဆိုတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းလို ဥရောပထိပ်သီးအသင်းက ဘန်လေအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ရှိအောင် မကိုင်တွယ်နိုင်ခဲ့တဲ့ ကွန်ပနီကို နည်းပြအဖြစ် ခန့်အပ်မယ်လို့ ဘယ်သူကမှ ထင်မှတ်မထားပေမယ့် ဒါက တကယ့် လက်တွေ့မှာ ဖြစ်လာခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီကို နည်းပြအဖြစ် ခန့်အပ်ဖို့က သူတို့အတွက် ဦးစားပေး မဟုတ်ခဲ့ပေမယ့် လိုချင်တဲ့ နည်းပြတွေ မရတဲ့အဆုံး နောက်ဆုံးမှာ ခန့်အပ်ခဲ့တာလို့ ပြောရမှာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆို၊ ဂျာမနီအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြဟောင်း နာဂျယ်လ်စမန်း၊ သြစတြီးယားအသင်းနည်းပြ ရက်ဂ်နစ်တို့ကို ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေခဲ့ သလို ထွက်ခွာမယ့် နည်းပြ တူချယ်လ်ကို အသင်းမှာ ဆက်ရှိစေဖို့ ကြိုးစားခဲ့တာမှာလည်း သဘောတူညီမှု မရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း နည်းပြကောင်း ဖြစ်လာဖို့ အလားအလာရှိတဲ့ ကွန်ပနီကို နည်းပြသစ်အဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တာပါ။
ကွန်ပနီရဲ့ နည်းပြ အတွေ့အကြုံကို ကြည့်မယ်ဆိုရင်လည်း သူဟာ ၂၀၁၉ ခုနှစ်ကမှ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းမှာ ကစားသမား/နည်းပြအဖြစ် တာဝန်ယူရင်းကနေ ၂၀၂၀ ခုနှစ်မှာ နည်းပြအဖြစ် စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

ကွန်ပနီကို တွေ့ရစဉ်
အန်ဒါလက်ချ်အသင်းကို ၂ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ ကွန်ပနီဟာ ကြီးကြီးမားမား အောင်မြင်မှုအဖြစ် ဘယ်လ်ဂျီယံ ဖလားပြိုင်ပွဲမှာ ဒုတိယသာရရှိခဲ့တာပါ။
ကွန်ပနီဟာ အန်ဒါလက်ချ်အသင်းကို ကိုင်တွယ်အပြီးမှာ ဘန်လေအသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး သူဟာ ဘန်လေအသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံအဖြစ်နဲ့ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်အောင် စွမ်းဆောင်နိုင် ခဲ့ပါတယ်။
ကွန်ပနီဟာ ဘန်လေအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ပြီးရှိအောင် မကိုင်တွယ်နိုင်ခဲ့ပေမယ့် သူဟာ ရှိတဲ့လူစာရင်းနဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။
နည်းပြအတွေ့အကြုံ နုသေးတဲ့ ကွန်ပနီအတွက်တော့ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ရတာဟာ အရင် ကိုင်တွယ်ခဲ့တဲ့ အန်ဒါလက်ချ်၊ ဘန်လေအသင်းတို့နဲ့ တူညီမှာ မဟုတ်ပါဘူး။
ဘိုင်ယန်မြူးနစ်အသင်းဟာ ထိပ်သီးအသင်း ဖြစ်တဲ့အတွက် ကွန်ပနီဟာ ဖိအားတွေ၊ စိန်ခေါ်မှုတွေ အများကြီးကို ရင်ဆိုင်ရတော့မှာပါ။
ကွန်ပနီကိုယ်တိုင်ကလည်း ဒီစိန်ခေါ်မှုတွေကို သူစောင့်မျှော်နေတယ်လို့ ပြောထားတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရတဲ့အတွက် လာမယ့်ရာသီမှာ ဆုဖလားပြန်လည်ရအောင် ယူပေးဖို့က ကွန်ပနီအပေါ်မှာ တာဝန်ရှိ သွားပြီဖြစ်ပါတယ်။
ကွန်ပနီဟာ လေဗာကူဆင်အသင်းဆီကနေ ဘွန်ဒက်လီဂါဖလားကို ပြန်လည်ရအောင် ယူဖို့ ဦးစားပေး လုပ်ဆောင်ရမှာပါ။

ကွန်ပနီကို တွေ့ရစဉ်
ပြီးရင် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်း ပြန်လည်ကြီးစိုးအောင် လုပ်ဖို့အတွက် ကွန်ပနီ အနေနဲ့ တစ်ဆင့်ချင်းစီ ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်။
လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းမှာဆိုရင် ကွန်ပနီထက် ရက်ပိုင်းပိုကြီးနေတဲ့ ဂိုးသမား နူအာ၊ အသက်သိပ်မကွာတဲ့ မူလာတို့လို ကစားသမားတွေရှိတာကြောင့် ဘယ်လ်ဂျီယံ လူမျိုးနည်းပြဟာ သူတို့နဲ့ တိုင်ပင်ပြီး အသင်းကို အကောင်းဆုံး ကိုင်တွယ်သွားဖို့လည်း လိုအပ်နေတာပါ။
ဂျာမနီ ဝါရင့်ကစားသမားတွေဖြစ်တဲ့ သူတို့နဲ့ အဆင်မပြေရင်လည်း ကွန်ပနီအတွက် အခက်တွေ့နိုင်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဘက်ကို ပြန်ကြည့်ရင်လည်း ဇာဘီအလွန်ဆိုလို လူငယ်နည်းပြ တစ်ဦးက လေဗာကူဆင် အသင်းကို ရှုံးပွဲမရှိ စံချိန်တင် အောင်ပွဲတွေ ရယူခဲ့ချိန်မှာ သူတို့လည်း လူငယ်နည်းပြတစ်ဦးနဲ့ ပြန်လုပ်ပြဖို့ ရည်ရွယ်ထားပုံရတာ ဖြစ်ပါတယ်။
အောင်မြင်မှုမရရင်တော့ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဝေဖန်မှုတွေ အများကြီးကို ခံရမှာပါ။ ဘိုင်ယန်မြူးနစ်နဲ့ ကွန်ပနီတို့ဟာ သူတို့ကို မယုံကြည်တဲ့သူတွေကို အကောင်းဆုံး တုန့်ပြန်နိုင်ဖို့က လာမယ့်ရာသီမှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ ဖြစ်ပါတယ်။
အဲဒါကြောင့် ကွန်ပနီအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ဘယ်လိုနည်းဗျူဟာတွေနဲ့ ကိုင်တွယ်ပြီး ဆုဖလားတွေ ရယူပေးနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
				- By CNI
 - Category: ဆောင်းပါး
 - Hits: 2874
 
CNI Sport Article
၂၀၂၄ ခုနှစ်၊ မေလ ၂၄
နာမည်ကျော် ဘောလုံးသမား တစ်ဦးပြီးတစ်ဦး ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို စွန့်ခွာလာရင်း နောက်ထပ် အလှည့်ကျလာတဲ့သူကတော့ ရီးရယ်လ်အသင်း ကွင်းလယ်လူ တိုနီကရူးစ် ဖြစ်ပါတယ်။
ရီးရယ်လ်နဲ့ ဂျာမနီကွင်းလယ်လူ တိုနီကရူးစ်ဟာ နွေရာသီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဘဝကနေ အနားယူတော့မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက တရားဝင် ကြေညာခဲ့ပါတယ်။
တိုနီကရူးစ်ဟာ အခုမှ အသက် ၃၄ နှစ်အရွယ်သာ ရှိသေးတာကြောင့် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဆက်သွားလို့ရသေးပေမယ့် အနားယူဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။
ဂျာမန်စနိုက်ပါလို့ အမည်ပြောင်ရထားတဲ့ တိုနီကရူးစ်ဟာ ဘောလုံးကစားတာမှာ သွေးအေးပြီး ဘောလုံး အမြင်၊ ပေးပို့မှု၊ တီထွင်ဖန်တီးမှု၊ ဖြတ်တင်ပေးမှုတွေနဲ့ တည်ကန်ဘောကန်ရာမှာ ကျွမ်းကျင်မှုရှိတဲ့သူ ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း တိုနီကရူးစ်ရဲ့ ဆုံးဖြတ်ချက်ကို အသင်းဖော်တွေနဲ့ ပရိသတ်တွေက စောလွန်းသေးတယ်ဆိုပြီး နှမြောနေကြတာပါ။

တိုနီကရူးစ်ကို တွေ့ရစဉ်
ဂျာမနီကွင်းလယ်လူ တိုနီကရူးစ်က ဒါဟာ သူ့အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် သေချာတွေးပြီးမှ ဆုံးဖြတ်ချက်ချခဲ့တာလို့ ပြောခဲ့ပါတယ်။
တိုနီကရူးစ်နဲ့ ရီးရယ်လ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး စပိန်ကလပ်က သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတာပါ။
ဒါပေမယ့် တိုနီကရူးစ်က သူ့ရဲ့စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်နေတဲ့အချိန်မှာ ကစားသမားဘဝကို အဆုံးသတ်ဖို့က သူရဲ့ရည်မှန်းချက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ပြီးတော့ ရီးရယ်လ်အသင်းမှာ ကစားသမားဘဝကို အဆုံးသတ်ဖို့က သူအဖြစ်ချင်ဆုံးအရာ ဖြစ်တယ်လို့လည်း တိုနီကရူးစ်က ပြောခဲ့တာပါ။
တိုနီကရူးစ်ဟာ ကစားသမားဘဝ အစကို ဘိုင်ယန်မြူးနစ်အသင်းမှာ စတင်ခဲ့ပေမယ့် ရီးရယ်လ်အသင်းမှာ ကစားရတာကို အပျော်ရွှင်ဆုံး ဖြစ်နေခဲ့ပါတယ်။
တိုနီကရူးစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၂၀၀၇ ကနေ ၂၀၁၄ ခုနှစ်အထိ ကစားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ရီးရယ်လ် အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
တိုနီကရူးစ်ဟာ ရီးရယ်လ်အသင်းထံ မပြောင်းရွှေ့ခင်မှာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီး ဒီအချိန်က ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြ ဒေးဗစ်မိုယက်စ်နဲ့ အပြောင်းအရွှေ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

တိုနီကရူးစ်ကို တွေ့ရစဉ်
ဒါပေမယ့် ဒေးဗစ်မိုယက်စ် ထုတ်ပယ်ခံခဲ့ရပြီး သူ့နေရာမှာ အစားထိုး ဝင်ရောက်လာတဲ့ ဗန်ဟားလ်က တိုနီကရူးစ်ကို မခေါ်ယူခဲ့တာပါ။
ဒါက တိုနီကရူးစ်အတွက် ကောင်းတဲ့အရာဖြစ်လာခဲ့ပြီး ဒီလိုမှမဟုတ်ရင် ရီးရယ်လ်အသင်းမှာ ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုမျိုးကို ရယူနိုင်ဖို့ရှိလာမှာ မဟုတ်ပါဘူး။
ဂန္ထဝင်ကွင်း လယ်လူဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားခဲ့ချိန်က ဘွန်ဒက်လီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၀ ခုအထိ ရယူနိုင်ခဲ့တာပါ။
တိုနီကရူးစ်ဟာ ရီးရယ်လ်အသင်းမှာ ကစားတဲ့ ၁၀ နှစ်အတွင်းမှာ စပိန်လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်စီ အပါအဝင် ဆုဖလားပေါင်း ၂၁ ခုအထိ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
တိုနီကရူးစ်ဟာ နိုင်ငံအသင်းဖြစ်တဲ့ ဂျာမနီအသင်းနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
တိုနီကရူးစ်ဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်က ဂျာမနီအသင်းကနေ အနားယူခဲ့ပေမယ့် နည်းပြသစ်ဖြစ်လာတဲ့ နာဂျယ်လ် စမန်းနဲ့ ဆွေးနွေးမှု ပြုလုပ်အပြီးမှာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီး နိုင်ငံအသင်းအတွက် ပြန်လည်ကစားပေး ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

တိုနီကရူးစ်ကို တွေ့ရစဉ်
အခုအချိန်မှာတော့ တိုနီကရူးစ်ဟာ ဂျာမနီအသင်းအတွက် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားပေးပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝက အနားယူတော့မှာပါ။
အဲဒါကြောင့် တိုနီကရူးစ်ရဲ့ ကစားသမားဘဝ အနားယူမယ့် နေ့ရက်တွေဟာ လက်ချိုးပြီး ရေတွက်ရင် သိပ်ပြီး မကျန်ရှိတော့တာ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ တိုနီကရူးစ်အတွက် ဇွန်လ ၁ ရက်မှာ ကစားမယ့် ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ ရီးရယ်လ်အသင်း ကစားသမားဘဝ သူ့ရဲ့နောက်ဆုံးပွဲစဉ် ဖြစ်လာမှာပါ။
ရီးရယ်လ်အသင်းဖော်တွေဟာ ချန်ပီယံလိဂ်ဖလား ရယူပေးပြီး တိုနီကရူးစ်ကို အကောင်းဆုံး နှုတ်ဆက်နိုင်ဖို့ အာရုံစိုက်နေကြတာ ဖြစ်ပါတယ်။
တိုနီကရူးစ်ဟာ သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးရာသီမှာ ကလပ်အသင်းဖြစ်တဲ့ ရီးရယ်လ်အသင်း၊ နိုင်ငံအသင်းဖြစ်တဲ့ ဂျာမနီအသင်းတို့နဲ့ အောင်မြင်မှုတွေရယူပြီး အဆုံးသတ်ဖို့ မျှော်လင့်နေတာကြောင့် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည်ရမှာပဲ ဖြစ်ပါတယ်။
				- By CNI
 - Category: ဆောင်းပါး
 - Hits: 2379
 
CNI Sport Article
၂၀၂၄ ခုနှစ်၊ မေလ ၁၇
၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကတော့ မေလ ၁၉ ရက်မှာ ပြီးဆုံးတော့မှာဖြစ်ပြီး ပွဲစဉ်တွေအားလုံးကို တစ်ချိန်တည်း ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲကြီး အဆုံးသတ်မှာနဲ့အတူ မျှော်လင့်ချက် ကိုယ်စီရှိနေတဲ့ အသင်းတွေကလည်း သူတို့ရဲ့ မျှော်လင့်ချက်အတွက် တိုက်ပွဲဝင်သွားကြဦးမှာပါ။
နောက်ဆုံးပွဲစဉ်မှာ ပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေကတော့ ချန်ပီယံဖြစ်ခွင့်၊ ဥရောပ ဝင်ခွင့်နဲ့ တန်းဆင်းဇုန် နေရာတွေအတွက် ဖြစ်ပါတယ်။
ဒီနေရာတွေအတွက် အဖြေ ထွက်သလောက်နီးပါး ဖြစ်နေပေမယ့် ဘာမဆိုဖြစ်လာနိုင်တဲ့ အရာတွေကြောင့် နောက်ဆုံးမိနစ်အထိ စောင့်ဆိုင်းရဖို့ ရှိနေတာပါ။
ပထမဆုံးပြောချင်တာက ချန်ပီယံဖြစ်ခွင့်တိုက်ပွဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မန်စီးတီးအသင်းက အဆင့် ၁ နေရာမှာ ရပ်တည်နေပြီး အဆင့် ၂ နေရာက အာဆင်နယ်အသင်းကို ၂ မှတ် အသာရထားတာပါ။

မန်စီးတီးအသင်းကို တွေ့ရစဉ်
အဲဒါကြောင့် သုံးသပ်သူ အများအပြားက မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက်တိုက် ရရှိသွား လိမ့်မယ်လို့ ပြောခဲ့ကြပါတယ်။
တကယ်လည်း ချန်ပီယံဖြစ်ခွင့် ကံကြမ္မာက မန်စီးတီးအသင်း လက်ထဲမှာပဲရှိပြီး အာဆင်နယ်အသင်းက မန်စီးတီး အသင်း အမှတ်လျော့မှာကိုသာ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းကသာ နောက်ဆုံးပွဲစဉ်မှာ သရေကျသွားပြီး အာဆင်နယ်အသင်းက အနိုင်ရခဲ့ရင် ဂိုးကွာခြားမှုနဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရနေတဲ့ အာဆင်နယ်အသင်းက ချန်ပီယံဆုကို ရယူသွားနိုင်တာပါ။
အဲဒါကြောင့် ၂ သင်းစလုံးဟာ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်ဖို့သာရှိတော့ပြီး မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘယ်အသင်းမှ မလုပ်ဖူးသေးတဲ့ မှတ်တမ်းမျိုးကို ရယူပြီး စံချိန်တင်နိုင်ဖို့ ရာနှုန်းပြည့် ကြိုးစားသွားဖို့ သေချာနေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်း အတွက်တော့ ပရီးမီးယားလိဂ် ချန်ပီယံဆုပြိုင်ပွဲမှာ မန်စီးတီးအသင်းကို ၂ နှစ်ဆက်တိုက် အရေးနိမ့်ဖို့ ရာခိုင်နှုန်းများနေတာပါ။
ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်မယ့် ၄ သင်းစလုံး အဖြေထွက်ပေါ်ခဲ့ပြီး ဖြစ်ပေမယ့် နောက်ထပ် ဥရောပဝင်ခွင့်ဖြစ်တဲ့ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ် ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုတွေကလည်း နောက်ဆုံးပွဲစဉ်အထိ အသက်ဝင်နေသေးတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ရလဒ်စာရင်းကို တွေ့ရစဉ်
အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ စပါးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်လွှတ်ခဲ့ရပြီးနောက် ယူရိုပါလိဂ် ဝင်ခွင့်ကို ရယူနိုင်ဖို့ ကြိုးစားနေပြီး နောက်ဆုံးပွဲစဉ်မှာ အနိမ့်ဆုံးသရေ ၁ မှတ် ရယူနိုင်ဖို့ လိုအပ်နေတာပါ။
စပါးအသင်းဟာ သရေ ၁ မှတ်သာ ရယူနိုင်မယ်ဆိုရင် ယူရိုပါလိဂ်ဝင်ခွင့်ကို ရယူနိုင်မှာဖြစ်ပြီး မနှစ်ကရာသီက လက်လွှတ်ခဲ့ရတဲ့ ဥရောပဝင်ခွင့်ကို ပြန်လည်ရရှိသွားမှာ ဖြစ်ပါတယ်။
ယူရိုပါကွန်းဖရန့်လိဂ်ဝင်ခွင့် ၁ နေရာအတွက်ကိုတော့ ချယ်လ်ဆီး၊ နယူးကာဆယ်နဲ့ ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင် ရမှာပါ။
ဒါပေမယ့် ယူနိုက်တက်အသင်းအတွက် ဂိုးကွာခြားချက်ကြောင့် မလွယ်ကူတော့လို့ ချယ်လ်ဆီးနဲ့ နယူးကာဆယ် အသင်း ၂ သင်း ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်း အတွက်လည်း ယူရိုပါကွန်းဖရန့်လိဂ် ဝင်ခွင့်ရနိုင်ဖို့အတွက် ရမှတ် ၁ မှတ်သာ လိုအပ်တာပါ။
နယူးကာဆယ်အသင်းကတော့ ချယ်လ်ဆီးအသင်း အရေးနိမ့်ပြီး သူတို့အနိုင်ရမှ ဥရောပဝင်ခွင့်ရမှာဖြစ်လို့ မျှော်လင့်ချက် အတော်လေးနည်းနေတာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ မျှော်လင့်ချက် နည်းနေပေမယ့် နိုင်ပွဲရယူပြီး ချယ်လ်ဆီးအသင်းရဲ့ အမှားကို စောင့်ကြည့်ဖို့ ဆုံးဖြတ်ထားတာပါ။ ဒါကြောင့် ဥရောပဝင်ခွင့် လက်ကျန်နေရာကို ဒီ ၂ သင်းထဲက ဘယ်အသင်း ရယူသွားမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကတော့ ဒီရာသီသူတို့ရဲ့ တစ်ခုတည်းသော ဆုဖလား မျှော်လင့်ချက်ဖြစ်တဲ့ FA ဖလားပြိုင်ပွဲ မှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ရင် လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ကို ရယူနိုင်မှာပါ။
အဲဒါကြောင့် ဒီပြိုင်ပွဲမှာ ချန်ပီယံဆုရယူဖို့ ယူနိုက်တက်အသင်းက အာရုံစိုက် ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဖလားကို တွေ့ရစဉ်
တန်းဆင်းဇုန် အတွက်ကလည်း ဘန်လေနဲ့ ရှက်ဖီးယူနိုက်တက်အသင်းတို့ တန်းဆင်းသွားခဲ့ပြီဖြစ်လို့ လက်ကျန် ၁ နေရာအတွက် နော်တင်ဟမ်ဖောရက်စ်နဲ့ လူတန်အသင်းတို့ ယှဉ်ပြိုင်ရမှာပါ။
ဒီလိုယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် ရမှတ် ၃ မှတ် အသာရနေပြီး ဂိုးကွာခြားချက်မှာလည်း အသာရနေတဲ့ နော်တင်ဟမ် ဖောရက်စ် အသင်းကသာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ရှိဖို့ သေချာနေတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း နော်တင်ဟမ်ဖောရက်စ် အသင်းဟာ တန်းဆင်းဇုန်ကနေ ရှင်းရှင်းလင်းလင်း လွတ်မြောက်သွား ဖို့အတွက် အနိမ့်ဆုံး ၁ မှတ် ရယူနိုင်ဖို့ ကြိုးစားသွားဖို့ ရှိနေတာပါ။
ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုအတွက် ပြိုင်ဆိုင်မှုမှာ မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းက ၂ နှစ်ဆက်တိုက်ရဖို့ ရှိနေပါတယ်။
ဟာလန်းဟာ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ချယ်လ်ဆီးအသင်း ကစားသမား ကိုးလ်ပါလ်မာကို ၅ ဂိုးအသာ ရနေတာပါ။
အဲဒါကြောင့် မျှော်လင့်ချက်ကိုယ်စီနဲ့ ပြိုင်ဆိုင်မယ့် ပရီးမီးယားလိဂ် ရာသီသိမ်းတိုက်ပွဲမှာ ဘယ်သူတွေက အသာရ သွားမလဲဆိုတာ မကြာခင်မှာ မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။
				- By CNI
 - Category: ဆောင်းပါး
 - Hits: 1707
 
CNI Sport Article
၂၀၂၄ ခုနှစ်၊ မေလ ၁၀
၂၀၂၃-၂၄ ရာသီကတော့ ယူနိုက်တက်အသင်းအတွက် အလွန်ဆိုးရွားတဲ့ ရာသီအဖြစ်ရှိနေပြီး ရာသီအဆုံးသတ်ဖို့ ပွဲစဉ် ၄ ပွဲ ကျန်ရှိသေးတဲ့ အချိန်မှာ စံချိန်ဆိုးတွေကို ဆက်တိုက် တင်ရှိနေတာ ဖြစ်ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ပဲလေ့စ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာဆိုရင် ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲ ၁၃ ပွဲအထိ ကြုံတွေ့ခဲ့တာပါ။
ဒီပမာဏဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ရာသီတည်းမှာ ယူနိုက်တက်အသင်းရဲ့ စံချိန်တင်ရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။
ဒါတင်ပဲလားဆိုတော့ ယူနိုက်တက်အသင်းဟာ ဒီရာသီပြိုင်ပွဲစုံ ပေးဂိုး ၈၁ ဂိုးအထိ ခွင့်ပြုခဲ့ရပြီး ၁၉၇၆ ခုနှစ် နောက်ပိုင်း ပေးဂိုးအများဆုံး ခွင့်ပြုခဲ့ရတာလည်း ဖြစ်တာပါ။
ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ကိုင်တွယ်ခဲ့တုန်းက အသင်းတိုင်း လေးစားပြီး ကြောက်ရွံ့တဲ့အသင်း ဖြစ်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ အခုဆိုရင် ဘယ်အသင်းနဲ့ပဲ ကစားကစား အောက်အသင်းဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ အောင်မြင်မှုတွေ ပြန်ပြီးရယူနိုင်ဖို့အတွက် ကစားသမားတွေကို ပေါင်သန်း အများကြီး ပေးပြီး ခေါ်ယူခဲ့ပေမယ့် ထင်သလို ဖြစ်လာခဲ့ခြင်းမရှိသေးပါဘူး။

အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
ဒီရာသီမှာဆိုရင် ယူနိုက်တက်အသင်းဟာ တစ်ရာသီလုံး ဒဏ်ရာနှိပ်စက်မှုတွေကြောင့် ရလဒ်တွေ ဆိုးနေတာကို နည်းပြ အဲရစ်တန်ဟတ်အနေနဲ့ အကြောင်းပြချက် ပေးကောင်းပေးလို့ရပေမယ့် လူစုံချိန်မှာတောင် ပြိုင်ဘက်ကို အသာစီးနဲ့ ကစားနိုင်တဲ့ပွဲ ဘယ်နှစ်ပွဲရှိလဲဆိုတာ မေးခွန်းပြန်ပြီးထုတ်လို့ရတာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ဟာ သူ့ရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမရာသီမှာ ကာရာဘောင်းဖလား ရယူပေးပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာ ရလဒ်တွေ ဆိုးတာနဲ့အတူ ပရီးမီးယားလိဂ်ကနေ ဥရောပ ဝင်ခွင့်ရဖို့တောင် ခက်ခဲနေတာပါ။
အဲဒါကြောင့် အဲရစ်တန်ဟတ်ဟာ ရာသီအကုန်မှာ ထုတ်ပယ်ခံရမယ့် အလေးပေးမှုတွေ ပိုပြီးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ကို ထုတ်ပယ်ပြီး နည်းပြသစ် ခန့်မယ်ဆိုရင်လည်း ယူနိုက်တက်အသင်းဟာ သိသိသာသာ ပြောင်းလဲသွားနိုင်မယ့် အခြေအနေမှာ ရှိမနေပါဘူး။
နည်းပြသစ်ကို ခန့်အပ်ရင် ပထမရာသီမှာ ကောင်းနိုင်ပေမယ့် နောက်ရာသီမှာ ဒီလိုပုံစံအတိုင်း ပြန်ဖြစ်သွားနိုင် တာပါ။
ဘာကြောင့်လဲဆိုရင် အဲရစ်တန်ဟတ် မတိုင်ခင် ကိုင်တွယ်ခဲ့တဲ့ ဗန်ဟားလ်၊ မော်ရင်ဟို၊ ဆိုးလ်ရှားတို့လည်း အများဆုံး ၂ နှစ်ကျော်ပဲ ကိုင်တွယ်ပြီး ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းအနေနဲ့ အောင်မြင်မှုတွေ ပြန်ပြီးရယူချင်ရင် ကစားသမားတွေကိုလည်း ရှင်းထုတ်ဖို့ လိုအပ်နေတာပါ။
အရင်ခေတ်က ကစားသမားတွေဟာ နည်းပြတွေ ပြောတာကို နားထောင်ပြီး ကြောက်ကြပေမယ့် ဒီဘတ်ခေတ် ကစားသမားတွေကတော့ နည်းပြကို ပညာပေးကာ ထုတ်ပယ်တဲ့အထိ လုပ်ဆောင်တက်ကြတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ အသင်းရဲ့ အဝတ်လဲခန်းကို ပြဿနာဖြစ်အောင်လုပ်တဲ့ ကစားသမားအချို့ ကို ရောင်းချ ဒါမှမဟုတ် ထွက်ခွာခွင့်ပြုရမှာပါ။
ဒီရာသီအပြင် ပြီးခဲ့တဲ့ ရာသီတွေမှာလည်း ယူနိုက်တက်အသင်း အောင်မြင်မှုမရရှိတဲ့ အကြောင်းအရင်း တစ်ခုက တော့ အသင်းရဲ့ စီမံခန့်ခွဲမှုအပိုင်းလုံးဝ အားနည်းခဲ့တာလို့ပဲ ပြောရမှာဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်လာတဲ့ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS အစုအဖွဲ့ဟာ ဒီအချက် တွေကို ပြုပြင်နိုင်ဖို့ အခုကတည်းက စပြီးလုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
ဆာဂျင်ရက်ကလစ်ဖ်ဟာ ပြင်သစ်ကလပ် နိုက်စ်အသင်းကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ဘောလုံးအသင်း တစ်သင်းရဲ့ လည်ပတ်မှုတွေ အကြောင်းကို သိရှိနားလည်တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်နဲ့ ယူနိုက်တက်ကစားသမားကိုတွေ့ရစဉ်
အဲဒါကြောင့်လည်း ယူနိုက်တက်အသင်းရဲ့ အထက်ပိုင်း တာဝန်ရှိသူအချို့ကို ပြောင်းလဲပြီး လာမယ့်ရာသီတွေမှာ ပြောင်းလဲလိုက်တဲ့ သူတွေရဲ့ လှုပ်ရှားမှုတွေကို မြင်တွေ့ရတော့မှာပါ။
ဆာဂျင်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြန်ပြီးအောင်မြင်မှု ရရှိတာကို မြင်တွေ့ ချင်နေပေမယ့် စိတ်ရှည်ရမယ်ဆိုတာ သိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်း ပရိသတ်တွေကတော့ စိတ်ပျက်စရာတွေ ကြုံတွေ့နေရတဲ့ ဒီရာသီကို အမြန်ဆုံး အဆုံးသတ် နိုင်ဖို့ မျှော်လင့်နေတာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ဆုဖလားရယူနိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တဲ့ FA ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ဖို့ ရှိနေပြီး မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ လွယ်ကူမှာတော့ မဟုတ်ပါဘူး။
FA ဖလားသာ ရယူနိုင်ခဲ့ရင် ယူနိုက်တက်အသင်းအတွက် ဒီရာသီ စိတ်ပျက်စရာတွေကို အနည်းငယ် ဖြေလျှော့နိုင် မှာ ဖြစ်ပေမယ့် စိတ်ပျက်စရာကောင်းတဲ့ ခြေစွမ်းတွေ၊ စံချိန်မှတ်တမ်းဆိုးတွေကတော့ မေ့ပျောက်စရာအဖြစ် ရှိနေမှာ မဟုတ်တာ ဖြစ်ပါတယ်။
				- By CNI
 - Category: ဆောင်းပါး
 - Hits: 3165
 
CNI Sport Article
၂၀၂၄ ခုနှစ်၊ မေလ ၃
၂၀၂၃-၂၄ ရာသီ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကတော့ ဗိုလ်လုပွဲကို ရောက်ရှိဖို့ တစ်ပွဲသာကစားဖို့ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေ အပြီးမှာတော့ ဗိုလ်လုပွဲကို ဘယ်အသင်း တက်နိုင်မလဲဆိုတာ ယတိပြတ်ပြောလို့ မရသေးပါဘူး။
အဲဒါကြောင့်လည်း ဒုတိယအကျော့ ပွဲစဉ်တွေအပြီးမှသာ ဗိုလ်လုပွဲကို ဘယ်အသင်းတွေ တက်မလဲဆိုတာ မျက်ဝါး ထင်ထင် မြင်တွေ့ရဖို့ရှိနေတာပါ။
လက်ရှိ အနေအထားအရတော့ ၄ သင်းစလုံးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်နိုင်ဖို့ ကိုယ်စီ အခွင့်အရေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ရီးရယ်လ်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ရဲ့ ပထမအကျော့ပွဲစဉ်ကတော့ ၂ ဂိုးစီ သရေကျခဲ့တာပါ။
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ထိပ်သီးအသင်း အချင်းချင်း တွေ့ဆုံတဲ့ပွဲကတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ ပရိသတ်အကြိုက် ဖြစ်ခဲ့ပါတယ်။
တိုနီကရူးစ်ရဲ့ အကွက်မြင်မြင် ဖန်တီးမှုနဲ့ ဗီနီစီးယက်စ်ရဲ့ သွင်းဂိုး၊ ဟာရီကိန်း ပင်နယ်တီ ကန်သွင်းတဲ့အချိန်မှာ ဘယ်လင်ဂမ်က စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့တာတွေက ချန်ပီယံလိဂ် ပြိုင်ပွဲကြီးရဲ့အရှိန်အဟုန်ကို ပိုကောင်းအောင်လုပ်ခဲ့တဲ့ မြင်ကွင်းတွေ ဖြစ်ခဲ့တာပါ။
ဒီပွဲမှာ ပိုကောင်းခဲ့တာက ဘိုင်ယန်မြူးနစ်ဖြစ်ပေမယ့် ချန်ပီယံလိဂ်မှာဆိုရင် အထာနပ်နေတဲ့ ရီးရယ်လ်အသင်းကို အနိုင်မယူနိုင်ခဲ့ပါဘူး။
အဲဒါကြောင့် ဘာနေဗျူးမှာ ကစားရမယ့်ပွဲစဉ်က ၂ သင်းစလုံးအတွက် အရေးကြီးနေပါတယ်။

ပီအက်စ်ဂျီနဲ့ဒေါ့မွန် ယှဉ်ပြိုင်နေစဉ်
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အအောင်မြင်ဆုံး အသင်းဖြစ်နေတဲ့ ရီးရယ်လ်အသင်းဟာ လာလီဂါပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ရယူနိုင်ဖို့ သေချာနေတဲ့အတွက် ဒီပွဲကို အပြည့်အဝ အာရုံစိုက်ထားနေတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကလည်း ဒီရာသီသူတို့ရဲ့ တစ်လုံးတည်းသော ဆုဖလား မျှော်လင့်ချက်ဖြစ်တဲ့ ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
ဗိုလ်လုပွဲကို တက်ဖို့ အဆုံးအဖြတ် ကစားရမယ့်ပွဲဖြစ်တာကြောင့် ၂ သင်းစလုံး အမှားအယွင်းနည်းအောင် ကစားကြမှာဖြစ်ပေမယ့် ဘာနေဗျူးကွင်းမှာ ကစားရမယ့်ပွဲ ဖြစ်တာကြောင့် ရီးရယ်လ်အသင်း ဗိုလ်လုပွဲ တက်သွားမယ်လို့ ထင်မြင်မိပါတယ်။
ဒေါ့မွန်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ပထမအကျော့ ပွဲစဉ်မှာတော့ ဒေါ့မွန်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ ပါတယ်။
ကွင်းလုံးပြည့် နေရာလွတ်တောင် မရှိတဲ့အထိ အားပေးကြမ်းခဲ့တဲ့ ဒေါ့မွန်အသင်း ပရိသတ်တွေကြောင့် သူတို့ အသင်းဟာ ပီအက်စ်ဂျီအသင်းကို နိုင်ပွဲရယူနိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်းမှာ ရှိခဲ့ချိန်တုန်းက အကောင်းဆုံး ခြေစွမ်းပြသ နိုင်ခဲ့ခြင်းမရှိတဲ့ ဆန်ချိုဆိုရင် ဒီပွဲမှာ လိမ်ခေါက်ဖြတ်ကျော်မှု ၁ ၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် ဘတ်ပီကတော့ ဒေါ့မွန်အသင်းရဲ့ ခံစစ်ကျောက်ဆောင်ကို ကျော်ဖြတ်ဖို့ ခက်ခဲခဲ့ပြီး ဂိုးပေါက်တည့်မှု ၁ ကြိမ်သာရှိခဲ့တဲ့အထိ ဆိုးရွားခဲ့တာပါ။

ဘတ်ပီကို တွေ့ရစဉ်
ဒါပေမယ့် နှစ်ကျော့ကစားရတဲ့ ဒီလိုအဆင့်တွေမှာ ဒုတိယပိုင်းကစားဖို့ ကျန်ရှိနေသေးတာကြောင့် ၁ ဂိုး- ဂိုးမရှိ ရလဒ်ဟာ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားနိုင်ပါသေးတယ်။
ပထမအကျော့မှာ ဒေါ့မွန်အသင်းက ကောင်းမွန်ခဲ့သလို ပီအက်စ်ဂျီအသင်းဟာ ဂိုးရသင့်တဲ့ အခွင့်အရေး အများအပြားကို ဖြုန်းတီးခဲ့တာကြောင့် ပရိသတ်တွေဟာ ဂိုးအများအပြား မြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။
ဒုတိယအကျော့မှာတော့ ပထမအကျော့ကလို မဟုတ်ဘဲ သွင်းဂိုးတွေကို မြင်တွေ့ရဖို့ ရှိနေပြီး ပီအက်စ်ဂျီအသင်း အနိုင်ရယူသွားနိုင်မယ်လို့ ထင်မြင်မိပါတယ်။
ဒါတွေက ထင်မြင်ချက်ကို ပြောခဲ့တာဖြစ်ပြီး ၂၀၁၃ ချန်ပီယံလိဂ်ကလို ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်အသင်းတို့ ဗိုလ်လုပွဲမှာ တွေ့ဆုံနိုင်သလို အစောကပြောခဲ့သလိုမျိုး ရီးရယ်လ်နဲ့ ပီအက်စ်ဂျီအသင်းတို့ တွေ့ဆုံရမယ့် ဗိုလ်လုပွဲ လည်း ဖြစ်သွားနိုင်ပါတယ်။
ဒီရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လန်ဒန်မြို့မှာရှိတဲ့ ဝင်ဘာလေ အားကစားကွင်းကြီးထဲမှာ ကျင်းပသွားမှာဖြစ်ပြီး ၂၀၁၃ ကလည်း ဗိုလ်လုပွဲကို ဝင်ဘာလေကွင်းကြီးထဲမှာပဲ ကျင်းပခဲ့တာပါ။
အဲဒါကြောင့် ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်အသင်းတို့ ဝင်ဘာလေကွင်းကြီးထဲမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ထပ်မံ ယှဉ်ပြိုင်ရမယ်ဆိုရင် အတော်လေး ထူးခြားတဲ့ တိုက်ဆိုင်မှုလို့ ပြောရမှာဖြစ်ပါတယ်။
ဒါပေမယ့် ဘာတွေ ဖြစ်မလာမလဲဆိုတာကို လာမယ့် ရက်ပိုင်းအတွင်း မြင်တွေ့ရတော့မှာဖြစ်ပြီး ဝင်ဘာလေ ဝင်ခွင့် လက်မှတ် ၂ စောင်ကို ဘယ်အသင်းတွေ ရယူသွားမလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
				- By CNI
 - Category: ဆောင်းပါး
 - Hits: 1979
 
CNI Sport Article
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၈
၂၀၁၅ ခုနှစ်က လီဗာပူးလ်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ကလော့ပ်ဟာ ဒီရာသီအကုန်မှာ ၉ နှစ်ကြာ ကိုင်တွယ် ခဲ့တဲ့ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းကနေ ထွက်ခွာမယ်လို့ ကလော့ပ် ကြေညာချိန်မှာ အသင်းဟာ ဆုဖလား ၄ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာရှိနေခဲ့ပြီး ခြေစွမ်းပိုင်းကလည်း အကောင်းဆုံးဖြစ်နေတာပါ။
အဲဒါကြောင့်လည်း လီဗာပူးလ်အသင်း ကစားသမားတွေဟာ သူတို့ရဲ့နည်းပြကြီးကို ဆုဖလား ၄ လုံးစလုံး ရယူပေးပြီး နှုတ်ဆက်နိုင်ဖို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်း ကစားသမားတွေဟာ နည်းပြ ကလော့ပ်အတွက် ဒီရာသီရဲ့ ပထမဆုံး ဆုဖလားဖြစ်တဲ့ ကာရာဘောင်းဖလား ရယူပေးခဲ့အပြီးမှာ နောက်ထပ်ဆုဖလား ၃ လုံးအတွက် ဆက်ပြီးတိုက်ပွဲဝင်ဖို့ ပြင်ဆင်ခဲ့ ကြတာပါ။
ဒါပေမယ့် လီဗာပူးလ်အသင်းရဲ့ ခြေချော်မှုတွေဟာ တဖြေးဖြေးချင်း စတင်လာခဲ့ပြီး FA ဖလားပြိုင်ပွဲမှာ ယူနိုက်တက်အသင်းကို အချိန်ပိုမှာ အရေးနိမ့်ကာ ဆုဖလား ၁ လုံး စတင် လက်လွှတ်ခဲ့ရပါတယ်။

လီဗာပူးလ်အသင်းကို တွေ့ရစဉ်
လီဗာပူးလ်အသင်းကတော့ FA ဖလားက ထွက်ခွာခဲ့ရပေမယ့် ကျန်တဲ့ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ဖလားကို မဖြစ်မနေ ရယူသွားမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။
လီဗာပူးလ်အသင်းရဲ့ မျှော်လင့်ချက်ကို စတင်ထိခိုက်ခဲ့တာကတော့ ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုးစီ သရေကျသွားခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီပွဲစဉ်ပြီးကတည်းက သူတို့ရဲ့ခြေစွမ်းဟာ ကျဆင်းသွားခဲ့ပြီး တိုက်စစ်ပိုင်းကလည်း အလုပ် မဖြစ်တော့တာပါ။
အန်ဖီးလ်ကလပ်ဟာ နောက်ပိုင်းကစားခဲ့တဲ့ အတ္တလန်တာနဲ့ ယူရိုပါလိဂ်၊ ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ၂ ပွဲဆက် အရေးနိမ့်ပြီး ကလော့ပ်ကို ဆုဖလားတွေ အများအပြားနဲ့ နှုတ်ဆက်ပေးချင်တဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေ ပျက်ပြယ်လာခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ အတ္တလန်တာနဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ အနိုင်ရခဲ့ပေမယ့် ပထမအကျော့က အရှုံးရလဒ်ကြောင့် ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရပါတယ်။
လီဗာပူးလ်အသင်းဟာ ပြိုင်ပွဲတစ်ခုပြီး တစ်ခုထွက်ခဲ့ရပြီးနောက် အဲဗာတန်အသင်းကို ပရီးမီးယားလိဂ်မှာ ထပ်ပြီး အရေးနိမ့်သွားခဲ့ပြန်ပါတယ်။
လီဗာပူးလ်အသင်း အတွက်တော့ ဒီပွဲအရှုံးကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လွှတ်ရဖို့ အများစု သေချာသွားပြီလို့ ပြောရမှာပါ။
ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကစားဖို့ အနည်းငယ် ကျန်သေးပေမယ့် အခွင့်အရေးက လီဗာပူးလ်အသင်းရဲ့ လက်ထဲ မှာ မရှိတော့ပါဘူး။

ကလော့ပ် ဆုဖလားကိုင် အောင်ပွဲခံနေစဉ်
အာဆင်နယ်နဲ့ မန်စီးတီးအသင်းရဲ့ အမှားကို စောင့်ရမယ့် အခြေအနေဖြစ်လို့ လီဗာပူးလ်အသင်း အတွက်တော့ ဒီရာသီကို ကာရာဘောင်းဖလား ဆုဖလား ၁ လုံးနဲ့သာ ကျေနပ်ရဖို့ ရှိနေပါတယ်။
ဆုဖလားတွေနဲ့အတူ မြို့ထဲကို အမိုးဖွင့်ကားနဲ့ လှည့်လှည်ပြီး နည်းပြ ကလော့ပ်ကို နှုတ်ဆက်ချင်တဲ့ လီဗာပူးလ် အသင်းရဲ့ မျှော်လင့်ချက်တွေဟာ ဆုဖလား ၁ လုံးနဲ့ပဲ အဆုံးသတ်သွားရပြီ ဖြစ်တာပါ။
လီဗာပူးလ်အသင်း ကစားသမားတွေဟာ နည်းပြ ကလော့ပ်ကို ဆုဖလား ၄ လုံး ရယူပေးပြီး နှုတ်ဆက်ချင်တဲ့ ဖိအားဒဏ်တွေကြောင့်လည်း နောက်ပိုင်းပွဲစဉ်တွေမှာ အမှားတွေလုပ်ခဲ့ပြီး ပြိုင်ဘက်အသင်းတွေကို လွယ်ကူ သွားစေခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းရဲ့အဓိက တိုက်စစ်မှူး ဆာလက်ရဲ့ ခြေစွမ်းပိုင်းကျဆင်းမှု ဒါဝင်နူနက်စ်ရဲ့ ဂိုးဖြုန်းတီးမှုတွေက လီဗာပူးလ်အသင်းအပေါ် အနည်းနဲ့ အများသက်ရောက်မှု ရှိခဲ့တာပါ။
ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ရမှာက လီဗာပူးလ်အသင်းကို ပိုစိတ်ပျက်စေခဲ့ပြီး အသင်းခေါင်းဆောင် ဗန်ဒိုက်က အသင်းဖော်တွေအနေနဲ့ ဒီဖလားကို အမှန်တကယ် ရယူချင်ရဲ့လားဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။
ကလော့ပ်ဟာ လီဗာပူးလ်အသင်း နည်းပြဘဝမှာ ယူရိုပါလိဂ် ဆုဖလားကလွဲပြီး ဆုဖလားအားလုံး ရယူနိုင်ခဲ့တဲ့ အထိ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကို တွေ့ရစဉ်
ဒါပေမယ့် ကလော့ပ်ဟာ မန်စီးတီးအသင်းကို ကိုင်တွယ်နေတဲ့ ဂွာဒီယိုလာကြောင့် ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ထိုက်တန်တာထက် ၁ ကြိမ်သာ ရယူနိုင်ခဲ့တာပါ။
အဲဒါကြောင့် ကလော့ပ်ဟာ သူ့ရဲ့ လီဗာပူးလ်အသင်း နည်းပြဘဝ နောက်ဆုံးရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကို နောက်ထပ်တစ်ကြိမ် ကိုင်မြှောက်ချင်ခဲ့ပေမယ့်လည်း ဖြစ်မလာဖို့က ရာခိုင်နှုန်းများနေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေမှာ အကောင်းဆုံးလုပ်ပြီး မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ရဲ့ အမှားတွေကိုစောင့်ကာ နည်းပြ ကလော့ပ်အတွက် အကောင်းဆုံးရလဒ်တွေ ရယူပေးဖို့ပဲ ရှိတော့တာ ပါ။
ဘယ်လိုပဲဖြစ်ဖြစ် နည်းပြ ကလော့ပ်ကို လီဗာပူးလ်အသင်းရဲ့ နှုတ်ဆက်မှုဟာ လှပမှုမရှိတာပဲ ဖြစ်ပါတယ်။
				- By CNI
 - Category: ဆောင်းပါး
 - Hits: 1760
 
CNI Sport Article
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၂
ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေကို ပြီးခဲ့တဲ့ ကြားရက်ထဲမှာ ယှဉ်ပြိုင်ခဲ့ ပြီးပြီ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးပရိသတ်တိုင်း စိတ်ဝင်စားမှု အရှိဆုံး ပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတား ဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေဟာ ဘယ်လောက်ထိ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့လဲဆိုတာ ရလဒ်တွေကို ကြည့်ရင် သိနိုင်တာပါ။
ဒီပွဲတွေကို ကြည့်တဲ့သူတိုင်း အိပ်ငိုက်လို့တောင် မရတဲ့အထိ အပြန်အလှန် သွင်းဂိုးတွေကို မြင်ခဲ့ရပြီး ကွာတားဖိုင် နယ် ပထမအကျော့ပွဲစဉ် ၄ ပွဲမှာ သွင်းယူခဲ့တဲ့သွင်းဂိုးက ၁၈ ဂိုးအထိရှိခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲစဉ်တွေမှာ အနိုင်အရှုံးရလဒ်က ၂ ပွဲထွက်ပေါ်ခဲ့ပြီး သရေရလဒ်က ၂ ပွဲထွက်ပေါ်ခဲ့တာပါ။ သရေရလဒ်တွေက အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ် အသင်းပွဲစဉ်မှာ ၂ ဂိုးစီသရေနဲ့ ရီးရယ်လ်နဲ့မန်စီးတီးအသင်းတို့ပွဲမှာ ၃ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။
ကျန် ၂ ပွဲမှာ ဘာစီလိုနာအသင်းက ပီအက်စ်ဂျီအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အသလက်တီကိုအသင်းက ဒေါ့မွန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီ ၄ ပွဲစလုံးဟာ ရလဒ်တွေပြတ်သားခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဆီမီးဖိုင်နယ်တက်ဖို့ အသင်း ၈ သင်းစလုံးမှာ မျှော်လင့်ချက် ရှိနေတဲ့အတွက် ဒုတိယအကျော့ ပွဲစဉ် တွေဟာ ပြိုင်ဆိုင်မှုပြင်းထန်ပြီး အကြိတ်အနယ်ရှိမယ်ဆိုတာ သေချာနေတာပါ။

ဘာစီလိုနာနဲ့ ပီအက်ဂျီအသင်း ယှဉ်ပြိုင်နေစဉ်
ပြီးတော့ အဝေးဂိုး စည်းမျဉ်းမရှိတော့တာကြောင့်လည်း အဝေးဂိုး ရထားတယ်ဆိုတဲ့ အားသာချက် မရှိတော့လို့ အသင်းတိုင်းအတွက် အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ဒုတိယအကျော့ပွဲစဉ်မှာတော့ နောက်တစ်ဆင့်တက်ဖို့ အားသာနေတဲ့ အသင်းကတော့ ဘိုင်ယန်မြူးနစ်အသင်းလို့ ပြောရမှာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီ ပြည်တွင်းပြိုင်ပွဲတွေမှာ ရလဒ်တွေဆိုးရွားပြီး ဆုဖလား လက်လွှတ်ခဲ့ရလို့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်ဖို့ အပြည့်အဝ အာရုံစိုက်နေတာ ဖြစ်ပါတယ်။
ပြီးတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ အိမ်ကွင်းမှာကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေရရှိခဲ့ပြီး အာဆင်နယ်အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံခဲတဲ့ ရလဒ်တွေကလည်း ကောင်းခဲ့တာကြောင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက်ဖို့ ရေပန်းစားနေတာပါ။
နောက်တစ်ပွဲဖြစ်တဲ့ လက်ရှိချန်ပီယံ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ရီးရယ်လ်အသင်း တို့ပွဲကတော့ အမှားအယွင်း အများဆုံးလုပ်တဲ့ အသင်းက ပြိုင်ပွဲကနေ ထွက်ခွာရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကိုတွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ ဘာနေဗျူးမှာ မန်စီးတီးအသင်းကို အနိုင်မရရှိခဲ့တာက သူတို့အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပြီး မနှစ်ကရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံခဲ့တုန်းက မန်စီးတီးအသင်းက အိမ်ကွင်းမှာ ရီးရယ်လ်အသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တာပါ။
အဲဒါကြောင့် ဒီပွဲမှာ မန်စီးတီးအသင်းက ဆီမီးဖိုင်နယ်တက်ဖို့ အားသာနေတာ ဖြစ်ပါတယ်။
နောက်တစ်ပွဲကတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ ကြည့်ကောင်းခဲ့ပြီး အရှုံးအနိုင် အဖြေထွက်ခဲ့တဲ့ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ပွဲပါ။
ပထမအကျော့အဖြစ် ကစားခဲ့တုန်းက အဝေးကွင်းပွဲစဉ်မှာ ဘာစီလိုနာအသင်း အနိုင်ရခဲ့တာကြောင့် ဒုတိယ အကျော့ အိမ်ကွင်းကစားရမယ့်ပွဲမှာ ဘာစီလိုနာအသင်းက အသာစီးနဲ့ ကစားလို့ရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်နိုင်ခွင့်ရှိနေသာ အသင်းများကိုတွေ့ရစဉ်
ဒါပေမယ့် ပထမအကျော့က ခြေစွမ်းမပြနိုင်တဲ့ ဘတ်ပီသာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြနိုင်ရင် ပွဲက အလှည့်အပြောင်း ပြန်ဖြစ်သွားနိုင်ပြီး ပီအက်စ်ဂျီအသင်းအတွက် ဆီမီးဖိုင်နယ်တက်ဖို့ မျှော်လင့်ချက်ရှိလာ နိုင်တာပါ။
နောက်ဆုံးပွဲကတော့ ဒေါ့မွန်နဲ့ အသလက်တီကို အသင်းတို့ရဲ့ ပွဲဖြစ်ပါတယ်။ ဒီပွဲရဲ့ ပထမအကျော့မှာ အသလက်တီကိုအသင်း အနိုင်ရထားပေမယ့် ဒေါ့မွန်အသင်းဟာ အိမ်ကွင်းမှာ ရလဒ်ကောင်းတဲ့ အသင်းဖြစ်လို့ အသလက်တီကိုအသင်းအတွက် လွယ်ကူမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ခံစစ်ပိုင်းကျစ်လစ်တဲ့ အသလက်တီကိုအသင်းဟာ ဒေါ့မွန်အသင်းကို တန်ပြန်တိုက်စစ်နဲ့ ကစားပြီး ဆီမီးဖိုင်နယ်ကို တက်သွားနိုင်ပါတယ်။
လက်ရှိအချိန်မှာ အသင်းတိုင်းဟာ ကွာတားဖိုင်နယ် ဒုတိယအကျော့အတွက် အကောင်းဆုံး ပြင်ဆင်နေကြလို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ဘယ်အသင်း ၄ သင်း တက်နိုင်မလဲဆိုတာကို ဧပြီ ၁၇ နဲ့ ၁၈ ရက်တွေမှာ သိရှိ ရတော့မှာလည်း ဖြစ်ပါတယ်။
				- By CNI
 - Category: ဆောင်းပါး
 - Hits: 1363
 
CNI Sport Article
၂၀၂၄ ခုနှစ်၊ ဧပြီ ၅
အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီဟာ ဒဏ်ရာတွေကြောင့် ၂၀၂၄ ခုနှစ် အစပိုင်းမှာတင် ပွဲစဉ်အချို့ကို လွဲချော်ထားတာ ဖြစ်ပါတယ်။
အသက် ၃၇ နှစ်ပြည့်ဖို့ နီးစပ်နေပြီဖြစ်သလို ကစားသမားဘဝ အဆုံးသတ်ဖို့လည်း တဖြေးဖြေး နီးလာပြီ ဖြစ်တဲ့ မက်ဆီဟာ ကစားသမားဘဝ အစပိုင်းကတည်းက ပြိုင်ဘက် ကစားသမားတွေရဲ့ ကြမ်းတမ်းစွာ ဖျက်ထုတ်မှု ခံရတဲ့ဒဏ်ကို အခုအချိန်မှာ ခံစားနေရပြီ ဖြစ်တာပါ။
မက်ဆီဟာ ကြွက်သားဒဏ်ရာကြောင့် အင်တာမိုင်ယာမီအသင်း နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၄ ပွဲစလုံး မပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Transfermarkt ရဲ့ အချက်အလက်တွေအရ မက်ဆီဟာ ဒဏ်ရာတွေကြောင့် ၂၀၂၃-၂၄ ရာသီမှာ ပွဲစဉ် ပေါင်း ၁၃ ပွဲအထိ လွဲချော်ထားတယ်လို့ ဖော်ပြထားတာပါ။

မက်ဆီ ဒဏ်ရာရသွားစဉ်
မက်ဆီဟာ ပုံမှန်ဆိုရင် ဒဏ်ရာရ နေချိန်မှာတောင် အာဂျင်တီးနားအသင်း လူစာရင်းနဲ့ ပူးပေါင်းခဲ့ပေမယ့် ပြီးခဲ့တဲ့မတ်လက ကစားခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေမှာ မပါဝင်နိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းကတော့ မက်ဆီရဲ့ဒဏ်ရာကို နေ့တိုင်း အကဲဖြတ် စစ်ဆေးမှုတွေပြုလုပ်ပြီး စွန့်စွန့်စားစား အသုံးပြုဖို့ မရှိဘူးလို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ဒဏ်ရာတွေကြောင့် ပွဲအရေအတွက် အများအပြား လွဲချော်ခဲ့တာက ၂၀၀၆-၀၇ ရာသီက ဖြစ်ပြီး စုစုပေါင်း ပွဲစဉ် ၁၉ ပွဲအထိ လွဲချော်ခဲ့တာပါ။
ဒါက တစ်ရာသီလုံးမှာ လွဲချော်ခဲ့တာဖြစ်ပြီး အခုက ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ် အစပိုင်းမှာတင် ၁၃ ပွဲ လွဲချော်ခဲ့ တာကြောင့် စံချိန်တင်နိုင်မယ့် အခြေအနေမှာရှိနေတာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီရဲ့ဒဏ်ရာ အခြေအနေ ထပ်ဆိုးမှာကို စိုးရိမ်နေတာကြောင့် အသုံးပြု ဖို့ စဉ်းစားနေရသလို မက်ဆီ ကိုယ်တိုင်ကလည်း သူ့ရဲ့ကစားသမားဘဝကို စောစီးစွာ အဆုံးသတ်သွား မှာကို စိုးရိမ်မှုတွေရှိနေတာပါ။

မက်ဆီနဲ့ ဘာစီလိုနာအသင်းဖော်ဟောင်းကိုတွေ့ရစဉ်
မက်ဆီဒဏ်ရာကြောင့် ပွဲတွေမကစားရတာဟာ အင်တာမိုင်ယာမီ အသင်းအပေါ် သက်ရောက်မှုတွေ အများကြီး ရှိနေတာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဆွာရက်ဇ်၊ ဘတ်စကွက်စ်နဲ့ အယ်လ်ဘာတို့ကို ခေါ်ယူထားပေမယ့် ပရိသတ်တွေက မက်ဆီကစားတာကို ကြည့်ဖို့အတွက် လက်မှတ်တွေဝယ်ပြီး ကွင်းလုံးပြည့် အားပေးခဲ့ကြတာပါ။
၂၀၂၄ မေဂျာလိဂ် ရာသီသစ် မစတင်ခင် ဟောင်ကောင်မှာ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာဆိုရင် အင်တာမိုင်ယာမီအသင်းဟာ မက်ဆီကို အသုံးပြုခဲ့ခြင်းမရှိလို့ ပရိသတ်တွေက သူတို့ရဲ့ လက်မှတ် ခတွေကို ပြန်ပေးဖို့ တောင်းဆိုခဲ့ကြတာကို အားလုံးသိရှိပြီး ဖြစ်ပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ရာသီကလည်း အင်တာမိုင်ယာမီအသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်ခဲ့တာကြောင့် သူပါဝင်တဲ့ ပွဲကိုကြည့်ဖို့ လက်မှတ်ခတွေ အများကြီးပေးပြီး ဝယ်ခဲ့ကြတဲ့ ပရိသတ်တွေဟာ အလွန် စိတ်ပျက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီရာသီအစပိုင်းမှာ မက်ဆီ ဒဏ်ရာကြောင့် ပွဲတွေကို လွဲချော်နေတာက ပရိသတ်တွေအတွက် မသိသာပေမယ့် ကြာလာရင်တော့ သိသာလာတော့မှာပါ။ ပြီးတော့ မက်ဆီ မပါဝင်နိုင်တဲ့ပွဲတွေမှာ အင်တာမိုင်ယာမီအသင်းရဲ့ရလဒ်တွေက ကောင်းမွန်မှုမရှိတာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီက မက်ဆီရဲ့ ဦးဆောင်မှုနဲ့အတူ လိဂ်ဖလားကို ရယူနိုင်ခဲ့ပေ မယ့် ရာသီနောက်ဆုံးပွဲစဉ်တွေမှာ မက်ဆီ မပါဝင်နိုင်တာကြောင့် ရလဒ်တွေက ဆိုးပြီး မေဂျာလိဂ် ပလေးအော့ဖ် ဝင်ခွင့် ဆုံးရှုံးခဲ့တာပါ။

မက်ဆီကို တွေ့ရစဉ်
အနီးစပ်ဆုံး ပြောရမယ်ဆိုရင် ဒီရာသီ မက်ဆီ မပါဝင်ခဲ့တဲ့ နောက်ဆုံး ၄ ပွဲမှာ အင်တာမိုင်ယာမီအသင်း ဟာ ၁ ပွဲသာနိုင်ပြီး ၂ ပွဲရှုံး ၁ ပွဲသရေ ရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ကွန်ကာကပ်ဖ် ချန်ပီယံဖလား ကွာတားဖိုင်နယ် ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ မွန်တာရေးအသင်းကို အရေးနိမ့်ခဲ့တာက ဒီရာသီမှာ ဆုဖလား အများအပြားရယူဖို့ ရည်မှန်းထားတဲ့ အင်တာမိုင်ယာမီအသင်းရဲ့ မျှော်လင့်ချက်ကို ထိခိုက်စေခဲ့တာပါ။
ဒါပေမယ့် ဒုတိယအကျော့ ပွဲစဉ်ကစားဖို့ ကျန်ရှိနေသေးတာကြောင့် မက်ဆီသာ ပြန်ပါနိုင်ရင် အင်တာမိုင်ယာမီ အသင်းဟာ ရှုံးခဲ့တဲ့ရလဒ်ကို ပြန်ပြောင်းအောင်လုပ်နိုင်ဖို့ မျှော်လင့်လို့ရတာ ဖြစ်ပါတယ်။
ဒါကြောင့် အင်တာမိုင်ယာမီအသင်းဟာ မက်ဆီ ကြံ့ခိုင်မှု အပြည့်အဝ ပြန်ရအောင် စိတ်ရှည်ရှည်ထား စောင့်ဆိုင်းနေပြီး မွန်တာရေးအသင်းနဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ပါဝင်ပေးနိုင်ဖို့ အလိုရှိနေတာပါ။
မက်ဆီ ကိုယ်တိုင်ကလည်း သူမပါဝင်နိုင်တဲ့ ပွဲတွေမှာ အင်တာမိုင်ယာမီအသင်း ရလဒ်ဆိုးတာကို ကွင်းထဲမှာ ထိုင်ကြည့်နေရတာကနေ အမြန်ဆုံးကွင်းထဲပြန်ဝင်ပြီး အသင်းကို ရလဒ်ကောင်းတွေ ပြန်ရရှိအောင် လုပ်ပေးဖို့ စိတ်အားထက်သန်နေတာပဲ ဖြစ်ပါတယ်။
				- By CNI
 - Category: ဆောင်းပါး
 - Hits: 1565
 
CNI Sport Article
၂၀၂၄ ခုနှစ်၊ မတ်လ ၂၉
ဥရောပတိုက် ကိုယ်စားပြုတဲ့ ဆန်မာရီနိုအသင်းဟာ ကမ္ဘာ့အဆိုးရွား အသင်းအဖြစ် တံဆိပ်ကပ်ခံရလောက်တဲ့ အထိ သူတို့ရဲ့ရလဒ်တွေဟာ ဆိုးရွားခဲ့ပြီး ပွဲပေါင်း ၂၀၃ ပွဲ ကစားခဲ့တာမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိခဲ့တာဖြစ်ပါတယ်။
ဆန်မာရီနိုအသင်းဟာ သူတို့ရဲ့ တစ်ပွဲတည်းသော နိုင်ပွဲကို ၂၀၀၄ ခုနှစ်က ရယူနိုင်ခဲ့တာကြောင့် နောက်ထပ် နိုင်ပွဲ တစ်ပွဲကို ထပ်ပြီးရယူနိုင်ဖို့ စောင့်ဆိုင်းနေခဲ့ရတာ နှစ်ပေါင်း ၂၀ အထိ ကြာမြင့်ခဲ့ပြီဖြစ်တာပါ။
ဆန်မာရီနိုအသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ပွဲအများဆုံး ကစားထားတဲ့သူလည်းဖြစ်တဲ့ တိုက်စစ်မှူး ဗီတိုင်းအိုလီဆိုရင် နိုင်ငံအသင်းကို ကိုယ်စားပြုတာ ၁၇ နှစ်ကြာရှိပြီဖြစ်ပေမယ့် အခုထိနိုင်ပွဲဆိုတဲ့ အရသာကို ခံစားဖူးခြင်း မရှိသေးတာဖြစ်ပါတယ်။
ဆန်မာရီနိုနိုင်ငံဟာ လူဦးရေ ၃၃,၀၀၀ သာရှိပြီး ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အသေးဆုံးနိုင်ငံဖြစ်ကာ ၆၁ စတုရန်း ကီလိုမီတာသာ ကျယ်ဝန်းပါတယ်။

ဆန်မာရီနိုအသင်း ဂိုးသွင်းအောင်ပွဲခံနေစဉ်
ဆန်မာရီနိုအသင်းဟာ လက်ရှိ ကမ္ဘာ့အဆင့် ရပ်တည်မှု ၂၁၀ မှာ ရှိနေတာကြောင့် ကမ္ဘာ့အဆိုးရွားဆုံး အသင်း အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဆန်မာရီနိုအသင်း အနိုင်ရရှိခဲ့တဲ့ တစ်ပွဲတည်းသော နိုင်ပွဲကတော့ ၂၀၀၄ ခုနှစ်၊ ဧပြီ ၂၈ ရက်က ကစားခဲ့တဲ့ လက်ချင်စတိန်းအသင်းနဲ့ပွဲမှာဖြစ်ပြီး ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ ဆန်မာရီနိုအသင်းရဲ့သမိုင်းဝင်နိုင်ပွဲ ဖြစ်စေမယ့် ဂိုးကို သွင်းယူခဲ့တဲ့သူက တိုက်စစ်မှူးဟောင်း အန်ဒီဆယ်လ်ဗာ ဖြစ်ပါတယ်။
အန်ဒီဆယ်လ်ဗာဟာ ဆန်မာရီနိုအသင်းအတွက် ၈ ဂိုး သွင်းယူနိုင်ခဲ့ပြီး နိုင်ငံအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေခဲ့တာပါ။
ဆန်မာရီနိုအသင်းဟာ နိုင်ပွဲတွေ ပျောက်ဆုံးခဲ့သလို သွင်းဂိုးတွေ ရယူနိုင်ဖို့ပါ အခက်တွေ့ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ဒိန်းမတ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲ မတိုင်ခင်အထိ ပြိုင်ပွဲတွေမှာ ဂိုးပေါက် ပျောက်ဆုံးတာ ၂ နှစ်ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။
ဆန်မာရီနိုအသင်းဟာ ဒိန်းမတ်အသင်းနဲ့ပွဲမှာ ဂိုးပေါက် တွေ့ပြီးနောက် ဒီပွဲ အပါအဝင် နောက်ဆုံး ၃ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဒါဟာ ဆန်မာရီနိုအသင်း သမိုင်းမှာ ပထမဆုံးအကြိမ် ၃ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခု ဖြစ်ခဲ့ရပါတယ်။

ဆန်မာရီနိုအသင်းကို တွေ့ရစဉ်
ဆန်မာရီနိုအသင်းဟာ ပြီးခဲ့တဲ့ Saint Kitts and Nevis အသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲမှာ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် အချည်းအနှီးသား ဖြစ်ခဲ့ရတာပါ။ ဆန်မာရီနိုအသင်းဟာ ဒီ ၂ ပွဲမှာ ၁ ပွဲသရေ ၁ ပွဲရှုံးနိမ့်ခဲ့ပါ တယ်။
ဆန်မာရီနိုအသင်းနည်းပြ ဆီဗိုလီဟာ ဒီပွဲမတိုင်ခင်က နိုင်ပွဲနဲ့အတူ နှစ်ပေါင်း ၂၀ ကြာ စောင့်ဆိုင်းခဲ့ရတာကို အဆုံးသတ်ဖို့ ပိုကောင်းတဲ့ နည်းလမ်းမရှိဘူးလို့ ပြောခဲ့ပါတယ်။
ဆန်မာရီနိုအသင်းရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး ရှုံးနိမ့်မှုကတော့ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလက ဂျာမနီအသင်းနဲ့ ပွဲစဉ်ဖြစ်ပြီး ၁၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာပါ။
ဒုတိယမြောက် ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ပွဲကတော့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလက နယ်သာလန်အသင်းနဲ့ ပွဲစဉ် ဖြစ်ပြီး ၁၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဆန်မာရီနိုအသင်းဟာ ပွဲစဉ်ပေါင်း ၂၀၃ ကစားထားခဲ့တာမှာ ၁ ပွဲနိုင် ၉ ပွဲ သရေကျခဲ့ပြီး ၁၉၃ ပွဲအထိ စံချိန်တင် ရှုံးနိမ့်ခဲ့တာပါ။
ဆန်မာရီနိုအသင်းဟာ ဒီပွဲတွေမှာ ၃၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ၈၁၆ ဂိုး ပေးဂိုးခွင့်ပြုခဲ့ရကာ ဂိုးကွာခြားချက်က - ၇၈၄ ဂိုးအထိ ရှိနေတဲ့အထိ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။
ဆန်မာရီနိုအသင်းဟာ ၂၀၂၄ ခုနှစ်ထဲမှာ ၇ ပွဲကစားဖို့ ကျန်ရှိနေသေးပြီး ဒီပွဲတွေမှာ ဆလိုဗက်ကီးယား၊ ဆိုက်ပရပ်စ်၊ လက်ချင်စတိန်း၊ မောလ်ဒိုဗာ၊ ဂျီဘရောလ်တာ အသင်းတို့နဲ့ ကစားရမှာပါ။
အဲဒါကြောင့် ဆန်မာရီနိုအသင်း အနေနဲ့ ၂၀၂၄ ခုနှစ်ထဲမှာ နိုင်ပွဲ ပြန်လည်ရှာဖွေပြီး သူတို့သမိုင်းတစ်လျှောက် ဒုတိယမြောက် နိုင်ပွဲကို ရှာဖွေနိုင်မလားဆိုတာ စိတ်ဝင်စားစရာ ကောင်းနေတာ ဖြစ်ပါတယ်။
				- By CNI
 - Category: ဆောင်းပါး
 - Hits: 1251
 
CNI Sport Article
၂၀၂၄ ခုနှစ်၊ မတ်လ ၂၂
ပေါ်တူဂီအသင်း နောက်ခံလူ ကန်ဆယ်လိုက နိုင်ငံအသင်းဟာ အသင်းခေါင်းဆောင် ရော်နယ်ဒို အပေါ်လုံးဝ မှီခိုတာမျိုး မရှိတော့ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြောလာခဲ့ပါတယ်။
လက်ရှိအချိန်မှာ ရော်နယ်ဒိုရဲ့ အသက်ဟာ ၃၉ နှစ် ရှိနေပြီဖြစ်လို့ ကန်ဆယ်လိုပြောတဲ့ စကားက မှန်ကောင်း မှန်နိုင်ပေမယ့် ရော်နယ်ဒို သာမရှိရင် ပေါ်တူဂီအသင်းဟာ အောင်မြင်မှုအချို့ ရယူနိုင်မလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာဆိုရင် ရော်နယ်ဒိုကို လူစားဝင် ကစားသမားအဖြစ်သာ အသုံးပြုခဲ့လို့ ပေါ်တူဂီအသင်း ကွာတားဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရတဲ့ သာဓကတွေလည်း ရှိခဲ့တာပါ။
ရော်နယ်ဒိုဟာ သူ့ရဲ့အသက်အရွယ်ကြောင့် ပေါ်တူဂီအသင်းအတွက် အရာအားလုံး မစွမ်းဆောင်နိုင်ရင်တောင် သူ့ရဲ့အရှိန်အဝါက ပြိုင်ဘက်အသင်းတွေအပေါ် သက်ရောက်မှု ရှိနေတုန်းဆိုတာ ငြင်းလို့မရပါဘူး။

ရော်နယ်ဒိုကို တွေ့ရစဉ်
ရော်နယ်ဒိုလို အသက်အရွယ်နဲ့ သူ့လိုမျိုး နိုင်လိုစိတ်အပြည့်၊ ပွဲချိန်အပြည့် ကစားနိုင်တဲ့ ကစားသမားဟာ ခပ်ရှားရှားပါ။
ရော်နယ်ဒိုကတော့ သူ့ကို ဘယ်သူတွေ ဘာပဲပြောပြော သူ့စိတ်ထဲမှာကတော့ နိုင်ငံအသင်းအတွက် အကောင်းဆုံး ကစားပြီး အောင်မြင်မှုတွေ ရယူချင်နေတာပဲ ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ ပြိုင်ဘက်ကြီး မက်ဆီဆိုရင် အာဂျင်တီးနား အသင်းမှာရှိနေတဲ့ သူတွေက သူပါဝင် ကစားပေး နေရင်တောင် ကျေနပ်နေတယ်လို့ ပြောထားကြပြီး သူ့အတွက်ဆိုရင် အသက်တောင် ပေးချင်ကြတာပါ။
ရော်နယ်ဒိုကတော့ ပေါ်တူဂီမှာ ဒီလိုမျိုး ဆက်ဆံမခံရဘဲ သူ့ကို မလိုလားတော့တဲ့ ပုံစံမျိုးတွေတောင် ပြောနေကြ တာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ပေါ်တူဂီအသင်းအတွက် ၂၀၅ ပွဲ ပါဝင်ကစားထားပြီး ၁၂၈ ဂိုးသွင်းယူကာ ကမ္ဘာ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။
ESPN က ဖော်ပြခဲ့တဲ့ အချက်အလက်တွေမှာဆိုရင် ပေါ်တူဂီအသင်းဟာ ရော်နယ်ဒို မပါဝင်ခင်အချိန်က ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၇ ကြိမ်မှာ ၃ ကြိမ်သာ ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ယူရိုပြိုင်ပွဲ ၁၁ ကြိမ်မှာလည်း ၃ ကြိမ်သာ ယှဉ်ပြိုင်ခွင့်ရခဲ့ကာ ဆုဖလားအောင်မြင်မှု မရခဲ့ပါဘူး။

အရံခုံမှာ ထိုင်နေရတဲ့ ရော်နယ်ဒိုကို တွေ့ရစဉ်
ဒါပေမယ့် ရော်နယ်ဒို ပါဝင်ခဲ့တဲ့ အချိန်ကစပြီး ပေါ်တူဂီအသင်းဟာ ယူရိုပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်း ပါဝင်ကစားနိုင်ခဲ့တာပါ။
ဒါအပြင် ပေါ်တူဂီအသင်းဟာ ယူရို ၂၀၁၆ နဲ့ ၂၀၁၉ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘောလွန်းဒီအော ၅ ကြိမ်ရရှိပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ရော်နယ်ဒို အတွက်တော့ ပေါ်တူဂီအသင်းရဲ့ အောင်မြင်မှုတွေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။
ကမ္ဘာ့ဖလား မရယူနိုင်ခဲ့တာကသာ ရော်နယ်ဒိုရဲ့ ကစားသမားဘဝမှာ မပြီးပြည့်စုံတဲ့ အရာဖြစ်ခဲ့ပေမယ့် ရော်နယ်ဒို ကတော့ အခုအချိန်ထိ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ချင်တဲ့ သူ့ရဲ့ဆန္ဒတွေဟာ ရပ်တန့်ခြင်း မရှိသေးတာ ဖြစ်ပါ တယ်။
ဒါကြောင့်လည်း သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အထိတောင် ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားချင်နေတာပါ။
မကြာသေးခင်က ပြင်သစ်အသင်း ကစားသမားဟောင်း ဖရန့်လီဘော့ခ်က ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ မှာ ချန်ပီယံဆုကို ရယူနိုင်ပေမယ့် ရော်နယ်ဒို မကစားမှသာ သူတို့ရယူနိုင်မယ်လို့ ပြောခဲ့သေးတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်
ရော်နယ်ဒိုကတော့ အသက် ၃၉ နှစ်အရွယ် ရောက်နေပြီဖြစ်ပေယ့် အခုအချိန်ထိ ဝေဖန်သူတွေရဲ့ စောင့်ကြည့်ခြင်း ကို ခံနေရပြီး ဒါဟာ သူ့အတွက် အောင်မြင်မှုတစ်ခုလို့ ပြောရမှာပါ။
ရော်နယ်ဒိုလို အသက်အရွယ်မှာ တချို့ကစားသမားတွေဟာ ကစားသမားဘဝ ကအနားယူ၊ တချို့ကစားသမား တွေက နည်းပြအဖြစ်ကို ကူးပြောင်းနေကြပြီဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ အခုအချိန်ထိ ကစားသမားဘဝမှာ အောင်မြင်မှု၊ သွင်းဂိုးတွေ ဆက်ပြီး သွင်းယူနိုင်ဖို့ ဆာလောင် နေဆဲဖြစ်ပြီး လေ့ကျင့်မှုအပိုင်းကိုလည်း ပြင်းပြင်းထန်ထန် ပြုလုပ်နေတာပါ။
ရော်နယ်ဒိုဟာ ဝေဖန်သူတွေကို မှားယွင်းကြောင်း သက်သေပြသနိုင်ဖို့အတွက် လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ဘာတွေလုပ်ပြမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ရော်နယ်ဒိုအနေနဲ့ ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီအသင်းကို ချန်ပီယံဆု ရယူပေးပြီး သူ့ရဲ့နောက်ဆုံး ဥရောပပြိုင်ပွဲကို အနိုင်နဲ့ အဆုံးသတ်သွားမလား ဒါမှမဟုတ် ပေါ်တူဂီအတွက် သူက မလိုအပ်တော့ဘူးလားဆိုတာ မကြာခင် မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။
				- By CNI
 - Category: ဆောင်းပါး
 - Hits: 2241
 
CNI Sport Article
၂၀၂၄ ခုနှစ်၊ မတ်လ ၁၅
၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးဖို့ ၁၀ ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှု တွေဟာ ဇာတ်ရှိန်အမြင့်ဆုံးကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတွေက ချန်ပီယံဆုအတွက် ၂ သင်းတည်းသာ အပြိုင်ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ ချန်ပီယံဆု ပြေးလမ်းကြောင်းမှာ ၃ သင်းအထိ ရှိလာခဲ့တာပါ။
ပရီးမီးယားလိဂ် ၂၈ ပွဲ ကစားအပြီးမှာ အာဆင်နယ်အသင်းက ၆၄ မှတ်နဲ့ အဆင့် ၁၊ လီဗာပူးလ်အသင်းက ၆၄ မှတ်နဲ့ အဆင့် ၂ ၊ မန်စီးတီးအသင်းက ၆၃ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဒီ ၃ သင်းကြားမှာ ရမှတ်ကွာဟမှုက ၁ မှတ်သာရှိတာကြောင့် ခြေချော်တာနဲ့ အမှတ်ပေးဇယား ရပ်တည်မှုက အပြောင်းအလဲတွေ ဖြစ်သွားနိုင်တာပါ။
အမှတ်ကွာဟမှုက ကျဉ်းမြောင်းတာကြောင့် ချန်ပီယံဆုအတွက် ဂိုးကွာခြားချက်နဲ့ ဆုံးဖြတ်ရနိုင်တဲ့ အခြေအနေ တွေလည်း ရှိလာနိုင်တဲ့အတွက် အဆင့် ၁ နေရာမှာ ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ဂိုးတွေ အများကြီးသွင်းယူကာ ဒါကိုအားသာချက်ဖြစ်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ မန်စီးတီး ယှဉ်ပြိုင်နေစဉ်
လက်ရှိအချိန်မှာတော့ ၃ သင်းစလုံးဟာ ရာသီနောက်ဆုံးပွဲစဉ်အထိ အမှားအယွင်းမရှိအောင် ပြင်ဆင်နေ ကြတာပါ။
အာဆင်နယ်၊ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ လက်ကျန် ၁၀ ပွဲကို ကြည့်မယ်ဆိုရင် အာဆင်နယ်အသင်းဟာ ပွဲကျပ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ ဒီ ၁၀ ပွဲမှာ ချယ်လ်ဆီး၊ မန်စီးတီး၊ အက်စတွန်ဗီလာ၊ စပါး၊ ယူနိုက်တက်အသင်းတို့နဲ့ တွေ့ဆုံရမယ့် ပွဲစဉ်တွေအပြင် တန်းဆင်းဇုန်ကနေ လွတ်ဖို့ ရုန်းမယ့် လူတန်၊ အဲဗာတန်အသင်းတို့နဲ့ ပွဲစဉ်တွေ ပါဝင်တာ ဖြစ်ပါတယ်။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ပွဲကျပ် အများအပြားကို ကျော်ဖြတ်ရဖို့ ရှိနေပြီး ချန်ပီယံဆုယူချင်ရင် ကျော်ဖြတ်ပြဖို့လည်း လိုအပ်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကလည်း ရာသီကုန်ဖို့ နီးကပ်တဲ့အချိန်မှ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရ တာကြောင့် ဒီရာသီမှာ ဒီလိုအရာတွေကနေ သင်ယူထားတယ်လို့ နည်းပြ အာတီတာက ပြောထားတာပါ။

လီဗာပူးလ်အသင်းနဲ့ မန်စီးတီး ယှဉ်ပြိုင်နေစဉ်
လီဗာပူးလ်အသင်းရဲ့ လက်ကျန်ပွဲစဉ်တွေမှာတော့ အဲဗာတန်၊ ယူနိုက်တက်၊ စပါးနဲ့ အက်စတွန်ဗီလာ ပွဲစဉ်တွေ လောက်သာ သူ့အတွက် ခက်ခဲနိုင်ပြီး လက်ရှိခြေစွမ်းအရ ကျန်ပွဲတွေဟာ သူ့အတွက် လွယ်ကူတာ မဟုတ်ရင် တောင် အနိုင်ရလဒ် ရယူနိုင်မယ့်ပွဲစဉ်တွေ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေမှာ အဓိက ကစားသမားအချို့ ဒဏ်ရာရရှိပေမယ့် လူငယ်ကစားသမားတွေကို အသုံးပြုပြီး ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။
လီဗာပူးလ်အသင်း တစ်သင်းလုံးဟာ ဒီရာသီအကုန်မှာ ထွက်ခွာတော့မယ့် နည်းပြကလော့ပ်ကို ပရီးမီးယားလိဂ် ဖလား ရယူပေးပြီး နှုတ်ဆက်ချင်နေတာကြောင့် အမှတ်ပေးဖလားကို ရယူဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ လက်ကျန်ပွဲစဉ်တွေမှာ အာဆင်နယ်၊ အက်စတွန်ဗီလာ၊ စပါးတို့နဲ့ ပွဲကြီး ပွဲကောင်းတွေအပြင် တန်းဆင်းဇုန်က လွတ်ဖို့ရုန်းကန်နေရတဲ့ လူတန်၊ နော်တင်ဟမ်ဖောရက်စ်အသင်းတို့နဲ့ တွေ့ဆုံတဲ့ပွဲစဉ်တွေ ပါဝင်နေတာပါ။
ဒီပွဲစဉ်တွေကို ကြည့်ရမယ်ဆိုရင် မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းလောက် အရမ်းကြီး ပွဲကျပ်နေတဲ့ ပွဲစဉ်တွေ အများကြီး မပါဝင်တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဆုဖလားကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ရယူထားနိုင်တဲ့ အသင်းဖြစ်တာကြောင့် ဒီလက်ကျန်ပွဲတွေကို ကျော်ဖြတ်နိုင်တဲ့ အတွေ့အကြုံတွေကို ပိုင်ဆိုင်ထားပြီး ဖြစ်တာပါ။
ပြီးတော့ မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ရင် ပရီးမီးယားလိဂ်ဖလား ကို ၄ နှစ်ဆက်တိုက် ရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်သစ် ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရာသီသိမ်းဖို့ ၁၀ ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ ဒီမျှော်လင့်ချက်ကို လက်လွှတ်ခံမှာ မဟုတ်ဘူးဆို တာ သေချာနေပါတယ်။
ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေကို ကြည့်ပြီး ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ခန့်မှန်းရရင် အာဆင်နယ် အသင်းအတွက် ခက်ခဲနိုင်ပြီး လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ထဲက တစ်သင်းက ဒီဆုဖလားကို ကိုင်မြှောက်နိုင် မယ်လို့ ယူဆရပါတယ်။
ဒီ ၃ သင်းစလုံးဟာ ဥရောပပြိုင်ပွဲတွေ ယှဉ်ပြိုင်နေရတဲ့အတွက် ကစားသမားတွေရဲ့ ဒဏ်ရာ၊ ပွဲပန်းမယ့် အရာတွေ ကြောင့် အခြေအနေတွေကလည်း ပြောင်းလဲသွားနိုင်တာပါ။
အဲဒါကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘယ်အသင်း ချန်ပီယံဆု ရယူသွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာပဲ ဖြစ်ပါတယ်။
				- By CNI
 - Category: ဆောင်းပါး
 - Hits: 1459
 
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၈
မန်စီးတီးအသင်း အကြောင်းပြောရင် အားလုံးဟာ တိုက်စစ်မှူး ဟာလန်းနဲ့ ကွင်းလယ်လူ ဒီဘရိုင်းကိုပဲ ပြေးမြင်မိ မှာဖြစ်ပေမယ့် သူတို့ အပါအဝင် မရှိမဖြစ် အရေးပါတဲ့ ကစားသမားတစ်ဦးလည်း ရှိပါတယ်။
သူကတော့ စပိန်ကွင်းလယ်လူ ရိုဒရီပါ။ အသက် ၂၇ နှစ်အရွယ်ရှိ ရိုဒရီဟာ မန်စီးတီးအသင်းကို အသလက်တီကို အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက အသင်းအတွက် ခြေစွမ်းပြပြီး မနှစ်ကရာသီက သမိုင်းဝင် ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တာမှာ အသင်းရဲ့ အသက်သွေးကြော အဖြစ်ရှိခဲ့တာ ဖြစ်ပါတယ်။
ရိုဒရီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါ ဖလား၊ ကလပ်ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့ပြီး စပိန်လက်ရွေးစင်အသင်း နေးရှင်းလိဂ်ဖလား ရယူခဲ့တာမှာလည်း အဓိက ကျတဲ့သူဖြစ်ခဲ့တာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ရိုဒရီဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားဖြစ်ပြီး သူပါဝင်ရင် မန်စီးတီးအသင်းက ပိုပြီးကောင်းတယ်ဆိုတာ သံသယမရှိဘူးလို့ ပြောထားခဲ့ပါတယ်။ တကယ်လည်း ရိုဒရီရဲ့ သက်ရောက်မှုတွေက မန်စီးတီးအသင်းမှာ အများကြီးရှိနေတာပါ။
ရိုဒရီဟာ အခုဆိုရင် မန်စီးတီးအသင်းအတွက် သူပါဝင်ကစားခဲ့တဲ့ နောက်ဆုံးပြိုင်ပွဲစုံ ပွဲပေါင်း ၆၀ အထိ ရှုံးပွဲမရှိတဲ့ စံချိန်တစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။

ရိုဒရီကို တွေ့ရစဉ်
ဒါဟာ ပရီးမီးယားလိဂ်မှာ ဘယ်ကစားသမားကမှ မလုပ်နိုင်သေးတဲ့ မှတ်တမ်းတစ်ခုလည်း ဖြစ်တာပါ။
ရိုဒရီဟာ ၂၀၂၃ ခုနှစ်၊ ဖေဖာ်ဝါရီ ၁၂ ရက်ကနေ အခုအချိန်ထိ သူပါဝင်ကစားခဲ့တဲ့ ပွဲပေါင်း ၆၀ မှာ မန်စီးတီးအသင်း ဟာ ရှုံးပွဲမရှိခဲ့တာဖြစ်ပြီး ဒီပွဲတွေမှာ မန်စီးတီးအသင်းဟာ ၄၈ ပွဲ အနိုင်ရပြီး ၁၂ ပွဲသရေကျခဲ့တာ ဖြစ်ပါတယ်။
ရိုဒရီ မပါဝင်နိုင်ခဲ့တဲ့ ၁၁ ပွဲမှာ မန်စီးတီးအသင်းဟာ ၆ ပွဲ အနိုင်ရပြီး ၅ ပွဲ ရှုံးနိမ့်ထားတာကို အချက်အလက်တွေမှာ ဖော်ပြထားတာပါ။
ဒီရာသီ အစောပိုင်းပွဲစဉ်ဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ပွဲမှာ ရိုဒရီ အနီကတ်ထိပြီးနောက် ပွဲပယ်ခံထား ရချိန် မန်စီးတီးအသင်းဟာ နယူးကာဆယ်၊ ဝုလ်ဗ်စ်နဲ့ အာဆင်နယ်အသင်းတို့ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ရိုဒရီမပါဝင်တာနဲ့ မန်စီးတီးအသင်း ရှုံးပွဲကြုံတွေ့ရတာကတော့ တကယ်ကို ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်နေတာပါ။
ရိုဒရီဟာ ကွင်းလယ်ခံစစ် ကစားသမားဆိုပေမယ့် မန်စီးတီးအသင်းဂိုးရဖို့ လိုအပ်ချိန်တိုင်းမှာ သူ့ရဲ့သွင်းဂိုးတွေနဲ့ ကူညီပေးနေတာကိုလည်း မြင်တွေ့နေရတာ ဖြစ်ပါတယ်။
ဒီရာသီမှာ ရိုဒရီဟာ မန်စီးတီးအသင်းအတွက် ၃၅ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ ၈ ဂိုးဖန်တီးထားတာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာရဲ့နည်းဗျူဟာမှာ ရိုဒရီဟာ အဓိကကျနေပြီး ဘောလုံးလက်ခံရယူကာ အသင်း ဖော်တွေကို ပြန်လည်ပေးပြီး လိုအပ်ရင် ဂိုးပါသွင်းယူနေတာ ဖြစ်ပါတယ်။

ရိုဒရီကို တွေ့ရစဉ်
စပိန်ကွင်းလယ်လူဟာ ဒီရာသီ ဥရောပထိပ်တန်း ၅ လိဂ်မှာ ဘောလုံးပေးပို့မှု အအောင်မြင်ဆုံး ကစားသမား အဖြစ်လည်း ရပ်တည်နေတာပါ။
ရိုဒရီရဲ့ စွမ်းဆောင်ရည်ကို လူတန်အသင်းခေါင်းဆောင် လော့ခ်ယာက ချီးကျူးမှု ပြုလုပ်ထားပါတယ်။
လော့ခ်ယာက ရိုဒရီနဲ့အတူ ဘောလုံးကွင်းတစ်ခုမှာ အတူရှိနေရတာက ပျော်ရွှင်ဖို့ကောင်းပြီး ရိုဒရီကို Rolls Royce ကားနဲ့ တင်စားခဲ့တာပါ။
ရိုဒရီဟာ မန်စီးတီးအသင်း ရရှိခဲ့တဲ့ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အကောင်းဆုံး ကစားသမားဆု ကို ရရှိခဲ့ပြီး စပိန်အသင်း နေးရှင်းလိဂ်ဖလားကို ရယူခဲ့တုန်းကလည်း ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
ရိုဒရီဟာ ဒီလိုအောင်မြင်မှုတွေ ရထားပေမယ့် ဘောလွန်းဒီအော၊ ဖီဖာ အကောင်းဆုံး ဆုတွေမှာတော့ ထိပ်ဆုံး ၃ ဦးစာရင်း ပါဝင်ခွင့်မရခဲ့ပါဘူး။
ရိုဒရီကတော့ ဒီလိုဆုတွေ မရခဲ့တာကို အေးဆေးဖြစ်ခဲ့ပြီး အသင်းလိုက်ရတဲ့ အောင်မြင်မှုတွေကို ပိုပြီးမက်မော တယ်လို့ ပြောခဲ့ပါတယ်။
ရိုဒရီဟာ ဒီရာသီမှာ မန်စီးတီးအသင်းကို မနှစ်ကလို အောင်မြင်မှုမျိုး ပြန်ယူပေးနိုင်ဖို့ ပစ်မှတ်ထားနေပြီး သူပါဝင် တဲ့ပွဲတွေမှာ မန်စီးတီးအသင်း မရှုံးနိမ့်ဖူးဆိုတဲ့ စံချိန်မှတ်တမ်းကို ဆက်ပြီး သယ်ဆောင်နိုင်ဖို့လည်း မျှော်လင့်နေ တာပါ။
အဲဒါကြောင့် ရိုဒရီအနေနဲ့ အနီးကပ်ဆုံးပွဲဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ပွှဲမှာ မန်စီးတီးအသင်းကို ရလဒ်ကောင်း ရယူပေးပြီး ဒီစံချိန်ကို ဆက်ထိန်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
				- By CNI
 - Category: ဆောင်းပါး
 - Hits: 1473
 
CNI Sport Article
၂၀၂၄ ခုနှစ်၊ မတ်လ ၁
ဂျူဗင်တပ်စ်နဲ့ ပြင်သစ်လက်ရွေးစင် ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ဘောလုံးလောကနဲ့ ပတ်သက်ခွင့် ၄ နှစ်ကြာ ပိတ်ပင်ခံလိုက်ရပြီ ဖြစ်ပါတယ်။
ဒီလထဲမှာ အသက် ၃၁ နှစ်ပြည့်တော့မယ့် ပေါ့ဘာအတွက်တော့ ဒီလိုပိတ်ပင်ခံရမှုကြောင့် သူ့ရဲ့ကစားသမားဘဝ ဟာ ပြီးဆုံးသွားပြီလို့ ယေဘုယျပြောလို့ ရပါတယ်။
ပေါ့ဘာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့အထိ ခြေစွမ်းကောင်းခဲ့ ပြီး ဘောလွန်းဒီအောဆုကို ရယူနိုင်ဖို့ မျှော်လင့်ခြင်းခံခဲ့ရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ဒါပေမယ့် တားမြစ်ထားတဲ့ ဆေးကို သုံးစွဲမိခဲ့တာကြောင့် ပေါ့ဘာဟာ ဘောလုံးနဲ့ ပတ်သက်ခွင့် ၄ နှစ် ပိတ်ပင်ခံ လိုက်ရပြီ ဖြစ်တာပါ။
ပေါ့ဘာအနေနဲ့ ဒီပြစ်ဒဏ်ကို လျှော့ချနိုင်ဖို့အတွက် နိုင်ငံတကာ အားကစားခုံရုံးထံ အယူခံ ဝင်သွားဖို့ရှိနေတာ ဖြစ်ပါတယ်။

ပေါ့ဘာကို တွေ့ရစဉ်
ပေါ့ဘာဟာ တားမြစ်ထားတဲ့ testosterone ဆေးကို အသုံးပြုခဲ့တာကြောင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ကတည်းက ပွဲကစားခွင့် ဆိုင်းငံ့ခံခဲ့ရတာပါ။ အောက်တိုဘာမှာ ဒုတိယအကြိမ် ထပ်မံစစ်ဆေးတာမှာလည်း တားမြစ်ဆေးသုံးစွဲကြောင်း ထပ်ပြီးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့တန်ကြေး အကြီးဆုံး ကစားသမားဖြစ်ခဲ့ဖူးတဲ့ ပေါ့ဘာဟာ ယူနိုက်တက်အသင်းကနေ စာချုပ်ကုန်ဆုံးပြီး ၂၀၂၂ ခုနှစ် နွေရာသီမှာ ဂျူဗင်တပ်စ်အသင်းထံ ဒုတိယအကြိမ်မြောက်ကစားဖို့ ပြန်လာကတည်းက စိတ်ပျက်စရာ တွေနဲ့သာ ကြုံတွေ့ခဲ့ရတာပါ။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းမှာ ဒဏ်ရာနှိပ်စက်မှုတွေကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်း အတွက် မပါဝင်နိုင်ခဲ့ပါဘူး။
ပေါ့ဘာဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းအတွက် ပွဲပေါင်း ၁၀ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။

ပေါ့ဘာကို တွေ့ရစဉ်
ဒီ ၁၀ ပွဲမှာဆိုရင် ပေါ့ဘာဟာ စီးရီးအေ ၆ ပွဲ၊ ယူရိုပါလိဂ် ၃ ပွဲနဲ့ ကိုပါအီတာလီယာ ၁ ပွဲ ပါဝင်ကစားခဲ့ပြီး ဒီပွဲတွေ အားလုံးမှာ ၁၆၂ မိနစ်သာ ကစားနိုင်ခဲ့တာပါ။
ဒီရာသီမှာတော့ ပေါ့ဘာဟာ ဒဏ်ရာကင်းစင်စွာနဲ့ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် စိတ်ပျက်စရာတွေ ထပ်ကြုံခဲ့ရတာ ဖြစ်ပါတယ်။
ပေါ့ဘာဟာ ဒီရာသီမှာ ဂျူဗင်တပ်စ်အသင်းအတွက် ၂ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ဒီ ၂ ပွဲမှာ ပွဲကစားချိန်က ၅၁ မိနစ်သာ ရှိခဲ့တာပါ။
ဒီထက် စိတ်ပျက်စရာ ကောင်းခဲ့တာကတော့ ဒီရာသီ ဂျူဗင်တပ်စ်အသင်းရဲ့ ပထမဆုံး စီးရီးအေပွဲစဉ်အပြီး ကျပန်း ဆေးစစ်မှု ပြုလုပ်ခဲ့တာမှာ ပေါ့ဘာ တားမြစ်ဆေး သုံးစွဲတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ပေါ့ဘာဟာ အခုဆို ဘောလုံးနဲ့ ပတ်သက်ခွင့် ၄ နှစ် ပိတ်ပင်ခံလိုက်ရပြီဖြစ်ပါတယ်။
ပေါ့ဘာကတော့ သူ့ရဲ့ကစားသမားဘဝမှာ တည်ဆောက်ထားတဲ့ အရာအားလုံးဟာ သူ့ရဲ့အဝေးကို ထွက်ခွာသွားပြီ ဖြစ်တာကြောင့် အလွန်ဝမ်းနည်းတုန်လှုပ်ပြီး ကြေကွဲရတယ်လို့ ဖွင့်ဟထားပါတယ်။

ပေါ့ဘာကို တွေ့ရစဉ်
ပေါ့ဘာက သူဟာ ဒီဆေးကို တမင်သက်သက် သုံးစွဲခဲ့တာ မဟုတ်တဲ့အတွက် နိုင်ငံတကာအားကစားခုံရုံးမှာ အယူခံဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။
ပေါ့ဘာအနေနဲ့ အယူခံ မအောင်မြင်ဘူးဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်သွားနိုင်ပြီး ကစားသမားဘဝကို စောစီးစွာ အဆုံးသတ်ရဖို့ သေချာနေတာပါ။
ဂျူဗင်တပ်စ်အသင်းမှာ ပထမဆုံးအကြိမ် ကစားခဲ့တုန်းက ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ခဲ့တဲ့ ပေါ့ဘာဟာ ပြင်သစ်အသင်း ၂၀၁၈ ကမ္ဘာ့ဖလား ရယူခဲ့တာမှာလည်း အဓိကကျတဲ့သူ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ပေါ့ဘာဟာ ယူနိုက်တက်အသင်းထံ ပြန်လည်ပြောင်းရွှေ့အပြီးမှာ နည်းပြ မော်ရင်ဟိုနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့သလို အသင်းအပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ယူနိုက်တက်အသင်း ပရိသတ်တွေရဲ့ မုန်းတီးမှုကို ခံခဲ့ရတာပါ။
ပေါ့ဘာဟာ အခုအချိန်မှာတော့ သူ့ရဲ့ကစားသမားဘဝကို အဓိက အဆုံးအဖြတ်ပေးမယ့် အယူခံရလဒ်ကို စောင့်မျှော် နေရတော့မှာ ဖြစ်ပါတယ်။
ပေါ့ဘာအနေနဲ့ အယူခံ မအောင်မြင်ရင်တော့ တစ်ချိန်က ကမ္ဘာ့တန်ကြေး အကြီးဆုံးကစားသမား၊ ဘောလွန်းဒီဆု ရဖို့ မျှော်လင့်ထားသူ အဖြစ်ကနေ ကစားသမားဘဝကို စောစီးစွာ နှုတ်ဆက်ရသွားနိုင်တာပဲဖြစ်ပါတယ်။
				- By CNI
 - Category: ဆောင်းပါး
 - Hits: 1354
 
CNI Sport Article
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆
ဘောလုံးလောကမှာ ကျိန်စာသင့်နေတယ်လို့ ပြောလို့ရတဲ့ အရာတွေ အများကြီးရှိတဲ့ အထဲမှာ ဟာရီကိန်းရဲ့ ဆုဖလား ကျိန်စာကလည်း မဖြစ်မနေ ထည့်ပြောရမယ့်အရာဖြစ်ပါတယ်။
အင်္ဂလန်နဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟာရီကိန်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တယ်ဆိုတာ ခြွင်းချက်မရှိ လက်ခံရမှာပါ။
ဟာရီကိန်းဟာ ဂိုးသွင်း စွမ်းဆောင်ရည် ကောင်းမွန်ရုံတင် မဟုတ်ဘဲ အသင်းဖော်တွေ ဂိုးသွင်းယူနိုင်အောင် ဂိုးဖန်တီးမှုလည်း ပြုလုပ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟာရီကိန်းဟာ သူ့ရဲ့ကစားသမားဘဝမှာ ဆုဖလား ရယူနိုင်ခြင်း မရှိသေးတဲ့ မှတ်တမ်းဆိုးကြီးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ဟာရီကိန်းဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် သွင်းဂိုးပေါင်း ၃၉၀ နီးပါး သွင်းယူထားသလို တစ်ဦးချင်း ဆုတံဆိပ်တွေလည်း အများကြီး ရထားပေမယ့် ကစားသမားဘဝအတွက် ဂုဏ်ယူစရာလို့ ပြောလို့ရမယ့် ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ဖူးခြင်း မရှိပါဘူး။

ဟာရီကိန်းနဲ့ ဆုဖလားကို တွေ့ရစဉ်
ဟာရီကိန်းဟာ စပါးအသင်းမှာ ကစားခဲ့ချိန်က ဆုဖလား ရယူနိုင်မယ့် အနီးစပ်ဆုံး အနေအထားဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။
ဟာရီကိန်းဟာ အင်္ဂလန်အသင်းနဲ့လည်း ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပေမယ့် ဆုဖလား ရယူနိုင်မယ့် ကံမပါခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း ဟာရီကိန်းဟာ ကစားသမားဘဝ အနားယူသွားတဲ့အချိန်မှာ ဆုဖလား မရယူနိုင်ခဲ့တဲ့ နောင်တ ကို မရရှိချင်တာကြောင့် ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က စပါးအသင်းကနေ ထွက်ခွာပြီး နှစ်စဉ်နှစ်တိုင်း ဆုဖလား ရယူနိုင်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
 
ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်ဘီလူးကြီးလို့ ခေါ်ရတဲ့အထိ ဂျာမန်မှာ ကြီးစိုးနေတာဖြစ်ပြီး ရာသီတိုင်း ဆုဖလား တစ်လုံးကတော့ သူ့အတွက် ကျိန်းသေနေတာပါ။ 
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရချင်တာကြောင့် ဟာရီကိန်းကို ယူရိုသန်း ၁၀၀ နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲဦးထွက်အဖြစ် ကစားခဲ့ရတဲ့ပွဲက ဂျာမန်စူပါဖလား ပွဲစဉ်ဖြစ်တဲ့ အတွက် ဆုဖလားလက်မဲ့ကျိန်စာကို ဟာရီကိန်း အဆုံးသတ်နိုင်တော့မယ်လို့ အားလုံးက ထင်မြင်ခဲ့ကြတာပါ။
ဒါပေမယ့် ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ လိုက်ပ်ဇစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ဆုဖလား လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ အဖွင့်မလှခဲ့ပေမယ့် ဘွန်ဒစ်လီဂါပြိုင်ပွဲမှာတော့ အကောင်းဆုံး ခြေစွမ်းတွေနဲ့ စံချိန်တင် သွင်းဂိုးတွေကို သွင်းယူနေခဲ့တာပါ။

ဘိုင်ယန်မြူးနစ်နဲ့ လာဇီယိုအသင်း ယှဉ်ပြိုင်စဉ်
ဟာရီကိန်းဟာ ဘွန်ဒစ်လီဂါပွဲစဉ် ၂၁ ပွဲ ကစားအပြီးမှာ ၂၄ ဂိုးအထိ သွင်းယူကာ ဘိုင်ယန်မြူးနစ်အသင်းမှာ လျင်မြန်စွာ အသားကျခဲ့ပေမယ့် သူဟာ ကလပ်အသင်းနဲ့အတူ ဆိုးရွားတဲ့ နေ့ရက်တွေကို စတင်ပြီး ဖြတ်သန်းလာခဲ့ရတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ၁၁ ရာသီဆက်တိုက် အမှတ်ပေးဖလား ချန်ပီယံဆုကို ရယူနိုင် ခဲ့ပေမယ့် ဒီရာသီပြိုင်ပွဲမှာတော့ လေဗာကူဆင်အသင်းရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရပြီး အဆင့် ၂ နေရာမှာ ရပ်တည် နေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ မကြာသေးခင်က လေဗာကူဆင်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့် ခဲ့ပြီး ဘွန်ဒစ်လီဂါမှာ သူတို့ရဲ့ ကြီးစိုးမှုကို အဆုံးသတ်ရမယ့် စိုးရိမ်မှုတွေရှိလာတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲအပြီး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာလည်း လာဇီယိုအသင်းကို ထပ်ပြီးအရေးနိမ်ခဲ့တာပါ။
ဒီရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အခြေအနေ မကောင်းသလို ပိုကယ်ဖလား ကနေလည်း ထွက်ခွာခဲ့ရပြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် မျှော်လင့်စရာဆုဖလား ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားပြိုင်ပွဲမှာလည်း ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ ဆုဖလား ကျိန်စာသင့်နေတဲ့ ဟာရီကိန်းကို ခေါ်ယူခဲ့တာကြောင့် သူပါ ဆုဖလား လက်မဲ့ရာသီကို ဖြတ်သန်းရတော့မယ်ဆိုပြီး ပြောဆိုမှုတွေရှိလာခဲ့တာပါ။
ပရိသတ်တွေကလည်း ဘိုင်ယန်မြူးနစ်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ဟာရီကိန်းရဲ့ ဆုဖလားကျိန်စာဟာ အစစ်အမှန် ဖြစ်နေတယ်လို့ ယုံကြည်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို တွေ့ရစဉ်
ဒါပေမယ့် ရာသီပြီးဖို့ လိုသေးတာကြောင့် ဟာရီကိန်းအနေနဲ့ သူ့ရဲ့ ဆိုးရွားနေတဲ့ ကျိန်စာပြယ်အောင် ဘိုင်ယန်မြူးနစ်အသင်းကို အစွမ်းကုန် ကူညီပေးဖို့ လိုအပ်နေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒစ်လီဂါမှာတော့ အခွင့်အရေးက ကိုယ့်လက်ထဲမှာ မရှိပေမယ့် ရလဒ်ကောင်း တွေ ပြန်ရအောင်လုပ်ပြီး လေဗာကူဆင်အသင်း အမှားအယွင်းလုပ်မိတဲ့ အချိန်မှာ အမှတ်ပေးဇယား ထိပ်ဆုံး နေရာကို ပြန်တက်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ကတော့ အိမ်ကွင်းမှာ ဒုတိယအကျော့ ကစားရမှာဖြစ်လို့ အခွင့်အရေးက ကိုယ့်လက်ထဲမှာ အပြည့်အဝရှိနေပြီး လာဇီယိုအသင်းကို အနိုင်ယူကာ နောက်တစ်ဆင့်တက်ဖို့ လုပ်ဆောင်ရမှာပါ။
အဲဒါကြောင့် ဟာရီကိန်းရဲ့ ဆုဖလားကျိန်စာနဲ့အတူ ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ဆုဖလားလက်မဲ့ ရာသီကို ဖြတ်သန်းရမလား ဒါမှမဟုတ် ဟာရီကိန်းရဲ့ ကျိန်စာပြယ်ပြီး ဘိုင်ယန်မြူးနစ် အသင်း ဆုဖလားရယူနိုင်တဲ့ အစဉ်အလာကို ဆက်ပြီး ထိန်းသိမ်းမလားဆိုတာတော့ ရာသီအကုန်ထိ ဆက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
				- By CNI
 - Category: ဆောင်းပါး
 - Hits: 1377
 
CNI Sport Article
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉
ပြီးခဲ့တဲ့ရက်ပိုင်းက မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းအတွက် ဟောင်ကောင်ခြေစမ်းပွဲမှာ မပါဝင်နိုင်ခဲ့တာ ကြောင့် ဟောင်ကောင်အစိုးရနဲ့ ပရိသတ်တွေရဲ့ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် ခံခဲ့ရတယ်ဆိုတာ အားလုံး လည်း သိရှိထားပြီးဖြစ်ပါတယ်။
မက်ဆီဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ အယ်လ်နာဆာအသင်းနဲ့ ခြေစမ်းပွဲမှာ မိနစ်အနည်းငယ် ပါဝင်ကစားခဲ့ပေမယ့် ဟောင်ကောင်ခြေစမ်းပွဲမှာ လူစားဝင် စာရင်းထဲတောင် မပါဝင်ခဲ့တာပါ။
ပရိသတ်တွေ အချို့ဆို မက်ဆီ ပါဝင်တဲ့ဒီပွဲကို ကြည့်ဖို့အတွက် အဝေးကြီးကနေ လာရောက်ပြီး လက်မှတ်ခတွေကို သတ်မှတ်ထားတဲ့စျေးနှုန်းထက် အများကြီးပေးပြီး ဝယ်ခဲ့ရပါတယ်။
မက်ဆီဟာ ဒီပွဲမှာ မိနစ်အနည်းငယ်လောက်သာ ပါဝင်ကစားခဲ့မယ်ဆိုရင် ပရိသတ်တွေအတွက် ကျေနပ်မှုရမှာ ဖြစ်ပေမယ့် သူကတော့ ဒဏ်ရာကြောင့် ဒီပွဲမှာ ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ဟောင်ကောင်အစိုးရဟာ မက်ဆီ ပါဝင်မယ့်ဒီပွဲအတွက် သူတို့ရဲ့ရန်ပုံငွေထဲက ငွေကြေးတွေ ထုတ်ယူသုံးစွဲပြီး အားကစားကွင်းနဲ့ ဒီပွဲအတွက် အသုံးပြုခဲ့ကြပေမယ့် မက်ဆီ ပါဝင် မကစားခဲ့တာကြောင့် အတော်လေးစိတ်ပျက်ခဲ့ ကြပါတယ်။
ပရိသတ်တွေဆိုရင် အင်တာမိုင်ယာမီအသင်း ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်း စကားပြောနေတဲ့အချိန်မှာ သူတို့ရဲ့ လက်မှတ်ခတွေကို ပြန်အမ်းပေးဖို့နဲ့ အင်တာမိုင်ယာမီအသင်းကို လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဟောင်ကောင် ပရိသတ်တွေ မက်ဆီကို ဒေါသထွက်နေကြစဉ်
မက်ဆီဟာ ဒီပွဲအပြီး တိုကျိုခြေစမ်းပွဲခရီးစဉ်ကို ရောက်ရှိချိန် မီဒီယာတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ သူဟာ ဟောင်ကောင်ခြေစမ်းပွဲကို ပါဝင်ကစားချင်ပေမယ့် ဒဏ်ရာကြောင့် မကစားနိုင်ခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။
ဒါအပြင် ဟောင်ကောင်မှာ ကစားမယ့် နောက်တစ်ပွဲမှာ သူပါဝင်ကစားနိုင်ဖို့ မျှော်လင့်တယ်လို့ ထုတ်ဖော်ပြောခဲ့ တာပါ။
မက်ဆီ ပါဝင် မကစားနိုင်ခဲ့လို့ စိတ်ပျက်နေတဲ့ ဟောင်ကောင်အစိုးရနဲ့ ပရိသတ်တွေအတွက် ဒေါသထွက်စရာက ပိုပြီးတိုးလာခဲ့ပါတယ်။
ဒါကတော့ မက်ဆီဟာ တိုကျိုခြေစမ်းပွဲဖြစ်တဲ့ ဗစ်ဆဲလ်ကိုဘီအသင်းနဲ့ ပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် ပါဝင်ကစားပေးသွားခဲ့တာပါ။
မက်ဆီဟာ ဒီပွဲမှာ ပွဲချိန်ပြည့် ကစားခဲ့တာ မဟုတ်ဘဲ မိနစ် ၆၀ မှ လူစားဝင်ပြီး မိနစ် ၃၀ သာ ကစားသွားခဲ့တာပါ။
ဒီအချိန်မှာ တရုတ်အစိုးရထုတ် Global Times သတင်းစာက မက်ဆီ မပါဝင်နိုင်ခဲ့တာက ဟောင်ကောင်အပေါ်မှာ ကွဲပြားခြားနားတဲ့ ဆက်ဆံမှုတွေအတွက် မေးခွန်းထုတ်စရာတွေ ရှိလာတယ်လို့ ဖော်ပြခဲ့ပါတယ်။

တိုကျိုခြေစမ်းပွဲမှာ မက်ဆီ ကစားနေစဉ်
တကယ်လည်း မက်ဆီဟာ အင်တာမိုင်ယာမီအသင်း ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲ ၆ ပွဲမှာ ဟောင်ကောင် ခြေစမ်းပွဲက လွဲပြီး ကျန်တဲ့ ၅ ပွဲစလုံး ပါဝင်ကစားသွားခဲ့တာ ဖြစ်ပါတယ်။
ဟောင်ကောင်အစိုးရက မက်ဆီအနေနဲ့ သူတို့ရဲ့ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ပေမယ့် နောက် ၃ ရက်အကြာမှာ ကစားတဲ့ ပွဲမှာ ပါဝင်နိုင်ခဲ့တဲ့အပေါ် ကျိုးကြောင်းဆီလျော်တဲ့ ဖြေရှင်းချက်ပေးဖို့ အင်တာမိုင်ယာမီအသင်းနဲ့ ပွဲစီစဉ်သူတွေကို ကြေညာချက် ထုတ်ပြန်ပြီး ပြောခဲ့တာပါ။
ဟောင်ကောင်အစိုးရရဲ့ အကြီးတန်းအကြံပေး ဖြစ်တဲ့သူကလည်း ဟောင်ကောင်ပြည်သူတွေဟာ မက်ဆီ၊ အင်တာမိုင်ယာမီနဲ့ သူတို့နောက်ကွယ်မှာရှိတဲ့ လက်မည်းတွေကို မုန်းတီးတယ်လို့ ဒေါသတကြီး တုန့်ပြန့်ထား ပါတယ်။
ဒါအပြင် မက်ဆီကိုလည်း ဟောင်ကောင်ထံ ဘယ်တော့မှ လာရောက်ဖို့ ခွင့်မပြုသင့်ဘူးလို့ ပြောခဲ့ပါတယ်။
မက်ဆီကတော့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် အခြေအနေတွေဟာ ပိုပြီးကြီးထွားလာနေပြီ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ဟောင်ကောင်ခြေစမ်းပွဲမှာ မက်ဆီ မပါဝင်နိုင်ခဲ့တဲ့အတွက် တောင်းပန်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မက်ဆီ မပါလို့ လက်မှတ်ခပြန်တောင်းနေကြစဉ်
ဒါပေမယ့် အင်တာမိုင်ယာမီ အသင်းအနေနဲ့ မက်ဆီရဲ့ပုံရိပ်ကို အသုံးချပြီး ပိုက်ဆံရှာဖွေနေတာလား ဒါမှမဟုတ် မက်ဆီဟာ ဒဏ်ရာကြောင့် အမှန်တကယ် မကစားနိုင်တာလား ဒါမှမဟုတ် နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေလဲ ဆိုတာတော့ ကာယကံရှင်တွေနဲ့ အသင်းကလွဲပြီး ဘယ်သူကမှ သိရှိနိုင်မှာ မဟုတ်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အင်တာမိုင်ယာမီနဲ့ မက်ဆီတို့ရဲ့ ၂၀၂၄ ခုနှစ် ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်ဟာ စိတ်ပျက်စရာ တွေနဲ့ အဆုံးသတ်ရဖို့ ရှိနေတာဖြစ်ပါတယ်။
Page 4 of 81
	    	  	
	    	      
	    
	  	  