CNI Article
၂၀၂၄ ခုနှစ်၊ သြဂုတ် ၇
နိုင်ငံ တနိုင်ငံတွင် လူနည်းစုနှင့် လူများစုကြား တန်းတူညီမျှ အခွင့်အရေး မရရှိသည့်အခါ သဘောထား ကွဲလွဲမှု များ ကနေတဆင့် ပဋိပက္ခများ ဖြစ်ပွားလာကြသည်။
ထိုသဘောထား ကွဲလွဲမှုများအပေါ် တချို့နိုင်ငံများက ကြီးထွားခွင့် မပြုဘဲ အမြန်ဆုံး ဖြေရှင်းလေ့ ရှိကြသလို တချို့ နိုင်ငံများတွင်မူ မဖြေရှင်းနိုင်ပဲဖြစ်ကာ လက်နက်ကိုင် ပဋိပက္ခများအထိပါ ကျယ်ပြန့်သွားခဲ့ကြရသည်။
လူနည်းစုနှင့် လူများစုကြား တန်းတူညီမျှမှု အခြေအနေအပေါ် သဘောထား ကွဲလွဲခဲ့ကြပြီး လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားသည့်အထိ ပေါ်ပေါက်ခဲ့သော နိုင်ငံများတွင် မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်းကနေ ယနေ့ချိန်ထိ လူနည်းစု အခွင့်အရေးနှင့် လူများစု အခွင့်အရေးကြား သဘောထား ကွဲလွဲလျက်ရှိနေသလို လက်နက်ကိုင် ပဋိပက္ခများလည်း ဖြစ်ပွားနေ သည်။
အဆိုပါ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအပြင် လူနည်းစု အခွင့်အရေးများနှင့် လူများစု အခွင့်အရေး တန်းတူညီမျှရေးအတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်းဖြစ် ဖြေရှင်းသင့်ကြောင်း ဆုံမှတ်တခု အဖြစ် အများစုက လက်ခံ၍ ဆောင်ရွက်နေကြသည်။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ လက်နက်ကိုင်အဖွဲ့များ၊ တက်သိ ပညာရှင်များ၊ နိုင်ငံရေးသမားများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဥပဒေပညာ ရှင်များ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများ စသည့် အလွှာအသီးသီးက လူပုဂ္ဂိုလ်များ ပါဝင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေးမှာ ဆွေးနွေး အဖြေရှာနေကြသည်။
လက်ရှိမှာတော့ မည်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ-ညီလာခံမှ မကျင်းပနိုင်သလို အကောင်အထည်ဖော်ရန် မဖြစ် နိုင်သော စစ်ဘောင်ကျယ်၍ နေပေသည်။
ထို့ကြောင့် ယနေ့ချိန်ထိ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူများပင် မရရှိသေးပေ။
အနောက်အုပ်စုနှင့် ဥရောပက လူနည်းစု အခွင့်အရေးကို ဘယ်လိုဖြေရှင်းကြလဲ
********************************************************************
အနောက်တိုင်း နိုင်ငံများနှင့် ဥရောပ နိုင်ငံများသည် လူနည်းစုနှင့် လူများစုကြား တန်းမတူညီခြင်းမှ ဖြစ်ပေါ်လာ သော ပဋိပက္ခများကို ဖြေရှင်းရာတွင် အချက်(၃)ချက်ကို အဓိကထား ဖြေရှင်းလေ့ရှိကြောင်း သိရသည်။
ထိုအချက် သုံးချက်မှာ (၁) နယ်မြေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခြင်း၊ (၂) လူနည်းစု၏ ဘာသာစကားကို သက်ဆိုင်ရာ ဒေသတွင်း တရားဝင် ရုံးသုံး ဘာသာစကားအဖြစ် သတ်မှတ်ခြင်း၊ (၃) မူလတန်းကနေ တက္ကသိုလ်အဆင့်အထိ မိမိတို့ ဘာသာစကားနှင့် သင်ကြား ပေးနိုင်ရန်အတွက် ပညာရေးကို ထိန်းချုပ်ခွင့်များပေးခြင်း စသည့် အချက်များ ဖြစ်သည်။
ကနေဒါနိုင်ငံသည် ကွီဘက်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်ခြင်းဖြစ် လူနည်းစု ပြင်သစ်လူမျိုးများဖြစ် သဟဇာတဖြစ်ရေးနှင့် ခွဲထွက်ရေး တောင်းဆိုမှုကို ဖြေရှင်းခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင်လည်း ပွာတိုရီကိုအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးအပ်ထား သကဲ့သို့ စပိန်နိုင်ငံမှာ လည်း ကတ်တလန်သားများ၏ ကတ်တလိုနီးယားပြည်နယ် ခွဲထွက်ရေး တောင်းဆိုမှုအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ်ခြင်းဖြင့် ဖြေရှင်းထားသည်။
ထို့နောက် အီတလီနိုင်ငံကို ကြည့်ပါကလည်း တောင်ပိုင်း တိုင်ရိုဒေသရှိ သြစတြေးလျ လူနည်းစုများကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးထားသလို ဖင်လန်တွင်လည်း အလန်ကျွန်းစုက ဆွီဒင်လူနည်းစုများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ်ထားသည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံကို တွေ့ရစဉ်
ထို့ကြောင့် အထက်ပါ နိုင်ငံများသည် လူနည်းစုနှင့် လူများစုကြားက ပဋိပက္ခကို ဖြေရှင်းရာအတွက် အဓိကကျ သော အချက်(၃)အနက် ပထမဆုံး အချက်ထဲမှာ ပါဝင် ဆောင်ရွက်ထားကြကြောင်း တွေ့ရသည်။
ဒုတိယ အချက်ထဲတွင် ပါဝင်နေသော နိုင်ငံများကမူ ဖင်လန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံတို့ ဖြစ်ကြသလို အရှေ့တောင်အာရှနိုင်ငံများတွင်မူ အိန္ဒိယနိုင်ငံတို့ ပါဝင်ကြသည်။
အဘယ်ကြောင့်ဆိုသော် ဖင်လန်နိုင်ငံသည် ဆွီဒင်စကားပြော ၂၈၅,၀၀၀ သာရှိသည့် လူနည်းစုများအတွက် ဆွီဒင်ဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ် အသိအမှတ်ပြု ပေးထားသလို ဆွစ်ဇာလန်နိုင်ငံမှာတော့ ဂျာမန်၊ အီတလီ၊ ပြင်သစ်၊ ရိုမန်ဘာသာ စသည့် ဘာသာစကားများကို ရုံးသုံးဘာသာစကားအဖြစ် အသိအမှတ် ပြုထားသည်။
ကနေဒါနိုင်ငံတွင်လည်း ပြင်သစ်စကားပြော လူနည်းစုများအတွက် ပြင်သစ် ဘာသာစကားကို ရုံးသုံးအဖြစ် အသိအမှတ်ပြုထားပြီး အိန္ဒိယနိုင်ငံတွင်မူ ဟိန္ဒူနှင့် အင်္ဂလိပ်စကားကို ဗဟိုက ရုံးသုံးအဖြစ် အသိအမှတ်ပြု ထားသလို ဒေသတွင်းရှိ လူနည်းစုများအတွက်လည်း သက်ဆိုင်ရာ ဘာသာစကား ၁၂ မျိုးကို ရုံးသုံး အဖြစ် အသိအမှတ်ပြုထားကြောင်း သိရသည်။
လူနည်းစု သမိုင်းနှင့် နိုင်ငံအတွက် အကျိုးပြုမှုကို ထည့်သွင်းခြင်း
******************************************************
လူနည်းစု ပဋိပက္ခကိုဖြေရှင်းရာတွင် အထက်ပါ အချက် (၃)ချက်က အဓိက အခြေခံ လိုအပ်ချက်ဆိုသော်လည်း နိုင်ငံ တနိုင်ငံတွင် လူမျိုးပေါင်းစုံ စုစည်းနေထိုင်ပါက ယဉ်ကျေးမှုပေါင်းစုံဝါဒ ပေါ်လစီကို ချမှတ်၍ လူနည်းစုများ ၏ သမိုင်းနှင့် နိုင်ငံအတွက် အကျိုးပြုခဲ့ပုံများကို ပညာရေးသင်ရိုးမှာ ထည့်သွင်းဖော်ပြခြင်းဖြစ်လည်း ဖြေရှင်း သင့်သည်။
ကနေဒါနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့တွင် ယဉ်ကျေးမှုပေါင်းစုံဝါဒ ပေါ်လစီကို ချမှတ်ပြီး လူနည်းစုများ၏ သမိုင်းနှင့် နိုင်ငံအတွက် အကျိုးပြုခဲ့ပုံများကို ပညာရေး သင်ရိုးမှာ ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် အယူအဆကို တချို့က လက်မခံကြ
*************************************************
လူနည်းစု ပဋိပက္ခကို ဖြေရှင်းရာတွင် နယ်မြေ ကိုယ်အုပ်အုပ်ချုပ်ခွင့် ပေးသင့်သည်ဟု တချို့က ယူဆလေ့ ရှိကြ သလို တချို့ကလည်း ထိုအယူအဆကို လက်မခံကြပေ။
နယ်မြေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အယူအဆကို ပြင်သစ်နိုင်ငံနှင့် ဂရိနိုင်ငံတို့က လက်မခံကြသလို ဂျော်ဂျီယာ နိုင်ငံသည်လည်း အက်ခါးဇီးယားလူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တောင်းဆိုမှုအား လက်မခံပဲ ပယ်ဖျက် ထားသည်။
ကက်ရှ်မီးယားဒေသကို ပုဒ်မ ၃၇၀ ကို ဖျက်သိမ်းစဉ်
ထို့ပြင် အဇာဘိုင်ဂျန်နိုင်ငံသည် နာဂိုမို-ကရာဘက်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်ကနေ ပယ်ဖျက် ထားသလို အသိအမှတ်လည်း မပြုပေ။
တချို့က ယခုမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိလာမည်ကို လက်မခံကြ
*******************************************************
တချို့သော နိုင်ငံများသည် ယခုမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိလာမည်ကို လက်မခံကြပေ။ အက်စတိုးနီးယားနိုင်ငံ သည် ရုရှားအများစုရှိသည့် နာဗာနယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် ငြင်းဆန်လျက်ရှိသလို ကာဇက်စတန် နိုင်ငံသည်လည်း မြောက်ပိုင်းရှိ လူနည်းစု ရုရှားများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် မပေးလိုကြပေ။
ဤသို့ အခြေအနေမျိုး ရှိနေစဉ်မှာပင် တချို့သော နိုင်ငံများက ကိုယ်ပိုင်အုပ်ချုပ်ခွင့် မပေးရလေအောင် ဒေသ နယ်နိမိတ်များကို ပြန်လည်ရေးဆွဲ၍ တားဆီးလေ့ရှိသလို တခြားဒေသမှ လူမျိုးများကို လူများစု ရှိနေသော ဒေသတွင်းသို့ ရွေ့ပြောင်း အခြေချနိုင်ရေး ကူညီပေးခြင်းဖြင့် ဟန့်တားလေ့ရှိသည်။
ဆလိုဗေးကီးယားတွင် လူနည်းစု ဟန်ဂေရီများ ဒေသတခုတည်းမှာ လူများစု မဖြစ်လာအောင် နယ်နိမိတ်ပြန်ဆွဲ ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုလာမည့် အခြေအနေကို ကျော်လွှားထားသကဲ့သို့ ခရိုအေးရှားနိုင်ငံကလည်း ဆာဘီးယား လူနည်းစုများ တခြား လူမျိုးစုများနှင့် ရောသွားရေးအတွက် ကရန်ဂျီးနားနှင့် အနောက် ဆလိုဗေးနီး ယား နယ်နိမိတ်များကို ပြန်ဆွဲပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုလာမည့် အခြေအနေကို ကြိုတင် စီမံ၍ ကျော် လွှားထားသည်။
မြန်မာနိုင်ငံမှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အသစ် မပေါ်ပေါက်လာရေးအတွက် ဟန့်တားမှု မရှိသော် လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာဏာ အပြည့်ပေးရန်နှင့် ခွဲထွက်ရေး တောင်းဆိုမှု မပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်း ပုံ အခြေခံဥပဒေအရ လည်းကောင်း၊ ဒေသတခုတည်းအတွင်း လူမျိုးပေါင်းစုံ ရောနှော နေထိုင်နိုင်ရေး ဖော်ဆောင် ထားခြင်းဖြင့် လည်းကောင်း စသည့် အခြေအနေများဖြင့် စီမံထားသည်ကို တွေ့ရသည်။
ဥပမာ- ကချင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော လူမျိုးစု အခြေအနေ၊ ရှမ်းပြည်နယ်အတွင်း နေထိုင်သော လူမျိုးစု အခြေအနေ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း နေထိုင်သော လူမျိုးစု အခြေအနေ၊ ချင်းပြည်နယ် အတွင်း နေထိုင်သော လူမျိုးစု အခြေအနေ(ပလက်ဝဒေသကို ယှဉ်ကြည့်)စသည့် အခြေအနေများကို အသေးစိတ် လေ့လာကြည့်ပါက တွေ့နိုင်ပါသည်။
အဆိုပါ အခြေအနေကိုမျိုးတော့ အိန္ဒိယနိုင်ငံမှာတော့ အိန္ဒိယနိုင်ငံဗဟိုအစိုးရက ကက်ရှ်မီးယားပြည်နယ်၏ လုပ်ပိုင်ခွင့်ရှိသော ပုဒ်မ ၃၇၀ ကို ပယ်ဖျက်လိုက်ခြင်းဖြစ် အကောင်အထည်ဖော်နေကြောင်း တွေ့နိုင်ပါသည်။
ကတ်ရှ်မီးယားပြည်နယ်သည် ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ၍ အုပ်ချုပ်နေသော ပြည်နယ်ဖြစ်ပြီး ကိုယ်ပိုင်အလံနှင့် ကိုယ်ပိုင်စည်းမျဉ်း ဥပဒေများကို ရေးဆွဲခွင့် ရရှိထားသည်။ အလားတူ ဂျမူးနှင့် ကက်ရှ်မီးယား ပြည်နယ်မှာ အမြဲတမ်း နေထိုင်ခွင့်၊ အိမ်မြေပိုင်ဆိုင်ခွင့်၊ အခြေခံ လူ့အခွင့်အရေးများနှင့်ပတ်သက်သော စည်းမျဉ်းများအား ကိုယ်တိုင် ရေးဆွဲခွင့်ရှိသည်။
ထိုဥပဒေအရ ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်၏ အပြင်ဘက်က အိန္ဒိယနိုင်ငံသားများ ထိုဒေသများမှာ အိမ်မြေ ဝယ်ယူခွင့်နှင့် လာရောက်နေထိုင်ခွင့်မရှိပေ။
သို့သော် ယခု အိန္ဒိယအစိုးရက ပုဒ်မ ၃၇၀ ကို ပယ်ဖျက်လိုက်ပြီး ဖြစ်သည့်အတွက် ကက်ရှ်မီးယားပြည်နယ် အတွင်းရှိ လူများစု မူစလင်များကို လူနည်းစု ဖြစ်သွားရန် ကက်ရှ်မီးယားပြည်နယ် အပြင်ဘက်က အိန္ဒိယနိုင်ငံ သားများကို အိမ်မြေ ဝယ်ယူနိုင်ရေးနှင့် နေထိုင်နိုင်ရေး ဗဟိုအစိုးရက ဆောင်ရွက်ပေးကာ ခွဲထွက်ရေး တောင်းဆို မှုများကို ကျော်လွှားရန် ကြိုးပမ်းလာနိုင်သည်။
အတိတ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်ပေးရန် တောင်းဆိုခြင်းအား လက်မခံကြ
*******************************************************************
တချို့ နိုင်ငံများသည် အတိတ်ကာလက ရရှိခဲ့သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြန်ပေးရန် တောင်းဆိုလာမှုများကို လက်မခံလိုကြပေ။ ထို့ကြောင့် ပြန်လည် မပေးအပ်ရရေးအတွက် ပယ်ဖျက်ရန် ကြိုးပမ်းလာကြသည်။
၁၉၆၈ ခုနှစ်က ဖျက်သိမ်းခံခဲ့ရသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်ပေးရန် ထရန်ဆိုင်ဗေးနီးယားက တောင်းဆို နေခြင်းအပေါ် ရိုးမေးနီးယားက လက်မခံကြောင်း ဆိုထားသည်။
မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း(၁၀)အရ ခွဲထွက်ခွင့်ရှိကြောင်း ရှမ်းနှင့် ကရင်နီကို ပေးအပ်ထားသည်။
သို့သော် ထိုအချက်ကို တောင်းဆိုရန် မဆိုနှင့် ထိုပြဋ္ဌာန်းချက်အပေါ် ဆွေးနွေး ငြင်းခုံ လာမည်ကိုပင် စိုးရိမ်မှုများ ရှိနေသကဲ့သို့ အတိတ်ကာလ အခွင့်အရေးကို ထောက်၍ နိုင်ငံရေး လိုလားချက်များ တောင်းဆိုမည်ကို စိုးရိမ်သည့် အတွက် ခွဲမထွက်ပါဟု ကတိပြုပေးရန် တောင်းဆိုလျက်ရှိနေသည်။
ကိုးကန့်တပ်ဖွဲ့ကို တွေ့ရစဉ်
အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် ၁၉၄၇ ခုနှစ်ကတည်းက ကက်ရှ်မီးယားပြည်နယ် ပိုင်ဆိုင်ရေး အငြင်း ပွားလာနေသည်မှာ ယနေ့ထိတိုင်ဖြစ်သည်။
ထို့ကြောင့် အိန္ဒိယနိုင်ငံသည် ကက်ရှ်မီးယားပြည်နယ်ကို အထူးအခွင့်အရေးအနေဖြင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခွင့်ပြုထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ်ထားရသည်။
သို့သော် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၆ ရက်က ကက်ရှ်မီးယားပြည်နယ်ကို ပေးအပ်ထားသော အခွင့်အရေးကို ရုပ်သိမ်းရန်အတွက် ပုဒ်မ ၃၇၀ နှင့် ပုဒ်မ ၃၅(က)ပါ အခွင့်အရေးများကို ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့သည်။
ထို့ကြောင့် ကက်ရှ်မီးယားပြည်နယ်သည် အတိတ်ကာလက ရရှိခဲ့သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အိန္ဒိယ နိုင်ငံ အတွင်းရှိ မည်သည့် ပြည်နယ်မှ မရရှိခဲ့သော ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ အုပ်ချုပ်နေသော အခွင့် အရေးများ ဆုံးရှုံးရတော့မည်ဖြစ်သည်။
တရုတ်နိုင်ငံသည်လည်း ဟောင်ကောင်ကျွန်းကို ၁၉၉၇ ခုနှစ်က ဗြိတိသျှအစိုးရထံက လွဲပြောင်းရယူခဲ့စဉ်က ပေးအပ်ခဲ့သော လွတ်လပ်ခွင့်ကို ယခုအခါ မပေးလိုတော့ပဲ ဗဟိုချုပ်ကိုင်မှုများ တိုးမြင့်နိုင်ရေးအတွက် ကြိုးပမ်း လာနေသည့်အတွက် အဓိကရုဏ်းများ ဖြစ်ပေါ်နေသည်။
အမျိုးသားလုံခြုံရေးကို ကြည့်ပြီး လူနည်းစု အခွင့်အရေးကို မပေးရဲ
*********************************************************
လူနည်းစုနှင့် လူများစုကြားက တန်းတူညီမျှရေး ကွာဟချက်ကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခကို ဖြေရှင်းကြလို သော်လည်း တချို့သော နိုင်ငံများသည် လူနည်းစု အခွင့်အရေးကို အမျိုးသားလုံခြုံရေး ရှုထောင့်မှ ကြည့်သည့် အခါ မပေးရဲတော့ပဲ ဖြစ်သွားတတ်ကြသည်။
အမျိုးသားလုံခြုံရေး ရှုထောင့်အရ ကြည့်ပြီး လူနည်းစု အခွင့်အရေးကို မပေးရဲဘဲဖြစ်နေသော နိုင်ငံအများစုမှာ အရှေ့တိုင်း နိုင်ငံများ ဖြစ်သည်။
တနည်းအားဖြစ်ဆိုလျှင် ကိုလိုနီအုပ်ချုပ်မှုအောက်မှ လွတ်မြောက်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံများအဖြစ် ရပ်တည်လာသော နိုင်ငံများက အမျိုးသားလုံခြုံရေးရှုထောင့်ကနေ လူနည်းစု အခွင့်အရေးကို ဖြေရှင်းလေ့ရှိ ကြသည်။
အဘယ်ကြောင့်ဆိုသော် ကိုလိုနီစနစ်သည် သွေးခွဲအုပ်ချုပ်ခဲ့ခြင်းကြောင့် လွတ်လပ်ရေးရယူပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် ရပ်တည်သည့်အခါ လူနည်းစုနှင့် လူများစုကြား တန်းတူညီမျှရေးနှင့်ပတ်သက်ပြီး ငြင်းခုံ လာကြသလို လက်နက်ကိုင် ပဋိပက္ခများအထိပါ ဖြစ်ပေါ်လာတတ်ခြင်းကြောင့် ဖြစ်သည်။
MDY-PDF ကိုတွေ့ရစဉ်
မြန်မာနိုင်ငံသည်လည်း လူနည်းစု ပြဿနာကို ဖြေရှင်းရာမှာ အမျိုးသားလုံခြုံရေးရှုထောင့်က ကြည့်၍ ဖြေရှင်း နေခြင်းကြောင့် ယနေ့တိုင် မအောင်မြင်ပဲ ဖြစ်နေသလို တစ်ယောက်နှင့်တစ်ယောက်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ လူမျိုး တစ်မျိုးနှင့် တစ်မျိုးကြား သံသယများ ကြီးထွားခဲ့ကြရသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည်လည်း လူနည်းစု အခွင့်အရေးကို အမျိုးသား လုံခြုံရေး ရှုထောင့်က ကြည့်ပြီး ဖြေရှင်းလေ့ရှိကာ အခွင့်အရေးကို မပေးရဲဘဲ ဖြစ်နေကြောင်း ရှင်ကျန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက ဝီဂါလူနည်းစုအရေး ဖြေရှင်းနေပုံများနှင့် ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လွတ်လပ်ခွင့် အခွင့်အရေးကို ဖြေရှင်းနေမှုများက သက်သေဖြစ်သည်။
တချို့က လူနည်းစုအခွင့်အရေးကို တရားမျှတမှု ရှုထောင့်က ကြည့်ပြီး လက်ခံကြ
*********************************************************************
အနောက်တိုင်းနိုင်ငံများနှင့် ဥရောပ နိုင်ငံအများစုသည် လူနည်းစု အခွင့်အရေးကို အမျိုးသားလုံခြုံရေး ရှုထောင့်မှ ကြည့်၍ ဖြေရှင်းမှု မလုပ်ဘဲ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ သွေးစည်းညီညွတ်မှု အယူအဆကို အခြေခံပြီး တရားမျှ တမှု ရှုထောင့်ကနေ ကြည့်ကာ လူနည်းစု အခွင့်အရေးကို လက်ခံကြသလို ပေးအပ်၍ ဖြေရှင်းလျက် ရှိကြသည်။
ကနေဒါနိုင်ငံသည် ကွီဘက်ပြည်နယ်သားများ၏ ခွဲထွက်ရေး တောင်းဆိုမှုကို လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ သွေး စည်းညီညွတ်မှု အယူအဆကို အခြေခံပြီး တရားမျှတမှု ရှုထောင့်ကနေ ဖြေရှင်းခဲ့ခြင်းကြောင့် ခွဲထွက်ရေး တောင်းဆိုမှု အဆုံးသတ်သွားခဲ့သလို ကွီဘက်ပြည်နယ်အတွင်းရှိ လူနည်းစု ပြင်သစ်လူမျိုးများနှင့် တခြားသော လူမျိုးများကြား သဟဇာတရှိရှိ နေထိုင်လျက်ရှိကြသည်။
အလားတူ ဗြိတိန်နိုင်ငံက စကော့တလန်၊ အမေရိကန်နိုင်ငံက ပွာတိုရီကို၊ စပိန်နိုင်ငံက ကတ်တလန် စသည့် ခွဲထွက်ရေး လှုပ်ရှားမှုများအပေါ် သက်ဆိုင်ရာ နိုင်ငံများက လက်ခံကာ တရားမျှတမှု ရှုထောင့်ကနေ ဖြေရှင်း ခဲ့ကြသည်။
တချို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမှု- မိမိနိုင်ငံ တည်ငြိမ်ရေး ထိခိုက်ဟုမြင်
**************************************************************
ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုခြင်းကို တချို့နိုင်ငံများက လက်ခံကြသလို၊ တချို့နိုင်ငံများက လက်မခံကြပေ။
တချို့နိုင်ငံများက အမျိုးသားလုံခြုံရေးရှုထောင့်အရ မပေးလိုကြသလို တချို့နိုင်ငံများက အိမ်နီးချင်းနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမှုက မိမိနိုင်ငံတည်ငြိမ်ရေးကို ထိလိုက်လာနိုင်ဟု ယူဆကြသည်။
ဂရိနိုင်ငံသည် ယူဂိုဆလားဗီးယားကနေ ခွဲထွက်ပြီး မိမိနိုင်ငံ နယ်နိမိတ်အနီး မက်ဆီဒိုးနီးယားနိုင်ငံအဖြစ် နိုင်ငံ တနိုင်ငံ ပေါ်ပေါက်လာခြင်းအပေါ် အသိအမှတ်ပြုရေးထက် မိမိနိုင်ငံ၏ တည်ရှိမှုကို ခြိမ်းခြောက်လာသည်ဟု မှတ်ယူလေသည်။
အဘယ်ကြောင့်ဆိုသော ဂရိနိုင်ငံသည် နိုင်ငံတနိုင်ငံ ပေါ်ပေါက်လာခြင်းကို ကန့်ကွက် လိုခြင်းမဟုတ်ပဲ မက်ဆီဒိုးနီးယားဆိုသည့် အမည်နာမ်ကြောင့် ဂရိနိုင်ငံ၏ တည်ငြိမ်မှုကို ခြိမ်းခြောက်လာနိုင်ကြောင်း အမျိုးသား လုံခြုံရေးရှုထောင့်ကနေ ကြည့်ကာ စိုးရိမ်နေခြင်း ဖြစ်သည်။
အလားတူ မက်ဆီဒိုးနီးယားနိုင်ငံသည်လည်း လူနည်းစု အယ်ဘေးနီးယန်းများက ၎င်းတို့၏ ကိုယ်ပိုင် ဘာသာ စကားနှင့် သင်ကြားမည့် တက္ကသိုလ်ထောင်ခြင်းသည် နိုင်ငံတော်၏ တည်ရှိမှုကို ခြိမ်းခြောက်သည်ဟု သတ်မှတ် ကာ တီတိုဗိုရှိ တက္ကသိုလ်အား ဖြိုချခဲ့သည်။
ထိုအခြေအနေများသည် အမျိုးသား လုံခြုံရေး ရှုထောင့်ကနေ ကြည့်ပြီး လူနည်းစု အခွင့်အရေးကို ဖြေရှင်း နေ သည့် နိုင်ငံများနှင့် တရားမျှတမှု ရှုထောင့်အရ ကြည့်၍ လူနည်းစု အခွင့်အရေးကို ဖြေရှင်းနေသော နိုင်ငံများ ကြားက ကွာခြားနေမှုများ ဖြစ်သည်။
အမျိုးသား လုံခြုံရေးရှုထောင့်အရ ကြည့်၍ လူနည်းစု အခွင့်အရေးကို မပေးရဲဘဲ ဖြစ်နေသော နိုင်ငံများသည် လူနည်းစု၏ အခွင့်အရေးများ တိုးပွားလာခြင်းက လူများစုအတွက် ခြိမ်းခြောက်မှုပဲဟု မှတ်ယူထားခြင်းကြောင့် လည်း ဖြစ်နိုင်သည်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်ကနေ ဖြစ်ပွားလာနေသော လက်နက်ကိုင်ပဋိပက္ခများ၊ လူနည်းစုနှင့်လူများစု ကြား တန်းတူညီမျှရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီရှင်သန်ရေး၊ လူမျိုးကြီးဝါဒ ပပျောက်ရေး စသည့် အခြေအနေများကို ဘယ်လိုနည်းလမ်းများဖြင့် ဖြေရှင်းကြမလဲဆိုတာကိုတော့ စောင့်ကြည့် ရပေအုံးမည်။