CNI Article

၂၀၂၄ ခုနှစ် ၊ ဩဂုတ် ၂

ဇန်နဝါရီ ၁ ရက်မှစပြီး BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌ ရာထူးနေရာကို တောင်အာဖရိကမှ ရုရှားနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ရုရှားသည် "ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးအတွက် နိုင်ငံပေါင်းစုံ ပါဝင်ရေးဝါဒကို မြှင့်တင်ရေး" ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများတွင် BRICS ၏ အခန်းကဏ္ဍကို မြှင့်တင်ခြင်း၊ အများ သဘောဆန္ဒအပေါ် အခြေခံသည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား မြှင့်တင်ရန် ဆက်လက် ဆောင်ရွက်ခဲ့သည်။

BRICS သည် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် ပလက်ဖောင်းတစ်ခု ဖြစ်သည်။ ထိုအဖွဲ့ကို ၂၀၀၆ ခုနှစ်၊ ဇွန်လက ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်တို့က အလွတ်သဘော ဖွဲ့စည်းသည့် အဖွဲ့အဖြစ် စတင် တည်ထောင်ခဲ့ကာ မူလအမည်မှာ BRIC ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်တွင်မူ တောင်အာဖရိကနိုင်ငံ ပါဝင်လာခဲ့ပြီးနောက် BRIC မှ BRICS တရားဝင် အမည်ပြောင်းလဲ သတ်မှတ်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၁ ရက်တွင်မူ အီဂျစ်၊ အီသီယိုပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီး နိုင်ငံတို့သည် BRICS ၏ တရားဝင် အဖွဲ့ဝင်များ ဖြစ်လာခဲ့သည်။

ပထမဆုံးအကြိမ် BRICS ညီလာခံကို ၂၀၀၉ ခုနှစ်က ရုရှားနိုင်ငံ၊ ယီကတ်တာရင်ဘတ် (Yekaerinburg) မြို့တွင် ကျင်းပခဲ့သည်။

BRICS ကိုတွေ့ရစဉ်

ထိုအချိန်မှစပြီး BRICS သည် မူဝါဒနှင့် လုံခြုံရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာဖလှယ်မှု အစရှိသည့် ကဏ္ဍ ၃ ခုအောက်တွင် လွှမ်းခြုံပါဝင်သော ကြီးမားကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆွေးနွေးပွဲ ယန္တရားများကို ထူထောင်ခဲ့သည်။

ထို့နောက် နိုင်ငံတကာ အရေးကိစ္စများတွင် အတွေးအမြင်များကို ဖလှယ်ရန်အတွက် အလွတ်သဘော ပူးပေါင်း ဆောင်ရွက်ရေး ပလက်ဖောင်းတစ်ခုအဖြစ် တည်ရှိလာခဲ့သည်။

BRICS သည် တစ်နိုင်ငံခြင်းစီ ပါဝင်သည့် သမဂ္ဂတစ်ခုထက် ဆန်းသစ်သည့် အပြန်အလှန် ထိတွေ့ဆက်ဆံမှု ပုံစံ ဖြစ်သည်။ BRICS ၏ မိတ်ဖက်ဆက်ဆံမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လက်တွေ့ကျသည့် အောင်မြင်ဖြစ်ထွန်းမှုကို မြှင့်တင်ရန် စုပေါင်းအားထုတ် ကြိုးပမ်းမှုနှင့် တစ်နိုင်ငံချင်းစီ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားမှု၊ တစ်နိုင်ငံက ရွေးချယ်သည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို တစ်နိုင်ငံက လေးစားမှု၊ အချုပ်အခြာအာဏာ  ပိုင်မှုဆိုင်ရာ သာတူညီမျှရေး မူဝါဒများအပေါ် အခြေခံထားခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် BRICS သည် မည်သူ့ကိုမျှ ဆန့်ကျင်ခြင်းမရှိဘဲ နိုင်ငံတကာ အရေးကိစ္စများတွင် အားလုံးနှင့် အတူ အကျိုးအမြတ်ရှိပြီး သာတူညီမျှမှုရှိရေးကို ဖော်ဆောင်ရန် အဆင်သင့် အနေအထားတွင် ရှိနေသည်။

ထိုချဉ်းကပ်မှုသည် ကမ္ဘာ့နိုင်ငံ အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုအချက်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၂ ရက်မှ ၂၄ ရက်အကြား ကျင်းပခဲ့သည့် ဂျိုဟန်နက်စဘတ်ချ် ညီလာခံ (Johannesburg Summit) က ရှင်းလင်းစွာ သက်သေပြခဲ့သည်။

 ရုရှားနိုင်ငံခြားရေး၀န်ကြီးနဲ့ တောင်အာဖရိကနိုင်ငံခြားရေး၀န်ကြီးကို တွေ့ရစဉ်

ထိုညီလာခံတွင် ကမ္ဘာ့တောင်ခြမ်းနှင့် အာဖရိကမှ နိုင်ငံပေါင်း ၆၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ ကြသည်။ ထို့ပြင် ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၀ နီးပါးက BRICS အဖွဲ့အတွင်း ဝင်ရောက်လိုသည့် ဆန္ဒများကို ထုတ်ဖော်ပြသခဲ့ကြသည်။

BRICS အဖွဲ့ဝင်နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှု အလျှင်မြန်ဆုံး နိုင်ငံများဖြစ်သည်ဆိုသည့် ဝိသေသလက္ခဏာ များကို ထပ်တလဲလဲ ပြသနိုင်ခဲ့သည်။ 

BRICS အဖွဲ့ဝင်အင်အား ချဲ့ထွင်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ကုန်ပိုင်းတွင် ဝယ်ယူနိုင်စွမ်း ငွေတန်ဖိုး တူညီမှုအပေါ် အခြေခံပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသည် ၃၁ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့သည်။

ထိုအချက်အလက်များအရ စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) ထက်ပင် မြင့်တက်နေသည်ကို တွေ့ရှိခဲ့သည်။

BRICS သည် လက်ရှိ ပထဝီနိုင်ငံရေး အခင်းအကျင်း၏ မရှိမဖြစ် အစိတ်အပိုင်း တစ်ခုဖြစ်လာပြီး ဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းနှင့် သာတူညီမျှမှု၊ တရားမျှတမှုတို့ကို ထူထောင်ရန် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လာခဲ့ သည်။

အထူးသဖြင့် ဘက်ပေါင်းစုံ ပါဝင်ပြီး ဒီမိုကရေစီဆန်သည့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုပုံစံကို ပုံဖော်ရာတွင် ကမ္ဘာ့ တောင်ခြမ်းတွင် စည်းလုံးညီညွတ်မှုနှင့် အပြုသဘောဆောင်သည့် လုပ်ငန်းစဉ်များဖြင့် အဓိပ္ပာယ်ပြည့်စုံသော အဖွဲ့တစ်ဖွဲ့ဖြစ်လာခဲ့သည်။

 BRICS ကိုတွေ့ရစဉ်

BRICS သည် နိုင်ငံများ ပေါင်းစည်းထားသည့် အသင်းအဖွဲ့ထက်ပိုသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ BRICS ၏ အတွေးအမြင်သည် ပိုပြီး သာတူညီမျှမှု အနာဂါတ်ကို ပုံဖော်ထားခြင်းဖြစ်သည်။

ထိုအတွေးအမြင်သည် အနောက်အုပ်စု ဆန့်ကျင်ရေး မဟုတ်သော်လည်း အနောက်အုပ်စုက ကမ္ဘာကြီးကို ကြီးစိုး ထားခြင်း မရှိစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ BRICS ၏ စုပေါင်းအင်အားသည် မတူကွဲပြားမှု၊ ပေါင်းစုံပါဝင်မှု၊ စံတန်ဖိုးများကို ဖလှယ်မှုတို့အပေါ် အခြေတည်ထားသည်။

အနာဂတ် ကမ္ဘာ့အခင်းအကျင်းသည် ကမ္ဘာကြီး တည်ငြိမ်လုံခြုံပြီး ချမ်းသာဝပြောစေရန်အတွက် တစ်ကိုယ် ကောင်းဆန်သည့် အကျိုးစီးပွားရှာမှု၊ လွှမ်းမိုးမှုတို့ထက် BRICS ကဲ့သို့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုဖြင့် ဆုံးဖြတ်ခြင်း၊ ပွင့်လင်းမှု၊ စည်းလုံးမှု၊ သာတူညီမျှမှု၊ အပြန်အလှန်နားလည်မှု၊ တရားမျှတမှုတို့ဖြင့် ဆုံးဖြတ်ခြင်း တို့သာ ဖြစ်သင့်သည်။

BRICS သည် ၂၀၂၃ ခုနှစ် ဂျိုဟန်နက်စဘတ် ညီလာခံတွင် အဖွဲ့ဝင်နိုင်ငံများ တိုးလာမှုနှင့်အတူ ယုံကြည်မှုရှိရှိဖြင့် ရှေ့သို့ချီတက်နေသည်။ 

အဖွဲ့ဝင်နိုင်ငံများအကြား ပြင်လွယ်ပြောင်းလွယ်ရှိပြီး ပေါင်းစုံပါဝင်သည့် နိုင်ငံတကာဘဏ္ဍာရေးစနစ်ကို ဖော်ဆောင်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်သည်။

Source: ဘန်ကောက်ပို့စ်