CNI Sport Article

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂

ပြီးခဲ့တဲ့တစ်ရာသီလုံး ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ ရာသီသစ် မစတင်ခင်မှာ လည်း ဒဏ်ရာထိုးနှက်ချက်တွေကို စတင်ကြုံတွေ့ နေခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ အမေရိကန်ရာသီကြို ခရီးစဉ်မှာ ဒဏ်ရာရရှိခဲ့ကြတဲ့ အဓိက ကစားသမားအချို့ကို ရာသီသစ် ပြန်လည်စတင်ပြီး ကာလအတန်ကြာအထိ အနားပေးရတော့မှာဖြစ်ပါတယ်။

နောက်ခံလူသစ် ယိုရိုနဲ့ တိုက်စစ်မှူး ဟော့ဂျ်လန်းက အာဆင်နယ်အသင်းနဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ တောင်ပံကစားသမား အန်တိုနီတို့ဟာ ဘက်တစ်အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ဒဏ်ရာတွေ ရရှိခဲ့ကြတာပါ။

ယူနိုက်တက်အသင်းဟာ ရာသီသစ်မှာ အဓိကလိုအပ်နေတဲ့ ဗဟိုနောက်ခံလူ နေရာအတွက် ယိုရိုကို လိုင်လီ အသင်းကနေ ပေါင် ၅၉ သန်းပေးပြီး ခေါ်ယူခဲ့ပေမယ့် ၂ ပွဲသာ အသုံးပြုရသေးပြီး ၃ လကြာ အနားပေးရတော့မှာ ဖြစ်ပါတယ်။ 

တိုက်စစ်မှူး ဟော့ဂျ်လန်းက ၆ ပတ်ကြာအထိ အနားယူရမှာဖြစ်လို့ ရာသီသစ်အတွက် ပြင်ဆင်နေတဲ့ ယူနိုက်တက်အသင်းကို အများကြီး ထိခိုက်စေမှာပါ။ 

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်ရာသီကြို ခရီးစဉ်မှာပဲ ကွင်းလယ်လူ ကိုဘီမိုင်နူးနဲ့ တောင်ပံ ကစားသမား အာမတ်တို့ကို ဒဏ်ရာတွေကြောင့် ကာလရှည်ကြာ အနားပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒဏ်ရာရသွားတဲ့ ယိုရိုနဲ့ ဟော့ဂျ်လန်းကို တွေ့ရစဉ်

အမေရိကန်ခရီးစဉ်ဟာ ယူနိုက်တက်အသင်းအတွက် စီးပွားရေးအရ ကောင်းမွန်ပေမယ့် ကစားသမားတွေ ဒဏ်ရာ ရခဲ့တာကတော့ နစ်နာစရာတွေ ဖြစ်ခဲ့ရတာပါ။ 

ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့လည်း ဒဏ်ရာကြောင့် အနားယူရဖွယ်ရှိနေလို့ နည်းပြ အဲရစ်တန်ဟတ်အတွက် အဓိက ကစားသမား ၄ ဦး မပါဝင်ဘဲ ရာသီသစ်ကို စတင်ရတော့မှာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာလည်း စံချိန်တင် ဒဏ်ရာရခဲ့တာကြောင့် ဆေးအဖွဲ့ကို အပြစ်တင်ရ မလား၊ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်းကို ပြောရမလားဆိုတာ စဉ်းစားစရာတွေ ဖြစ်နေတာပါ။ 

ပြီးခဲ့တဲ့ရာသီက အချက်အလက်အချို့ကို ပြန်ကြည့်ရရင် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒဏ်ရာ အများဆုံးခံစားခဲ့ရတဲ့ အသင်းအဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ 

ရာသီတစ်လျှောက်လုံးမှာ ယူနိုက်တက်အသင်းဟာ ကစားသမား ၂၁ ဦးအထိ ဒဏ်ရာရရှိခဲ့ပြီး ကစားသမားတွေကို ရက်ပေါင်း ၁,၆၂၀ အထိဆုံး ရှုံးခဲ့ရတာပါ။ 

ဒီစာရင်းထဲမှာ မပါဝင်တဲ့ ဘယ်နောက်ခံလူ မာလာစီယာဆိုရင် ရာသီမစခင်ကတည်းက ရရှိခဲ့တဲ့ဒဏ်ရာဟာ ရာသီ အကုန်ထိ သက်သာခြင်းမရှိသလို ရာသီသစ်အတွက် ပြင်ဆင်မှု ပြုလုပ်တာမှာလည်း တစ်ဦးချင်း လေ့ကျင့်မှုတွေ သာ ပြုလုပ်နိုင်သေးတာ ဖြစ်ပါတယ်။ 

ရက်ဖို့ဒ် ဒဏ်ရာရသွားစဉ်

အဓိကနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကတော့ ဒဏ်ရာတွေကြောင့် ၂၁၄ ရက်အထိ ယူနိုက်တက်အသင်းရဲ့ ပွဲစဉ် အများအပြားကို လွဲချော်ခဲ့ရတာပါ။

နည်းပြ အဲရစ်တန်ဟတ်ဟာ ဗဟိုနောက်ခံလူ အများအပြားရဲ့ ဒဏ်ရာကြောင့် ကတ်စမဲရိုးကို နောက်ခံလူ နေရာမှာ ပွဲအချို့ကို အသုံးပြုခဲ့ရသေးတာ ဖြစ်ပါတယ်။ 

အဲရစ်တန်ဟတ်က သူ့ရဲ့နည်းပြဘဝမှာ ဒီလိုမျိုးဒဏ်ရာ အများကြီး ရရှိတာကို အခုမှ မြင်တွေ့ခဲ့ဖူးတယ်လို့ ပြောခဲ့တဲ့အထိ ယူနိုက်တက်အသင်းရဲ့ ဒဏ်ရာအခြေအနေဟာ ဆိုးရွားခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ရာသီသစ်မှာ ဒဏ်ရာတွေ အများကြီးမရဘဲ အောင်မြင်မှုတွေ ပြန်လည် ရယူနိုင်ဖို့ ပစ်မှတ်ထားနေပေမယ့် ခြေစမ်းပွဲတွေမှာတင် ဒဏ်ရာထိုးနှက်ချက်တွေကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ ကစားသမားအချို့ကို ရောင်းချပြီး ကစားသမားသစ်တွေကို ပြန်လည် ခေါ်ယူဖို့ လုပ်ဆောင်နေပေမယ့် ဒဏ်ရာရရှိတာကြောင့် သူတို့ရဲ့အစီအစဉ်ကို ထိခိုက်မှုတွေရှိနိုင်တာပါ။

ဒဏ်ရာတွေကြောင့် ရောင်းချဖို့ စီစဉ်ထားတဲ့ ကစားသမားတွေကို အသင်းမှာ ပြန်လည် ထိန်းသိမ်းသွားရနိုင် ဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။ 

အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

နည်းပြ အဲရစ်တန်ဟတ်အနေနဲ့ ကစားသမားတွေရဲ့ ဒဏ်ရာအခြေအနေကို ဘယ်လို ကိုင်တွယ်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ 

အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးထားပေမယ့် INEOS ရဲ့ လက်အောက် ပထမဆုံးရာသီအပြည့်မှာ ရလဒ်တွေ မကောင်းရင် သူ့ရဲ့ရာထူးအတွက်က စိုးရိမ်စရာတွေ ရှိနေပါတယ်။

ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့INEOS ဟာ ယူနိုက်တက်အသင်းရဲ့စီမံခန့်ခွဲမှု အပိုင်းတွေ အားလုံးကို ပြောင်းလဲထားပြီး အသင်းကို အရင်ကလို ပြန်ပြီးအောင်မြင်တာကို မြင်တွေ့ချင်နေတာပါ။

အဲဒါကြောင့် အဲရစ်တန်ဟတ်အနေနဲ့ ယူနိုက်တက်အသင်း အကြီးအကဲတွေလိုချင်တဲ့ အောင်မြင်မှုတွေ၊ သူ သွားချင်တဲ့ ကစားပုံစံတွေအတိုင်း လုပ်ဆောင်ဖို့ဆိုရင် ဒဏ်ရာပြဿနာတွေကို အများကြီး မဖြစ်အောင် ကစားသမားတွေ၊ ဆေးအဖွဲ့တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။